အခန်း (၂၃၉)
Vol. 16 Ch. 239
မုန့်ချီက ခံစားချက်များ ရောထွေးနေသည့်အချိန်တွင် သံသရာ အရှင်သခင်က ရပ်တန့်နေခြင်း မရှိဘဲ ဆက်ပြောလိုက်သည်။
"ပင်မတာဝန် - အသက်ရှင်သန်ခြင်း ..
တကယ်လို့ မင်းတို့ကသာ (၈)ရက်မြောက်နေ့ထိ အသက်ရှင်နေဦးမယ်ဆိုရင် ပြန်လာလို့ရပြီ ...။ အသက်ရှင်နေသူတစ်ယောက်ချင်းဆီတိုင်းက ကံကြမ္မာအမှတ် (၁၀၀၀)ဆီ ရမယ်..။ ဒီတာဝန်မှာ ဘာသုံးသပ်ချက်မှ မရှိဘူး။ အသက်ရှင်နေသူ တစ်ယောက်ချင်းဆီတိုင်းက ပြန်လည်ဝင်စားခြင်းတံဆိပ်တစ်ခုဆီရမယ် ...."
"ပြန်လည်ဝင်စားခြင်း တံဆိပ်လား ..."
ထိုအရာက မုန့်ချီ အကြိမ်ကြိမ်စဉ်းစားနေခဲ့သော အရာတစ်ခုဖြစ်သည်။ ထိုအရာရှိနေလျှင် သူက ကျန်းဝူအင်ပါယာ၏ ပထမဆုံးသီးခြားတာဝန်ကို စတင်နိုင်မည်ဖြစ်သည်။
“သေမင်းတမန်တာဝန်ရဲ့ ဆုလာဘ်တွေက တကယ်ကို များတာပဲ ..”
သူက ချီးကျူးနေမိသည်။ သို့သော် ဆုကြေးများလေလေ အန္တရာယ် ပိုများလေလေဖြစ်၏။
"အနောက်သို့ ခရီးသွားခြင်းလား ...."
ကျန်းကျိဝေက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
မုန့်ချီက အံ့ဩသွားခဲ့၏။
"ကျိဝေ… နင်က အနောက်သို့ ခရီးသွားခြင်း အကြောင်းကြားခဲ့ဖူးလို့လား ...."
"မကြားဖူးပါဘူး..."
ကျန်းကျိဝေက ခေါင်းခါပြလိုက်ပြီး ထူးဆန်းသည့်အရာတစ်ခုမျှမသိခဲ့ပေ။
“သံသရာ အရှင်သခင်က အနောက်သို့ ခရီးသွားခြင်း အကြောင်း ဘာလို့ပြောခဲ့လဲဆိုတာ ဇဝေဇဝါ ဖြစ်နေတာ ..။ အဲဒါလွန်ခဲ့တဲ့ နှစ်ပေါင်း(၈၀၀)လောက်က ဖြစ်ခဲ့တာလေ..။ အခု ငါတို့ လုပ်မယ့်တာဝန်နဲ့ ဘာမှ မသက်ဆိုင်ဘူး ...."
ကျန်းယွင်ရှန်က ခေါင်းညိတ်ပြလိုက်၏။
"ငါလည်း လက်ခံတယ် .။ ပုံမှန်အားဖြင့် အချက်အလက်တွေက ပင်မတာဝန်နဲ့ပဲ ပတ်သက်နေတာ..။ ဒီတစ်ကြိမ် ရှင်သန်ရေးတာဝန်မှာတော့ ကမ္ဘာကြီးတစ်ခုလုံး နတ်ဆိုးတွေ လွှမ်းမိုးထားတယ်လို့ပဲ ဖော်ပြထားတယ် ...။လွန်ခဲ့တဲ့ နှစ်ပေါင်း(၈၀၀)လောက်မှာ ဖြစ်ခဲ့တဲ့ အနောက်သို့ ခရီးသွားခြင်း အကြောင်းကို ပြောပြဖို့မှ မလိုအပ်တာ ..”
“ကြည့်ရတာ အနောက်သို့ ခရီးသွားခြင်းထဲက တစ်ခုခုက သီးခြားတာဝန်တွေ အဖြစ် ပတ်သက်နေတာ ဖြစ်နိုင်တယ်..."
အတွေ့အကြုံ အရှိဆုံးဖြစ်သော လော်ရှန်းကျိက စဉ်းစားနေရင်း ပြောလိုက်သည်။ သူတို့က အနောက်သို့ ခရီးသွားခြင်း အကြောင်းကို မသိခဲ့ကြသလို လက်ရှိ ပင်မတာဝန်ကလည်း အနောက်သို့ ခရီးသွားခြင်းနှင့် သက်ဆိုင်မှု မရှိချေ။
မုန့်ချီက အသံတိုးတိုးနှင့် သတိပေးလိုက်၏။
"ငါတို့မှာ (၁၅) မိနစ်ပဲ အချိန်ရတယ် ...။ ဒါကြောင့် မြန်မြန် ပြင်ဆင်ကြတာပေါ့ ...."
