← Chapters

အခန်း (၂၃၇)

Vol. 16 Ch. 237

အခန်း (၂၃၇)

Vol. 16 Ch. 237

ဓားများအချင်းချင်း ရင်ဆိုင်လိုက်မိသည့်အသံက လူတိုင်း၏ ခေါင်းထဲတွင် ပဲ့တင်ထပ်နေသေးသည်။ သူတို့က မျက်လုံးထဲတွင် လှုပ်ရှားနေသော ကြောက်မက်ဖွယ်ရာ အရိပ်များကိုပင် မြင်နေရသေး၏။

အချိန်တော်တော်ကြာသည့်အချိန်ထိ ပွဲကြည့်စင်ပေါ်တွင် ရှိနေသော လူအုပ်ကြီးက သတိပြန်ဝင်မလာကြသေးပေ။ သူတို့ကတော့ အားအင်အပြည့်နှင့် တိုက်ခိုက်နေသော တိုက်ပွဲထဲတွင်သာ နစ်မျောနေခဲ့ကြသည်။ထိုတိုက်ပွဲ့ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများ၊ သွေးထွက်သံယို ခုခံမှုများနှင့် အတော်လေးကို စိတ်လှုပ်ရှားစရာကောင်း၏။

မုန့်ချီနှင့် ဝမ်ကိုက်တို့က ‘အားရလိုက်တာ’ ဟု တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်သည့်အသံကို ကြားသည့်အချိန်မှသာ သူတို့အားလုံးက ပြန်လည်သတိဝင်လာကြသည်။

အံ့ဩမှင်တက်နေသော ကျင်းကျင်းရှန်က ခံစားချက်များ ပြည့်နှက်စွာ သက်ပြင်းချလိုက်မိသည်။

"သခင်လေးစုက ငါ့ရဲ့သိုင်းကွက်(၂၈)ကွက်ကို တားဆီးဖို့အတွက် အစွမ်းကုန်သုံးလိမ့်မယ်လို့ တွေးထားခဲ့တာ။ ဒီနေ့တော့ အဲဒါက သူ့ရဲ့အစွမ်းအား တစ်စိတ်တစ်ပိုင်းပဲဆိုတာ ငါနားလည်သွားပြီ။ တကယ်လို့ အဲဒီအချိန်တုန်းကသာ သူ့ရဲ့စွမ်းအားတွေအားလုံးကို သုံးလိုက်မယ်ဆိုရင် ငါက သိုင်းကွက်(၃)ကွက်တောင် ခံနိုင်ရည်ရှိပါ့မလား မပြောတတ်ဘူး…"

သူက အံ့သြနေခဲ့ပြီး သူ့ကိုယ်သူ အဘိုးကြီးတစ်ယောက်ဟုပင် ခေါ်ရန် မေ့နေခဲ့သည်။ သူပြောလိုက်သော သိုင်းကွက်(၃)ကွက် ဟူသည်မှာ သေမျိုးဖုန်မှုန့်ကျဆင်းခြင်း၊ ရာမဖိတ်ခေါ်ခြင်းနှင့် တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်တို့ဖြစ်သည်။

ယဲ့တူ၌ ဝေ့ကျင်းအဆင့်ကို မရောက်သေးသော ပညာရှင်များထဲတွင် ဝမ်ကိုက်က တစ်ဦးတည်းသော ပညာရှင်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ထိုသိုင်းကွက်များကို ဝမ်ကိုက်တစ်ယောက်တည်းကသာ ခုခံနိုင်၏။ တစ်ခြားလူများကတော့ တတိယသိုင်းကွက်ထိ ခံနိုင်ရည်ရှိနေလျှင်ပင် အောင်မြင်သည်ဟု ဆိုနိုင်သည်။

လော်ယုဖန်း၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့၏။ သူကတော့ တိုက်ပွဲကွင်းပြင်ထဲတွင် ကြည့်နေသော မုန့်ချီနှင့် ဝမ်ကိုက်တို့ကို ကြည့်ပြီး စကားတစ်ခွန်းမျှမပြောနိုင်ပေ။

သူက ထိုနေ့တွင် သိုင်းကွက်တစ်ကွက်တည်းနှင့်ရှုံးနိမ့်ခဲ့သည်မှာ မိုးကြိုးဓား ဒေါသကိုယ်တော်ကို လျှော့တွက်မိလိုက်ခြင်းကြောင့်ဟု တွေးနေမိခဲ့၏။ သူသာ ပို၍သတိထားလိုက်မယ်ဆိုလျှင် ထိုကိုယ်တော်က ဝေကျင်းအဆင့် ဓားပညာကိုသုံးလျှင်ပင် သိုင်းကွက်(၃)ကွက်ခန့် ခံနိုင်ရည်ရှိမည်ဟု တွေးထားခဲ့သည်။

သို့သော် ယနေ့မုန့်ချီ၏ စွမ်းဆောင်ရည်က သူ့ခန္ဓာကိုယ်ပေါ်ကို ရေခဲရေနှင့် လောင်းလိုက်သလို ဖြစ်နေ၏။ သူ့ကို အလွန်ရက်စက်ကြမ်းကြုတ်သော သင်ခန်းစာတစ်ခု သင်ကြားပေးခဲ့၏။ အကယ်၍ မိုးကြိုးဓား‌ဒေါသကိုယ်တော်ကသာ ဆန္ဒရှိသည်ဆိုလျှင် အချိန်မရွေး သိုင်းကွက်တစ်ကွက်တည်းနှင့် သူ့ကိုအနိုင်ရနိုင်သည်။

အဆင့်မြင့်ဝိညာဉ်နှင့် ရင်းနှီးနေသော သိုင်းသင်တန်းကျောင်းဆရာများက သူ့ကိုကြည့်၍ ရယ်လိုက်၏။

