အခန်း (၂၄၁)
Vol. 17 Ch. 241
"တတိယဘုရင်ကြီး.. ဒီနေရာပဲ…"
အဝေးမှနေ၍ အလွန်ကျယ်လောင်သော အော်သံတစ်ခုကို ကြားလိုက်ရသည်။
"ဒီနေရာ... ဟုတ်လား…"
မုန့်ချီနှင့် တစ်ခြားသူများက အချင်းချင်း ကြည့်လိုက်မိကြသည်။ ဤကျောင်းဆောင်ကြီးထဲတွင် တစ်စုံတစ်ခု ထူးဆန်းသည့်အရာများ ရှိနေခြင်းပေလော။ ထိုအရာက မကောင်းဆိုးဝါးများ လိုက်လံရှာဖွေနေသည့် ပစ်မှတ်ဖြစ်နေခြင်းပေလော။
“ငါတို့က ဒီလိုအန္တရာယ်များတဲ့နေရာမျိုးကနေ အစောပိုင်းကတည်းက ထွက်သွားသင့်တာ..”
သို့သော် ကီဟွေအန်၏ ကံကြမ္မာဖတ်ကြားမှုအရ ဤကျောင်းဆောင် အပါအဝင် နေရာတိုင်းက အလွန်အမင်းကို အန္တရာယ်များသည်။ သူ၏ကံကြမ္မာဖတ်ကြားခြင်းက ကောင်းမွန်စွာ အလုပ်မလုပ်ခဲ့ခြင်းပေလော။
သူတို့က လျှို့ဝှက်အသံပို့ဆောင်မှုကိုပင် မသုံးဘဲ အချင်းချင်း မျက်လုံးနှင့်သာ စိုက်ကြည့်နေကြသည့်အချိန်တွင် မကောင်းဆိုးဝါးတစ်ချို့က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဒီထဲမှာ လူသားအနံ့ရတယ်။ ဒါဆိုရင် လူသားတွေ ရှိနေမယ်ထင်တယ်…”
“သူတို့ကို မြန်မြန်ဖမ်းလိုက်။ ထွက်မပြေးစေနဲ့။ ဒီတစ်ကြိမ်တော့ ငါတို့က သူတို့ကို ရေဆေးပြီး နူးညံ့တဲ့ အသားလေးတွေကို မြည်းကြည့်ရမယ်…”
“သူတို့က အသက်ကြီးနေပြီဆိုရင်တော့ သူတို့ကိုမီးကင်ပြီး အရသာရှိရှိစားရမယ်.."
နတ်ဆိုးရနံ့များနှင့် အနက်ရောင်လေလှိုင်းများက ကျောင်းဆောင်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည်။
အလွန်ထူးဆန်းသော လူသားပုံစံသတ္တဝါများစွာကလည်း အရှေ့ဖက်နှင့် ဘေးဖက်နံရံများထဲမှထွက်လာကြသည်။ ထိုနတ်ဆိုးများက ပုံသဏ္ဍာန်ပြည့်စုံမှု မရှိကြချေ။တစ်ချို့က မြေခွေးအမြီး၊ တစ်ချို့က ခွေးခေါင်းရှိနေပြီး တစ်ချို့က လက်ထဲတွင် သံခက်ရင်းခွကြီးကိုကိုင်၍ တချို့ကတော့ လှံရှည်များကို သယ်ဆောင်ထားကြသည်။
သို့သော် သူတို့အားလုံးက အလွန်အစွမ်းထက်ကြ၏။ သူတို့၏နှာခေါင်းမှနေ၍ အလွန်ထူးဆန်းသောရနံ့များ ထွက်ပေါ်လာနေသည့်အတွက် လူသားများကို မသက်မသာ ခံစားရစေနိုင်သည်။
"နတ်ဆိုးရနံ့…."
မုန့်ချီကတော့ ဗုဒ္ဓကျောင်းဆောင်ထဲတွင် ထိုရနံ့ကို ရင်းနှီးနေပြီးသားဖြစ်သည်။ ဝေ့ကျင်းတစ်ဝက်အဆင့် ရှိနေသော မကောင်းဆိုးဝါးက သူ့အဖွဲ့သားများကို စိတ်ဝိညာဉ်နှင့် ပစ်မှတ်ထားနေကြောင်း သိလိုက်ရသည့်အချိန်တွင် သူက လဲ့ယင်ကျောင်းဆောင်ကြီးဟူသော ဆိုင်းဘုတ်ကို အဝေးသို့ပစ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဂျိမ်းးး…."
