← Chapters

အခန်း (၂၅၆)

Vol. 18 Ch. 256

အခန်း (၂၅၆)

Vol. 18 Ch. 256

ကျန်းကျိဝေက သူမ၏ဓားကို ဘယ်လက်နှင့် ကိုင်ထားပြီး အနတ္တဓားချီစွမ်းအင်ကို အသုံးပြု၍ အတွင်းကမ္ဘာကြီးကို ပြောင်းလဲလိုက်သည်။ ထို့ကြောင့် ပြင်ပကမ္ဘာကြီးနှင့် လိုက်လျောညီထွေရှိလာပြီး ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်ကို အသုံးပြုနိုင်ခဲ့၏။

အနန္တဓားသိုင်းကွက်များနှင့် ယှဉ်လိုက်မည်ဆိုလျှင် ထိုအရာက ပို၍ရိုးရှင်းသည်။ ပြောင်းလဲမှုအရာတွင်လည်း အကြမ်းအဆင့်သာ ရှိနေ၏။ ထို့ကြောင့်လည်းသူမက လက်ရှိအခြေအနေတွင် ကျွမ်းကျင်မှုမရှိသေးဘဲ ဘယ်လက်နှင့် တိုက်ခိုက်ရန် ဖြစ်နိုင်သည်။

အလွန်တည်ငြိမ်သော သူမ၏နှလုံးသားထဲတွင် ပြောင်းလဲမှုများစွာ ပေါ်လာခဲ့၏။ သူမကတော့ ရှေ့တွင် ရှိနေသော အတားအဆီးများကို ရှင်းပစ်ခြင်းကလွဲလျှင် သူမဆီ၌ တစ်ခြားမည်သည့်အတွေးမျှမရှိခဲ့ပေ။ သူမက အနိုင်ရရန် စိုးရိမ်ပူပန်မှုများကိုပင် ထည့်၍ မစဉ်းစားထားပေ။

သူမက လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်လုနီးပါးဖြစ်နေပြီး ဓားနှင့်လူ တစ်ထပ်တည်း ဖြစ်နေခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် နောက်ပြန်လှည့်စရာ မရှိတော့ချေ။ ထိုအရာက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်အောင် အစွမ်းထက်သော်လည်း သူမကတော့ မမှိတ်မသုန် ဆက်၍ အားထုတ်နေသေးသည်။

ဓားအလင်းတန်းက အလွန်တောက်ပပြီး ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါးကဲ့သို့ ပေါ်လာသည်။ သို့သော် အလွန်လှပပြီး ကြောက်စရာကောင်းသော ဓားအလင်းတန်းထဲတွင် သေမင်းအငွေ့အသက်များ သယ်ဆောင်ထားခဲ့၏။ ထိုအရာက သက်ရှိအားလုံးအပေါ် ကောင်းကင်ဘုံက စီရင်ချက်ချလိုက်သလို ထင်မှတ်ရသည်။

အမှောင်ဘုရင်ကြီး၏ ခန္ဓာကိုယ်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရ၏။ သူကတော့ လုံးဝမကြုံဖူးသေးသော သေခြင်းတရား၏ အငွေ့အသက်များကိုလည်း ခံစားလိုက်ရသည်။ သူ၏မျက်လုံးများကလည်း ကျွတ်ထွက်လာတော့မတတ် ဖြစ်လာခဲ့၏။

သို့သော် အလွန်ကြောက်စရာကောင်းသော မိုးကြိုးစွမ်းအင်များက ယခုလေးမှ ဖြတ်သန်းလာပြီး သူ၏လှိုင်းလုံးများကို ဖယ်ရှားထားခဲ့သည်။ ထို့ကြောင့် သူက သံခက်ရင်းခွကိုကိုင်ပြီး ဓားရှည်၏တိုက်ခိုက်မှုကို တားဆီးရန်ကြိုးစားလိုက်၏။

"ချွမ်..."

အဝေးမှနေ၍ သံချင်းထိခိုက်သံကို ကြားလိုက်ရသည်။

မုန့်ချီကတော့ ရင်ထဲတွင် လှုပ်ရှားသွား၏။ ထိုဓားချက်က တားဆီးခံလိုက်ရပြီလော။ သူ၏စိတ်ဝိညာဉ်စွမ်းအားများက နောက်တစ်ကြိမ် ကုန်ဆုံးသွားခဲ့ပါပြီ။ သူ၏ချီစွမ်းအင်များကသာ မူလအခြေအနေအတိုင်း ဆက်၍ ရှိနေသေးသည်။

သူနှင့်ကျန်းကျိဝေတို့ကသာ အမှောင်ဘုရင်ကြီးကို မသတ်နိုင်လျှင် သို့မဟုတ် ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင် မလုပ်နိုင်လျှင် သူတို့အတွက် ပြီးဆုံးသွားခဲ့ပါပြီ။

ဓားအလင်းတန်းများ ပျောက်ကွယ်သွားခဲ့၏။ ကျန်းကျိဝေက ဘယ်လက်ကို အသုံးပြုနေရသည့်အတွက် ထိုအရာကို အသားကျနေခြင်း မရှိချေ။ သူမက အနည်းငယ် နှေးကွေးနေခဲ့၏။