သူတို့ စဉ်းစားနေရန် မလိုဘဲ နတ်ဆိုးများက ကမ္ဘာကြီးကို သိမ်းပိုက်ထားသည့်အတွက် သူတို့ အသက်ရှင်ခွင့်ရရန် နတ်ဆိုးများ အားလုံးကို သတ်ပစ်ရမည်ဖြစ်သည်။ သူတို့က ခေါင်းညိတ်ပြခဲ့ပြီး အရင်တစ်နှစ်အတွင်း သူတို့ ရရှိခဲ့သော အရာများကို ကံကြမ္မာအမှတ်များနှင့်လဲရန် အလယ်တွင် ရှိခဲ့သော အလင်းတိုင်လုံးဆီသို့ လျှောက်လာခဲ့သည်။
ခါးပတ်အဖြစ် ပြောင်းလဲထားသော ခရမ်းသေမင်းဓားအပြင် မုန့်ချီဆီ၌ တစ္ဆေအရိပ်ဓား၊ မကောင်းဆိုးဝါး နတ်ဘုရား မျက်လုံးနှင့် ယဲ့တူတွင် ဓားမောက်သိုင်းပညာ လေ့ကျင့်ရန် ဝယ်ထားခဲ့သော သိုင်းကျမ်းများစွာ ရှိနေသည်။ ထိုအရာများ အားလုံး ရရှိရန်အတွက် သူက မြေစာချုပ် (၂) ခုကိုပင် ရောင်းခဲ့ရ၏။ တစ်ခုက မြစ်အရှေ့ပိုင်းမှဖြစ်ပြီး တစ်ခုကတော့ လော့ရန်မှဖြစ်သည်။
တခြားသော သူ၏အဖော်များကလည်း ကောင်းမွန်သောအရာများ ရှာဖွေနိုင်ကြသည်။ ဥပမာအနေနှင့် ပြောရလျှင် ကျန်းကျိဝေ၏လက်ထဲတွင် သန့်စင်လက်နက်နှစ်ခု နှင့် ရွှေလည်း မဟုတ် သစ်သားလည်း မဟုတ်သော နှလုံးပုံစံ အရာဝတ္ထုတစ်ခု ကိုင်ထားသည်။
"အဲဒါက ဘာကြီးလဲ ကျိဝေ ...”
မုန့်ချီက စိတ်ဝင်တစားမေးလိုက်၏။
ကျန်းကျိဝေက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"နှလုံးမဲ့ တိုက်ခိုက်သူရဲ့ နှလုံးသားလေ ...."
မုန့်ချီက အံ့ဩနေသည်ကို သတိထားမိသည့်အခါ သူမက ရှင်းပြလိုက်သည်။
“ရနံ့မီးဖို အဖွဲ့အစည်းက သိုင်းပညာတွေကို ပေါင်းစပ်တဲ့နေရာမှာ အရမ်းထူးခြားတယ်။ အင်မော်တယ် လမ်းစဉ် ၊ နတ်ဆိုး လမ်းစဉ် ၊ ဗုဒ္ဓလမ်းစဉ်နဲ့ ရှေးဟောင်း စုန်းပညာတွေကို ပေါင်းစပ်နိုင်ကြတယ် .။ ဒါက လျှို့ဝှက်ချက်ပဲ ။ နှလုံးမဲ့ တိုက်ခိုက်သူက နှလုံး မရှိဘူးလို့ လူသိများပေမယ့် သူ့ရဲ့နှလုံးသားကို နတ်ဘုရား ပစ္စည်းတစ်ခု အဖြစ် ထုဆစ်ထားတယ် ..။ အဲဒါက သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်သွားလာနေနိုင်တယ်..။သူ့ရဲ့ နှလုံးကိုသာ ထုတ်မလာဘူးဆိုရင် နှလုံးမဲ့ တိုက်ခိုက်သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရမယ်ဆိုရင်တောင် လုံးဝမသေနိုင်ဘူး ..."
ကျန်းကျိဝေက စကားပြောနေရင်း နှလုံးမဲ့ တိုက်ခိုက်သူရဲ့ နှလုံးကို ကံကြမ္မာအမှတ်နှင့် လဲလိုက်သည်။ ထိုအရာက ကံကြမ္မာအမှတ် (၆၀၀)ရသည့်အတွက် မုန့်ချီကပင် အားကျသွားခဲ့၏။ သန့်စင်လက်နက်(၂)ခုကို လဲလိုက်ပြီးနောက် သူမဆီတွင် စုစုပေါင်း ကံကြမ္မာ အမှတ် (၉၂၀) ရှိနေသည်။
မုန့်ချီက စကားပြောရန် ပြင်လိုက်စဉ် ရွမ်ယုရှုက သိုင်းကျမ်းပေါင်းများစွာနှင့် သန့်စင်လက်နက်ကဲ့သို့သော ပစ္စည်းများကို တစ်ခုပြီး တစ်ခုထုတ်လိုက်သည်။ ထိုအရာက မှော်ပြပွဲတစ်ခုပမာ ထင်မှတ်ရ၏။
"တော်တော်များတာပဲ..”
မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့၏။
ဆံနွယ်လေးများက ပုခုံးပေါ်သို့ ကျနေသော ရွမ်ယုရှုက ခေါင်းမော့၍ ပြောလိုက်သည်။
"ဒါက ငါ့ကိုပေးတဲ့ လက်ဆောင်တွေကို စုထားတာ ..."