အသံကြောင့် နတ်ဆိုးငယ်လေးများက အလွန်ထိတ်လန့်တုန်လှုပ်သွားကြ၏။ မုန့်ချီက သူ့ဓားကို ဝှေ့ယမ်းလိုက်ရာ တခဏအတွင်း ခေါင်ပြတ်များစွာ ပေါ်လာခဲ့သည်။
မုန့်ချီ၏အနားတွင် ရပ်နေသော ကျန်းယွင်ရှန်ကလည်း သူ၏တောင်ပံမြွေဓားကို ကိုင်လိုက်ရာ ရေခဲအလင်းတန်းများက သံခက်ရင်းခွများ၊ ဓားရှည်များကို ဖြတ်ကျော်ပြီး နတ်ဆိုးငယ်များစွာကို သတ်ပစ်နိုင်ခဲ့သည်။
လော်ရှန်းကျိကလည်း ဗလာလက်သီးနှင့် သူ့ရှေ့တွင် ရှိနေသော မြေခွေးနတ်ဆိုးကို ထိုးလိုက်၏။ မြေခွေးနတ်ဆိုး၏ ခန္ဓာကိုယ်က အကြိမ်အနည်းငယ် လှုပ်ရှားသွားခဲ့သော်လည်း အဆင်ပြေနေသေးသည်။ သူ့နောက်တွင် ရှိနေသော နတ်ဆိုးများကတော့ မြေပေါ်သို့ တစ်ကောင်ပြီး တစ်ကောင် လဲကျသွားခဲ့ပြီး ပေါက်ကွဲမှုများဆက်၍ ဖြစ်လာခဲ့သည်။
“တောင်တန်းကိုဖောက် ကျီးကန်းကိုသတ် …”
ချီကျန်းရန်က ရွှေနဂါးကို ဆွဲထုတ်လိုက်သည့်အချိန်တွင် အနား၌ ရှိနေသော နတ်ဆိုးများအားလုံးက တကိုယ်လုံး တုန်ယင်နေကြသည်။ ဓားထဲမှ ထွက်ပေါ်လာသော ရေခဲချီစွမ်းအင်များကလည်း ထိုနတ်ဆိုးအနည်းငယ်ကို အေးခဲပြီး သေဆုံးသွားစေနိုင်၏။
ဖူကျန်းကျန်းက လက်ကို မြှောက်လိုက်ပြီး နတ်ဆိုးများ၏ခေါင်းဆီသို့ အလွန်ထူးဆန်းသော အရာတစ်ခု ပစ်လွှတ်လိုက်သည်။ ထိုအရာက ပေါက်ကွဲသွားပြီး လေထဲတွင် ပျံ့နှံ့သွားသော အနက်ရောင်အဆိပ်ငွေ့များအဖြစ် ပြောင်းလဲသွားခဲ့၏။
အဆိပ်ငွေ့များ လွှမ်းခြုံခံလိုက်ရသော နတ်ဆိုးများအားလုံးက နာနာကျင်ကျင် အော်ဟစ်လိုက်ကြပြီး သွေးစများအဖြစ် ပြောင်းလဲသွားကြသည်။
သူတို့က ရူးသွပ်စွာသတ်ဖြတ်နေကြပြီး အနားတွင် ရှိနေသော သူတို့၏အဖော်များကို အလေးမထားနိုင်ကြပေ။ ဓားကိုသာ ဝှေ့ယမ်းပြီး တိုက်ခိုက်နေသည့်အတွက် သွေးစများက ပတ်ပတ်လည်သို့ ပျံ့နှံသွားနေသည်။
ထိုအရာကတော့ လူကယ်ကျင့်စဉ်စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော ငရဲအဆိပ်မြူခိုး ဖြစ်သည်။ အဆိပ်မြူခိုးများကို ထိလိုက်မိသူတိုင်းက အသားစများ ပုပ်ပွပြီး သေဆုံးသွားနိုင်၏။ ထိုမြူခိုးများက တိရစ္ဆာန်နှင့်လူသားနှစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှုရှိသည်။
အကယ်၍ သူတို့ကသာ အဆိပ်မြူခိုးများကို မှုတ်ထုတ်လိုက်မယ်ဆိုလျှင် သို့မဟုတ် ဝှေ့ယမ်းလိုက်မည်ဆိုလျှင် အလွယ်တကူ ကာကွယ်နိုင်ပါလိမ့်မည်။ သို့သော် လက်ရှိအချိန်တွင်တော့ ထိုနတ်ဆိုးများက မိုးကြိုးဟိန်းသံ၏ ပစ်မှတ်ထားခြင်းကို ခံနေရသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ခုခံနိုင်ခြင်းမရှိကြပေ။
ခဏကြာပြီးနောက် မုန့်ချီက သက်ပြင်းချလိုက်မိ၏။ သူတို့ဆီသို့ ရောက်လာသော နတ်ဆိုးများစွာက ရှင်းပစ်ခံလိုက်ရသော်လည်း သူတို့အဖွဲ့က အနည်းငယ်သာ သတ်နိုင်ခဲ့သည်။ ဖူကျန်းကျန်းကတော့ သူမ၏အဆိပ်နှင့် နတ်ဆိုးမြောက်များစွာကို ရှင်းပစ်နိုင်ခဲ့သည်။
"တော်တော်လေး အဆင်ပြေတာပဲ.."
