အခန်း (၂၃၈)
Vol. 16 Ch. 238
မုန့်ချီက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်ပြီး အတော်လေး တည်ငြိမ်နေပုံရသည်။ သို့သော် စိတ်ထဲတွင်တော့ အလွန်ဝမ်းသာနေခဲ့၏။ ထိုအရာက သူလိုချင်နေခဲ့သော ခံစားမှုတစ်ခု ဖြစ်သည်။ သူက ထိုအရာကိုရရှိရန် ခက်ခဲနေခဲ့သည်မှာ ကံဆိုးသွားခဲ့၏။
မုန့်ချီက တိုက်ပွဲစက်ဝိုင်းထဲသို့ ခုန်ဝင်လိုက်သည်။ သူ၏ပထမဆုံး ပြိုင်ဘက်က ဟွေတိုင်းပြည်မှ သံဓားကောင်းရန် ဖြစ်သည်။ သူက အသက် (၂၀) ကျော်ဖြစ်ပြီး ဓားရှည်တစ်လက်ကို ကိုင်ထား၏။ သူ့ပုံစံက တည်ငြိမ်အေးစက်သည်။
နောက်ကျောတွင် ဓားရှည်နှင့် ဓားမောက်ကို လွယ်ထားသော မုန့်ချီကို မြင်သည့်အခါ ကောင်းရန်က ပင့်သက်ရှိုက်လိုက်၏။ သူက ဦးညွှတ်ပြီး ပြောလိုက်၏။
"သခင်လေးစု …
ကျေးဇူးပြုပြီး ကျွန်တော့်ကိုသင်ကြားပေးပါဦး... "
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် မုန့်ချီ၏ ပျော်ရွှင်မှုများ ၊ မောက်မာမှုများအားလုံး ပျောက်ကွယ်သွားသည်။ သူက ခံစားချက်ကင်းမဲ့နေသည့် အခြေအနေသို့ ကျရောက်သွားခဲ့ပြီး တိုက်ပွဲအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သည်။
အတိတ်တုန်းက ကြုံတွေ့ခဲ့ရသော အရာများ ၊ အောင်နိုင်မှုများအားလုံးက တိုက်ပွဲထဲတွင် သူ၏စိတ်ကို သက်ရောက်စေနိုင်ခြင်း မရှိချေ။
"ကျေးဇူးပြုပြီး တိုက်ခိုက်လို့ရပြီ …"
သူ၏ဓားရှည်က အလင်းရောင်အောက်တွင် တောက်ပနေပြီး တစ်ကိုယ်လုံး အေးစက်သွားစေသလို ခံစားရနေသည်။
ထိုတစ်လလုံး နန်းတွင်းပညာရှင်ရွေးချယ်ပွဲကို ချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့၏။ တိုက်ပွဲများကို မတူညီသော တိုက်ပွဲကွင်းပြင်ထဲတွင် ကျင်းပခဲ့ပြီး သာမာန်တိုက်ပွဲများမှနေ၍ သူသေကိုယ်သေ တိုက်ပွဲအထိပါ ပါဝင်နေသည်။ ထိုမျှ ပြိုင်ဘက်များစွာ ရှိနေသော်လည်း မုန့်ချီက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ထိန်းသိမ်းထားသော ထိပ်တန်းသိုင်းကွက်များကိုပင် သုံးစရာမလိုခဲ့ပေ။
မုန့်ချီက ကိုယ်ပိုင်အစွမ်း တစ်ခုတည်းကိုသုံးပြီး တိုက်ပွဲများကို မုန်တိုင်းသဖွယ် အနိုင်ယူနိုင်ခဲ့သည်။ သူက ပြိုင်ဘက်ကင်းဖြစ်နေပြီး ဟွမ်စီရင်စု၏ နန်းတွင်းပညာရှင် ရွေးချယ်ပွဲတွင် အထူးချွန်ဆုံးလူတစ်ယောက် ဖြစ်လာခဲ့၏။ ထို့ကြောင့် သူက နောက်နှစ်နွေရာသီကျလျှင် လော့ရန်သို့သွားပြီး ပညာရှင် စာသင်သားအဖြစ် ဆက်လက် တိုက်ခိုက်ရဦးမည် ဖြစ်သည်။
ကျိုးနိုင်ငံ ဝမ်မိသားစု၏အနားတွင် ရှိနေသော ခြံဝန်းတစ်ခုထဲတွင် အစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်းများအတွက် တည်ဆောက်ထားသော သိုင်းလေ့ကျင်ရေး ခန်းမတစ်ခု ရှိ၏။ ထိုအခန်းက အသံလုံပြီး တိုက်ခိုက်မှုပေါင်းများစွာကို တားဆီးနိုင်သည်။
