← Chapters

အခန်း (၂၅၅)

Vol. 17 Ch. 255

အခန်း (၂၅၅)

Vol. 17 Ch. 255

မုန့်ချီက အနည်းငယ် ပင့်သက်ရှိုက်လိုက်မိသည်။ သူက တီးတိုးဓားကိုင်ထားသော ညာလက်ကို တင်းတင်းဆုပ်လိုက်မိသည်။ လက်(၅)ချောင်းက အားအလွန်စိုက်ထားသည့်အတွက် လက်ဖဝါးထဲတွင်ပင် စေးကပ်ကပ်ဖြစ်လာသည်။

သူက ပထမဆုံးအကြိမ် ဓားမောက်တစ်ချောင်း အသုံးပြုခဲ့သည့်အချိန်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရ၏။ သေရေးရှင်ရေး အခြေအနေမျိုးတွင် သေချာလေ့ကျင့်ထားသော်လည်း သေချာပေါက် စိုးရိမ်ထိတ်လန့်လာပါလိမ့်မည်။

သူတို့က လှုပ်ရှားလိုက်သည်နှင့် နောက်ပြန်ဆုတ်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။ အမှောင်ဘုရင်ကြီးကဲ့သို့ မကောင်းဆိုးဝါးတစ်ကောင်က ဆင်ခြင်တုံတရားရှိမည့်အစား ကြမ်းတမ်းခက်ထန်သော မသိစိတ်အတိုင်း တုန့်ပြန်ပါလိမ့်မည်။ အကယ်၍ သူတို့ကသာ အစွမ်းကုန်တိုက်ခိုက်ခဲ့ခြင်းမရှိလျှင် ကံကြမ္မာအပေါ် မျှော်လင့်ထား၍ မရနိုင်ပေ။

ကျောင်းဆောင်ထဲတွင် မကောင်းဆိုးဝါးတစ်ကောင်မျှ ပုန်း‌မနေရန် သူတို့က ဆုတောင်းနေကြ၏။ သူတို့၏အသက်ရှင်ခွင့်က သူတို့၏ လက်ထဲတွင် လုံးဝမရှိတော့ပေ။

တစ်ဖက်တွင်တော့ အကယ်၍ သူကသာ ယခုအချိန်တွင် ရှေ့ထွက်ပြီး တားဆီးလိုက်မည်ဆိုလျှင် အခွင့်အရေးက နည်းပါးသော်လည်း သူတို့၏ ကိုယ်ပိုင်စွမ်းရည်ကို အသုံးချနိုင်ပြီး အသက်ရှင်ရန် အခွင့်အရေး အနည်းငယ်လေး ရှိနေသေးသည်။ အကယ်၍ သူတို့သေသွားရမည်ဆိုလျှင်ပင် လုံးဝ နောင်တ မရနိုင်တော့ပေ။

ကျန်းကျိဝေက ဘယ်လက်ထဲတွင် ဓားကို ကိုင်ပြီး ဗုဒ္ဓခန်းမကြီးဆီသို့ ဖြည်းညင်းစွာ ချည်းကပ်သွားခဲ့သည်။ သူမကတော့ အလွန်တည်ငြိမ်နေပြီး မုန့်ချီ အရင်ဆုံး လှုပ်ရှားမှာကို စောင့်နေခဲ့၏။ သူမက ဗုဒ္ဓခန်းမကြီးဆီကို မရောက်ခင် မုန့်ချီက သေချာပေါက် တိုက်ခိုက်လိမ့်မည်ဟု သူမက သိနေသည်။

အကယ်၍ အတွင်းထဲတွင်သာ မကောင်းဆိုးဝါးများ ရှိနေမည်ဆိုလျှင် သူတို့က စွမ်းအားပြန်‌ဖြည့်ဆေးတစ်လုံးကို ဖြုန်းတီးလိုက်သလို ဖြစ်သွားပါလိမ့်မည်။

ရွမ်ယုရှု၏ အမူအရာက အလွန်အေးစက်နေသော်လည်း သူမ၏ ဘယ်လက်ချောင်းလေးများက ချွေးများ စိုနေခဲ့၏။ သူမက စောင်းကို ပိုက်ထားရင်း အလွန်စိတ်လှုပ်ရှားနေသည်။

အမှောင်ဘုရင်ကြီးက သူ့လက်ထဲတွင် ရှိနေသော လဲ့ယင်ကျောင်းဆောင်ကြီး ဆိုင်းဘုတ်ကို ဆုပ်ကိုင်၍ သံခက်ရင်းခွကို ကိုင်ထားသည်။ သူက ဗုဒ္ဓခန်းမကြီး၏ တံခါးကို အာရုံစိုက်ထားခဲ့၏။ သူလည်း ထိုနေရာမှ ထွက်လာနိုင်သော မကောင်းဆိုးဝါးတိုင်းကို ကြောက်လန့်နေသည်။

