အခန်း (၂၄၅)
Vol. 17 Ch. 245
(၅) ရက်မြောက်နေ့ ညအချိန်ကို ရောက်နေပြီဖြစ်သည်။
"အနောက်ဘက်ကိုပဲ…"
ကီဟွေအန်က ကံကြမ္မာဖတ်ခြင်း ရလဒ်ကိုကြည့်ပြီး ချွေးပျံနေသည့်ပုံစံနှင့် ပြောလိုက်သည်။
မုန့်ချီက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
"နောက်ထပ်လည်း အနောက်ဘက်ကိုပဲလား... "
သူက လမ်းတလျှောက်တွင် ကံကြမ္မာဖတ်ကြည့်သည့်အချိန်တိုင်း အနောက်ဘက်ကိုသာ ပြနေသည်မှာ အလွန်ထူးဆန်းနေသည်။ ထို့ကြောင့် မုန့်ချီက ကီဟွေအန်၏ စွမ်းရည်ကိုပင် စတင်သံသယဝင်လာခဲ့၏။
သို့သော် တူညီသောရလဒ်သာ ရလာသည့်အတွက် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ဆိုလိုနေသည်။ ထိုအရာက ကီဟွေအန် လှည့်ကွက်ဆင်နေခြင်းလည်း မဟုတ်ချေ။ သူ့အသက်ကို စွန့်စားပြီး ထိုအရာမျိုးကိုလုပ်ရန် မလိုအပ်ချေ။
"ကျွန်တော်လည်း မသိတော့ဘူး... "
ကီဟွေအန်က ခေါင်းခါပြီး ပြောလိုက်သည်။
"ဒါဆိုရင် ငါတို့က အနောက်ဘက်ကိုပဲ ဆက်သွားကြမှာလား... "
ဖူကျန်းကျန်းက အားနည်းစွာ ပြောလိုက်၏။
"သေချာပေါက် မသွားဘူး... "
ကျန်းယွင်ရှန် ၊ လော်ရှန်းကျိ ၊ ချီကျန်းရန်နှင့် မုန့်ချီတို့က တပြိုင်နက်တည်း ပြန်ဖြေလိုက်ကြသည်။ သူတို့က ယမန်နေ့ မနက်စောစောတွင် အနောက်ဘက်ကို ထွက်လာခဲ့ကြခြင်း မဟုတ်ချေ။
စိမ်းပြာရေလှိုင်းဘုရင်ကြီး တိုက်ခိုက်ပြီးသွားသည့် အချိန်ကတည်းကစပြီး ပထမဆုံး ရက်အနည်းငယ် အတောအတွင်း ကျောင်းဆောင်၏ အပြင်ဘက်တွင် သူတို့ကို လိုက်ရှာနေသော နတ်ဆိုးအနည်းငယ်ကို တွေ့ခဲ့ရသည်။ သူတို့က ပုန်းနေခဲ့ကြသည့်အတွက် ခရီးကို ချောချောမွေ့မွေ့ ဆက်နိုင်ကြ၏။
သို့သော် (၅) ရက်မြောက်နေ့တွင်တော့ သူတို့၏ရှေ့တွင် နတ်ဆိုးများကို တွေ့လိုက်ရပြီး သူတို့က ရတနာတစ်ခုကို ရှာနေသကဲ့သို့ ဂရုတစိုက် ရှာနေကြသည်။ သူတို့က ပုန်းနေရာမှ ထွက်ရန် ခက်ခဲသည့်အတွက် ကီဟွေအန်ကို နောက်တစ်ကြိမ် စစ်ဆေးခိုင်းလိုက်ခြင်း ဖြစ်သည်။
အရှေ့ဘက်တွင် နတ်ဆိုးများ ရောက်နေသည့်အတွက် သူတို့က လမ်းကြောင်းတစ်ခု ရှာဖွေရမည်ဖြစ်ပြီး လမ်းကြောင်းများစွာကို ပြောင်းလဲခဲ့ရသည်။
"အနောက်ဘက်ကိုသွားဖို့ ကြိုးစားကြည့်မယ်... ။ တကယ်လို့ တစ်ယောက်တည်း ကွဲထွက်နေတဲ့ နတ်ဆိုးငယ်တစ်ယောက်ကို တွေ့ရမယ်ဆိုရင် သူ့ကိုဖမ်းပြီး နှိပ်စက်ကြည့်မယ်... "
မုန့်ချီက အသံတိုးတိုးနှင့် ပြောလိုက်၏။
အကယ်၍ သူတို့သာ နောက်ထပ် (၂) ရက်ခန့် နေနိုင်မည်ဆိုလျှင် သေမင်းတမန် တိုက်ပွဲကို ဖြတ်ကျော်နိုင်ပါလိမ့်မည်။ ထို့ကြောင့် လူတိုင်းက ခေါင်းညိတ်ပြလိုက်၏။ သူတို့ကတော့ လက်လျှော့လိုခြင်း မရှိကြပေ။
မုန့်ချီက သူ၏စိတ်ဝိညာဉ်စွမ်းအားကို လှုပ်ရှားလိုက်၏။ ရင်ထဲတွင်လည်း မှန်တစ်ချပ်ကဲ့သို့ တောက်ပနေခဲ့သည်။ ထို့နောက် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ် ၊ ချီစွမ်းအင်များနှင့် စိတ်ဝိညာဉ်စွမ်းအားများကို သုံးလိုက်ပြီး ပတ်ပတ်လည်ရှိ အရာဝတ္ထုတိုင်းကို စစ်ဆေးကြည့်လိုက်၏။