"ငါက တကယ်ပဲ ဝမ်ကိုက်ကို လျှော့တွက်ခဲ့မိတယ်။ သူက စာရင်းထဲကို ရောက်နေတယ်ဆိုတာ အဆင့်မြင့်ဝိညာဉ်နဲ့ ပြိုင်ဖက်ကင်းသိုင်းပညာတွေကြောင့်လို့ တွေးထားခဲ့တာ။ ဒါပေမဲ့ အခုကြည့်ရတာတော့ သူက အဲဒီနေရာနဲ့ ထိုက်တန်ပါတယ်။ သူတော်စင်ဓား(၉)သွယ်အပေါ် သူ့ရဲ့နားလည်မှုဖြစ်ဖြစ်၊ သူ့ရဲ့ကိုယ်ဖော့ပညာဖြစ်ဖြစ် အကုန်လုံးက ငါ့ထက်သာတယ်။ ငါကတော့ နှစ်ပေါင်း(၅၀)လောက် အကျိုးမဲ့နေခဲ့မိတာပဲ…"

"မင်းပြောတာ ဟုတ်တယ်။ သူက အဆင့်မြင့်ဝိညာဉ်အပြင် လှုပ်ရှားလို့ မရနိုင်တဲ့ဓားကွက်လို ထူးခြားတဲ့စွမ်းရည်မျိုးကိုတောင် သင်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူက အဲဒီအရာကို ပြိုင်ဖက်ကင်း ကရုဏာသိုင်းကွက်နှင့် ပူးပေါင်းပြီး ဖျက်ဆီးလို့ မရနိုင်တဲ့ အကာအကွယ်တစ်ခုတောင် ဖန်တီးနိုင်တယ်…"

ကျင်းကျင်းရှန်က နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိသည်။

"သူက ငါနဲ့တိုက်ခိုက်တဲ့အချိန်မှာ စွမ်းအားတစ်ဝက်တောင် မသုံးခဲ့ဘူးထင်တယ်…"

ဝမ်ကိုက်၏နာမည်ကျော်ကြားမှုက ရပ်တန့်၍ မရနိုင်သောခုတ်ချက်နှင့် ပြိုင်ဖက်ကင်းဂရုဏာ သိုင်းကွက်တို့ ဖြစ်သည်။ ကျင်းကျင်းရှန်က ထိုအရာကို အံ့သြနေခဲ့ခြင်း မရှိချေ။

အဆင့်မြင့်ဝိညာဉ်က ပြိုင်ဖက်ကင်း နတ်ဘုရားသိုင်းပညာတစ်ခုဖြစ်ပြီး ဟွမ်ဟွာဓားဂိုဏ်း၏ သက်တော်ရှည်ဓားပညာနှင့် ကျမ်းဝူဂိုဏ်း၏ ထိုက်ကျိကျင့်စဉ်တို့ကဲ့သို့ အလားတူ နာမည်ကျော်ကြားသည်။

ထိုဂုဏ်သတင်းကို တည်ဆောက်ရန်အတွက် ဝမ်မိသားစု၏ ဘိုးဘေးများက နတ်ဆိုးဗုဒ္ဓကို အနိုင်ရပြီးနောက် အဆင့်မြင့်စိတ်ဝိညာဉ်ကို ဖန်တီးတည်ထောင်နိုင်ခဲ့သည်။ ထိုနေရာတွင် တစ်ခြားသူများနှင့် ကွဲပြားသော ထူးခြားသည့်သိုင်းကျမ်း(၃)ခုရှိသည်။

ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်သွားလျှင် စိတ်ဝိညာဉ်လွှဲပြောင်းမှုမလိုဘဲ တိုက်ရိုက်လေ့ကျင့်၍ ရနိုင်၏။ ထိုအရာက ကြည့်လိုက်လျှင် သာမန်သာ ထင်မှတ်ရသော်လည်း လေ့ကျင့်ရန် အတော်လေးခက်ခဲသည်။ အကယ်၍ သန့်စင်သော စိတ်ဝိညာဉ်မရှိလျှင် သို့မဟုတ် စိတ်ပျံ့လွင့်နေလျှင် သင်ယူရန် လုံးဝမဖြစ်နိုင်ပေ။

ကျင့်ကြံသူတစ်ယောက်က အတွေးအခေါ်ဂိုဏ်းတစ်ခု၏ လမ်းစဉ်ကို နားလည်ပြီး မှန်ကန်စွာ သုံးတတ်နိုင်မှသာ သူ၏အဆင့်မြင့်ဝိညာဉ်ကို သန့်စင်ပြီး အားဖြည့်နိုင်ပါလိမ့်မည်။ ထိုသို့ဆိုလျှင် သူက ဝေ့ကျင်းအဆင့်နှင့် ဓမ္မကာရအဆင့်ကို ရောက်နိုင်သော ထူးခြားသည့် စွမ်းရည်(၃)မျိုးကို ရနိုင်သည်။ ထိုအရာကမှ ထိုစွမ်းရည်များ၏ အစစ်အမှန်ဆန်းကြယ်မှုများလည်းဖြစ်သည်။

ဉာဏ်အလင်းပွင့်မှုအဆင့်တွင် ရပ်တန့်၍မရနိုင်သောခုတ်ချက်က စွန့်လွှတ်ခြင်းကျင့်စဉ်၏ အနှစ်သာရများနှင့် တူညီနေသည်။ အဆင့်မြင့်ဝိညာဉ်က ကမ္ဘာမြေကြီးနှင့် ပေါင်းကူးပေးနိုင်ပြီး အသုံးပြုသူကို အချိန်တိုလေးအတွင်း စွမ်းအားမြှင့်တင်ပေးနိုင်သည်။ ထိုအရာက ပို၍အစွမ်းထက်လာသည့်အချိန်တွင် ပြိုင်ဖက်နှင့်အဆင့်တူ စွမ်းအားများကို မြှင့်တင်ပေးနိုင်သည်။

ထိုအရာက အလွန်ထူးခြားသော အကာအကွယ်စွမ်းရည်တစ်ခုဖြစ်ပြီး အနှစ်သာရများ စုပေါင်းထားခြင်းလည်းဖြစ်၏။ တစ်ခြားသော ခုခံရေးနည်းလမ်းမျိုးစုံနှင့်ပင် ယှဉ်နိုင်သည်။