သံခက်ရင်းခွက သူမ၏တိုက်ခိုက်မှုကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်ခဲ့သည်။ ထို့ကြောင့် အမှောင်ဘုရင်ကြီး၏ပင်မဝိညာဉ်ကိုဖျက်ဆီးရန် မျက်ခုံးတည့်တည့်ကို မတိုက်ခိုက်နိုင်ခဲ့ပေ။ သို့သော် အမှောင်ဘုရင်ကြီး၏ ဦးခေါင်းညာဘက်ခြမ်းကို ထိုးစိုက်နိုင်ခဲ့၏။

ဓားသွားက သူ၏မာကျောသော ဦးခေါင်းခွံကို ထိုးဖောက်သွားခဲ့ပြီး ထိုနေရာတွင် စိုက်နေခဲ့သည်။ ဓားချီစွမ်းအင်များလည်း ထွက်ပေါ်လာပြီး အမှောင်ဘုရင်ကြီး၏ ဦးနှောက်ကို တိုက်ခိုက်လိုက်၏။

ကျန်းကျိဝေကတော့ ယခုအချိန်အထိ လက်လျှော့မည့်ပုံ မရှိချေ။သူမက ထိုကဲ့သို့ နည်းလမ်းမျိုးကိုသုံးပြီး အမှောင်ဘုရင်ကြီးကို ရှင်းပစ်ရန် စီစဉ်ထားခဲ့၏။

"အားးးးးး…."

အမှောင်ဘုရင်ကြီး၏အော်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူ၏မျက်လုံးထဲမှနေ၍ သွေးများ စီးကျလာနေပြီး ပါးစပ်ထဲမှနေ၍ သွေးများ အန်လိုက်ရသည်။

မူလတုန်းက မြိုချထားခဲ့သော မကောင်းဆိုးဝါး သလင်းကျောက် အစိတ်အပိုင်းများကလည်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။ ထိုအခြေအနေကို ရောက်နေမှတော့ ထိန်ချန်ထားစရာ မရှိတော့ပေ။

အနက်ရောင် မကောင်းဆိုးဝါးသလင်းကျောက် အစိတ်အပိုင်းများက အလင်းတန်းများအဖြစ် ပြောင်းလဲလာပြီး ကျန်းကျိဝေဆီကို တိုက်ခိုက်လိုက်သည်။

သူမကတော့ အံကြိတ်ပြီး မြေပေါ်တွင် မတ်မတ်ရပ်၍ ဓားချီစွမ်းအင်များကို ဆက်၍ ထုတ်လွှတ်နေ၏။ ဓားချီစွမ်းအင်များက အမှောင်ဘုရင်ကြီး၏ ဦးခေါင်းခွံကို ဖြတ်ကျော်ပြီး သူ၏ဦးနှောက်အရည်များကို ဖျက်ဆီးပစ်ခဲ့သည်။

သလင်းကျောက် အစိတ်အပိုင်းတစ်ခုက ကျန်းကျိဝေ၏ ဘယ်ဖက်ရင်ဘတ်ကို တိုက်ခိုက်မိတော့မည့်အချိန်တွင် လက်တစ်ဖက် ထွက်လာပြီး ထိုအရာကို တားဆီးထားလိုက်သည်။

ထိုအရာကတော့ နောက်ပြန်ဆုတ်မသွားသေးသော မုန့်ချီဖြစ်၏။ သူက သူ၏ကိုယ်ပိုင်သွေးသားများကို စတေးပြီး ကျန်းကျိဝေကို သေစေနိုင်လောက်သော ဒဏ်ရာမရအောင် ကယ်တင်ထားခဲ့သည်။

မကောင်းဆိုးဝါး သလင်းကျောက်က ရွှေခေါင်းလောင်း အကာအကွယ် မရှိတော့သော မုန့်ချီ၏ ဘယ်လက်ကို ထိုးဖောက်သွားခဲ့၏။ သူ၏အသားများက စုတ်ပြတ်သွားခဲ့သော်လည်း သူ၏တားဆီးမှုနှင့် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကြောင့် စွမ်းအားက သိသိသာသာ လျော့ကျသွားခဲ့သည်။

ကျန်းကျိဝေက နောက်သို့ ခြေလှမ်းအနည်းငယ်သာ ပြန်ဆုတ်သွားခဲ့ရပြီး နှလုံးသားကို ထိုးဖောက်ခံရခြင်းမှ လွတ်မြောက်သွားခဲ့သည်။ ကျန်းကျိဝေက နောက်သို့ လွင့်သွားခဲ့သည့်အချိန်တွင် သူမ၏ဓားကိုတော့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့၏။

နေဖောက်သက်တန့်ဓားကို အမှောင်ဘုရင်ကြီး၏ ဦးခေါင်းမှ ဆွဲထုတ်လိုက်သည့် အချိန်တွင် ထိုနေရာ၌ ဓားဒဏ်ရာကြီးတစ်ခု ကျန်နေခဲ့သည်။ မကောင်းဆိုးဝါး သလင်းကျောက်ကလည်း လုံးဝကို ဖျက်ဆီးခံလိုက်ရသည့်အတွက် အမှောင်ဘုရင်ကြီး၏ စွမ်းအားများက နောက်ထပ်တိုးတက်လာခြင်း မရှိတော့ချေ။ သူက ကမ္ဘာမြေကြီး၏စွမ်းအားများကိုလည်း ငှားယူနိုင်စွမ်းမရှိတော့ချေ။ ထို့ပြင် သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေခဲ့၏။

အမှန်အတိုင်းပြောရလျှင် သူက အလွန်အမင်းကို ရှုပ်ထွေးနေသော်လည်း နတ်ဆိုးစွမ်းအားများကို အားကိုးခဲ့၍သာ ယခုချိန်ထိ တောင့်ခံနိုင်ခြင်း ဖြစ်သည်။ သို့သော် သူက ယခုအချိန်ထိ မသေသေးပေ။

"ဟားဟားဟားဟား ဟားဟား…."