ထိုအရာက အဆင့်မြင့်ပစ္စည်းဖြစ်ပြီး စုစုပေါင်း ကံကြမ္မာ အမှတ် (၁၃၀၀) တန်ကြေးရှိသည်။
"တကယ့်ကို စိတ်ရှုပ်စရာကောင်းတဲ့ လူချမ်းသာ သူဌေးသားတွေပဲ ..."
မုန့်ချီက ရင်ထဲတွင် ကျိန်ဆဲလိုက်မိသည်။
ကျန်းယွင်ရှန်က တောင်ပေါ်မှ ဆင်းလာပြီး သေချာ ဂရုတစိုက် စုဆောင်းခဲ့သည့်အတွက် ကံကြမ္မာအမှတ် (၈၃၀) ရှိနေသည်။ ဖူကျန်းကျန်းကလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့၏။ သူမဆီတွင် ဉာဏ် အလင်းပွင့်မှုအဆင့် သိုင်းကျမ်းအနည်းငယ်လေးသာ ရှိသော်လည်း သူမက ဆေးပညာကို သိနေပြီး အဆိပ်ကို မည်သို့ ဖန်တီးရမည်ဖြစ်ကြောင်း သိနေသည်။
ဤတာဝန်တွင် သူတို့၏ ရန်သူများက နတ်ဆိုးများဖြစ်သည့်အတွက် အဆိပ်များက အသုံးမဝင်နိုင်ပေ။ ထို့ကြောင့် သူမက ထိုအရာများ အားလုံးကို သံသရာ အရှင်သခင်ဆီသို့ ပေးလိုက်ရာ ကံကြမ္မာ အမှတ်(၈၉၀)ရခဲ့ပြီး ကျန်းယွင်ရှန်ထက်ပင် ပို၍များပြားသည်။
လော်ရှန်းကျိကတော့ အရင်နှစ်အတွင်း တံခါး (၉)ပေါက်ဖွင့်ရန် အချိန်ပေးခဲ့ရသည်။ အဆိုးဆုံးအရာကတော့ သူက တကိုယ်တော် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်အတွက် ကံကြမ္မာအမှတ် (၆၁၀)သာ ရခဲ့၏။
ကီဟွေအန်ဆီတွင်တော့ ကံကြမ္မာအမှတ် (၄၃၀) ရသည်။ ယဲ့တူ၏ အခြေအနေနှင့် မုန့်ချီ၏ကူညီပေးမှုကြောင့် ချီကျန်းရန်ကတော့ ကံကြမ္မာ အမှတ်(၆၅၀) ရှိနေသေးသည်။
မုန့်ချီက မကောင်းဆိုးဝါး နတ်ဘုရားမျက်လုံးကို ချန်ထားပြီး တစ္ဆေအရိပ်ဓားနှင့် တခြားသော သိုင်းကျမ်းများကို အလင်းတိုင်လုံးထဲသို့ ပစ်ထည့်လိုက်သည်။ သူက ကံကြမ္မာ အမှတ်(၆၇၀) ရခဲ့၏။
ထို့နောက် သူက မကောင်းဆိုးဝါးနတ်ဘုရား မျက်လုံးကို အလင်းတိုင်လုံးထဲသို့ထည့်ပြီး စစ်ဆေးကြည့်လိုက်သည်။ သူက ယဲ့တူတွင် ရှိနေသော ရတနာစံအိမ်ကဲ့သို့သော နေရာမျိုးတွင် မကောင်းဆိုးဝါး နတ်ဘုရား မျက်လုံး၏ အသုံးဝင်မှုကို စစ်ဆေးရန် စဉ်းစားထားခဲ့သည်။ သူက သံသရာ အရှင်သခင်၏ အကူအညီ မရှိဘဲ အသုံးဝင်သော လက်နက်များကို ဖန်တီးနိုင်ခြင်း ရှိမရှိ သိချင်နေသည်။
သို့သော် သူကတော့ တစ်နှစ်ပတ်လုံး နှစ်ဝက်ခန့် လေ့ကျင့်နေရပြီး ချီကျန်းရန်က သူ၏ ရတနာစာရွက်များကို ငွေတိုက်စာရွက်များနှင့် လဲလှယ်ပေးခဲ့ရသည်။ ထို့ပြင်သူက ယဲ့တူတွင် အလွန် နာမည်ကျော်ကြားနေခဲ့၏။ အကယ်၍ သူသာ မကောင်းဆိုးဝါး နတ်ဘုရားမျက်လုံးကို ထုတ်လိုက်မည်ဆိုရင် လူကြီးလူကောင်းဓားနှင့် အလွယ်တကူ ဆက်စပ်မိသွားကြပါလိမ့်မည်။ ထို့ကြောင့် သူက အချိန်ကောင်းကို စောင့်နေခြင်း ဖြစ်သည်။ ယနေ့က အချိန်ကောင်းဖြစ်၏။
“မကောင်းဆိုးဝါး ဝိညာဉ် မျက်လုံးက မကောင်းဆိုးဝါး ကိုယ်ပွားကနေ ဖြစ်ပေါ်လာတယ်....။ အဲဒါက သူတော်စင်အဆင့်ကို မရောက်သေးဘူး .။ တော်တော်လေး အဖိုးတန်တယ်..။ ပြီးတော့ မျက်ခုံးကြားထဲမှာ ဒေါင်လိုက်မျက်လုံး ဖြစ်လာဖို့အတွက် ထုဆစ်နိုင်တယ် ..။ အဲဒါက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပြီး စိတ်ဝိညာဉ် ဖျက်ဆီးရေး အလင်းတန်းတွေကို အသုံးပြုနိုင်တယ်..။ ဒါပေမယ့် မကောင်းဆိုးဝါး ချီစွမ်းအင်တွေက ဦးနှောက်ထဲကို ကျူးကျော်နိုင်ပြီး ပင်မဝိညာဉ်ကို ဒဏ်ရာရစေနိုင်တယ် ...။ ရလာဒ်အနေနဲ့ အသုံးပြုသူက မကြာခဏ ခေါင်းကိုက်တတ်တယ် .။ အလွန်အကျွံသုံးလိုက်မိရင် ရက်စက်ကြမ်းကြုတ်လာလိမ့်မယ်..”
