← Chapters

အခန်း (၂၅၄)

Vol. 17 Ch. 254

အခန်း (၂၅၄)

Vol. 17 Ch. 254

မုန့်ချီက အံကြိတ်၍ ခေါင်းညိတ်ပြလိုက်သည်။

"အစ်ကိုချီ … ဂရုစိုက်ပါ … "

ကျန်းကျိဝေက စွမ်းအားပြန်ဖြည့်ဆေးကို သောက်လိုက်သည်မှာ တစ်နာရီရှိနေပြီဖြစ်၏။ အကယ်၍ သူမကသာ စွမ်းအားပြန်မပြည့်ခင် လှုပ်ရှားတိုက်ခိုက်ရမည်ဆိုလျှင် အောင်မြင်ရန် အခွင့်အရေးက မရှိနိုင်ချေ။

သို့သော် ချီကျန်းရန်က မကောင်းဆိုးဝါးများနှင့် ဖုတ်ကောင်များကို အဝေးသို့ လမ်းလွှဲသွား၍ ရနိုင်၏။ အဘယ်ကြောင့်ဆိုသော် ထိုသတ္တဝါများဆီတွင် အသိဉာဏ်မရှိသည့်အတွက် အနည်းဆုံးတော့ လွတ်မြောက်ရန် အခွင့်အရေး (၃၀)ရာခိုင်နှုန်းခန့် ရှိနေသေးသည်။

ထိုအရာက ကျန်းကျိဝေ ပြန်ကောင်းလာပြီးနောက် သူတို့အဖွဲ့နှင့် ပူးပေါင်းတိုက်ခိုက်လျှင် ရနိုင်သည့် အခွင့်အရေးနှင့် တူညီလုနီးပါး ဖြစ်နေသည်။ ထိုအရာက သူတို့အတွက် အသက်ရှင်ရန် နောက်ထပ် အခွင့်အရေးတစ်ခု ဖြစ်နိုင်သည်။

ထိုအရာကို စဉ်းစားကြည့်လိုက်ပြီးနောက် မုန့်ချီက သူ့ကို မတားခဲ့ပေ။ သို့သော် ချီကျန်းရန်က လမ်းတလျှောက်တွင် တခြားသော မကောင်းဆိုးဝါးများနှင့် ထပ်မတွေ့ရန် လိုအပ်၏။ အခြေအနေကို ကြည့်ရသည်မှာ ထိုအရာက ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်ပုံရသည်။

"သူတို့တွေကို ဘယ်ဘက်လမ်းထဲ ခေါ်သွားလိုက် …"

မုန့်ချီနှင့် သူ၏မိတ်ဆွေများ နှုတ်ဆက်ခြင်းက လုံလောက်သွားသည့်အတွက် အမှောင်ဘုရင်ကြီးက အမိန့်ပေးလိုက်သည်။

လမ်းနှစ်ခွကို ဖြတ်ကျော်ပြီးသွားလျှင်တော့ တောင်တက်လမ်းကို မြင်ရနိုင်သည်။ ဗုဒ္ဓအမွေအနှစ်များနှင့် ရတနာများကို ရှာဖွေရန် အထွဋ်အမြတ်တောင်ထိပ်၏ အတွင်းပိုင်းထဲသို့ သွားခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်၏။ ထို့ကြောင့်လည်း အမှောင်ဘုရင်ကြီးက ချီကျန်းရန်ကို ဘယ်ဘက်လမ်းထဲသို့ သတ္တဝါများ ခေါ်သွားရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

ချီကျန်းရန်က ပင့်သက်ရှိုက်လိုက်ပြီး သူ၏ရွှေနဂါးဓားကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် သတ္တဝါများဆီသို့ ဂရုတစိုက် ချဉ်းကပ်သွားခဲ့သည်။ သူက အနားသို့ ရောက်သွားလေလေ နတ်ဆိုးရနံ့များက ပို၍ ပြင်းထန်လာလေလေ ဖြစ်၏။

သူ့ရင်ထဲတွင်တော့ အလွန်ကြောက်လန့်ပြီး တစ်ကိုယ်လုံး အေးစက်နေခဲ့သည်။ သူ့ဆီတွင် အကြောက်တရားကို ဖိနှိပ်နိုင်သော နဂါးစွမ်းအား ရှိနေသည့်အတွက် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သည်မှာ ကံကောင်းသွား၏။

သူက ထိုသတ္တဝါများ၏ အနားသို့ ကပ်သွားသည့်အချိန်တွင် မုန့်ချီ၏ နှလုံးခုန်သံကတော့ ပို၍ မြန်နေခဲ့သည်။ နတ်ဘုရားက သူ့ကို ကယ်တင်ပေးရန် သူနှင့် တခြားလူများက တိတ်တဆိတ် ဆုတောင်းပေးနေကြ၏။

