အခန်း (၂၄၉)
Vol. 17 Ch. 249
သူတို့က လှည့်ပတ်သွားလာနေပြီး စမှတ်သို့ ပြန်ရောက်လာသည့်အတွက် မုန့်ချီ၏ စိတ်ထဲတွင် ပြောင်းလဲသွားသည်။ ကမ္ဘာကြီး၏ကိစ္စရပ်များကလည်း အလွန်ရှုပ်ထွေးလာ၏။ သူတို့က ယခုမှ (၆)ရက်သာ ရှိသေးသော်လည်း မုန့်ချီကတော့ ဘေးဒုက္ခမျိုးစုံကို ကြုံတွေ့ခဲ့ရသလို ခံစားနေရသည်။
"နင် အဆင်ပြေရဲ့လား… "
ကျန်းကျိဝေက လျှို့ဝှက်အသံ ပို့ဆောင်မှုနှင့် မေးလိုက်သည်။
မုန့်ချီက အဘိုးအိုကို ကြည့်ပြီး လူတိုင်းကို သူ့နောက်သို့ လိုက်လာခဲ့ရန် အချက်ပြလိုက်၏။ သူတို့ ထောင့်နေရာသို့ ရောက်သွားသည့်အချိန်တွင် မုန့်ချီက အသံနှိမ့်ပြီး ကျောက်စိမ်းပြားလေးအကြောင်း သူတို့အားလုံးကို ပြောပြလိုက်သည်။
သံသရာကမ္ဘာကြီးထဲသို့ ရောက်လာခဲ့ပြီးနောက် မုန့်ချီဆီတွင် ကျောက်စိမ်းပြားလေးတစ်ခု ရှိနေကြောင်း ကျန်းကျိဝေနှင့် ချီကျန်းရန်တို့က ကြားဖူးထားသည်။ သို့သော် သံသရာကမ္ဘာထဲသို့ ဝင်လာပြီးနောက် ထိုအရာက ပျက်စီးသွားခဲ့၏။
မုန့်ချီက တာဝန်လုပ်ဆောင်နေစဉ် အတောအတွင်း ဆရာတော်ယွမ်မုန့်၏ စာနှင့်အတူ တစ်ထပ်တည်း တူညီနေသော ကျောက်စိမ်းပြားလေးကို ထပ်ရလိမ့်မည်ဟု သူတို့လည်း မထင်ထားခဲ့ကြပေ။ ဆရာတော်ယွမ်မုန့်၏ စာထဲတွင်တော့ ‘ ဝိညာဉ်တောင်တန်းက ဘယ်နေရာမှာလဲ’ ဟု ရေးသားထားသည်။
"ပထမဆုံးကျောက်စိမ်းပြားလေးကိုတော့ အမည်မသိ ဘုန်းတော်ကြီးတစ်ပါးက ပေးထားတာ…။ ဒုတိယ ကျောက်စိမ်းပြားကိုတော့ ဆရာတော် ယွမ်မုန့်က ချန်ထားခဲ့တာ။ ဗုဒ္ဓဝါဒအရဆိုရင်တော့ နင်နဲ့ ရေစက်ရှိတယ်လို့ ပြောလို့ရတယ်… "
ကျန်းကျိဝေက အသံတိုးတိုးနှင့်ပြောလိုက်၏။
အထွဋ်အမြတ်တောင်တန်းက မက်မောစရာဖြစ်သည်။ သို့သော် အမည်မသိ ဘုန်းတော်ကြီးနှင့် ဆရာတော်ယွမ်မုန့်တို့၏ အစစ်အမှန် နောက်ကြောင်းကတော့ သံသဝင်စရာကောင်း၏။ ချီကျန်းရန်က သေချာစဉ်းစားပြီး ပြောလိုက်သည်။
"အဲဒါက အနတ္တများ ဖြစ်နေမလား … "
ရွမ်ယုရှုနှင့် လော်ရှန်းကျိတို့က ကျောက်စိမ်းပြားလေးနှင့် ပတ်သက်ပြီး မည်သည့်အရာမျှ သိမထားကြပေ။ ထို့ကြောင့် သူတို့က တိတ်ဆိတ်နေကြ၏။ သူတို့က ဖြစ်စဉ်တစ်ခုလုံးကို အားကျနေသည့်အမူအရာနှင့် နားထောင်နေကြ၏။
မုန့်ချီဆီတွင်လည်း တူညီသော ခံစားမှုတစ်ခု ရှိနေသည်။ သူက ထိန်းချုပ်ခံရခြင်းကို မုန်းတီး၏။