အမြင့်တွင် နေရာယူထားသော မုန့်ချီက သူ့ဓားနှင့် လွှဲခုတ်လိုက်၏။ သူက တခဏအတွင်း ဓားချက် (၉) ချက် ခုတ်နိုင်ခဲ့သည်။ သူ၏ဓားချက်များကလည်း တစ်ခုထက်တစ်ခု ပိုမြန်ပြီး ပို၍အစွမ်းထက်နေခဲ့၏။ ထိုအရာက ပတ်ပတ်လည် လေလှိုင်းများကို စုပ်ယူနိုင်သည်။
လေထဲတွင် ကျယ်လောင်သော မိုးခြိမ်းသံများလည်း ထွက်ပေါ်လာသည့်အတွက် အခန်းကြီးနှင့် တိုင်လုံးများကပင် အနည်းငယ် တုန်ခါလာခဲ့၏။ ထိုဓားချက် (၉)ချက်၏အစွမ်းက အလွန်ကြောက်စရာကောင်းသော မိုးကြိုးအလင်းတန်းများအဖြစ် ပြောင်းလဲသွားသလို ထင်မှတ်လိုက်ရသည်။
သူတို့က အလွန်ကြမ်းတမ်းခက်ထန်ပြီး ကျယ်လောင်သည့် အသံများနှင့်အတူ မြေပြင်ကြီးကို တိုက်ခိုက်မိလိုက်သည်။ မြေပြင်ကြီးက အက်ကွဲသွားပြီး နေရာအနှံ့ သဲနှင့် ကျောက်ခဲများ လွင့်ပျံသွားခဲ့၏။ အခန်းတစ်ခုလုံးတွင်လည်း ရှုပ်ပွသွားခဲ့သည်။
မုန့်ချီက ဓားကို ရုပ်သိမ်းလိုက်ပြီးနောက် အသက်ဝဝ ရှုရန် ကြိုးစားလိုက်၏။ သူ၏မျက်နှာပေါ်တွင် ကျေနပ်နေသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူကတော့ နန်းတွင်းပညာရှင် ရွေးချယ်ပွဲမစခင် လဝက်ခန့်ကတည်းက ထိုအရာကို လေ့ကျင့်နေခဲ့ခြင်းဖြစ်ပြီး ယခုတော့ ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉)သွယ်၏ အနှစ်သာရကို ခရမ်းမိုးကြိုးဓား သိုင်းပညာထဲသို့ ပေါင်းစပ်နိုင်ခဲ့သည်။
ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင်၏ ပထမပိုင်း တစ်ပိုင်းကိုလည်း ပေါင်းစည်း၍ အသုံးပြုနိုင်ပြီ ဖြစ်သည့်အတွက် ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခုအဖြစ် အသုံးပြုနိုင်နေသည်။
ရက်ပေါင်း (၂၀) နီးပါးခန့် အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးနောက် သူက ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင် သိုင်းကွက်ကို ထိန်းချုပ်နိုင်သည်။ အခြေအနေသာ ကောင်းမွန်နေမည်ဆိုလျှင် ဆက်၍ အောင်မြင်လာနိုင်၏။ ယခု သူ၏သိုင်းကွက်က သက်သေပြနေခဲ့သည်။
သို့သော် သူက ဒန်တျန်ထဲတွင် သိမ်းဆည်းထားသော ခရမ်းမိုးကြိုးစွမ်းအားများကိုတော့ အသက်မသွင်းခဲ့ပေ။ ပထမအချက်အရ ထိုအရာက အလွန်ကြီးမားသော အပျက်အစီးများ ဖြစ်လာစေနိုင်ပြီး ယပ်တောင် (၆)လက်ကျောင်း၏ ပတ်ပတ်လည်တွင် ရှိနေသော ပညာရှင်များနှင့် ဝမ်မိသားစုဝင်များကို သတိပေးလိုက်သလို ဖြစ်သွားနိုင်သည်။ ထိုအရာက သူ၏တည်နေရာကို သဲလွန်စပေးသလို ဖြစ်သွားနိုင်၏။
ဒုတိယတစ်ချက်ကတော့ ခရမ်းမိုးကြိုးစွမ်းအင်များက နေ့စဉ်ကျင့်ကြံပြီး စုဆောင်းထားရခြင်း ဖြစ်သည်။ သူက ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင် သိုင်းကွက်ကို တစ်ကြိမ်အသုံးပြုရန်အတွက် ခရမ်းမိုးကြိုးစွမ်းအားကို (၃) ရက်နီးပါးခန့် စုဆောင်းထားရသည်။ လက်ရှိအချိန်တွင် သူက စွမ်းအား (၃) ဆထက်ပို၍ စုစည်း၍လည်း မရနိုင်ပေ။ ထိုစွမ်းအင်များက ဒန်တျန်ထဲတွင် ရှိနေသော ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်နှင့် အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်၏ ချီစွမ်းအင်များနှင့် တိုက်ခိုက်မိနိုင်သည်။