သစ်ပင်ပေါ်တွင် ငှက်တစ်ကောင် ရှိနေပြီး ခြောက်ကပ်နေသော သစ်တုံးကြီး တစ်တုံးထဲတွင် ပိုးကောင်များ ရှိနေသည်။ ခြုံပုတ်ထဲတွင် မြွေတစ်ကောင် သွားလာနေ၏။ မြေကြီးထဲတွင်လည်း တီကောင်များ ရှိနေသည့်အတွက် နေရာတိုင်းတွင် သူတို့၏အငွေ့အသက်များ ပြည့်နှက်နေသည်။ သူကတော့ ထိုအရာများကိုသာ စစ်ဆေးနိုင်ခဲ့၏။
ပို၍ဝေးသောနေရာကို စစ်ဆေးနိုင်ခြင်း မရှိချေ။ သို့သော် တစ်ဖက်ရှိအရာများက လူသားများမဟုတ်ဘဲ မကောင်းဆိုးဝါး ဖြစ်နေသည့်အတွက်ကြောင့်သာ အသေးစိတ် စစ်ဆေးနိုင်ခြင်း ဖြစ်သည်။
ငှက်များ ၊ ပိုးကောင်များနှင့် တခြားသော သတ္တဝါများက သူတို့၏ အစစ်အမှန်ပုံစံများ ဖြစ်နိုင်သည်။ ထို့ကြောင့် သူတို့က နတ်ဆိုးများကို ရှောင်တိမ်းချင်သည်ဆိုလျှင် သူတို့ကို သတ်ပစ်ခြင်း သို့မဟုတ် အာရုံခံ၍မရတော့အောင် လုပ်ဆောင်ခြင်းမျိုး လုပ်ရပါလိမ့်မည်။ ထို့ပြင်သူတို့၏ တည်နေရာကို ဖုံးကွယ်ရန်လည်း ဂရုစိုက်ရဦးမည် ဖြစ်၏။
ထိုအရာက တီကောင်နတ်ဆိုးကို လုပ်ခဲ့သလိုမျိုးသာ ဖြစ်သည်။ သူတို့က စိတ်ဝိညာဉ်စွမ်းအားကို အားကိုးပြီး အရာအားလုံးကို အာရုံခံနိုင်နေသည့် အတွက်ကြောင့်သာ (၅) ရက်မြောက်နေ့အထိ အောင်အောင်မြင်မြင် ဖြတ်ကျော်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
ချီကျန်းရန်က ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး သူ၏ပတ်ပတ်လည်တွင် သံသယဝင်စရာကောင်းသော ကျောက်တုံးနှင့် သဲပုံများကို လက်သီးနှင့်ထိုးလိုက်သည်။ ပတ်ပတ်လည်တွင် ရှိနေသော တီကောင်များနှင့် သတ္တဝါများကပင် ခွန်းလွန်ဖျက်ဆီးခြင်း သိုင်းကွက်ကြောင့် ရှင်းပစ်ခံလိုက်ရ၏။
"သွားကြစို့ …"
လော်ရှန်းကျိက သူတို့အားလုံးကို ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်သည်။ ထို့နောက် သူတို့၏ အငွေ့အသက်များကို ထိန်းချုပ်ပြီး သတိထား၍ ဆက်ထွက်လာခဲ့ကြ၏။
ခဏကြာပြီးနောက် သူတို့၏ နှာခေါင်းထဲတွင် နတ်ဆိုးရနံ့များ တိုးဝင်လာပြီး ဆူညံသော အသံများကို ကြားလိုက်ရသည်။ နတ်ဆိုးပေါင်းများစွာက ဂရုတစိုက် ရှာဖွေနေကြခြင်း ဖြစ်၏။
"တော်တော်ထူးဆန်းတယ်... "
မုန့်ချီ ၊ ကျန်းကျိဝေနှင့် ချီကျန်းရန်တို့က အချင်းချင်း ကြည့်လိုက်မိကြပြီး နတ်ဆိုးတစ်ကောင်ကို အရှင်ဖမ်းရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့က ဆက်ပုန်းနေ၍ မရနိုင်တော့ပေ။
သူက ချီကျန်းရန်ကို အဝေးမှ တိုက်ခိုက်ခြင်းမလုပ်ရန် အချက်ပြလိုက်သည်။ ထို့နောက် ပုံရိပ်ယောင် ခန္ဓာကျင့်စဉ်ကို သုံးလိုက်ပြီး အရှေ့တွင် ရှာဖွေနေသောနေရာသို့ ချဉ်းကပ်သွားကာ နတ်ဆိုးငယ်လေးများ၏ရှေ့တွင် ပုန်းနေခဲ့သည်။
ခဏကြာပြီးနောက် နတ်ဆုံးငယ်တစ်ကောင်က လျင်မြန်စွာ ရှာဖွေနေရင်း အဖွဲ့နှင့်ကွဲသွားခဲ့၏။ မုန့်ချီက ချီကျန်းရန်ကို လှမ်းကြည့်လိုက်ပြီး အင်မော်တယ်ဖိနှိပ်ခြင်း ကျင့်စဉ်ကို သုံးလိုက်၏။ ထို့နောက် သူက နတ်ဆိုးငယ်လေးဆီကို တစ္ဆေတစ်ကောင်ကဲ့သို့ ကပ်သွားခဲ့သည်။ အနားတွင် ရှိနေသော နတ်ဆိုးများကတော့ မည်သည့်အရာများ ဖြစ်နေကြောင်း မသိကြပေ။
