အခန်း (၂၄၇)
Vol. 17 Ch. 247
"ဂျိမ်းးးး…."
ကျယ်လောင်သောမိုးခြိမ်းသံကြီးများက လေထဲတွင် ပျံ့နှံ့လာပြီး ခရမ်းရောင်လျှပ်စီးကြောင်းများက မကောင်းဆိုးဝါးဆီကို အလွန်ကြောက်စရာကောင်းသော စွမ်းအားများနှင့်အတူ ကျရောက်သွားခဲ့သည်။
တောင်ပံနီမကောင်းဆိုးဝါးက လူမဆန်သော တေးသွား(၈)သွယ်၏ ထိခိုက်မှုကို ခံလိုက်ရသည့်အတွက် ခန္ဓာကိုယ်နှင့် ခေါင်းထဲတွင် နာကျင်မှုကို ခံစားရနေသော်လည်း ကျွဲဝါဝိညာဉ်ကဲ့သို့ မဟုတ်ဘဲ လှံရှည်နှင့်ဆက်၍ တိုက်ခိုက်နိုင်သေးသည်။
လူမဆန်သော တေးသွား(၈)သွယ်က အဆင့်နိမ့် ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်မျိုး ဖြစ်သည်။ ထို့ပြင် ရွမ်ယုရှုက တံခါး(၆)ပေါက်အဆင့် ပညာရှင် တစ်ယောက်ဖြစ်၏။ သူမ၏ဗျတ်စောင်းထဲတွင် နှလုံးကျင့်စဉ်များ ပါဝင်နေသော်လည်း ထိုအရာကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ခြင်းမရှိချေ။
ထို့ကြောင့် သူမ၏သံစဉ်တစ်ခုချင်းဆီတိုင်းက ဝေ့ကျင်းတစ်ဝက်အဆင့် မကောင်းဆိုးဝါးတစ်ကောင်ကို တိုက်ခိုက်ရန်သာ တတ်နိုင်သည်။ ဗျတ်စောင်းပေါ်သို့ သွေးစက်များ တစ်စက်စက် ကျဆင်းလာနေပြီး သစ်သားများက နီရဲနေသည်။ သူမ၏ အဖြူရောင်ဝတ်စုံလေးပေါ်တွင်လည်း သွေးများ ကျဆင်းလာနေသည့်အတွက် အင်္ကျီလေးက သွေးရောင်ဖုံးလွှမ်းနေ၏။
သို့သော် သူမကတော့ စောင်းတီးနေခြင်းကို ရပ်တန့်နေခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူမက မကောင်းဆိုးဝါးငှက်ကို တားဆီးချင်နေပြီး မုန့်ချီနှင့် ကျန်းယွင်ရှန်တို့ တိုက်ခိုက်ရန် အခွင့်အရေးတစ်ခု ဖန်တီးချင်ခဲ့သည်။
လှံရှည်၏ထိပ်ဖျားက လှုပ်ရှားသွားပြီး အလွန်ကြောက်စရာကောင်းသော မိုးကြိုးစွမ်းအားနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည့်အခါ မီးပွား(၉)ခု ထွက်ပေါ်လာခဲ့၏။ မီးပွားတစ်ခုချင်းဆီတိုင်းက အနီရောင်မီးကြာပန်းတစ်ခုကဲ့သို့ ထင်မှတ်ရပြီး ပြင်းထန်စွာ လောင်ကျွမ်းနေသည်။
အလွန်ကြောက်စရာကောင်းသော မီးတောက်ကြီးတစ်ခုက မုန့်ချီ ရပ်နေသောနေရာမှ ထွက်ပေါ်လာပြီး ထိုနယ်မြေတစ်ခုလုံးတွင် မီးကျွမ်းသွားသလို အမည်းရောင် ဖြစ်သွားခဲ့၏။
"ဂျိမ်းးး ဂျိမ်းးးး "
ခရမ်းရောင်မိုးကြိုးများနှင့် မီးကြာပန်းများ တိုက်ခိုက်မိလိုက်ပြီး မိုးကြိုးများနှင့် အနီရောင်မီးတောက်များက ပတ်ပတ်လည်သို့ ပျံ့နှံသွားခဲ့သည်။ ထို့ကြောင့် ကောင်းကင်ကြီးပေါ်တွင် ခရမ်းရောင်နှင့် အနီရောင်အလင်းတန်းများ ပြည့်နှက်နေခဲ့၏။
ကျင့်စဉ်အဆင့်နှင့် စွမ်းအားကန့်သတ်ချက်ကြောင့် လူမဆန်သော တေးသွား(၈)သွယ်၏ အကူအညီရှိနေသည့်အချိန်တွင် မုန့်ချီက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်ကို လက်ရည်တူတိုက်ခိုက်နိုင်သည်။ အကယ်၍ သူက ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင် သိုင်းကွက်ကို အစွမ်းကုန်သုံး၍ တိုက်ခိုက်လိုက်မည်ဆိုလျှင်ပင် အနိုင်ရနိုင်ခြင်း မရှိချေ။