ကျန်းကျိဝေက တံခါးအနားသို့ ကပ်သွားနေသည့်အချိန်တွင် မျက်လုံးမှိတ်ထားသော မုန့်ချီက မျက်လုံးပြန်ဖွင့်လိုက်ပြီး ဓားကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်၏။ ထိုအချိန်တွင် ဗုဒ္ဓခန်းမကြီးထဲမှနေ၍ အလွန်ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခု ပျံ့နှံ့လာသည်။ ထိုအရာကတော့ ကမ္ဘာပျက်တော့မည့် ခံစားချက်မျိုးဖြစ်သည်။ အနီးအနားတွင် ရှိနေသော နယ်မြေကြီးကပင် အတိုင်းအတာ တစ်ခုအထိ ပျက်စီးသွားခဲ့၏။

အလွန်ကြီးမားသော ဖိအားကြောင့် သူ၏နှလုံးသားထဲတွင် တုန်လှုပ်သွားသလို မုန့်ချီက ခံစားလိုက်ရသည်။ သူ၏နှလုံးသားကို ကီလို (၅၀၀) အလေးချိန်ရှိသော ကျောက်တုံးကြီး တစ်တုံးနှင့် ဖိနှိပ်လိုက်သလို ခံစားလိုက်ရ၏။

"ဒါက … "

မုန့်ချီ၏ အတွေးများကပင် နှေးကွေးသွားခဲ့သည်။

ထိုအချိန်တွင် သူက စုတ်ပြဲနေသော သင်္ဃန်းနှင့် ဘုန်းတော်ကြီးတစ်ပါးကို မြင်လိုက်ရသည်။ ထိုဘုန်းတော်ကြီး၏အသားအရေက ရွှေရောင် လင်းလက်တောက်ပနေပြီး သူ၏မျက်နှာကတော့ ညှိုးခြောက်နေသော သစ်ပင်ကြီးတစ်ပင်နှင့် တူညီသည်။ သူ၏ရင်ဘတ်က ပွင့်နေပြီး အသက်မရှိသလို စိုးရိမ်မှုများ ရှိပုံမရချေ။

သူ ခြေလှမ်းလိုက်သည့်အချိန်တိုင်း လေဟာနယ်ကြီးက တုန်ခါလာသလို ထင်မှတ်ရပြီး မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားတော့မလို ခံစားရသည်။ သူ့ရှေ့တွင် ရွှေကြာပန်းလေးများ ပွင့်လန်းလာသော်လည်း သူတို့ကို အနက်ရောင်အငွေ့များက လွှမ်းခြုံသွား၏။ ထို့ကြောင့် ကျမ်းစာရွတ်ဖတ်သံများကို မကြားရပေ။

ကျန်းကျိဝေက ထိုဘုန်းတော်ကြီး၏ အငွေ့အသက်များကြောင့် လှုပ်ပင် မလှုပ်နိုင်ခဲ့ပေ။ သူမ၏ လှုပ်ရှားမှုများအားလုံးက ကန့်သတ်ခံလိုက်ရသလို ထင်မှတ်ရ၏။

ရွမ်ယုရှုကတော့ ပို၍အားနည်းပြီး ညာလက်ကလည်း ပြန်မကောင်းသေးသည့်အတွက် ထိုဖိအားအောက်တွင် တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။

အမှောင်ဘုရင်ကြီးကလည်း မျက်လုံးကျွတ်ထွက်လုမတတ် ဖြစ်သွားခဲ့ပြီး အလွန်ထိတ်လန့်အံ့ဩစွာ ရေရွတ်လိုက်သည်။

"လော်… လော်ဟန့်… "

"လော်ဟန့် … ရွှေကိုယ်တော် လော်ဟန့်လား … "

မုန့်ချီ၏မျက်နှာကလည်း ကြောက်လန့်မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။ ထိုအရာက ဓမ္မကာရအဆင့် ပညာရှင်များပေးသော ခံစားမှုတစ်ခုပေလော။

လော်ဟန့်ရွှေခန္ဓာကို လေးလံပြီး ကြောက်စရာကောင်းသော အငွေ့အသက်များ လွှမ်းခြုံနေသည်။ ရွှေရောင်အလင်းတန်းများကလည်း ပျောက်ကွယ်သွားတော့မလို ဖြစ်နေပြီး အက်ကွဲကြောင်းများစွာ ပြည့်နှက်နေသည်။ သူက ခံစားချက်ကင်းမဲ့နေသော မျက်နှာ‌နှင့် စိုက်ကြည့်နေသည့်အချိန်တွင် ထိုဘုန်းတော်ကြီးက ယခင်တွေ့ခဲ့သော ဖုတ်ကောင်များနှင့် ကွဲပြားမှုမရှိတော့ပေ။

"ဒါ … ဒါက ဘယ်လို ဖြစ်ရတာလဲ။ ပူပင်သောက မရှိဘဲ စိတ်ဝိညာဉ် သန့်စင်ထားတဲ့ ဘုန်းတော်ကြီးတစ်ပါးကတောင် ဖုတ်ကောင် တစ်ကောင်ဖြစ်သွားတာလား… ။ အထွဋ်အမြတ်တောင်ထိပ်မှာ ဘာတွေဖြစ်နေတာလဲ…"