သူတို့နှစ်ယောက်က တစ်နှစ်နီးပါးခန့် အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် ချီကျန်းရန်နှင့် သူက အချင်းချင်းနားလည်နေပြီး ပေါင်းစပ်လုပ်ဆောင်ရာတွင် အတော်လေး ပြည့်စုံနေသည်။
ချီကျန်းရန်က အဝေးမှနေ၍ ရွှေနဂါးဓားကို ဆွဲထုတ်လိုက်သည်။ သူက နဂါးစွမ်းအားများကို စုစည်းပြီး နတ်ဆိုးငယ်လေးကို တိုက်ခိုက်လိုက်၏။ နတ်ဆိုးငယ်လေးက တုန်ယင်နေပြီး မတ်မတ်ပင် မရပ်နိုင်တော့ပေ။
မုန့်ချီက အနားသို့ကပ်သွားပြီး အလွယ်တကူ သတိလစ်သွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ထို့နောက် နတ်ဆုံးငယ်လေးကိုဖမ်းပြီး သူတို့၏ လျှို့ဝှက်နေရာသို့ ပြန်လာခဲ့ကြ၏။
သူတို့၏လှုပ်ရှားမှုက အသံအနည်းငယ် ထွက်နိုင်သော်လည်း ယခုလို အခြေအနေမျိုးတွင် မည်သူမျှ သတိမထားမိကြပေ။ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်နှင့် ပုံရိပ်ယောင်ခန္ဓာကျင့်စဉ်တို့က လုပ်ကြံသတ်ဖြတ်ရာတွင် အခြေခံ ဖြစ်၏။
နောက်သို့ပြန်ဆုတ်လာပြီးနောက် မုန့်ချီက နတ်ဆိုးငယ်လေးကို နှိုးလိုက်သည်။ သူက နဂါးတစ်ကောင်၏အစွမ်းကို ထုတ်လွှတ်ပြီး နတ်ဆိုးကို မေးလိုက်၏။
"မင်းတို့က ဘာလို့ ဒီနေရာကို ရှာနေကြရတာလဲ... "
နတ်ဆိုးငယ်လေးက ကြောက်လန့်တကြား ပြန်ဖြေလိုက်သည်။
"န နဂါးသခင်ကြီး…
ကျွန်တော်တို့ဘုရင်ကြီးက အဲဒီလိုလုပ်ဖို့ အမိန့်ပေးထားလို့ပါ... "
"ဘာလို့သူတို့က အဲဒီလိုလုပ်ရတာလဲ... "
မုန့်ချီက မေးခွန်းထုတ်လိုက်သည်။
ထိုနတ်ဆိုးငယ်လေးကတော့ ဉာဏ်မကောင်းသည့်အတွက် သူက မေးခွန်းတစ်ခုချင်းဆီ မေးနေရသည်။
"နဂါးသခင်ကြီး …
တောင်တစ်တောင်ချင်းဆီမှာရှိတဲ့ ဘုရင်ကြီးတွေက ကျောင်းဆောင်ထဲမှာ ပျက်စီးနေတဲ့ သစ်သားပြားတစ်ခုကိုပဲ တွေ့ခဲ့ရတယ်...။ အဲဒီမှာ ဘာအခွင့်အရေးမှမရှိဘူး... ။ စိမ်းပြာရေလှိုင်းသခင်ကြီးကတော့ အဲဒီနေရာကို လူစိမ်းတွေ ရောက်လာပြီး သူတို့က အခွင့်အရေးကို ခိုးသွားတယ်လို့ ပြောကြတယ်... ။ ဒါကြောင့် ကျွန်တော်တို့က ပတ်ပတ်လည်ကို ရှာဖွေနေကြတာ... "
နတ်ဆိုးငယ်လေးက ဘုရင်ကြီး၏အမိန့်ကို ပြောပြလိုက်သည်။
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။
"စိမ်းပြာရေလှိုင်းဘုရင်ကြီးက ဘယ်နေရာမှာလဲ... "
"သူက ဒဏ်ရာတွေကိုကုသဖို့ တောင်တန်းပေါ်ကို ပြန်သွားတယ်... ။ (၂) အတွင်း ပြန်လာပါလိမ့်မယ်... "
နတ်ဆိုးငယ်လေးက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
မုန့်ချီက တောင်တစ်တောင်ချင်းဆီတိုင်းတွင် နတ်ဆိုးငယ်လေးများ၏ ရှာဖွေရေးနယ်ပယ်အကြောင်းကို မေးလိုက်သည်။ သူက ပို၍မေးလာလေလေ ပို၍မျက်မှောင်ကြုတ်လိုက်မိလေလေ ဖြစ်၏။