ထိုအရာကလည်း အတော်လေးကို ကျိုးကြောင်းသင့်လျော်လှသည်။ သို့သော် သူတို့က ပူးပေါင်း၍ တိုက်ခိုက်နေခြင်း ဖြစ်သည်။ ကျန်းယွင်ရှန်ကလည်း သူ့ကိုယ်သူ ကျန်းဝူအဖြစ် ပြောင်းလဲလိုက်ပြီး အောက်ဖက်မှနေ၍ တိုက်ခိုက်လိုက်သည်။
မကောင်းဆိုးဝါးငှက်က သူ့ဆီသို့ ဦးတည်လာနေသော ဓားရှည်ကို မြင်လိုက်ရသည့်အခါ ထိတ်လန့်သွားရာမှ ချက်ချင်း သတိပြန်ဝင်လာခဲ့သည်။ သူက မကောင်းဆိုးဝါးသလင်းကျောက်ကို ထုတ်လိုက်ပြီး ကောင်းကင်ကမ္ဘာဦး မီးတောက်များနှင့် ဆက်သွယ်လိုက်သည်။ သူ၏ပတ်ပတ်လည်တွင်တော့ မည်သည့်အရာမျှမရှိဘဲ ကမ္ဘာကြီးနှင့် သီးခြားခွဲထွက်နေသလို ထင်မှတ်ရ၏။
ထိုအရာက သူ့အတွက်တော့ သဘာဝအကျဉ်းထောင်ကြီးတစ်ခုပမာ ဖြစ်နေခဲ့သည်။ ကောင်းကင်စွမ်းအားများကို အသုံးမပြုနိုင်သည့်အတွက် သူက အတောင်ပံများကို ဖြန့်ထုတ်ပြီး ပျံသန်းနိုင်ခြင်း မရှိချေ။ ထိုအချိန်တွင် လှံရှည်နှင့် တောင်ပံမြွေဓားရှိရာကို လှမ်းပစ်လိုက်သည်။
မကောင်းဆိုးဝါးမီးတောက်များကလည်း သူ၏ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး လှံရှည်ကို မီးစွဲသွားသည့်အတွက် ဓားပေါ်တွင် မီးတောက်များ လွှမ်းခြုံသွားခဲ့၏။
"ချွမ်..."
တောင်ပံမြွေဓားက လှံရှည်နှင့်အတူ မီးတောက်များကို ဖြတ်ကျော်သွားပြီး မကောင်းဆိုးဝါးငှက်၏ လက်ချောင်းလေးများကို ဖြတ်ပစ်လိုက်၏။ မကောင်းဆိုးဝါးငှက်က ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင်သိုင်းကွက်ကို ယခုလေးမှ တားဆီးထားခြင်းဖြစ်သည့်အတွက် ကျန်းယွင်ရှန်ကို တန်ပြန်တိုက်ခိုက်ရန် အချိန်မလောက်ခဲ့ပေ။
လက်ချောင်းလေးများ ပြတ်သွားသည့်အတွက် သူက နာကျင်စွာ အော်ဟစ်လိုက်ပြီး နတ်ဆိုးရနံ့များလည်း ပျောက်ကွယ်သွားသည်။ ထိုမကောင်းဆိုးဝါးတွင် လက်(၅)ချောင်းသာ ကျန်နေတော့၏။ ညာဘက်လက်တွင် (၃)ချောင်းနှင့် ဘယ်ဘက်လက်တွင် (၂)ချောင်းဖြစ်၏။ နောက်ဆုံးတွင်တော့ သူက လှံရှည်ကို လွှဲယမ်းပြီး တောင်ပံမြွေဓားကို အဝေးသို့ တွန်းထုတ်လိုက်သည်။
သို့သော် ထိုအချိန်တွင် မြေပေါ်သို့ ကျဆင်းလာနေသော မုန့်ချီက ခရမ်းသေမင်းဓားကို ဘယ်လက်နှင့် ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။ ခရမ်းနီရောင် ဓားချီစွမ်းအင်များက ကောင်းကင်ပေါ်သို့ ပျံ့နှံ့သွားပြီး သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာခဲ့၏။ အနားတွင် ရှိနေသော သစ်ပင်ကြီးတစ်ပင်လည်း လဲကျသွားပြီး ချက်ချင်းပင် ညှိုးခြောက်သွားခဲ့သည်။ သစ်ရွက်များပေါ်တွင်လည်း ဓားအမှတ်အသားများ ပြည့်နှက်နေခဲ့၏။