"တကယ်လို့ အဲဒါက အနတ္တသာဆိုရင် စာထဲမှာ ‘ ဒါပါပဲလား ’လို့ ရေးထားသင့်တယ်။ အခြေအနေတွေက ငါတို့စဉ်းစားလို့ မရနိုင်ဘူး… ။ ငါက ကျောင်းဆောင်ဆီကို ပြန်သွားချင်တယ်…"
မုန့်ချီက အနတ္တကျိန်စာဖျက်ဓားပညာကို ရရှိခဲ့သည့်အချိန်တွင် ဒုတိယကျောက်စိမ်းပြားလေးကို လက်ခံရရှိခဲ့သော်လည်း ထိုကျောက်စိမ်းပြားလေးက အနတ္တနှင့် ပတ်သက်နေသည်ဟု သက်သေပြနိုင်ခြင်း မရှိချေ။
မုန့်ချီက ကျောက်စိမ်းပြားလေးကြောင့် သံသရာကမ္ဘာကြီးထဲသို့ ရောက်လာခဲ့သည့် အတွက် ဒုတိယတစ်ခုကို အနှေးနှင့် အမြန် တွေ့လာသည်ဟုသာ တွေးထားခဲ့သည်။ မကောင်းဆိုးဝါးသခင်နှင့် နတ်ဆိုးသခင်တို့ ပေါ်လာခြင်း ၊ အထွဋ်အမြတ်တောင်ထိပ် ပေါ်လာခြင်းတို့ကတော့ ကျောက်စိမ်းပြားလေးကို မုန့်ချီ ရလာခဲ့ပြီးနောက် ပြောင်းလဲလာသော အကြောင်းတရားများကြောင့် ဖြစ်နိုင်သည်။ မဟုတ်လျှင် သံသရာကမ္ဘာကြီးထဲရှိ စွန့်စားခန်းများအကြောင်းကို ရှင်းပြ၍ မရနိုင်ပေ။
ထို့ကြောင့်လည်း သံသရာအရှင်သခင်က အနောက်သို့ ခရီးသွားခြင်းအကြောင်းကို မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်နိုင်သည်။
"ကျောင်းဆောင်ကို ပြန်သွားမှာလား။ ငါလက်မခံဘူး။ အဲဒီမှာ မကောင်းဆိုးဝါးတွေ အများကြီးရှိတယ်…"
လော်ရှန်းကျိက မုန့်ချီ၏အကြံကို ချက်ချင်း ငြင်းဆန်လိုက်သည်။
"မင်းက ငါ့ကို လာနောက်နေတာလား။ မင်းက ဘာလို့ နောက်ဆုံးနေ့မှ ပြန်မသွားရတာလဲ။ အခုအချိန်က ဒီအုတ်ဂူထဲမှာ ပုန်းနေတာက အကောင်းဆုံးပဲ။ ဒီနေရာမှာ လုံခြုံပြီး တည်ငြိမ်တယ်။ အချိန်အတိုင်းအတာတစ်ခုအထိ နေလို့ရနိုင်တယ်…"
ချီကျန်းရန်ကတော့ စကားတစ်ခွန်းမျှ မပြောခဲ့သလို ငြင်းဆန်ခြင်းလည်း မရှိချေ။
ကျန်းကျိဝေက ရယ်ကာမောကာနှင့် ပြောလိုက်၏။
"အမှန်အတိုင်းပြောရရင် မကောင်းဆိုးဝါးတွေက နေရာတိုင်း ငါတို့နောက်ကို လိုက်နေတာ။ ကျောင်းဆောင်ထဲမှာ အနည်းဆုံးပဲ…"
အန္တရာယ်အများဆုံး နေရာက အလုံခြုံဆုံးဖြစ်သည်။
ရွမ်ယုရှုက ပြောလိုက်၏။
"တကယ်လို့ ငါတို့သာ ဒီနေရာမှာ ဆက်နေမယ်ဆိုရင် အသက်ရှင်တာ မရှင်တာကို မကောင်းဆိုးဝါးတွေအပေါ် မှီခိုနေရလိမ့်မယ်။ ငါတို့က ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး…"
