အခန်း (၂၅၇)
Vol. 18 Ch. 257
ချီကျန်းရန်၏ အဝတ်အစားများက စုတ်ပြဲနေသည်။ သူ၏ခန္ဓာကိုယ်တစ်လုံးတွင် ရှိနေသော ဒဏ်ရာထဲမှနေ၍ အနက်ရောင်သွေးများ စီးကျလာနေခဲ့၏။ သို့သော် သူ၏ မျက်လုံးများက ကြည်လင်တောက်ပနေသည့်အတွက် သူ့အခြေအနေက ကောင်းမွန်နေပုံရသည်။ သူ့ဒဏ်ရာများကလည်း ပြင်းထန်ပုံ မရချေ။
သူက ကျောင်းဆောင်ထဲသို့ ဝင်လာသည့်အချိန်တွင် တောက်ပသည့် အလင်းရောင်များကြောင့် ရှင်းရှင်းလင်းလင်း မြင်တွေ့ရန် ခက်ခဲနေသည်။ သူက အလွန်စူးရှသော အလင်းတန်းကို လက်နှင့်ကာပြီး စိုးရိမ်တကြီး မေးလိုက်၏။
"မင်းတို့အားလုံး အဆင်ပြေရဲ့လား … "
"အစ်ကိုက အပြင်ဘက်မှာ လဲကျနေတဲ့ မကောင်းဆိုးဝါးအလောင်းကို တွေ့ပြီဆိုရင် ကျွန်တော်တို့ အဆင်ပြေနေတာ သိမှာပါ…"
အစ်ကိုကြီးချီက လုံလုံခြုံခြုံ ပြန်ရောက်လာသည်ကို မြင်သည့်အခါ မုန့်ချီက ပျော်ရွှင်စွာ စနောက်လိုက်၏။
"အစ်ကိုကြီးချီရော ဘယ်လိုနေလဲ … "
သူက ခါးတွင် ခရမ်းသေမင်းဓားကို ပြန်ချိတ်ထားခဲ့သည်။ သူ၏ဘယ်လက်က ဆိုးဆိုးရွားရွား ဒဏ်ရာရနေသည့်အတွက် သူက ညာလက်ကိုသာ အသုံးပြုနိင်တော့၏။ ထို့ပြင် သူ၏လက်ရှိအခြေအနေအရ ခရမ်းသေမင်းဓားကို မကိုင်နိုင်ပေ။
ချီကျန်းရန်က ချောင်းဆိုးလိုက်ပြီး အလင်းရောင်စူးသည့်အတွက် မျက်နှာအုပ်ထားသော ဘယ်လက်ကို အောက်သို့ ပြန်ချလိုက်သည်။ ယခု သူက ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်၏။
သူ၏မျက်နှာအမူအရာက ဆိုးဆိုးရွားရွားကို မည်းမှောင်နေသည်။ သူ့ဆီတွင် လက်ရှိအသက်အရွယ်နှင့် ထင်ဟပ်နေသော မျက်နှာထားမျိုးပင် မရှိတော့ချေ။ သူက ပြောလိုက်၏။
"ဒဏ်ရာ နည်းနည်းလောက်ပါပဲ။ အလောင်းအဆိပ်တွေက ငါ့ရဲ့ခန္ဓာကိုယ်ထဲကို ကျူးကျော်လာတာ။ ဘာမှပြင်းထန်ပါဘူး…"
ထိုစကားကို ကြားသည့်အခါ မုန့်ချီက ဖူကျန်းကျန်း၏ ဆေးများကို ရှာဖွေကြည့်ရန် ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကို ပြောလိုက်သည်။ ထိုအချိန်တွင် အလောင်းအဆိပ်နှင့် ယင်အဆိပ် နှစ်မျိုးစလုံး ဖယ်ရှားနိုင်သော ဆေးပုလင်းကို တွေ့လိုက်ရသည်။ သူက ထိုအရာကို ချီကျန်းရန်ဆီသို့ ပေးလိုက်၏။
ဆေးလုံးသောက်လိုက်ပြီးနောက် ချီကျန်းရန်က တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ချီစွမ်းအင်များကို စတင်လှည့်ပတ်နေခဲ့သည်။ မုန့်ချီက ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကို ကူညီပေးလိုက်ပြီး သက်သောင့်သက်သာ ထိုင်၍ အနားယူခိုင်းလိုက်သည်။
သူကိုယ်တိုင်ကတော့ ဘယ်လက်ပေါ်တွင် ကုသရေးဆေးမှုန့်တချို့ ဖြူးလိုက်ပြီး အဝတ်စ တစ်ခုနှင့် စည်းထားခဲ့၏။ ထို့နောက် သူက စိတ်ဝိညာဉ်စွမ်းအားနှင့် ချီစွမ်းအားများ ပြန်ပြည့်လာစေရန် ဆေးရည်ပေါင်းများစွာကို သောက်လိုက်သည်။
တဖန် သူ၏ သွေးကြောဓားကို ခက်ခက်ခဲခဲ ကိုင်လိုက်ပြီး ချီစွမ်းအင်များ၏ အကူအညီနှင့် ခန်းမထဲရှိ အခြေအနေကို စစ်ဆေးလိုက်သည်။ ဤနေရာတွင် ဗုဒ္ဓရတနာများစွာ ရှိနေနိုင်၏။ သို့သော် သူတို့က နှစ်ပေါင်းများစွာ ပျက်စီးနေခဲ့သည်။