“တခြားပစ္စည်းတွေနဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့ နတ်ဘုရားသတ်မျက်လုံးအဖြစ် ပြောင်းလဲနိုင်မယ် .။ အဲဒါက ပင်မဝိညာဉ်ကို တိုက်ခိုက်ဖို့အတွက် အသုံးပြုနိုင်တယ် ။ ကံကြမ္မာအမှတ်(၅၆၀)နဲ့ ဝေ့ကျင်းတစ်ဝက်အဆင့် စွမ်းအားမျိုးကို ရနိုင်မယ် ...."
မုန့်ချီက ပင့်သက်ရှိုက်ပြီး စဉ်းစားနေခဲ့သည်။
သူကတော့ ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက်မဖြစ်ချင်ပေ။ သူက နတ်ဘုရားသတ်မျက်လုံးကို ထုဆစ်ရမလား ...။ ကံကြမ္မာအမှတ်များနှင့် လဲရမလား စဉ်းစားနေခဲ့၏။
“နတ်ဆိုးတွေနဲ့ တိုက်ခိုက်ရတဲ့အချိန်မှာ ပင်မဝိညာဉ်တိုက်ခိုက်မှုက သေချာပေါက် အသုံးဝင်နိုင်တယ်..။ ပြီးတော့ အဲဒီအရာက ဝေ့ကျင်းတစ်ဝက်အဆင့် စွမ်းအားမျိုးရှိတယ်…”
မုန့်ချီက ဆက်စပ်သော အချက်အလက်များကို ရှာဖွေရန် အတွက် ကံကြမ္မာ အမှတ် (၁၀)မှတ်ပေးလိုက်သည်။
“သူက စိတ်ဝိညာဉ်ဆုံးရှုံးခြင်းသစ်သားနှင့် နေမင်းမျက်ဆိုင် ဆေးပင်ပဲလိုတာ . ။ သူတို့က ကံကြမ္မာအမှတ်(၉၀)ပဲ ကုန်တယ် ..."
ဆက်စပ်နေသော ပစ္စည်းများက ဈေးချိုနေမည်ဟု မုန့်ချီလည်း မထင်ထားခဲ့ပေ။ သို့သော် အဓိကပစ္စည်းက မကောင်းဆိုးဝါး ဝိညာဉ်မျက်လုံးဖြစ်ကြောင်း တွေ့လိုက်ရသည့်အတွက် လျင်မြန်စွာ စိတ်အေးသွားခဲ့သည်။
"တကယ်လို့ မင်းက နတ်ဘုရားသတ်မျက်လုံးကို ထုဆစ်ချင်တယ်ဆိုရင် ကံကြမ္မာအမှတ်(၂၃၀)ထပ်ပေးရမယ် ...'
ကုန်ကျမည့် ကံကြမ္မာအမှတ်ကို မြင်သည့်အခါ မုန့်ချီက ပို၍ တွေဝေနေခဲ့၏။ ထို့ပြင် တစ်ခုရှိသည်မှာ သူက စေတီလေးတွင် အချိန်တော်တော်ကြာ လေ့ကျင့်ခဲ့သည့်အတွက် မကောင်းဆိုးဝါး ချီစွမ်းအင်များကို ဆန့်ကျင်နိုင်သည့်စွမ်းရည် ရှိသည်။ ထို့ကြောင့် မည်သည့်အရာမျှ ပြင်ဆင်ထားရန် မလိုအပ်ပေ။ ထို့ပြင် ဖူကျန်းကျန်းက ကုသရေးအတွက် တာဝန်ယူနိုင်သည်။ ထို့ကြောင့် သူက မည်သည့်ဆေးရည်ကိုမျှ လဲလှယ်ရန် မလိုတော့ပေ။
သို့သော် သူက စွမ်းအားပြန်ဖြည့်ဆေး တစ်လုံးတော့ လိုချင်နေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာက သေမင်းတမန်တာဝန်တွင် အသက်အပို ရှိနေခြင်းနှင့် ညီမျှ၏။ ထို့ကြောင့် သူ၏ ကံကြမ္မာအမှတ်များက မလုံလောက်တော့ပေ။
"ငါက ကံကြမ္မာအမှတ်(၁၆၀)လိုသေးတယ်..."
