အခန်း (၂၅၃)
Vol. 17 Ch. 253
ကောင်းကင်ကြီးက မည်းမှောင်နေပြီး အလင်းရောင်တစ်ခုမျှ မရှိချေ။ အမှောင်ထုထဲတွင် အရာအားလုံးက သားကောင်ကို စောင့်နေသော ကြောက်မက်ဖွယ်ရာ သတ္တဝါကြီးများ၏ ပါးစပ်များကဲ့သို့ ဖြစ်နေသည်။ ထိုအရာက သူတို့ကို လမ်းကြောင်းပေါ်တွင် ယုံကြည်ချက်ရှိရှိ ဆက်သွားရန် တွန်းအားမပေးနိုင်ချေ။
ရံဖန်ရံခါ အဝေးမှနေ၍ မှေးမှိန်နေသော အလင်းတန်းလေးတစ်ခု တောက်ပလာပြီး အမှောင်ထုကြီးထဲတွင် အလင်းရောင် အနည်းငယ် ပေးနိုင်သည်။
မုန့်ချီနှင့် သူ့အဖွဲ့ကတော့ ထိုနေရာသို့ ရောက်နေပြီး အဆုံးရှိပုံ မရသော လမ်းအတိုင်း လျှောက်လာခဲ့ကြသည်။ ထိုနေရာတွင် တိုက်ခတ်သော လေလှိုင်းများကလည်း အလွန်ပြင်းထန်လွန်းလှပြီး လေတိုးသံတစ်ခုတည်းကိုသာ ကြားနေရ၏။
အလွန်ပြင်းထန်သော လေလှိုင်းများက အရိုးကိုပင် ဖြတ်ပစ်နိုင်သလို ထင်မှတ်ရသည်။ သူတို့က ရှေ့ကို ဆက်လျှောက်လာလေလေ လေလှိုင်းက ပို၍ပြင်းထန်လာလေလေ ဖြစ်၏။
သူတို့က လေလှိုင်း၏ဗဟိုချက်ဖြစ်သော အတွင်းဆုံးနေရာကိုပင် ရောက်နေသည်ဟု မုန့်ချီက သံသယ ရှိနေခဲ့သည်။ အကာအကွယ် ချီစွမ်းအင်များနှင့် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် မရှိသည့်အတွက် ထိုလေလှိုင်းများက သူတို့၏အရိုးထဲအထိ ထိုးဖောက်နိုင်၏။
"ဝှစ်... "
ပြင်းထန်သော လေလှိုင်းတစ်ခုက လူတစ်ယောက် လွင့်ပါသွားရန် လုံလောက်သည်။
အမှောင်ဘုရင်ကြီးကတော့ အဆင်ပြေ၏။ မုန့်ချီ ၊ ချီကျန်းရန်နှင့် လော်ရှန်းကျိတို့ကဲ့သို့ သန်မာသောသူများကလည်း ခိုင်မြဲစွာ ရပ်နိုင်ကြသည်။
သို့သော် ညာလက်ကို ဆုံးရှုံးထားရသော ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကတော့ ပြည့်ပြည့်ဝဝ ပြန်မကောင်းကြသေးပေ။ သူတို့က ပန်းပွင့်တစ်ပွင့်ပေါ်မှ ကျဆင်းလာသော ပွင့်ချပ်လေးများကဲ့သို့ လေထဲတွင် လှုပ်ရှားနေသည်။
ထိုအချိန်တွင် ဘယ်လက်နှင့် စောင်းကို ကိုင်ထားသော ရွမ်ယုရှုက ရုတ်တရက် ခြေချော်သွားပြီး လေလှိုင်းကြောင့် မြေပေါ်သို့ လဲကျသွားခဲ့၏။ ထိုအရာကို မြင်သည့်အခါ မုန့်ချီက ပြန်လှည့်ပြီး သူမကို ထူပေးလိုက်သည်။
ရွမ်ယုရှုက ဘေးတစ်ဖက်တွင် စောင်းကို ချထားလိုက်ပြီး မုန့်ချီ၏ လက်တစ်ဖက်ကို လှမ်းဆွဲ၍ ထလိုက်သည်။
မုန့်ချီက ယာယီမှင်တက်သွားခဲ့၏။ သူမ၏ဘယ်လက်ထဲတွင် လုံးဝိုင်းသော အရာလေးတစ်ခုကို ခံစားမိခဲ့သည်။ သို့သော် သူကတော့ မည်သည့်ခံစားချက်မျှ ပေါ်မလာဘဲ သူမ၏လက်ကိုသာ တင်းတင်းဆုပ်ကိုင်ထားခဲ့သည်။ ထို့နောက် သူက ရွမ်ယုရှု၏ စောင်းကိုယူပြီး သူမ၏လက်ထဲသို့ ပြန်ထည့်ပေးလိုက်၏။