ချီကျန်းရန်က ထိုသတ္တဝါနှင့် ပေအနည်းငယ်သာ လိုတော့သည့်အချိန်တွင် သူတို့က စတင် လှုပ်ရှားလာကြသည်။ ဖုတ်ကောင်တစ်ကောင်၏ မျက်လုံးများက နီရဲလာပြီး သူ့လက်ကလည်း နတ်ဆိုးရနံ့များကြောင့် ဝက်ဝံတစ်ကောင်၏ လက်ဖဝါးများကဲ့သို့ ပြောင်းလဲလာသည်။ သူ၏ ပတ်ပတ်လည်တွင် သေဆုံးခြင်း အငွေ့အသက်များ လွှမ်းခြုံနေခဲ့၏။

ထိုအချိန်တွင် လေထဲ၌ အဖြူရောင်အငွေ့တစ်ခု လွှမ်းခြုံလာပြီး သူတို့ကို အဖြူရောင်မီးခိုးများ ဖုံးအုပ်သွားသည်။ ချီကျန်းရန်ကတော့ အသက်ကို ဝဝရှူလိုက်ပြီး သတ္တဝါများကြားထဲသို့ ခုန်၍ ဘယ်ဘက်တွင် ရှိနေသော လမ်းငယ်လေးအတိုင်း ထွက်ပြေးသွားခဲ့သည်။

သူက ထိုသတ္တဝါများကို ဖြတ်ကျော်သွားသည့်အချိန်တွင် နတ်ဆုးရနံ့များနှင့် ထိတွေ့ခဲ့ရပြီး ဖုတ်ကောင်တစ်ကောင်၏ အော်သံကြီးကိုလည်း ကြားလိုက်ရသည်။ ထိုဖုတ်ကောင်က သူ့ကို လက်သီးနှင့် တိုက်ခိုက်လိုက်၏။ ထိုလက်သီးကို အနက်ရောင် အငွေ့များနှင့် စုစည်းထားခြင်းဖြစ်ပြီး လေထဲတွင် အသံများ ကြားနေရသည်။

ဖုတ်ကောင်၏ လက်သီးချက်က အလွန်ကြောက်စရာကောင်း၏။ ထိုအချိန်တွင် ချီကျန်းရန်၏ ခန္ဓာကိုယ်ထဲမှနေ၍ အနီရောင်တိမ်တိုက်တစ်ခု ထွက်ပေါ်လာပြီး လက်သီးချက်ကို တားဆီးရန် ပတ်ပတ်လည်တွင် လွှမ်းခြုံထားခဲ့သည်။

သူက ရှေ့သို့ တစ်ရှိန်တိုး ပြေးသွားခဲ့ပြီး လမ်းကြောင်းကို ဆက်တိုက် ပြောင်းလဲနေခဲ့သည်။ အနီရောင်တိမ်တိုက်နှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် အနက်ရောင်အငွေ့များက မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားခဲ့သည်။ မြေပြင်ပေါ်တွင်လည်း အဆုံးမဲ့တွင်းနက်ကြီးတစ်ခု ပေါ်လာခဲ့၏။

သူက ဒယိမ်းဒယိုင်နှင့် ချောင်းဆိုးလိုက်ရသော်လည်း လုံးဝအရှိန်မလျှော့ခဲ့ပေ။ သူ့နောက်တွင် ရှိနေသော သတ္တဝါများက ဒေါသတကြီး လိုက်လာခဲ့၏။ ထိုအချိန်ကျမှသာ မုန့်ချီက သက်ပြင်းချလိုက်မိသည်။

အကယ်၍ ဖုတ်ကောင်များဆီတွင်သာ အသိဉာဏ်ရှိနေမည်ဆိုလျှင် သူတို့၏ မသိစိတ်ကို အသုံးချပြီး တိုက်ခိုက်နိုင်သည့်အတွက် ချီကျန်းရန်ကလည်း တိုက်ခိုက်မှုကို တားဆီးနိုင်မည်မဟုတ်ချေ။ သူ့အတွက် အလွန်အန္တရာယ်များနိုင်၏ ။

ချီကျန်းရန်နှင့် ဖုတ်ကောင်အုပ်ကြီး ပျောက်ကွယ်သွားသည့်အချိန်တွင် အမှောင်ဘုရင်ကြီးက မုန့်ချီတို့ကို ဆက်သွားရန် အမိန့်ပေးလိုက်သည်။ သူတို့က လမ်းနှစ်ခွကို ဖြတ်ကျော်သွားသည့်အချိန်တွင် မုန့်ချီက ဘယ်ဘက်သို့ ဦးတည်သော လမ်းကို ကြည့်ပြီး တိတ်တဆိတ် ရေရွတ်လိုက်၏။

