← Chapters

အခန်း (၂၄၆)

Vol. 17 Ch. 246

အခန်း (၂၄၆)

Vol. 17 Ch. 246

ခရမ်းနီရောင် ဓားချီစွမ်းအင်များ ထွက်ပေါ်လာပြီး ကျွဲဝါဝိညာဉ်၏ ပတ်ပတ်လည်တွင် ရှိနေသော အနက်ရောင်နတ်ဆိုးရနံ့များကို ဖျက်ဆီးပစ်ခဲ့သည်။ သူ၏ အကာအကွယ် သံချပ်ဝတ်အင်္ကျီကိုလည်း ဖြတ်တောက်ပစ်လိုက်ပြီး အဝါရောင်သားရေပေါ်တွင် နက်ရှိုင်းသော ဓားရာကြီးတစ်ခု ကျန်နေခဲ့သည်။

ဓားရာက အလွန်နက်ရှိုင်းလွန်းလှသည့်အတွက် အရိုးနှင့် ကိုယ်တွင်းအင်္ဂါများကိုပင် မြင်နေရသည်။ မုန့်ချီက သူ၏ အဖိုးတန်လက်နက်ကို အစွမ်းကုန် သုံးလိုက်သော်လည်း ထိုတိုက်ခိုက်မှုက သာမန်ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်၏ အစွမ်းမျိုးသာ ရှိသည်။

ထို့ကြောင့် သူက ဝေ့ကျင်းတစ်ဝက်အဆင့် ရှိနေသော ကျွဲဝါဝိညာဉ်ကို ချက်ချင်း မသတ်နိုင်ခဲ့ပေ။ သူ့ဆီတွင် အကာအကွယ် နတ်ဆိုးရနံ့နှင့် ကြံ့ခိုင်သော ခန္ဓာကိုယ် ရှိနေသေး၏။

သို့သော် သူက တစ်ယောက်တည်း တိုက်ခိုက်နေခြင်း မဟုတ်ချေ။ ကျွဲဝါဝိညာဉ်က အော်ဟစ်လိုက်ပြီး စိတ်ဝိညာဉ်ထိခိုက်မှုမှ လွတ်မြောက်လာတော့မည့်အချိန်တွင် လော်ရှန်းကျိက သူ၏ ညာလက်သီးနှင့် ထိုးလိုက်သည်။

သူ၏ ညာလက်သီးက သာမန်ထက် နှစ်ဆခန့်ပို၍ ကြီးမားလာသလို ထင်မှတ်ရသည်။ ညာလက်သီးထဲတွင် အလွန်အစွမ်းထက်ပြီး ကြောက်စရာကောင်းသော အရှိန်အဝါလည်း ပေါင်းစည်းလာခဲ့၏။ ထိုလက်သီးကို ထိုးလိုက်သည့်အချိန်တွင် သူနှင့်ကျွဲဝါဝိညာဉ်၏ အကွာအဝေးက နီးကပ်သွားသယောင် ထင်မှတ်ရသည်။

သူကလည်း မုန့်ချီ၏ ခရမ်းသေမင်းဓား တိုက်ခိုက်ခဲ့သော ဒဏ်ရာတည့်တည့်ကို တိုက်ခိုက်လိုက်သည်။ တပြိုင်နက်တည်းဆိုသလို သူ၏ ဘယ်လက်သီးနှင့် မကောင်းဆိုးဝါးကို တူညီစွာ တိုက်ခိုက်လိုက်ပြန်၏။ သို့သော် လုံးဝ မတူညီသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုလက်သီးကတော့ အလွန်ခိုင်မာသော ကျောင်းဆောင်ကြီး တစ်ခုကဲ့သို့ ဖြစ်နေ၏။ ထိုအရာက တောင်တန်းတစ်ခု၏ မတူညီသောအရှိန်အဝါ တစ်ခုလည်းဖြစ်သည်။ တောင်တန်း (၉)သွယ် သံလက်သီးက ဝေ့ကျင်းအဆင့် လက်သီးသိုင်းပညာဖြစ်ပြီး တောင်တန်း(၉)ခု၏ အရှိန်အဝါကို တုပထားခြင်း ဖြစ်သည်။

လူသားကမ္ဘာကြီးကတော့ ကမ္ဘာမြေကြီး၏ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး ကမ္ဘာကြီးကတော့ စကြဝဠာ၏ စည်းမျဉ်းများအတိုင်း လည်ပတ်နေခြင်းဖြစ်သည်။ စကြဝဠာကြီးကတော့ တာအို နိယာမများကို အခြေခံပြီး လုပ်ဆောင်နေခြင်းဖြစ်ပြီး တာအိုကတော့ အကြောင်းတရားများကို အခြေခံထားခြင်းဖြစ်သည်။

"ဗုန်း… ဗုန်း …ဗုန်း … "

ဒဏ်ရာဆီမှနေ၍ အလွန်ကြောက်စရာကောင်းသော အသံတစ်ခု ထွက်ပေါ်လာပြီး ကျွဲဝါဝိညာဉ်၏ အတွင်းထဲတွင် ရှိနေသော ကိုယ်တွင်းအင်္ဂါများက လှုပ်ရှားသွားသည်။

ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲမှနေ၍ ကျောက်တုံးကြီးတစ်တုံး လိမ့်ထွက်လာသလို ခံစားလိုက်ရ၏။ ဝေ့ကျင်းအဆင့် လက်သီးနှစ်ချက်နှင့် ဆက်တိုက် တိုက်ခိုက်လိုက်သည်မှာ လော်ရှန်းကျိ၏ နောက်ဆုံးအားထုတ်မှုလည်းဖြစ်သည်။ သို့သော် သူက အခွင့်အရေးကို ရယူရန် စက္ကန့်တိုင်း အသုံးချသင့်သည်။ မဟုတ်လျှင် သေရမည့်လူက သူသာ ဖြစ်၏။

ချီကျန်းရန်ကလည်း အဖိုးတန်သော အခွင့်အရေးကို အရယူပြီး မကောင်းဆိုးဝါးကို ရွှေနဂါးဓားနှင့် လှမ်းထိုးလိုက်သည်။ သူ၏ဓားသွားပေါ်တွင် ရေခဲအလွှာများ လွှမ်းခြုံနေပြီး ဓားထဲတွင် နဂါးစွမ်းအားများနှင့် လောင်ကျွမ်းနေသည်။ ထိုဓားက ရေခဲများ မှုတ်ထုတ်နေသော ဦးချိုမဲ့ နဂါးငယ်လေးတစ်ကောင်ကဲ့သို့ ထင်မှတ်ရ၏။

"ဘူးးး…… "

ကျွဲဝါဝိညာဉ်ကြီးက တစ်ကိုယ်လုံး အေးခဲသွားသည့်အလား အော်သံက ချက်ချင်း ရပ်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း ကြီးထွားလာပြီး ပေါက်ကွဲသွားခဲ့၏။

ထိုအချိန်တွင် သူ၏သည်းခြေကျောက်က ချီကျန်းရန်ဆီသို့ ပျံသန်းလာခဲ့သည်။ အသွေးအသားများကလည်း နေရာအနှံ့ ပျံ့နှံ့သွားခဲ့၏။ ကျွဲဝါဝိညာဉ်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုက အလွန်ကြောက်စရာ ကောင်းလွန်းလှပြီး လော်ရှန်းကျိက ထိုအစွမ်းကြောင့် အဝေးသို့ လွင့်သွားခဲ့သည်။

သူ့ရင်ဘတ်တွင်လည်း ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့၏။ သူက သွေးအန်လိုက်ရပြီး အသက်ကို မနည်းရှူနေရသည်။ သူလည်း ချက်ချင်းပင် စွမ်းအင်ပြန်ဖြည့်ဆေးကို ယူပြီး မြိုချလိုက်၏။ ထို့နောက် တင်ပျဉ်ခွေထိုင်လိုက်ပြီး မည့်သည့်အရာကိုမျှ စိုးရိမ်မနေတော့ဘဲ ချီစွမ်းအားများကို လှည့်ပတ်နေခဲ့သည်။ အကယ်၍ ယခုအချိန်တွင် တစ်စုံတစ်ယောက်ကသာ သူ့ကို တိုက်ခိုက်လိုက်မည်ဆိုလျှင် သူ့ကံကြမ္မာကိုသာ အပြစ်တင်ရပါတော့မည်။

သည်းခြေကျောက်က ကျွဲဝါဝိညာဉ်၏ အသက်ကို စတေးပြီး လေ့ကျင့်ထားရသော မှော်လက်နက်တစ်ခု ဖြစ်သည်။ ထိုအရာက အလွန်လျင်မြန်လွန်းလှသည့်အတွက် သူတို့က ရှောင်တိမ်းနိုင်ကြရုံသာ တတ်နိုင်ကြ၏။ အဝါရောင်အလင်းတန်း၏ အောက်တွင် အနီရောင်သွေးစများ ထွက်ပေါ်လာနေသည်မှာ အလွန်ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။

ချီကျန်းရန်ကတော့ မတုန်မလှုပ်အမူအရာနှင့် အစွမ်းကုန်သုံးပြီး လက်နက်ကို တိုက်ခိုက်လိုက်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ ကြာပန်းနှင့် မီးတောက်များ ပွင့်လန်းလာသလို အလင်းတန်းများ လွှမ်းခြုံလာခဲ့၏။ သူက သည်းခြေကျောက်ကို ဖျက်စီးပစ်ရန် အသင့်ပြင်ထားခဲ့သည်။

သည်းခြေကျောက်က အလွန်ကြောက်စရာကောင်းလွန်းလှသည့်အတွက် သူက အနည်းငယ်လေးသာ ဖျက်ဆီးနိုင်ခဲ့၏။ ထိုအရာ၏ တန်ပြန်တိုက်ခိုက်မှုက သူ၏ အလင်းတန်းများကို ထိုးဖောက်သွားခဲ့ပြီး ခေါင်းအစား ရင်ဘတ်ကို ဖောက်ဝင်သွားခဲ့သည်မှာ ကံကောင်းသွားသည်။