မုန့်ချီ၏ ခေါင်းထဲတွင် မေးခွန်းများ ပြည့်နှက်လာခဲ့သည်။

သူက နောက်ပြန်ဆုတ်ပြီး လော်ဟန့်၏ စွမ်းအားစက်ကွင်းထဲမှ ရုန်းထွက်ချင်ခဲ့သည်။ သို့သော် အလွန်ကြောက်စရာကောင်းသော ခြိမ်းခြောက်မှုကြောင့် သူ့ခြေထောက်များက လှုပ်ပင် မလှုပ်နိုင်ခဲ့ချေ။ သူ့တစ်ယောက်တည်း သက်ရောက်ခံနေရခြင်း မဟုတ်ပေ။

ဝေ့ကျင်း တစ်ဝက်အဆင့် စွမ်းအားများ ရှိသော အမှောင်ဘုရင်ကြီးကလည်း တစ်ကိုယ်လုံး တုန်ယင်နေခဲ့၏။ သူ၏ လှိုင်းလုံးများကလည်း အေးခဲနေခဲ့သည်။ သူက နောက်သို့ ခရုတစ်ကောင်သဖွယ် တဖြည်းဖြည်း ပြန်ဆုတ်လာနေသော်လည်း သူတို့ဆီသို့ လျှောက်လာနေသော လော်ဟန့်၏အရှိန်ထက် အဆပေါင်းများစွာ ပို၍ နှေးကွေးနေသည်။

ဓမ္မာကာရအဆင့် ပညာရှင်များက ထိုမျှ ကြောက်စရာကောင်း၏။ သူကတော့ လက်ညှိုးလေးတစ်ချောင်းပင် မမြှောက်ဘဲ အမှောင်ဘုရင်ကြီးကို ခုခံမှုကင်းမဲ့သွားအောင် လုပ်နိုင်ခဲ့သည်။

လော်ဟန့်က မျက်တွင်းဟောက်ပက်ဖြစ်နေပြီး အလွန်အေးစက်သော အကြည့်များကြောင့် သူ၏ ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးက သေဆုံးသွားပြီဟု ထင်မှတ်နေပုံရသည်။

သူနှင့် မုန့်ချီတို့၏ အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာသည့်အချိန်တွင် ထိုခံစားချက်က တဖြည်းဖြည်းပို၍ ထင်ရှားလာသည်။ ထို့ကြောင့် မုန့်ချီ၏ နှလုံးခုန်သံက အလွန်လျင်မြန်လာပြီး လည်ချောင်းထဲတွင် ခြောက်ကပ်ကပ် ဖြစ်လာခဲ့၏။ ဖုတ်ကောင်ဖြစ်နေသော လော်ဟန့်ကိုယ်တော်တစ်ယောက်က သေချာပေါက် သူတော်စင်တစ်ယောက် မဟုတ်တော့ပေ။

အမှောင်ဘုရင်ကြီးက အလွန်ကြောက်လန့်နေသည့်အတွက် ထူးဆန်းစွာ အော်ဟစ်လိုက်၏။ ရုတ်တရက်ဆိုသလို သူက တစ်စုံတစ်ခုကို အမှတ်ရသွားပြီး လဲ့ယင်ကျောင်းဆောင်ကြီးဟူသော ဆိုင်းဘုတ်ကို ထုတ်ပြီး လှမ်းပစ်လိုက်၏။ ဗုဒ္ဓဘိုးဘေးများနှင့် ပတ်သက်သော ထိုအရာက လော်ဟန့်ကိုယ်တော်ကို ထိန်းချုပ်နိုင်ရန် သူက မျှော်လင့်နေခဲ့သည်။

ဗုဒ္ဓဝါဒက ငရဲဝိညာဉ်များနှင့် သရဲတစ္ဆေများကို ရှင်းပစ်နိုင်သည်ဟု မကြာခဏ ပြောခဲ့ဖူးသည် မဟုတ်ပေလော။ ထိုဆိုင်းဘုတ်က လော်ဟန့်ကိုယ်တော်ဆီသို့ ပျံသန်းသွားခဲ့သည်။

အမှောင်ဘုရင်ကြီးက ထိုအရာကို အလျင်အမြန်ပစ်လိုက်သည့်အချိန်တွင် လော်ဟန့်ကိုယ်တော် တိုက်ခိုက်မိခြင်း မရှိဘဲ သူ့ရှေ့ထောက်အောက်တွင် ကျသွားခဲ့၏။

လော်ဟန့်ကိုယ်တော်က ရှေ့ကို ခြေလှမ်းတစ်ဝက် လှမ်းလိုက်ပြီး ရုတ်တရက် ရပ်သွားခဲ့သည်။ သူက ထိုဆိုင်းဘုတ်ကို ကြည့်လိုက်ပြီး မှေးမှိန်နေသော မျက်လုံးထဲတွင် စိတ်ဝင်စားမှုများ ပြည့်နှက်လာသည်။ သူ၏ သတ်ဖြတ်ချင်စိတ်များကလည်း အနည်းငယ် လျော့ကျသွား၏။