"ကံကောင်းပါစေ … အစ်ကိုကြီးချီ ။ အစ်ကိုကြီးချီ တစ်ယောက်တည်းပဲ အသက်ဆက်ရှင်နိုင်တာလည်း ဖြစ်နိုင်တယ် … "

အကယ်၍ ကျန်းကျိဝေက ပြည့်ပြည့်ဝဝ ပြန်ကောင်းလာမည်ဆိုလျှင်ပင် သူတို့က အမှောင်ဘုရင်ကြီးကို သတ်ရန် မျှော်လင့်ချက်များများ မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူမ၏လက်တစ်ဖက်ကို ဆုံးရှုံးထားရခြင်းကြောင့်ဖြစ်သည်။ သူတို့က အကောင်းဆုံး ကြိုးစားရန်သာ တတ်နိုင်ကြသည်။

လမ်းနှစ်ခွကို ဖြတ်ကျော်လာပြီးနောက် သူတို့က အထွဋ်အမြတ် တောင်ထိပ်ပေါ်သို့ ဆက်ထွက်လာခဲ့ကြသည်။

………………

လေလှိုင်းများက ခန့်မှန်း၍ မရနိုင်ဘဲ တစ်ခါတစ်ရံ ချီကျန်းရန်၏ မျက်နှာဆီသို့ ပြင်းထန်စွာ တိုက်ခတ်လာပြီး တစ်ခါတစ်ရံ နောက်ကျောဘက်မှ တိုက်ခတ်လာနေသည်။ သူကတော့ လေထဲတွင် မွန်းကြပ်နေသလို ခံစားနေရ၏။

သို့သော် ခေါင်းထဲတွင် မည်သည့်အရာကိုမျှ စဉ်းစားမနေဘဲ ထွက်ပြေးရန်သာ အာရုံစိုက်နေခဲ့သည်။ အနက်ရောင်တွင်းနက်ကြီးများကိုလည်း ရှောင်တိမ်းနေခဲ့၏။ တစ်ခါတစ်ရံ သူ့နောက်မှ လိုက်လာသော ဖုတ်ကောင်အုပ်ကြီးကို လေလှိုင်းများက တားဆီးထားခဲ့သည်။

ခဏကြာပြီးနောက် သူတို့၏ အကွာအဝေးက တဖြည်းဖြည်း ပို၍ဝေးလာပြီး သူက သူတို့အားလုံးကို မျက်ခြေဖြတ်နိုင်လုနီးပါး ဖြစ်သွား၏။ ထိုအချိန်တွင် သူက ရုတ်တရက် ရပ်လိုက်မိသည်။ သူ၏မျက်နှာပေါ်တွင်လည်း မျှော်လင့်ချက် ကင်းမဲ့နေသော အမူအရာတစ်ခု ပေါ်လာခဲ့၏။

သူ့ရှေ့တွင် ချောက်ကမ်းပါးတစ်ခု ရှိနေသည်။ ထိုအရာက အလွန်နက်ရှိုင်းလွန်းလှသည့်အတွက် အောက်ခြေကိုပင် မမြင်ရချေ။ အကယ်၍ သူသာ ခုန်ချလိုက်မည်ဆိုလျှင် အသက်ရှင်ရန် အခွင့်အရေးက သုညသာဖြစ်၏။

သူက ထွက်ပြေးနေစဉ် လမ်းစုံလမ်းခွများစွာကို ရွေးချယ်ခဲ့ရသည်။ ယခုတော့ သူက သေဆုံးခြင်း အဆုံးသတ် ဖြစ်နေသော လမ်းတစ်ခုကို ရွေးချယ်မိခဲ့၏။

"ဒါက ငါ့ရဲ့ကံကြမ္မာလား ။ ငါ့ရဲ့ဘဝကြီးက ဒီလိုပဲ အဆုံးသတ်ရတော့မှာလား … "

သူက နောက်မှ လိုက်လာသော ဖုတ်ကောင်များကို ပြန်လှည့်ကြည့်လိုက်မိသည်။

သူက ထူးခြားသော စွမ်းရည်မရှိဘဲ သာမန်သာ မွေးဖွားလာခဲ့ခြင်းဖြစ်၏။ သူ့ဂိုဏ်းထဲတွင်လည်း သာမန်လူတစ်ယောက်သာ ဖြစ်ပြီး ထင်ရှားမှုမရှိသော တပည့်တစ်ယောက်ဖြစ်သည်။