"ငါက လုပ်စရာရှိတာတွေအားလုံး လုပ်ပြီးသွားပြီလို့ ခန့်မှန်းမိတယ်... ။ အခု ငါလုပ်ရမှာက သေမင်းတမန်တာဝန်ကို ငြိမ်းငြိမ်းချမ်းချမ်းစောင့်နေဖို့ပဲ…"
ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင်သိုင်းကွက်ကို သုံးလိုက်ပြီးနောက် မုန့်ချီက စွမ်းအားအမြောက်အမြား ကုန်ဆုံးခဲ့ရသည်။ အလွန်ကြမ်းတမ်းခက်ထန်သော ဓားသိုင်းပညာတစ်ခုကို ထိန်းချုပ်လိုက်ရခြင်းက စိတ်ပိုင်းဆိုင်ရာ စွမ်းအင်လည်း အတော်လေး ကုန်ဆုံးရသည့်အတွက် သူက အသက်ကို မနည်းရှုနေရသည်။
သူက တီးတိုးဓားကို သိမ်းလိုက်ပြီး လက်ကိုင်ပဝါတစ်ခုကိုယူ၍ မျက်နှာပေါ်ရှိ ချွေးများကို သုတ်လိုက်သည်။ ထို့နောက် အနက်ရောင်ဝတ်စုံကို ဖုန်သုတ်လိုက်ပြီး လေ့ကျင့်ရေး အခန်းထဲမှ ထွက်လာ၍ ရေနွေးသောက်ကာ အမောဖြေနေခဲ့သည်။
ထိုအချိန်တွင် တံခါးခေါက်သံတစ်ခုကို ကြားလိုက်ရသည်။ မုန့်ချီကတော့ တံခါး၏တစ်ဖက်တွင် ရင်းနှီးသော အငွေ့အသက်တစ်ခုကို ခံစားမိနေ၏။ ထိုအရာကတော့ သူ့ဆီကို ညပိုင်း နောက်ကျမှသာ အမြဲလာရောက်တတ်သော ကုံယုဖြစ်ကြောင်း နားလည်သွားသည်။ ယခုတော့ သူက စောစောရောက်လာသည့်အတွက် မုန့်ချီကိုယ်တိုင်ပင် ထူးဆန်းနေခဲ့၏။
"ဘာကိစ္စရှိလို့လဲ အဘိုးကြီးကုံ... "
မုန့်ချီကတော့ ရင်းနှီးနေသော လူတစ်ယောက်ကဲ့သို့ ခေါ်လိုက်သည်။
ကုံယုက ခြံဝန်းထဲသို့ဝင်လာပြီး တံခါးကို ပြန်ပိတ်လိုက်သည်။ သူက ပတ်ပတ်လည်ကို ခဏကြာ စစ်ဆေးကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
"ငါက လောနတ်ဘုရားမနဲ့ ပတ်သက်တဲ့သတင်းရခဲ့တယ်... "
"သူက ကောင်းကင် (၉) သွယ်အပျက်အစီးကနေ ပြန်ရောက်လာပြီလား... "
မုန့်ချီက မျက်မှောင်ကြုတ်နေမိ၏။
ကုံယုက ခဏကြာစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"သူပြန်လာတာ တော်တော်လေး ကြာနေပြီထင်တယ်..။ ဒါပေမဲ့ သိပ်မကြာခင် အတောအတွင်း လော်အဖွဲ့အစည်းက သစ္စာဖောက်ကို အပြစ်ပေးခဲ့တဲ့အတွက် သူ့ရဲ့ခြေရာလက်ရာတွေ ပေါ်လာတယ်..။.အခုသူက တောင်ပိုင်းကိုလှေနဲ့ စုန်ဆင်းသွားတယ်..။ ဝေ့ကျင်းအဆင့် ပညာရှင်တွေကလည်း သူ့နောက်ကနေ လိုက်နေကြတယ်...”
“ကူရှောင်စန်းရဲ့အကျင့်စရိုက်တွေအရ သူ့ရဲ့ခြေရာလက်ရာပေါ်သွားတယ်ဆိုတာ တမင်တကာ လုပ်လိုက်တာပဲ ဖြစ်နိုင်တယ်... "
မုန့်ချီကတော့ ကူရှောင်စန်း၏ မိတ်ဆွေဟောင်းကြီး တစ်ယောက်ကဲ့သို့ ပြောလိုက်သည်။ သူမက ဆန်းကြယ်နတ်သမီးဆက်ခံသူ၏ အစစ်အမှန်ခန္ဓာကိုယ်ကို အမှန်တကယ် သတ်လိုက်ခြင်းရှိမရှိ သူလည်း သေချာမသိသေးပေ။
"ဂိုဏ်းကလည်း အဲဒီဖြစ်နိုင်ချေကို စဉ်းစားထားတယ်... ။ သူ့မှာ တခြားအကြံအစည်တွေ ရှိနေနိုင်တယ်... "