တစ်ဖက်တွင်တော့ ပြောင်းလဲ၍မရနိုင်သော ခုတ်ချက်က ပင်မဝိညာဉ်ကို အားဖြည့်ပေးနိုင်သော နှလုံးကျင့်စဉ်တစ်ခု ဖြစ်သည်။ ထိုအရာက စိတ်ကိုကြည်လင်စေနိုင်ပြီး စိတ်ဆန္ဒများကို ရှင်းလင်းပေးနိုင်၏။ ထို့ကြောင့်လည်း ဝမ်ကိုက်က အနတ္တကျိန်စာဖျက်ဓားပညာ၏လက်ထဲမှ အသက်ရှင်ရက် လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

လူသားများ၏နှလုံးသားက အလွန်ဆန်းကြယ်လှသည်။ မပြည့်စုံသေးသော စိတ်ဆန္ဒများစွာက ဝန်ထုတ်ဝန်ပိုးကဲ့သို့ ဖြစ်နေသည့်အတွက် ဝမ်ကိုက်က ပြောင်းလဲ၍ မရနိုင်သောခုတ်ချက်ကို အပေါ်ယံအားဖြင့်သာ နားလည်ထားခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း(၃၀၀)အတွင်းဝမ်မိသားစုထဲ၌ ထိုအရာကို ပြည့်ပြည့်ဝဝနားလည်သူ တစ်ယောက်တည်းသာ ရှိသည်။ သူကတော့ လွန်ခဲ့သော နှစ်ပေါင်း(၁၂၀)တွင် သေဆုံးသွားခဲ့သော ပညာရှင်တစ်ယောက်ဖြစ်၏။ တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ဖြစ်စေ၊ သေမျိုးဖုန်မှုန့်ကျဆင်းခြင်းဖြစ်စေ ထိုသိုင်းကွက်များက သူ့အပေါ် နှောင့်ယှက်နိုင်ခြင်း မရှိပေ။

"ဒါဆိုရင် ဒီကောင်လေးက ဝမ်ကိုက်ကို အနိုင်ရသွားပြီ…"

တစ်ခြားသော သိုင်းသင်တန်းဆရာများက တိုက်ပွဲကို သေချာပြန်လည်စဉ်းစားနေကြသည်။

"ဒီကမ္ဘာကြီးထဲမှာ တစ်ယောက်ထက် တစ်ယောက်ပိုပြီးတော့ တော်လာကြတာပဲလေ။ ကျိုးနိုင်ငံထဲမှာ နေထိုင်တဲ့အတွက် ငါတို့က လူငယ်မှတ်တမ်းကနေတဆင့် တစ်ခြားနေရာမှာရှိတဲ့ သတင်းတွေကိုပဲ ကြားရတာ။ ဒါပေမယ့် ငါတို့ရဲ့အမြင်တွေက ကန့်သတ်ချက်ရှိတယ်…”

လူတစ်ယောက်က ခရီးသွားနေစဉ် အန္တရာယ်ပေါင်းများစွာကို ကြုံတွေ့နိုင်သည်။ အထက်တန်းလွှာမိသားစုများ၏ ဆက်ခံသူများစွာကလည်း အပြင်ဘက်သို့ စွန့်စားခန်းထွက်နေရင်း သေဆုံးသွားတတ်ကြ၏။ ထို့ကြောင့် အများစုကတော့ ယဲ့တူ၊ ကျိုးနိုင်ငံနှင့် ဟွမ်စီရင်စုတစ်ဝိုက်တွင်သာ ကျင်လည်ကျက်စားကြသည်။

"သခင်လေးစုက မှတ်တမ်းထဲမှာ အဆင့်(၂၀)အတွင်း ဝင်ဖို့ လုံလောက်သွားပြီ။ သူက ဒီတိုက်ပွဲမှာ သံသယတွေအားလုံးကို ဖယ်ရှားနိုင်ခဲ့တာပဲ…" ကျင်းကျင်းရှန်က ပြောလိုက်၏။ သူကတော့ အလွန်ရိုကျိုးသော မုန့်ချီအပေါ် ကောင်းမွန်သော ခံစားချက်တစ်ခု ရှိသည်။

လော်ယုဖန်းကတော့ လက်မခံနိုင်သေးဘဲ တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။

"အနည်းဆုံးတော့ ဝမ်ကိုက်က စာရင်းထဲဝင်လာတဲ့အချိန်မှာ အဆင့်(၂၁) ရောက်နေပြီ…။ ဒါပေမယ့် ….”

မိုးကြိုးဓား ဒေါသကိုယ်တော်က အတော်လေး ငယ်သေး‌ကြောင်း လူတိုင်းက အံ့အားသင့်ဖွယ် အမှတ်ရသွားကြသည်။ ရှောင်လင်ကျောင်းတော်၏ မျိုးဆက်တစ်ခုချင်းဆီတွင် ထူးခြားသောအသက်ကွာဟမှုများ ရှိသည်။

လက်ရှိအခြေအနေနှင့် မျိုးဆက်ကို စဉ်းစားကြည့်လိုက်မည်ဆိုလျှင် တစ်ခုတော့ သေချာသည်။ ကျန်းမျိုးဆက် စတင်သည်မှာ လွန်ခဲ့သော (၈)နှစ် (၉)နှစ်ခန့်က ဖြစ်နိုင်၏။ တပည့်အများစုက ကလေးများသာ ရှိနေသေး၏။ ကျန်းတင်က ထိုမျိုးဆက်မှဖြစ်သည့်အတွက် အများဆုံးအသက် (၁၉)နှစ်သာ ရှိနိုင်သေးသည်။ သူက အသက်(၁၆)၊(၁၇) ပင် ဖြစ်နိုင်၏။

ထိုသတင်းက သူတို့ကို ထိတ်လန့်အံ့သြစေနိုင်မည် မဟုတ်ပေလော။ လော်နတ်ဘုရားမကလည်း ထိုအသက်အရွယ်တွင် နာမည်ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။

