← Chapters

အခန်း (၂၄၄)

Vol. 17 Ch. 244

အခန်း (၂၄၄)

Vol. 17 Ch. 244

"အနောက်ဘက် ဟုတ်လား.."

မုန့်ချီက ထူးဆန်းသွားသလို ခံစားလိုက်ရ၏။ သူနှင့် တစ်ခြားသူများကလည်း အနောက်ဘက်သို့ ခရီးသွားရတော့မည့်ပုံ ပေါ်သည်။ သို့ရာတွင် သူတို့၏ လက်ရှိအစွမ်းအရ သူတို့က နတ်ဆိုးများအတွက် အဆာပြေ သရေစာများ ဖြစ်သွားနိုင်သည်။

ထိုအချိန်တွင် ကျန်းယွင်ရှန်နှင့် တစ်ခြားသူများကလည်း နတ်ဆိုးငယ်လေး နှစ်ယောက်ကို စုံစမ်းစစ်ဆေးပြီးသွားခဲ့သည်။ ပထမဆုံး မေးခဲ့သည့်နတ်ဆိုး ပြောခဲ့သည့်စကားက သေချာသွားပြီးနောက် သူတို့က အနီးအနားတွင် ရှိနေသော နတ်ဆိုးများ၏ အချက်အလက်များကို ရရှိခဲ့သည်။

"ကီလိုမိတာ(၅၀)ပတ်လည်မှာ နတ်ဆိုးတစ်ယောက်မှ မရှိဘူး။ အနီးဆုံးမှာ ရှိတာကတော့ စိမ်းပြာရေလှိုင်းတောင်တန်းမှာရှိတဲ့ အဖွဲ့တွေပဲ။ ဒါကြောင့် သူတို့တွေက ဒီနေရာကို အရင်ဆုံး ရောက်လာတာ။ သူတို့တွေကလွဲရင် ပတ်ပတ်လည်ကနေ ငါတို့ဆီကို ရောက်လာနေတဲ့ မကောင်းဆိုးဝါးဘုရင်တွေနဲ့ ကောင်းကင်ပေါ်မှာ ရှိနေတဲ့ အလင်းတန်းကိုမြင်လိုက်ရတဲ့ တခြားမကောင်းဆိုးဝါးတွေပဲ ရှိနိုင်တယ်…"

ပတ်ပတ်လည်မှ ရောက်လာနေသော နတ်ဆိုးများက ပို၍အားနည်းမည်ဟု ကျန်းယွင်ရှန်က မထင်ထားခဲ့ပေ။ သူတို့ပြောနေသော မကောင်းဆိုးဝါးဘုရင်က နတ်ဆိုးငယ်များ ပြောခဲ့သော အစစ်အမှန် မကောင်းဆိုးဝါးဘုရင်နှင့် သက်ဆိုင်ခြင်း မရှိနိုင်ပေ။ မည်သို့ဖြစ်စေကာမူ စိမ်းပြာရေလှိုင်းဘုရင်ကြီး၊ အမှောင်ဘုရင်ကြီးက ‌‌ဤနယ်မြေတစ်ဝိုက်တွင် ပြိုင်ဖက်ကင်းဖြစ်သည်။

ထို့ကြောင့် မုန့်ချီက နားမလည်နိုင်သလို ခံစားနေရ၏။ လူသားများ အလွယ်တကူ ဖမ်းဆီးခြင်းကို ခံခဲ့ရသော နတ်ဆိုးငယ်လေးက ယနေ့လိုဖြစ်လာမည်ဟု မည်သူက သိနိုင်မည်နည်း။ သူက မဟာတန်ခိုးရှင်နှင့် သိုင်းကွက်(၈၀၀)ကျော် မည်သို့အချိန်ဆွဲပြီး ရင်ဆိုင်နိုင်ခဲ့သနည်း။

အကြောင်းအရာများက အချိန်နှင့်အမျှ အမှန်တကယ် ပြောင်းလဲသွားခဲ့သည်။ ဘဝအတက်အကျကလည်း အဆုံးမရှိချေ။ ထိုအရာနှင့် ပတ်သက်ပြီး လော်ရှန်းကျိကတော့ စိုးရိမ်နေခြင်းမရှိဘဲ ပြောလိုက်၏။

"သူတို့ရဲ့ပစ်မှတ်က ဒီကျောင်းဆောင်နဲ့ လဲ့ယင်ကျောင်းဆောင်ကြီးဆိုတဲ့ ဆိုင်းဘုတ်ပဲ။ ငါတို့သာ ငါတို့ရဲ့အငွေ့အသက်တွေကို ဖုံးကွယ်ပြီး ငါတို့သွားတဲ့ ခြေရာလက်ရာတွေကို ဖုံးကွယ်လိုက်မယ်ဆိုရင် သေချာပေါက် ရှောင်နိုင်ပါလိမ့်မယ်…"