သူက များပြားလွန်းလှသော နတ်ဆိုးငယ်လေးများစွာကို ဖယ်ရှားနိုင်ခဲ့သည်မှာ ကောင်းမွန်သည်။ မဟုတ်လျှင် ထိုအရာများကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရသည်မှာ ခက်ခဲ၏။
"တပည့်တို့ …
ငါ့ကိုလမ်းဖယ်ပေးကြစမ်း.."
လေထဲတွင် အနက်ရောင်လေလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လူသားမျက်နှာ၊ မြေခွေးပါးစပ်နှင့် အနက်ရောင်အမွှေးအမျှင်များ ရှိနေသော မကောင်းဆိုးဝါးတစ်ကောင် ပေါ်လာခဲ့၏။
သူ့လက်ထဲတွင်တော့ အလွန်ကြီးမားသော ရွှေရောင်တူကြီးနှစ်လက်ကို သယ်ဆောင်ထားသည်။ သူ့အစွမ်းက တောင်မြင့်ကြီးတစ်လုံးပမာ အစွမ်းထက်လွန်းလှ၏။ လေလှိုင်းများကပင် ဖိနှိပ်ထားသလို ဖြစ်နေပြီး လေထဲတွင် ကျယ်လောင်သော အက်ကွဲသံများ ကြားနေရသည်။
ကြည့်ရသည်မှာ ထိုတူကြီးများကြောင့် လေဟာနယ်ကပင် အက်ကွဲလာသလို ထင်မှတ်ရ၏။ ဝေကျင်းတစ်ဝက်အဆင့် ထိုမြေခွေးနတ်ဆိုးက ရှုပ်ထွေးသော လှုပ်ရှားမှုများ မလုပ်နိုင်ပေ။ သူ၏မသိစိတ်အရ လုပ်ဆောင်မှုများသာ ရှိသည်။ ပြောရမည်ဆိုလျှင် သူက ခွန်အားကို အသုံးချနိုင်ရုံသာ ရှိ၏။
လေထဲတွင်တော့ အနက်ရောင်လေလှိုင်းများက ဓားသွားများသဖွယ် စုစည်းလာပြီး ဧရာမတူကြီးနှင့်အတူ မိုးရေစက်များကဲ့သို့ ကျဆင်းလာခဲ့၏။ ထိုမျှကြောက်စရာကောင်းသော မကောင်းဆိုးဝါးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် မုန့်ချီက ပုံရိပ်ယောင်ခန္ဓာကျင့်စဉ်ကို မသုံးခဲ့ပေ။
သူက ရဲရင့်သော လူတစ်ယောက်ဖြစ်သည့်အတွက် သူ့အဖော်များကို တိုက်ခိုက်ရန် အခွင့်အရေး ဖန်တီးပေးရမည် ဖြစ်သည်။ သူက အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်၊ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်နှင့် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်တို့ကို ပြည့်ပြည့်ဝဝ အသုံးချလိုက်ရာ သူ၏အင်္ကျီများက ကြီးထွားလာခဲ့သည်။ ကြွက်သားများကလည်းပို၍သန်မာလာသလို ထင်မှတ်ရ၏။
သူက တီးတိုးဓားကို ဝှေ့ယမ်းပြီး ပတ်ပတ်လည်မှ စွမ်းအားများကို စုပ်ယူလိုက်သည့် အချိန်တွင် ဓား၏စွမ်းအားများက အလွန်ကြောက်စရာကောင်းလာပြီး မြေခွေးနတ်ဆိုး၏ ဧရာမတူကြီးနှင့် ရင်ဆိုင်လိုက်၏။
မုန့်ချီက ဝေ့ကျင်းတစ်ဝက်အဆင့် မကောင်းဆိုးဝါးကို တားဆီးနိုင်ခြင်း မရှိကြောင်း နားလည်သွားသည့်အတွက် ကျန်းယွင်ရှန်ကလည်း သူ၏ဓားရှည်ကို ခက်ခက်ခဲခဲ ဝှေ့ယမ်းလိုက်သည်။ ဓား၏အရှိန်အဝါက ထိုက်ကျိစက်ဝိုင်းတစ်ခုသဖွယ် ဖြစ်ပေါ်လာပြီး အနီးအနားသို့ ရောက်လာသော လေစီးကြောင်းများအားလုံးကို အသုံးပြု၍ ဧရာမတူကြီးတစ်လက်ကို တားဆီးထားသည်။
လော်ရှန်းကျိကလည်း ရင်ဘတ်နှင့်ဝမ်းဗိုက်ကို အားပြုလိုက်ပြီး ညာလက်သီးနှင့် ထိုးလိုက်၏။ သူ၏တိုက်ခိုက်မှုက ရိုးရှင်းသော်လည်း အလွန်အစွမ်းထက်သည်။
ချီကျန်းရန်က နောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး ရွမ်ယုရှု၊ ဖူကျန်းကျန်းနှင့် ကီဟွေအန်တို့၏ရှေ့သို့ ထွက်လာ၏။ သူတို့ကို လေဓားများ ထိခိုက်မှုမရှိစေရန် သူက တားဆီးပေးထားခြင်းလည်း ဖြစ်သည်။
"ချွမ်..."
ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး နတ်ဆိုးငယ်လေးများ တစ်ကောင်ပြီး တစ်ကောင် သေဆုံးသွားကြသည်။
မုန့်ချီကတော့ လက်နှစ်ဖက်လုံး ထုံကျင်သွားသလို ခံစားလိုက်ရ၏။ အသားစများအဖြစ် ပြောင်းလဲသွားသည်ဟုပင် ခံစားလိုက်ရသည်။ ခြေထောက်များကလည်း အနည်းငယ် တုန်ယင်နေပြီး တစ်ကိုယ်လုံး ထိန်းချုပ်ခံထားရသလိုဖြစ်နေသည်။
သူခြေထောက်အနားတွင် ရှိနေသော အုတ်များကလည်း တဖျောက်ဖျောက် အက်ကွဲသွားနေခဲ့သည်။ သူက ချီစွမ်းအင်များအားလုံးကို မခြွင်းမချန် သုံးထား၏။ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်က စုပ်ယူထားသော စွမ်းအားများကို အသုံးပြုပြီး တန်ပြန်တိုက်ခိုက်လိုက်သည့်အချိန်တွင် အနည်းဆုံးတော့ ဧရာမတူကြီးတစ်လက်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည်။
တီးတိုးဓားကတော့ ပျက်စီးသွားသလို ဖြစ်နေခဲ့၏။ အနက်ရောင်လေလှိုင်းများက ဓားသွားများကဲ့သို့ မုန့်ချီ၏ခန္ဓာကိုယ်ကို တိုက်ခိုက်နေခဲ့သည်။ သူ့အဝတ်အစားများကလည်း ပျက်စီးသွားသည့်အတွက် ကြေးနီရောင် အသားအရည်နှင့် သွေးစီးကြောင်းများ ထွက်ပေါ်လာခဲ့၏။
ထိုသွေးစီးကြောင်းများက အလွန်များပြားလွန်းသော်လည်း နက်ရှိုင်းခြင်း မရှိသလို ကြီးမားမှုမရှိချေ။ သူတို့အဖွဲ့ထဲတွင် တံခါး(၉)ပေါက်အဆင့် ရှိနေသော လော်ရှန်းကျိက အကာအကွယ်ချီစွမ်းအင်များကိုသုံးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ခြင်းကလွဲလျှင် မုန့်ချီတစ်ယောက်တည်းကသာ အစွမ်းထက်သောလေလှိုင်းနှင့် ဧရာမတူကြီးကို တားဆီးနိုင်စွမ်းရှိသည်။
မုန့်ချီက လေဓားများကို တားဆီးလိုက်သည့်အချိန်တွင် ကျန်းယွင်ရှန်က တောင်ပံမြွေဓားနှင့် တစ်ခြားဧရာမတူကြီးဆီကို လွှဲယမ်းတိုက်ခိုက်လိုက်သည်။ သို့သော် သူ့ခြေထောက်နှစ်ဖက်လုံးကတော့ ကြမ်းပြင်ထဲသို့ ကျွံကျသွားပြီး ပတ်ပတ်လည်တွင် အက်ကွဲကြောင်းများ ပျံ့နှံလာ၏။
လော်ရှန်းကျိ၏လက်သီးကလည်း မြေခွေးနတ်ဆိုး၏ ဘယ်လက်မောင်းကို ထိုးလိုက်မိသည်။ သို့သော် သူ့လက်သီးက နတ်ဆိုးရနံ့များထဲတွင် ပိတ်မိသွားခဲ့ပြီး အလွယ်တကူ ပျံ့နှံ့သွားခဲ့၏။
ထိုအချိန်တွင် နတ်ဆိုးချပ်ဝတ်အင်္ကျီထဲမှနေ၍ အနက်ရောင်ဆံချည်မျှင်တစ်ခု ထွက်လာသည်ကို တွေ့လိုက်ရသည်။ မည်သို့ဖြစ်စေကာမူ သူတို့(၃)ယောက်က ဝေ့ကျင်းတစ်ဝက်အဆင့် မြေခွေးနတ်ဆိုး၏ တိုက်ခိုက်မှုကို ခုခံနိုင်ကြသည်။
ထိုအချိန်တွင် တစ်ချိန်လုံး ရပ်ကြည့်နေသော ရွမ်ယုရှုက သူမ၏ဘယ်လက်ထဲတွင် စောင်းကို ကိုင်လိုက်သည်။ ထို့နောက် ညာလက်ချောင်းလေးများကိုသုံးပြီး နတ်ဆိုးကို တိုက်ခိုက်လိုက်၏။
"ဒေါင်.. ဒေါင်... "
ကျယ်လောင်သောအသံတစ်ခုက သူ၏စိတ်ဝိညာဉ်ဆီသို့ တည့်တည့် ရောက်ရှိလာသည့်အတွက် မြေခွေးနတ်ဆိုးက တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ရွမ်ယုရှုကတော့ နောက်ဆုတ်သွားခဲ့သည်။ သူမ၏စောင်းကြိုးတစ်ချောင်းက ပြတ်သွားခဲ့၏။
မြေခွေးနတ်ဆိုးက တိုက်ခိုက်မှုကို တားဆီးလိုက်သည့်အချိန်တွင် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ လက်ရှိအချိန်တွင် ပတ်ဝန်းကျင်ကတော့ ညမှောင်နေသည့်အတွက် တဖြည်းဖြည်း ပို၍မှေးမှိန်နေခဲ့၏။
ရုတ်တရက်ဆိုသလို အလွန်တောက်ပသော ဓားအလယ်တန်းတခု လေထဲတွင် ထွက်ပေါ်လာခဲ့သည်။ ဤကမ္ဘာကြီးတစ်ခုလုံးတွင် ထိုဓားတစ်ခုတည်း ရှိနေသလို ထင်မှတ်ရ၏။
"အနန္တဓား.."