"ငါကတော့ နှစ်ပေါင်းများစွာ အချည်းနှီးနေခဲ့မိတာပဲ…"

သင်တန်းဆရာများက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်ပြီး သက်ပြင်းချလိုက်မိသည်။

ဝမ်မိသားစု ရှိနေသော ပွဲကြည့်စင်ပေါ်တွင် ဝမ်ဆဲကတော့ အလွန်ထိတ်လန့်ပြီး အရှက်ရသွားသလို ခံစားလိုက်ရ၏။ သို့သော် မျက်နှာပျက်မနေခဲ့ပေ။

ဝမ်နရန်က ရယ်ကာမောကာနှင့် ပြောလိုက်၏။

"တူလေးကိုက်က ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် သခင်လေးစုက ပိုကောင်းသွားတယ်။ တကယ်လို့ သူတို့ရဲ့ရှေ့မှာ အခက်အခဲတွေသာ မရှိဘူးဆိုရင် သူတို့က‌ ‌ဝေ့ကျင်းအဆင့်ကို ချောချောမွေ့မွေ့ ရောက်နိုင်ကြမှာပဲ…”

“ငါက သခင်လေးစုရဲ့အစွမ်းကို တွက်ချက်နိုင်ပြီလို့‌ တွေးထားခဲ့တာ။ ဒါပေမယ့် သူက ငါ့ကို နောက်တစ်ကြိမ် မျက်စိပွင့်အောင် လုပ်လိုက်ပြန်ပြီ…"

ကုံယုက မုန့်ချီကို သူတို့ဘက်သို့ ခေါ်ရန် အလွန်ဆန္ဒပြင်းပြခဲ့သည်။

ချီကျန်းရန်ကလည်း မှင်တက်နေခဲ့၏။ မုန့်ချီက သူနှင့်တိုက်ခိုက်ခဲ့သည့် အချိန်ကထက်ပင် အဆပေါင်းများစွာ ပို၍အစွမ်းထက်နေသေးသည်။

"ငါက ညီလေးမုန့်နဲ့ ဝမ်ကိုက်တို့ထက် တော်တော်လေး နိမ့်နေသေးတာပဲ။ တကယ်လို့ ငါက စာရင်းဝင်မယ်ဆိုရင်တောင် အဆင့်(၄၀)အောက်ပဲ မျှော်လင့်လို့ရမယ်…"

သူက လေပူများကို မှုတ်ထုတ်လိုက်မိသည်။

ယခုတော့ ပွဲကြည့်စင်တွင် ရှိနေသော သိုင်းလောကသားများက တည်ငြိမ်သွားကြ၏။ သူတို့၏ ရင်ထဲတွင်တော့ ကျယ်လောင်စွာ အော်ဟစ်နေမိကြသည်။ သူတို့တွေ့လိုက်ရသော တိုက်ပွဲက သူတို့မြင်တွေ့ခဲ့ဖူးသမျှ တိုက်ပွဲထဲတွင် အကောင်းဆုံး တိုက်ပွဲတစ်ခု ဖြစ်သည်။ ထိုအရာ သူတို့မျှော်လင့်ထားသည်ထက်ပင် အဆပေါင်းများစွာ ကျော်လွန်နေခဲ့၏။

ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် မုန့်ချီက ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး ပြိုင်ဖက်ကို လက်သီးဆုပ်၍ ဦးညွှတ်လိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။

"ပြိုင်ပွဲအတွက် ကျေးဇူးတင်ပါတယ်.."

သူက ထိုတိုက်ပွဲကို ပွတ်ကာသီသာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲသာဆက်၍ တိုက်ခိုက်လိုက်မည်ဆိုလျှင် သူက ရှုံးနိမ့်သွားနိုင်၏။

ဝမ်ကိုက်ကလည်း သူ့ဓားကိုသိမ်းပြီး တည်ငြိမ်စွာ ပြုံးပြလိုက်သည်။ သူ၏ယုံကြည်ချက်များလည်း ဆုံးရှုံးသွားခဲ့ခြင်း မရှိချေ။

"ငါက အရှုံးကိုကျေနပ်ပါတယ်…"

သူ၏အခြေအနေက အတော်လေး ကောင်းမွန်နေသေးသည်။ ခန္ဓာကိုယ်ကသာ တုန်ယင်နေခြင်း ဖြစ်၏။ ဝမ်ကိုက်ဆီတွင် အသုံးပြုရန် ဝှက်ဖဲများ ရှိနေသေးကြောင်း မုန့်ချီက သိနေသည်။ သူက နောက်တစ်ကြိမ် ရပ်တန့်၍မရနိုင်သော ခုတ်ချက်ကို အသုံးပြုနိုင်ခြင်းလည်း ဖြစ်နိုင်၏။ သို့သော် သူက လက်လျှော့လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာက သူ့ကိုဆိုးဆိုးဝါးဝါး ထိခိုက်သွားစေနိုင်၏။

မုန့်ချီ ကိုယ်တိုင်ဆီတွင်လည်း ဝှက်ဖဲများ ရှိနေသေးသည်။ သူ့ဆီတွင် မိုးကြိုးအမှတ်အသား၊ ခရမ်းသေမင်းဓားနှင့် စွန့်လွှတ်ခြင်းကျင့်စဉ်တို့ကို ယခုအချိန်အထိ မသုံးရသေးပေ။

သူက ပြိုင်ဖက်ကောင်းတစ်ယောက်ကို တွေ့လိုက်ရသည့်အတွက် ဝမ်းသာနေသည့်အချိန်တွင် လူအုပ်ကြီးဆီမှ မဆင်မခြင်ကိုယ်တော်ဟူသော အော်ဟစ်အားပေးသံကို ကြားလိုက်ရသည့်အခါ မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားသည်။

"ဘာလို့ငါက အစောပိုင်းမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့မိတာလဲ…"