သူ၏ဂိုဏ်းတူအစ်ကိုကြီးများ ၊ ညီငယ်များကတော့ တဖြည်းဖြည်းတိုးတက်လာပြီး အသိအမှတ်ပြုမှုကို ရခဲ့သည့်အပြင် အောင်မြင်ကျော်ကြားမှုကိုလည်း ရခဲ့ကြသည်။ သူက ထိုအရာကို ကျေနပ်နေနိုင်မည်လော။

သူက နှစ်ပေါင်းများစွာ အသုံးမကျသူ တစ်ယောက်ဖြစ်ခဲ့ပြီး နောက်ဆုံးတွင်တော့ တံခါးပေါက်ပွင့်၍ သိုင်းလောကတွင် အဆင့်နိမ့်ပညာရှင် တစ်ယောက် ဖြစ်လာနိုင်ခဲ့သည်။ သူက ထိုအရာကို ကျေနပ်နေမည်လော။

သူက ပြဿနာများသော ဘဝကြီးထဲတွင် ပိတ်မိနေခဲ့ပြီး ငွေကြေးမရှိသလို ဇနီးမယားလည်း မရှိချေ။ သူက မျိုးဆက်ကျန်ရန်အတွက် သူ့ညီမကိုသာ အားကိုးနေရသည်။ သူက ထိုအရာကို ကျေနပ်နေပြီလော။

အရာအားလုံးက လွယ်ကူနေခြင်း မရှိသော်လည်း နောက်ဆုံးတွင်တော့ သူက သံသရာကမ္ဘာကြီးထဲသို့ ဝင်ရောက်ခဲ့ရပြီး အတိတ်တွင် သူ မျှော်လင့်မထားခဲ့သော နတ်ဘုရားစွမ်းရည်များကို ရရှိရန် အခွင့်အရေး ရခဲ့သည်။ ဆေးရည်များ၊ လက်နက်များ၏အကူအညီနှင့် သူ့နာမည်က လူငယ်မှတ်တမ်းတွင်ပင် စာရင်းဝင်နိုင်သည်။

သူ၏အနာဂတ်က တောက်ပလာတော့မည့်အချိန်တွင် ဤနေရာ၌ သေရပါတော့မည်။ သူက ထိုအရာကို ကျေနပ်နိုင်မည်လော။

ခေါင်းထဲတွင် ထိုမေးခွန်းများ ပေါ်လာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်များ တဖြည်းဖြည်းပေါ်လာခဲ့သည်။ သူကတော့ လုံးဝမကျေနပ်နိုင်ပေ။ အကယ်၍ ကံကြမ္မာကို နတ်ဘုရားများက ချမှတ်ပေးထားသည်ဆိုလျှင် သူကတော့ ကောင်းကင်ဘုံထိအောင် တိုက်ပွဲဝင်ရမည်ဖြစ်၏။ အကယ်၍ ထိုအရာကသာ သူ့ကံကြမ္မာဖြစ်ခဲ့မည်ဆိုလျှင် သူက ပြောင်းလဲရမည်ဖြစ်သည်။

ချီကျန်းရန်၏ မျက်လုံးထဲတွင် သွေးများ ပြည့်နှက်လာခဲ့၏။

……………………

တောင်တက်လမ်း၏ တစ်ဖက်တွင် မုန်တိုင်းကဲ့သို့ တိုက်ခတ်နေသော လေလှိုင်းများ လွှမ်းခြုံထားပြီး တခြားတစ်ဖက်တွင်တော့ အနက်ရောင်တွင်းပေါက်များ ရှိသည်။ ဗုဒ္ဓဘိုးဘေးများ၏ သန့်စင်နယ်မြေတွင် ရှိနေသော ကျောက်တုံးကြီးများကို လေလှိုင်းများက ဖျက်ဆီးပစ်ခဲ့သည်။

မုန့်ချီတို့အားလုံးကတော့ အပေါ်သို့ တက်သွားနေရင်း လမ်းတလျှောက်တွင် ရှိနေသော အက်ကွဲကြောင်းများကို ရှောင်တိမ်းနေရသည်။ သူတို့က မြေပြန့်သို့ ရောက်တော့မည့် အချိန်တွင် မုန့်ချီက ရုတ်တရက် ရပ်လိုက်၏။

လမ်း၏အလယ်တွင် အလွန်ကြီးမားသော သတ္တဝါကြီးတစ်ကောင် လဲကျနေသည်။ သေချာစိုက်ကြည့်လိုက်မည်ဆိုလျှင် ထိုအရာက တောင်ကုန်းငယ်လေး တစ်ခု အရွယ်အစား ရှိနေသော စပါးအုံးမြွေကြီးတစ်ကောင် ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