"အဲဒါတော့ အမှန်ပဲ…"
မုန့်ချီက လော်ရှန်းကျိကို ကြည့်ပြီး ပြောလိုက်သည်။
"ကျွန်တော်တို့က ဝေ့ကျင်း တစ်ဝက်အဆင့် မကောင်းဆိုးဝါး (၄)ကောင်ကို သတ်ပြီးသွားပြီ။ တခြားမကောင်းဆိုးဝါးတွေက ကျွန်တော်တို့ရဲ့ တည်နေရာကို သိသွားပြီး ရောက်လာနိုင်တယ်။ တကယ်လို့ ကျွန်တော်တို့က ကံကောင်းမယ်ဆိုရင်တော့ သူတို့က တခြားနေရာတွေကို ရှာဖွေကြလိမ့်မယ်။ ဒါဆိုရင်တော့ လုံလုံခြုံခြုံ ပြန်သွားနိုင်တယ်။ တကယ်လို့ ကံမကောင်းဘူးဆိုရင်တော့ ကျွန်တော်တို့အားလုံး သေသွားကြရလိမ့်မယ်…”
“ဒီအုတ်ဂူထဲမှာ မကောင်းဆိုးဝါးတွေက မပျံနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့လည်း ထွက်မပြေးနိုင်ဘူး။ တကယ်လို့ သူတို့သာ ဒီနေရာကို ရောက်လာပြီဆိုရင် ကျွန်တော်တို့က အပြင်ကို ထွက်ဖို့အတွက် သူသေကိုယ်သေ တိုက်ခိုက်ဖို့ပဲ ရှိတော့တယ်။ ဒါဆိုရင် ကျွန်တော်တို့ အသက်ရှင် မရှင်က ဝေ့ကျင်း တစ်ဝက်အဆင့် မကောင်းဆိုးဝါး ဘယ်လောက်ရောက်လာလဲဆိုတဲ့ အပေါ် မှီခိုသွားလိမ့်မယ်… "
မုန့်ချီက အသံတိုးတိုးနှင့် ခိုင်မာစွာ ပြောလိုက်၏။
"ကျွန်တော်က ကျွန်တော်ရဲ့အသက်ကို ကံတရားအပေါ် ပုံမအပ်ချင်ဘူး။ အထွဋ်အမြတ်တောင်တန်းမှာ စွမ်းအားတွေနဲ့ ပြည့်နှက်နေတယ်။ ကျွန်တော်က အခွင့်အရေးကို လိုချင်တယ်။ တကယ်လို့ သေရမယ်ဆိုရင်တောင် နောင်တ မရဘူး.."
ခဏရပ်ပြီးနောက် သူက ဆက်ပြောလိုက်သည်။
"ကျွန်တော်တို့က မစဉ်းစားတတ်တဲ့သူတွေ မဟုတ်ဘူး။ တကယ်လို့ ကျောင်းဆောင်ကို ပြန်သွားမယ်ဆိုရင် နတ်ဆိုးငယ်လေးတွေကို ဖမ်းလို့ရတယ်။ သူတို့ကို နှိပ်စက်ပြီး လဲ့ယင်ကျောင်းဆောင်ကြီး ဆိုင်းဘုတ်တည်နေရာနဲ့ ကျောင်းဆောင်ထဲမှာရှိတဲ့ မကောင်းဆိုးဝါးကြီးတွေရဲ့ အရေအတွက်ကို မေးလို့ရတယ်။ အဲဒါက ကျွန်တော်တို့ မတတ်နိုင်တဲ့ အခြေအနေမျိုး ဒါမှမဟုတ် ဆိုင်းဘုတ်ကို ယူသွားပြီဆိုရင်တော့ ကျွန်တော်တို့က ကျောင်းဆောင်ကို ကျော်ပြီး အနောက်ဘက်ကို ဆက်သွားတာ ပိုကောင်းမယ်။ ပြီးရင်တော့ ကျွန်တော်တို့က မကောင်းဆိုးဝါးတွေ ရှာပြီးသွားတဲ့ နေရာတွေမှာ ပုန်းနေလို့ ရနိုင်တယ်။ ကျောင်းဆောင်အနားကို သွားတာက အန္တရာယ်များနိုင်တယ်။ ဒါပေမဲ့ အဲဒါက အခွင့်အရေးတစ်ခုပဲ…."