သူက နောက်ပြန်လှည့်၍ အော်ရယ်လိုက်၏။ သူ၏နဖူးမှနေ၍ သွေးများ ဆက်၍ စီးကျလာနေပြီး သူ၏မျက်နှာက အလွန်ကြောက်စရာကောင်းသော မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ထင်မှတ်ရသည်။

"ငါ့ကို သတ်ချင်နေတာလား။ မင်းတို့ရဲ့အစွမ်းလောက်နဲ့လား။ မင်းတို့က အသက်ရှင်နေရတာကိုတောင် နောင်တရအောင် လုပ်ပေးမယ်… "

သူက ရူးသွပ်လာပြီး သံခက်ရင်းခွကိုကိုင်၍ မုန့်ချီဆီကို ပြေးဝင်လာခဲ့သည်။

မုန့်ချီ၏ခေါင်းထဲတွင်တော့ ယခုအချိန်ထိ နာကျင်နေသေး၏။ သူ၏စိတ်ဝိညာဉ် စွမ်းအားများကလည်း သိသိသာသာ ကုန်ဆုံးနေခဲ့သည်။ ထို့ကြောင့် သူက အလွန်ရှုပ်ထွေးသော သိုင်းကွက်များကို ထိန်းချုပ်ရန် ခက်ခဲနေ၏။ သူက တီးတိုးဓားကိုကိုင်ပြီး အမှောင်ဘုရင်ကြီးနှင့် သူသေကိုယ်သေ တိုက်ခိုက်ခြင်းသာ လုပ်ဆောင်နိုင်ခဲ့သည်။

"သေလိုက်စမ်း…"

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏ချီစွမ်းအင်များလည်း ပေါက်ကွဲလာပြီး သံခက်ရင်းခွကို ဓားနှင့် ရင်ဆိုင်လိုက်သည်။

"ချွမ်..."

သူတို့နှစ်ယောက်လုံးက နောက်ကို ခြေတစ်လှမ်းဆီ ပြန်ဆုတ်လိုက်ရသည်။ မုန့်ချီ၏ခန္ဓာကိုယ်က အမှောင်ဘုရင်ကြီးထက် အနည်းငယ်ပို၍ အားနည်းနေသည့်အတွက် ယိမ်းထိုးလှုပ်ရှားနေခဲ့၏။

ကျန်းကျိဝေက အစွမ်းကုန် ရုန်းကန်နေသော်လည်း ဘယ်ဖက်ရင်ဘတ်ရှိ ထိခိုက်မှုက အလွန်ပြင်းထန်လွန်းလှသည့်အတွက် မတ်တပ်ပင် မရပ်နိုင်တော့ပေ။

"သေစမ်း…"

အမှောင်ဘုရင်ကြီးက သူ၏သံခက်ရင်းခွနှင့် ကြောက်စရာကောင်းစွာ တိုက်ခိုက်လိုက်သည်။ သူ၏မျက်လုံးထဲတွင်လည်း သွေးများနီရဲနေပြီး ခေါင်းထဲမှနေ၍ အနီရောင်သွေးရည်များ စီးကျလာနေသည်။ မျက်နှာတစ်ခုလုံးလည်း သွေးချင်းချင်း နီနေ၏။

မုန့်ချီကတော့ နောက်ပြန်မဆုတ်ခဲ့ပေ။ သူက ဓားနှင့် သံခက်ရင်းခွကို ထိပ်တိုက်ရင်ဆိုင်နေပြီး အလွန်ကြောက်စရာကောင်းသော ဓားတာအိုများကို ပြသနေသည်။

"ချွမ်..ချွမ်…."

သူတို့နှစ်ယောက်လုံး နောက်ကို နောက်တစ်ကြိမ် ပြန်ဆုတ်လိုက်ရ၏။

မုန့်ချီက သွေးအန်လိုက်ရသည်။ သူက အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်၏ စွမ်းရည်ကိုသုံးပြီး များပြားလွန်းလှသော ချီစွမ်းအင်များနှင့် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းထားရခြင်းဖြစ်၏။ သို့သော် သူက အမှောင်ဘုရင်ကြီးထက် အနည်းငယ် ပို၍အားနည်းနေသည်။

ရုတ်တရက်ဆိုသလို မုန့်ချီ၏ရင်ထဲ၌ အလွန်သာယာငြိမ့်ညောင်းသော စောင်းသံတစ်ခုကို ကြားလိုက်ရသည်။ ထိုစောင်းသံက မိုးရေစက်များကဲ့သို့ ကျရောက်လာပြီး သူ၏စိတ်ဝိညာဉ်ကို အားဖြည့်ပေးနေသလို ထင်မှတ်လိုက်ရသည်။

ရွမ်ယုရှုက မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ထားပြီး သူမ၏ဘေးတွင်တော့ သူမ၏ရှေးဟောင်းဗျတ်စောင်းတစ်ခု ရှိနေသည်။ သူမ၏ဘယ်လက်က လှုပ်ရှားခြင်း မရှိသော်လည်း သူမ၏မျက်နှာလေးက ကြည်လင်တောက်ပနေ၏။