မုန့်ချီက နတ်ဘုရားသတ်မျက်လုံးကို လက်လျော့ရန် ဆုံးဖြတ်လိုက်၏။ သူ့ဆီတွင် ခရမ်းသေမင်းဓားနှင့် မိုးကြိုးအမှတ်အသား ရှိနေသေးသည်မှာကံကောင်းသွား၏။
"ကံကြမ္မာအမှတ် မလောက်တော့ဘူးလား...."
မုန့်ချီက တွေဝေနေသည်ကိုမြင်သည့်အခါ ကျန်းကျိဝေက အပြုံးနှင့် မေးလိုက်သည်။
မုန့်ချီက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်၏။ သို့သော် သူက မတောင်းဆိုခဲ့ပေ။ ယခင်အခြေအနေများနှင့် မတူဘဲ ယခုတစ်ကြိမ် သူလိုအပ်သည့်ပမာဏက အလွန်များပြားနေ၏။
"ဘယ်လောက်လိုတာလဲ..."
ကျန်းကျိဝေက အပြုံးနှင့်မေးလိုက်သည်။
သူမ၏အကြည့်ကို ခံစားမိသည့်အခါ မုန့်ချီက ပင့်သက်ရှိုက်လိုက်မိသည်။
"ကံကြမ္မာအမှတ်(၁၆၀)...”
“ငါက စွမ်းအားပြန်ဖြည့်ဆေးတစ်လုံးပဲလိုတာ..။ တစ်ခြားအရာတွေကိုတော့ ငါက ဖူကျန်းကျန်းကိုကူညီပေးနိုင်တယ်...။ ဒါကြောင့် ကျန်တဲ့ကံကြမ္မာအမှတ်ကို နင့်ဆီချေးပေးလို့ရတယ်..."
ကျန်းကျိဝေက ရပ်လိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်ပုံပေါ်သည်။
သူမက ကျယ်လောင်စွာ ပြောလိုက်၏။
"သေမင်းတမန်တာဝန်နဲ့ပတ်သက်ပြီး ငါ့မှာအကြံတစ်ခုရှိတယ်...."
"ဘာအကြံလဲ..."
တစ်ခြားသူများကတော့ သူတို့လိုချင်သည့်အရာများကိုလဲရန် စဉ်းစားနေကြသည်။ ထိုစကားကို ကြားသည့်အခါ သူတို့အားလုံးက ကျန်းကျိဝေကို လှည့်ကြည့်လိုက်ကြ၏။
ကျန်းကျိဝေက ပြတ်သားစွာ ပြောလိုက်သည်။
"နတ်ဆိုးတွေက လူသားကမ္ဘာကြီးကို ဖျက်ဆီးနေတယ်...။ သူတို့တွေထဲမှာ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တွေနဲ့ ဝေ့ကျင်းအဆင့်ပညာရှင်တွေ အများကြီးလည်းပါတယ်...။ ငါတို့တစ်ယောက်ချင်းဆီမှာ ကံကြမ္မာအမှတ်တွေ ကန့်သတ်ချက်ရှိတယ်...။ ငါတို့သာ တစ်ယောက်ချင်းဆီ ပစ္စည်းတွေကို လဲမယ်ဆိုရင် ထူးခြားပြီး အကျိုးသက်ရောက်မှုရှိတဲ့ ပစ္စည်းတွေရမှာ မဟုတ်ဘူး....။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စွမ်းအားပြန်ဖြည့်ဆေးတစ်လုံးဆီ အရင်ဆုံး လဲသင့်တယ်…”
“ပြီးရင်တော့ ကျန်တဲ့ကံကြမ္မာအမှတ်တွေ အားလုံးကိုပေါင်းပြီး နတ်ဆိုးတွေကို ဖိနှိပ်နိုင်တဲ့ အဖိုးတန်လက်နက်(၂)ခု၊ (၃)ခုလောက် လဲရမယ်။ စွမ်းအားပြန်ဖြည့်ဆေး မတတ်နိုင်တဲ့သူကိုတော့ ငါ ကူညီပေးမယ်…”
သေမင်းတမန်တာဝန်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူမက အလွန်ရက်ရောနေခဲ့သည်။
“ငါ့ဆီမှာတော ငှားထားခဲ့တဲ့အဖိုးတန်လက်နက်တစ်ခုရှိတယ်…”
မုန့်ချီကတော့ မလိုအပ်သော လဲလှယ်မှုများကို ရှောင်ရှားချင်နေသည်။ သူလည်း ကျန်းကျိဝေ၏အတွေးကို လုံးဝထောက်ခံနေ၏။ သေမင်းတမန်တာဝန်တွင် ဒဏ်ရာရအောင် လုပ်နိုင်ခြင်းထက် သေအောင် သတ်နိုင်ခြင်းက ပိုကောင်းသည်။
“အဖိုးတန်လက်နက်တစ်ခု ငှားခဲ့တာလား။ တစ်ခြားသူရဲ့အဖိုးတန်လက်နက်လား…”