မုန့်ချီဆီတွင် စိတ်ဝိညာဉ်စွမ်းအားများ ကုန်ဆုံးသွားခဲ့သည်။ ခေါင်းထဲတွင် ရှိနေသော နာကျင်မှုက သူ့ကို သတ်နိုင်လောက်သည့်အပြင် မျက်လုံးနှင့် ပါးစပ်ထဲမှာနေ၍ သွေးများစီးကျလာနေခဲ့၏။ ထိုကဲ့သို့ ဆိုးရွားသော အခြေအနေမျိုးတွင်ပင် ဓားကိုတော့ သေချာကိုင်ထားသေးသည်။
မကောင်းဆိုးဝါးငှက်က သူ့ကိုယ်သူခုခံရန် အချိန်မရခဲ့ပေ။ ရပ်တန့်၍ မရနိုင်သော ဓားအလင်းတန်းနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူက အော်ဟစ်လိုက်ပြီး အနီရောင်အလင်းတန်းတစ်ခုကို မှုတ်ထုတ်လိုက်၏။
မီးတောက်များ လွှမ်းခြုံနေသည့် အလင်းတန်းက ခရမ်းနီရောင် ဓားချီစွမ်းအင်ဆီကို အတည့်အတိုင်း တိုးဝင်လာခဲ့သည်။ ထိုအရာက မကောင်းဆိုးဝါးငှက် တစ်ဘဝလုံး လေ့ကျင့်ထားခဲ့သည့် မကောင်းဆိုးဝါး သလင်းကျောက်ဖြစ်သည်။ လောင်ကျွမ်းနေသော နတ်ဆိုးရနံ့များနှင့် ခဲထားသည့်အတွက် သူက နှစ်ပေါင်း(၁၀၀)ကျော် ကျင့်ကြံထားသည်ဟု သတ်မှတ်နိုင်သည်။
"ဖောက် "
ထိုအလင်းလုံးက ခရမ်းသေမင်းဓားနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် ဓားချီစွမ်းအင်များက ရပ်တန့်သွားခဲ့၏။ ထို့နောက် သလင်းကျောက်က ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ အက်ကွဲလာပြီး ကြည်လင်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
မကောင်းဆိုးဝါးက အံကြိတ်လိုက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ တစ်ချိန်တည်းတွင် သူ၏ခန္ဓာကိုယ် တံခါး(၇)ပေါက်ဆီမှ သွေးများ စီးကျလာနေခဲ့သည်။
"ဖျက်စီးလိုက်စမ်း… "
မကောင်းဆိုးဝါးသလင်းကျောက် ပျက်စီးသွားသည့်အချိန်တွင် အနီရောင်နတ်ဆိုးမီးတောက်တစ်ခု ထွက်လာခဲ့သည်။ ထိုမီးတောက်က ခရမ်းသေမင်းဓားအတိုင်း လေထဲတွင် ရှိနေသော မုန့်ချီဆီကို ပျံ့နှံ့လာခဲ့၏။
မုန့်ချီက အလွယ်တကူ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။ မျက်စိတမှိတ်အတွင်း သူက ခန္ဓာကိုယ်တစ်ခုလုံး နာကျင်သွားခဲ့ပြီး အဝတ်အစားများအားလုံး လောင်ကျွမ်းသွားခဲ့၏။ သူက ခရမ်းသေမင်းဓါးကို လွှတ်ချလိုက်ပြီး စွမ်းအားပြန်ဖြည့်ဆေးတစ်လုံးကို သောက်လိုက်သည်။ ထိုအရာကိုတော့ မြိုချလိုက်မည့်အစား ဖျက်ဆီးခံရမှာ စိုးသည့်အတွက် ပါးစပ်ထဲတွင်သာ ငုံထားလိုက်၏။
သူက မြေပေါ်သို့ အရှိန်နှင့် ပြုတ်ကျသွားသည့်အချိန်တွင် ခေါင်းထဲ၌ မူးဝေနေခဲ့သည်။ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော မီးတောက်များကလည်း အလျံငြီးငြီး တောက်လောင်နေသေး၏။
ထိုအချိန်တွင် ရွှေခေါင်းလောင်းအကာကွယ်ကျင့်စဉ်နှင့် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်တို့က အလိုလို အသက်ဝင်လာကြသည်။ သို့သော် သူ့ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ရွှေရောင်အလင်းတန်းများကတော့ လက်နက်သန့်စင်ရန် မီးဖိုထဲသို့ ပစ်ထည့်လိုက်သော သံတုံးတစ်ခုပမာ ပျောက်ကွယ်သွားခဲ့သည်။
"ဖျောက် .. ဖျောက် .. ဖျောက် .. ဖျောက် .."
ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကလည်း ပျက်စီးသွားတော့မည်ဖြစ်၏။ စိတ်ဝိညာဉ်စွမ်းအားများလည်း ကုန်ဆုံးသွားသည့်အတွက် မုန့်ချီက နောက်ထပ် အသုံးမပြုနိုင်တော့ပေ။ ထို့ကြောင့် သူက မြေပေါ်တွင် လှိမ့်၍ မီးတောက်များကိုငြိမ်းရန် ကြိုးစားလိုက်သည်။ သို့သော်လည်း မအောင်မြင်ခဲ့ပေ။
ခန္ဓာကိုယ်ထဲတွင် ရှိနေသော နာကျင်မှုက အလွန်ပြင်းထန်သည့်အတွက် မုန့်ချီက သတိမေ့သွားလုမတတ် ခံစားနေရ၏။ နောက်ဆုံးတွင်တော့ သူက အံကြိတ်ပြီး စွန့်လွှတ်ခြင်းကျင့်စဉ်ကို အသုံးပြုလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် သူ၏စိတ်ဝိညာဉ်စွမ်းအားတစ်ဝက်နီးပါးခန့် ပြန်ရလာပြီး မီးတောက်များထဲတွင် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကလည်း နောက်တစ်ကြိမ် တည်ငြိမ်လာခဲ့၏။
မုန့်ချီက မကောင်းဆိုးဝါးမီးတောက်များထဲမှ လွတ်မြောက်ရန် ကြိုးစားနေသည့်အတွက် ကျန်းယွင်ရှန်နှင့်အတူ ပူးပေါင်းတိုက်ခိုက်နိုင်ခြင်း မရှိတော့ချေ။
မကောင်းဆိုးဝါးသလင်းကျောက် ပျက်စီးသွားသည်ကို မြင်သည့်အခါ အခွင့်အရေး ရောက်လာပြီဖြစ်ကြောင်း ကျန်းယွင်ရှန်က နားလည်သွား၏။ သူက သွေးဝိညာဉ် လောင်ကျွမ်းခြင်းကျင့်စဉ်ကို သုံးလိုက်ရာ သူ၏ပတ်ပတ်လည်တွင် သွေးရောင်အလွှာတစ်ခု လွှမ်းခြုံသွားခဲ့သည်။ ထို့နောက် သူက ကျန်းဝူ ကောင်းကင်နှောင့်ယှက်ခြင်းကျင့်စဉ်ကို နောက်တစ်ကြိမ် အသုံးပြုလိုက်၏။
တံခါး(၇)ပေါက်အဆင့် ပညာရှင်တစ်ယောက် ဖြစ်သော်လည်း သူက ချီစွမ်းအင်သိုလှောင်မှုတွင် မုန့်ချီကဲ့သို့ အစွမ်းထက်ခြင်း မရှိချေ။ ထို့ကြောင့် သူက ဝေ့ကျင်းအဆင့် သိုင်းကွက်များကို ဆက်တိုက်အသုံးမပြုနိုင်ပေ။ သို့သော် ထိုမကောင်းဆိုးဝါးငှက်ကိုတော့ အနိုင်ရရန် လိုအပ်နေသည့်အတွက် သူ၏စွမ်းအားများကို မြှင့်တင်ရန် သွေးဝိညာဉ်လောင်ကျွမ်းခြင်းကျင့်စဉ်ကို အသုံးပြုလိုက်ရသည်။ ထိုသို့ဆိုလျှင် သူက ကျန်းဝူ ကောင်းကင်နှောင့်ယှက်ခြင်း ကျင့်စဉ်ကို စက္ကန့်(၃၀)အတွင်း အသုံးပြုနိုင်သည်။
"ချွမ်.. ချွမ်.. ချွမ်..."