ထိုအရာက နားနှင့် ကြားနိုင်သော အသံတစ်ခု မဟုတ်ဘဲ မုန့်ချီ၏နှလုံးသားထဲသို့ တေးဂီတကို တိုက်ရိုက်ပို့ဆောင်ပေးနေခြင်း ဖြစ်သည်။ ဗျတ်စောင်းပါရမီရှိသူများကသာ ရွမ်မိသားစု၏ လျှို့ဝှက်ကျင့်စဉ်ဖြစ်သော စောင်းနှလုံးသားသံစဉ်ကို သင်ယူနိုင်ကြသည်။

နှလုံးသားကို စောင်းတစ်ခုအဖြစ် အသုံးချသည်။ ခံစားချက်(၇)မျိုးကို ကြိုးအဖြစ် အသုံးပြုပြီး အနှစ်သာရများနှင့် တီးခတ်ရ၏။ ပြန်ကြားရသည့် ကောင်းကင်တေးသွားက တစ်ဖက်လူ၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်လာစေနိုင်သည်။

ထိုတေးသံကို တီးလိုက်သည့်အချိန်၌ ရွမ်ယုရှု၏မျက်နှာလေးက ပို၍ပင်ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့၏။ စောင်းနှလုံးသားသံစဉ်က စိတ်ဝိညာဉ်စွမ်းအား အလွန်အမင်းကို ကုန်ဆုံးနိုင်ပြီး သာမန်လူတစ်ယောက် တီးခတ်နိုင်သော အရာမျိုးမဟုတ်ချေ။ ထို့ပြင် သူမက ဆိုးဆိုးဝါးဝါးဒဏ်ရာရနေရာမှ ပြန်ကောင်းလာနေဆဲ အခြေအနေသာ ရှိနေသေး၏။

သူ၏ချီစွမ်းအင်များက တိုးပွားလာပြီး စိတ်ဝိညာဉ်စွမ်းအားများကလည်း သိသိသာသာ တိုးတက်လာကြောင်း မုန့်ချီက ခံစားလိုက်ရသည်။ သူ့အစွမ်းကလည်း အနည်းငယ် ပို၍မြင့်တက်လာသည့်အတွက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"သေလိုက်စမ်းးး…"

သူက ဓားနှင့် နောက်တစ်ကြိမ် လွှဲယမ်းတိုက်ခိုက်လိုက်ရာ ကောင်းကင်ပေါ်မှ မိုးကြိုးကြီးတစ်ခု ကျဆင်းလာသလို ထင်မှတ်လိုက်ရသည်။ သူ၏အရှိန်အဝါကြောင့် အရာအားလုံးကလည်း ပျက်စီးသွားခဲ့ရ၏။

အမှောင်ဘုရင်ကြီးက အနည်းငယ် တုန်လှုပ်သွားခဲ့သော်လည်း တိုက်ခိုက်မှုကို သံခက်ရင်းခွနှင့် တားဆီးလိုက်သည်။ သူကလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"မင်းလည်း သေလိုက်စမ်း…."

"ချွမ်..."

တီးတိုးဓားနှင့် သံခက်ရင်းခွတို့က နောက်တစ်ကြိမ် ပြင်းထန်စွာ ရင်ဆိုင်လိုက်မိပြန်သည်။

သို့သော် ယခုတစ်ကြိမ်တော့ မုန့်ချီက နောက်ဆုတ်သွားခဲ့ရခြင်း မရှိဘဲ အမှောင်ဘုရင်ကြီးကသာ နောက်သို့ ခြေလှမ်း(၃)လှမ်း ပြန်ဆုတ်သွားခဲ့ရသည်။

"သေလိုက်စမ်းး…"

ကိုယ်ဖော့ပညာကိုသုံးပြီး မုန့်ချီက သူ့ဓားနှင့်အတူ နဂါးတစ်ကောင်ကဲ့သို့ ပြေးဝင်သွားခဲ့သည်။

"ချွမ် .. ချွမ် .. ချွမ် …"

မုန့်ချီ၏တိုက်ခိုက်မှုတစ်ခုချင်းဆီတိုင်းက ယခင်တိုက်ခိုက်မှုထက် ပို၍ကြောက်စရာ ကောင်းနေ၏။ အမှောင်ဘုရင်ကြီးကတော့ ရွေးချယ်စရာ မရှိတော့ဘဲ မနည်းထိန်းထားနေရသည်။

ထိုအချိန်တွင် ရွမ်ယုရှု၏ နှာခေါင်းထဲမှနေ၍ သွေးများ စီးကျလာနေပြီး သူမက နောက်ထပ်ခံနိုင်ရည် မရှိတော့သည့်အတွက် နောက်ပြန်လဲကျပြီး သတိလစ်သွားခဲ့၏။

ထိုတိုက်ခိုက်မှုပြီးဆုံးသွားပြီးနောက် မုန့်ချီ၏ ခန္ဓာကိုယ်ကို ရင်ဆိုင်ရသည့်အချိန်တွင် အမှောင်ဘုရင်ကြီး၏ နတ်ဆိုးစွမ်းအင်များက တဖြည်းဖြည်း အားနည်းလာခဲ့သည်။ မုန့်ချီ၏ချီစွမ်းအင်များကတော့ အထွဋ်အထိပ်တွင်သာ ဆက်၍ရှိနေသေး၏။