သူ၏ နံရိုးများက ကျိုးသွားပြီး နောက်သို့ လွင့်သွားခဲ့၏။ သူ၏ထိခိုက်မှုကလည်း အလွန်ပြင်းထန်လှသည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူ့ကို ဖမ်းထားလိုက်ကြောင်း ခံစားလိုက်ရပြီး သည်းခြေကျောက်ဆီမှ လက်ကျန်စွမ်းအားများကို စုပ်ယူလိုက်၏။

တီးတိုးဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် မုန့်ချီက ချီကျန်းရန်ကို ညာလက်နှင့် ဖမ်းထားခဲ့သည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားသည့်အချိန်တွင် မြေပြင်ပေါ်၌ အလွန်နက်ရှိုင်းသော ခြေရာကြီးများပင် ပေါ်နေခဲ့သည်။

သူက သွေးအန်လိုက်ရသော်လည်း သည်းခြေကျောက်၏ စွမ်းအားများကို ဖယ်ရှားနိုင်ခဲ့သည်။ မုန့်ချီ၏ အကူအညီနှင့် ချီကျန်းရန်က နှလုံးတည့်တည့်ကို ပွတ်ကာသီကာ ရှောင်တိမ်းနိုင်ခဲ့ပြီး ကိုယ်တွင်းအင်္ဂါများနှင့် ကျောရိုးမကြီး ဖျက်ဆီးခံရမည့်အန္တရာယ်မှ လွတ်မြောက်သွားခဲ့သည်။

ထိုသို့ဆိုရာတွင် နံရိုးများအားလုံး ကျိုးသွားခဲ့သည့်အတွက် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားသေးသည်။ သူကလည်း စွမ်းအားပြန်ဖြည့်ဆေးတစ်လုံးကို သောက်လိုက်ရ၏။

ဖူကျန်းကျန်းက ထိုကဲ့သို့ ဒဏ်ရာများကို ကုသပေးနိုင်စွမ်းရှိသော်လည်း အချိန်အတော်လေး ပေးရနိုင်သည်။ လက်ရှိသတိထားနေရသော အခြေအနေအရ ချီကျန်းရန်က ပြည့်ပြည့်ဝဝ ပြန်ကောင်းရန် လိုအပ်၏။

ဖူကျန်းကျန်းက ကျိုးသွားသော သူတို့၏အရိုးများကို ကုသပေးရန် ပြေးလာခဲ့သည်။ ထိုသို့ဆိုလျှင် သူတို့သောက်ထားသော စွမ်းအားပြန်ဖြည့်‌ဆေးများက ပြည့်ပြည့်ဝဝ အသက်ဝင်လာနိုင်ပါလိမ့်မည်။

တစ်ဖက်တွင်တော့ ကျန်းကျိဝေနှင့် ကျွဲဝါဝိညာဉ်တစ်ကောင်၏ တိုက်ပွဲကလည်း အဆုံးသတ်သွားခဲ့၏။ ကျွဲဝါဝိညာဉ်က ခွန်အားသက်သက်ကိုသာ အသုံးပြုနိုင်သည့်အတွက် သူမက ရှောင်တိမ်းပြီး တိုက်ခိုက်နိုင်ခဲ့သည်။

ကျွဲဝါဝိညာဉ်က ဟန်ချက်ပျက်သွားသည့်အချိန်တွင် သူမက စဉ်းစားမနေဘဲ အနန္တဓားသိုင်းနှင့် ခုတ်ချလိုက်သည်။ လေထဲတွင် အလွန်လှပသော ဓားရောင်လေးတစ်ခု ထွက်ပေါ်လာပြီး ကျွဲဝါဝိညာဉ်၏ မျက်ခုံးတည့်တည့်ကို ထိုးဖောက်သွားခဲ့၏။

ဝေ့ကျင်း တစ်ဝက်အဆင့် မကောင်းဆိုးဝါး တစ်ကောင်နှင့် အစွမ်းကုန် တိုက်ခိုက်နေသည့်အချိန်တွင် သူမ၏အဖွဲ့သားများကို သွားကယ်၍ မရနိုင်ပေ။ သူမက တိုက်ပွဲကို မြန်မြန် အဆုံးသတ်ရန်သာရှိ၏။

ထိုအချိန်တွင် ကျွဲဝါဝိညာဉ်က ပါးစပ်ဟလိုက်ပြီး အဝါရောင် သည်းခြေကျောက်တစ်ခုကို မှုတ်ထုတ်လိုက်သည်။ ထို့နောက် သူလည်း မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ သူ၏ ခန္ဓာကိုယ်ကြီးကြောင့် မြေပြင်ပေါ်တွင် တွင်းကြီးတစ်ခု ပေါ်လာပြီး သဲများ ဖုန်မှုန့်များ နေရာအနှံ့ ပျံ့သွားခဲ့သည်။

"ဘုန်း… "