ကုံယုကလည်း ထောက်ခံလိုက်၏။ လော်နတ်ဘုရားမက အမြဲလိုလိုခန့်မှန်း၍ မရနိုင်ပေ။
မုန့်ချီက ခဏကြာစဉ်းစားပြီး လေးလေးနက်နက် ပြောလိုက်၏။
"အခု သူ့ရဲ့အဆင့်က ဘယ်လောက်ရှိနေပြီလဲ... "
"အဖွဲ့ထဲမှာရှိတဲ့ လော်အဖွဲ့အစည်းသစ္စာဖောက်က အဆင့်ဘယ်လောက်ရှိလဲ ဆိုတာတော့ ငါမသိဘူး... ။ ဒါပေမယ့် သူ့ဆီမှာ ရတနာတွေ ပိုင်ဆိုင်ထားတယ်... ။ တံခါး (၉) ပေါက်အဆင့်လည်း ရှိနေတယ်... ။ ဒါကြောင့် သူ့နောက်ကို လိုက်ဖို့ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက် စေလွှတ်လိုက်ပေမဲ့ သူက လွတ်မြောက်သွားခဲ့တယ်... ။ နောက်ဆုံးမှာတော့ သူ့ကို ကူရှောင်စန်းကဖမ်းပြီး သတ်ပစ်လိုက်တယ်..။ အဲဒီတိုက်ပွဲက တော်တော်လေးကြီးတဲ့အတွက် ကူရှောင်စန်းရဲ့ခြေရာလက်ရာတွေကို တွေ့ခဲ့ရတယ်... "
ကုံယုက အကြမ်းဖျင်း ရှင်းပြပြီး ဆက်၍ ပြောလိုက်သည်။
"အခုချိန်မှာ သူက အချိန်မရွေး သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးကို ဖွင့်နိုင်ပြီထင်တယ်...။ ဒါပေမဲ့ သူ့ရဲ့အတွင်းအား ၊ ချီစွမ်းအင် ၊ စိတ်ဝိညာဉ်နဲ့ စိတ်ဆန္ဒတွေကို ဖိနှိပ်ထားပြီး ခန္ဓာကိုယ်နဲ့ သိုင်းပညာအမြင့်ဆုံးအဆင့်ကိုရောက်အောင် စောင့်နေတာဖြစ်မယ်..။ ဒါဆိုရင် သူက သဏ္ဍာန်မဲ့ဓားဟယ်ကျူးလို ပြီးပြည့်စုံတဲ့အဆင့်တက်မှု ဖြစ်လာနိုင်တာပေါ့... "
သဏ္ဍာန်မဲ့ဓားဟယ်ကျူးက လူငယ်မှတ်တမ်းတွင် အဆင့်(၁)ဖြစ်သည်။ လွန်ခဲ့သော (၃) နှစ်အတွင်း သူ့အဆင့်က ပြောင်းလဲသွားခြင်း မရှိချေ။
"ကြည့်ရတာ ကူရှောင်စန်းက ကောင်းကင် (၉) သွယ်အပျက်အစီးကနေ အကျိုးအမြတ်တချို့ရလာပေမယ့် သိပ်ပြီးမများလောက်ဘူး..။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့လက်ရှိအစွမ်းအရ တစ်ယောက်တည်း စိန်ခေါ်ဖို့ဆိုတာ တော်တော်လေးခက်တယ်..။ ပြီးတော့ သူနဲ့လော်အဖွဲ့အစည်း အကြီးအကဲတွေ ကြားထဲမှာလည်း တင်းမာမှုရှိပုံမပေါ်ဘူး..။ ဒါဆိုရင် သူက ကောင်းကင် (၉)သွယ် အပျက်အစီးရဲ့လျှို့ဝှက်ချက်တွေကို သူတို့နဲ့ မျှဝေချင်တာလား... ။ ဒါပေမဲ့ အဲဒါကလည်း သူ့ရဲ့ပုံစံမဟုတ်ဘူး... "
မုန့်ချီ၏ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။ နောက်ဆုံးတွင်တော့ သူက ပြောလိုက်၏။
"တကယ်လို့ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် လွှတ်လိုက်တာတောင် သစ္စာဖောက်ကို မသတ်နိုင်ဘူးဆိုရင် တခြားလူတစ်ယောက်လုပ်လို့ရတာပဲ ။ လော်အဖွဲ့အစည်းမှာ ကျင့်ကြံသူတွေနဲ့ နတ်ဆရာ (၂၀) ကျော်ရှိတယ်... ။ ဘာလို့ သူတို့တွေက နတ်ဘုရားမကို အဲဒီလိုစွန့်စားမှုမျိုး လုပ်ခိုင်းရတာလဲ... "
လူတိုင်းက လော်အဖွဲ့အစည်း၏ အကြီးအကဲဖြစ်သော သက္ကတဓမ္မရာဂျကို သိနေကြသည်။ သူက လေဟာနယ် ဓမ္မကာရအဆင့်ကို ရရှိထားသော သက္ကတဓမ္မရာဂျလည်း ဖြစ်၏။ လော်အဖွဲ့အစည်းတွင် သူ၏အရေးပါမှုက အလွန်ထင်ရှားသည်။ သူက ကောင်းကင်မှတ်တမ်းတွင်လည်း အဆင့် (၆) ဖြစ်၏။