"သူတို့တွေက လေထဲပျံသန်းနိုင်တဲ့ ဘုရင်ကြီးတွေကို အားကိုးနေကြတာပဲ ။ ဒါကြောင့်လည်း ငါတို့ရဲ့ရှေ့ကို ရောက်နေတာလား..။ သူတို့က ကျောင်းဆောင်အပြင်ဘက်မှာ ရက်ပေါင်းများစွာ လှုပ်ရှားနေတဲ့ ငါတို့အဖွဲ့ကို ဘယ်လိုတားဆီးမှာလဲ... ။ သူတို့က အပြင်ဘက်ခြမ်းကနေ တစ်လက်မချင်းဆီ ရှာဖွေနေတယ်ဆိုတော့ ကြားထဲမှာ ငါတို့အတွက်နေရာက တဖြည်းဖြည်း နည်းသွားနိုင်တယ်.။ ပြောရမယ်ဆိုရင် ငါတို့ကသာ မနက်ဖြန်ထိ သူတို့ဝိုင်းထားတဲ့ နေရာကနေ မထွက်နိုင်ဘူးဆိုရင် နေရာငယ်လေးထဲမှာပဲ လှုပ်ရှားနိုင်တော့မယ်... ။ ပြီးရင်တော့ နတ်ဆိုးငယ်လေး (၁) သောင်းကျော်က ငါတို့ကို တိုက်ခိုက်ကြလိမ့်မယ်.."
မုန့်ချီက သူ၏သုံးသပ်ချက်နှင့် ပတ်သက်ပြီး ကျန်းကျိဝေတို့ကို ပြောပြလိုက်သည်။ ကျန်းကျိဝေက ဒဏ်ရာသက်သာသွားပြီ ဖြစ်၏။ သူမက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်သည်။
"ငါတို့ကချိုးဖောက်ဖို့ အားနည်းတဲ့နေရာတစ်ခုကို ရှာရမယ်..။ ပြီးရင် ငါတို့လုပ်ဖို့ လိုအပ်တာက နတ်ဆိုးတွေ ရှာဖွေနေတဲ့နယ်မြေရဲ့အပြင်ဘက်ကို ကျော်သွားဖို့ပဲ ။ ဒါဆိုရင် ငါတို့က နောက်ဆုံးနေ့အထိ အေးအေးဆေးဆေးနေနိုင်ပြီ…"
(၈) ရက်မြောက်နေ့ မိုးလင်းသွားသည့်အချိန်တွင် လူတိုင်းက ပြန်သွားနိုင်မည် ဖြစ်သည်။
"အရှေ့မြောက်ဘက်မှာ ကင်းခြေများဝိညာဉ်နဲ့ မြွေဝိညာဉ်ရှိတယ်... ။ အနောက်တောင်ဘက်မှာ ကျွဲဝါဝိညာဉ် (၃) ကောင်ရှိတယ်... ။ သူတို့တွေထဲမှာ အများစုက ဝေ့ကျင်းတစ်ဝက်အဆင့်တွေပဲ ။ ကြည့်ရတာ မကောင်းဆိုးဝါး သူတော်စင်က အထွဋ်အမြတ်တောင်ထိပ်ကို တိုက်ခိုက်လိုက်တဲ့အချိန်မှာ မဟာတန်ခိုးရှင်တွေနဲ့ အစစ်အမှန် မကောင်းဆိုးဝါးဘုရင်ကြီးတွေက ပျောက်ကွယ်သွားတာ ထင်တယ်... "
မုန့်ချီက နတ်ဆိုးငယ်လေး ပြောသည့်စကားအရ ရှာဖွေသည့်နေရာဖြန့်ခွဲမှုကို သေချာ ဆွေးနွေးနေခဲ့သည်။
ကျန်းယွင်ရှန်က ပြန်ဖြေလိုက်၏။
"တကယ်လို့ ငါတို့ကသာ ဝေ့ကျင်းအဆင့် မကောင်းဆိုးဝါးတစ်ကောင်ကို ရင်ဆိုင်ရမယ်ဆိုရင် ငါတို့တွေ ပူးပေါင်းတိုက်ခိုက်ရင်တောင် ရှုံးနိမ့်သွားနိုင်တယ်... ။ ဒါကြောင့် ငါတို့က သူတို့ကို ရှောင်တိမ်းရမယ်... ။ ကောင်းကင်သိစိတ်မရှိသလို အဝေးကနေ တိုက်ခိုက်လို့မရတဲ့ မကောင်းဆိုးဝါးတွေကို အလေးထားပြီး တိုက်ခိုက်တာ ငါတို့အတွက် ပိုပြီးကောင်းတယ်... "
လော်ရှန်းကျိက ထွက်ပြေးနိုင်သော ဝေ့ကျင်းတစ်ဝက်အဆင့် မကောင်းဆိုးဝါး တစ်ကောင်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် အတော်လေး ဖိအားများပါလိမ့်မည်။ သူတို့က လေထဲသို့ ပျံသန်းနိုင်သည့်အတွက် နတ်ဆိုးထုတ်ဖော်ကြေးမုံမရှိဘဲ သတ်၍ရမည် မဟုတ်ချေ။
ပုံမှန်အားဖြင့် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်များက ကမ္ဘာမြေကြီး၏စွမ်းအား အနည်းငယ်ကိုသာ ငှားသုံးနိုင်ကြသည်။ သို့သော် သူတို့က အနီးကပ် တိုက်ခိုက်နေသည့် အချိန်တွင် ဒိုအာချာကဲ့သို့ ထွက်ပြေးနိုင်သေး၏။