ထိုပြောင်းလဲမှုက ခဏလေးသာ ဖြစ်သည်။ သူက ဆိုင်းဘုတ်ပေါ်သို့ တက်တော့မည့် အချိန်တွင် စိတ်ပြောင်းသွားပြီး သူ့ရှေ့၌ ရှိနေသော မုန့်ချီဆီသို့ ဦးတည်၍ လျှောက်လာခဲ့၏။ သူတို့၏ အငွေ့အသက်များက အလွန်စိတ်ရှုပ်စရာ ကောင်းနေသည်။

မုန့်ချီက ပင့်သက်ရှိုက်လိုက်မိ၏။ ဆိုင်းဘုတ်နှင့်ပတ်သက်ပြီး လော်ဟန့်၏ တုန့်ပြန်မှုကို မြင်သည့်အချိန်တွင် သူက နောက်ဆုံးတစ်ကြိမ် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်၏။ မည်သို့ဖြစ်စေကာမူ သူလည်း မလွတ်နိုင်မှတော့ လော်ဟန့်ကိုယ်တော်ကို မတိုက်ခိုက်နိုင်လျှင်လည်း ကိစ္စမရှိတော့ချေ။

မုန့်ချီ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကြေးနီရောင် အလင်းတန်းတစ်ခု တောက်ပလာသည်။ ထိုအရာက အားနည်းသော်လည်း သေချာပေါက် ဗုဒ္ဓလမ်းစဉ် စွမ်းအားတစ်ခု ဖြစ်၏။ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်က ပျက်စီးသွားသော်လည်း ခုခံနိုင်စွမ်းသာ ဆုံးရှုံးသွားရခြင်းဖြစ်သည်။ အတွင်းထဲတွင် ရှိနေသော သွေးကြောများကတော့ ယခုအချိန်ထိ ပျက်စီးသွားခြင်း မရှိသေးသည့်အတွက် ထိုအရာကို အသုံးပြုနိုင်သေးသည်။

ထိုအငွေ့အသက်ကို ခံစားမိသည့်အခါ ရွှေကိုယ်တော် လော်ဟန့်၏ ခြေလှမ်းများက နောက်တစ်ကြိမ် ရပ်တန့်သွားပြန်သည်။ သူက လဲ့ယင်ကျောင်းဆောင်ကြီးဟူသော ဆိုင်းဘုတ်၏ အစွန်တွင် ရပ်လိုက်ပြီး အေးစက်နေသော သူ၏ အကြည့်များက တဖြည်းဖြည်း ပျော့ပြောင်းလာခဲ့၏။

မုန့်ချီက အနတ္တကျိန်စာဖျက်ဓားပညာကို သုံးရန် စွမ်းအားမရှိချေ။ အနတ္တအော်သံကတော့ ပို၍ပင် ဝေးကွာနေသေး၏။ ထို့ကြောင့် သူကိုယ်တိုင်က ဗုဒ္ဓသားတော်တစ်ပါး ဖြစ်ခဲ့ကြောင်း ပြသရန် သူ့ဓားကို မသုံးနိုင်ပေ။ ထိုအစား သူက ကျမ်းစာများကိုသာ ရွတ်ဖတ်နေခဲ့၏။

"ပြန်လည်ဝင်စားခြင်း မန္တန် …

သန့်စင်သောနယ်မြေတစ်ခုမှာ ပြန်လည်ဝင်စားနိုင်တဲ့ ကျမ်းစာ …

ကျေးဇူးတုန့်ပြန်ခြင်းက အပြစ်တွေ အားလုံးကို ဖယ်ရှားနိုင်တယ်။ သန့်စင်နယ်‌မြေထဲမှာ ပြန်လည်ရှင်သန်နိုင်တယ် … "

ထိုအရာက မနက်ခင်းကျမ်းစာ ရွတ်ဖတ်ချိန်တွင် မုန့်ချီ သင်ကြားခဲ့ရသော ကျမ်းစာတစ်ခုလည်းဖြစ်သည်။ သူက ထိုကျမ်းစာ၏ စကားလုံးတိုင်းကို မှတ်မိနေပြီး လုံးဝမေ့လျော့သွားခြင်း မရှိချေ။

"နမော ဗုဒ္ဓသ … "

သူက ရွှေရောင်အလင်းတန်းများကို ဆက်၍ ထုတ်လွှတ်နေပြီး သူ၏ မျက်နှာပေါ်တွင် ကရုဏာ အငွေ့အသက်များ ရှိနေသည်။ သူက ထိုလော်ဟန့်ကိုယ်တော်ကို အချုပ်အနှောင်မှ လွတ်မြောက်ပြီး သန့်စင်နယ်မြေသို့ လျင်မြန်စွာ ရောက်သွားစေလိုသော ဆန္ဒရှိသည်။ သို့မှသာ သူတို့လည်း လုံခြုံနိုင်ပါလိမ့်မည်။

ထို့နောက် ထူးဆန်းသော အရာတစ်ခုဖြစ်လာခဲ့၏။ လော်ဟန့်ကလည်း မုန့်ချီအတိုင်း မျက်လုံးမှိတ်လိုက်ပြီး ကျမ်းစာကို စတင်ရွတ်ဖတ်နေခဲ့သည်။ အမှန်အတိုင်းပြောရလျှင် သူရွတ်နေသည်မှာလည်း ပြန်လည်ဝင်စားခြင်း မန္တန်ဖြစ်သည်။