တခြားသော နတ်ဆရာ အနည်းငယ်ကလည်း အတော်လေး နာမည်ကျော်ကြားသည်။ သူတို့ထဲတွင် တချို့က မြေပြင်မှတ်တမ်းတွင်ပင် စာရင်းဝင်ကြ၏။ ထို့ကြောင့် လော်အဖွဲ့အစည်းတွင် သိုင်းသခင်အဆင့် နတ်ဆရာ (၁၂) ယောက်ရှိကြောင်း လူအတော်များများက သိနေကြသည်။ သို့သော် နတ်ဆရာ၏အောက်တွင် ရှိနေသော အဆင့်များကိုတော့ အပြင်လူများက မသိကြပေ။
မုန့်ချီကတော့ ကူရှောင်စန်း၏ နှုတ်ဖျားမှနေ၍ ကျင့်ကြံသူဟူသော အခေါ်အဝေါ်ကို ကြားခဲ့ဖူးသည်။ ကြည့်ရသူမှာ ဝေ့ကျင်းအဆင့် ပညာရှင်များ၏အောက်တွင် နတ်ဆရာများရှိပြီး နတ်ဆရာ၏ အောက်တွင်တော့ ထိုအဆင့် ရှိပုံရသည်။
"ကျင့်ကြံသူ ဟုတ်လား... "
ကုံယုက ထိုစကားလုံးကို စဉ်းစားနေရင်း ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူကတော့ နောက်ထပ် မမေးခဲ့ပေ။ သတ်ဖြတ်ခြင်းဓားစုမုန့်က အမှန်တကယ်လည်း ကူရှောင်စန်းနှင့် အချိန်တော်တော်ကြာ ပူးပေါင်းနေခဲ့သည်။
"ကြည့်ရတာ ဒီကိစ္စမှာ လှည့်စားမှုတွေရှိနိုင်တယ်..။ လော်အဖွဲ့အစည်းက အရမ်းကြီးပြီး စနစ်တကျ တည်ထောင်ထားတာ..။ သူတို့တွေက ဒီလိုအသေးအဖွဲ့ကိစ္စမျိုးကို နတ်ဘုရားမကိုယ်တိုင်လုပ်ခိုင်းပါ့မလား..။ ဘယ်လိုပဲဖြစ်ဖြစ် ဂရုစိုက်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ…"
မုန့်ချီကတော့ ကူရှောင်စန်းကို လျစ်လျူရှုရန် ရည်ရွယ်ချက် မရှိချေ။ ထိုနတ်ဆိုးမက ခန့်မှန်း၍မရနိုင်ဘဲ ကောက်ကျစ်စဉ်းလဲပြီး ရက်စက်ကြမ်းကြုတ်သည်။ မည်သူက သူမ၏အနားတွင် အလေးမဲ့ နေရဲမည်နည်း။
မုန့်ချီကို အကြံပေးလိုက်ပြီးနောက် ကုံယုက အပြုံးနှင့် ပြောလိုက်၏။
"ညီလေးမုန့် …
နန်းတွင်းပညာရှင်ရွေးချယ်ပွဲက ပြီးသွားတာ လဝက်လောက်ရှိနေပြီ ။ မင်းက ယပ်တောင်(၆) လက်ကျောင်းကို ပူးပေါင်းဖို့ စဉ်းစားမထားဘူးလား... "
အကယ်၍ သူကသာ လေဟာနယ်မိန်းမပျိုဂိုဏ်း၏ အန္တရာယ်ကို စဉ်းစားပြီး အချက်အလက်များနှင့် အရင်းအမြစ်များ လိုချင်သည်ဆိုလျှင် ယပ်တောင် (၆)လက်ကျောင်းနှင့် ပူးပေါင်းရန် လိုအပ်သည်။ သူကတော့ ထိုနေရာတွင် လျှို့ဝှက်ချက် ရှာဖွေခြင်း သတင်းသမားအဖြစ် လုပ်ဆောင်ရန် ဆန္ဒရှိသည်။
သို့သော် ယခုတော့ သေမင်းတမန်တာဝန်က နီးကပ်နေသည်။ ရက်အနည်းငယ်လေးသာ ကျန်တော့၏။ အကယ်၍ သူသာ သဘောတူလိုက်မည်ဆိုလျှင် လော့ရန်မှ အဖြေကို စောင့်ရဦးမည် ဖြစ်သည်။ ထိုအရာက ကြာမြင့်နိုင်ပြီး သတင်းက လော့ရန်ဌာနချုပ်သို့ ရောက်ရန် အတော်လေး အချိန်ပေးရနိုင်သည်။ ဤအချိန်အတောအတွင်း သူ့အတွက် ချက်ချင်းရနိုင်သည့် အကျိုးအမြတ်များ မရှိချေ။
"နောက်ထပ် (၁၀) ရက်နေရင် ကျွန်တော်က အဖြေပေးပါမယ်... "
မုန့်ချီက ပြန်ဖြေလိုက်၏။ သူ့ဆီမှ တိတိကျကျ အဖြေကြားလိုက်ရသည့်အချိန်တွင် ကုံယုက ကျေနပ်စွာ ထွက်သွားခဲ့၏။