ကျောင်းဆောင်ကို ကျော်သွားပြီး အနောက်ဘက်သို့ ခြေချလိုက်မည်ဆိုလျှင် သူတို့က မကောင်းဆိုးဝါးများ ရှာဖွေပြီးသွားသော နေရာကို ရောက်သွားပါလိမ့်မည်။ မကောင်းဆိုးဝါးများက ထိုနေရာများကို လျစ်လျူရှုရန် ပို၍လွယ်ကူ၏။ ထိုအရာက ကံတရားအပေါ် မူတည်နေသော်လည်း မုန့်ချီက ယုံကြည်ချက်ရှိသည်။
မုန့်ချီ၏ သုံးသပ်ချက်ကို ကြားသည့်အခါ လော်ရှန်းကျိက သဘောတူလိုက်ရ၏။
"ငါတို့က စွန့်စားမှုမလုပ်ခင် ကိုယ့်ရဲ့ကန့်သတ်ချက်ကို သိထားဖို့လိုတယ်…"
ထို့သေူတို့က အဘိုးအိုကို အစာခြောက်နှင့် ရေတချို့ ပေးခဲ့ပြီး ကျောင်းဆောင်ထဲသို့ ထွက်ခွာလာခဲ့ကြသည်။
ခဏကြာ ထွက်လာကြပြီးနောက် သူတို့က ပျက်စီးနေသော အပြင်နံရံများနှင့် ပျက်စီးနေသော အမိုးများကို မြင်လိုက်ရ၏။ ထိုနေရာတွင် ကင်းလှည့်နေသော နတ်ဆိုးငယ်လေးများကိုလည်း တွေ့လိုက်ရသည်။ တချို့နတ်ဆိုးငယ်လေးများက လမ်းတစ်လျှောက်တွင် အော်ဟစ်နေခဲ့၏။
"ဘုရင်ကြီးက ကျောင်းဆောင်ကို ကင်းလှည့်ဖို့ ငါ့ကို တာဝန်ပေးထားတယ်… "
မုန့်ချီက နှုတ်ခမ်းကို တွန့်ကွေး၍ ပြုံးလိုက်သည်။
"ဒီကောင်လေးတွေက အနောက်သို့ ခရီးသွားခြင်းထဲက အတိုင်း ကင်းလှည့်နေကြတာပဲ…”
သူက ချီကျန်းရန်ကို အချက်ပြလိုက်သည်။ ခဏကြာပြီးနောက် သူတို့စီစဉ်ထားသည့်အတိုင်း နတ်ဆိုးငယ်လေးတစ်ကောင်ကို ဖမ်းနိုင်ခဲ့၏။
"ဆိုင်းဘုတ်က ဘယ်နေရာမှာလဲ… "
မုန့်ချီက မေးလိုက်သည်။ သူ၏မျက်လုံးများက ဝဲကတော့များ ရှိနေသည့် ပင်လယ်ကြီးတစ်ခုပမာ ထင်မှတ်ရသည်။
နတ်ဆိုးငယ်လေးက ခုခံမှုကို လက်လျှော့ပြီး ပြောလိုက်၏။
"ဆိုင်းဘုတ်လား… အဲဒါဘာလဲ ..စားလို့ရလား… "
"အခွင့်အရေးရှိနေတဲ့ သစ်သားပြားကို ပြောတာ…"
မုန့်ချီက ပြန်ဖြေလိုက်သည်။
ထိုအချိန်ကျမှသာ နတ်ဆိုးငယ်လေးက နားလည်သွားခဲ့၏။
"အဲဒီသစ်သားပြားမှာ ဘာအခွင့်အရေးမှ မရှိဘူး။ ဘုရင်ကြီးက အခန်းတစ်ခုထဲကို ပစ်ထည့်ထားတယ်…”
“လဲ့ယင်ကျောင်းဆောင်ကြီးမှာ ဗုဒ္ဓလမ်းစဉ်ဘိုးဘေးတွေ နေထိုင်ခဲ့တယ်။ ဗုဒ္ဓလမ်းစဉ် ဘိုးဘေးတွေရဲ့ နေအိမ်ပဲ။ မကောင်းဆိုးဝါးတွေက အထွဋ်အမြတ် တောင်တန်း အကြောင်းကို သိနေမှတော့ ဒီဆိုင်းဘုတ်အကြောင်းလည်း သိနေနိုင်တယ်။ ဘာလို့ ဘုရင်ကြီးက ပစ်လွှတ်လိုက်ရတာလဲ…”
မုန့်ချီနှင့်ကျန်းကျိဝေတို့က သံသယဝင်နေမိသည်။
“ဒါက ထောင်ချောက်တစ်ခုများ ဖြစ်နေမလား…”
"အဲဒီသစ်သားပြားနှင့် ပတ်သက်ပြီး မင်းတို့ဘုရင်ကြီးက ဘာပြောခဲ့သေးလဲ…"
မုန့်ချီက မေးလိုက်သည်။
နတ်ဆိုးငယ်လေးက ခဏကြာစဉ်းစားပြီး ပြောလိုက်၏။
"ဒီသစ်သားပြားက စွမ်းအားမရှိတဲ့ ခေါင်းတုံးတစ်ေရေးထားတာလို့ ပြောတယ်။ ဘာမှအသုံးမဝင်ဘူးတဲ့…"
"စွမ်းအားမရှိတဲ့ ခေါင်းတုံးတစ်ယောက် ဟုတ်လား… "
မုန့်ချီက မျက်နှာပျက်သွားခဲ့၏။
သူက ဖြစ်နိုင်ချေ တစ်ခုကို စဉ်းစားပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။
"ဘုရင်ကြီးက ဒီပေါ်မှာ ရေးထားတဲ့ စကားလုံးတွေကို မသိဘူးလား…"