ထိုစပါးအုံး မြွေကြီး၏ ပတ်ပတ်လည်တွင် ကြောက်စရာကောင်းသော နတ်ဆိုးရနံ့များနှင့် သေမင်းရနံ့များ လွှမ်းခြုံနေသည်။ သူ၏ခန္ဓာကိုယ်ထဲမှနေ၍ အဝါရောင်အရည်များ စီးထွက်လာနေပြီး အရိုးများပင် ပေါ်နေခဲ့သည်။ သူ၏ ပျက်စီးနေသော ခန္ဓာကိုယ်ထဲမှနေ၍ အနက်ရောင်အငွေ့များ ထွက်ပေါ်လာခဲ့၏။

"မကောင်းဆိုးဝါးမြွေကြီး … "

အမှောင်ဘုရင်ကြီးက ထိုစပါးအုံးမြွေကြီးကို ချက်ချင်းမှတ်မိသွားသည်။

ထိုစပါးအုံးမြွေကြီးက သူ့ဆရာကြီး ခေါင်း (၉)လုံး မကောင်းဆိုးဝါး၏ မိတ်ဆွေတစ်ယောက် ဖြစ်ခဲ့သည်။ သူက ကောင်းကင်မြွေ အစစ်အမှန်ခန္ဓာ ရလုနီးပါး ကျင့်ကြံနိုင်ခဲ့၏။ သူက အမှောင်ဘုရင်ကြီး၏ ဆရာနှင့်အတူ အထွဋ်အမြတ်တောင်ထိပ်သို့ တက်သွားပြီး ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်၏။ ယခုတော့ ဤနေရာတွင် သေနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ထိုစပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်ပျက်စီးမှုက အလွန်များပြားလွန်းလှသည့်အတွက် အမှောင်ဘုရင်ကြီးကတော့ သူ၏ သေဆုံးမှုအကြောင်းအရင်းကို မပြောနိုင်ပေ။

"ဒါဆိုရင် ဒီစပါးအုံးမြွေကြီးကလည်း စိတ်ဝိညာဉ်မရှိတဲ့ သတ္တဝါတစ်ကောင်လို သေသွားခဲ့တာပဲ…"

မုန့်ချီက ထူးချွန်နေခြင်းမရှိလျှင်ပင် သူကတော့ ဘုန်းတော်ကြီးတစ်ပါး ဖြစ်ခဲ့သေးသည်။ ထိုစပါးအုံးမြွေကြီးကလည်း အစောပိုင်းတွင် တွေ့ခဲ့သော ဖုတ်ကောင်အုပ်ကြီးကဲ့သို့ ဖုတ်ကောင်တစ်ကောင် ဖြစ်နေကြောင်း သိသာသည်။

သို့သော် ဤနေရာက အထွဋ်အမြတ်တောင်ထိပ်၏ သန့်စင်နယ်မြေဖြစ်သည်။ မကောင်းသော ယင်စွမ်းအင်များ စုစည်းနေသည်မှာ မဖြစ်သင့်ပေ။ တချို့သော နတ်ဆိုးများကတော့ သူတို့၏ထူးခြားသော စွမ်းရည်များကြောင့် ဖုတ်ကောင်များဖြစ်သွားသည်ကို နားလည်ပေး၍ ရနိုင်သော်လည်း ဘာကြောင့် သူတို့ တွေ့နေသော နတ်ဆိုးတိုင်းက ထိုသို့ ပြောင်းလဲသွားရသနည်း။ ယခင်တုန်းက တိုက်ပွဲကြီးကြောင့် ကမ္ဘာမြေကြီး၏ စည်းမျဉ်းများ ပြောင်းလဲသွားခြင်းပေလော။

မကောင်းဆိုးဝါးမြွေကြီးကို မြင်လိုက်ရသည့်အချိန်တွင် အမှောင်ဘုရင်ကြီး၏ ခြေထောက်များက ပျော့ခွေသွားသလို ခံစားလိုက်ရသည်။ သူက ထိုမြွေကြီးကို တိုက်ခိုက်ရန် သတ္တိမရှိခဲ့ပေ။ သူ့ဆီတွင် အဖိုးတန်လက်နက်လည်း ပိုင်ဆိုင်ထားခြင်း မရှိသည့်အတွက် ထိုအရာကို မလုပ်နိုင်ပေ။

ထို့ကြောင့် လော်ရှန်းကျိကို လက်ညှိုးထိုးပြီး ပြောလိုက်၏။

" မင်းက အဲဒီမြွေကြီးကို အဝေးခေါ်သွားလိုက် … "