(၅) ရက်ကြာပြီးနောက် မုန့်ချီက ပါးစပ်တံခါးနှင့် ပတ်သက်သော (၈) ခုမြောက် သွေးကြောမှတ်ကို စုစည်းနေခဲ့သည်။ ထိုအချိန်တွင် ရုတ်တရက် မူးဝေသွားသလို ခံစားလိုက်ရ၏။ သူ၏မျက်လုံးများကို မှိတ်လိုက်ရာ သူ့ရှေ့တွင် အမှောင်ထုကြီးကို မြင်လိုက်ရပြီး အရာအားလုံးက တောက်ပမှုအဖြစ် လျင်မြန်စွာ ပြောင်းလဲလာခဲ့၏။
သူမျက်လုံး ပြန်ဖွင့်လိုက်သည့် အချိန်တွင် ယမန်နေ့ကမှ တွေ့ထားသော ချီကျန်းရန်ကို တွေ့လိုက်ရသည်။ သူ၏အမူအရာကတော့ အမြဲလိုလို ခံစားချက်ကင်းမဲ့နေ၏။
အချိန်တော်တော်ကြာ မတွေ့ရသေးသော ကျန်းကျိဝေကလည်း ဓားတစ်ချောင်းကဲ့သို့ ရပ်နေခဲ့၏။ သူက ကျန်းယွင်ရှန်နှင့် ဖူကျန်းကျန်းတို့ကိုလည်း တွေ့နေရသည်။ သူတို့ (၂) ယောက်လုံး၏ စွမ်းရည်ကလည်း တိုးတက်လာပုံရ၏။ သူတို့က အသီးသီး အဆင့်တက်ခဲ့ကြပုံပေါ်သည်။
လော်ရှန်းကျိက ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အကာအကွယ် ချီစွမ်းအင်များရှိနေပြီး မတ်မတ်ရပ်နေ၏။ ကီဟွေအန်ကတော့ ကြေးနီအကြွေစေ့များ ၊ သစ်သားတုတ်များကို ခန္ဓာကိုယ်ပေါ်တွင် တပ်ဆင်ထားသည့်အတွက် အတော်လေး ထူးဆန်းနေသည်။
ရွမ်ယုရှုလည်း ရှိနေခဲ့၏။ သူမကတော့ သူမ၏ ဗျတ်စောင်းအိုကြီးကို သေချာ ပိုက်ထားခဲ့သည်။ သူမ၏ပုံစံက အေးစက်ပြီး လှပ၏။ ပါးစပ်ထဲတွင်တော့ တစ်ခုခုကို ဝါးစားနေပုံရသည်။
"နင်က ဘာတွေစားနေတာလဲ... "
မုန့်ချီက မေးလိုက်သည်။
"လန်းယာ့ရေနဂါးခြောက်... "
ရွမ်ယုရှုက စကားပြောချင်နေသေးသည့်အလား နှုတ်ခမ်းကို စိလိုက်၏။ ထို့နောက် အေးစက်စွာ ထပ်ပြောလိုက်သည်။
"ဒါက ငါအကြိုက်ဆုံး သရေစာလေ... "
ကျန်းကျိဝေက ပြောလိုက်၏။
"ကြည့်ရတာ နင်က ညစာစားနေတုန်း ဒီအထဲကို အခေါ်ခံလိုက်ရတာထင်တယ်... "
ရွမ်ယုရှုက ခေါင်းညိတ်ပြလိုက်၏။ သူမက သူမ၏ ဗျတ်စောင်းအိုကြီးကို ကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။
"အဲဒါတင်မဟုတ်ဘူး... ။ ငါက ငါတို့ရင်ဆိုင်ရမယ့်သေမင်းတမန်တိုက်ပွဲကို စဉ်းစားနေတဲ့အတွက် အချိန်တိုင်းအရသာခံဖို့ စဉ်းစားနေခဲ့တာ..။ ဒါကြောင့် ငါက စိတ်တိုင်းကျစားနေခဲ့တာ... "
"အရသာခံတာလား... ။ နင်က အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ပါတယ်... "
မုန့်ချီကတော့ သူမကို စနောက်သလိုပြောလိုက်၏။
ရွမ်ယုရှု၏ အမူအရာကတော့ ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။
"ဟုတ်တယ်... ။ ငါက အမြဲတမ်းတော့ မထိန်းထားနိုင်ဘူး... ။ ဒါပေမယ့် ငါက သတ်ဖြတ်ရေးဓားလို နာမည်မျိုးတော့ မရခဲ့ဘူးလေ... "
"နင် နင်... "
မုန့်ချီကတော့ ခြောက်ကပ်စွာ ရယ်လိုက်မိ၏။ ကြည့်ရသည်မှာ ရွမ်မိသားစု၏ သတင်းကွန်ရက်က အတော်လေး ပြည့်စုံပုံရသည်။
ကျန်းကျိဝေကလည်း တိုးတိုးလေး ရယ်လိုက်၏။ သူ့နာမည်အပေါ် မုန့်ချီ၏ ခေါင်းမာမှုကို သူမက သိနေသည်။
"ကိုရင်လေး….
