← Chapters

အခန်း (၂၄၀)

Vol. 16 Ch. 240

အခန်း (၂၄၀)

Vol. 16 Ch. 240

ကျောင်းဆောင်ကြီးထဲတွင် မြက်ပင်များ ၊ ပေါင်းပင်များ ကြီးထွားနေကြပြီး တံခါးနှင့် ပြတင်းပေါက်များ အားလုံးကလည်း ပျက်စီးနေသည်။

ဗုဒ္ဓရုပ်ပွားတော်ကြီးကလည်း တောက်ပနိုင်ခြင်း မရှိတော့ချေ။ ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က တွန်းပစ်လိုက်သည့်အတွက် အပိုင်းပိုင်းအစစ ပျက်စီးသွားပုံရသည်။ ဦးခေါင်းတော်က အခန်း၏ထောင့်သို့ ပြုတ်ကျနေပြီး ဂရုဏာအပြုံးနှင့် မုန့်ချီကို ကြည့်နေခဲ့သည်။ ထို့ကြောင့် မုန့်ချီက ရင်ထဲတွင် အေးစက်သွားခဲ့၏။

ကျန်းကျိဝေက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သော်လည်း ပုံမှန်မဟုတ်သည့်အရာ တစ်ခုမျှမရှိချေ။ သူတို့က ဤနေရာတွင် ရန်သူတစ်ယောက်မျှ မတွေ့ရပေ။

ကီဟွေအန်က အလွန်တည်ငြိမ်သော အမူအရာနှင့် ပင့်သက်ရှိုက်လိုက်မိသည်။ သူက မျက်လုံးမှိတ်လိုက်ပြီး ချီစွမ်းအင်များကို ခဏကြာ လှည့်ပတ်လိုက်၏။ ထို့နောက် ကြေးနီအကြွေစေ့လေးများစွာကို လေထဲသို့ ပစ်လိုက်သည်။

သူက ကံကြမ္မာဖတ်ခြင်းပညာရပ်ကို လေ့လာထားသည့်အတွက် သူတို့အားလုံးက သူ့ကို မနှောင့်ယှက်ကြပေ။ သူတို့အားလုံးက အခန်းထဲတွင် ရှိနေသော အရာအားလုံးကို စိုးရိမ်နေကြသည်။

"ချွမ်... "

ကြေးနီအကြွေစေ့လေးများ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အသံက ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။

ကီဟွေအန်က မျက်မှောင်ကြုတ်လိုက်ပြီး ကြေးနီအကြွေစေ့လေးများကို စိုက်ကြည့်နေခဲ့၏။ သူ၏မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။

"ဒီနေရာက တော်တော်လေးကို နိမိတ်မကောင်းဘူး... "

"ဘယ်နေရာကရော နိမိတ်ကောင်းလို့လဲ... "

မုန့်ချီက မေးလိုက်၏။ သူတို့က မည်သည့်နေရာကို ရောက်နေမှန်း မသိသလို မည်သည့်နေရာမှ အန္တရာယ် ရောက်လာမည်မှန်းလည်း မသိကြပေ။ ထို့ကြောင့် ကံကြမ္မာဖတ်ခြင်း စွမ်းရည်ကိုသုံးပြီး အဖြေရှာခြင်းက သူတို့၏ နောက်ဆုံးရွေးချယ်မှု ဖြစ်သည်။

ကီဟွေအန်က ကြေးနီအကြွေစေ့လေးများကို ပြန်ကောက်လိုက်ပြီး လေထဲတွင် အကြိမ်ပေါင်းများစွာ ပစ်လိုက်ပြန်၏။ သူ၏အမူအရာကလည်း ယခင်တုန်းကထက် အဆပေါင်းများစွာ ပို၍လေးနက်နေခဲ့၏။ သူ့ပုံစံက ထူးထူးခြားခြားကို တည်ငြိမ်နေသော်လည်း ယခုတော့ အလွန်မျက်နှာပျက်ပြီး စိုးရိမ်နေပုံရသည်။

"ဒီအခန်းရဲ့အရပ်မျက်နှာတိုင်းမှာ အရမ်းကို ဆိုးရွားတဲ့အရာတွေရှိနေတယ်... ။ ငါတို့က အန္တရာယ်အများဆုံး အခြေအနေကို ရောက်နေပြီ…"

သူတို့က သက်ပြင်းရှည်ကြီးများ မှုတ်ထုတ်လိုက်သော်လည်း အလွန်အမင်း စိတ်ပျက်နေခြင်း မရှိချေ။ အကယ်၍ ဤနေရာ၌ အန္တရာယ်မများလျှင် သေမင်းတမန်တာဝန်ဟု ခေါ်ဆိုနိုင်လိမ့်မည် မဟုတ်ချေ။