လူတိုင်းက ခဏကြာ စဉ်းစားနေကြသည်။ သူတို့က ကောင်းကင်သိစိတ် ရှိနေသော ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်များ ရှိနေသည့် နေရာများကို ဖယ်ထုတ်နေခဲ့၏။ နောက်ဆုံးတွင်တော့ သူတို့က ကျွဲဝါဝိညာဉ် (၃) ကောင်ရှိရာသို့သွားရန် ဆုံးဖြတ်လိုက်သည်။
ထိုဝိညာဉ် (၃) ကောင်က ခွန်အားအရာတွင် လူသိများပြီး ထိပ်တိုက် ရင်ဆိုင်တတ်ကြသည်။ ထိုအရာက သူတို့အဖွဲ့၏ အကောင်းဆုံး ပြိုင်ဘက်လည်း ဖြစ်နိုင်၏။ ကျွဲဝါဝိညာဉ် (၃) ကောင်က ဝေ့ကျင်းတစ်ဝက်အဆင့်သာ ရှိနေသေးသည်။ အကယ်၍ သူတို့ကသာ အလစ်ချောင်း၍ တိုက်ခိုက်လိုက်မည်ဆိုလျှင် ကျွဲဝါဝိညာဉ် (၃)ကောင်ကို တစ်ပြိုင်နက်တည်း တွေ့ရမည်ဆိုလျှင်ပင် အလွယ်တကူ ဖြတ်ကျော်နိုင်ပါလိမ့်မည်။
အရာအားလုံးကို စဉ်းစားလိုက်ပြီးနောက် မုန့်ချီတို့က လမ်းကြောင်းပြောင်းလိုက်ပြီး အမှောင်ထုအောက်တွင် အနောက်တောင်ဘက်သို့ ထွက်ခွာလာခဲ့ကြ၏။ တချို့သော မကောင်းဆိုးဝါးများက ညအချိန်တွင် သားရဲများကဲ့သို့ ပုန်းအောင်းနေကြသော်လည်း အမှောင်ထုကြီး ဖုံးကွယ်နေသည့်အချိန်တွင် လှုပ်ရှားခြင်းက ပိုကောင်းနေသေးသည်။
ကျန်းကျိဝေ ၊ ချီကျန်းရန်နှင့် တခြားလူများက ပြောင်းလဲမှုကျင့်စဉ်ကိုသုံးပြီး ဖူကျန်းကျန်း ၊ ကီဟွေအန်နှင့် လော်ရှန်းကျိတို့ကို ဖုံးကွယ်ပေးထားသည်။ မုန့်ချီကတော့ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကိုသုံးပြီး ရွမ်ယုရှုကို ကာကွယ်ပေးထား၏။
သူတို့က ရှေ့ကိုတစ်လှမ်းချင်းဆီ လျှောက်လာကြပြီး ခြေလှမ်းတစ်ခုချင်းဆီတိုင်းက အတော်လေး လေးကန်နေကြသည်။ သူတို့က လမ်းတလျှောက်တွင်လည်း နတ်ဆိုးငယ်လေးများကို တွေ့ကြုံနေရ၏။ အကယ်၍ သူတို့က အနားသို့ ကပ်လာမည်ဆိုလျှင် စိတ်ဝိညာဉ်စွမ်းအားကိုသုံးပြီး သူတို့ကို နှောင့်ယှက်တတ်သည်။
မှောင်မည်းနေသော ညအချိန်တွင် မကောင်းဆိုးဝါးများ၏ တည်နေရာကလည်း ပျောက်ကွယ်နေ၏။ သူတို့က အသက်အောင့်ထားပြီး အကြောက်တရားများ ၊ ထိတ်လန့်ကြောက်ရွံ့မှုများကြောင့် သူတို့၏ စိတ်အခြေအနေကို နှောက်ယှက်ခွင့် မပြုနိုင်ပေ။
"သူတို့က ငါတို့ကို အထင်သေးနေတယ်ဆိုတာ ငါသိတယ်... "
နတ်ဆိုးများက တဖြည်းဖြည်း ပို၍နည်းလာသည်။
သူတို့က ဝိုင်းရံထားသည့်နေရာမှ ထိုးဖောက်တော့မည့်အချိန်တွင် ရုတ်တရက် ကျွဲအော်သံကြီးတစ်ခုကို ကြားလိုက်ရသည်။ လေထဲမှနေ၍ ကျွဲအော်သံများ ကြားလိုက်ရပြီး ကျွဲခေါင်းနှင့် လူခန္ဓာကိုယ် ရှိနေသော မကောင်းဆိုးဝါး (၃) ကောင်က အမှောင်ထဲမှနေ၍ ဆင်းသက်လာခဲ့သည်။ သူတို့၏မျက်လုံးများကလည်း နီရဲနေပြီး စွမ်းအားများ ကုန်ဆုံးနေပုံရသည်။
ကြည့်ရသည်မှာ သူတို့က ရက်အနည်းငယ်ကြာ လေထဲတွင် ပျံသန်းပြီး ယခုမှ ပြန်လာကြပုံပေါ်သည်။ သူတို့ကလည်း နတ်ဆိုးငယ်လေးများကဲ့သို့ သူတို့ရှာဖွေသည့်နယ်မြေကို တာဝန်ယူထားရသည်။ ထိုကျွဲဝါ(၃) ကောင်က တခြားသော နတ်ဆိုးငယ်လေးများအတွက် စံပြပုဂ္ဂိုလ်များ ဖြစ်ကြ၏။
"ကျွဲ (၃) ကောင်… အတူတူရောက်လာတယ်... "
မုန့်ချီက လှုပ်ရှားသွားခဲ့သည်။