တိုက်ပွဲက အလွန်ကျေနပ်စရာကောင်းသည့်အတွက် မုန့်ချီက သူ့ကိုယ်သူ မေ့လျော့သွားခဲ့သည်။ ယခုတော့ သူ့ပုံရိပ်က အတော်လေးကို ပျက်စီးသွားခဲ့၏။

မုန့်ချီကတော့ ခေါင်းနှင့် နံရံကိုသာ ပြေးတိုက်ချင်မိတော့သည်။ သူက မနည်းပြုံးထားရ၏။ သူ့အပြုံးက ငိုသည်ထက်ပင် ပို၍ရုပ်ဆိုးနေသေးသည်။

ဝမ်ကိုက်က မုန့်ချီ၏အသံပြောင်းလဲမှုကို သတိထားမိပြီး စိုးရိမ်တကြီးမေးလိုက်သည်။

"ဘာဖြစ်လို့လဲ… ညီလေးစု.. "

"အဆင်ပြေပါတယ်။ ကျွန်တော်က စိတ်ဝိညာဉ်စွမ်းအား အလွန်အကျွံကုန်ဆုံးသွားလို့ ခေါင်းကိုက်သွားရုံလေးပါပဲ…"

မုန့်ချီက ကောင်းကင်ကြီးပေါ်ကို မော့ကြည့်နေမိသည်။

သူတို့နှစ်ယောက်လုံးက စွမ်းအားများ ကုန်ဆုံးသွားပြီးနောက် ပွဲကြည့်စင်ပေါ်သို့ ပြန်သွားပြီး ဝမ်နရန်၊ ကုံယုနှင့် တစ်ခြားလူများကို နှုတ်ဆက်၍ ပြန်လာခဲ့ကြသည်။

……………..

တစ်လကြာပြီးနောက် လူငယ်မှတ်တမ်း ထွက်လာခဲ့၏။ ထိုအရာကို ယပ်တောင်(၆)လက်‌ကျောင်း၏ ပြည်နယ်ရုံးနှင့် မြို့တော်ရုံးများ၏ တံခါးဝတွင် ကပ်ထားသည်။ ထိုအရာက သိုင်းလောကတွင် ရှိနေသော လူတိုင်းကို အလေးထားစေနိုင်၏။

"ပျက်သုဉ်းခြင်းဓားနတ်သမီးက ဝေကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်နဲ့ တိုက်ခိုက်ပြီး သတ်ပစ်နိုင်ခဲ့တယ်.."

စာရင်းကိုမြင်သည့်အခါ မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့သည်။ ဘာကြောင့် ကျန်းကျိဝေက အလွန်ခက်ခဲစွာ ကြိုးစားနေရသနည်း။ အကယ်၍ သူမက သူမ၏ဓားနှင့် ပြိုင်ဖက်ကို စမ်းသပ်ချင်နေပြီး တံခါးပေါက်များကို ပြည့်ပြည့်ဝဝ ဖွင့်ချင်သည်ဆိုလျှင်ပင် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်နှင့် ထိပ်တိုက် တိုက်ခိုက်ရန် မလိုအပ်ပေ။

သူက စာရင်းကိုကြည့်လိုက်ရာ ကျန်းကျိဝေ၏နာမည်က အသက်ထိန်းသိမ်းသူ၏ အောက်ကို ရောက်လာကြောင်း တွေ့လိုက်ရသည်။

“နာမည် - ကျန်းကျိဝေ

သိုင်းပညာ - အထွဋ်အထိပ်ဓားသိုင်းပညာမှာရှိတဲ့ ဓားပညာတွေအားလုံးကို နားလည်ထားတယ်။ ဓမ္မကာရအဆင့် သိုင်းကွက်တစ်ခုဖြစ်တဲ့ အနန္တဓားသိုင်းကို နားလည်ထားတယ်။ ဝေကျင်းအဆင့် သိုင်းကွက်ဖြစ်တဲ့ ဖျက်ဆီးခြင်းပင်လယ်သိုင်းကွက်ကိုလည်း ကျွမ်းကျင်ထားပုံပေါ်တယ်။ ကိုယ်ပိုင်သိုင်းပညာဖန်တီးနိုင်ပြီး အနှစ်သာရတွေအားလုံးကိုလည်း နားလည်ထားတယ်..။

တိုက်ပွဲမှတ်တမ်း - (၁)လပိုင်း (၁၅)ရက်နေ့ လောင်နန်မြို့မှာ ရနံ့မီးဖိုအဖွဲ့အစည်းက နှလုံးမဲ့တိုက်ခိုက်သူ အဘိုးအိုတစ်ယောက်နဲ့ တိုက်ခိုက်ခဲ့ရတယ်။ အဲဒီအချိန်မှာ ကမ္ဘာမြေကြီးက ပျက်စီးသွားပြီး ကျောက်တုံးတွေက လိမ့်ကျလာတယ်။ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ရဲ့ စွမ်းအားတွေကိုလည်း ပြသနိုင်တယ်။ ဒါပေမယ့် သူကတော့ ဓားနတ်ဘုရားစု နာမည်ကျော်ကြားခဲ့တဲ့ အနန္တဓားသိုင်းကို သုံးခဲ့တယ်။ ဓားရောင်က ကောင်းကင်ပေါ်မှာ လင်းလက်တောက်ပနေပြီး ကမ္ဘာမြေကြီးကတောင် လှုပ်ရှားသွားတယ်။ သူက နှလုံးမဲ့တိုက်ခိုက်ရေးသမားကို ဒဏ်ရာရအောင် တိုက်ခိုက်ပြီး ထွက်ပြေးသွားစေနိုင်ခဲ့တယ်။ အဲဒီတိုက်ပွဲကြောင့် သူက ဒဏ်ရာဆိုးဆိုးဝါးဝါးရသွားပြီး ပြိုင်ဖက်ကို သတ်ဖို့အတွက် ဝေကျင်းအဆင့် ဓားသိုင်းပညာဖြစ်တဲ့ ဖျက်ဆီးခြင်း ပင်လယ်သိုင်းကွက်ကို အသုံးပြုလိုက်တယ်။ ဒါပေမယ့် သူက တိုက်ပွဲထဲမှာ တံခါး(၈)ပေါက် ပွင့်သွားပုံရတယ်။ ဒဏ်ရာရပြီးနောက် ထွက်သွားပြီး အခုအချိန်ထိ သူ့ရဲ့နေရာကို မသိရဘူး။