"သူက မိန်းကလေးတွေအပေါ် ကြင်နာနေသေးတာပဲ…"
အမှောင်ဘုရင်ကြီးကတော့ လူသားများကို စောင့်ကြည့်ရန် အချိန်ရှိနေသေးသည်။ ထို့ကြောင့် သူက စကားပြောသည့်အချိန်တွင် တခြားနတ်ဆိုးများကဲ့သို့ မဟုတ်ဘဲ အနည်းငယ် အသိစိတ် ရှိနေသေး၏။
မုန့်ချီက အနည်းငယ် လှုပ်ရှားသွားသော်လည်း ရွမ်ယုရှု၏ အမူအရာကတော့ ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ သူ၏အမူအရာက သာမန်သာ ထင်မှတ်ရ၏။ အမှောင်ဘုရင်ကြီးက ထိုလုပ်ရပ်အတွက် သူတို့ကို တားဆီးခဲ့ခြင်း မရှိချေ။ ထိုကဲ့သို့ မိန်းမပျိုလေးတစ်ယောက်အပေါ် သနားငဲ့ညှာနေသည့်အတွက် သူတို့က ပို၍အသုံးဝင်သော ဓားစာခံများ ဖြစ်နိုင်သည်။
"မြန်မြန်သွားမယ်…"
သူက ရတနာရှာရန် စောင့်မနေနိုင်တော့ပေ။
မုန့်ချီက ပြန်လှည့်လာ၏။ သူက ညာလက်တွင် တီးတိုးဓားကို ကိုင်ထားပြီး ရှေ့မှ လမ်းပြနေခဲ့သည်။ ချီကျန်းရန်နှင့် လော်ရှန်းကျိတို့ကလည်း ဘေးနှစ်ဖက်မှ လိုက်လာနေကြသည်။ သူက အခွင့်အရေးကို အရယူပြီး လက်ဖြန့်ကြည့်လိုက်ရာ အတွင်းထဲတွင် ရှိနေသည်မှာ စွမ်းအားပြန်ဖြည့်ဆေးတစ်လုံး ဖြစ်နေသည်။
"အစ်ကိုကြီးကျန်းရဲ့ဆေးလုံး... "
မုန့်ချီက ချက်ချင်းပင် နားလည်သွားခဲ့ပြီး အလွန်ဝမ်းသာပျော်ရွှင်သွားခဲ့သည်။ ထိုဆေးလုံးရှိနေလျှင် သူတို့အဖွဲ့ထဲတွင် ရှိနေသော တစ်ယောက်ယောက်က (၂)နာရီအတွင်း စွမ်းအားပြန်ပြည့်နိုင်သည်။ သို့သော် ခြေလက်များ ပြန်ပေါက်ရန် နည်းလမ်းတော့ မရှိချေ။
"အမှောင်ဘုရင်ကြီးကလည်း စွမ်းအားတော်တော်လေးပြန်ရနေပြီ ။ ဒါပေမယ့် သူ့ရဲ့မကောင်းဆိုးဝါး သလင်းကျောက်က ဖျက်ဆီးခံလိုက်ရပြီဆိုတော့ သူ့အဆင့်က ဝေ့ကျင်းတစ်ဝက်အဆင့်ကို ပြန်ကျသွားပြီ ။ သူ လေ့ကျင့်တဲ့အရှိန်အရ သူက အရင်စွမ်းရည်မျိုးပြန်ရဖို့ နောက်ထပ်နှစ်ပေါင်း (၁၀၀) ကျော် အချိန်ပေးရလိမ့်မယ်... "
မုန့်ချီက ခံစားချက်များကို ဖိနှိပ်ပြီး အခြေအနေကို တည်ငြိမ်စွာ သုံးသပ်ကြည့်နေသည်။
"စွမ်းအင်ပြန်ဖြည့်ဆေးတစ်လုံးက လူတစ်ယောက် စွမ်းအားပြန်ဖြည့်ဖို့အတွက် လုံလောက်တယ်..။ ဒီလိုအခြေအနေမျိုးမှာ ထွက်ပြေးဖို့ လွယ်ပေမယ့် အမှောင်ဘုရင်ကြီးကို သတ်ဖို့ကတော့ အရမ်းကိုခက်နေသေးတယ်... "
မုန့်ချီကတော့ သူကိုယ်တိုင် စွမ်းအားပြန်ပြည့်လာမည်ဆိုလျှင်ပင် ခရမ်းသေမင်းဓားမရှိဘဲ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကို အနိုင်ရရန် လုံးဝမဖြစ်နိုင်ကြောင်း သိနေသည်။ တခြားလူများ၏ အကူအညီများကလည်း ကန့်သတ်ချက် ရှိ၏။