"စကားလုံးတွေ ဟုတ်လား… "
နတ်ဆိုးငယ်လေးက အံ့ဩသွားခဲ့၏။
"ဒါကို သူတို့က ဒီအတိုင်း ဓားနဲ့ခြစ်ထားတယ်လို့ပဲ ထင်နေတာ…"
"စာမဖတ်တတ်တာ…။ သူတို့က စာမဖတ်တတ်တာပဲ… "
မုန့်ချီက သက်ပြင်းချလိုက်မိပြီး ကျန်းကျိဝေလည်း အတူတူသာ ကောက်ချက်ချမိခဲ့သည်။
"ငါလည်း အဲဒီလိုပဲ ထင်တယ်။ တောင်တန်းဘုရင်ကြီးတွေက ဘယ်လိုဖြစ်ပြီး သက္ကတဘာသာစကားကို နားလည်နိုင်မှာလဲ။ သူတို့က သာမန်လူသား ဘာသာစကားကိုတောင် နားမလည်နိုင်ကြဘူးလေ…"
"ဒါဆိုရင် ကျောင်းဆောင်ထဲမှာ ဘုရင်ကြီးတစ်ပါး ရှိလား… "
မုန့်ချီက မေးလိုက်သည်။
"ဟေးဆုံတောင်တန်းဘုရင်ကြီးပဲရှိတယ်။ တခြားလူတွေကတော့ အပြင်ဘက်ကို ထွက်ပြီး လူရှာနေတယ်။ ငါက ဘုရင်ကြီးတွေ ဆိုးဆိုးရွားရွား သေဆုံးနေတာကို ကြားခဲ့ရတယ်…"
နတ်ဆိုးငယ်လေးက ရိုးရိုးသားသား ပြန်ဖြေနေခဲ့သည်။
ထို့နောက် မုန့်ချီက ဟေးဆုံဘုရင်ကြီး၏ အကြောင်းကို အသေးစိတ်မေးခဲ့၏။ ထိုဘုရင်ကြီးကတော့ ဝက်နတ်ဆိုးဖြစ်ပြီး အပြင်ဘက်ကို ထွက်ရှာရန် ပျင်းရိနေသည့်အတွက် ကျောင်းဆောင်ထဲသို့ ပြန်လာပြီး အိပ်နေခဲ့ခြင်းဖြစ်သည်။
"သူက စိမ်းပြာရေလှိုင်းဘုရင်နဲ့ ပတ်သက်တဲ့ မိသားစုဝင် တစ်ခုများ ဖြစ်နေမလား…"
မုန့်ချီက တီးတိုးရေရွတ်လိုက်သည်။ ယခုတော့ သူက ကျောင်းဆောင်ထဲရှိ အခြေအနေများကို ပို၍ ရင်းနှီးလာခဲ့၏။
မုန့်ချီက ပြန်လှည့်ပြီး ကျန်းကျိဝေတို့ကို ကြည့်လိုက်သည်။
"ဒါက အခွင့်အရေးပဲ…။ ငါက ကျောင်းဆောင်ထဲကို သွားမယ်။ မင်းတို့ရော… "
အလွန်အန္တရာယ်များနေသည့်အတွက် မုန့်ချီက သူတို့ကို အတင်းအကြပ် စွန့်စားစေလိုခြင်း မရှိချေ။
"အခွင့်အရေးဆိုမှတော့ အရယူရမှာပေါ့ … "
ကျန်းကျိဝေက ပြောလိုက်၏။
ချီကျန်းရန်ကလည်း ခေါင်းညိတ်ပြလိုက်သည်။
"အစ်ကိုကြီးကျန်းနှင့် မိန်းကလေးဖူတို့ရဲ့ သေဆုံးမှုကြောင့် ငါက တစ်ယောက်တည်း တည်တည်ငြိမ်ငြိမ် လေ့ကျင့်နေဖို့ မဖြစ်နိုင်ဘူးဆိုတာ နားလည်သွားပြီ။ ငါက စွမ်းအားတိုးတက်စေနိုင်တဲ့ အခွင့်အရေးတိုင်းကို အရယူရမယ်။ အထွဋ်အမြတ်တောင်တန်းက အဆုံးသတ် မဟုတ်ဘဲ အခွင့်အရေးဆိုမှတော့ ငါလည်း လက်လွှတ်မခံချင်ဘူး…"
တစ်ချိန်တုန်းက စကားနည်းသော ချီကျန်းရန်က သူ၏ ဆန္ဒများကို ပြောပြနေခဲ့သည်။
မုန့်ချီ၏ အမြင်များကလည်း ပြောင်းလဲသွားခဲ့ရ၏။ သူက ဆုံးဖြတ်ချက်ချခဲ့သည်။ အကယ်၍ သူသာ အသက်ရှင်လျက် ပြန်ခဲ့ရမည်ဆိုလျှင် ယပ်တောင်(၆)လက်ကျောင်းနှင့် ပူးပေါင်းပြီး လျှို့ဝှက်သတင်းပေးအဖြစ် တာဝန်ထမ်းဆောင်ရန် စဉ်းစားထားသည်။
ယပ်တောင် (၆)လက်ကျောင်းမှ ပေးအပ်သော အရင်းအမြစ်များ ၊ သတင်းအချက်အလက်များကြောင့် သူက အခွင့်အရေးများကို ရှာဖွေနိုင်ပြီး ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်များကိုလည်း ရှာဖွေနိုင်ပါလိမ့်မည်။ သူက မည်သည့်အရာကိုမျှ စောင့်နေရန် မလိုတော့ပေ။ ကံကြမ္မာက သူ့လက်ထဲတွင်သာ ရှိ၏။
"ငါလည်း ပြဿနာ မရှိဘူး.."