အကယ်၍ မကောင်းဆိုးဝါးများစွာ ရှိနေပြီဆိုလျှင် ဘာလုပ်ရမည်နည်း။ သူတို့ကတော့ ကမ္ဘာကြီးတစ်ခုလုံးကို တစ်လက်မ မကျန် ရှာ၍ မရနိုင်ပေ။ ထို့ပြင် မကောင်းဆိုးဝါးများက သူတို့ကို သီးသန့်ပစ်မှတ်ထားခြင်း မဟုတ်သည့်အတွက် လမ်းတစ်လျှောက်တွင် အချိန်ဖြုန်းနေကြမည် မဟုတ်ချေ။

ထို့ကြောင့် သူတို့ကသာ ကိုယ့်ကိုယ်ကိုယ် သေချာကာကွယ်ထားပြီး သူတို့၏ အငွေ့အသက်များကို ဖုံးကွယ်ရန် မကောင်းဆိုးဝါးသွေးနှင့် သားရေများကို သုံးလိုက်မည်ဆိုလျှင် ကျောင်းဆောင်ဆီသို့သွားသော နတ်ဆိုးများက သူတို့ကိုကျော်သွားကြပါလိမ့်မည်။

"သေမင်းတမန်တာဝန်က အဲဒီလိုရိုးရှင်းမယ်လို့တော့ မထင်ဘူး…"

ကျန်းကျိဝေက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။ သို့သော် သူမက နောက်ထပ်မပြောခဲ့ပေ။ လက်ရှိအချိန်တွင် ထိုအရာက သူတို့အတွက် အကောင်းဆုံး အကြံအစည်ဖြစ်မည်ဟု နားလည်ထားကြသည်။

သူမက ဆောင့်ကြောင့်ထိုင်လိုက်ပြီး နတ်ဆိုးငယ်လေး၏ သွေး၊ သားရေနှင့် အသုံးအဆောင်ပစ္စည်းများကို ယူလိုက်သည်။ ထိုအရာများက လူသားအငွေ့အသက်ကို ဖုံးကွယ်ရန် အကောင်းဆုံး ဖြစ်၏။ သူတို့က ထိုကဲ့သို့ ရိုးရှင်းစွာ ရယူနိုင်သည့်အတွက် တစ်ယောက်မျှ ထိုအရာများကို လဲလှယ်ရန် စဉ်းစားမနေကြပေ။

ရွမ်ယုရှုကတော့ အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိ၏။ သူမ၏မသိစိတ်က အနံ့ဆိုးဝါးသော နတ်ဆိုးများကို ဆန့်ကျင်နေပြီး ထိုအရာများကို ခန္ဓာကိုယ်ပေါ်တွင် မတင်ချင်ပေ။ သို့သော် သူမက မဆင်မခြင် လုပ်တတ်သော လူငယ်လေးတစ်ယောက် မဟုတ်ပေ။ လက်ရှိအခြေအနေ၏ လေးနက်မှုကို နားလည်ထား၏။

ထို့ကြောင့် သူမက နှာခေါင်းရှုံ့လိုက်ပြီး သွေးနှင့်သားရေကို ခန္ဓာကိုယ်အပေါ်သို့ အုပ်လိုက်၏။

မုန့်ချီက သူမ၏အနားတွင် ရှိနေသည့်အတွက် သူမ၏ပွစိပွစိအသံများကို ကြားနေရသည်။

"မုန်ညင်းချဉ်အနံ့ကလည်း တော်တော်လေး ပြင်းတာပဲလေ။ ဒါပေမဲ့ အရသာရှိတာပဲ မဟုတ်လား…"

မုန့်ချီက ချွေးများကို သုတ်လိုက်ပြီး သူ၏အငွေ့အသက်များကို ဖုံးကွယ်၍ မိန်းကလေးများနောက်မှ လိုက်သွားခဲ့သည်။

ခဏကြာပြီးနောက် လူတိုင်းက အဆင်သင့်ဖြစ်နေ၏။ သူတို့က မြေပေါ်တွင် ရှိနေသော လဲ့ယင်ကျောင်းဆောင်ကြီးဟူသည့် ဆိုင်းဘုတ်ကို စိုက်ကြည့်ပြီး လှည့်ထွက်လာခဲ့ကြသည်။ အကယ်၍ ဗုဒ္ဓက အနောက်သို့ ခရီးသွားခြင်း ကမ္ဘာကြီးထဲရှိ ဗုဒ္ဓမဟုတ်လျှင်ပင် သေချာပေါက်ကြီးမားသော အစွမ်းရှိနိုင်သည်။ မဟုတ်လျှင် မဟာတန်ခိုးရှင်ပေါင်းများစွာက မည်သို့ပျောက်ကွယ်သွားကြရသနည်း။

အထွဋ်အမြတ်တောင်ထိပ်ပေါ်တွင် ရှိနေသော ဆိုင်းဘုတ်က သာမန်ဖြစ်နိုင်မည်လော။ ထိုအရာက ကံကြမ္မာအမှတ် မြောက်များစွာနှင့် လဲလှယ်၍ရနိုင်ပြီး သေချာပေါက် တန်ဖိုးရှိမည်မှာ သေချာသည်။ သို့သော် သူတို့အဖွဲ့က ထိုဆိုင်းဘုတ်ကို အချိန်တော်တော်ကြာ စစ်ဆေးနေပြီးနောက် ထူးဆန်းသည့်အရာ တစ်ခုမျှမတွေ့ရပေ။