"ဒါဆိုရင် ငါတို့က တစ်ညလုံးဒီမှာပဲနေတာ ပိုကောင်းမယ်... "

လော်ရှန်းကျိက ယုံကြည်ချက်ရှိရှိ ပြောလိုက်ပြီး တခြားလူများ၏ အထင်အမြင်ကို မေးလိုက်သည်။

နေလုံးကြီးက အနောက်ဘက်သို့ ကျဆင်းလာနေပြီဖြစ်ပြီး ကောင်းကင်ပေါ်တွင် ပုစွန်ဆီရောင်အလင်းတန်းများ တောက်ပနေသည်။ လောကတခွင်က တဖြည်းဖြည်း မှောင်မည်းလာပုံရ၏။

မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။

"အဲဒါက အဓိပ္ပါယ်ရှိတယ်... "

သူက အနောက်သို့ခရီးသွားခြင်း ဇာတ်လမ်းကို ဖတ်ခဲ့ဖူးပြီး နတ်ဆိုးများက လူသားကမ္ဘာကြီးကို ဖျက်ဆီးပစ်သည်ဟူသော သံသရာအရှင်သခင်၏စကားကို ကြားခဲ့ရသည်။ နတ်ဆိုးအဖွဲ့တစ်ဖွဲ့က တောင်ပေါ်တွင် ကျင်လည်ကျက်စားနေသည့် ပုံရိပ်တစ်ခုကိုလည်း တွေးမိခဲ့၏။

နတ်ဆိုးများစွာက သူတို့၏အငွေ့အသက်ကို ဖုံးကွယ်ထားပြီး ညအချိန်မှသာ အမဲလိုက်တတ်ကြသည်။ ထို့ကြောင့် သူတို့သာ ညအချိန် လျှောက်သွားနေကြမည်ဆိုလျှင် အလွန်အန္တရာယ်များသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က မတော်တဆ အဖမ်းခံရနိုင်ပြီး နတ်ဆိုးများ၏အစာ ဖြစ်သွားနိုင်သည်။ ထို့ကြောင့် အာရုံတက်ချိန်မတိုင်ခင် ဤနေရာ၌ စောင့်နေခြင်းက ပိုကောင်း၏။

"ကောင်းတယ်... "

ကျန်းကျိဝေကလည်း သဘောတူလိုက်သည်။

ကျန်းယွင်ရှန်က အလွန်တည်ငြိမ်နေခဲ့၏။ သူက ချက်ချင်း ပြောလိုက်သည်။

"ငါတို့က ဖြစ်နိုင်တဲ့အန္တရာယ်တွေကို ဖယ်ရှားဖို့အတွက် ဒီကျောင်းဆောင်ကြီးကို အရင်ဆုံးလှည့်ပြီး စစ်ဆေးသင့်တယ်.... "

ထိုကဲ့သို့ ထူးခြားသော အခြေအနေမျိုးတွင် သူတို့က တသားတည်း လှုပ်ရှားသင့်သည်။ မည်သူကမျှ တစ်ယောက်တည်း မလှုပ်ရှားသင့်သလို အဖွဲ့နောက်တွင် ကျန်နေခဲ့၍လည်း မရချေ။ မဟုတ်လျှင် သူတို့နောက်တစ်ကြိမ် ပြန်တွေ့သည့်အချိန်၌ သေဆုံးသွားရပါလိမ့်မည်။

လူတိုင်းက သဘောတူလိုက်၏။

မုန့်ချီက အရင်ဆုံး လှုပ်ရှားလိုက်ပြီး တခြားလူများကလည်း တာဝန်ကိုယ်စီ ယူလိုက်ကြသည်။ သူတို့က အခန်းတံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင် ကျီးကန်းများက ပတ်ပတ်လည်သို့ ပျံသန်းသွားကြ၏။ သူတို့က အနက်ရောင် တိမ်တိုက်ကြီးများကဲ့သို့ ထင်မှတ်ရသည်။ ညစ်ပတ်ပေရေနေသော ကျောင်းဆောင်ကြီး ၊ ဖုန်မှုန့်များနှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် ထိုအရာက အလွန်ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။

လေ့ကျင့်ရေးအခန်း၏ အပြင်ဘက်တွင် ရှိနေသော မြေကွက်လပ်ပေါ်တွင် မြက်ပင်များ ၊ ပေါင်းပင်များ ပေါက်ရောက်နေပြီး ငှက်နှင့် တိရစ္ဆာန်ချေးများ ၊ ပျက်စီးနေသော နံရံများနှင့် အုတ်ကြွပ်များကို နေရာအနှံ့ တွေ့နေရသည်။ ကြည့်ရသည်မှာ ဤနေရာကို လူများ စွန့်ပစ်ထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပုံပေါ်၏။