သည်းခြေကျောက်ကို ရှောင်တိမ်းနိုင်ခြင်း မရှိသည့်အတွက် ကျန်းကျိဝေက သူမ၏ဓားကို သုံးပြီး တားဆီးလိုက်သည်။ သူမက ခေါင်းကို ကာကွယ်ထားနိုင်ခဲ့သော်လည်း ထိုလက်နက်က သူမ၏ပုခုံးကို တိုက်ခိုက်လိုက်သည့်အတွက် သူမက နောက်သို့လွင့်သွားခဲ့၏။

သူမ၏ဘယ်ဘက်ပုခုံးက ကျိုးသွားခဲ့ပြီး ကိုယ်တွင်းအင်္ဂါများကလည်း အသေးစားဒဏ်ရာများ ရသွားခဲ့သည်။ သူမက ချက်ချင်းပင် သွေးကြောပိတ်လိုက်ပြီး နှစ်ပေါင်းများစွာ စုဆောင်းထားသော ကုသရေးဆေးလုံးများကို သောက်လိုက်၏။

မိနစ်အနည်းငယ်လေးအတွင်း ဝေ့ကျင်း တစ်ဝက်အဆင့် မကောင်းဆိုးဝါး (၃)ကောင်လုံးက ရှင်းပစ်ခံလိုက်ရသည်။ သို့သော် မုန့်ချီတို့အဖွဲ့ကတော့ ဆိုးဆိုးရွားရွား ထိခိုက်သွားရ၏။

သူတို့၏အဖွဲ့သားတစ်ယောက်က‌ သေဆုံးသွားခဲ့ပြီး (၃)ယောက်က ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့သည်။ တစ်ယောက်ကတော့ ဒဏ်ရာအနည်းငယ်သာ ရပြီး လွတ်မြောက်လာခဲ့၏။ ကျန်းယွင်ရှန် ၊ ဖူကျန်းကျန်းနှင့် ရွမ်ယုရှုတို့ကသာ တိုက်ခိုက်စွမ်းရည် ပြည့်ပြည့်ဝဝ ရှိနေသေးသည်။

အဆိုးဆုံး အရာကတော့ မကောင်းဆိုးဝါးများကို ဖိနှိပ်နိုင်သည့် သူတို့၏ လက်နက်များအားလုံးကို အသုံးပြုပြီးသွားခြင်း ဖြစ်သည်။ ရိုးရိုးသားသား ပြောရမည်ဆိုလျှင် မုန့်ချီတို့အဖွဲ့က အတော်လေး အစွမ်းထက်သည်။ အဖွဲ့သားများအားလုံးနီးပါးက လူငယ်မှတ်တမ်းတွင် ရှိနေသော ပညာရှင်များ ဖြစ်ကြ၏။ သူတို့၏အကူ (၂)ယောက်နှင့် ကီဟွေအန်ကတော့ မပါဝင်ပေ။

ကျန်းကျိဝေက ထိပ်ဆုံးစာရင်းထဲတွင်ပင် ပါဝင်နေ၏။ ထို့ကြောင့် သူတို့က ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကို အလွန်လျင်မြန်စွာ ဖျက်ဆီးပစ်နိုင်သည်။ ဥပမာအနေနှင့် ပြောရလျှင် မြေခွေးနတ်ဆိုးဖြစ်၏။

သို့သော် အဖွဲ့လိုက်တိုက်ခိုက်မှုက ကန့်သတ်ချက်ရှိသည်။ သူတို့က နတ်ဆိုးထိန်းချုပ်ရေး ပစ္စည်းများကို သုံးပြီး အများဆုံး မကောင်းဆိုးဝါး (၃)ကောင်ကိုသာ ရှင်းပစ်နိုင်သည်။ သို့သော် ထိုအရာကလည်း တိကျမှုမရှိသေးပေ။

နောက်တစ်နာရီအတွင်း စွမ်းအားပြန်ဖြည့်ဆေး၏ အကျိုးသက်ရောက်မှုများ ပေါ်မလာသေးခင် သူတို့က ကျွဲဝါဝိညာဉ်နှင့် အစွမ်းတူညီနေသော နောက်ထပ် မကောင်းဆိုးဝါးတစ်ကောင်ကို ရင်ဆိုင်နိုင်ခြင်း မရှိတော့ချေ။

အဓိကနှင့် ဒုတိယ တိုက်ခိုက်ရေးသမားများဖြစ်သော ကျန်းကျိဝေနှင့် လော်ရှန်းကျိတို့က နောက်တစ်နာရီအတွင်း တိုက်ခိုက်၍ မရနိုင်တော့ပေ။ ချီကျန်းရန် ၊ မုန့်ချီနှင့် ကျန်းယွင်ရှန်တို့က အစွမ်းထက်သော်လည်း ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်များကို အနိုင်မရနိုင်ပေ။ သူတို့က အဖိုးတန်လက်နက်များနှင့် ရွမ်ယုရှု၏ အကူအညီရှိနေလျှင်ပင် ထိုကဲ့သို့ မကောင်းဆိုးဝါးတစ်ကောင်ကို သတ်ရန် ခက်ခဲနိုင်သည်။