သူတို့က သက်ပြင်းချလိုက်မိကြ၏။ သူတို့၏အဆင့်က ထိုအရာကို စစ်ဆေးရန် အလွန်နိမ့်နေသည်ဟုသာ တွေးမိကြပြီး အချိန်အတိုင်းအတာတစ်ခုထိ နားမလည်နိုင်သည့်အတွက် လက်လျှော့ရန် ရွေးချယ်လိုက်၏။

မည်သို့ဖြစ်စေကာမူ အကယ်၍ သူတို့ကသာ ထိုအရာကို ယူဆောင်သွားမည်ဆိုလျှင် နတ်ဆိုးများကို ဆွဲဆောင်နိုင်ပါလိမ့်မည်။ အကယ်၍ ဆိုင်းဘုတ်ဆီမှနေ၍ ကောင်းကင်ကြီးပေါ်သို့ အလင်းတန်းများ ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာနေမည်ဆိုလျှင် သူတို့က နတ်ဆိုးများ၏ပစ်မှတ် အလွယ်တကူ ဖြစ်လာနိုင်သည်။

အကယ်၍ သူတို့ကသာ ဝေ့ကျင်းတစ်ဝက်အဆင့် နတ်ဆိုးတစ်ယောက်နှင့် တွေ့ရမည်ဆိုလျှင် သူတို့၏အစွမ်းအရ အလွယ်တကူ သတ်ပစ်နိုင်ကြသည်။ သို့သော် ထိုကဲ့သို့ နတ်ဆိုး (၂)ယောက် (၃)ယောက်ဆိုလျှင် ဘာလုပ်ကြမည်နည်း။ အကယ်၍ အမှောင်ဘုရင်ကြီးကသာ ပြန်ရောက်လာမည်ဆိုလျှင် ဘာလုပ်နိုင်မည်နည်း။

ဝေ့ကျင်းအဆင့် မကောင်းဆိုးဝါးသခင်များကသာ တစ်ယောက်ပြီး တစ်ယောက် ရောက်လာလျှင် ဘာလုပ်နိုင်မည်နည်း။ ဓမ္မကာရအဆင့် မကောင်းဆိုးဝါးကြီးများသာ တိမ်တိုက်စီးပြီး ရောက်လာလျှင် ဘာလုပ်ကြမည်နည်း။ သူတို့ကတော့ ထိုလူများ၏အစာအဖြစ် သေဆုံးသွားကြရပါလိမ့်မည်။

အခြေအနေနှင့် အချိန်အခါကိုကြည့်၍ လောဘကို ထိန်းချုပ်နိုင်သောသူများကသာ ပို၍အသက်ရှည်ရှည် နေနိုင်ကြသည်။ ကျောင်းဆောင်ထဲမှ ထွက်ခွာလာပြီးနောက် မုန့်ချီတို့အဖွဲ့က အနောက်ဖက်သို့ ဦးတည်လာခဲ့ကြ၏။

လမ်းတစ်လျှောက်တွင် သူတို့နှင့် ဆန့်ကျင်ဖက်မှ ရောက်လာနေသော နတ်ဆိုးများနှင့် တွေ့မှာကို ကြောက်လန့်နေသည့်အတွက် အလွန်သတိထားနေကြသည်။ (၃)နာရီနီးပါးခန့် ကြာပြီးနောက် သူတို့က ကျောင်းဆောင်နှင့် အတော်လေးဝေးဝေးကို ရောက်လာခဲ့၏။

သူတို့အဖွဲ့က ပို၍ဝေးသောနေရာကို ရောက်သွားပြီးနောက် ထိုနယ်မြေထဲတွင် ကျင်လည်ကျက်စားနေသော နတ်ဆိုးများနှင့် တွေ့မှာကို ကြောက်နေသလို ညအချိန် အမဲလိုက်ခံရမှာကိုလည်း ကြောက်နေကြသည်။

ထို့ကြောင့် သူတို့က လူမနေသောဂူတစ်ခုကို တွေ့လိုက်ရသည့်အခါ အထဲတွင် ပုန်းနေကြ၏။ သူတို့က အနီးအနားတွင်လည်း ရေအရင်းအမြစ်ကို ရှာဖွေရန် မလိုအပ်ချေ။ ရွမ်ယုရှု၏ ကျောက်စိမ်းလက်စွပ်ထဲတွင် စားစရာနှင့် သောက်စရာရေများ ရှိသည်။ ကျန်းကျိဝေတို့ဆီတွင်လည်း ပြင်ဆင်ထားသော ပစ္စည်းများ ရှိနေကြ၏။