"ငါက ခရမ်းသေမင်းဓားကိုပြန်ယူပြီးမှ တိုက်ခိုက်ရမလား..။ မဟုတ်သေးဘူး..။ အဲဒီအစီအစဉ်က အရမ်းရှုပ်ထွေးတယ်..။ ငါက ခရမ်းသေမင်းဓားကို ပြန်ယူလိုက်မယ်ဆိုရင် အမှောင်ဘုရင်ကြီးက သံသယဝင်လာနိုင်တယ်... "
အကယ်၍ မုန့်ချီဆီတွင်သာ နောက်ထပ် နှစ်ဝက်ခန့် အချိန်ရှိနေဦးမည်ဆိုလျှင် သူ၏တံခါး (၇) ပေါက်က တည်ငြိမ်နိုင်ပြီး ဓားမောက်ပညာကလည်း ပို၍ပြည့်စုံလာပါလိမ့်မည်။ ထိုသို့ဆိုလျှင် သူက အားနည်းနေသော အမှောင်ဘုရင်ကြီးကိုသတ်ရန် အခွင့်အရေးများစွာ ရှိသည်။
သို့သော် သူတို့ဆီတွင်တော့ အချိန်မရှိချေ။ မူလအခြေအနေများအရ အကယ်၍ မုန့်ချီကသာ စွမ်းအင်ပြန်ဖြည့်ဆေးကို သောက်လိုက်မည်ဆိုလျှင် သူက အလွယ်တကူ ထွက်ပြေးနိုင်သည်။ သို့သော် သူက သူ့အဖော်များကို မစွန့်ပစ်နိုင်ပေ။
"ယုရှုက စောင်းတီးတဲ့နေရာမှာ ကျွမ်းကျင်တယ်..။ ဒါပေမဲ့ ညာလက်မရှိတော့ တော်တော်လေး ခက်ခဲမှာပဲ ။ တကယ်လို့ သူက အစွမ်းကုန် အားစိုက်ပြီး လန်းဟွမ်ကောင်းကင်တေးသွား (၁၂)သွယ်ကို သုံးလိုက်မယ်ဆိုရင်တော့ ငါတို့မှာ အခွင့်အရေးတစ်ခု ရှိနိုင်တယ်... "
လူတိုင်းက သေခြင်းတရားနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် မုန့်ချီက ယုရှုနှင့် အရင်ဆုံးစ၍ စဉ်းစားလိုက်သည်။ အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်နှင့် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်တို့ကြောင့် သူ၏ကုသနိုင်စွမ်းက အလွန်ထူးခြားသည်။
အမှောင်ဘုရင်ကြီး၏ ဆေးလုံးများ အကူအညီကြောင့် သူ၏စွမ်းအား တစ်ဝက်နီးပါးခန့် ပြန်ကောင်းနေသည်။ ထိုအချိန်တွင် စွန့်လွှတ်ခြင်းကျင့်စဉ်၏ ဆိုးကျိုးများကိုတော့ စွမ်းအားပြန်ဖြည့်ဆေးက ကုသနိုင်သည်။ ယခင်တုန်းကတော့ စွန့်လွှတ်ခြင်းကျင့်စဉ်က ခန္ဓာကိုယ်၏ သက်ရောက်မှုများကို သိသိသာသာ လျှော့ချပစ်နိုင်သည်။ မဟုတ်လျှင် မုန့်ချီက ဆိုးဆိုးဝါးဝါး နေမကောင်းဖြစ်နေပြီး ဖျားနာသည့်လက္ခဏာများ ၊ အလွန်အမင်း အားနည်းသည့်လက္ခဏာများ ပေါ်လာနိုင်သည်။ သူ့အစွမ်းက အခြေခံတံခါး (၇) ပေါက်အဆင့် ပညာရှင်တစ်ယောက်ထက်ပင် လျော့ကျသွားနိုင်၏။
သို့သော် ယခုတော့ သူက စွမ်းအားနိမ့်ကျမှုနှင့် အားနည်းမှုအနည်းငယ်ကိုသာ ခံစားခဲ့ရသည်။ ရွှေခေါင်းလောင်းအကာအကွယ် ပျက်စီးသွားခြင်းကလွဲလျှင် သူ၏စွမ်းအား (၅၀) ရာခိုင်နှုန်းခန့် ရှိနေသေး၏။ စွမ်းအားပြန်ဖြည့်ဆေး မရှိလျှင်ပင် သူကတော့ တိုက်ခိုက်နိုင်သေးသည်။