"ငါတို့က ညမရောက်ခင် မြန်မြန်စစ်ဆေးမှရမယ်... "

လော်ရှန်းကျိက အမိန့်ပေးသလိုသာ ပြောနေသေး၏။ သို့သော် ယခင်တုန်းကနှင့် ယှဉ်လိုက်မည်ဆိုလျှင် မုန့်ချီတို့၏အမြင်ကို ပို၍အလေးထားလာသည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။ သူက ညာဘက်တွင် ဓားမောက်ကို ကိုင်ပြီး ဘယ်လက်တွင် ဓားရှည်ကိုကိုင်၍ စစ်ဆေးရန် ဦးဆောင်လာခဲ့သည်။ သို့သော် ထိုနေရာတွင် မည်သူကိုမျှ မတွေ့ရပေ။

တချို့သော သစ်သားစားပွဲများကတော့ လက်နှင့်ထိ၍ပင် မရချေ။ ရံဖန်ရံခါ လှုပ်ရှားနေသော ကြွက်များကိုလည်း တွေ့နေရ၏။ တစ်နာရီနီးပါးခန့် ကြာပြီးနောက် တဖြည်းဖြည်း မှောင်မဲလာပြီး ညအချိန် ရောက်လာ၏။

ကျန်းကျိဝေနှင့် ဖူကျန်းကျန်းတို့က အခန်းကို လင်းထိန်စေရန် မီးတုတ်တစ်ခု ထွန်းညှိလိုက်သည်။ သူတို့က ကျောင်းဆောင်ကြီး၏ ပင်မအစိတ်အပိုင်းများကို အကြမ်းမျဉ်း စစ်ဆေးကြည့်လိုက်သော်လည်း ထူးဆန်းသည့်အရာ တစ်ခုမှမတွေ့ရပေ။

ပုပ်ပွနေသော မှော်သားရဲ အလောင်းတချိုသာ ရှိနေပြီး သူတို့ကတော့ နေရာအနှံ့ ပျံ့နေသည်။ ဤနေရာတွင် တောခွေးများ ရောက်လာတတ်သည်မှာ သေချာ၏။

"ကြည့်ရတာ နတ်ဆိုးတွေကတောင် တစ္ဆေသရဲတွေကို မဖယ်ရှားနိုင်ဘူးထင်တယ်... "

ကျန်းယွင်ရှန်က ခန့်မှန်းကြည့်လိုက်သည်။

ပင်မကမ္ဘာကြီးထဲတွင်လည်း နတ်ဆိုးများ ဖျက်ဆီးပစ်ခဲ့သောအချိန် ရှိခဲ့သည်။ သူတို့ကို လူသားဧကရာဇ်က ဖိနှိပ်ထားခဲ့သည့်အတွက် သူတို့အားလုံးက ကောင်းကင်ပင်လယ် အရင်းအမြစ်နှင့် တခြားသော လျှို့ဝှက်နေရာများတွင် ပုန်းအောင်းနေကြရသည်။ သို့သော် သူတို့က ကမ္ဘာကြီးကို မကြာခဏ နှောက်ယှက်တတ်၏။

ထို့ကြောင့် ဂိုဏ်းတိုင်း ၊ ကျောင်းတိုင်းတွင် မကောင်းဆိုးဝါးနှင့် ပတ်သက်သော မှတ်တမ်းများ အသေးစိတ်ရှိကြသည်။ ကျန်းဝူဂိုဏ်း၏ဆက်ခံသူ တစ်ယောက်ဖြစ်သော ကျန်းယွင်ရှန်ကလည်း ထိုအရာများကို စစ်ဆေးဖတ်ရှုနိုင်ခဲ့သည်။

မုန့်ချီက တံခါးရှိရာကို လှည့်ကြည့်လိုက်သည်။ အမှောင်ထဲတွင်တော့ မြောက်မြားလွန်းလှသော အန္တရာယ်များ ရှိနေသလို ထင်မှတ်ရ၏။

"ဒါဆိုရင်တော့ ငါတို့က အပြင်ဘက်က ရောက်လာမဲ့ မကောင်းဆိုးဝါးတွေကိုပဲ စောင့်ကြည့်ရမယ်... "

တံခါးပေါ်တွင်တော့ ဆိုင်းဘုတ်က ပျောက်နေသည့်အတွက် သူတို့က ကျောင်းဆောင်၏နာမည်ကို မသိခဲ့ကြပေ။

"ငါတို့က မူလလေ့ကျင့်ရေးအခန်းကိုပဲ ပြန်သွားသင့်တယ်... ။ အဲဒီနေရာက အသင့်တော်ဆုံးပဲ …."