ကီဟွေအန်နှင့် ဖူကျန်းကျန်းတို့ကလွဲလျှင် မုန့်ချီ၊ ချီကျန်းရန်နှင့် တစ်ခြားလူများက နှစ်ယောက်ဆီ အလှည့်ကျကင်းစောင့်နေကြသည်။ တာဝန်မရှိသည့်အချိန်တွင်တော့ သူတို့က အနားယူကြပြီး ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားများကို ပြန်လည်ဖြည့်ဆည်းတတ်ကြသည်။

တစ်ညတွင်တော့ အလွန်အစွမ်းထက်သော နတ်ဆိုးရနံ့များစွာက သူတို့ကို ဖြတ်ကျော်သွားခဲ့သည်။ တစ်ချို့သော အလင်းတန်းများကပင် လိုဏ်ဂူကို ဖြတ်ကျော်သွားကြ၏။ သူတို့ထဲတွင် နတ်ဆိုးငယ်လေးများလည်း ပါဝင်ကြသည်။

သူတို့၏ပစ်မှတ်က ကျောင်းဆောင်ဖြစ်နေသည်မှာ ကံကောင်းသွား၏။ သူတို့က တစ်ခြားကိစ္စများကို အချိန်ဖြုန်း၍ မရနိုင်သည့်အတွက် မုန့်ချီတို့အဖွဲ့ကို ရှာမတွေ့ကြပေ။

နောက်တစ်နေ့ နေထွက်လာသည့်အချိန်တွင် လိုဏ်ဂူထဲသို့ အလင်းရောင်များ ကျဆင်းလာခဲ့သည်။

"ဒုတိယနေ့ကိုရောက်ပြီ.."

မုန့်ချီက သက်ပြင်းချပြီး ပြောလိုက်၏။

သူက ကီဟွေအန်ကိုလှည့်ကြည့်လိုက်သည်။

"ငါတို့ရဲ့ကံကြမ္မာကို နောက်တစ်ကြိမ်စစ်ဆေးကြည့်ရအောင်။ ပြောင်းလဲမှုတွေ ရှိလာနိုင်ပါတယ်…"

ကီဟွေအန်က ခေါင်းညိတ်ပြီး ကြေးနီအကြွေစေ့လေးများကို ထုတ်လိုက်သည်။ သူက ယခုတကြိမ်လည်း သူတို့၏ကံကြမ္မာကို စတင်စစ်ဆေးကြည့်နေခဲ့၏။ သူက ကြေးနီအကြွေစေ့လေးများကို လေထဲသို့ ပစ်လိုက်သည့်အချိန်တွင် သူတို့က လည်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာခဲ့၏။

"ချွမ်... ဖျောက်…"

အကြွေစေ့လေးတစ်ခုကတော့ ပျက်စီးသွားသည်။

"မလုပ်နဲ့…"

ကီဟွေအန်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ထိုအချိန်တွင် လိုဏ်ဂူထဲ၌ ရှိနေသော မြေပြင်ကြီးက အက်ကွဲသွားပြီး မြွေပုံစံသတ္တဝါတစ်ကောင် ထွက်လာခဲ့သည်။ သူ့ဆီတွင် မျက်လုံး မရှိချေ။ သူ၏ခန္ဓာကိုယ်က ရေပုံးကြီးတစ်ပုံး အရွယ်အစားခန့် ရှိပြီး ခန္ဓာကိုယ်ပေါ်တွင် အကျိအချွဲများ လွှမ်းခြုံနေသည်။ သူက ပါးစပ်ဟပြီး ကီဟွေအန်ကို ဝါးမြိုလိုက်၏။

"တီကောင်နတ်ဆိုးး…."

မုန့်ချီက အော်ဟစ်လိုက်၏။ ထို့နောက် သူက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နှင့် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်တို့ကို အသက်သွင်းပြီး ရှေ့သို့ ပြေးထွက်လိုက်၏။ ဘယ်လက်ကလည်း ဧရာမတီကောင်ကြီး၏ ပါးစပ်ထဲသို့ လှမ်းနှိုက်လိုက်သည်။ ထိုအရာက ကီဟွေအန်ကို အစားမခံရစေရန် တားဆီးပေးနိုင်သည်။တစ်ချိန်တည်းတွင် တီးတိုးဓားက တီကောင်နတ်ဆိုးဆီသို့ ရောက်လာခဲ့၏။

ကျန်းကျိဝေကလည်း အလျင်မြန်ဆုံး တုန့်ပြန်နိုင်ခဲ့သည်။ သူမက ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး အတည့်အတိုင်းခုတ်ချလိုက်၏။ ထို့ကြောင့် တီကောင်နတ်ဆိုးကြီးက နှစ်ပိုင်းပြတ်သွားခဲ့သည်။

ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာပြီး တီကောင်နတ်ဆိုးက ခန္ဓာကိုယ်အောက်ပိုင်းနှင့် မြေကြီးကို ရိုက်ချလိုက်၏။ ထို့နောက် လေထဲသို့ အနည်းငယ် ခုန်လိုက်ပြီး ထွက်ပေါက်ရှိရာကို ကြည့်၍ အော်ပြောလိုက်သည်။