တစ်ခုတည်းသော ပြဿနာက တီးတိုးဓားဖြစ်သည်။ အမှောင်ဘုရင်ကြီး၏ သံခက်ရင်းခွနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်လိုက်ပြီးနောက် သန့်စင်လက်နက်အဆင့်ရှိသော သူ၏တီးတိုးဓားပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။

မုန့်ချီဆီတွင်တော့ အမုန်းတရားများ ပြည့်နှက်နေပြီး တိုက်ပွဲကို ဆာလောင်နေခဲ့သည်။ သူက ဒန်တျန်ထဲတွင် ရှိနေသော နောက်ဆုံး ခရမ်းမိုးကြိုးစွမ်းအားကို ထုတ်သုံးလိုက်၏။ သူက ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင်သိုင်းကွက်ကို မသုံးနိုင်သော်လည်း တိုက်ခိုက်မှုထဲတွင် ခရမ်းမိုးကြိုးစွမ်းအားများကို ပေါင်းထည့်လိုက်သည်။

"အခုချက်ချင်း သေလိုက်တော့.."

မုန့်ချီ၏ ခန္ဓာကိုယ်တစ်ခုလုံးက လှုပ်ရှားနေသည်။ သူ၏ဓားက အမှောင်ဘုရင်ကြီး၏ မျက်နှာဆီသို့ တည့်တည့်ရောက်လာခဲ့၏။

ဓားသွားက ခိုင်မာသော်လည်း သိမ်မွေ့ညင်သာပြီး အားအင်ပြည့်ဝသည်။ ထိုကဲ့သို့ ဆန့်ကျင်ဘက်အရာများ ပေါင်းစပ်ထားသည့်အတွက် အလွန်ကြောက်စရာ ကောင်းလွန်းလှ၏။

“ယင်နဲ့ ယန် (၃)မျိုး ပေါင်းစပ်ခြင်း။ ဘယ်အရာက ယင်လဲ။ ဘယ်အရာက ယန်လဲ..”

သူ၏သံခက်ရင်းခွက တီးတိုးဓားနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် သူ့ပြိုင်ဖက်၏ဓားက စွမ်းအားများကို ခံနိုင်ရည် မရှိတော့ကြောင်း အမှောင်ဘုရင်ကြီးက ခံစားမိခဲ့သည်။ ထိုဓားက အလွန်ပျော့ပျောင်းနူးညံ့နေပုံ ရသော်လည်း ခက်ရင်းခွက အဝေးသို့ ဖယ်ရှားခံရနိုင်သည်။

"အခုချက်ချင်း သေလိုက်တော့.."

ယင်နှင့်ယန် ပူးပေါင်းလာပြီး စွမ်းအားတစ်ခုထွက်ပေါ်လာသည်။ တခဏအတွင်း သိမ်မွေ့ညင်သာမှုက ကြံ့ခိုင်မှုအဖြစ် ပြောင်းလဲပြီး သံခက်ရင်းခွကို နောက်သို့ လွင့်သွားစေခဲ့၏။

ဓားကလည်း သူ့ကို ဖိနှိပ်လိုက်ပြီး အမှောင်ဘုရင်ကြီး၏ မျက်နှာတည့်တည့်ကို ဆက်ရောက်လာခဲ့သည်။ သူ၏ပစ်မှတ်ကတော့ အမှောင်ဘုရင်ကြီး၏ဒဏ်ရာသာ ဖြစ်သည်။

"အခုချက်ချင်းသေလိုက်စမ်းး …မကောင်းဆိုးဝါးကြီး…"

ထိုမြေကွက်လပ်ထဲတွင် သူ၏အော်သံက ပျံ့နှံလာပြီး ဓားက အရှိန်အဝါများကလည်း ကြောက်စရာကောင်းနေသည်။ မုန့်ချီက ကောင်းကင်ဘုံမှ မိုးကြိုးနတ်ဘုရားကဲ့သို့ ဖြစ်နေ၏။

သူ၏လက်ဖဝါးထဲမှနေ၍ ခရမ်းရောင်မိုးကြိုးလေးများ ထွက်လာပြီး တီးတိုးဓားကို လွှမ်းခြုံသွားသည်။ ထိုအခါ အမှောင်ဘုရင်ကြီး အတွေးထဲတွင် သေရေးရှင်ရေး အခြေအနေကို သတိထားမိလာ၏။ သူက ရုတ်တရက်ဆိုသလို ကြောက်လန့်လာပြီး တောင်းပန်လိုက်သည်။

"ငါ ငါ တောင်းပန်ပါတယ်။ ငါ့ကို မသတ်ပါနဲ့…"

"ချွမ်..."

ဓားရှည်က သူ၏ညာဖက်ဦးခေါင်းခွံကို ခုတ်လိုက်မိသည်။ ထိုအရာက မိုးကြိုးတစ်ခုကဲ့သို့ ကျရောက်လာသည့်အတွက် ကြေးခွံအနည်းငယ်ကပင် ကွာကျသွားခဲ့၏။ ထို့နောက် ခရမ်းရောင်မိုးကြိုးစွမ်းအင်များက သူ၏ဒဏ်ရာများကို ဖျက်ဆီးနေပြီး အမှောင်ဘုရင်ကြီး၏ဦးနှောက်ကို အတွင်းပိုင်းထဲမှ ဖျက်ဆီးပစ်ခဲ့သည်။

"ဖျောက် .. ဖျောက် .. ဖျစ်…ဖျစ် …."