အခြေအနေကို စစ်ဆေးကြည့်လိုက်ပြီးနောက် ကျန်းကျိဝေက အကြံပေးလိုက်၏။

မုန့်ချီကလည်း သဘောတူလိုက်ပြီး သူတို့ကို ဦးဆောင်သွားခဲ့သည်။ ထိုလေ့ကျင့်ရေးအခန်းက ဤကျောင်းဆောင်ကြီး၏ ပင်မအခန်းတစ်ခု ဖြစ်ပုံရသည်။ သူတို့က လေ့ကျင့်ရေးအခန်းထဲသို့ ရောက်တော့မည့်အချိန်တွင် မီးတုတ်အောက်၌ ရွှေရောင်အလင်းတစ်ခု တောက်ပလာသည်ကို မြင်လိုက်ရသည်။

"ရုပ်ပွားတော်ကြီးရဲ့ရွှေရောင်တွေကလည်း ကွာကျနေပြီ။ ဒါဆိုရင် ဒီရွှေရောင်အလင်းတန်းက ဘယ်နေရာကနေ ထွက်လာတာလဲ... "

မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။ သူက ထိုနေရာသို့ လျှောက်သွားကြည့်လိုက်ရာ ရေညှိများ ၊ မြက်ပင်များ ဖုံးလွှမ်းနေသော ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရသည်။ ရွှေရောင်အလင်းတန်းက ထိုဆိုင်းဘုတ်ပေါ်တွင် ရေးထားသော စကားလုံးတစ်ခုဆီမှ ရောက်လာခြင်းဖြစ်၏။

"ဆိုင်းဘုတ်လား... ။ ဒါဆိုရင် ငါတို့က ဒီကျောင်းဆောင်ရဲ့နာမည်ကိုသိနိုင်ပြီလေ..."

ကျန်းကျိဝေက ပြောလိုက်သည်။

သူတို့က အလွန်ထူးဆန်းသော သံသရာကမ္ဘာကြီးထဲသို့ ရောက်နေသည့်အတွက် နာမည်သိလျှင်လည်း အသုံးမဝင်နိုင်ချေ။ ထိုအရာက ကျောင်းဆောင်တစ်ခုသာ ဖြစ်၏။ ထိုအရာက ပင်မကမ္ဘာကြီးထဲတွင် ရှိနေသော ဗုဒ္ဓကျောင်းဆောင်များနှင့် အတူတူသာ ဖြစ်နိုင်သည်။ ဤနေရာက ဒိုအာချာ၏ ကမ္ဘာကြီးထဲတွင် ရှိနေသော ရှောင်လင်ကျောင်းတော်ကဲ့သို့ ဖြစ်နိုင်သော်လည်း သူတို့က ထိုအရာမှနေ၍ သတင်းအချက်အလက်များ ရနိုင်၏။

မုန့်ချီကတော့ အနောက်သို့ခရီးသွားခြင်း ဇာတ်လမ်းထဲမှ ကျောင်းဆောင်တချို့ကို သိနေသည်။ ဥပမာအနေနှင့် ပြောရလျှင် ရွှေတောင်ကျောင်းဆောင် ဖြစ်၏။ ထိုသို့ဆိုလျှင် သူတို့၏လက်ရှိတည်နေရာနှင့် ပတ်သက်သော အချက်အလက်တချို့ကို ရနိုင်သည့်အတွက် တီးတိုးဓားကိုသုံးပြီး မြက်ပင်များ ၊ ရေညှိများကို ရှင်းလိုက်၏။

သူ၏လျင်မြန်သော လှုပ်ရှားမှုကြောင့် နောက်ဆုံးစကားလုံးကို မြင်လိုက်ရသည်။ ထိုအရာကတော့ ကျောင်းဆောင်ဟူသော စကားလုံးကို သက္ကတ ဘာသာစကားနှင့် ရေးထိုးထားခြင်း ဖြစ်သည်။ အကယ်၍ မုန့်ချီက ရှောင်လင်ကျောင်းတော်ထဲတွင် သက္ကတ စကားလုံးများကိုသာ သင်ယူထားခဲ့ခြင်း မရှိလျှင် ထိုစကားကို ဖတ်နိုင်မည် မဟုတ်ချေ။

သူက ဆက်၍ရှင်းလိုက်ရာ သက္ကတ ဘာသာစကားနှင့် ရေးထိုးထားသော ‘ယင်’ ဟူသည့် စကားလုံးပေါ်လာသည်။ မုန့်ချီက အနည်းငယ် ထိတ်လန့်သွားပြီး အသက်ရှုရပ်သွားတော့မလို ခံစားလိုက်ရ၏။