ဘုရင်ကြီး.. သူတို့တွေ ဒီနေရာမှာ…"

ကီဟွေအန်ကို ကိုက်ထားသော ခန္ဓာကိုယ်အပေါ်တစ်ဝက်မှနေ၍ ခန္ဓာကိုယ်အပိုင်းသစ်တစ်ခု ထွက်လာခဲ့သည်။ ထိုသတ္တဝါက မတူညီသော တီကောင်နတ်ဆိုးနှစ်ကောင်အဖြစ် ကွဲသွားခဲ့သည်။

သူ့ဓားနှင့် တိုက်ခိုက်လိုက်သည့်အချိန်တွင် တီကောင်နတ်ဆိုးက လွတ်မြောက်ခြင်း မရှိဘဲ ဒေါင်လိုက်အခုတ်ခံလိုက်ရပြန်သည်။ ထိုအခါ သူက ကြမ်းပြင်ပေါ်တွင် တွန့်လိမ်နေပြီး ယခုတစ်ကြိမ်တော့ ပြန်လည်ရှင်သန်နိုင်စွမ်း မရှိတော့ချေ။

"ဘုရင်ကြီး.. ဟုတ်လား…"

မုန့်ချီကတော့ သူ၏စွမ်းရည်များကို ပြသရန်အချိန်မရှိခဲ့ပေ။ သူက တစ်ကိုယ်လုံး ထုံကျင်သွားသလို ခံစားလိုက်ရပြီး ရင်ထဲတွင် တင်းကျပ်သွား၏။

"တီကောင်နတ်ဆိုးက ကျောင်းဆောင်ထဲကနေ သူတို့နောက်ကို ခြေရာခံပြီး လိုက်လာခဲ့တာလား…"

သူက ပုံသဏ္ဍာန်ပြောင်းလဲသည့်အဆင့်ကို မရောက်သေးသော်လည်း မြေကြီးထဲတွင် ထွက်ပြေးနိုင်သည့် စွမ်းရည်မျိုး ရှိသည်။ ထို့ကြောင့်လည်း သူတို့က ရှာမတွေ့ကြခြင်း ဖြစ်၏။

စိမ်းပြာ‌ရေလှိုင်းရေကန်က အဝေးတွင် ရှိနေသော်လည်း အမှောင်သခင်ကြီးက သူ့အမျိုးများဆီသို့ သွားလည်ပြီးသည့်အတွက် အပြန်လမ်းတွင် ရှိနေနိုင်သည်။ မဟုတ်လျှင်ပင် သူ၏အစွမ်းအရ တစ်ညတည်း ပြန်ရောက်လာရန် လုံးဝမဖြစ်နိုင်ပေ။ ထိုသို့ဆိုလျှင် တစ်ခြားသောမကောင်းဆိုးဝါးဘုရင်တစ်ယောက် ဖြစ်နေခြင်းပေလော။ သူက ဝေ့ကျင်းအဆင့် မကောင်းဆိုးဝါးများထဲတွင် အဆင့်(၁)ဖြစ်နေနိုင်သည်။

မုန့်ချီက စဉ်းစားမနေတော့ဘဲ ခရမ်းသေမင်းဓားကို ထုတ်လိုက်၏။ သူက ထိုဓားကို ကျန်းကျိဝေ၏လက်ထဲသို့ မပေးချင်၍ မဟုတ်ချေ။ ပိုင်ရှင် မဟုတ်သူက ထိုဓားကို သုံးချင်သည်ဆိုလျှင် ဓားနှင့်ဆက်သွယ်ရန်အတွက် နှစ်ဝက်ကျော် အချိန်ပေးရသည်။ အကယ်၍ သူက ကျန်းကျိဝေကို ပေးလိုက်မည်ဆိုလျှင်ပင် သူမက မသုံးနိုင်ပေ။

ဖူကျန်းကျန်းနှင့် ချီကျန်းရန်တို့ကလည်း ရှေ့သို့ ပြေးထွက်လာကြ၏။ တစ်ယောက်က ကီဟွေအန်ကို ကယ်တင်ရန် ကြိုးစားလိုက်ပြီး တစ်ယောက်ကတော့ ရွှေနဂါးဓားနှင့် ခုတ်ချလိုက်သည်။ ရေခဲနှင့် နှင်းများကလည်း ချီစွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး ထွက်ပြေးသွားသော တီကောင်နတ်ဆိုး၏နောက်ကို လိုက်သွားခဲ့၏။

နဂါးတစ်ကောင်၏ အငွေ့အသက်များက ဤနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားသည့်အချိန်တွင် တီကောင်နတ်ဆိုးက တစ်ကိုယ်လုံး တုန်ယင်သွားပြီး မြေပေါ်တွင် တွန့်လိမ်နေခဲ့သည်။ သူက ချီစွမ်းအင်များ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး အပိုင်းပိုင်းအစစ ပျက်စီးသွား၏။ အပိုင်းတစ်ခုချင်းဆီကလည်း ရေခဲများအဖြစ် ခဲသွားခဲ့သည်။

"မင်းတို့တွေက စိမ်းပြာရေလှိုင်းဘုရင်ကြီးရဲ့ ညီအစ်ကိုတွေကိုတောင် သတ်ရဲတဲ့သတ္တိရှိနေတာပဲ.."