ကြောက်စရာကောင်းသော မိုးကြိုးမြွေလေးများက အမှောင်ဘုရင်ကြီး၏ မျက်လုံး၊ နှာခေါင်း၊ နားနှင့် တစ်ခြားသော ခန္ဓာကိုယ်အပေါက်များထဲမှ ထွက်လာခဲ့သည်။ သူ၏နတ်ဆိုးစွမ်းအင်များကလည်း လုံးဝပျက်စီးပြီး ပေါက်ကွဲသွားခဲ့၏။ အမှောင်ဘုရင်ကြီး၏ ခန္ဓာကိုယ်ထဲမှာနေ၍ အနက်ရောင်အငွေ့များ စတင်ထွက်ပေါ်လာသည်။

တီးတိုးဓားကလည်း မုန်းချီ၏ လက်ထဲတွင် ပျက်စီးသွားခဲ့၏။ ထိုအရာက ငွေမှုန်လေးများအဖြစ် ပြောင်းလဲပြီး မြေပေါ်တွင် ပြန့်ကြဲသွားခဲ့သည်။ တောင်းပန်နေသော အမှောင်ဘုရင်ကြီး၏ မျက်နှာအမူအရာကလည်း ငြိမ်သက်သွားခဲ့၏။ သူ့ဆီမှ ညှော်နံ့တစ်ခုသာ ရနေပြီး သူ၏အရေပြားများက မည်းနက်နေသည်။

သူ၏မျက်လုံးများကလည်း စိတ်ဝိညာဉ်ကင်းမဲ့နေ၏။ သူက မုန့်ချီ၏ ခြေထောက်အောက်တွင် လဲကျသွားခဲ့ပြီး သံခက်ရင်းခွက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အသံကို အဝေးမှပင် ကြားနေရသည်။

"နောက်ဆုံးတော့ သူ သေသွားပြီ…."

မုန့်ချီက အတော်လေးကို ဝမ်းသာသွားခဲ့၏။

ရုတ်တရက်ဆိုသလို သူ၏စွမ်းအားများအားလုံး ကုန်ဆုံးသွားခဲ့ကြောင်း တွေ့လိုက်ရသည်။ သူကိုယ်တိုင်ကလည်း အားနည်းပြီး မြေပေါ်သို့ ဒူးထောက်လဲကျသွားခဲ့၏။

သူက မြေပြင်ပေါ်တွင် လှဲအိပ်လိုက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်နေခဲ့သည်။ သူ့အောက်တွင် ရှိနေသော အပြာရောင်အုတ်ခဲများက အေးစက်နေသော်လည်း မုန့်ချီကတော့ ငြိမ်းအေးမှုနှင့် ပျော်ရွှင်မှုကို ခံစားနေရသည်။ ထိုအရာက သေခြင်းတရားမှ လွတ်မြောက်လာသော ခံစားမှုလည်း ဖြစ်၏။

သို့သော် သူက ထိုအခြေအနေနှင့် ကြာကြာမနေနိုင်ခဲ့ပေ။ ရွမ်ယုရှုက သတိလစ်နေပြီး ကျန်းကျိဝေက ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေသေးသည်။ သူတို့က သူ၏အကူအညီကို စောင့်နေသေး၏။

သူက ချီစွမ်းအင်များကို လှည့်ပတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အားတင်း၍ မတ်တပ်ရပ်လိုက်သည်။ ထိုအချိန်တွင် ကျန်းကျိဝေက သူမ၏သွေးကြောများကိုပိတ်ပြီး တင်ပျဉ်ခွေထိုင်၍ ဒဏ်ရာကုသနေကြောင်း တွေ့လိုက်ရ၏။

ထို့ကြောင့် သူလည်း ရွမ်ယုရှုဆီကို အရင်ဆုံး ပြေးသွားခဲ့သည်။ မုန့်ချီက သူမကို ထူပေးလိုက်ပြီး သူမ၏ခန္ဓာကိုယ်ထဲသို့ အတွင်းအားများ ပို့ဆောင်ကာ သူမ၏နှလုံးသွေးကြောများကို ကာကွယ်ပေးလိုက်သည်။

အလွန်အေးစက်ပြီး ပူလောင်သော စွမ်းအင်များက ရွမ်ယုရှု၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည့်အချိန်တွင် သူမက အနည်းငယ် လှုပ်ရှားလာသည်။ ခဏကြာပြီးနောက် သူမက သတိပြန်ဝင်လာခဲ့၏။

မုန့်ချီက လျင်မြန်စွာ မေးလိုက်သည်။

"နင် အဆင်ပြေရဲ့လား။ ဒီမှာ ဆေးရည်တစ်ပုလင်း မြန်မြန်သောက်လိုက်…"

သူတို့ယူလာခဲ့သော တစ်ခြားဆေးရည်များအားလုံးက ကုန်ဆုံးသွားခဲ့ပါပြီ။ ရွမ်ယုရှု၏ ခန္ဓာကိုယ်က အားနည်းနေ၏။ ထို့ကြောင့် သူမက လေဟာနယ်လက်စွပ်ကို ဖွင့်ရန် မန္တန်ကို မုန့်ချီသိအောင် ပြောပြလိုက်သည်။ ထို့နောက် သူမ၏ကိုယ်စား မုန့်ချီကို ထုတ်ယူခိုင်းလိုက်၏။