ရွမ်ယုရှုက ပြန်ဖြေလိုက်သည်။ ဗျတ်စောင်းက ပြင်ပြီးသွားပြီ ဖြစ်၏။ သူမ၏ အဖြူရောင်ဝတ်စုံလေးလည်း စွတ်စွတ်ဖြူနေပြီး ကြာပန်းပွင့်လေးတစ်ခုပမာ ထင်မှတ်ရသည်။
ကျောင်းဆောင်ထဲတွင် ဘုရင်ကြီးတစ်ပါးသာ ရှိနေသည်ဆိုလျှင် သူတို့က သေချာပေါက် ကိုင်တွယ်နိုင်သည်ဟု လော်ရှန်းကျိကလည်း တွေးမိခဲ့၏။ အထွဋ်အမြတ်တောင်တန်းဟူသည်မှာ ဗုဒ္ဓလမ်းစဉ်ဘိုးဘေးများ နေထိုင်ခဲ့သော နေရာဖြစ်သည့်အတွက် သူ့ကို အတော်လေး ဆွဲဆောင်နိုင်သည်။ သေချာစဉ်းစားလိုက်ပြီးနောက် သူလည်း ခေါင်းညိတ်ပြီး လိုက်ရန် သဘောတူလိုက်သည်။
သူတို့ (၅)ယောက်က ကိုယ်ဖော့ပညာများကို သုံးပြီး စက္ကန့်ပိုင်းလေးအတွင်း နံရံဆီကို ရောက်လာကြသည်။ ထို့နောက် နံရံကို ဘယ်လက်နှင့် ထောက်ပြီး ကျောင်းဆောင်ထဲကို ခုန်ကျော်ဝင်လိုက်၏။
မုန့်ချီက စိတ်ဝိညာဉ် စွမ်းအားများကို သုံးထားသည်။ သူ၏ စိတ်ကလည်း အလွန်တည်ငြိမ်ပြီး ကြည်လင်နေသော ရေကန်တစ်ခုပမာ ဖြစ်နေ၏။ ပတ်ပတ်လည်ရှိ မြင်ကွင်းများကိုလည်း မြင်နေရသည်။
သူက အိပ်နေသော နတ်ဆိုးငယ်လေးများကို ရှောင်တိမ်းပြီး အခန်းတစ်ခုဆီသို့ ချဉ်းကပ်လာခဲ့သည်။ ထိုအခန်းထဲတွင်တော့ လဲ့ယင်ကျောင်းဆောင်ကြီးဟူသော ဆိုင်းဘုတ်ရှိသည်။
ရုတ်တရက်ဆိုသလို အခန်းထဲမှနေ၍ မိုးခြိမ်းသံကြီးတစ်ခုကို ကြားလိုက်ရ၏။ မုန့်ချီက မှင်တက်သွားခဲ့သည်။ သူက သူတို့ကို သတိထားမိသွားမှာကိုလည်း ကြောက်လန့်သွား၏။ သေချာနားထောင်ကြည့်လိုက်ရာ ဝက်နတ်ဆိုးက ကျယ်လောင်စွာ ဟောက်နေခြင်း ဖြစ်ကြောင်း နားလည်သွားသည်။
ထိုအချိန်ကျမှသာ မုန့်ချီလည်း သက်ပြင်းချလိုက်မိပြီး တခြားလူများကို သတိထားရန် အချက်ပြလိုက်သည်။ သူတို့က အခန်းကို ဖြတ်ပြီး တခြားအခန်းတစ်ခုဆီသို့ ကူးသွားခဲ့၏။ ထိုအချိန်တွင် ကြမ်းပြင်ပေါ်သို့ ပစ်ထားသော ဆိုင်းဘုတ်ပြားကို မြင်လိုက်ရသည်။ တချို့သော နတ်ဆိုးငယ်လေးများကတော့ ထိုဆိုင်းဘုတ်ပေါ်တွင် သေးပေါက်ထားခဲ့၏။
မုန့်ချီက ထိုနေရာသို့ လျှောက်သွားပြီး ဆိုင်းဘုတ်ပေါ်တွင် ကျောက်စိမ်းပြားလေးကို တင်လိုက်သည်။ သို့သော် မည်သည့်အရာမျှ ဖြစ်မလာခဲ့ပေ။
"ငါလုပ်တာများ မှားနေတာလား… "
သူက မျက်မှောင်ကြုတ်ပြီး တွေးလိုက်မိ၏။
………………