လိုဏ်ဂူအပြင်ဘက်မှနေ၍ ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ငါးခေါင်းနှင့် လူခန္ဓာကိုယ် ရှိနေသော မကောင်းဆိုးဝါးတစ်ကောင်က စိမ်းပြာရောင်လှိုင်းများကြားထဲတွင် ရပ်နေခဲ့သည်။ သူ၏အရေပြားက အနက်ရောင် ဖြစ်နေပြီး တစ်ကိုယ်လုံး ကြေးခွံများ လွှမ်းခြုံနေ၏။

သူ့ဆီတွင် အောက်နှုတ်ခမ်း မရှိသော်လည်း ခေါင်းက အလွန်ကြီးမားသည်။ သာမန်နတ်ဆိုးတစ်ကောင်၏ အရွယ်အစားထက် (၃)ဆခန့် ပို၍ကြီးမား၏။ သူ့လက်ထဲတွင်တော့ သံခက်ရင်းခွတစ်ခု ရှိနေပြီး ခက်ရင်းခွ၏ ပတ်ပတ်လည်တွင် ရေလှိုင်းများ ထွက်ပေါ်လာနေသည်။

သူက တိမ်လမ်းလျှောက်ဖိနပ်တစ်စုံ၊ ရွှေရောင်သံချပ်ဝတ်အင်္ကျီနှင့် ခေါင်းပေါ်တွင် ဇာမဏီတောင်ပံဦးထုပ်တို့ကို ဝတ်ဆင်ထားသည်။ သူက ကောင်းကင်တန်ခိုးရှင်ဆီမှ အတုခိုးထားပုံရပြီး သူ့လို ဝတ်ဆင်ထားခဲ့၏။

သို့သော် သူ၏အရေပြားက အလွန်အမင်းကို မည်းနက်နေပြီး ခေါင်းက အလွန်ကြည်နေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အလွန်ကြောက်စရာကောင်းသလို ရယ်စရာလည်း ကောင်းသည်။

အမှောင်သခင်ကြီးက ကောင်းကင်ပေါ်မှ ရောက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်၏။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော လှိုင်းလုံးများက ပြန့်ကျဲသွားခြင်း မရှိဘဲ ခက်ရင်းခွဆီသို့ ရောက်သွားနေသည်။ ထို့နောက် စိမ်းပြာရောင်လှိုင်းလုံးတစ်ခုက ခက်ရင်းခွပုံသဏ္ဍာန် ပြောင်းလဲသွားပြီး သူတို့ဆီကို ပျံသန်းလာခဲ့၏။

ထိုစိမ်းပြာရောင်လှိုင်းလုံးများက အလွန်လေးလံလွန်းလှသည်။ ထို့ကြောင့် ပတ်ဝန်းကျင်လေလှိုင်းများကပင် ပျက်စီးသွားသလို ထင်မှတ်ရပြီး အဝေးမှနေ၍ သူတို့အဖွဲ့ကို ပစ်မှတ်ထားလိုက်၏။

မုန့်ချီက သူ၏ချီစွမ်းအင်များကို အသုံးပြုပြီး ခရမ်းသေမင်းဓားကို အစွမ်းကုန် သုံးလိုက်သည်။ ဓားချီစွမ်းအင်များကလည်း လေထဲတွင် ပြန့်နှံ့သွားပြီး မြေပြင်ကြီးက အက်ကွဲလာသည်။ အနီးအနားတွင် ရှိနေသော သစ်ပင်များပေါ်မှ သစ်ရွက်များစွာလည်း ကြွေကျလာခဲ့၏။

"ဖောက် …"

နေရာတိုင်းတွင် ရေမြုပ်များ ပြန့်ကျဲနေပြီး အရောင်များ လွင့်ပြယ်လာသည်။ ဓားချီစွမ်းအင်များက စိမ်းပြာရောင်လှိုင်းလုံးများကို ခုတ်ပိုင်းလိုက်ပြီး ရှေ့ဆုံးတွင် ရှိနေသော ခက်ရင်းခွကို ပျက်စီးစေခဲ့၏။

ထိုအရာက ပျက်စီးသွားခဲ့သော်လည်း ရောက်လာသော လှိုင်းလုံးများကိုတော့ တားဆီးနိုင်ခြင်းမရှိချေ။ ထိုအချိန်တွင် အလွန်တောက်ပသော ဓားအလင်းတန်းတစ်ခုက ပတ်ဝန်းကျင်တွင် ရှိနေသော အလင်းရောင်များအားလုံးကို စုပ်ယူလိုက်သလို ခံစားလိုက်ရသည်။