စလာတည်းက ကျန်းကျိဝေက တိုက်ပွဲထဲတွင် ပါဝင်ခဲ့ခြင်းမရှိချေ။ သူမက မုန့်ချီနှင့် တစ်ခြားလူများ ဖန်တီးပေးမည့်အခွင့်အရေးကို စောင့်နေခြင်းဖြစ်၏။
ထိုအရာကလည်း သူမ၏ပျင်းရိမှုကြောင့်မဟုတ်ချေ။ လေထဲသို့ ပျံသန်းနိုင်သော ကြောက်စရာမကောင်းဆိုးဝါးတစ်ကောင်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူတို့အတွက် အခွင့်အရေးက တစ်ခုတည်းသာရှိကြောင်း နားလည်နေကြသည်။
အဘယ်ကြောင့်ဆိုသော် မကောင်းဆိုးဝါးကသာ လေထဲသို့ ပျံသန်းသွားမည်ဆိုလျှင် သူတို့၏လှုပ်ရှားနိုင်စွမ်းက ကန့်သတ်ချက်ရှိ၏။ သူတို့က တိုက်ခိုက်မှုကို စောင့်နေခြင်းကလွဲလျှင် အနိုင်ရရန် နည်းလမ်း မရှိနိုင်တော့ပေ။ သို့သော် ထိုကဲ့သို့ အလျင်အမြန် အပြတ်ရှင်းရန်ကလည်း အလွန်အမင်းကို ခက်ခဲလှသည်။
ဝေကျင်းတစ်ဝက်အဆင့် မကောင်းဆိုးဝါးက ချည်းကပ်မလာခင် မုန့်ချီနှင့် သူ၏အဖွဲ့သားများကို လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောပြထားခဲ့သည်။ သူတို့(၃)ယောက်က ပူးပေါင်းပြီး တိုက်ခိုက်မှုကို ခုခံပြီးသွားသည့်အချိန်တွင် ရွမ်ယုရှုက လူမဆန်သော တေးသွား(၈)သွယ်ကို အသုံးပြုပြီး ပြိုင်ဖက်၏လှုပ်ရှားမှုကို ထိန်းချုပ်ရမည်ဖြစ်သည်။
ထိုအချိန်တွင် သူမကတော့ ဓားဆန္ဒများကိုအမြင့်ဆုံးထိသုံးပြီး အသေသတ်ရန် အခွင့်အရေး စောင့်နေခဲ့၏။ သူမ၏ဓားအလင်းတန်းက အချိန်နှင့် လေဟာနယ်နံရံကြီးကိုပင် ဖြတ်သန်းသွားသလို ထင်မှတ်လိုက်ရ၏။ ထိုအရာက မြေခွေးနတ်ဆိုး၏ အနားသို့ ရောက်လာသည့်အချိန်တွင် ထိုနတ်ဆိုး၏ မျက်ခုံးတည့်တည့်ကို ထိုးဖောက်သွားခဲ့သည်။
နတ်ဆိုးက အန္တရာယ်ကို ခံစားမိခဲ့၏။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး နတ်ဆိုးရနံ့များနှင့် တိမ်တိုက်ကြီးတစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် သူ့ရှေ့တွင် အလုံးကြီးတစ်ခုအဖြစ်ပြောင်းလဲပြီး ဓားကို ရင်ဆိုင်လိုက်၏။
"ရွှပ်…"
နတ်ဆိုးအလုံးကြီးက အပိုင်းပိုင်းအစစ ပျက်စီးသွားသည့်အချိန်တွင် မြေခွေးနတ်ဆိုး၏ ပါးစပ်ထဲမှနေ၍ သွေးများ စီးကျလာခဲ့သည်။ သူ၏မျက်ခုံးကြားထဲတွင်လည်း ဓားချီစွမ်းအင်များကြောင့် ဒဏ်ရာရသွားခဲ့ပြီး အလွန်နက်ရှိုင်းသော ဓားရာကြီးတစ်ခု ပေါ်လာခဲ့၏။ ထိုအရာကတော့ တတိယမျက်လုံးတစ်ခုသဖွယ်ဖြစ်နေပြီး အတော်လေးကို ပျက်စီးနေခဲ့သည်။
"ဒီအခွင့်အရေးကို အရယူပြီး သတ်လိုက်ကြတော့.."