စောင်းကြိုးများအားလုံးက ပြတ်သွားပြီး ရွမ်ယုရှုက မြေပေါ်သို့ အားနည်းစွာ လဲကျသွားခဲ့သည်။ သူမက စောင်းကို ထိုမျှအချိန်ကြာမြင့်စွာ တီးနေရသည်မှာပင် သူမ၏စွမ်းဆောင်ရည်ထက် ကျော်လွန်နေခဲ့သည်။
သို့သော် သူမ၏နောက်ဆုံး တိုက်ခိုက်မှုက မကောင်းဆိုးဝါးကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်သည့်အတွက် မကောင်းဆိုးဝါးက သွေးအန်ပြီး နောက်ဆုတ်သွားလိုက်ရ၏။
မှေးမှိန်နေသော ဓားအလင်တန်းက ကမ္ဘာမြေကြီးနှင့် မကောင်းဆိုးဝါးကို ခွဲခြားပေးထားသည်။ ထို့ပြင် သူနှင့် ပြင်ပဆက်သွယ်မှုကိုလည်း ဖြတ်တောက်ပေးထား၏။
နတ်ဘုရားသတ်မျက်လုံးနှင့် တိုက်ခိုက်ခံလိုက်ရသော ခြင်္သေ့ဝိညာဉ်ကဲ့သို့ မဟုတ်ဘဲ သူက ဝေ့ကျင်းတစ်ဝက်အဆင့် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သည်။ သူ၏ မကောင်းဆိုးဝါးသလင်းကျောက်က ပျက်စီးသွားခဲ့သည့်အတွက် ခန္ဓာကိုယ်က တန်ပြန်စွမ်းအားများကို ပြင်းပြင်းထန်ထန် ခံစားနေခဲ့ရသော်လည်း ဆိုးရွားသော ဒဏ်ရာများ မရှိခဲ့ပေ။
သူက နောက်တစ်ကြိမ် လှံရှည်နှင့် တိုက်ခိုက်လိုက်ပြီး တောင်ပံမြွေဓားကို တားဆီးရန် ကြိုးစားလိုက်၏။
"ခလွပ်…"
ကျန်းဝူ ကောင်းကင်နှောင့်ယှက်ခြင်းစွမ်းရည်က အလွန်အစွမ်းထက်သည်။ ထိုအရာက လှံရှည်ကို နှစ်ပိုင်းပျက်စီးသွားစေခဲ့၏။ ထိုအရာနှစ်ခုက အချင်းချင်း ဝေးကွာသွားပြီး မတူညီသောကမ္ဘာနှစ်ခုထဲသို့ ကျရောက်သွားသလိုဖြစ်သွားသည်။
မကောင်းဆိုးဝါးက တောင်ပံမြွေဓားကို အနည်းငယ်လေးသာ တားဆီးနိုင်သည့်အတွက် သူ့ဘယ်လက်က ဓားနှင့်ဖြတ်ပစ်ခြင်းကို ခံလိုက်ရသည်။ သို့သော် ထိုအရာက သေစေနိုင်လောက်သော နေရာမဟုတ်ချေ။
ဘယ်လက်နှင့်အတူ လှံရှည်ကလည်း မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ အဖြတ်ခံလိုက်ရသည့် နေရာတွင် ချောမွေ့စွာ ပြတ်နေပြီး ခဏကြာပြီးမှသာ သွေးများစီးကျလာခဲ့၏။
ထိုတိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရပြီးနောက် မကောင်းဆိုးဝါးငှက်က ရွမ်ယုရှုနှင့် မုန့်ချီတို့ဆီမှ တိုက်ခိုက်မှုကို ရင်ဆိုင်ရခြင်း မရှိတော့ချေ။ ထိုအခွင့်အရေးကို အရယူပြီး သူ၏အတောင်ပံများကို ခတ်လိုက်၏။ သူက လေထဲသို့ မြင့်မြင့်ပျံသန်းလိုက်ပြီး ကျန်းယွင်ရှန် တိုက်ခိုက်နိုင်သည့်နေရာနှင့် အဝေးတွင် စောင့်ကြည့်နေခဲ့သည်။