"ဒါက လဲ့ယင်ကျောင်းဆောင်ငယ်တော့ မဟုတ်လောက်ပါဘူး..။ ပိတ်မိနေခဲ့တဲ့ မျက်ခုံးဝါဘိုးဘေးကလွဲရင် လဲ့ယင်ကျောင်းဆောင်ငယ်ထဲမှာရှိတဲ့ လူတိုင်းက အလွယ်တကူ အသတ်ခံရနိုင်တယ်... "

မုန့်ချီက တွေးလိုက်မိသည်။

"တစ်ခုခုဖြစ်လို့လား... "

မုန့်ချီက အနည်းငယ် စိုးရိမ်ထိတ်လန့်သွားသည်ကို ရွမ်ယုရှုက သတိထားမိပုံပေါ်သည်။ သူတို့အားလုံးက ပင့်သက်ရှိုက်လိုက်မိကြ၏။

မုန့်ချီက ခေါင်းခါပြလိုက်ပြီး မြက်ပင်နှင့် ရေညှိများကို ဆက်၍ ရှင်းလင်းလိုက်သည်။ နှစ်ပေါင်း (၈၀၀) ကျော် ကြာမြင့်နေပြီ ဖြစ်သည့်အတွက် ဤနေရာတွင် ရှိနေသော မကောင်းဆိုးဝါးများကပင် ဗုဒ္ဓကို ရှုံးနိမ့်သွားသော မျက်ခုံးဝါဘိုးဘေးကို မြင်တွေ့ဖူးပုံ မပေါ်တော့ပေ။

ရွှေရောင်သက္ကတ စကားလုံးများက နည်းနည်းချင်းဆီပေါ်လာပြီး မုန့်ချီ၏ရင်ထဲတွင် ' တဒိန်းဒိန်း ' ခုန်လာခဲ့သည်။ ထိုစကားလုံးက ‘လဲ့’ ဟူသော စကားလုံး ဖြစ်သည်။

" လဲ့ယင်ကျောင်းဆောင်ပဲ ။ ငါတို့က မကောင်းဆိုးဝါးအကြီးအငယ်တွေ နေရာတိုင်းပြည့်နေတဲ့ အနောက်ပိုင်းနယ်မြေထဲကို ရောက်နေတာလား... "

သူက ရလဒ်ကိုသိနေပြီဟု ခံစားမိနေသည့်အတွက် မုန့်ချီက ပို၍ စိုးရိမ်လာခဲ့သည်။ ထိုကျောင်းဆောင်ထဲတွင်တော့ အစွမ်းထက်သော မကောင်းဆိုးဝါးများ မရှိနိုင်ပေ။

သူက ကျန်ရှိနေသောမြက်ပင်များကို ရှင်းလင်းလိုက်ပြီး ' ငယ် ' ဟူသောစကားလုံး ပေါ်လာမည်ဟု တွေးထားခဲ့သည်။ ရုတ်တရက်ဆိုသလို မုန့်ချီက ကိုယ့်ကိုယ်ကိုယ် လှောင်လိုက်မိ၏။

"ဒါက အငယ်မဟုတ်ဘဲ အကြီးဆိုရင် ဘယ်လိုလုပ်ရမလဲ။ လဲ့ယင်ကျောင်းဆောင်ငယ် ဆိုရင်တောင် အဲဒီလောက်ထိဆိုးမှာမဟုတ်ဘူး... "

ထိုအရာကို စဉ်းစားကြည့်ပြီးနောက် သူက မျက်မှောင်ကြုတ်လိုက်ပြီး အတော်လေးကို ထိတ်လန့်နေခဲ့သည်။ နောက်ဆုံးတွင်တော့ ‘ကြီး’ ဟူသော စကားလုံးကို တွေ့လိုက်ရ၏။

"ဒါဆိုရင် ဒါက လဲ့ယင်ကျောင်းဆောင်ကြီးလား... ။ လဲ့ယင်ကျောင်းဆောင်ကြီးဆိုတာ အနောက်သို့ခရီးသွားခြင်း ဇာတ်လမ်းထဲမှာ ဗုဒ္ဓ သီတင်းသုံးခဲ့တဲ့နေရာပဲ…"

ဗုဒ္ဓ၏ တရားသံများက အလွန်ကြောက်စရာကောင်းသော အသံလှိုင်းတစ်ခု ထွက်ပေါ်လာစေပြီး မိုးခြိမ်းသံတစ်ခုကဲ့သို့ ဖြစ်နေသည်။