ကျောင်းဆောင်၏ အပြင်ဘက်တွင်တော့ ငါးခေါင်းနှင့် လူခန္ဓာရှိနေပြီး တစ်ကိုယ်လုံး အနက်ရောင်အကြေးခွံများ ပြည့်နေသော နတ်ဆိုးတစ်ကောင်ရှိသည်။ သူက ရွှေရောင် သံချပ်ဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ဇာမဏီငှက်မွေး ဦးထုပ်ကို ဝတ်ဆင်ထားသည်။ အနားသို့ ချဉ်းကပ်လာသည့်အခါ ထိုအရာက အမှောင်ဘုရင်ကြီးဖြစ်နေသည်။
"ဒီအရူးတွေက ဗုဒ္ဓအငွေ့အသက်နှင့်ပတ်သက်ပြီး ဘာမျှ မသိကြဘူး…"
အမှောင်ဘုရင်ကြီးက အသံတိုးတိုးနှင့် ပြောလိုက်၏။
သူက ရှေးဟောင်းနတ်ဆိုး တစ်ယောက်ဖြစ်သည့်အတွက် နှစ်ပေါင်း (၈၀၀) (၉၀၀)ကျော် အသက်ရှင်နေထိုင်ခဲ့သည်။ သူက မဟာတန်ခိုးရှင်တစ်ပါးနှင့် တွေ့ခဲ့ဖူးပြီး ဗုဒ္ဓရတနာကို ကာကွယ်ပေးခဲ့ဖူး၏။ သူက စာမတတ်သော်လည်း တခြားသော မကောင်းဆိုးဝါးများထက် ပို၍သိနေသည်။
ပထမအကြိမ်တွင် ငါးနတ်ဆိုးက ဒဏ်ရာရသွားခဲ့သော်လည်း တခြားသူများကို မပြောချင်ခဲ့ပေ။ ထို့ကြောင့် အခွင့်အရေးက ရန်သူများနှင့်အတူ ပါသွားကြောင်း ပြောခဲ့၏။ ယခုပြန်ကောင်းသွားသည့်အတွက် မည်သူမျှ မသိခင် ဆိုင်းဘုတ်ပြားကို ခိုးယူရန် ရောက်လာခဲ့ခြင်းဖြစ်သည်။
…………
"ဘာလို့ ဘာမှမဖြစ်ရတာလဲ… "
မုန့်ချီက စဉ်းစားနေပြီး ကျန်းကျိဝေနှင့် တခြားလူများကတော့ အခြေအနေကို စောင့်ကြည့်နေကြ၏။ သူ့ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာပြီး အတော်လေးလည်း စိုးရိမ် ထိတ်လန့်လာသည်။
သူက သူ့ကိုယ်သူ တည်ငြိမ်အောင်ကြိုးစားလိုက်ပြီး ဗုဒ္ဓလမ်းစဉ်နှင့် ပတ်သက်သော ယေဘုယျ အချက်အလက်များနှင့် အနောက်သို့ ခရီးသွားခြင်းဇာတ်လမ်းကို ပြန်လည်စဉ်းစားလိုက်သည်။
"အထွဋ်အမြတ်တောင်ထိပ်…
အဲဒါက လူသားအားလုံးမှာ ဗုဒ္ဓရဲ့သဘာဝ ဈာန်သမာဓိ ရှိတယ်လို့ ပြောကြတယ်။ ဗုဒ္ဓကိုယ်တိုင်ပဲဖြစ်ဖြစ် လူသားတစ်ယောက်ပဲ ဖြစ်ဖြစ် စိတ်တည်ငြိမ်သွားပြီဆိုရင် သူ့ခေါင်းထဲမှာ အထွဋ်အမြတ်တောင်တန်း ရှိလာနိုင်တယ်…"
တဖြည်းဖြည်းနှင့်မုန့်ချီက သူ၏ အတွေးများကို စုစည်းလာသည်။
"ငါက ဒီနည်းလမ်းနဲ့ စတင်သင့်တယ်…"
သူက ဆိုင်းဘုတ်ပေါ်သို့ နင်းလိုက်ပြီး ကျောက်စိမ်းပြားကို ရင်ဘတ်ပေါ်သို့ တင်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်လိုက်ပြီး စိတ်ထဲတွင် တွေးလိုက်၏။
မုန့်ချီ၏ နှလုံးသားထဲတွင် မှန်တစ်ချပ်ပမာ ကြည်လင်လာသည့်အချိန်၌ ဆိုင်းဘုတ်နှင့် ကျောက်စိမ်းပြားက တောက်ပလာခဲ့သည်။ ရုတ်တရက်ဆိုသလို လဲ့ယင်ကျောင်းဆောင်ကြီး ဆိုင်းဘုတ်ထဲမှနေ၍ အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ထိုအလင်းတန်းထဲတွင် ရဲစွမ်းသတ္တိနှင့် ကရုဏာအငွေ့အသက်များ ပြည့်နှက်နေသည်။