သူက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်နှင့် အနတ္တကျိန်စာဖျက်ဓားပညာတို့၏ နှလုံးကျင့်စဉ်ကို သုံးထားခဲ့သော်လည်း ယခင်တုန်းက ကြုံတွေ့ရသည့် ဆိုးရွားဖွယ် အတွေ့အကြုံများက သူ့ကိုယ်သူ ဖိအားပေးရန် လုံလောက်သည်။ သူ၏နှလုံးခုန်သံကလည်း မြန်လာခဲ့၏။
သူကတော့ သံသရာအရှင်သခင်ကိုသာ ကျိန်ဆဲချင်နေတော့သည်။ သူတို့က ထိုကဲ့သို့ မဖြစ်နိုင်သော အရာတစ်ခုကို တွေ့ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုအရာက သေမင်းတမန်တာဝန်ပေလော။
ကျိန်ဆဲခြင်းက သူ၏သုံးသပ်ချက်များကို ဖုံးလွမ်းသွားခြင်း မရှိချေ။ သူကတော့ သူ့အသက်ကို အဆုံးစွန်ထိ ကာကွယ်ရမည် ဖြစ်သည်။
"ငါက ကျွဲတစ်ကောင်ကို တားထားမယ်... ။ နင်တို့တွေက တခြားကျွဲ (၂) ကောင်ကို ရင်ဆိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားကြ... "
ကျန်းကျိဝေက မုန့်ချီတို့ကို လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။ ထို့နောက် သူမက ဓားရှည်ကိုကိုင်ပြီး လေထဲသို့ ခုန်သွားလိုက်၏။
ထိုကျွဲဝါဝိညာဉ်များက လက်ထဲတွင် ကြေးနီတုတ်ကြီးများကို ကိုင်ထားသည်။ ကျွဲဝါဝိညာဉ်များက ခွန်အားကြီးခြင်းကလွဲလျှင် တခြားမည်သည့်အရာမျှ မရှိကြပေ။ အနက်ရောင်လေလှိုင်းများ တိုက်ခတ်လာသည့်အချိန်တွင် သူတို့က ကြောက်စရာကောင်းစွာ တိုက်ခိုက်နိုင်ကြ၏။
ကြည့်ရသည်မှာ ို သာမာန်လူများကတော့ လေလှိုင်းများကခံနိုင်ရည်ရှိပုံ မရချေ။ သို့သော် ကျန်းကျိဝေ၏ဓားကတော့ သက်ရောက်မှုမရှိဘဲ သူမက ကြေးနီသံတုတ်ကို အလွယ်တကူ ရင်ဆိုင်နိုင်ခဲ့၏။
ကျွဲဝါဝိညာဉ်က သူမနှင့်အတူ မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့သည်။ ကျန်းကျိဝေက ဖျက်ဆီးခြင်း ပင်လယ်သိုင်းကွက်နှင့် တိုက်ခိုက်တော့မည့်အချိန်တွင် သူမ၏ခြေထောက်က လေးလံလာပြီး တစ်စုံတစ်ခုက လှုပ်ရှား၍မရအောင် ချုပ်နှောင်ထားသလို ခံစားလိုက်ရ၏။
"သူတို့တွေက မြေကြီးရဲ့စွမ်းအားကို ငှားယူနိုင်တာလား... ။ မြေပြင်ပေါ်မှာရှိတဲ့ မူမမှန်မှုတွေက သူတို့ကြောင့်လား... "
ကျွဲဝါဝိညာဉ်များက ဘာကြောင့် ထိပ်တိုက်ရင်ဆိုင်ခြင်းကို သဘောကျကြောင်း ကျန်းကျိဝေက ချက်ချင်း နားလည်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က မြေပြင်ပေါ်တွင်သာ အစွမ်းကုန် သုံးနိုင်ခြင်းကြောင့် ဖြစ်၏။
ဝေ့ကျင်းတစ်ဝက်အဆင့် မကောင်းဆိုးဝါးတစ်ယောက်က နတ်ဘုရားစွမ်းရည်များကို အသုံးပြုနိုင်ကြောင်း ကျိကျန်းစံအိမ်ရှိ မှတ်တမ်းစာအုပ်ထဲတွင် ပြည့်ပြည့်ဝဝ မှတ်တမ်းတင်ထားသည်။ ကျန်းကျိဝေက ဓားရှည်ကို ဆုပ်ကိုင်ပြီး လေးလံသော ကြေးနီသံတုတ်ကြီးကို အဝေးသို့ ရောက်သွားအောင် တိုက်ခိုက်လိုက်သည်။
ထိုအခွင့်အရေးကို အရယူပြီး သူမက ကျွမ်းကျင်စွာ လှည့်ပတ်၍ တိုက်ခိုက်နေ၏။ ထိုတုတ်ကတော့ သူမ၏ ဓားလမ်းကြောင်းအတိုင်း ပါသွားနေခဲ့သည်။ ထို့နောက် ကျွဲဝါဝိညာဉ်က ကမ္ဘာမြေကြီး၏ စွမ်းအားများကို နောက်တစ်ကြိမ် မသုံးနိုင်သေးခင် သူမက ကောင်းကင်ပေါ်သို့ ပျံသန်းပြီး ဖျက်ဆီးခြင်းပင်လယ်သိုင်းကွက်ကို သုံးလိုက်သည်။