"အဲဒါလုံးဝမဖြစ်နိုင်ဘူး... ။ ဘယ်လိုလုပ်ပြီး လဲ့ယင်ကျောင်းဆောင်ကြီး ဖြစ်နေရတာလဲ...။ ကြောက်စရာကောင်းတဲ့အရာတစ်ခုခုများ ဖြစ်လာတာလား... ။ ဒါက တော်တော်လေးကို ထိတ်လန့်ဖို့ကောင်းတယ်... "

မုန့်ချီက လုံးဝကို ဇဝေဇဝါ ဖြစ်နေခဲ့၏။

"အရမ်းကြီးလည်း စိုးရိမ်လို့မရသေးဘူး... ။ ဒါက မြေခွေးရိုင်းဖန်တီးထားတာလည်း ဖြစ်နိုင်သေးတယ်... "

မုန့်ချီ၏အမူအရာ ပြောင်းလဲမှုများကြောင့် ကျန်းကျိဝေတို့ အားလုံးက စိုးရိမ်နေကြသော်လည်း မည်သူမျှသူ့ကို မမေးရဲကြပေ။

မုန့်ချီက ဆိုင်းဘုတ်ကို သေချာဖတ်ကြည့်နေရာ ထိုစကားလုံးများထဲတွင် အသက်စွမ်းအင် အငွေ့အသက်တချို့ ပါဝင်နေကြောင်း တွေ့လိုက်ရ၏။ သက္ကတ စကားလုံးများက သာမန်သာ ဖြစ်ပုံရသော်လည်း သေချာ ဖတ်ကြည့်လိုက်မည်ဆိုလျှင် ဖတ်နေသူကို ငြိမ်းအေးမှုများ ပေးနိုင်သည်။ ထိုအရာက နှစ်ပေါင်းများစွာ ပြောင်းလဲမှုကို ပြသနေသည်။ ထိုအရာက မလှုပ်ရှားနိုင်သော်လည်း တကယ်ကို စစ်မှန်နေ၏။

"ဒါက တကယ်ပဲ လဲ့ယင်ကျောင်းဆောင်ကြီးဖြစ်ခဲ့တာလား... "

မုန့်ချီက သူဓားကို ရုပ်သိမ်းလိုက်ပြီး ဆိုင်းဘုတ်ကို ကောက်ယူလိုက်သည်။ သူက လေ့ကျင့်ရေးအခန်းထဲသို့ ပြန်လှည့်သွားသည့်အချိန်တွင် တစ်စုံတစ်ခု ထူးဆန်းနေသလို ခံစားနေရ၏။

"တကယ်လို့ ဒါကသာ လဲ့ယင်ကျောင်းဆောင်ကြီးဆိုရင် ဒီဆိုင်းဘုတ်ကလွဲရင် ကျန်တဲ့အရာတွေအားလုံးက ဗုဒ္ဓရဲ့အငွေ့အသက်တွေနဲ့ အားဖြည့်ပေးထားတာ... ။ အချိန်ကြာလာပြီဆိုရင်တောင် ဒါတွေက ထိခိုက်ရမှာမဟုတ်ဘူး... ။ အရာအားလုံးက ဒီဆိုင်းဘုတ်လိုပဲ ထူးခြားနေရမှာ... ။ အခုဘယ်လိုဖြစ်ပြီး အလွယ်တကူ ပျက်စီးသွားရတာလဲ...။ ဒါက လဲ့ယင်ကျောင်းဆောင်ကြီးမဟုတ်ဘဲ ဒီဆိုင်းဘုတ်ကပဲ အစစ်ဖြစ်နေတာလား... "

သို့သော် ထိုအချက်ကလည်း လက်ခံနိုင်စရာ မရှိချေ။ မည်သူကရော အထွဋ်အမြတ်တောင်ထိပ်မှ လဲ့ယင်ကျောင်းဆောင်ကြီး၏ ဆိုင်းဘုတ်ကိုယူလာပြီး ဤနေရာတွင် ပစ်ထားမည်နည်း။

သူက ပြန်လည်တည်ငြိမ်သွားသည့်အချိန်တွင် သူ၏ထူးဆန်းသော အပြုအမူကြောင့် သူ့အဖော်များအားလုံး စိုးရိမ်နေကြောင်း နားလည်သွားခဲ့သည်။ ထိုအခြေအနေကို မယုံကြည်နိုင်သလို ဖြစ်နေသော်လည်း မုန့်ချီက လက်ရှိအခြေအနေတွင် တည်ငြိမ်စွာ ရင်ဆိုင်ရမည် ဖြစ်သည်။

"လဲ့ယင်ကျောင်းဆောင်ကြီးက တစ်ခုခုမှားလို့လား... "