ကျန်းကျိဝေက ဆေးလုံးသောက်ထားသည်မှ တစ်နာရီသာ ရှိသေး၏။ ချီကျန်းရန်ကလည်း ဖုတ်ကောင်အုပ်ကြီးကို အဝေးသို့ ခေါ်သွားသည့်အတွက် အနားတွင် မရှိချေ။

လော်ရှန်းကျိ၏ စွမ်းအားများက အနည်းငယ် ပြန်ကောင်းလာသည့်အတွက် ထိုစပါးအုံးမြွေကြီးကို အဝေးသို့ ဆွဲခေါ်သွားရန် အခွင့်ကောင်း ရှိသည်။

သေချာစဉ်းစားကြည့်ပြီးနောက် မုန့်ချီက အလျင်မလိုရန် အချက်ပြလိုက်သည်။ ထိုအရာက ဤမကောင်းဆိုးဝါးကို ယခုရင်ဆိုင်ရခြင်းထက် ပိုသာ၏။ အကယ်၍ သူတို့ကသာ အပေါ်သို့ ဆက်တက်သွားမည်ဆိုလျှင် မကောင်းဆိုးဝါးဘုရင်အဆင့် နတ်ဆိုးများ သို့မဟုတ် လော်ဟန့် ရွှေကိုယ်တော်များကို ရင်ဆိုင်ရခြင်း ရှိမရှိ မည်သူက သိနိုင်မည်နည်း။

လော်ရှန်းကျိ၏ ဆုံးဖြတ်ချက်ကို မြင်သည့်အခါ မုန့်ချီက စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူက ကံကောင်းစေရန် စိတ်ထဲတွင်သာ ဆုတောင်းပေးခဲ့သည်။

လော်ရှန်းကျိ၏ ကိုယ်ဖော့ပညာက ထူးခြားမှုမရှိချေ။ သူ့ဆီတွင် တိမ်တိုက်ဖြူ မီးခိုးပညာ သို့မဟုတ် နေဝင်ဆည်းဆာ ကိုယ်ဖော့ပညာကဲ့သို့ စွမ်းရည်‌မျိုးလည်း မရှိချေ။ ထို့ကြောင့် သူက သတိထားပြီး စပါးအုံးမြွေကြီး၏ အနားသို့ ကပ်လာခဲ့၏။

သူက စပါးအုံးမြွေကြီး၏ အနားသို့ ရောက်သွားသည့်အချိန်တွင် ကျောက်တုံးတစ်တုံးကို ယူပြီး လှမ်းပစ်လိုက်သည်။ ထိုကျောက်တုံးကို သူ၏ ချီစွမ်းအင်များနှင့် လွှမ်းခြုံထားသည့်အတွက် လေထဲတွင် တိတ်တဆိတ် ဖြတ်သန်းသွားပြီး မကောင်းဆိုးဝါး မြွေကြီးကို ဖြတ်ကျော်၍ တစ်ဖက်မြေကြီးပေါ်တွင် ကျသွားခဲ့သည်။

မကောင်းဆိုးဝါး မြွေကြီးက ရုတ်တရက် လှုပ်ရှားလာပြီး သူ၏ မျက်လုံးများကလည်း အနက်ရောင်မီးအိမ်ကြီးကဲ့သို့ ဖြစ်လာခဲ့၏။ သူ၏လှုပ်ရှားမှုကြောင့် ကျောက်တုံးများကပင် အရည်အဖြစ်ပြောင်းလဲသွားပြီး မြေပြင်တွင် တွင်းပေါက်ကြီးတစ်ခု လောင်ကျွမ်းနေခဲ့သည်။

လော်ရှန်းကျိက အခွင့်အရေးကို အရယူပြီး မြွေကြီးကို ဖြတ်ကျော်၍ ပြေးသွားခဲ့သည်။ ထို့နောက် ညာဘက်တွင် ရှိနေသော လမ်းကြောင်းဆီကို ဦးတည်သွားခဲ့၏။ မြွေကြီးက သူ့ခန္ဓာကိုယ်ကို ခွေထားခြင်း မရှိသည့်အတွက် အမြီးက လမ်းအများစုကို နေရာယူထားသည်။ သူ့နောက်ကို လိုက်သွားပြီး ခဏကြာပြီးမှသာ အမြီးက လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

"မြန်မြန်ဆက်သွားကြစို့ … "

အမှောင်ဘုရင်ကြီးက အော်ဟစ်လိုက်ပြီး လော်ရှန်းကျိ ဖွင့်ထားသော လမ်းကို လက်မလွှတ်ချင်ခဲ့ပေ။ သူက ကျန်ရှိနေသော လူ (၃) ယောက်နှင့်အတူ ရှေ့သို့ ဆက်၍ တက်သွားခဲ့၏။ သူတို့က တောင်ထိပ်ကို မြင်နေရသည်။

……………..