အလင်းတန်းများက စုစည်းလာပြီး ဗုဒ္ဓအလင်းရောင်များ ထွက်ပေါ်နေသည့် ပုံရိပ်ယောင်တံခါးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုကျောက်စိမ်းပြားလေးကလည်း တံခါးတွင် ကပ်သွားခဲ့၏။ ထို့နောက် ပုံရိပ်ယောင်တံခါးက ပွင့်သွားပြီး အလင်းတန်းတစ်ခု ထွက်လာသည်။ အတွင်းထဲတွင်တော့ မည်သည့်အရာကိုမျှ မမြင်ရပေ။
"ဒီနေရာမှာပဲ… "
မုန့်ချီ၏ နားထဲတွင် လော်ရှန်းကျိ၏အသံကို ကြားလိုက်ရသည်။
မုန့်ချီက မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် ရွှေရောင်ဗုဒ္ဓအလင်းတန်းများနှင့် ဖွဲ့စည်းထားသော ပုံရိပ်ယောင်တံခါးတစ်ခုကို တွေ့လိုက်ရ၏။ ထိုတံခါးထဲမှနေ၍ ကျမ်းစာရွတ်ဖတ်သံများကို ကြားနေရသည်။ သူ့လက်ထဲတွင် ကိုင်ထားသော ကျောက်စိမ်းပြားလေးကတော့ အပိုင်းပိုင်း အစစ ပျက်စီးသွားခဲ့၏။ ထိုဆိုင်းဘုတ်ကြီးကလည်း ဗုဒ္ဓ၏အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။
"အထဲကို ဝင်သွားကြစို့… "
အန္တရာယ်ကို ခံစားမိသည့်အတွက် မုန့်ချီက လော်ရှန်းကျိတို့ကို အရင်ဆုံး ဝင်သွားခိုင်းလိုက်သည်။
ကျန်းကျိဝေက အလင်းတန်းထဲသို့ အရင်ဆုံး ဝင်သွားပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။ လော်ရှန်းကျိ ၊ ရွမ်ယုရှုနှင့် ချီကျန်းရန်တို့ကလည်း တစ်ယောက်ပြီး တစ်ယောက် လိုက်ဝင်သွားကြ၏။
မုန့်ချီ အထဲသို့ လိုက်ဝင်မသွားခင် အနောက်သို့ ခရီးသွားခြင်းထဲမှ ဇာတ်ကွက်တစ်ခုကို မှတ်မိသွားသည့်အတွက် ထိုဆိုင်းဘုတ်ကို သူနှင့်အတူ ယူသွားခဲ့သည်။ သူ၏ မျက်လုံးထဲတွင် ဗုဒ္ဓအလင်းရောင်များ ရှိနေပြီး နားထဲတွင် ဗုဒ္ဓ၏ ကျမ်းစာရွတ်ဖတ်သံများ ကြားနေရသည်။ ထိုအချိန်တွင် မုန့်ချီ၏ မျက်လုံးများက ဝေဝါးသွားပြီး မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။
အခန်းထဲတွင် ဗုဒ္ဓအလင်းရောင်က မှေးမှိန်သွားခဲ့သည်။ တံခါးကြီးက လှုပ်ရှားသွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
ထိုအချိန်တွင် အမှောင်ဘုရင်ကြီးက အခန်းထဲသို့ ပြေးဝင်လာပြီး မြင်လိုက်ရသည့် အခြေအနေကြောင့် ထိတ်လန့်သွားခဲ့သည်။ ထို့နောက် သူလည်း ဗုဒ္ဓရတနာတစ်ခုကို ထုတ်လိုက်ပြီး သူတို့နှင့်အတူ လိုက်ဝင်သွားခဲ့လေသည်။
Translated by Hein Htet