လော်ရှန်းကျိက မုန့်ချီကိုကြည့်လိုက်သည်။
“သူက တကယ်ပဲ အဖိုးတန်လက်နက်တစ်ခုကို ငှားနိုင်ခဲ့တာပဲ…”
စဉ်းစားလိုက်ပြီးနောက် သူက ပြောလိုက်၏။
“ငါသဘောတူတယ်…”
သူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် စွမ်းအင်ပြန်ဖြည့်ဆေးတစ်လုံးလဲရန် စဉ်းစားထားခဲ့၏။ ထို့ကြောင့် သူ့ဆီတွင် ကံကြမ္မာအမှတ်(၁၀၀)သာ ကျန်တော့သည်။ ထိုအရာနှင့်ဆိုလျှင် အများဆုံးနတ်ဆိုးရနံ့ကို ဖိနှိပ်နိုင်သည့်ပစ္စည်းတစ်ခုသာ ရနိုင်သည်။ တံခါး(၉)ပေါက်အဆင့်ရှိနေသည့် သူ့အစွမ်းကြောင့် ထိုအရာကလည်း အသုံးမဝင်နိုင်ပေ။
စွမ်းအားပြန်ဖြည့်ဆေးပင် မတတ်နိုင်သော ကီဟွေအန်ကလည်း သဘောတူလိုက်၏။
ကျန်းယွင်ရှန်က အလွန်တည်ငြိမ်ပြီး သူ့ဆီတွင်လည်း အကြံဉာဏ်တစ်ခုရှိသည်။ သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။
“အဲဒါက အကောင်းဆုံးနည်းလမ်းပဲ။ ငါတို့လဲမယ့်ပစ္စည်းတွေကို မိန်းကလေးရွမ်နဲ့ ကျန်းကျန်းတို့ဆီ ပေးထားသင့်တယ်။ ပထမဆုံးအချက် သူတို့(၂)ယောက်လုံးက အတွေ့အကြုံအရမ်းနည်းတယ်။ ဒုတိယအချက်ကတော့ သူတို့ရဲ့ကံကြမ္မာအမှတ်တွေက အများဆုံးပဲ…”
သူတို့ဆီတွင် ကိုယ်ပိုင်စိတ်ဝင်စားမှုများ ရှိနေသော်လည်း သူ့စကားက ကျိုးကြောင်းဆီလျော်သည်။ မုန့်ချီ၊ကျန်းကျိဝေနှင့် သူကိုယ်တိုင်ကတော့ နတ်ဆိုးများကို ဖိနှိပ်နိုင်သောပစ္စည်းများ ရှိနေလျှင်ပင် ထိုပစ္စည်းများကို အသုံးမပြုနိုင်ကြပေ။
ထို့ပြင် ရွမ်ယုရှုဆီတွင် ကံကြမ္မာအမှတ်(၁၀၀၀)ကျော်ရှိ၏။ အကယ်၍ သူမကိုသာ ပစ္စည်းမပေးလျှင် သူမက မည်သို့တွေးနိုင်မည်နည်း။
ဖူကျန်းကျန်းကတော့ သူတို့၏ကုသမှုနှင့် ဆေးရည်များကို တာဝန်ယူထားလိုက်ရသည်။ ထို့ကြောင့် သူမကလည်း ပို၍များပြားသော ကံကြမ္မာအမှတ်များကို သုံးသင့်၏။ ထို့ကြောင့် သူမဆီတွင်တော့ အခွင့်အရေးတစ်ခုရှိသည်။
“ငါလည်း အဲဒီလိုပဲစဉ်းစားထားတယ်..”
မုန့်ချီက သဘောတူလိုက်၏။
ကျန်းကျိဝေကလည်း ခေါင်းညိတ်ပြလိုက်၏။
“အဲဒါအဓိပ္ပာယ်ရှိတယ်…”
တစ်ခြားသူများက ဆန့်ကျင်မနေသည့်အတွက် ရွမ်ယုရှုကလည်း အေးစက်စွာ ပြောလိုက်၏။
“ကောင်းပြီလေ…”
မုန့်ချီက မကောင်းဆိုးဝါးနတ်ဘုရားမျက်လုံးကို အလျင်အမြန် လဲလှယ်ခဲ့ခြင်း မရှိချေ။ သူက စွမ်းအင်ပြန်ဖြည့်ဆေးတစ်လုံး လဲလိုက်ပြီးနောက် ကံကြမ္မာအမှတ်များကို ရွမ်ယုရှုဆီသို့ ပို့ပေးလိုက်၏။ အဆုံးတွင်တော့ သူတို့အားလုံးဆီ၌ ကံကြမ္မာအမှတ်(၂၃၄၁)မှတ် ရှိနေသည်။
သူတို့က မှတ်တမ်းကို လျင်မြန်စွာ စစ်ဆေးကြည့်လိုက်ရာ နတ်ဆိုးများကို ဖိနှိပ်နိုင်သော ပစ္စည်း(၂)မျိုး၊ (၃)မျိုးတွေ့ခဲ့သည်။ အချိန်က စောင့်မနေသည့်အတွက် သူတို့က လျင်မြန်စွာ ဆုံးဖြတ်ချက်ချခဲ့၏။
“နတ်ဆိုးထုတ်ဖော်ကြေးမုံ….