ကျန်းကျိဝေက နောက်ဆုတ်သွားသည့်အချိန်တွင် လော်ရှန်းကျိက အော်ဟစ်လိုက်ပြီး ညာလက်သီးနှင့် ထိုးလိုက်၏။ သူ့အရှိန်က နှေးကွေးသလို ထင်မှတ်ရသော်လည်း မိုးကြိုးပမာ လျင်မြန်လွန်းလှသည်။ သူ့အဝတ်အစားများ အားလုံးက ကြီးထွားလာပြီး ညာလက်ကလည်း သာမန်အရွယ်အစား၏နှစ်ဆခန့် ကြီးထွားလာခဲ့၏။
သူက လက်သီးနှင့် ထိုးလိုက်သည့်အချိန်တွင် ကောင်းကင်ပေါ်မှ တောင်မြင့်ကြီးတစ်လုံးနှင့် ဖိနှိပ်လိုက်သလို ဖြစ်လာခဲ့၏။ သူက တံခါး(၉)ပေါက်အဆင့် စွမ်းအားများအားလုံးကို သုံးလိုက်သည့်အခါ တောင်တန်း(၉)သွယ် သံလက်သီးသိုင်းကို နှစ်ဆအသုံးပြုနိုင်သည်။
"ခေါင်းပေါ်က တောင်တန်း…ဗုန်းးးး…"
လော်ရှန်းကျိ၏လက်သီးက အနန္တဓားသိုင်းကြောင့် နတ်ဆိုးရနံ့များ ပါးလွှာသွားသည့် နေရာကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
နတ်ဆိုး၏ဗိုက်တွင် ရှိနေသော ချပ်ဝတ်အင်္ကျီက ပွင့်သွားပြီး အနက်ရောင်အမွှေးအမျှင်များ ကျဆင်းလာခဲ့၏။ သူ၏အရေပြားပေါ်တွင်လည်း လက်သီးဆုပ်အရွယ် အပေါက်တစ်ပေါက် ပေါ်လာပြီး အတွင်းထဲတွင်တော့ ပျက်စီးနေခဲ့သည်။
မြေခွေးနတ်ဆိုးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ထိုအခါ အနက်ရောင်လေလှိုင်းများက သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံနေပြီး တဖြည်းဖြည်း လေထဲသို့ မြောက်တက်လာခဲ့သည်။
တစ်ချိန်တည်းတွင် သူက ပြိုင်ဖက်ကင်းကုသစွမ်းရည်ကိုအသုံးပြုပြီး သူ့ကိုယ်သူ ကုသ၍ နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့၏။ မည်သို့ဖြစ်စေကာမူ ထိုအရာက ယခုထိ မသေသေးပေ။
တစ်ချိန်တည်းတွင် မုန့်ချီက မြေခွေးနတ်ဆိုးထက် ပို၍မြင့်မြင့်လှမ်းခုန်လိုက်သည်။ အမြင့်သို့ ရောက်သွားပြီးနောက် သူ့ပုံစံက နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်လာ၏။ သူက တီးထိုးဓားကို (၉)ဆခန့် ပိုမြန်သောအရှိန်နှင့် လွှဲယမ်းပြီး တစ်ချိန်တည်းတွင် အော်ဟစ်လိုက်သည်။
"သေလိုက်စမ်း….."
သူ၏တိုက်ခိုက်မှုတွင် ခရမ်းမိုးကြိုးစွမ်းအင်များ ပါဝင်နေခဲ့၏။ သူ၏ တိုက်ခိုက်မှုကလည်း ပို၍မြန်ဆန်လာပြီး ပို၍ ကြောက်စရာကောင်းလာသည်။
"ဗုန်းးးး…"
ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ ခရမ်းရောင် မိုးကြိုးစွမ်းအင်များကလည်း လှုပ်ရှားနေသည်။
ထိုအရာများက နဂါးတစ်ကောင်သဖွယ် လှုပ်ရှားနေပြီး နတ်ဆိုးငယ်လေးများစွာကို ကြောက်လှန့်တုန်လှုပ်စွာ နောက်ဆုတ်သွားစေနိုင်၏။ကောင်းကင်ကြီးကပင် လှုပ်ရှားသွားခဲ့သည်။ လျှပ်စီးကြောင်းများကလည်း လုံးဝကို ဝါးမြိုခံလိုက်ရ၏။
"ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင်.."