ကမ္ဘာမြေကြီးပေါ်တွင် ထိုဓားတစ်ချောင်းတည်းသာ ရှိနေသလို ထင်မှတ်ရ၏။ ထိုအရာက ကောင်းကင်ကြီးပေါ်တွင် ပြိုင်ဖက်ကင်းနေပြီး အလွန်ထူးခြားသော သက်တန့်တစ်ခုပမာ ထင်မှတ်ရ၏။

"ရွှပ်…"

ကျန်းကျိဝေက စိမ်းပြာရောင်လှိုင်းလုံးများကို တိုက်ခိုက်လိုက်သည်။ ထိုအချိန်တွင် အချိန်ယန္တရားကပင် ရပ်တန့်သွားသယောင် ထင်မှတ်ရ၏။

လှိုင်းလုံးများက လုံးဝကို ပျောက်ကွယ်သွားသည့်အချိန်တွင် ကျန်းကျိဝေက နောက်သို့ လွင့်သွားခဲ့သည်။ သူမ၏ပါးစပ်မှနေ၍ သွေးများ စီးကျလာနေသည့်အတွက် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားကြောင်း ပြသနေ၏။

အမှောင်ဘုရင်ကြီးက နောက်တစ်ကြိမ် ခက်ရင်းခွနှင့် တိုက်ခိုက်တော့မည်ကို မြင်သည့်အခါ ဖူကျန်းကျန်းက ကီဟွေအန်ကို ကယ်တင်ရန် ဂရုမစိုက်နိုင်တော့ပေ။ သူမက လက်ထဲတွင် ကိုင်ထားသော နတ်ဆိုးထုတ်ဖော်ကြေးမုံနှင့် အမှောင်ဘုရင်ကြီးကို ချိန်လိုက်သည်။ သူ့၏ပုံရိပ်က ကြေးမုံထဲ၌ပေါ်လာခဲ့၏။

အမှောင်ဘုရင်ကြီးက ခက်ရင်းခွကို ကိုင်ထားပြီး တိုက်ခိုက်တော့မည့်အချိန်တွင် ကျောက်ရုပ်တစ်ခုပမာ ဖြစ်သွားခဲ့၏။ ခြေထောက်အောက်တွင် ရှိနေသော စိမ်းပြာရောင်ရေလှိုင်းများကလည်း နိမ့်ကျလာခဲ့သည်။

ထိုအမြင့်တွင် ကျန်းယွင်ရှန်နှင့် တစ်ခြားလူများက အမှောင်ဘုရင်ကြီးကို မတိုက်ခိုက်နိုင်ကြပေ။ သာမန်လျှို့ဝှက်လက်နက်တစ်ခုကလည်း သူ့ကို တိုက်ခိုက်ရန် အသုံးမပြုနိုင်ပေ။

ထို့ကြောင့် ရွမ်ယုရှုက စဉ်းစားမနေတော့ပဲ သူမ၏ နတ်ဆိုးသတ်မြားကို လှမ်းပစ်လိုက်သည်။ အနီရောင်အလင်းတန်းလေးတစ်ခုက နတ်ဆိုးအငွေ့အသက်များအတိုင်း အမှောင်ဘုရင်ကြီးဆီသို့ ပျံသန်းသွား၏။ ထို့နောက် နတ်ဆိုးထုတ်ဖော်ကြေးမုံ၏ အစွမ်းအာနိသင်များ ပျောက်ကွယ်မသွားခင် အမှောင်ဘုရင်ကြီးကို ထိုးဖောက်သွားခဲ့သည်။

သူ၏ပတ်ပတ်လည်တွင် ရှိနေသော နတ်ဆိုးရနံ့လှိုင်းလုံးများက လျင်မြန်စွာ လောင်ကျွမ်းနေခဲ့၏။ သူတို့က မီးတောက်များအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ တစ်စက်စက် ပြုတ်ကျလာနေခဲ့သည်။ ကြည့်ရသည်မှာ ပေါင်းပင်များ မီးလောင်နေသလို ထင်မှတ်ရ၏။

ရွှေရောင်သံချပ်ဝတ်အင်္ကျီကလည်း လောင်ကျွမ်းနေပြီး အမှောင်ဘုရင်ကြီး၏ အနက်ရောင်ကြေးခွံများက ထိုးဖောက်ခံလိုက်ရသည်။ အမှောင်ဘုရင်ကြီး၏ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခုဖြစ်နေပြီး အတွင်းထဲတွင် ရှိနေသော ကိုယ်တွင်းအင်္ဂါများ ပေါ်နေခဲ့၏။

အမှောင်ဘုရင်ကြီးက နာကျင်စွာအော်ဟစ်လိုက်သော်လည်း နတ်ဆိုးထုတ်ဖော်ကြေးမုံ၏ အစွမ်းကြောင့် ခန္ဓာကိုယ်က လှုပ်ရှားရန် ခက်ခဲနေခဲ့သည်။