ပြန်လည်ဝင်စားခြင်း မန္တန်က ထိုမြေကွက်လပ်ထဲတွင် ပျံ့နှံ့နေပြီး စွမ်းအင်အငွေ့အသက်များကလည်း လော်ဟန့်ရွှေခန္ဓာ၏ ပတ်ပတ်လည်မှ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် မှေးမှိန်ပြီး ပျက်စီးနေသော ကျောင်းဆောင်ကြီးကလည်း တဖြည်းဖြည်း ပို၍ သန့်စင်လာခဲ့၏။ ထိုကဲ့သို့ လမ်းညွှန်မှုအောက်တွင် လဲ့ယင်ကျောင်းဆောင်ကြီး ဟူသော စကားလုံးကလည်း ဗုဒ္ဓအလင်းရောင်များ တောက်ပလာခဲ့သည်။

သူတို့က အလွန်ကြည်လင်တောက်ပလာပြီး အကြောက်တရားကင်းမဲ့သော အငွေ့အသက်များ ထွက်ပေါ်လာနေ‌သည်။ ကမ္ဘာကြီးတစ်ခုလုံးကိုလည်း စိုးရိမ်ပူပန်သောကများ ကင်းလွတ်စေနိုင်၏။

လော်ဟန့်၏ အမူအရာကလည်း ပျော့ပြောင်းသွားပြီး လဲ့ယင်ကျောင်းဆောင်ကြီး ဟူသော ဆိုင်းဘုတ်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ထိုအချိန်တွင် သူ၏ ပတ်ပတ်လည်၌ လွှမ်းခြုံနေသော သေဆုံးခြင်းအငွေ့အသက်များ ၊ အနက်ရောင် ‌အငွေ့များအားလုံး ပေါ်လာခဲ့၏။

သူ၏ခန္ဓာကိုယ်ထဲမှ ရောင်စုံမီးတောက်တစ်ခုလည်း ထွက်ပေါ်လာပြီး ရွှေခန္ဓာက လောင်ကျွမ်းသွားခဲ့သည်။ ကြောက်စရာကောင်းသော အငွေ့အသက်များ ၊ လွှမ်းခြုံနေသော ‌အငွေ့များကလည်း လောင်ကျွမ်းသွားခဲ့၏။

တဖြည်းဖြည်းနှင့် မီးတောက်များက လော်ဟန့်ကိုယ်တော်နှင့် လဲ့ယင်ကျောင်းဆောင်ကြီးဟူသော ဆိုင်းဘုတ်တစ်ခုလုံးကို ဝါးမြိုသွားခဲ့သည်။ ထိုအထဲမှနေ၍ ကျမ်းစာရွတ်ဖတ်သံကို ကြားနေ‌ရသေးပြီး သူကိုယ်တိုင်ကတော့ လောကကြီးထဲမှ လွတ်မြောက်သွားပြီး နိ‌ဗ္ဗာန်ကို ရောက်ရှိသွားသလို ဖြစ်သွားခဲ့၏။

"နမော ဗုဒ္ဓသ …အော်မီတော်ဖော်… "

မုန့်ချီကတော့ ဆက်၍ ရွတ်ဖတ်နေသေးပြီး သူ့အသံထဲတွင် ဂရုဏာသံများ ပေါင်းစပ်နေသည်။

လော်ဟန့်ကိုယ်တော်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့၏။ သူ၏မျက်နှာက ကြည်လင်နေပြီး ပူပင်သောကမှ လွတ်မြောက်သွားသည်။ တွေဝေမှု အနည်းငယ်တော့ ရှိနေသေးပုံရ၏။

မီးတောက်များက သူ့ကို လုံးဝဝါးမြိုသွားတော့မည့်အချိန်တွင် မုန့်ချီကတော့ သူ၏ မျက်လုံးထဲမှ စီးကျလာသော သွေးစီးကြောင်းနှစ်ခုကို မြင်လိုက်ရသည်။

"အဲဒါက လော်ဟန့်ကိုယ်တော်ရဲ့ မျက်ရည်တွေလား … ဘာတွေဖြစ်နေတာလဲ…"

မီးတောက်များက တဖြည်းဖြည်းပို၍ ကြီးမားလာသည်။ သူတို့က ကောင်းကင်ထိအောင် မြင့်တက်သွားသည့်အတွက် ကျောင်းဆောင်ကြီးတစ်ခုလုံး လင်းထိန်တောက်ပလာခဲ့၏။ မီးတောက်များ ငြိမ်းသွားသည့်အချိန်တွင် လဲ့ယင်ကျောင်းဆောင်ကြီးဆိုင်းဘုတ်နှင့် လော်ဟန့်ကိုယ်တော်တို့က လုံးဝ ပျောက်ကွယ်သွားခဲ့၏။ သူတို့၏ နေရာတွင်တော့ တည်ငြိမ်အေးချမ်းမှုကို ကိုယ်စားပြုသော ရောင်စုံဗုဒ္ဓအမွေအနှစ်တစ်ခုသာ ရှိသည်။