သူတို့၏ အစီအစဉ်အရ ကျန်းကျိဝေက တစ်ကောင်ကို ရင်ဆိုင်ပြီး တခြားလူများက တခြားတစ်ကောင်ကို ရင်ဆိုင်ရန် ဖြစ်သည်။ အများစုကတော့ သူတို့ တာဝန်ယူထားသော မကောင်းဆိုးဝါးကို တတ်နိုင်သမျှ မြန်မြန်ရှင်းလင်းပြီး သူမကို ကူညီပေးရန် ဖြစ်သည်။

"ဒီမှာ စွမ်းအားပြန်‌ဖြည့်ဆေးတစ်လုံး သောက်လိုက်… "

မုန့်ချီက သူ့ဆေးလုံးကို ကျန်းကျိဝေဆီသို့ ပေးလိုက်သည်။

ကျန်းကျိဝေက မျက်ခုံးပင့်၍ ပြုံးလိုက်၏။

"ငါ အဆင်ပြေပါတယ်။ ငါ့မှာ တခြားဆေးလုံးတွေ ရှိသေးတယ်။ အဲဒါတွေက စွမ်းအားပြန်ဖြည့်ဆေးလို မကောင်းပေမဲ့ တစ်နာရီအတွင်း တိုက်ခိုက်စွမ်းရည်တွေကို ပြန်‌ရစေနိုင်ပါတယ်…"

"ဘာမှ အားနာမနေနဲ့… ။ နင်က ငါတို့အဖွဲ့ထဲမှာ အတော်ဆုံးပဲ။ နင် မြန်မြန်ကောင်းလေလေ ငါတို့အသက်ရှင်ဖို့ အခွင့်အရေး ပိုများလေလေပဲ… "

မုန့်ချီက စကားကို သတိထား၍ ပြောလိုက်သည်။ သူ၏ ဒဏ်ရာများက နည်းပါး၏။ ထို့ကြောင့် အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်က သူ့ကို ပြည့်ပြည့်ဝဝ ပြန်ကောင်းလာအောင် ကူညီပေးနိုင်ပါလိမ့်မည်။

"တကယ်လို့ ငါလည်း ဆိုးဆိုးရွားရွား ဒဏ်ရာရမယ်ဆိုရင် နင့်ရဲ့ဆေးလုံးကို ပေးမှာပဲ မဟုတ်လား… "

ချီကျန်းရန်နှင့် လော်ရှန်းကျိတို့၏ ဒဏ်ရာများကို ကုသပေးပြီးနောက် ဖူကျန်းကျန်းက ရောက်လာပြီး ပြောလိုက်သည်။

"ငါ့ရဲ့ စွမ်းအားပြန်ဖြည့်ဆေးကို ယူလိုက်။ ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင် တစ်ယောက်ရဲ့တိုက်ခိုက်မှုက ငါ့ရဲ့ ခုခံနိုင်စွမ်းထက် ကျော်နေတယ်။ တကယ်လို့ ငါသာ တိုက်ခိုက်ခံရမယ်ဆိုရင် ချက်ချင်း သေသွားမှာပဲ။ စွမ်းအားပြန်ဖြည့်ဆေးကတောင် ငါ့အတွက် အသုံးမဝင်ဘူး။ ပြီးတော့ ငါ့ဆီမှာ နင့်ထက်ပိုပြီး ဆေးရည်တွေ အများကြီး ရှိတယ်…"

သူမ၏ အမူအရာက အလွန်လေးနက်နေသည်။ တစ်ယောက်နှင့်တစ်ယောက် ပိုမိုရင်းနှီးလာသည့်အတွက် သူမက ယခင်တုန်းကလို ရှက်မနေတော့ပေ။

"ငါက သမားတော်တစ်ယောက်ပဲ။ ဒီတော့ နင်တို့က ငါ့အမိန့်ကို လိုက်နာရမယ်…"

သူမက ခဏရပ်ပြီး ပြောလိုက်သည်။

"အစ်မကြီးကျန်း…

အစ်မကြီးကျန်းက တစ်ယောက်တည်းနဲ့ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်ကို ရင်ဆိုင်နိုင်တယ်။ တကယ်လို့ အစ်မကြီးကျန်းသာ မတိုက်ခိုက်နိုင်ဘူးဆိုရင် တိုက်ပွဲတွေမှာ ကျွန်မတို့က တော်တော်လေး ဆိုးဆိုးရွားရွား ထိခိုက်နိုင်တယ်။ တကယ်လို့ ကျွန်မသာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားမယ်ဆိုရင် အဖွဲ့သားတွေ အားလုံးနီးပါး သေနေပြီလို့ ဆိုလိုနေတာပဲ။ ဒီလိုဆိုရင်တော့ ဒီဆေးလုံးဆိုတာက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တဲ့အရာတစ်ခု ဖြစ်လာမှာပဲလေ…"

ပွင့်လင်းဖော်ရွေသော မိန်းကလေးတစ်ယောက်ဖြစ်သည့်အတွက် ကျန်းကျိဝေက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ သူမက ဖူကျန်းကျန်း၏ စွမ်းအားပြန်ဖြည့်ဆေးကို လက်ခံပြီး သောက်လိုက်၏။