နတ်ဆိုးထုတ်ဖော်ကြေးမုံက ရှေးဟောင်းမှော်လက်နက်တစ်ခုကို တုပပြီး ဖန်တီးထားတဲ့ အဖိုးတန်လက်နက်တစ်ခုပဲ။ သူ့ရဲ့အကျိုးသက်ရောက်မှုက ဝေ့ကျင်းအဆင့်ကို မရောက်သေးတဲ့ နတ်ဆိုးတွေအားလုံးက မူလရုပ်ရည်ပေါ်လာပြီး သူတို့ရဲ့စွမ်းအားတွေ ဆုံးရှုံးသွားရလိမ့်မယ်။ ဝေ့ကျင်းအဆင့်နတ်ဆိုးတွေကတော့ တစ်စက္ကန့်ကနေ သုံးစက္ကန့်လောက်ထိ သူတို့ရဲ့စွမ်းအားကို ဆုံးရှုံးသွားနိုင်တယ်။ ကံကြမ္မာအမှတ်(၁၂၀၀) အသုံးပြုရပြီး (၃)ကြိမ်တိတိ အသုံးပြုနိုင်တယ်…”
“နတ်ဆိုးသတ်မြား …၊ အဖိုးတန်လက်နက်တစ်ခု အဲဒီအရာက နတ်ဆိုးရနံ့ကို ဖျက်ဆီးနိုင်ပြီး ဝေ့ကျင်းအဆင့် နတ်ဆိုးတွေရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တယ်။ ဝေ့ကျင်းတစ်ဝက်အဆင့်အောက် နတ်ဆိုးတွေဆိုရင်တော့ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားစေနိုင်တယ်။ တစ်ခြားနတ်ဆိုးတွေက အသတ်ခံရနိုင်တယ်။ ကံကြမ္မာအမှတ်(၉၀၀) လိုအပ်ပြီး တစ်ကြိမ်ပဲ အသုံးပြုနိုင်တယ်…”
စုစုပေါင်းကံကြမ္မာအမှတ်(၂၄၁)မှတ် ကျန်နေသေးသည်။ မုန့်ချီက နတ်ဘုရားသတ်မျက်လုံးအတွက် ကံကြမ္မာအမှတ်(၇၉)မှတ် လိုနေသေးသည်။ မုန့်ချီက သူပိုင်ဆိုင်ထားသောဆေးများ၊ ဓားပျံများကို လဲလိုက်သည်။ ကျန်းကျိဝေ၊ ကျန်းယွင်ရှန်၊ ဖူကျန်းကျန်း၊ ချီကျန်းရန်နှင့် ရွမ်ယုရှုတို့ကလည်း အနည်းငယ်ဆီ မျှပေးလိုက်၏။
နောက်ဆုံးတွင်တော့မုန့်ချီက ကံကြမ္မာအမှတ် အလုံအလောက်ရခဲ့သည်။ မဟုတ်လျှင်သူက အရှုံးမဲ့ပိုက်ကွန်နှင့် ဖယောင်းတိုင်တို့ကိုသာ လဲလှယ်နိုင်ပါလိမ့်မည်။
အလင်းတိုင်လုံး၏ ပတ်ပတ်လည်တွင် အငွေ့များ လွှမ်းခြုံနေ၏။ မုန့်ချီ၏လက်ထဲတွင် မကောင်းဆိုးဝါးမျက်လုံတစ်လုံး ပေါ်လာသည်။ ထိုမျက်လုံးက အနက်ရောင်ဖြစ်ပြီး အစိမ်းရောင်လည်ဆွဲလေးတစ်ခုထဲတွင် ထည့်ထားခြင်းဖြစ်သည်။ သူ့ဆီတွင် ခရမ်းသေမင်းဓား ရှိနေသည့်အတွက် သူက နတ်ဘုရားသတ်မျက်လုံးကို ကီဟွေအန်၏လက်ထဲသို့ ထည့်ပေးလိုက်၏။
ဖူကျန်းကျန်းက နတ်ဘုရားထုတ်ဖော်ကြေးမုံကိုရခဲ့ပြီး ရွမ်ယုရှုက နတ်ဘုရားသတ်မြားကို ကိုင်ထားသည်။ လဲလှယ်လိုက်ပြီးနောက် သူတို့ဆီတွင် အချိန်များများ မကျန်တော့ပေ။ သူတို့အားလုံးက တာဝန်စတင်မည့်အချိန်ကို တိတ်တဆိတ်စောင့်နေကြ၏။
အလင်းတိုင်လုံးက မှေးမှိန်သွားခဲ့သည်။ သူတို့၏မျက်လုံးများကလည်း ခဏကြာဝေဝါးသွားပြီးနောက် နေရာသစ်တစ်ခုကို ရောက်လာခဲ့၏။
သူတို့က ပျက်စီးနေသော ကြမ်းပြင်နှင့် လေ့ကျင့်ရေးခန်းမတစ်ခုထဲတွင် ရှိနေသည်။ အခန်းထဲတွင် မြက်ပင်များ ပြည့်နှက်နေပြီး ရွှေရောင်ရုပ်ပွားတော်ကြီးတစ်ခုက အပိုင်းပိုင်းအစစ ပျက်စီးနေသည်။ ဦးခေါင်းကလည်း မြေပေါ်သို့ ပြုတ်ကျနေပြီး မုန့်ချီတို့ကို ဂရုဏာသက်စွာ ကြည့်နေခဲ့၏။
…………….