ထိုအချိန်တွင် မုန့်ချီက သူ၏စိတ်ဝိညာဉ်စွမ်းအားများ အားလုံးကို ခရမ်းသေမင်းဓားဆီသို့ ပေါင်းထည့်လိုက်၏။ ထိုအခါ သူ၏ခေါင်းထဲတွင် မူးဝေလာပြီး မျက်လုံးနှင့်ပါးစပ်ထဲမှနေ၍ သွေးများ စီးကျလာနေခဲ့၏။ သူက ဓားနှင့် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။

ဓားချီစွမ်းအင်များက ကောင်းကင်ပေါ်သို့ ရောက်သွားပြီး အပေါ်၌ ရှိနေသော အဖြူရောင်တိမ်တိုက်များကို ဖျက်ဆီးပစ်လိုက်သည်။ လေလှိုင်းများကပင် ပျောက်ကွယ်သွားခဲ့၏။

"ချွမ်..."

သတ္တုချင်း ထိခိုက်သံတစ်ခု ထွက်ပေါ်လာသည်။ ဓားချီစွမ်းအင်များက အပေါက်ထဲသို့ ရောက်သွားပြီး အမှောင်ဘုရင်ကြီး၏ ခန္ဓာကိုယ်အတွင်းပိုင်းထဲကို ထိုးဖောက်သွားသည်။ ကျန်ရှိနေသော ဓားချီစွမ်းအင်များက သူ၏ကိုယ်တွင်းအင်္ဂါများကို တိုက်ခိုက်လိုက်၏။

"အားးးးး …"

အမှောင်ဘုရင်ကြီးက အော်ဟစ်လိုက်သည်။ သူက နာကျင်မှုကို ခံနိုင်ရည်မရှိချေ။ အလွန်စူးရှသော သူ၏အော်သံကို နားထဲတွင် ကြားလိုက်ရသည့်လူတိုင်းကလည်း ခေါင်းကိုက်သွားကြ၏။

ထိုအချိန်တွင် လှိုင်းလုံးများ နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး အမှောင်ဘုရင်ကြီးက ကောင်းကင်ပေါ်သို့ ပျံသန်း၍ ထွက်ပြေးသွားခဲ့သည်။ မည်သို့ဖြစ်စေကာမူ သူတို့က သူ့ကို မသတ်နိုင်သေးပေ။

ဝေ့ကျင်းအဆင့် မကောင်းဆိုးဝါးတစ်ကောင်က အမှန်တကယ်ကို ကြောက်စရာ ကောင်းလွန်းလှ၏။ မုန့်ချီတို့ကတော့ စွမ်းအားများအားလုံး ကုန်ဆုံးသွားကြသော်လည်း အမှောင်ဘုရင်ကြီးကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင်သာ လုပ်နိုင်ခဲ့သည်။

အကယ်၍ သူ့ဆီတွင်သာ ကုသဆေးများ ရှိမည်ဆိုလျှင် (၂)ရက်(၃)ရက်အတွင်း သူတို့နောက်ကို နောက်တစ်ကြိမ် ပြန်လိုက်လာနိုင်၏။

"ဒီနေရာကနေ အရင်ဆုံးထွက်သွားကြစို့…"

သူတို့၏တည်နေရာက ပေါ်သွားပြီဖြစ်သည့်အတွက် သူတို့က ဆက်နေ၍ မရတော့ပေ။

မုန့်ချီက ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေသော ကျန်းကျိဝေကို ထူလိုက်ပြီး နောက်ကျောတွင် ကုန်းပိုးလိုက်သည်။ ထို့နောက် သူက ခေါင်းကိုက်နေသည်ကို ခံနိုင်ရည်ရှိအောင် ကြိုးစားလိုက်ပြီး တစ်ခြားသူများနှင့်အတူ အနောက်ဖက်သို့ဆက်၍ ထွက်လာခဲ့၏။

ကျန်းယွင်ရှန်ကတော့ ကီဟွေအန်ကို နောက်ကျောတွင် သယ်ဆောင်ထားသည်။ ချီကျန်းရန်၊ ရွမ်ယုရှုနှင့် တစ်ခြားသူများကလည်း သူ့နောက်မှ လိုက်လာခဲ့၏။

ကီဟွေအန်နှင့် ကျန်းကျိဝေတို့က ဆိုးဆိုးဝါးဝါး ထိခိုက်နေကြသည်။ ဖူကျန်းကျန်း၏ လူကယ်ကျင့်စဉ်က သူတို့၏လက်ရှိအခြေအနေကို တည်ငြိမ်သွားအောင်သာ လုပ်ပေးနိုင်သည်။ သူတို့က ကိုယ့်ကိုယ်ကိုယ် ပြန်ကောင်းစေရန်အတွက် စွမ်းအားပြန်ဖြည့်ဆေးတစ်လုံး သောက်ရန် လိုအပ်သည်။

မဟုတ်လျှင် သူတို့က အလွန်ဆိုးရွားသော အခြေအနေတစ်ခု ထပ်ကြုံလိုက်ရသည်နှင့် လုံးဝသေဆုံးသွားကြရပါလိမ့်မည်။

Translated by Hein Htet.

All Chapters