"မြန်မြန်ထွက်သွားကြစို့…။ ငါတို့တိုက်ခိုက်သံတွေက တော်တော်လေးကို အသံကျယ်တယ်။ ဒီနေရာမှာရှိတဲ့ တခြား ဝေ့ကျင်းတစ်ဝက် အဆင့်ပညာရှင်တွေကို ဆွဲဆောင်မိသလို ဖြစ်မှာစိုးရတယ်…"

မုန့်ချီက ပတ်ပတ်လည်ကို သတိထား၍ စောင့်ကြည့်နေခဲ့၏။ ထို့နောက် သူက ကီဟွေအန်၏ ခန္ဓာကိုယ်ဆီသို့ လျှောက်လာပြီး သူ့ခေါင်းက ပေါက်ကွဲသွားသည်ကို မြင်သည့်အခါ သူလည်း သက်ပြင်းချလိုက်မိ၏။

တာဝန်၏ (၆)ရက်မြောက်နေ့တွင် ပထမဆုံး အဖွဲ့သားတစ်ယောက် သေဆုံးသွားခဲ့ပါပြီ။ သူက ကီဟွေအန်၏ ခန္ဓာကိုယ်ကို ရှာဖွေကြည့်လိုက်ပြီး သူ့ဆီတွင် မပြည့်စုံသေးသည့် ဆန္ဒများရှိ မရှိ သိချင်ခဲ့၏။ သို့သော် ပြောင်းလဲမှုကျင့်စဉ်နှင့် ပတ်သက်သောစာအုပ်က လွဲလျှင် မည်သည့်အရာမျှ မတွေခဲ့ရပေ။

မည်သည့်အရာမျှ လုပ်ပေးစရာ မရှိသည့်အတွက် သူလည်း ဧရာမ ကျောက်တုံးကြီး တစ်တုံးကို သယ်ပြီး ကီဟွေအန်၏ ခန္ဓာကိုယ်ကို မကောင်းဆိုးဝါးများ၏ ရန်မှ ကာကွယ်ပေးလိုက်သည်။

ထိုအချိန်တွင် ကျန်းယွင်ရှန်ကတော့ အကောင်းအတိုင်းဖြစ်နေသော သည်းခြေကျောက်တစ်ခု၊ တစ်ဝက် ပျက်စီးနေသော သည်းခြေကျောက် နှစ်ခုနှင့် ကျွဲချိုတစ်ခုကို ယူလာခဲ့သည်။ သူက ထိုအရာများကို ရွမ်ယုရှုဆီသို့ ပေးလိုက်ပြီး လေဟာနယ်လက်စွပ်ထဲတွင် သိမ်းခိုင်းလိုက်၏။

တိုက်ပွဲထဲတွင် သူတို့ရရှိထားသော ပစ္စည်းများကို လက်စွပ်ထဲ၌ သိမ်းထားသည်မှာ ပို၍ လုံခြုံနိုင်သည်။ ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်များကပင် သူတို့ကို အလွယ်တကူ ဖျက်ဆီးနိုင်၏။ သူတို့က အချိန်မလုံလောက်သည့်အတွက် ကျန်ရှိနေသည့် တခြားသော ကျွဲချိုနှင့် သားရေများကိုတော့ လက်လျှော့လိုက်ကြသည်။

မည်သို့ဖြစ်စေကာမူ ကျန်းကျိဝေက ကျွဲချိုတစ်ခုကို ဖြတ်ရန် ဝေ့ကျင်းအဆင့် သိုင်းကွက်ကို သုံးခဲ့ရသည်။ သူတို့က ဒဏ်ရာရနေသည့်အတွက် မကောင်းဆိုးဝါးများ၏ အဝေးကို လျင်မြန်စွာ ထွက်သွားရန်လည်း လိုအပ်သည်။

သူတို့သာ ဝန်းရံထားသည့်နေရာမှ လုံးဝ ထိုးဖောက်နိုင်မည်ဆိုလျှင် တစ်နေရာရာ၌ နှစ်နာရီခန့် ပုန်းအောင်းနေနိုင်ပါလိမ့်မည်။ ထိုသို့ဆိုလျှင် အခြေအနေက တိုးတက်လာနိုင်၏။

သိပ်မကြာခင် သူတို့က ငှက်တစ်ကောင်၏ အော်သံကို ကြားလိုက်ရသည့်အခါ နှလုံးခုန်သံများ မြန်လာကြသည်။ အကယ်၍ ငှက်တစ်ကောင်က သူတို့ကို ခြေရာခံနေသည်ဆိုလျှင်တော့ သစ်တောထဲမှ ဖြတ်၍ သူတို့၏ ခြေရာလက်ရာများကို ဖယ်ရှားနိုင်သည်။ သို့သော် ဝေ့ကျင်း တစ်ဝက်အဆင့် မကောင်းဆိုးဝါး တစ်ကောင်ဖြစ်နေလျှင်တော့ ဒဏ်ရာရနေသော သူတို့အဖွဲ့က အသက်ကို စွန့်စားရပါလိမ့်မည်။