ဓားအလင်းတန်းက အလွန်တောက်ပလွန်းလှသည့်အတွက် ပင်လယ်ကြီးကပင် ခြောက်ခမ်းသွားသလို ထင်မှတ်ရ၏။ ထိုတိုက်ခိုက်မှုက ပင်လယ်ကြီးကိုပင် (၂)ပိုင်းပြတ်သွားစေနိုင်သည်။ မြေပြင်ပေါ်တွင် အလွန်နက်ရှိုင်းသော ဓားရာကြီးတစ်ခု ပေါ်လာပြီး နောက်တစ်ခုကတော့ ကျွဲဝါဝိညာဉ်၏နောက်တွင် ပေါ်လာခဲ့၏။
ထိုအချိန်တွင် ကျွဲဝါဝိညာဉ်ကတော့ လှုပ်ရှားနိုင်ခြင်း မရှိပေ။ ကျန်းကျိဝေကတော့ ထိုအားနည်းချက်ကို စောင့်နေခြင်းဖြစ်၏။
"ဘုန်း... "
ကျွဲဝါဝိညာဉ်၏ ပတ်ပတ်လည်တွင် ရှိနေသော နတ်ဆိုးရနံ့များက ပျောက်ကွယ်သွားသည်။ သူ၏ဦးချိုတစ်ဖက်ကလည်း မြေပေါ်သို့ ပြုတ်ကျသွားပြီး ခေါင်းပေါ်တွင် သွေးများနီရဲနေ၏။
ကျန်းကျိဝေက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကို သတ်ပစ်နိုင်စွမ်းရှိကြောင်း မုန့်ချီတို့အားလုံးက သိနေသည့်အတွက် ထိပ်တိုက်ရင်ဆိုင်ရာတွင် သူမကို စိုးရိမ်နေကြခြင်း မရှိချေ။
ထို့နောက် သူတို့ကလည်း အဖွဲ့ (၂) ဖွဲ့ခွဲလိုက်၏။ ဖူကျန်းကျန်းနှင့် ကျန်းယွင်ရှန်တို့က အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လော်ရှန်းကျိ ၊ ချီကျန်းရန် ၊ ရွမ်ယုရှု ၊ ကီဟွေအန်နှင့် မုန့်ချီတို့က အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။
ကျွဲဝါဝိညာဉ်က ဖူကျန်းကျန်းဆီသို့ လျင်မြန်စွာ ပြေးလာသည့်အချိန်တွင် သူမက ကြေးနီမှန်ကြီးကို ထုတ်လိုက်ပြီး ကျွဲ၏မျက်နှာကို ချိန်ထားလိုက်သည်။ ကြေးနီမှန်ထဲတွင်တော့ ကျွဲဝါဝိညာဉ်၏ပုံရိပ်က တဖြည်းဖြည်း ပို၍ထင်ရှားလာပြီး ပုံသဏ္ဍာန်က လျင်မြန်စွာ ပြောင်းလဲလာသည်။
ဧရာမကျွဲဝါကြီးတစ်ကောင် ဖြစ်သွားခဲ့၏။ ထိုအချိန်တွင် ကျွဲဝါဝိညာဉ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အနက်ရောင်လေလှိုင်းများနှင့်အတူ လေထဲမှ ပြုတ်ကျလာခဲ့သည်။ သူက လေပေါ်တွင် လှိမ့်နေပြီး သာမာန်ကျွဲများထက် (၃)ဆခန့်ပိုကြီးသော ကျွဲကြီးတစ်ကောင် ဖြစ်လာခဲ့သည်။
ကျန်းယွင်ရှန်က ထိုကျွဲ၏ခေါင်းကို ဖြတ်လိုက်သည်။ နတ်ဆိုးထုတ်ဖော်ကြေးမုံကလည်း အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့၏။ သူတို့က လျင်မြန်စွာ တိုက်ခိုက်ကြရမည် ဖြစ်သည်။
မုန့်ချီက အစွမ်းကုန်သုံးလိုက်ရာ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့၏။ သူ့ပုံစံက ကြေးနီဗုဒ္ဓတစ်ပါးကဲ့သို့ ထင်မှတ်ရသည်။ ထို့နောက် သူက ဓားကို (၉) ကြိမ်တိတိ ခုတ်လိုက်ရာ တစ်ကြိမ်ထက် တစ်ကြိမ် ပို၍မြန်လာပြီး ပို၍ ကြောက်စရာကောင်းလာသည်။ ကောင်းကင်မိုးကြိုး ကျရောက်လာသည့်အလား မိုးခြိမ်းသံတစ်ခုကိုလည်း ကြားလိုက်ရ၏။
လော်ရှန်းကျိက သူနှင့်ပူးပေါင်းပြီး နာမည်ကျော်သံလက်သီးကို တိုက်ခိုက်လိုက်သည်။
"ဗုန်း..."