ကျန်းကျိဝေက အလွန်ရှုပ်ထွေးစွာ မေးလိုက်သည်။

"ကိုရင်လေးက ဗုဒ္ဓကျောင်းတော်တစ်ခုကနေ ရောက်လာတာဆိုတော့ တစ်ခုခုများသိနေတာလား... "

ပင်မကမ္ဘာကြီးထဲတွင် ရှိနေသော မှတ်တမ်းများထဲတွင် ဗုဒ္ဓက နာလန်ဒါကျောင်းဆောင်တွင် သတင်းသုံး နေထိုင်တော်မူသည်။ ထိုအရာက လဲ့ယင်ကျောင်းဆောင်ကြီးနှင့် မပတ်သက်သည့်အတွက် ထိုမျှအံ့သြစရာ မရှိချေ။

မုန့်ချီက သေချာစဉ်းစားပြီးနောက် ပြောလိုက်၏။

"ငါက အမည်မသိစာရေးသူတွေ ရေးခဲ့တဲ့ ကျမ်းစာအုပ်တွေ အများကြီး ဖတ်ခဲ့ဖူးတယ်... ။ အဲဒီကျမ်းစာတွေထဲမှာ ဗုဒ္ဓက အထွဋ်အမြတ်နယ်မြေထဲမှာပဲ ရှိတယ်... ။ အဲဒီအထွဋ်အမြတ်နယ်မြေရဲ့အလယ်မှာတော့ လဲ့ယင်ကျောင်းဆောင်ကြီးရှိတယ်... "

ကျန်းယွင်ရှန် ၊ လော်ရှန်းကျိနှင့် တခြားလူများ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားကြသည်။ ယခင်တုန်းက ဗုဒ္ဓသားတော်တစ်ယောက် ဖြစ်ခဲ့သည့်အတွက် မုန့်ချီက ကျမ်းစာများကို ဖတ်ဖူးသည်မှာ သာမန်သာ ဖြစ်သည်။

"မကောင်းဆိုးဝါးတွေက လူသားကမ္ဘာကြီးကို ဖျက်ဆီးပစ်လိုက်ပြီး ဗုဒ္ဓရဲ့အထွဋ်အမြတ်နယ်မြေနဲ့ လဲ့ယင်ကျောင်းဆောင်ကြီးကို ဖျက်ဆီးပစ်ခဲ့တာလား..။ အဲဒါလုံးဝမဖြစ်နိုင်ဘူး.။ နတ်ဆိုးတွေမှာ အဲဒီလိုစွမ်းရည်မျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ...”

“ကမ္ဘာသစ်တစ်ခုကို ဖန်တီးနိုင်ခဲ့တဲ့ မကောင်းဆိုးဝါးသခင်ကတောင် အဲဒီလိုမလုပ်နိုင်ဘူး... ။ တကယ်လို့ နတ်ဆိုးသူတော်စင်တွေ အသက်ပြန်ဝင်လာမယ်ဆိုရင်တောင် သူ့ရဲ့အစွမ်းက မကောင်းဆိုးဝါးသခင်နဲ့ အတူတူပဲရှိနိုင်မယ်...။ ဒီနေရာမှာရှိတဲ့ဗုဒ္ဓက ပင်မကမ္ဘာကြီးထဲမှာရှိတဲ့ဗုဒ္ဓနဲ့ မတူတာများ ဖြစ်နေမလား... "

သူတို့၏ခေါင်းထဲတွင် သံသယများစွာ ပေါ်လာခဲ့သည်။ လူတိုင်းက တိတ်ဆိတ်နေကြပြီး မုန့်ချီ ဆက်ပြောမည့်စကားကို စောင့်နေကြသည်။

မုန့်ချီကတော့ သူ၏တွက်ချက်မှုကို ပြောပြခဲ့သည်။ ဤနေရာက လဲ့ယင်ကျောင်းဆောင်ကြီးမဟုတ်ဘဲ ဆိုင်းဘုတ်သာ အစစ်ဖြစ်ကြောင်း သုံးသပ်နိုင်ခဲ့သည်။ သူတို့အားလုံးကလည်း သူ့အတွေးကို ထောက်ခံကြသည်။

အကယ်၍ ထိုအရာက ဗုဒ္ဓ သီတင်းသုံးနေထိုင်တော်မူခဲ့သော နေရာတစ်ခု မဟုတ်လျှင်ပင် ဗုဒ္ဓ နေထိုင်ခဲ့သော နေရာများက အထွဋ်အမြတ် ပစ္စည်းပေါင်းများစွာ၏ မွေးဖွားရာနေရာ ဖြစ်သည်။ ထိုအရာက ဒိုအာချာ၏ ကမ္ဘာကြီးထဲတွင် ရှိနေသော ဗုဒ္ဓအမွေအနှစ်များထက် အစပေါင်းများစွာ ပို၍အစွမ်းထက်၏။ သူတို့က အထိမခံနိုင်ပဲ ဘာကြောင့် အလွယ်တကူ ပျက်စီးသွားရမည်နည်း။