"ဂျိမ်း…"
ဓားသွားနှင့်အတူ ကျဆင်းလာသော မိုးကြိုးကြီးက မြေခွေးနတ်ဆိုးကို နှစ်ပိုင်းပြတ်သွားစေနိုင်ပြီး အလွန်ကြီးမားသော ခရမ်းရောင် လျှပ်စီးကြောင်းကြီးတစ်ခုကဲ့သို့ ကောင်းကင်ပေါ်မှ မြေပြင်ပေါ်ကို တိုက်ရိုက်ပြုတ်ကျလာစေခဲ့သည်။
တဖြောက်ဖြောက်မြည်သံများနှင့်အတူ ခရမ်းရောင်လျှပ်စီးကြောင်းကြီးများက မြေခွေးနတ်ဆိုး၏ ခန္ဓာကိုယ်ပေါ်တွင် လှုပ်ရှားနေခဲ့၏။ မြေခွေးနတ်ဆိုးက မြေပေါ်သို့ ပြုတ်ကျလာပြီးနောက် ဆက်တိုက်တုန်လှုပ်နေပြီး အနည်းငယ် လှုပ်ရှားနေခဲ့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က ဖြည်းညင်းစွာ တည်ငြိမ်သွားခဲ့၏။
"နောက်ဆုံးသေတ်နိုင်ခဲ့ပြီ.."
မုန့်ချီက သက်ပြင်းချပြီး ပြောလိုက်မိ၏။ သေမင်းတမန်တာဝန်ကတော့ သူ့နာမည်အတိုင်း စလာကတည်းက ခက်ခဲနေခဲ့သည်။
"မင်းက သေသွားပြီလား ညီလေး(၃)…."
ရုတ်တရက်ဆိုသလို နံရံအပြင်ဘက်မှနေ၍ ဝမ်းနည်းနေသော အသံကြီးတစ်ခုကို ကြားလိုက်ရ၏။ ခြင်္သေ့ခေါင်းနှင့် မကောင်းဆိုးဝါးတစ်ကောင်က လေထဲတွင် ပျံသန်းပြီး ရောက်လာခဲ့သည်။
သူက မြေခွေးနတ်ဆိုး၏ ဆိုးဝါးသောအခြေအနေကို မြင်လိုက်ရသည့်အချိန်တွင် မျက်လုံးများက နီရဲလာသည်။ ထို့နောက် ပါးစပ်ဟပြီး ခြင်္သေ့တစ်ကောင်ကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ သူ့ပါးစပ်ကြီးကလည်း ကျောင်းဆောင်တံခါး အရွယ်အစားကဲ့သို့ တဖြည်းဖြည်း ပို၍ကြီးမားလာသည်။
ထို့နောက် မုန့်ချီကို ဆွဲငင်လိုက်၏။ သူက လေထဲတွင်သာ ရှိနေသေးသည့်အတွက် မုန့်ချီက မည်သည့်စွမ်းအားမျှမသုံးနိုင်ခဲ့ပေ။ ရလဒ်အနေနှင့် သူက ခြင်္သေ့၏ ပါးစပ်ထဲသို့ ပါသွားခဲ့၏။
"သေစမ်းး.. ဒါက ဝိညာဉ်(၉)သွယ်သူတော်စင်ရဲ့မျိုးဆက်လား.."
မုန့်ချီက အမှောင်ထုကြီးထဲတွင် သွေးရနံ့များကို ခံစားမိနေသည်။ သူက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နှင့် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်တို့ကို အလျင်အမြန်သုံးလိုက်ရာ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ အနည်းဆုံးတော့ သူက ကြောက်စရာကောင်းသော တိုက်စားမှုစွမ်းအင်များကို ခုခံနိုင်ပါလိမ့်မည်။
ထိုတိုက်စားမှုက ရွှေနှင့်သံများကိုပင် အရည်ပျော်ကျသွားစေနိုင်၏။ ထို့ပြင် သူ၏ပတ်ပတ်လည်၌ ကြောက်စရာကောင်းစွာ လှုပ်ရှားနေသော အူများ ရှိနေသည်။ မုန့်ချီ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ရွှေရောင်အလင်းတန်းများကလည်း လျှင်မြန်စွာ ဝေဝါးသွားပြီး ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကလည်း ပျက်စီးသွားတော့မလို ဖြစ်လာခဲ့၏။
မုန့်ချီကို ခြင်္သေ့ခေါင်းနှင့် မကောင်းဆိုးဝါးက ဝါးမြိုသွားကြောင်း မြင်လိုက်သည့်အခါ လူတိုင်းက မျက်နှာပျက်သွားကြသည်။ ဖူကျန်းကျန်းက စဉ်းစားမနေဘဲ အစိမ်းရင့်ရောင် ရှေးဟောင်းကြေးမုံကို ထုတ်လိုက်သည်။ ထိုကြေးမုံက တောက်ပမှုမရှိဘဲ သာမန်သာ ထင်မှတ်ရ၏။