မုန့်ချီက နောက်ကို ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားလိုက်ရ၏။ မြေပြင်ပေါ်တွင်လည်း အလွန်နက်ရှိုင်းသော ခြေရာကြီးများ ပြည့်နေသည်။ အကယ်၍ သူကသာ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကိုသုံးပြီး ခြေထောက်ထဲသို့ စွမ်းအားများ ပို့ဆောင်ခဲ့ခြင်း မရှိလျှင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားနိုင်သည်။ သို့သော် သူ့လက်မနှင့် လက်ညှိုးကြားထဲတွင်တော့ အက်ကွဲသွားပြီး သွေးများ စိမ့်ထွက်လာခဲ့၏။ ကျွဲဝါဝိညာဉ်က သူတို့ရင်ဆိုင်ခဲ့ရသော မြေခွေးနတ်ဆိုးထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်သည်။
လော်ရှန်းကျိကလည်း နောက်သို့လွင့်လာပြီး သူ၏အကာအကွယ် ချီစွမ်းအင်များက ပျက်စီးသွားသည်။ လက်သီးကလည်း သွေးချင်းချင်း နီနေခဲ့၏။ အကယ်၍ မုန့်ချီကသာ အကူအညီမပေးလျှင် သူလည်း ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားနိုင်သည်။
သို့သော် သူတို့ပူးပေါင်းတိုက်ခိုက်လိုက်ခြင်းက ကျွဲဝါဝိညာဉ်၏ တိုက်ခိုက်မှုကို တားဆီးနိုင်သည်။ ရွမ်ယုရှု၏ အမူအရာကတော့ ပြောင်းလဲသွားခြင်း မရှိချေ။ သူမက လက်ချောင်းလေးများနှင့် စောင်းကြိုးများကို ဖြတ်လိုက်ရာ သတ်ဖြတ်ခြင်း တေးသွားတစ်ခု ထွက်ပေါ်လာခဲ့၏။
ကျွဲဝါဝိညာဉ်က မှင်တက်သွားခဲ့ပြီး လှုပ်ရှားမှုက အနည်းငယ် နှေးကွေးသွားသည်။ ထိုအချိန်တွင် ကီဟွေအန်က နတ်ဘုရားသတ်မျက်လုံးကို ဖျက်ဆီးလိုက်ရာ အလင်းတန်းတစ်ခုက ကျွဲ၏ဦးခေါင်းဆီကို ရောက်သွားခဲ့၏။
"အား... ဘူး... "
ကျွဲဝါဝိညာဉ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး နှာခေါင်းနှင့် မျက်လုံးထောင့်မှနေ၍ သွေးများ စီးကျလာခဲ့သည်။ ထိုအချိန်တွင် သူ၏ပါးစပ်ထဲမှနေ၍ မိုးကြိုးကဲ့သို့သော အဝါရောင်အလင်းတန်းတစ်ခု ထွက်လာပြီး ကီဟွေအန်၏ဦးခေါင်းဆီကို ပစ်လွှတ်လိုက်သည်။
"သည်းခြေကျောက်လား... "
မုန့်ချီက အလွန်ထိတ်လန့်ပြီး ဒေါသထွက်သွားခဲ့၏။ သို့သော် စဉ်းစားနေရန် အချိန်မရခဲ့ပေ။ ကျွဲဝါဝိညာဉ်က ပင်မဝိညာဉ် ထိခိုက်မှုကြောင့် ရှုပ်ထွေးသွားသည့် အချိန်တွင် သူက ခရမ်းသေမင်းဓားကို ဆွဲထုတ်ပြီး ဝှေ့ယမ်းလိုက်သည်။
သေခြင်းရှင်ခြင်း ဟူသည်မှာ အလွှာပါးပါးလေးသာ ခြား၏။
Translated by Hein Htet