"ဒီဆိုင်းဘုတ်က အစစ်မဟုတ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်... ။ ပညာရှင်တစ်ယောက်ယောက်က ရေးထားတာဖြစ်နိုင်တယ်... "

မုန့်ချီကိုယ်တိုင်က သူ၏စကားကို မယုံကြည်ခဲ့ပေ။

"တကယ်လို့ အထွဋ်အမြတ်တောင်တန်းက လဲ့ယင်ကျောင်းဆောင်ကြီးထက် သာမယ်ဆိုရင် ဘယ်ပညာရှင်ကရော သူ့ရဲ့ကျောင်းဆောင်ကို လဲ့ယင်ကျောင်းဆောင်ကြီးဆိုပြီး နာမည်ပေးရဲမှာလဲ... "

ထို့နောက် သူက စကားလုံးများကို စဉ်းစားကြည့်ခဲ့သည်။ အနောက်သို့ခရီးသွားပြီး နှစ်ပေါင်း (၈၀၀) ကြာပြီးနောက် မကောင်းဆိုးဝါးတွေက ကမ္ဘာကြီးကို နင်းခြေဖျက်ဆီးခဲ့သည်ဟူသော စကားလုံးကို စဉ်းစားပြီး ဆိုးရွားသည့်အရာများ ဖြစ်လာတော့မည်ဟု မုန့်ချီက ခံစားမိနေခဲ့၏။

ခဏကြာ တိတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်သည်။

"ကျမ်းစာတွေထဲမှာ ပြောတဲ့ဇာတ်လမ်းတွေက ဒီကမ္ဘာကြီးထဲမှာ ဖြစ်နေတာတွေနဲ့ တော်တော်လေးကိုတူတယ်..။ ဒီနေရာမှာ မကောင်းဆိုးဝါးတွေက ဖျက်ဆီးနေကြတာ...။ သူတို့တွေထဲမှာ မကောင်းဆိုးဝါးသူတော်စင်လို အဆင့်ရှိတဲ့ ပညာရှင်တွေ အများကြီးပဲ ။ ငါတို့တွေက သတိလွတ်လို့မရဘူး...”

“တကယ်လို့ ငါတို့က မကောင်းဆိုးဝါးသူတော်စင်အဆင့် ပညာရှင်တွေကို တွေ့ရမယ်ဆိုရင်တောင် အနိုင်မရနိုင်သေးဘူး... ။ တကယ်လို့ ငါတို့က စိုးရိမ်နေတယ်ဆိုရင်တောင် အဲဒီလောက်ကြီးစိုးရိမ်ဖို့ မလိုသေးဘူးလေ... "

ကျန်းကျိဝေက အကြောက်အလန့်မရှိ ပြောလိုက်သည်။

သူပြောပြီးသွားသည့်အချိန်တွင် လူတိုင်းက ထိတ်လန့်သွားခဲ့၏။ အလွန်ပြင်းထန်သော နတ်ဆိုးရနံ့တစ်ခုက ကောင်းကင်ပေါ်မှ ပျံ့လွင့်လာခဲ့သည်။ မြောက်မြားလွန်းလှသော နတ်ဆိုးအငွေ့အသက်များစွာကလည်း အနက်ရောင်တိမ်တိုက်များကဲ့သို့ စုစည်းလာ၏။ သူတို့က လေလှိုင်းများနှင့်အတူ လေ့ကျင့်ရေးအခန်းရှိရာကို ရောက်လာကြလေသည်။

"လေထဲမှာ ပျံသန်းနိုင်တာလား... "

ကျန်းယွင်ရှန်က လေးနက်သွားခဲ့သည်။ ထိုမကောင်းဆိုးဝါးက အနည်းဆုံးတော့ ဝေ့ကျင်းတစ်ဝက်အဆင့် ရှိနိုင်၏။

မကောင်းဆိုးဝါးများက ကောင်းကင်မျက်လုံးစွမ်းရည်နှင့် မွေးဖွားလာခြင်း ဖြစ်သည့်အတွက် လူသားအဆင့် ဝေ့ကျင်းပညာရှင်များကဲ့သို့ မဟုတ်ဘဲ ပို၍စောစီးစွာ လေထဲသို့ ပျံသန်းနိုင်ကြသည်။

Translated by Hein Htet.

All Chapters