သုံးသပ်ချက် - သူက ဓားနတ်ဘုရားတစ်ယောက်ဖြစ်လာနိုင်တယ်။

အဆင့် - (၄)

နာမည် - ပျက်သုဉ်းခြင်းဓါးနတ်သမီး ၊ ရာမမိန်းမလှလေး။

နောက်ခံအဆင့်အတန်း - ကျိကျန်းစံအိမ်၏ ဆက်ခံသူ၊ ကောင်းကင်နတ်ဘုရားဓား စုဝူမင်၏တစ်ဦးတည်းသောတပည့်…”

ယပ်တောင်(၆)လက်ကျောင်းက သူမ၏တိုက်ပွဲမှတ်တမ်းကို သေချာရေးသားထားခဲ့ပြီး သုံးသပ်ချက်များပင် ပေးနေခဲ့သည်။ လူတိုင်းက ထိုစာသားများကို တိတ်တဆိတ် ဖတ်နေခဲ့၏။

မုန့်ချီက သက်ပြင်းချလိုက်မိသည်။ သူက သူမ၏အောင်မြင်မှုကို ကျေနပ်နေသလို သူမအတွက်လည်း စိုးရိမ်နေမိသည်။ သူမဆီတွင် စွမ်းအားပြန်ဖြည့်ဆေးလုံး ရှိနေကြောင်း သိနေသည့်အတွက် သူမ၏လုံခြုံမှုကိုတော့ အလွန်အမင်း စိုးရိမ်စရာမလိုတော့ပေ။

သူမက ဆိုးဆိုးဝါးဝါးဒဏ်ရာရသွားသော်လည်း ထွက်ပြေးနိုင်သေးသည့်အတွက် လုံခြုံသည်ဟု သတ်မှတ်နိုင်၏။ သူမက အဆင့်တက်သွားနိုင်သည့်အတွက် တိတ်တဆိတ်လေ့ကျင့်နေပြီး အခြေခိုင်အောင် ကြိုးစားနေနိုင်သည်။ ထို့နောက် သေမင်းတမန်တာဝန်ကို စောင့်နေတော့မည်ဖြစ်၏။

သို့သော် ဘာကြောင့် သူမက အဆင့်(၄)သာ ရခဲ့ရသနည်း။ မုန့်ချီက မကျေမချမ်း ဖြစ်နေခဲ့၏။ သူက ကူရှောင်စန်း သတ်ခဲ့သော ဒိုအာချာအကြောင်းကို တွေးမိခဲ့သည်။ သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့သော်လည်း ပိုသာနေခြင်း မဟုတ်ချေ။ သူမက အချိန်အများစုတွင် မိန်းကလေးကျိအနေနဲ့သာ နေထိုင်ခဲ့ပြီး ထိုအချိန်ကတည်းကစ၍ လေးနက်သော တိုက်ပွဲမျိုးကို တိုက်ခိုက်ခဲ့ခြင်း မရှိချေ။

နှလုံးမဲ့တိုက်ခိုက်ရေးသမားက ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားသည့်အတွက် ဝေကျင်းအဆင့် ပညာရှင်တစ်ယောက် လုံးဝဖြစ်မလာနိုင်တော့ပေ။ ထို့ကြောင့်လည်း ယပ်တောင်(၆)လက်ကျောင်းက ထိုကဲ့သို့ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

သူက စာရင်းကိုဆက်၍ကြည့်လိုက်ရာ သိပ်မကြာခင် သူ့နာမည်ကို တွေ့လိုက်ရ၏။

“နာမည် - စုမုန့် ၊ ယခင်ဓမ္မနာမည် - ကျန်းတင်။

သိုင်းပညာ - တံခါး(၆)ပေါက်၊ တံခါး(၇)ပေါက်အဆင့်။ ရွှေခေါင်းလောင်းအကာအကွယ် အဆင့်(၆)။ ထူးခြားတဲ့ခန္ဓာကိုယ်နဲ့ အစွမ်းထက်တဲ့ စိတ်ဝိညာဉ်ရှိတယ်။ ဘယ်လက်မှာ ဓားရှည်ကိုကိုင်ပြီး ညာလက်မှာ ဓားမောက်ကို ကိုင်တယ်။ ထူးခြားတဲ့ဓားပညာကို နားလည်ထားပြီး တိုက်ခိုက်ရေးကျွမ်းကျင်တယ်။ အနတ္တကျိန်စာဖျက်ဓားပညာရဲ့ ပထမသိုင်းကွက်နဲ့ ဒုတိယသိုင်းကွက်ရဲ့အနှစ်သာရတွေကို နားလည်ထားပြီး သွေးအဆီအနှစ်ကို မလှုံ့ဆော်ဘဲ ဆက်တိုက်အသုံးပြုနိုင်တယ်။ ဓားမောက်သိုင်းပညာက သိမ်မွေ့ပြီး လျင်မြန်တယ်။ ထိပ်တန်းပညာရှင်တစ်ယောက်လို့ သတ်မှတ်နိုင်တယ်။ ပြီးတော့သူက ကောင်းကင်မိုးကြိုးကို ဘယ်လိုဆင့်ခေါ်ရမလဲဆိုတာ သိနေတယ်။