တန်ပြန်သက်ရောက်မှုက သူ့ကို အားနည်းစေပြီး အနတ္တကျိန်စာဖျက်ဓားပညာနှင့် တိုက်ခိုက်ရန် ခက်ခဲသော်လည်း မုန့်ချီဆီတွင် ခရမ်းမိုးကြိုးဓားပညာ ရှိနေသေး၏။
ယနေ့က (၇) ရက်မြောက်နေ့ ဖြစ်သည်။ သူတို့ပုန်းနေသည့်အချိန်တွင် မုန့်ချီက ခရမ်းမိုးကြိုးစွမ်းအားများကို သိုလှောင်ထားခဲ့သေး၏။ လက်ရှိအချိန်တွင် သူက နောက်ထပ်နှစ်ပတ်သာ သိုလှောင်ရန် လိုအပ်သည်။ ထိုသို့ဆိုလျှင် အချိန်အနည်းငယ်ပေးပြီး ကြိုးစားလိုက်သည်နှင့် ကြမ်းတမ်းမိုးကြိုးလှုပ်ရှားခြင်း ကောင်းကင်သိုင်းကွက်ကို အသုံးပြုနိုင်ပါလိမ့်မည်။
အကယ်၍ သူကသာ လန်းဟွမ်ကောင်းကင်တေးသွား (၁၂) သွယ်နှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် အောင်မြင်ရန် အခွင့်အကောင်းရှိသည်ဟု ယုံကြည်နေသည်။
"အစ်ကိုကြီးချီက လုံလောက်အောင် အစွမ်းမထက်ဘူး..။ တကယ်လို့ သူပြန်ကောင်းမယ်ဆိုရင်တောင် သူ့ရဲ့စိမ်းပြာနှင်းမုန်တိုင်းက လန်းဟွမ်ကောင်းကင်တေးသွား (၁၂) သွယ်ကို မယှဉ်နိုင်ဘူး..။ ငါတို့ (၂) ယောက်လုံးမှာ အခွင့်အရေးမရှိနိုင်ဘူး..။ တကယ်လို့ အစ်ကိုကြီးလော် ပြန်ကောင်းမယ်ဆိုရင် ငါ့ရဲ့ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင်သိုင်းကွက်နဲ့ သူ့ရဲ့ဝေ့ကျင်းအဆင့်သိုင်းကွက် (၂) ခုပေါင်းလိုက်မယ်ဆိုရင်လည်း အခွင့်အရေးတစ်ခု ရှိနိုင်တယ်... "
လော်ရှန်ကျိ၏လက်သီးက ခရမ်းမိုးကြိုးဓားပညာကို မယှဉ်နိုင်ပေ။ ထိုအရာက အမှောင်ဘုရင်ကြီးအပေါ် အကျိုးသက်ရောက်မှု နည်းသည်။ အကယ်၍ တိုက်ခိုက်မှု (၂) ခုက ဆက်သွယ်နေမည်ဆိုလျှင်တော့ အကျိုးသက်ရောက်မှုက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်၏ တိုက်ခိုက်မှုကဲ့သို့ ဖြစ်နိုင်၏။
အထူးသဖြင့် အမှောင်ဘုရင်ကြီးကဲ့သို့ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်ကို တိုက်ခိုက်ရန် ခက်ခဲနိုင်သေးသည်။ မုန့်ချီက အနတ္တကျိန်စာဖျက် ဓားပညာကိုသုံးပြီး အမှောင်ဘုရင်ကြီး၏ ခုခံမှုကို ဖျက်ဆီးနိုင်ခြင်း မရှိသရွေ့ အသုံးမဝင်နိုင်ပေ။