သူက တိုက်ပွဲထဲတွင် သေလုမျောပါး ဖြစ်သွားခဲ့သည့်အတွက်အနည်းငယ် ကြောက်လန့်သွားခဲ့၏။ ယခုတော့ သူက ကျန်းယွင်ရှန်ကို အလွန်မုန်းတီးနေခဲ့သည်။
မုန့်ချီ၊ ရွမ်ယုရှုနှင့် ကျန်းယွင်ရှန်တို့၏ ပူးပေါင်းတိုက်ခိုက်မှုက ဝေကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကို သတ်ပစ်နိုင်သည်။ သို့သော် ပျံသန်းနိုင်သည့် မကောင်းဆိုးဝါး တစ်ကောင်၏ စွမ်းရည်ကတော့ ထူးခြား၏။ အထူးသဖြင့် နတ်ဆိုးထုတ်ဖော်ကြေးမုံနှင့် နတ်ဆိုးသတ်မြားတို့ ပျက်စီးသွားသည့်အချိန်မျိုးတွင်ဖြစ်သည်။
မကောင်းဆိုးဝါးက ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်ကိုမြင်သည့်အခါ ကျန်းယွင်ရှန်က မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရ၏။ သူက ကျန်းဝူကောင်းကင်နှောင့်ယှက်ခြင်းစွမ်းရည်ကို နောက်တစ်ကြိမ် သုံးနိုင်မည်ဆိုလျှင်ပင် ဘာမျှမတတ်နိုင်တော့ပေ။
သွေးဝိညာဉ်လောင်ကျွမ်းခြင်းကျင့်စဉ်က စက္ကန့်(၃၀)သာ ခံနိုင်ရည်ရှိသည်။ ကျန်းဝူူကောင်းကင်နှောင့်ယှက်ခြင်းကျင့်စဉ်ကို တစ်ကြိမ်သုံးလိုက်ပြီးနောက် အချိန်က တိုတောင်းသွားခဲ့၏။
"ဟားဟား …ဟားဟားဟားဟား ငါမင်းကို အရှင်လတ်လတ်စားပစ်မယ်… "
မကောင်းဆိုးဝါးက ကြောက်စရာကောင်းစွာ ရယ်လိုက်သည်။
သူက ကျန်းယွင်ရှန်၏အခြေနေကို အကြမ်းမျဉ်း သိနေခဲ့သည်။ ကျန်းယွင်ရှန် အားနည်းသွားသည့် အချိန်တွင် အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်လာပါလိမ့်မည်။ ယခုတော့ သူက ဆိုးဆိုးဝါးဝါး ထိခိုက်နေ၏။ သူက သူ့ထက်ပို၍ အစွမ်းထက်သောလူသားများကိုပင် အနိုင်မရနိုင်တော့ပေ။ သို့သော် အများစုကတော့ ဒဏ်ရာရနေပြီး အကောင်းအတိုင်း ရှိနေသော မိန်းကလေးကလည်း သူ့ကိုမယှဉ်နိုင်ပေ။
သူ၏ရယ်သံကို ကြားသည့်အခါ မုန့်ချီက စိုးရိမ်သွားခဲ့၏။ သို့သော် သူသာ စိတ်ပျက်မည် ဆိုလိုက်လျှင် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကလည်း အရည်ပျော်သွားနိုင်ပြီး သူကိုယ်တိုင် လောင်ကျွမ်းပြာကျသွားနိုင်သည်။
သူလက်နှစ်ဖက်က အားနေသည့်အတွက် သွေးဝိညာဉ်လောင်ကျွမ်းခြင်း ကျင့်စဉ်နှင့် စွန့်လွှတ်ခြင်းကျင့်စဉ်တို့ အကျိုးသက်ရောက်မှုမကုန်ခင် မီးတောက်များကိုငြိမ်းရန် အကောင်းဆုံး ကြိုးစားနေသည်။ ထိုသို့ဆိုလျှင်တော့ သူက ခရမ်းသေမင်းဓားကို နောက်တစ်ကြိမ် အသုံးပြုနိုင်၏။
" မင်းက အခွင့်အရေးကို မလိုချင်တော့ဘူးလား။ ငါတို့ကို စားလိုက်မယ်ဆိုရင် ဘာမှမရနိုင်တော့ဘူး.."