အကြောင်းအရာများက ဆက်စပ်လာသည့်အတွက် သူတို့က ကံဆိုးနေပုံရသည်။ အနီရောင်အတောင်ပံတစ်စုံ ရှိနေသော မကောင်းဆိုးဝါး တစ်ကောင်က အလွန်လျင်မြန်သော အရှိန်နှင့် ပျံသန်းလာသည်။ မဟုတ်လျှင် သူတို့ကို မီလာနိုင်မည် မဟုတ်ချေ။

"ငါ့ကို မင်းတို့ရထားတဲ့ အခွင့်အရေးပေးစမ်း … ။ မဟုတ်ရင်တော့ မင်းတို့ကို အရှင်လတ်လတ် စားပစ်မယ်… "

မကောင်းဆိုးဝါးက လေထဲတွင် ပျံဝဲနေရင်း အော်ဟစ်လိုက်သည်။

မုန့်ချီက အခွင့်အရေးကို ပေးရန် ဆန္ဒမရှိသလို သူတို့အချိန်ရရန်အတွက် မကောင်းဆိုးဝါးနှင့် ပူးပေါင်းရန် စိတ်ကူးလည်း မရှိပေ။ ဉာဏ်ကောင်းသူ တစ်ယောက်ကပင် တခြားသူတစ်ယောက်၏ အသက်ကို ထိန်းချုပ်ခွင့် မရှိချေ။

တစ်ဖက်တွင်တော့ အခွင့်အရေးက မည်သည့်အရာဖြစ်ကြောင်း မုန့်ချီက မသိပေ။ ကျောင်းဆောင်က အနီးအနားတွင်သာ ရှိနေသေး၏။ အကယ်၍ သူတို့ကိုသာ ဖမ်းဆီးသွားပြီး သူတို့က အခွင့်အရေးကို မပေးနိုင်လျှင် သူတို့အားလုံး သေကြရပါလိမ့်မည်။ သူက ဤနေရာ၌ အမှန်တကယ် သေဆုံးရတော့မည်လော။

မုန့်ချီက တကိုယ်လုံး တုန်လှုပ်နေပြီး ကျန်းကျိဝေ ၊ ရွမ်ယုရှု ၊ ချီကျန်းရန်နှင့် ကျန်းယွင်ရှန်တို့ကို လှည့်ကြည့်လိုက်၏။ သူတို့ကလည်း ကြောက်လန့်နေကြကြောင်း သတိထားမိသည်။ သို့သော် သူတို့၏ ဆုံးဖြတ်ချက်များက ပြတ်သားနေကြ၏။

"သေစမ်း… "

အကယ်၍ သူက ယနေ့သေဖို့ ကံပါလာလျှင် မည်သို့မျှ အသက်ရှင်နိုင်မည် မဟုတ်ချေ။ သူက အစွမ်းကုန် တိုက်ခိုက်ရမည်သာ ဖြစ်၏။

ဘဝနှစ်ခု ရှင်သန်ခဲ့ရသည့်အတွက် သူ့ဆီတွင် မိတ်ဆွေများစွာ ရှိနေပြီး ထူးခြားသော သိုင်းပညာများစွာကိုလည်း လေ့လာခဲ့ရသည်။ ဘာကြောင့် သူက သေခြင်းတရားကို ကြောက်နေရမည်နည်း။

မုန့်ချီက သူ၏ ခံစားချက်များကို ဖိနှိပ်လိုက်ပြီးနောက် နောက်တစ်ကြိမ် တည်ငြိမ်သွားခဲ့၏။ သူက မက်ခဲ့ဖူးသော အိပ်မက်များစွာကို အမှတ်ရသွားပြီး မပြီးဆုံးသေးသော အရာများစွာကိုလည်း အမှတ်ရသွားခဲ့သည်။

ယခုတော့ နောက်ဆုံးတွင်တော့ သူက သိုင်းပညာ လေ့ကျင့်ရန် အခွင့်အရေး ရခဲ့ပြီး ဓမ္မာကာရအဆင့်ဟူသည်မှာ မည်သည့်အရာဖြစ်ကြောင်း နားလည်လာခဲ့ရသည်။ ကမ္ဘာကြီးထဲတွင် မတူညီသော လောကများ ပြည့်နှက်နေပြီး အရသာရှိသော စားစရာများ အားလုံးကိုလည်း အရသာခံနိုင်ခဲ့သည်။ ရှုခင်းများကိုလည်း စိတ်ဝင်တစား လိုက်ကြည့်နိုင်ခဲ့၏။

သူ့ဆီတွင် မိတ်ဆွေကောင်းများ အဖွဲ့သားများရှိနေသည့်အတွက် သူတို့နှင့်အတူ သိုင်းလောကတွင် လှည့်ပတ်သွားလာချင်ခဲ့သည်။ သူ့ဆရာက သူ့အတွက် အပြစ်ခံခဲ့ရပြီး သူ့ညီလေးကလည်း တံခါးပိတ် အပြစ်ပေးခံထားရ၏။ သူက သူတို့ကိုလည်း နောက်တစ်ကြိမ် ပြန်တွေ့ချင်နေသေးသည်။