လော်ရှန်းကျိက ဆက်၍ ပြေးနေပြီး လမ်းနှစ်ခွရောက်တိုင်း ဦးတည်ချက် ပြောင်းနေခဲ့၏။ သူက လျှို့ဝှက်လိုဏ်ဂူတစ်ခုကို မြင်လိုက်ရသည့်အချိန်တွင် အတွင်းထဲသို့ ခုန်ဝင်ပြီး အသက်ရှူသံကို ဖုံးကွယ်ထားခဲ့သည်။

မကောင်းဆိုးဝါးမြွေကြီးက နီရဲနေသော မျက်လုံးများနှင့် အနားကို ရောက်လာကြောင်း မြင်လိုက်ရသည့်အချိန်တွင် လော်ရှန်းကျိက အသက်ကို ဆက်၍ အောင့်ထားခဲ့၏။ သူက တံခါး (၉) ပေါက်ပွင့်နေသည့်အတွက် လက်ရှိအခြေအနေနှင့် အချိန်ကြာမြင့်စွာ နေနိုင်သည်။

မြွေကြီးက သူပုန်းနေသော လိုဏ်ဂူအနားသို့ ကပ်လာသည့်အချိန်တွင် သူ၏ နှလုံးခုန်သံကတော့ ရပ်လုနီးပါး ဖြစ်သွားသည်။ သို့သော် သတ္တဝါကြီးက သူ့ကို ဖြတ်ကျော်သွားခဲ့၏။ သူ့ဆီတွင် မည်သည့်အသိဉာဏ်မျှ မရှိသည့်အတွက် သူ၏ အာရုံများအားလုံးက ကြီးကြီးမားမား ထွေပြားနေခဲ့သည်။

သတ္တဝါကြီးဖြတ်ကျော်သွားပြီးမှသာ သူလည်း သက်ပြင်းချလိုက်မိ၏။ ယခုတစ်ကြိမ်တွင်လည်း သူ့ကံက ယခင်တစ်ခေါက်ကဲ့သို့ အမှန်တကယ် ကောင်းမွန်နေခဲ့သည်။ အကယ်၍ သူသာ ဤနေရာ၌ ဆက်နေလိုက်မည်ဆိုလျှင် သံသရာကမ္ဘာကြီးထဲသို့ ပြန်သွားသည့်အချိန်အထိ စောင့်နိုင်မည်ဖြစ်၏။

ရုတ်တရက်ဆိုသလို နောက်ကျောက အေးစက်သွားသလို ခံစားလိုက်ရသည့်အတွက် သူလည်း စဉ်းစားမနေဘဲ ရှေ့သို့ လှမ်းခုန်လိုက်၏။ ထိုအချိန်တွင် ဆံပင်ဖြူများ ပြည့်နေသော မကောင်းဆိုးဝါးကြီးတစ်ကောင်က သူ့ရှေ့တွင် ရပ်ပြီး သွားများ ဖြဲပြနေခဲ့သည်။

သူက ပြန်လှည့်ပြီး ပြေးတော့မည့်အချိန်တွင် မကောင်းဆိုးဝါးကြီးက သူ့လမ်းကို ပိတ်ထားကြောင်း မြင်လိုက်ရ၏။ တစ်ဖက်တွင်လည်း သူက မကောင်းဆိုးဝါး မြွေကြီး၏ အမြီးကို မြင်နေရသေးသည်။ သူ၏ကံတရားများ အားလုံးက ကုန်ဆုံးသွားခဲ့၏။

သူကတော့ မည်သည့်ဂိုဏ်း ၊ မည်သည့်ကျောင်းမျှ မဟုတ်သော တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။ နှစ်ပေါင်းများစွာ အခက်အခဲများကို ကြုံခဲ့ရပြီးနောက် လူငယ်မှတ်တမ်းတွင် သခင်လေး တစ်ယောက်ဖြစ်လာသည့်အတွက် ဤနေရာတွင် မည်သို့ သေနိုင်မည်နည်း။ သူက မည်သို့ ကျေနပ်နိုင်မည်နည်။

နာမည်ကျော်ဂိုဏ်းများမှ တပည့်များနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူ၏ အရင်းအမြစ်များက အမြဲလိုလို ကန့်သတ်ချက်ရှိနေခဲ့သည်။ ထို့ကြောင့် သူက သံသရာတာဝန်တိုင်းတွင် အရာအားလုံးကို သတိထားခဲ့၏။