"ငါတို့ထဲမှာ ကျိဝေတစ်ယောက်တည်းကပဲ အမှောင်ဘုရင်ကြီးကို တစ်ယောက်တည်း တိုက်ခိုက်နိုင်စွမ်းရှိတယ်... ။ တကယ်လို့ သူ့မှာသာ စွမ်းအားအပြည့်ရှိမယ်ဆိုရင် သူက အမှောင်ဘုရင်ကြီးကို သေချာပေါက် အနိုင်ရနိုင်မှာပဲ ။ ဒါပေမဲ့ အခုသူ့ရဲ့ညာလက်က ပြတ်နေတယ်..။ ပုံမှန်အားဖြင့် သူက ဘယ်လက်ကို သေချာလေ့ကျင့်မထားဘူး..။ ဒါဆိုရင် သူ့ရဲ့ဓားပညာကို ဘယ်လောက်အသုံးပြုနိုင်ဦးမှာလဲ..။ ဟူး...အနန္တဓားသိုင်းနဲ့ ဖျက်ဆီးခြင်း ပင်လယ်ဓားသိုင်းကွက်တို့က ဉာဏ်အလင်းပွင့်မှုအဆင့်ထက် ကျော်လွန်နေတဲ့ ဓားသိုင်းပညာတွေပဲ ။ သူတို့က ကိုယ်တွင်းကမ္ဘာကြီးရဲ့ ဓားချီစွမ်းအင်တွေနဲ့ နှလုံးသားကျင့်စဉ်တွေ မျှတဖို့ လိုအပ်သလို ကမ္ဘာမြေကြီးနဲ့ တစ်သားတည်း ဖြစ်နေဖို့လည်း လိုအပ်တယ်..။ သူတို့က အစွမ်းထက်တယ်ဆိုတော့ ရန်သူက တိုက်ခိုက်မှုကို ရှောင်တိမ်းဖို့ တော်တော်လေးခက်နိုင်တယ်... ။ ဒါပေမယ့် အဲဒါတွေက သေစေနိုင်လောက်တဲ့ တိုက်ခိုက်မှုမဟုတ်ဘူး။ တကယ်လို့ ကျိဝေက ဘယ်လက်ကိုသုံးပြီး အရှိန်နဲ့သုံးရတဲ့ ဓားသိုင်းကွက်မျိုးကို သုံးလိုက်မယ်ဆိုရင် သူက အနန္တဓားသိုင်းရဲ့ နှလုံးကျင့်စဉ်ကိုသုံးပြီး ရာမဖိတ်ခေါ်ခြင်းကို သုံးနိုင်တယ်... ။ သူ့ရဲ့တိုက်ခိုက်မှုကလည်း မူလစွမ်းအား တစ်ဝက်လောက်တော့ ထိန်းသိမ်းထားနိုင်သေးတယ်... "
မုန့်ချီ ကိုယ်တိုင်လည်း ဝေ့ကျင်းအဆင့် သိုင်းကွက်များကို အသုံးပြုနိုင်သည့်အတွက် ရာမဖိတ်ခေါ်ခြင်း သိုင်းကွက်၏အစွမ်းကို နားလည်နေသည်။ ထိုအရာက အရှိန်နှင့် စွမ်းအားအပေါ်သာ မှီခိုနေ၏။ ကျန်းကျိဝေက ဘယ်လက်နှင့် ဓားကို ကိုင်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်မည်ဆိုလျှင် အခက်အခဲ မရှိနိုင်ပေ။
"ငါတို့ (၂) ယောက်လုံး ပေါင်းလိုက်မယ်ဆိုရင် တစ်ယောက်က ဒုက္ခိတဖြစ်ပြီး တစ်ယောက်က ဒဏ်ရာရနေတယ်... ။ အနည်းဆုံးတော့ ငါတို့က စွမ်းအား (၃၀)ရာခိုင်နှုန်းလောက် ပြန်ရဖို့ မျှော်လင့်ရတာပဲ…"
မုန့်ချီက အံကြိတ်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
"စွမ်းအား (၃၀) ရာခိုင်နှုန်းဆို လုံလောက်ပြီ…"
သူ့ဆီတွင် တွေဝေနေရန် အချိန်မရှိချေ။ လုပ်ရပ်ကသာ အကောင်းဆုံးဖြစ်၏။
မုန့်ချီက ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် အပြင်ဘက်တွင် ပေါ့ပေါ့ပါးပါး ပုံသဏ္ဍာန် ဖြစ်သော်လည်း စိတ်ထဲတွင်တော့ တင်းကျပ်နေခဲ့သည်။ သူက ဘယ်လက်ကို လေထဲသို့ မြှောက်လိုက်ပြီး သူ့ဘေးတွင် ထိုက်ကျိစက်ဝိုင်းကို ရေးဆွဲပြလိုက်သည်။
ထိုအရာက ကျန်းယွင်ရှန်၏ ထိုက်ကျိခုခံမှုကို ရည်ညွှန်းလိုက်ခြင်းလည်း ဖြစ်သည်။ သူက လျှို့ဝှက်အသံပို့ဆောင်မှုကို ပြော၍မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အမှောင်ဘုရင်ကြီးက သူတို့ကို သတိပေးထားခြင်းကြောင့် ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်၏ အနားတွင် ရှိနေသော လေလှိုင်းကသာ မူမမှန်လျှင် သူက ထိုလူကို ချက်ချင်း စားသုံးပစ်ပါလိမ့်မည်။