ကျန်းယွင်ရှန်က လေးလေးနက်နက်ပြောလိုက်သည်။
သူကတော့ မျှော်လင့်ချက်မဲ့သည့် အခြေအနေကို ဖုံးကွယ်ထားပြီး သူတို့အတွက် အချိန်ရရန် ကြိုးစားနေခဲ့သည်။ ထိုသို့ဆိုလျှင် ကျန်းကျိဝေနှင့် လော်ရှန်းကျိတို့ ပြန်ကောင်းလာနိုင်သလို မုန့်ချီက မီးတောက်များ ဖယ်ရှားနိုင်သည့်အချိန်တွင်လည်း သူတို့က အသက်ရှင်ရန် အခွင့်အရေးရှိနိုင်သေးသည်။
ထို့ပြင် သူတို့ကသာ အဆင်ပြေမည်ဆိုလျှင် မကောင်းဆိုးဝါးတစ်ကောင်နှင့် ပူးပေါင်းခြင်းကလည်း ကောင်းမွန်သောရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်သည်။ (၈)ရက်မြောက်နေ့အထိသာ သူတို့အသက်ရှင်နိုင်မည်ဆိုလျှင် ပင်မကမ္ဘာကြီးသို့ ပြန်သွားနိုင်၏။
ကျန်းကျိဝေနှင့် လော်ရှန်းကျိတို့ကတော့ ကိုယ့်ကိုယ်ကိုယ် ကုသရန် အချိန်ကို အကောင်းဆုံး အသုံးပြုနေကြသည်။ မကောင်းဆိုးဝါးငှက်နှင့် တိုက်ပွဲက မည်သို့ဖြစ်စေကာမူ သူတို့က ဂရုမစိုက်ကြပေ။ သူတို့က တိုက်ပွဲတွင် မပါဝင်နိုင်သည့်အတွက် သူတို့ကို ကူညီပေးနိုင်ရန် မြန်မြန်ကုသရန်သာ လိုအပ်၏။
ချီကျန်းရန်ကတော့ ရေခဲချီစွမ်းအင်များကို အသုံးပြုရန် ရုန်းကန်နေသည်။ ထိုအရာများက ရေခဲသလင်းကျောက်များအဖြစ် ပြောင်းလဲပြီး မုန့်ချီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့၏။ ထိုအရာများက မီးတောက်များကို ငြှိမ်းပေးရန် ကြိုးစားနေ၏။
သို့သော် အကျိုးသက်ရောက်မှုက ထင်ရှားမှုမရှိချေ။ ရွမ်ယုရှုက စွမ်းအားပြန်ဖြည့်ဆေးတစ်လုံးကိုယူပြီး သောက်လိုက်သည်။ စွမ်းအားအနည်းငယ် ပြန်ရလာလျှင် သူမက မကောင်းဆိုးဝါးကို ဆွဲခေါ်ရန် လန်းဟွမ်ကောင်းကင်တေးသွား(၁၂)သွယ်ကို အသုံးပြုနိုင်ပါလိမ့်မည်။
ဖူးကျန်းကျန်းက ကျန်းယွင်ရှန်၏နောက်တွင် တိတ်တဆိတ်ရပ်နေပြီး သူမ၏လက်ထဲတွင် အဆိပ်များ ကိုင်ထား၏။ အကယ်၍ မကောင်းဆိုးဝါးကသာ အောက်သို့ ပျံသန်းလာမည်ဆိုလျှင် သူမက ထိုအဆိပ်နှင့် တိုက်ခိုက်ရန် ပြင်ဆင်ထားသည်။ လက်လျှော့ရမည့်အစား သူတို့အားလုံးက နောက်ဆုံး တိုက်ခိုက်မှုအတွက် ပြင်ဆင်နေကြ၏။
"ကောင်းတယ် "
ငှက်က လေထဲတွင် လှည့်ပတ်ပျံသန်းနေပြီး ကျယ်လောင်စွာ ရယ်လိုက်သည်။
"မင်းက ငါ့ကို မတိုက်ခိုက်နိုင်တော့တဲ့အချိန်ကျမှ စကားပြောကြတာပေါ့…”
“မင်းက ငါ့ရဲ့ဘယ်လက်ကို ဖြတ်ပစ်လိုက်တဲ့အတွက် ပေးဆပ်ရမယ်.." မကောင်းဆိုးဝါးငှက်၏ ရင်ထဲတွင်တော့ ရေရွတ်နေခဲ့သည်။