ဝမ်ကိုက်နဲ့ တိုက်ပွဲပြီးသွားပြီဆိုတော့ နင်က ဒီနာမည်ကို အချိန်အကြာကြီးရနေဦးမယ် ထင်တယ်... "
မုန့်ချီက သေသာသေချင်တော့သည်။
"ဒါပေမယ့် နင်က ဒီလောက်မြန်မြန်ကြီး တိုးတက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ။ နှစ်အနည်းငယ်လေးအတွင်း နင်က ချီစုဆောင်းရေးအဆင့်တောင် မရောက်သေးတဲ့ ကိုရင်လေးအဖြစ်ကနေ လူငယ်မှတ်တမ်းမှာ အဆင့် (၂၀)အတွင်း ဝင်နိုင်တဲ့ ထိပ်တန်းပညာရှင် တစ်ယောက်ဖြစ်လာပြီ…"
ကျန်းကျိဝေက အပြုံးနှင့် သက်ပြင်းချလိုက်မိသည်။
သူမက ထပ်မေးလိုက်၏။
"နင်က တံခါး (၇) ပေါက်ပွင့်ဖို့ ဘယ်လောက်လိုသေးလဲ... "
သူမက ကျန်ရှိနေသော အစွမ်းများကို မမေးခဲ့ပေ။ လူငယ်မှတ်တမ်းတွင် သခင်လေးများနှင့် ပတ်သက်သော အရာများက သေချာရှင်းပြထားသည်။
ကျန်းယွင်ရှန်နှင့် ဖူကျန်းကျန်းတို့ကတော့ အချင်းချင်း တီးတိုးစကားပြောနေကြပြီး သေမင်းတမန် တာဝန်မစခင် အချင်းချင်း ကြည်နူးနေကြပုံပေါ်သည်။
"ငါက နောက်ဆုံးသွေးကြောမှတ်ပဲ ကျန်တော့တယ်.။ ပြီးရင်တော့ ပါးစပ်တံခါးကိုဖွင့်ဖို့ ကြိုးစားလို့ရပြီ…"
မုန့်ချီက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
"နင်ရောဘယ်လိုလဲ ကျိဝေ... "
"ငါက နှစ်အစ ပထမဆုံးလမှာပဲ တံခါး (၈) ပေါက်ပွင့်ခဲ့တယ်... ။ အခုငါက ပိုပြီးများပြားတဲ့ချီစွမ်းအင်တွေကို ထိန်းချုပ်နိုင်ပြီ…"
ကျန်းကျိဝေက လွန်ခဲ့သောနှစ်ဝက်တွင် တိုက်ခိုက်ခဲ့သော တိုက်ပွဲကို ပြန်လည်စဉ်းစားမိခဲ့ပြီ နှုတ်ခမ်းလေးများက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သူမက ကျေနပ်နေပုံရ၏။
ထို့နောက် မုန့်ချီက ရွမ်ယုရှု ၊ လော်ရှန်းကျိနှင့် တခြားလူများကို လှမ်းကြည့်လိုက်သည်။
"မင်းတို့ရောဘယ်လိုလဲ... ။ အားလုံးတိုးတက်ကြတယ်မဟုတ်လား... "
"ငါက တံခါး (၆) ပေါက်ပွင့်နေပြီး လူမဆန်သောတေးသွား (၈)သွယ်ကို ကျွမ်းကျင်နေပြီ"
ရွမ်ယုရှုက စောင်းကြိုးလေးကိုခတ်ပြီး ပြောလိုက်သည်။
လော်ရှန်းကျိကလည်း ပြုံးလိုက်၏။
"ငါက တံခါး (၉)ပေါက် ပွင့်ပြီးသွားတဲ့အချိန်မှာ တောင် (၉) လုံး သံလက်သီးကျင့်စဉ်ကို စတင်လေ့ကျင့်နေပြီ ။ ချီစွမ်းအားတွေကိုလည်း အပြင်ဘက်ကိုထုတ်ပြီး ကာကွယ်နိုင်နေပြီ…"
တစ်ကိုယ်တော်ကျင့်ကြံသူ ဖြစ်သည့်အတွက် သူက ထိုကဲ့သို့အဆင့်ကို ရောက်ရှိသည့်အတွက်ပင် သူက ကိုယ့်ကိုယ်ကိုယ် အလွန်ဂုဏ်ယူနေခဲ့သည်။
"ငါကတော့ တံခါး (၄) ပေါက် ပွင့်နေပြီ ။ ပြီးတော့ ငါက ကုသရေးဆေးလုံးတွေ ၊ ရှားပါးတဲ့အဆိပ်တွေ ဖန်တီးဖို့ ကြိုးစားထားတယ်... "
ဖူကျန်းကျန်းကလည်း သူမ၏ကြိုးစားမှုကို ပြောလိုက်၏။
"ငါက တံခါး (၇) ပေါက်ပွင့်နေပြီ ။ ပြီးတော့ သွေးဝိညာဉ်လောင်ကျွမ်းခြင်း ကျင့်စဉ်ကိုလည်း ထိန်းချုပ်နိုင်ပြီ ။ ငါက တံခါး (၉) ပေါက်အဆင့် ပညာရှင်အများစုကို အနိုင်ရနိုင်တယ်... "