လေဟာနယ်နှင့် သူတို့၏လှုပ်ရှားမှုများကို ချုပ်နှောင်ထားသော အရာအားလုံးကလည်း ပျောက်ကွယ်သွားခဲ့၏။ မုန့်ချီတို့အားလုံးက လွတ်လပ်စွာ လှုပ်ရှားလာနိုင်ကြသည်။ ထိုအချိန်တွင် သူတို့ကတော့ အိပ်မက်တစ်ခုထဲမှ နိုးထလာသလိုပင် ခံစားလိုက်ရ၏။ မြေပေါ်တွင် ရှိနေသော ဗုဒ္ဓအမွေအနှစ်ကြောင့်သာ မဟုတ်လျှင် သူတို့ဖြစ်ခဲ့သည့် အရာများက အစစ်အမှန်ဟုပြောရန်ပင် သံသယရှိပါလိမ့်မည်။

"ရှေ့ဆက်သွား… "

မြေပေါ်တွင် ရှိနေသော ဗုဒ္ဓအမွေအနှစ်ကို မြင်သည့်အခါ အမှောင်ဘုရင်ကြီး၏ မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့သည်။ သူက ခြေလှမ်းအနည်းငယ်အတွင်း မုန့်ချီနှင့် ကျန်းကျိဝေတို့ကို ကျော်လာခဲ့၏။ သူက သူ၏လှိုင်းလုံးများကို ထုတ်လွှတ်ပြီး ထိုအရာကို ယူဆောင်ရန် ကြိုးစားလိုက်သည်။

"ဒါ အခွင့်အရေးပဲ … "

မုန့်ချီနှင့်ကျန်းကျိဝေတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး သူတို့၏ မျက်လုံးထဲတွင် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်လာသည်။ သူတို့နှစ်ယောက်စလုံးက အခွင့်အရေးရလျှင် ထိပ်တိုက်ရင်ဆိုင်ရန် စီစဉ်ထားသည်။

သို့သော် ယခုတော့ အမှောင်ဘုရင်ကြီး၏လောဘများ ပေါ်လာသည့်အတွက် သူတို့ အလစ်ချောင်းတိုက်ခိုက်ရန် အခွင့်အရေးတစ်ခု ပေါ်လာခဲ့သည်။ ထိုအခွင့်အရေးကို အရယူရမည်ဖြစ်၏။ ယခုမယူလျှင် လုံးဝ ထပ်မရနိုင်တော့ပေ။

အကယ်၍ ထိုသို့ တိုက်ခိုက်လိုက်ပြီးနောက် အမှောင်ဘုရင်ကြီးကသာ ရပ်နေနိုင်ဦးမည်ဆိုရင် သူတို့က သေချာပေါက် သေကြရပါလိမ့်မည်။ တခြားဖြစ်နိုင်ချေ မရှိနိုင်တော့ပေ။ အကယ်၍ သူတို့ကသာ ယခု လှုပ်ရှားလိုက်မည်ဆိုလျှင် ပြန်ရန် အခွင့်အရေး ရှိနေသေး၏။

ထိုအရာက နောက်ပြန်ဆုတ်၍ မရတော့သော တိုက်ပွဲတစ်ခုဖြစ်သည်။ သူတို့က မျှော်လင့်ချက်အတွက် တိုက်ခိုက်ခြင်းဖြစ်ပြီး သေမင်းတံခါးမှ ရုန်းထွက်ရန် တိုက်ခိုက်ခြင်းလည်း ဖြစ်သည်။

မုန့်ချီ၏ ရင်ထဲတွင်တော့ အဖြေတစ်ခုရှိ၏။ သူတို့ကတော့ နတ်ဘုရားများ၏ သနားငဲ့ညှာမှုကို တောင်းပန်ရမည့်အစား ကိုယ်တိုင်တိုက်ခိုက်ပြီး သေသွားခြင်းက ပိုကောင်းသည်။ သူ၏ကံကြမ္မာကို သူကိုယ်တိုင်သာ ဆုံးဖြတ်မည်ဖြစ်၏။

ထိုအချိန်တွင် အနတ္တကျိန်စာဖျက်ဓားပညာ၏ နှလုံးကျင့်စဉ်များက စတင်လည်ပတ်လာခဲ့သည်။ မုန့်ချီ၏ နှလုံးသားကလည်း ရေကန်ကြီးတစ်ကန်၏ မျက်နှာပြင်ကဲ့သို့ တည်ငြိမ်နေပြီး လုံးဝလှုပ်ရှားမှုမရှိချေ။

သူက သေခြင်းတရားကို မေ့လျော့သွားခဲ့ပြီး အန္တရာယ်များ ၊ အနိုင်အရှုံးများကိုလည်း မေ့လျော့သွားခဲ့သည်။ သူ့ဆီတွင် ရှိနေသည်မှာ အသက်ရှင်သန်ခွင့်သာ ဖြစ်သည်။