သူမက နတ်ဆိုးထုတ်ဖော်ကြေးမုံကို မြှောက်ပြီး ခြင်္သေ့ဝိညာဉ်ကို ပစ်မှတ်ထားလိုက်သည်။ ခြင်္သေ့ဝိညာဉ်က မှန်ထဲ၌ ပေါ်လာသည့်အချိန်တွင် သူက လေထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။ သို့သော် သူ၏မူလပုံသဏ္ဍာန်တော့ ပေါ်မလာခဲ့ပေ။ ဝေကျင်းအဆင့်အောက်တွင် ရှိနေသော မကောင်းဆိုးဝါးတိုင်းက ထိုကြေးမုံထဲတွင် သူတို့၏ မူလအစစ်အမှန်ပုံစံ ပေါ်လာရမည် မဟုတ်ပေလော။
လူတိုင်းက မှင်တက်သွားကြ၏။ လူသားများကို ဝါးမြိုနိုင်သည့် စွမ်းရည်အနည်းငယ်ကလွဲလျှင် ထိုခြင်္သေ့ဝိညာဉ်က ဝေကျင်းတစ်ဝက်အဆင့် ဖြစ်သော်လည်း ဘာများလုပ်နိုင်မည်နည်း။ သို့မဟုတ် သူတို့၏မွေးရာပါစွမ်းအားများ မတူညီခြင်းပေလော။
ခြင်္သေ့ဝိညာဉ်၏ဗိုက်ထဲတွင် …
မုန့်ချီက လှုပ်ရှားနေသော အူများကြားထဲတွင် ပိတ်မိနေခဲ့၏။ ထို့ကြောင့် သူက မည်သည့်အရာကိုမျှ မသုံးနိုင်ဘဲ ရွှေခေါင်းလောင်းအကာကွယ်ကျင့်စဉ်နှင့် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်တို့က ပျက်စီးသွားနေသည်ကို စိုးရိမ်တကြီး ကြည့်နေခဲ့ရသည်။
ရုတ်တရက်ဆိုသလို လှုပ်ရှားမှုများက ခဏရပ်သွားခဲ့၏။ ဆက်တိုက် တိုက်စားနေမှုများကလည်း မှောင်မဲနေသောအရာတစ်ခုကဲ့သို့ ဖြစ်လာသည်။
"ဒါက နတ်ဆိုးထုတ်ဖော်ကြေးမုံလား.."
သူ့အဖွဲ့သားများက သူ့ကို ကူညီပေးနေသည်ဟု မုန့်ချီက ချက်ချင်းတွေးလိုက်မိသည်။
သူကတော့ မည်သူကူညီပေးနေကြောင်း စဉ်းစားနေရန် အချိန်မရတော့ပေ။ အကယ်၍ သူသာ အနည်းငယ် နှောင့်နှေးသွားမည်ဆိုလျှင် အသားစအဖြစ် ပြောင်းလဲသွားပါလိမ့်မည်။ သူက ခါးတွင်ချိတ်ထားသော ခရမ်းသေမင်းဓားကို ဆွဲထုတ်လိုက်၏။
"ရွှပ် ..ဝှစ် …"
ထိုဓားက အလွန်ထက်မြက်လှသည်။
မုန့်ချီက သူ၏စိတ်လှုပ်ရှားမှုများအားလုံးကို ဖိနှိပ်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်ရန် ကြိုးစားလိုက်၏။ ထို့နောက် သူက ကျန်ရှိနေသော ဝိညာဉ်စွမ်းအားများအားလုံးကို ဓားထဲသို့ ပေါင်းထည့်လိုက်သည်။ ချီစွမ်းအင်များ ပေါင်းစပ်လာသည့်အချိန်တွင်တော့ ခရမ်းသေမင်းဓားကို အစွမ်းကုန်ခုတ်ချလိုက်သည်။ ထိုအခါ ဓားချီစွမ်းအင်ထဲမှနေ၍ အက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။
ကျန်းကျိဝေနှင့် တစ်ခြားလူများက ခြင်္သေ့ဝိညာဉ်ကို တိုက်ခိုက်ပြီး မုန့်ချီကို ကယ်တော့မည့်အချိန်တွင် မြေပြင်ပေါ်၌ ဓားအမှတ်အသားတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ကြမ်းပြင်ကြီးကပင် ညှိုးခြောက်သွားသော သစ်ပင်အိုကြီးတစ်ပင်ကဲ့သို့ ဖြစ်လာ၏။
ထိုအရာကတော့ ဓားချီစွမ်းအင်များ၏ တိုက်ခိုက်မှုကြောင့်ဖြစ်သည်။ ခြင်္သေ့ဝိညာဉ်၏ ရင်ဘတ်နှင့် ဗိုက်တွင်လည်း ခရမ်းနီရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ခေါင်းမှခြေထောက်ထိအောင် အလွန်နက်ရှိုင်းသော ဒဏ်ရာကြီးတစ်ခု ပေါ်လာခဲ့၏။
ဓားချီစွမ်းအင်က သူ့ဗိုက်ကို ထိုးဖောက်သွားသည့်အချိန်တွင် အလွန်ပါးလွှာပြီး လျင်မြန်စွာ မှေးမှိန်သွားခဲ့၏။ သူ့ရှေ့တွင် ရှိနေသော အလင်းရောင်များ မှေးမှိန်သွားသည့်အချိန်တွင် မုန့်ချီကတော့ ဗိုက်ထဲမှနေ၍ ခုန်ထွက်လိုက်၏။
Translated by Hein Htet.