အကယ်၍ သူကသာ ထိုအိပ်မက်များအားလုံးကို မဖြည့်ဆည်းနိုင်လျှင် နောင်တများနှင့် သေဆုံးသွားရမည်ဖြစ်သည်။ မုန့်ချီ၏ အသက်ရှင်လိုစိတ်ကြောင့် တိုက်ခိုက်ချင်စိတ်များ ထွက်ပေါ်လာခဲ့သည်။

ထိုအရာကို စဉ်းစားကြည့်လိုက်ပြီးနောက် သူက ဆရာတော် ယွမ်မုန့် ချန်ထားခဲ့သော ကျောက်စိမ်းပြားလေးကို ထုတ်ပြီး ပြောလိုက်သည်။

"အခွင့်အရေးက ဒီမှာ … "

ထိုအရာကြောင့် သူကိုယ်တိုင် အံ့ဩသွားမိခဲ့၏။ ကျောက်စိမ်းပြားလေးကို မြင်သည့်အချိန်တွင် သူကိုယ်တိုင်လည်း မှင်သက်သွားခဲ့သည်။ အခြေအနေက အလွန်တိုက်ဆိုင်လွန်းလှ၏။ ဆရာတော် ယွမ်မုန့် မသေခင် သူ၏ စာထဲ၌ စာသားတစ်ခု ရေးထားခဲ့သည်။

"ဝိညာဉ်တောင်တန်းကို ဘယ်နေရာမှာ ရှာရမှာလဲ… "

အနီရောင်တောင်ပံနှင့် မကောင်းဆိုးဝါး၏ မျက်လုံးများက တောက်ပနေသည်။ သူက ထိုကျောက်စိမ်းပြားလေးကို စိုက်ကြည့်နေ၏။ ထို့နောက် အနီရောင်လှံရှည်ကို ကိုင်ပြီး ကြောက်စရာကောင်းသော နတ်ဆိုးရနံ့များကို ထုတ်လွှတ်၍ လေထဲမှ ပျံသန်းလာခဲ့၏။ သူက ဝေ့ကျင်းတစ်ဝက်အဆင့် မကောင်းဆိုးဝါး တစ်ကောင်နှင့် ကွဲပြားမှု မရှိချေ။

သူက မြေပြင်နှင့် နီးကပ်လာပြီး လေထဲသို့ မြှောက်ထားသော ကျောက်စိမ်းပြားလေးကို ယူတော့မည့်အချိန်တွင် မုန့်ချီနှင့် ကျန်းယွင်ရှန်တို့က လှုပ်ရှားလိုက်ကြသည်။

ပထမဆုံးအကြိမ်အဖြစ် ရွမ်ယုရှုကလည်း မျက်နှာပျက်နေခဲ့၏။ သူမက လူမဆန်သော တေးသွား(၈)သွယ်ကို ဆက်တိုက်တီးလိုက်ရာ မကောင်းဆိုးဝါး၏ နားနှင့် နှလုံးသားထဲတွင် စိတ်ဝိညာဉ် ဖျက်ဆီးခြင်းတေးသံများ ပျံ့နှံ့လာခဲ့သည်။

ရွမ်ယုရှုက ထိုတေးသွားကို တီးလိုက်သည့်အချိန်တွင် သူမ၏ မျက်လုံး ၊ နှာခေါင်းနှင့် ပါးစပ်ထဲမှနေ၍ သွေးများ စီးကျလာခဲ့၏။ ထိုသွေးများက ဗျတ်စောင်းပေါ်တွင်ပင် ပြည့်နှက်လာသော်လည်း သူမကတော့ လုံးဝ ရပ်တန့်ခဲ့ခြင်း မရှိချေ။

မကောင်းဆိုးဝါးက ခေါင်းကို လှုပ်ခါပြီး မြေပေါ်တွင် နာကျင်စွာ လှိမ့်နေခဲ့၏။ ထိုအချိန်တွင် မုန့်ချီက လေထဲသို့ ခုန်လိုက်ပြီး သူ၏တီးတိုးဓားနှင့် မကောင်းဆိုးဝါးကို ခုတ်လိုက်သည်။

"(၁) ချက် ၊ (၂) ချက်၊ (၃)ချက် …

(၇)ချက် ၊ (၈)ချက် ၊ (၉)ချက်…

ဓားက အရိပ်ပေါင်းများစွာ အဖြစ် ပြောင်းလဲပြီး မကောင်းဆိုးဝါးကို ဆက်၍ ခုတ်လိုက်သည်။ ထိုအရာက ကောင်းကင် (၉)သွယ်မှ မိုးကြိုးအပြစ်ပေးမှုကဲ့သို့ ထင်မှတ်ရ၏။ ခရမ်းရောင်လျှပ်စီးကြောင်းများလည်း ထွက်ပေါ်လာနေပြီး မကောင်းဆိုးဝါးကို တိုက်ခိုက်နေခဲ့သည်။

Translated by Hein Htet

All Chapters