ရွမ်ယုရှုက မုန့်ချီ၏ အချက်ပြမှုကို မြင်နေရသည်။ သူမက ချက်ချင်းပင် နားလည်သွားသော်လည်း ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေခဲ့၏။ ထိုအချက်ပြမှုကို မြင်သည့်အခါ ကျန်းကျိဝေက ကျန်းယွင်ရှန်ကို ချက်ချင်း စဉ်းစားမိလိုက်သည်။
"ဘာလို့ကိုရင်လေးက အစ်ကိုကြီးကျန်းကို အချက်ပြနေရတာလဲ... "
သူမက ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို စဉ်းစားကြည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူမက စွမ်းအားပြန်ဖြည့်ဆေးကို အမှတ်ရသွားခဲ့၏။ ထို့ပြင် ရွမ်ယုရှုက လဲကျသွားပြီး မုန့်ချီက သူမကို ထူပေးခဲ့သည်။
"သူက ငါ့ကို စွမ်းအားပြန်ဖြည့်ဆေး ပေးချင်နေတာလား... "
ကျန်းကျိဝေက မုန့်ချီ၏ အချက်ပြမှုကို လျင်မြန်စွာ နားလည်သွားခဲ့၏။ ထိုအရာက သူတို့ဆီတွင် တူညီသော စွမ်းအားရှိနေခြင်းကြောင့် မဟုတ်ဘဲ တူညီသော ပြဿနာတစ်ခုဖြေရှင်းရန် စဉ်းစားနေခြင်းကြောင့်သာ ဖြစ်သည်။
သူမက လက်လျှော့တတ်သည့် လူတစ်ယောက် မဟုတ်ချေ။ အမှောင်ဘုရင်ကြီးက သူမ၏ လက်တစ်ဖက်ကို ဖြတ်လိုက်သော်လည်း သူမကတော့ အခြေအနေကို ပြောင်းလဲရန် စဉ်းစားနေသေးသည်။ ထို့ကြောင့် ပထမဆုံး သူမ တွေးခဲ့သည်မှာ ရွမ်ယုရှု၏ စွမ်းအားပြန်ဖြည့်ဆေး ဖြစ်၏။ ထို့ပြင် သူမက ရွမ်ယုရှုကို သတိပေးရန် အမြဲလိုလို အခွင့်အရေးတစ်ခု ရှာဖွေနေခဲ့သည်။
နောက်ထပ် ပြင်းထန်သော လေလှိုင်းတစ်ခု တိုက်ခိုက်လာသည့်အချိန်တွင် ကျန်းကျိဝေက တုန်ယင်သွားပြီး ရှေ့သို့ ခက်ခက်ခဲခဲ လျှောက်လာရ၏။ သူမက အမှောင်ဘုရင်ကြီး သံသယဝင်ခြင်းကို ရှောင်တိမ်းရန်အတွက် သူမ၏ဒဏ်ရာကိုလည်း ပြန်ဖွင့်လိုက်သည်။ ထိုအချိန်တွင် ဒဏ်ရာမှနေ၍ သွေးများ စတင်စီးကျလာခဲ့၏။
မုန့်ချီက အခွင့်အရေးကို စောင့်နေခဲ့သည်။ သူက ဘယ်လက်ထဲတွင် စွမ်းအားပြန်ဖြည့်ဆေးကိုကိုင်ပြီး ကျန်းကျိဝေ၏အနားသို့ ပြေးသွားခဲ့၏။ သူ့ပုံစံက အလွန်စိုးရိမ်နေသော အမူအရာမျိုး ဖြစ်သည်။ ထို့နောက် ကျန်းကျိဝေ၏ ဘယ်လက်ကို လှမ်းကိုင်လိုက်ပြီး သူ၏ညာလက်နှင့် သူမကို ပွေ့ထူပေးလိုက်သည်။
အမှောင်ဘုရင်ကြီးက လှမ်းအော်လိုက်၏။
"မိန်းကလေးတွေအပေါ် ဒီလောက်ထိ စိုးရိမ်နေတာလား..။ တကယ်လို့ မင်းကသာ လမ်းပြဖို့ စိတ်မပာဘူးဆိုရင် ငါက သူတို့တစ်ယောက်ချင်းဆီကို စားပစ်မယ်... "