အစောပိုင်းတွင် သူက အလွန်တကိုယ်ကောင်းဆန်ပြီး သူ့ကိုယ်သူသာ အလေးထားခဲ့သည်။ တခြားအရာများကိုတော့ ဂရုမစိုက်ခဲ့ပေ။ သူက လက်ရှိအခြေအနေကို လုံးဝမကျေနပ်ချေ။

လော်ရှန်းကျိက စိတ်ထဲတွင် အော်ဟစ်လိုက်ပြီး ဆံဖြူနတ်ဆိုးကို စိုက်ကြည့်လိုက်၏။ ထို့နောက် ညာလက်သီးနှင့် အစွမ်းကုန် တိုက်ခိုက်လိုက်၏။ သူ့လက်သီးချက်က အလွန်အစွမ်းထက်သည့်အတွက် တောင်မြင့်ကြီးတစ်လုံးကိုပင် ဖျက်ဆီးပစ်နိုင်သည်။

ထိုဆံဖြူနတ်ဆိုး၏ ခြေထောက်က ကွေးသွား၏။ လက်သီးနှင့် တိုက်ခိုက်ခံလိုက်ရသည့် အချိန်တွင် ဆံဖြူနတ်ဆိုးက နောက်ဆုတ်သွားခဲ့ရပြီး လော်ရှန်းကျိ၏ ညာလက်တွင် ရှိနေသော အရိုးတိုင်းက အက်ကွဲသွားခဲ့၏။

"အခွင့်အရေးပဲ… "

သူက နတ်ဆိုးကို နောက်ဆုတ်သွားအောင် ဘယ်လက်နှင့် တိုက်ခိုက်လိုက်ပြန်သည်။ သို့သော် အစောပိုင်း လက်သီးချက်ထဲတွင် သူ့စွမ်းအားများ အားလုံး ကုန်ဆုံးသွားခဲ့၏။ ထို့ကြောင့် သူ့လက်သီးက ကျီစယ်နေသလိုသာ ဖြစ်နေခဲ့သည်။

သူ၏ ဒဏ်ရာများက ကောင်းမွန်ခြင်း မရှိသေးဘဲ စွမ်းအားများက ပြန်မပြည့်သေးပေ။ ယခု တိုက်ခိုက်လိုက်သည်မှာ သူ့ဆီတွင် ရှိသမျှ စွမ်းအားအကုန်ဖြစ်သည်။ ဆံဖြူနတ်ဆိုးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့ကို လက်သီးနှင့် ထိုးလိုက်၏။ ထို့နောက် လည်ပင်းကို သွားနှင့် ကိုက်လိုက်၏။

သူ၏ခေါင်းမှ နာကျင်မှုများ ခံစားလာရပြီး အရာအားလုံးက မည်းမှောင်သွားခဲ့သည်။ သို့သော် သူ့ခေါင်းထဲတွင် အသံတစ်ခုက ပဲ့တင်ထပ်နေသေး၏။

"ငါ မကျေနပ်နိုင်ဘူး … ငါ လုံးဝ မကျေနပ်နိုင်ဘူး … "

အရာအားလုံးက တိတ်ဆိတ်သွားခဲ့၏။

……………..

တောင်ထိပ်ပေါ်တွင် ရှိနေသော မြင်ကွင်းကတော့ တခြားသော မြင်ကွင်းတစ်ခု ဖြစ်သည်။ မုန့်ချီတို့က တစ်နာရီနီးပါးခန့် လျှောက်လာပြီး နောက်ဆုံးတွင်တော့ တစ်ပိုင်းတစ်စ ပျက်စီးနေသော ကျောင်းဆောင်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ ထိုနေရာတွင် ဗုဒ္ဓခန်းမကြီး တစ်ခုတည်းသာ ရှိနေ၏။

အမှောင်ဘုရင်ကြီး၏ မျက်လုံးများက ဝင်းလက်တောက်ပလာသည်။ သူက ကျန်းကျိဝေကို သွားခိုင်းလိုက်၏။

"အထဲကို သွားရှာလိုက် … "

သူမကတော့ စကားတစ်ခွန်းမျှ မပြောဘဲ အမိန့်အတိုင်း လုပ်ဆောင်လိုက်သည်။ တစ်ချိန်တည်းတွင် သူမက မုန့်ချီနှင့် စိုက်ကြည့်လိုက်ပြီး သူ့ကို အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။ သူမ၏စွမ်းရည်များ ပြန်ရနေပါပြီ။ တိုက်ခိုက်ရန် အချိန်ကျရောက်လာပြီဖြစ်၏။

Translated by Hein Htet

All Chapters