တိုက်ပွဲမှတ်တမ်း - မျက်ခုံးဖြူလင်းတ အန်ကုံရှဲ့နဲ့ တိုက်ခိုက်ခဲ့တယ်။ ကောင်းကင်မိုးကြိုးကို ဆင့်ခေါ်ပြီး မီးခိုးရောင်လက် ယွမ်မုန်ကျိကို သတ်ပစ်နိုင်ခဲ့တယ်။ မကောင်းဆိုးဝါးတောင်တန်းကို ရှင်းပစ်နိုင်ပြီး လေလွင့်ရာမ ယုဟွမ်တောင်ကို ခုခံနိုင်တယ်။ အမှန်တရားဓားနဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့တိုက်ပွဲမှာ သိုင်းကွက်တစ်ဝက် အသာနဲ့ ပွတ်ကာသီကာ အနိုင်ရခဲ့တယ်။ သူက ရဲစွမ်းသတ္တိရှိပြီး အံ့သြစရာကောင်းတဲ့ ဓားပညာရှင်တစ်ယောက်ပဲ။

အဆင့် - (၁၉)

သိုင်းလောကနာမည် - သတ်ဖြတ်ရေးဓား၊ မဆင်မခြင်ကိုယ်တော်၊ မိုးကြိုးဓား ဒေါသကိုယ်တော်။

အဆင့်အတန်း - ရှောင်လင်၏စွန့်ပစ်ခံ တပည့်တစ်ယောက်…”

ထိုနာမည်ကိုမြင်သည့်အခါ မုန့်ချီက အလွန်ဒေါသထွက်သွား၏။ ဘာကြောင့်သူ့ကို သတ်ဖြတ်ရေးဓားဟု နာမည်ပေးထားရသနည်း။ သူ့အနားတွင် ရှိနေသော လူများကလည်း မှတ်ချက်မျိုးစုံ ပေးနေကြသည်။ သူတို့ကတော့ သူ့ကို အလွန်လေးစားနေကြပြီး သူ့တပည့်များ ဖြစ်ချင်နေကြသည်။ မုန့်ချီက လူအုပ်ကြီးထဲမှနေ၍ တိတ်တဆိတ် ထွက်ခွာလာခဲ့ရ၏။

………..

နန်းတွင်းပညာရှင်ရွေးချယ်ပွဲက ဟွမ်စီရင်စုတွင် (၄)လပိုင်း၌ စတင်ကျင်းပသည်။ ထို့ကြောင့် ပြည်နယ်တစ်ခုလုံးတွင် ရှိနေသော လက်ရွေးစင်များအားလုံး ရောက်လာကြ၏။ ပြည်နယ်တစ်ခုလုံးတွင်လည်း လှုပ်ရှားသက်ဝင်နေပြီး စည်ကားသိုက်မြိုက်နေသည်။

ဤအချိန်အတောအတွင်း မုန့်ချီကတော့ နေ့စဉ်နှင့်အမျှ ပညာရှင်များစွာကို စိန်ခေါ်နေ၏။ သူက ယဲ့တူတွင် ရှိနေသော နာမည်‌ကျော်ပညာရှင်များ အားလုံးနီးပါးကို အနိုင်ရခဲ့သည်။ ယခင်တုန်းကတော့ ကျင့်စဉ်အဆင့် လျင်မြန်စွာ တိုးတက်လာခဲ့ခြင်းကြောင့် သူ၏သိုင်းပညာက မတည်ငြိမ်ခဲ့ပေ။ နောက်ဆုံးတွင်တော့ ဆက်တိုက် တိုက်ခိုက်မှုကြောင့် တည်ငြိမ်လာခဲ့သည်။

သူက ကောင်းကင်ဓားကျင့်စဉ်၏ အဆင့်မြင့်အပိုင်းကိုပင် အောင်မြင်လာသည်ဟု ဆိုနိုင်သည်။ သူက ခရမ်းမိုးကြိုးဓားသိုင်းကွက်များနှင့် သူ၏ဓားဆန္ဒများကို ပေါင်းစပ်ရန်လည်း အောင်မြင်ခါနီးနေပြီ ဖြစ်သည်။

………….

ယနေ့တွင်တော့ သူက အနက်ရောင်ဝတ်စုံကို ဝတ်ပြီး နောက်‌ကျောတွင် ဓားရှည်နဲ့ဓားမောက်တို့ကို ချိတ်ထားသည်။ သူက ဟွမ်စီရင်စုတွင် ရှိနေသော ယပ်တောင်(၆)လက်ကျောင်း၏ တံခါးဆီသို့ ကုံယုနဲ့အတူ လျှောက်လာခဲ့၏။

"ပြိုင်ပွဲမှာ အဖွဲ့ (၁၂)ဖွဲ့ ခွဲထားတယ်။တစ်ဖွဲ့မှာ လူ(၅၀)ဆီပါတယ်။ တစ်ဖွဲ့ဆီက အလှည့်ကျ တိုက်ခိုက်ကြရမယ်။ ထိပ်ဆုံး(၅)ယောက်က နောက်တစ်ဆင့်တက်နိုင်ပြီး ကျန်တဲ့သူတွေအားလုံးက ဖယ်ရှားခံရမယ်။ ထိပ်ဆုံး အယောက်(၃၀)ကပဲ နတ်ဘုရားမြို့တော်ထဲကို ဝင်ခွင့်ရမယ်။ ပြိုင်ပွဲထဲမှာ(၃၀)ပဲ ကျန်တော့တဲ့ အချိန်ကျရင်တော့ ထိပ်ဆုံး(၃)ယောက်မပေါ်မချင်း ဆက်ပြီး တိုက်ခိုက်ရလိမ့်မယ်.."