"ဟုတ်တယ် …။ ငါ လက်မခံနိုင်ဘူး။ ငါက ဒီနေရာမှာ မသေနိုင်ဘူး။ ငါ့ဆီမှာ မပြည့်စုံသေးတဲ့ ဆန္ဒတွေအများကြီး ရှိနေသေးတယ်။ ငါ လက်မခံတဲ့အတွက် အခုချက်ချင်းပဲ လှုပ်ရှားပြီး တိုက်ခိုက်ရမယ်။ ငါက ထိုင်နေပြီး တစ်ယောက်ယောက် လာကယ်မှာကို စောင့်မနေနိုင်ဘူး။ ဒီတိုက်ခိုက်မှုက အသက်ရှင်သန်မှုအတွက် ဓားချက်တစ်ခုပဲ။ တကယ်လို့ ငါသေရမယ်ဆိုရင် နောင်တမရတော့ဘူး…”

သူက ဓားရှည်ကို လွှဲယမ်းတိုက်ခိုက်လိုက်သည်။

တီးတိုးသံများကလည်း မုန့်ချီ၏ စိတ်ဆန္ဒများကဲ့ကို့ နေရာတိုင်းကို ပျံ့နှံ့သွားခဲ့၏။ ထိုဓားက နဂါးတစ်ကောင်ကဲ့သို့ ဖြစ်လာသည်။ ထိုဓားကြီးက ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး စွမ်းအားများနှင့် အနီးအနားတွင် ရှိနေသော လေလှိုင်းများကို စုပ်ယူ၍ ကြောက်စရာကောင်းသော တိုက်ခိုက်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ခရမ်းရောင်လျှပ်စီးကြောင်းများကလည်း ကောင်းကင်ကြီးပေါ်မှ ထွက်ပေါ်လာပြီး ရှေ့တွင် ရှိနေသော အရာအားလုံးကို လွှမ်းခြုံသွားခဲ့၏။ မုန့်ချီက သူ၏ ဓားရှည်ကို ရုတ်သိမ်းလိုက်ပြီး ယခင်တုန်းကကဲ့သို့ နောက်တစ်ကြိမ် လွှဲယမ်းလိုက်သည်။

ထိုအရာက မူလ သိုင်းကွက်နှင့်တစ်ထပ်တည်းဖြစ်ပြီး ကူးယူထားသလို ထင်မှတ်ရသည်။

ကျန်းကျိဝေကတော့ ထိုအရာကို ကြည့်ပြီး ပြုံးလိုက်မိ၏။

"တစ်ချက် … (၂)ချက် … (၃)ချက်… "

မုန့်ချီက စုစုပေါင်း (၉) ချက် တိတိ တိုက်ခိုက်လိုက်သည်။

ထိုအချိန်တွင် နားကွဲလုမတတ် ကျယ်လောင်လွန်းလှသော မိုးခြိမ်းသံကြီးကို ရုတ်တရက် ကြားလိုက်ရသည့်အတွက် အမှောင်ဘုရင်ကြီးက တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။ ခရမ်းရောင်မိုးကြိုးများက ဧရာမမြွေကြီးများကဲ့သို့ သူ့ဆီကို ရောက်လာကြ၏။

သူတို့က အတူတကွ ပေါင်းစည်းလာသည့်အချိန်တွင် အလွန်ကြောက်စရာ ကောင်းသော နဂါးကြီးတစ်ကောင်ကဲ့သို့ ဖြစ်လာသည်။ ထိုအရာက ကောင်းကင်ဘုံ၏ အပြစ်ပေးမှုပမာ ထင်မှတ်ရ၏။

အမှောင်ဘုရင်ကြီးကတော့ လော်ဟန့်အမွေအနှစ်ကို အောင်အောင်မြင်မြင် ရရှိသည့်အတွက် ဝမ်းသာနေသည့်အချိန်တွင် ရုတ်တရက် ထိတ်လန့်သွားခဲ့ရသည်။ထိုအရာက သူ့ဆရာ ခေါင်း(၉)လုံး မကောင်းဆိုးဝါးကို မြင်တွေ့လိုက်ရသည့် အချိန်တွင် ခံစားရသော ခံစားမှုမျိုးလည်း ဖြစ်သည်။

ထိုအရာက အပေါ်ဘက်မှ ခြိမ်းခြောက်မှုတစ်ခုကဲ့သို့ဖြစ်နေပြီး သူကတော့ မြေပေါ်တွင် ရှိနေသော ပုရွတ်ဆိတ်လေး တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

"ကောင်းကင်အပြစ်ပေးမှုလား။ မဟုတ်ဘူး ဒါက အလစ်ချောင်း တိုက်ခိုက်မှုပဲ… "

သူက သံခက်ရင်းခွနှင့် နောက်ပြန်တိုက်ခိုက်လိုက်ပြီး ဓားရှည်ကို တားဆီးလိုက်သည်။ ထို့နောက် သူက နောက်ပြန်လှည့်လာပြီး ရေလှိုင်းများနှင့် သူ့ကိုယ်သူ ကာကွယ်လိုက်၏။

"ဘုန်း … "