မုန့်ချီက ထိုမန္တန်ကို လိုက်ရွတ်ပြီး မှတ်ထားလိုက်သည်။ ထို့နောက် လေဟာနယ်လက်စွပ်ကို ဖွင့်ပြီး ဖူကျန်းကျန်း ချန်ထားခဲ့သော ဆေးရည်များကို ထုတ်ယူလိုက်သည်။

သို့သော် ရွမ်ယုရှုက ဆေးရည်ကို မသောက်သေးခင် မျက်လုံးဝိုင်းကြီးများနှင့် မုန့်ချီကို စိုက်ကြည့်နေခဲ့၏။ သူမက အားတင်း၍ ပြောလိုက်သည်။

"ရေနဂါးခြောက်…"

မုန်းချီက အိုးတိုးအမ်းတမ်းဖြစ်သွား၏။ သူမက ယခုလိုအချိန်မျိုးတွင်ပင် မုန့်စားရန် စဉ်းစားနေသည်။ သူက စိတ်မရှည်သော အမူအရာနှင့် ပြန်ပြောလိုက်၏။

"ဆေးရည် အရင်သောက်လိုက်။ နင့်အခြေအနေ တည်ငြိမ်သွားမှ ရေနဂါးခြောက်ကိုစားလေ… "

"ရေနဂါးခြောက်ကို အရင်စားမယ်.."

ရွမ်ယုရှုက မုန့်ချီကို ခေါင်းမာစွာ စိုက်ကြည့်နေခဲ့၏။ သူ့စကားကိုနားမထောင်ခဲ့ပေ။

"ကောင်းပြီလေ.."

မုန့်ချီက သူမ၏တောင်းဆိုမှုကို လက်ခံလိုက်ရသည်။ ထို့နောက် သူက ရေနဂါးခြောက်ကိုယူပြီး ရွမ်ယုရှု၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်၏။

ထို့နောက်တွင်မှ သူမကို ဆေးရည် တိုက်လိုက်ပြီး သူမ၏ချီစွမ်းအင်များ တိုးတက်လာစေရန် ကူညီပေးခဲ့သည်။ ခဏကြာပြီးနောက် ကုသဆေးရည် အာနိသင်များ ထွက်ပေါ်လာပြီး ရွမ်ယုရှု၏ အခြေအနေလည်း တည်ငြိမ်သွားသည်။

သူမက ချီစွမ်းအင်များကို ကိုယ်တိုင်လှည့်ပတ်နိုင်သည့်အတွက် မုန့်ချီလည်း ဆေးပုလင်းကို ကျန်းကျိဝေဆီသို့ ယူသွားခဲ့သည်။

"နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ.."

ကျန်းကျိဝေကလည်း သူမ၏ချီစွမ်းအင်များကို လှည့်ပတ်နေသည်။ ထို့ကြောင့် သူမ၏ဒဏ်ရာများက ဆိုးရွားခြင်း မရှိတော့ချေ။

ဆေးရည်သောက်လိုက်ပြီးနောက် သူမက သက်ပြင်းရှည်ကြီးချလိုက်မိ၏။ သူမက အလွန်လှပစွာ ပြုံးလိုက်မိ၏။ ဤအရာက သူတို့အတွက်တော့ အလွန်ခက်ခဲသော ခရီးလမ်းတစ်ခုဖြစ်ခဲ့၏။

မုန့်ချီကလည်း ဝမ်းသာနေခဲ့သည်။

"ငါတို့က ဝေ့ကျင်းအဆင့် မကောင်းဆိုးဝါးတစ်ကောင်ကို သတ်နိုင်လိမ့်မယ်လို့ မယုံနိုင်ခဲ့ဘူး…"

သူက ခဏရပ်ပြီး စိုးရိမ်သော အမူအရာနှင့် ပြောလိုက်သည်။

"အစ်ကိုချီနဲ့ အစ်ကိုလော်တို့ရော ဘယ်လိုဖြစ်နေပြီလဲ မသိဘူး…"

ချီကျန်းရန်တို့က လွတ်မြောက်ခြင်းရှိမရှိ သူမသိခဲ့ပေ။ သူက အထွဋ်အမြတ်တောင်ထိပ်၏ အတွင်းထဲတွင်လည်း ရှာဖွေရန် လုံးဝမဖြစ်နိုင်ပေ။ ထိုအရာက အလွန်အန္တရာယ်များ၏။

"သူတို့လည်း အဆင်ပြေဖို့ မျှော်လင့်ပါတယ်.."

ထိုကိစ္စကို စဉ်းစားမိသည့်အခါ ကျန်းကျိဝေလည်း မျက်နှာပျက်သွားခဲ့၏။

"ဟုတ်တယ်။ ကံကောင်းတဲ့လူတွေကို ကောင်းကင်ဘုံက အမြဲတမ်းကူညီပေးပါတယ်.."