ကုံယုက စည်းမျဉ်းများနှင့် ပတ်သက်ပြီးမုန့်ချီကို ရိုးရှင်းစွာ ရှင်းပြနေခဲ့သည်။ ထိုစည်းမျဉ်းများက တိုက်ပွဲထဲတွင် ထိပ်တန်းပညာရှင်များ မတော်မဆထိခိုက်ခြင်းမှ ကာကွယ်ထားခြင်းလည်း ဖြစ်၏။

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး စည်းမျဉ်းများကို စိတ်မဝင်စားပေ။

ကုံယုက ရယ်လိုက်၏။

"ငါက စကားတွေ အများကြီးပြောမိနေပြီထင်တယ်။ ဒီမှာဝမ်ကိုက်လည်း မရှိဘူးလေ။ သခင်လေးစုရဲ့ စွမ်းရည်အရဆို သေချာပေါက် ချန်ပီယံဖြစ်မှာပါ။ ဘာလို့ဒီကိစ္စကို စိုးရိမ်နေမှာလဲ…"

လွန်ခဲ့သော‌ လအနည်းငယ်အတွင်း သူတို့နှစ်ယောက်က ပို၍ရင်းနှီးလာပြီး အချင်းချင်း ပို၍ နားလည်လာခဲ့သည်။ ထို့ကြောင့် မုန့်ချီက ပျော်ပျော်နေတတ်ပြီး စိတ်ဝင်စားစရာကောင်းကြောင်း ကုံယုက တွေ့လိုက်ရ၏။

"အဘိုးကြီးကုံ …ကျွန်တော်က ဘယ်အဖွဲ့ထဲမှာလဲ.."

မုန့်ချီက မေးလိုက်၏။

"အဖွဲ့(၄)မှာ.. ။ အဲ့ဒီအဖွဲ့ထဲမှာ တံခါး(၉)ပေါက်အဆင့်ကို ရောက်နေတဲ့ ပြိုင်ဘက်တွေ အများကြီးရှိတယ်။သူတို့တွေက သခင်လေးစုရဲ့ အစွမ်းထက်ဆုံးပြိုင်ဘက်တွေလို့ သတ်မှတ်နိုင်တယ်။ သူတို့တွေထဲမှာ ဟွေတိုင်းပြည်က သံဓားကောင်းရန်၊ မြေခွဲလက်ဝါးကောင်းချွမ်တို့လည်း ပါတယ်…”

ကုံယုက ယပ်တောင်(၆)လက်ကျောင်း၏ အစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်း တစ်ယောက် ဖြစ်သည့်အတွက် ပြိုင်ပွဲအကြောင်းကို အသေးစိတ်သိနေသည်။

မုန့်ချီက တိတ်တဆိတ် နားထောင်နေခဲ့၏။ သူကတော့ ပြိုင်ဖက်တိုင်းကို လုံးဝလျှော့မတွက်ခဲ့ပေ။

……………..

အဖွဲ့(၄)တွင် ရှိနေသူများအားလုံးက ယန်ဝူခန်းမထဲတွင် စောင့်နေကြသည်။ ကောင်းချွမ်က ပတ်ပတ်လည်သို့ တည်ငြိမ်စွာ စိုက်ကြည့်နေပြီး မလှမ်းမကမ်းတွင် ဓားကိုင်ထားသော ကောင်းရန်နှင့် တစ်ခြားသော အစွမ်းထက်ပြိုင်ဘက်များကို စိုက်ကြည့်လိုက်သည်။

ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုက လှုပ်ရှားသွားပြီး သူက တံခါးရှိရာကို လှည့်ကြည့်လိုက်မိ၏။ ထိုအခါ အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူငယ်တစ်ယောက် ဝင်လာသည်ကို မြင်လိုက်ရသည်။ သူ့နောက်ကျောတွင်တော့ ဓားရှည်တစ်လက်နှင့် ဓားမောက်တစ်လက်ကို ချိတ်ထား၏။

သူ့ပုံစံက အလွန်ကြောက်စရာကောင်းသော စစ်သည်တော်တစ်ယောက်ကဲ့သို့ ထင်မှတ်ရသလို တစ်ချိန်တည်းတွင်လည်း သာမန်လူတစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။

ကောင်းချွမ်၏ စိတ်ထဲတွင် သတ်ဖြတ်ရေးဓားဟူသော နာမည်ပေါ်လာခဲ့၏။ သူက စာရင်းနှင့် အချက်အလက်များအားလုံးကို အမှတ်ရသွားခဲ့သည်။ သူကလည်း နည်းလမ်းမျိုးစုံနှင့် ပြိုင်ဘက်များ၏ အချက်အလက်များကို ရှာဖွေခဲ့သည်။

နန်းတွင်းပညာရှင်ရွေးချယ်ပွဲရှိ တစ်ခြားသော လူသစ်များကလည်း သူ့ကို ချက်ချင်းကို မှတ်မိသွားကြသည်။ တစ်ချို့က အံ့သြနေကြပြီး တစ်ချို့က ကြောက်လန့်နေကြ၏။ တစ်ချို့ကတော့ သူ့ကို တလေးတစား ကြည့်နေကြသည်။ တစ်ခြားသူများအားလုံးကတော့ အလွန်စိတ်လှုပ်ရှားနေပုံပေါ်သည်။

ကောင်းချွမ်က တံတွေးမြိုချလိုက်မိပြီး အထဲသို့ဝင်လာသည့် မုန့်ချီကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက တလေးတစား လက်သီးဆုပ်၍ ဂါဝရပြုလိုက်၏။

"သခင်လေးစု …

ဒီပြိုင်ပွဲမှာသခင်လေးစုက ချန်ပီယံဖြစ်မှာပါ.."

မည်သူကမျှသူ့စကားကို ငြင်းဆန်ရဲခြင်းမရှိချေ။ ထိုအရာက သူ၏အောင်မြင်မှုလည်း ဖြစ်၏။ သူတို့ထဲတွင် အများစုက မုန့်ချီနဲ့ဝမ်ကိုက်‌တို့၏ တိုက်ပွဲကိုပင် ကိုယ်တိုင်‌မြင်ခဲ့ဖူးကြ၏။ ထို့ကြောင့် သူ့အစွမ်းကို အလွန်လေးစားနေကြသည်။

သူတို့အားလုံးကလည်း ကောင်းချွမ်၏စကားကို ထောက်ခံပြီး သူ့ကို နှုတ်ဆက်နေကြ၏။

"သခင်လေးစု…

သခင်လေးက ဒီပြိုင်ပွဲရဲ့ချန်ပီယံ သေချာပေါက်ဖြစ်မှာပါ..."

Translated by Hein Htet.

All Chapters