မုန့်ချီက ချက်ချင်းပင် လျင်မြန်စွာ ပြန်လှည့်လာပြီး ရှေ့မှ ဦးဆောင်သွားခဲ့သည်။ ကျန်းကျိဝေကတော့ ဒဏ်ရာကို သွေးကြောပိတ်လိုက်၏။ ထို့နောက် သူမက ချောင်းဆိုးလိုက်ရာ သွေးများ ပေနေသော အဝါရောင်ဝတ်စုံနှင့် ပါးစပ်ကို ဖုံးအုပ်လိုက်သည်။
သူတို့က လေတိုက်နေသော နယ်မြေကို ဖြတ်ကျော်လာနေကြသည်။ မုန့်ချီနှင့် သူ့အဖွဲ့ကတော့ တဖြည်းဖြည်း အနက်ပိုင်းထဲသို့ လျှောက်လာကြပြီး လေလှိုင်းများက တဖြည်းဖြည်း ပို၍ အစွမ်းထက်လာသည်။ သူတို့က ဝင်္ကပါတစ်ခုထဲတွင် လမ်းပျောက်နေသည့်အလား တခြားသော ခရီးသွားများ၏ လက္ခဏာများကိုလည်း လုံးဝ မမြင်ခဲ့ရပေ။
မုန့်ချီကတော့ ကျန်းကျိဝေ၏ လှုပ်ရှားမှုကို ခန့်မှန်းမိနေသည့်အတွက် ပြန်လှည့်မကြည့်ခဲ့ပေ။
ကျန်းကျိဝေက သူမ၏ဘယ်လက်ကို လှုပ်ရှားကြည့်နေပြီး ခန္ဓာကိုယ် တည်ငြိမ်အောင် ကြိုးစားနေသယောင် ဟန်ဆောင်နေခဲ့သည်။ ထို့နောက် ဘယ်လက်ထဲတွင် ဓားရှည်ကို ကိုင်ကြည့်နေသည်။
"ငါတို့မှာ အချိန်တစ်နာရီကျော်ရသေးတယ်... "
မုန့်ချီက တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့သည်။
ရုတ်တရက်ဆိုသလို အရှေ့တည့်တည့်မှနေ၍ နတ်ဆိုးရနံ့တစ်ခု ရောက်လာခဲ့၏။ ထိုသတ္တဝါက အမှောင်ဘုရင်ကြီးထက် အစပေါင်းများစွာ ပို၍ အစွမ်းထက်သည်မှာ သေချာသည်။ အကယ်၍ သူ့အဆင့်ကသာ လူသားတစ်ယောက်၏ အစွမ်းနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ပြိုင်ဘက်ကင်း သိုင်းသခင်တစ်ယောက်ဟု သတ်မှတ်ရပါလိမ့်မည်။
မုန့်ချီနှင့် သူ့အဖော်များက လမ်းတွင် ရပ်လိုက်ကြ၏။ အရှေ့တည့်တည့်တွင် ရှိနေသော လမ်းခွတွင် အလွန်ကြီးမားသော အနက်ရောင်သတ္တဝါကြီးတစ်ကောင် ရှိနေသည်။ သူ၏နတ်ဆိုးရနံ့က သိပ်သည်းလွန်းလှပြီး ရုပ်ရည်ကတော့ အနက်ရောင် မြူခိုးများကဲ့သို့ ဖြစ်နေ၏။ ထိုနေရာတွင် မည်သည့် မကောင်းဆိုးဝါးဘုရင်ကြီး ရှိနေကြောင်း မည်သူက သိနိုင်မည်နည်း။
အမှောင်ဘုရင်ကြီးက အလွန်ထိတ်လန့်သွားခဲ့၏။ ထိုသတ္တဝါကြီး၏ ခန္ဓာကိုယ်က ပုပ်ပွပျက်စီးနေကြောင်း နားလည်သွားသည့်အချိန်တွင် သူက ရှေ့တက်ပြီး သွားကြည့်ရန် ပြင်ဆင်လိုက်၏။
သူ၏မျက်လုံးပေါက်ထဲတွင် မျက်လုံးများ ပျောက်ကွယ်နေပြီး ခန္ဓာကိုယ်ပေါ်တွင် အကွက်လိုက်ဖြစ်နေသော အနက်ရောင် အမွေးအမျှင်များသာ ရှိနေသည်။ သူ့ဆီမှ ထွက်ပေါ်လာသော သေဆုံးခြင်း ရနံ့များကလည်း အလွန်သိပ်သည်းလွန်းလှ၏။ ထိုသတ္တဝါက မသေနိုင်သော ဖုတ်ကောင်တစ်ကောင် ဖြစ်သည်။