ကောင်းကင်ပေါ်မှ ကျဆင်းလာသော မိုးကြိုးကြီးက ကောင်းကင် (၉)သွယ်ကိုပင် လှုပ်ရှားသွားစေခဲ့သည်။ အမှောင်ဘုရင်ကြီးက အလွန်နှေးကွေးသွားသည့်အတွက် သူ့ကို ကာကွယ်‌ပေးနေသော လှိုင်းလုံးများက ခရမ်းမိုးကြိုးစွမ်းအားများ၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်။

ရေများက နေရာတိုင်းကို ပြန့်ကျဲသွားခဲ့ပြီး မိုးကြိုးများကတော့ မြွေကြီးများကဲ့သို့ ရောက်လာခဲ့၏။ ထိုမိုးကြိုးများက လှိုင်းလုံးများကို ဖြတ်ကျော်လာပြီး အမှောင်ဘုရင်ကြီး၏ အကာအကွယ်လှိုင်းလုံးများကို တိုက်ရိုက်ဖြတ်ကျော်သွားခဲ့သည်။ သူကတော့ ဓာတ်လိုက်သွားသည့်အတွက် အနက်ရောင်ကြေးခွံများက အဝါရောင်ပြောင်းလဲသွားခဲ့၏။

အမှောင်ဘုရင်ကြီးက ဝေ့ကျင်းအဆင့်၌ ရှိနေသေးသည့်အချိန်တွင် ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင်သိုင်းကွက်က သူ၏ခုခံမှုကို ဖျက်ဆီးနိုင်ခြင်းမရှိပေ။ သို့သော် လက်ရှိအချိန်တွင် ဝေ့ကျင်းတစ်ဝက်အဆင့် စွမ်းအားသာ ရှိသည့်အတွက် မုန့်ချီ တိုက်ခိုက်လိုက်သည့်အချိန်တွင် သူက ဓာတ်လိုက်ခြင်းကို ခံစားလိုက်ရပြီး သူ၏ လှိုင်းလုံးများက ထိုးဖောက်ခံလိုက်ရသည်။ သူ၏ ကြေးခွံများကလည်း တိုက်ခိုက်ခံလိုက်ရ၏။

"ချွင် … "

တီးတိုးဓားက အမှောင်ဘုရင်ကြီး၏ အနက်ရောင်ကြေးခွံများနှင့် ရင်ဆိုင်လိုက်မိသည်။ အနက်ရောင်ကြေးခွံများစွာက ပြုတ်ကျသွားခဲ့ပြီး ထိုနေရာတွင် ဓားဒဏ်ရာတစ်ခု ပေါ်လာခဲ့၏။ ထိုဒဏ်ရာထဲမှနေ၍ သွေးများစီးကျလာနေခဲ့သည်။

"သူက ငါ့ကို တိုက်ခိုက်ရဲတာလား ။ သူက သေမှာကို မကြောက်ဘူးလား "

အမှောင်ဘုရင်ကြီးက ဒေါသထွက်သွား၏။

သူကလည်း လော်ဟန့် အမွေအနှစ်ကို ရယူပြီးသွားသည့်အတွက် အစွမ်းကုန်ကြိုးစားပြီး မုန့်ချီကို သတ်ရန် ဆုံးဖြတ်လိုက်သည်။ သူ့စိတ်ထဲ၌ ထိုသို့ တွေးနေသည့်အချိန်တွင် သူ၏မျက်လုံးက ဓားအလင်းတန်းတစ်ခုကြောင့် ဝေ‌ဝါးသွားခဲ့ပြန်သည်။ ကမ္ဘာကြီးတစ်ခုလုံးတွင် ထိုဓားတစ်ချောင်းတည်း ရှိနေသလို ခံစားလိုက်ရ၏။

"ဘယ်အချိန်တုန်းက သူ့ရဲ့စွမ်းအားတွေ ပြန်ရသွားတာလဲ…"

အမှောင်ဘုရင်ကြီးက ထိတ်လန့်သွားသလို အလွန်ဒေါသထွက်သွားသည်။ တစ်ချိန်တည်းတွင် အကြောက်တရားများလည်း ပေါ်လာခဲ့၏။ သူက ထိုဓားရှည်ကို တားဆီးရန် သူ၏သံခက်ရင်းခွထဲသို့ စွမ်းအားများ ပို့လွှတ်လိုက်သည်။ သူ၏နဖူးပေါ်တွင်တော့ ချွေးစက်များ ကျလာခဲ့၏။

ကျန်းကျိဝေ တိုက်ခိုက်လိုက်သည့်အချိန်တွင် သူ၏ အကာအကွယ်လှိုင်းလုံးများက ယခုမှ ထိုးဖောက်ခံထားရခြင်း ဖြစ်သည်။ သူမက ထိုအခွင့်အရေးကို အရယူပြီး လှုပ်ရှားလိုက်ခြင်း ဖြစ်၏။ သူမက သူ့ကို အသက်ရှူရန် ၊ ကာကွယ်ရန် အခွင့်အရေးပင် မပေးခဲ့ပေ။ သူမ၏ ချိန်သားကိုက် လှုပ်ရှားမှုက လုံးဝကို တိကျနေခဲ့၏။

Translated by Hein Htet.

All Chapters