မုန့်ချီက ကျန်းကျိဝေကို ထူပေးလိုက်ပြီး ရွမ်ယုရှုဆီသို့ လျှောက်သွားခဲ့၏။ ထို့နောက် သူမကိုလည်း ထူပေးလိုက်ပြီး သူတို့(၃)ယောက်လုံးက ဗုဒ္ဓခန်းမကြီးထဲသို့ ဝင်သွားခဲ့သည်။

"အတွင်းထဲမှာ ဖုတ်ကောင်အဖြစ် ပြောင်းလဲနေတဲ့ လော်ဟန့်ကိုယ်တော်တစ်ပါး ရှိခဲ့တယ်။ သူ့ရဲ့အရှိန်အဝါအရ ဒီဗုဒ္ဓခန်းမထဲမှာ တစ်ခြားမကောင်းဆိုးဝါးတွေ မရှိနိုင်တော့ဘူး။ အပြင်ဖက်မှာတော့ ဖုတ်ကောင်တွေနဲ့ အလွယ်တကူ တွေ့နိုင်တယ်။ ငါတို့သာ ခန်းမထဲကို ဝင်သွားရင် လုံခြုံမှာပါ…"

မုန့်ချီက ရှင်းပြလိုက်သည်။

ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ဆီတွင်လည်း တခြားသောအတွေးများ မရှိကြပေ။ သူတို့က အမှောင်ဘုရင်ကြီးကို ဖြတ်ကျော်သွားသည့်အချိန်တွင် ရပ်လိုက်ပြီး သူ၏သံခက်ရင်းခွ၊ ပျက်စီးနေသော ကြေးခွံများနှင့် လော်ဟန့်ကိုယ်တော်၏ ဗုဒ္ဓအမွေအနှစ်ကို ယူလိုက်သည်။ ထိုအရာအားလုံးကို လေဟာနယ်လက်စွပ်ထဲသို့ ထည့်လိုက်၏။

လက်ရှိအချိန်တွင် မုန့်ချီဆီ၌ စွမ်းအားမရှိသည့်အတွက် အမှောင်ဘုရင်ကြီး၏ ချပ်ဝတ်အင်္ကျီ၊ ခရမ်းရွှေရောင်သရဖူနှင့် တစ်ခြားပစ္စည်းများကိုတော့ ဖယ်ရှား၍မရပေ။ သူက ခဏအနားယူပြီးမှသာ ပြန်သွားယူရန် စဉ်းစားထားသည်။ ထိုပစ္စည်းများကလွဲလျှင် အမှောင်ဘုရင်ကြီးက မည်သည့်အရာမျှသယ်မလာခဲ့ပေ။

အမှောင်ဘုရင်ကြီး၏ အလောင်းကိုကြည့်ပြီး ရွမ်ယုရှုက သက်ပြင်းချလိုက်၏။ သူမ၏စကားသံက နှမြောနေသလို ထင်မှတ်ရသည်။

"အကုန်လုံး လောင်ကျွမ်းသွားတာပဲ.."

"သူက အကုန်လုံးလောင်သွားပြီလေ။ နင်က ဘာတွေစဉ်းစားနေတာလဲ…"

မုန့်ချီက ပြောစရာစကားလုံးမရှိတော့ပေ။ သူက မိန်းကလေးများကိုခေါ်ပြီး ခန်းမထဲသို့ ဝင်သွားခဲ့၏။

သူအထဲသို့ ရောက်သည့် အချိန်တွင် မျက်လုံးများက ဝင်းလက်‌တောက်ပသွားခဲ့သည်။ အမွှေးတိုင်ထွန်းသော စားပွဲပေါ်တွင် အပြာဖျော့ရောင် မီးအိမ်လေးတစ်ခု ရှိနေပြီး ပဲစေ့တစ်စေ့အရွယ် မီးတောက်လေးတစ်ခု ရှိနေသည်။

မီးအိမ်အတွင်းထဲမှနေ၍ နွေးထွေးပြီး တည်ငြိမ်အေးချမ်းသော စွမ်းအင်များ ထွက်ပေါ်လာနေသည်။ ထိုအပြာဖျော့ရောင် မီးအိမ်လေးပေါ်တွင် အက်ကွဲကြောင်းများလည်း ရှိနေ၏။ မီးတောက်များကတော့ ရာစုနှစ်ပေါင်းများစွာ တောက်လောင်နေပုံရသည့်အတွက် အနည်းငယ် မှေးမှိန်နေသည်။

ရုတ်တရက်ဆိုသလို ကျောင်းဆောင်အပြင်ဖက်မှနေ၍ ခြေသံတစ်ခုကို ကြားလိုက်ရ၏။ တစ်စုံတစ်ယောက်က ချဉ်းကပ်လာပုံရ၏။ မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့၏။ လက်ရှိအခြေအနေတွင် သူတို့(၃)ယောက်လုံးက ထိုလူကို ခုခံရန် လုံးဝမဖြစ်နိုင်တော့ပေ။

သူက ရွမ်ယုရှုနှင့် ကျန်းကျိဝေတို့ကို တိုင်တစ်တိုင်ဆီတွင် မှီနေရန် ကူညီပေးလိုက်ပြီး သူ၏သွေးကြောဓားကို ထုတ်လိုက်သည်။ သူကတော့ သူ့ကိုယ်သူ သေတွင်းထဲသို့ မပို့ချင်သေးပေ။ ထိုလူက ခန်းမထဲသို့ရောက်လာသည့်အချိန်တွင် မုန့်ချီက အလွန်အံ့သြဝမ်းသာသွားခဲ့လေသည်။

"အစ်ကိုချီ.. "

ရောက်လာသူက ချီကျန်းရန်ဖြစ်နေ၏။

Translated by Hein Htet.

All Chapters