အမှောင်ဘုရင်ကြီးက သက်ပြင်းချလိုက်မိပြီး သတ္တဝါကို စစ်ဆေးကြည့်လိုက်၏။ သူ့ဆီတွင် လက်နက်မရှိဘဲ အဝတ်အစားများကလည်း ပျက်စီးနေကြောင်း မြင်လိုက်ရသည့်အခါ အမှောင်ဘုရင်ကြီးက တိုက်ခိုက်ချင်စိတ်ကို ဘေးဖယ်ထားလိုက်ပြီး ချီကျန်းရန်ကို အမိန့်ပေးလိုက်၏။
"မင်းက ငါတို့လမ်းကိုသွားပြီး ရှင်းပေးစမ်း... "
အမှောင်ဘုရင်ကြီး၏ လက်ရှိအခြေအနေတွင် အသိဉာဏ်မရှိသော ထိုမကောင်းဆိုးဝါးကို တိုက်ခိုက်ရန် လွယ်ကူသော တာဝန်တစ်ခု မဟုတ်ချေ။ ထိုဖုတ်ကောင်ကတော့ အသိဉာဏ်မရှိသော်လည်း အလွန်အစွမ်းထက်၏။ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကပင် သူ့ကို အနိုင်မရနိုင်ပေ။ အကယ်၍ ချီကျန်းရန်သာ သူ့ကို တိုက်ခိုက်ရမည်ဆိုလျှင် သိုင်းကွက်တစ်ကွက် မှားလိုက်သည်နှင့် အသက်ဆုံးရှုံးသွားနိုင်သည်။
"ငါက အစီအစဉ်ကို စောစောစလိုက်သင့်လား... "
မုန့်ချီကတော့ တိုက်ခိုက်မှုအတွက် ပြန်လည်စဉ်းစားနေခဲ့သည်။
ချီကျန်းရန်က ပင့်သက်ရှိုက်လိုက်ပြီး မုန့်ချီ၏ရှေ့သို့ ထွက်လာ၏။ သူက ပြန်ဖြေလိုက်သည်။
"ကောင်းပြီ…"
ထိုအချိန်တွင် သူကတော့ တွေဝေမနေခဲ့ပေ။ သူက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် မုန့်ချီကို ပြောလိုက်သည်။
"စိတ်ရှည်ရှည်ထားပြီး အခွင့်ကောင်းကိုစောင့်ပါ... "
ကျန်းကျိဝေက စွမ်းအင်ပြန်ဖြည့်ဆေးကို သောက်လိုက်ကြောင်း သူ မြင်ထားခဲ့သည်။ ကျန်းကျိဝေက ထိုမျှ အလွယ်တကူ လက်လျှော့လိမ့်မည် မဟုတ်ချေ။ သူမအကြောင်းကို သိနေသူတိုင်းက ထိုအရာကို သိနိုင်၏။ အမှောင်ဘုရင်ကြီး တစ်ယောက်တည်းကသာ ထိုအရာကို မသိခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူက သူမ၏အကြောင်းကို နားမလည်ခြင်းကြောင့် ဖြစ်သည်။
"အစ်ကိုကြီးချီ... "
မုန့်ချီ၏အသံထဲတွင် ခံစားချက်များ ၊ စိုးရိမ်မှုများ ၊ ပြည့်နှက်နေ၏။
ချီကျန်းရန်က လျှို့ဝှက်အသံပို့ဆောင်မှုနှင့် မုန့်ချီကို နှစ်သိမ့်လိုက်သည်။
"ဒါက အန္တရာယ်များတယ်... ။ ဒါပေမယ့် အဲဒါက အခွင့်ကောင်းတစ်ခုပဲ ။ ငါက ဒီမကောင်းဆိုးဝါးကို ရင်ဆိုင်ပြီးသွားရင် သူသာ ငါ့ကိုမဖမ်းနိုင်သရွေ့ ငါက လွတ်မြောက်နိုင်သေးတယ်... "
အမှောင်ဘုရင်ကြီးက သူပြန်လာမည်ဟု တွေးမထားခဲ့ပေ။ ထိုမကောင်းဆိုးဝါးက သူ့ကို သတ်ပစ်လိုက်မည်ဟုသာ တွေးထားခဲ့၏။ ထိုအရာက စွန့်စားခန်းထဲရှိ အန္တရာယ်တစ်ခုလည်း ဖြစ်သည်။
Translated by Hein Htet