(၃၃)ခုမြောက်ကောင်းကင်ဘုံ၏အထက်တွင် အင်မော်တယ်ကမ္ဘာကြီးတစ်ခု ရှိသည်။ ထိုနေရာတွင် နတ်ဘုရားငှက်များ ပျံသန်းနေပြီး နတ်ဘုရားရေတံခွန်များရှိ၏။ နတ်ဘုရားမြက်ပင်များနှင့် ပန်းပွင့်များလည်း ပေါက်ရောက်နေကြသည်။
ထိုအရာများ၏ပတ်ပတ်လည်တွင်တော့ သာမန်နန်းတော်တစ်ခု ရှိသည်။ အပေါ်တွင်တော့ ဆိုင်းဘုတ်တစ်ခု ရှိ၏။
“တုသီတာနန်းတော်..”
နန်းတော်၏အတွင်းထဲရှိ မီးတောက်များပေါ်တွင် ပါးကွ(၈)ကွက် မီးဖိုကြီးတစ်ခု ရှိနေသည်။ မီးဖို၏ရှေ့တွင်တော့ အဘိုးအိုတစ်ယောက် ထိုင်နေပြီး ရွှေရောင်ဝတ် လူငယ်နှင့် ငွေရောင်ဝတ်လူငယ်တို့က မီးထိုးပေးနေကြသည်။
ရုတ်တရက်ဆိုသလို အဘိုးအိုက မျက်လုံးဖွင့်ပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်၏။
“ဆရာကြီး…
အနောက်အရပ်မှာ တစ်ခုခုဖြစ်နေပြီလား…”
ရွှေရောင်ဝတ်လူငယ်က ထိတ်လန့်စွာ ပြောလိုက်သည်။
မီးခိုးရောင်ဆံပင်ရှိနေသော်လည်း လူငယ်တစ်ယောက်၏ မျက်နှာရှိနေသည့် အဘိုးအိုက ခေါင်းခါပြလိုက်သည်။
“ကိစ္စမရှိပါဘူး။ သူတို့ကို လွှတ်ထားလိုက်ပါ…”
သူက နောက်တစ်ကြိမ် မျက်လုံးမှိတ်လိုက်၏။ သူက လက်ချောင်းလေးများကို မီးဖိုဆီသို့ လှမ်းထိုးလိုက်သည်။ ထိုအခါ မီးဖိုပွင့်သွားပြီး အလင်းတန်းတစ်ခုက ကြယ်များပြည့်နေသော ကောင်းကင်ပေါ်သို့ ရောက်သွားခဲ့သည်။
ထို့နောက် ကြယ်များက မီးလုံးများကဲ့သို့ တဖြည်းဖြည်း ကျဆင်းလာခဲ့ကြသည်။. သူတို့က အလွန်ပူလောင်ပြီး ကြောက်စရာကောင်းသည့်အတွက် ပြည်နယ်(၄)ခုကိုပင် ဝါးမြိုသွားနိုင်သည်။ သူတို့၏ပတ်ပတ်လည် လေဟာနယ်ကလည်း လှုပ်ရှားပြီး ပျက်စီးနေ၏။ သူတို့၏အတွင်းထဲတွင် ရွှေကျီးကန်းများ ပျံသန်းနေသလို ထင်မှတ်ရသည်။
အလွန်ကြောက်စရာကောင်းသော ဖိအားကြောင့် လူငယ်နှစ်ယောက်က ကြောက်လန့်သွားကြသည်။ သို့သော် နေလုံးကြီးကတော့ အလင်းတန်း၏အဝေးသို့ ထွက်သွားနိုင်ခြင်း မရှိချေ။ သူက တဖြည်းဖြည်းပို၍ သေးငယ်လာပြီး တဖြည်းဖြည်းပို၍ နီးကပ်လာသည်။ နောက်ဆုံးတွင်တော့ မီးဖိုထဲသို့ ကျဆင်းသွားခဲ့၏။
အဘိုးအိုက မီးဖိုကို လက်ညှိုးထိုးပြီး ပိတ်လိုက်သည်။ အတွင်းထဲတွင် မည်သည့်အသံမျှ ထွက်မလာခဲ့ချေ။ သူ့မျက်လုံး မှိတ်လိုက်သည့်အချိန်တွင် မျက်နှာပေါ်၌ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုများ မရှိချေ။ သူက မည်သည့်အရာကိုမျှ ဂရုမစိုက်သလို ထင်မှတ်ရ၏။
“အထဲမှာရှိတဲ့ ဆေးရည်ကို (၆၂၇)နှစ် သန့်စင်ရလိမ့်မယ်…”
ငွေရောင်ဝတ်လူငယ်က ပင့်သက်ရှိုက်လိုက်မိသည်။
Translated by Hein Htet