ကျန်းယွင်ရှန်က အလွန်တည်ငြိမ်စွာ ပြောလိုက်၏။
ကီဟွေအန်ကလည်း ငြိမ်းချမ်းစွာ ပြောလိုက်သည်။
"ငါကလည်း တံခါး (၄) ပေါက်ပွင့်နေပြီ ။ ငါက ဝမ်မိသားစုရဲ့ ပြောင်းလဲမှုကျင့်စဉ်ကို လေ့လာနေတယ်... "
မုန့်ချီက သူ့အစွမ်းကို သိနေသော်လည်း တခြားလူများကတော့ မသိချေ။ ထို့ကြောင့် ချီကျန်းရန်က ပြောပြရန် ဆုံးဖြတ်လိုက်၏။
"ငါက တံခါး (၄) ပေါက်ပွင့်နေပြီ ။ ဖရိုဖရဲကျင့်စဉ်အဆင့် (၄) ကိုလည်း အောင်မြင်သွားပြီ…"
မုန့်ချီက မည်သည့်ပစ္စည်းများကို လဲလှယ်သင့်ကြောင်း စဉ်းစားတော့မည့်အချိန်တွင် အလွန်အေးစက်တည်ငြိမ်သော သံသရာအရှင်သခင်၏စကားသံကို ကြားလိုက်ရသည်။
"ဒီတကြိမ် မင်းတို့တွေက သေမင်းတမန်တာဝန်ကို ရင်ဆိုင်ကြရမယ်..။ ဒါကြောင့် ငါက အသေးစိတ်ကို အရင်ဆုံး ပြောပြမယ်... ။ အဲဒါပြီးရင်တော့ မင်းတို့ပြင်ဆင်ဖို့ (၁၅)မိနစ်အချိန်ရမယ်... "
မုန့်ချီနှင့် တခြားလူများက သက်ပြင်းချလိုက်မိကြသည်။ ထိုသို့ဆိုလျှင် သူတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကူညီပေးနိုင်သော ပစ္စည်းများကို လဲလှယ်၍ ရနိုင်သေးသည်။
သံသရာအရှင်သခင်က တည်ငြိမ်စွာ ပြောလိုက်၏။
"ပိဋကတ်တော်တွေ ပင့်ဆောင်ဖို့အတွက် ထန်အင်ပါယာမှာရှိတဲ့ ဘုန်းတော်ကြီးရွှမ်ကျန့်က အနောက်ဘက်ကို ခရီးသွားခဲ့တယ်... ။ မဟာတန်ခိုးရှင် စွန်းဝူခုံး ၊ ကောင်းကင်စစ်သူကြီးကျူးဝူနမ် ၊ တပ်မှူး ရှားဝူကျင်းနဲ့ နဂါးဘုရင်ရဲ့တတိယသား အိုက်လီတို့ရဲ့အကာအကွယ်နဲ့ သူတို့က လမ်းတလျှောက်မှာ နတ်ဆိုးတွေများစွာကို သတ်ပစ်နိုင်ခဲ့တယ်... ။ သူတို့က စိန်ခေါ်မှုများစွာကို အောင်နိုင်ပြီး နောက်ဆုံးမှာတော့ အထွဋ်အမြတ်တောင်ထိပ်ပေါ်ကို ရောက်ရှိသွားခဲ့တယ်... ။ အဲဒီနေရာမှာ သူတို့ရဲ့ကြိုးစားမှုတွေကြောင့် ဗုဒ္ဓအဆင့်ကို ရောက်ရှိခဲ့ကြတယ်... ။ ဒါက အနောက်သို့ခရီးသွားခြင်း ဇာတ်လမ်းတစ်ပုဒ်ပဲ…"
မုန့်ချီက အလွန်အံ့သြသွားခဲ့ပြီး ပျော်ရွှင်မှုနှင့် ထိတ်လန့်မှုများ ပြည့်နှံ့နေသည်။ သူက အလွန်ရင်းနှီးနေသော ကမ္ဘာကြီးတစ်ခုကို သံသရာကမ္ဘာထဲတွင် တွေ့ဆုံရတော့မည် ဖြစ်သည့်အတွက် အလွန်ဝမ်းသာနေခြင်း ဖြစ်၏။ သို့သော် သူကိုယ်တိုင် ပါဝင်ရတော့မည် ဖြစ်သည့်အတွက် အလွန်ထိတ်လန့်သွားခြင်း ဖြစ်သည်။ သူတို့၏အစွမ်းအရ ဓားစားခံများဖြစ်ရန်ပင် အဆင့်မရှိပေ။ မဟာတန်ခိုးရှင်စွန်းဝူခုံးက ဓမ္မကာရအဆင့်ရှိနေပြီး သာမန်ဓမ္မကာရအဆင့် မဟုတ်ချေ။
"အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်လား... "
"အခုပေးအပ်မယ့်တာဝန်ကတော့ အနောက်သို့ ခရီးသွားပြီး နှစ်ပေါင်း (၈၀၀)အကြာမှာ ဖြစ်လာတာ..။ အဲဒီအချိန်မှာ နတ်ဆိုးတွေက ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်စီးနေတယ်.."
မုန့်ချီက အနည်းငယ် မျက်နှာပျက်သွားခဲ့၏။
Translated by Hein Htet