"မဟာတန်ခိုးရှင်တွေ၊ မကောင်းဆိုးဝါးဘုရင်တွေ မရှိတော့တဲ့အချိန်မှာ ငါက လွတ်လပ်ပြီး ပျော်ရွှင်ရတယ်။ မဟုတ်ရင် ငါက ခေါင်းဆောင်ငယ်လေးတစ်ယောက်ပဲ။ ငါသာ အဲဒီအခွင့်အရေးကိုရမယ်ဆိုရင် သူ့ရဲ့စွမ်းအားတွေကိုလည်း ရနိုင်တယ်။ အဲဒါဆိုရင်တော့ ငါက ပိုပြီးကျေနပ်ရမှာပဲ…"
မတူညီသော မကောင်းဆိုးဝါးများ၏ စိတ်ထဲတွင် မတူညီသောအတွေးများ ပိုင်ဆိုင်ထားသည်။ တစ်ချို့ကတော့ မဟာတန်ခိုးရှင်များကို ကယ်တင်ချင်ကြပြီး တစ်ချို့ကတော့ ကိုယ်ပိုင်အတွေးများ ရှိကြ၏။
မုန့်ချီ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော မီးတောက်များက ပျောက်ကွယ်သွားသည်။ ထိုအချိန်တွင် ရွှေရောင်အလင်းတန်းများက နောက်တစ်ကြိမ်တောက်ပလာပြီး ဗုဒ္ဓတစ်ပါးကဲ့သို့ ဖြစ်လာခဲ့၏။
တစ်ချိန်တည်းတွင် ကျန်းယွင်ရှန်က အားနည်းသွားသည့်အတွက် သွေးဝိညာဉ်လောင်ကျွမ်းခြင်း ကျင့်စဉ်၏ အကျိုးသက်ရောက်မှုက ပျောက်ကွယ်သွားပြီဟု ပြသနေသည်။
“ကျန်းကျန်းနဲ့အတူ အဝေးကို ထွက်ပြေးလိုက်မယ်ဆိုရင် သေခြင်းတရားကနေ လွတ်မြောက်နိုင်ပြီး တစ်နေ့နေ့တွင် မုန့်ချီတို့ကို ပြန်ရှင်လာအောင် ကြိုးစားပေးရင် ကောင်းမလား။ ဒါမှမဟုတ် မကောင်းဆိုးဝါး အောက်ကို ဆင်းလာတဲ့အချိန်မှာ သွေးဝိညာဉ်လောင်ကျွမ်းခြင်းကျင့်စဉ်ကို နောက်တစ်ကြိမ် သုံးလိုက်ရမလား..”
“တကယ်လို့ငါက အချိန်တိုလေးအတွင်း နောက်တစ်ကြိမ် သုံးလိုက်မယ်ဆိုရင် ငါလည်း သေရလိမ့်မယ်။ မကောင်းဆိုးဝါးနဲ့ ပူးပေါင်းလိုက်တာက ဆိုးတာတော့ မဟုတ်ဘူး။ တကယ်လို့ ငါတို့ရဲ့သိုင်းပညာတွေ ဆုံးရှုံးသွားရတာပဲဖြစ်ဖြစ် ခြေလက်တွေ ဆုံးရှုံးသွားရတာပဲဖြစ်ဖြစ် သံသရာမြေကွက်လက်ထဲမှာ အကုန်ပြန်ကောင်းနိုင်တယ်။ ဒါဆိုရင် (၈)ရက်မြောက်နေ့ကျမှ အခွင့်အရေးပေါ်လာပြီလို့ ငါတို့က ပြောလို့ရတယ်.."
ကျန်းယွင်ရှန်၏ ခေါင်းထဲတွင် အတွေးပေါင်းစုံပေါ်နေခဲ့သည်။
ဥပမာအနေနှင့် ပြောရလျှင် သူ့ဆီတွင် ထွက်ပြေးရန်အတွေးမျိုး၊ မကောင်းဆိုးဝါးငှက်နှင့် ပူးပေါင်းရန်အတွေးမျိုး၊ နောက်ဆုံးအချိန်အထိ အသက်ရှင်ခွင့်ရရန်အတွက် သူသေကိုယ်သေ တိုက်ခိုက်ရန်အတွေးမျိုးသာ ရှိသည်။ သို့သော် သူကတော့ ဆုံးဖြတ်ချက်မချနိုင်ခဲ့ပေ။
သူ့ဆီတွင် အတွေးများစွာ ရှိနေသည့်အတွက် ဆုံးဖြတ်ချက်ကိုမချနိုင်ခဲ့ပေ။ ထို့ပြင် ကျန်းယွင်ရှန်က အလွန်အားနည်းလွန်းလှသည့်အတွက် နောက်တစ်ကြိမ် အစွမ်းထက်သော တိုက်ခိုက်မှုကို မတိုက်ခိုက်နိုင်တော့ပေ။
အခြေအနေကို သိနေသည့်အတွက် မကောင်းဆိုးဝါးက တစ်ဝက်ကျိုးနေသော လှံရှည်ကိုကိုင်ပြီး လေထဲမှ ပျံသန်းလာခဲ့သည်။ သူက ထူးဆန်းသောအပြုံးနှင့် မေးလိုက်၏။
"အခွင့်အရေးဆိုတာဘာလဲ… "
Translated by Hein Htet