မုန့်ချီက ကြာပန်းပွင့်လေးတစ်ခုကို ထိလိုက်သည့်အချိန်တွင် ထိုအရာက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့၏။
"ဒီနေရာမှာ ဖုတ်ကောင် လော်ဟန့်ကိုယ်တော် ထိုင်နေခဲ့တာလား … "
ရွှေရောင်ကျောက်ပြားများပေါ်တွင် သေဆုံးခြင်းအငွေ့အသက်များ စိမ့်ဝင်နေသော နေရာတစ်ခုကို တွေ့လိုက်ရသည်။ ထိုရှေ့တည့်တည့်တွင်တော့ အပြာဖျော့ရောင် မီးအိမ်လေး၏အရိပ် ရှိနေသည်။ ကြည့်ရသည်မှာ ထိုအရာက ဤနေရာကို ကာကွယ်ပေးထားပုံရ၏။
"ဒီအပြာဖျော့ရောင် မီးအိမ်လေးက လုံးဝပျက်စီးမသွားသေးဘူး…"
မုန့်ချီက ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်ကို သုံးလိုက်သည့်အချိန်တွင် သူ၏ ဘယ်လက်ပေါ်၌ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။ ထို့ကြောင့် သူက ဗုဒ္ဓလမ်းစဉ်လူသားတစ်ယောက်ဖြစ်ကြောင်း ပြသနေသည်။
သူက အပြာဖျော့ရောင် မီးအိမ်လေးကို ဂရုတစိုက် ယူလိုက်၏။ မီးအိမ်လေးက အေးစက်နေခြင်း မရှိပေ။ သူ၏ကိုယ်ထည်ကို အမည်မသိ ပစ္စည်းများနှင့် ဖန်တီးထားခဲ့ပြီး ယခုအချိန်ထိ ပျက်စီးမသွားသေးပေ။ သူ၏ မီးတောက်များက အတော်လေး အားနည်းသော်လည်း လုံးဝ ငြိမ်းမသွားခဲ့ပေ။ ထို့ပြင် မီးတောက်က ကြည်လင်တောက်ပနေပြီး လူသားများ၏ နှလုံးသားနှင့်မကောင်းဆိုးဝါး ဝိညာဉ်များကို နွေးထွေးစေနိုင်သည်။
"ဒါက ရတနာတစ်ခုပဲ ဖြစ်မယ် … "
မုန့်ချီက တီးတိုးရေရွတ်လိုက်၏။ သူ၏ဘယ်လက်ဝါးက ဓားမကိုင်နိုင်သည်အထိ ဆိုးဆိုးရွားရွား ဒဏ်ရာရနေသော်လည်း မီးအိမ်လေးကိုတော့ ကိုင်နိုင်သေးသည်။
ထိုအလင်းတန်းလေးက အဝတ်စည်းထားသော လက်ပေါ်သို့ ကျရောက်လာသည့် အချိန်တွင် မုန့်ချီ၏နာကျင်မှုများ လျော့နည်းသွားသလို ခံစားလိုက်ရ၏။ ရွှေခေါင်းလောင်း အကာအကွယ် ကျင့်စဉ်ကိုလည်း ပို၍ ချောမွေ့စွာ လှည့်ပတ်နိုင်ခဲ့သည့်အတွက် သူ၏လက်ရှိအခြေအနေကို စစ်ဆေးကြည့်၍ ရသည်။
သူက မီးအိမ်လေးကို ယူလိုက်ပြီး ကျန်းကျိဝေတို့ဆီကို ပြန်လျှောက်သွားခဲ့၏။ ခဏကြာ ကုသလိုက်ပြီးနောက် ချီကျန်းရန်၏ အနက်ရောင်သွေးများက အနည်းငယ် သက်သာသွားပြီး တဖြည်းဖြည်း အနီရင့်ရောင် ပြောင်းလဲလာသည်။
သူက မျက်လုံးဖွင့်လိုက်ပြီး ကျောင်းဆောင်၏ အပြင်ဘက်ကို လှည့်ကြည့်လိုက်၏။
"အမှောင်ဘုရင်ကြီးရဲ့ အလောင်းက ရှိနေသေးတယ်။ ငါ သွားပြီး ယူလိုက်မယ် ။ ငါတို့က အဲဒါကို ကံကြမ္မာအမှတ်တွေနဲ့ လဲလို့ရတာပေါ့…."
"ဘာမှ မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့က သိပ်မကြာခင် ပြန်ရတော့မှာပါ…"
ထိုမီးအိမ်ငယ်လေးက လေဟာနယ်လက်စွပ်ထဲတွင် ရှိနေသော ပစ္စည်းများကို လောင်ကျွမ်းသွားမှာ စိုးရိမ်နေခဲ့သည့်အတွက် မုန့်ချီက သူ့လက်ထဲတွင်သာ ကိုင်ထားခဲ့၏။
သူက အပြုံးနှင့် ပြောလိုက်သည်။
"အစ်ကိုချီ …
အစ်ကိုချီက မကောင်းဆိုးဝါးတွေရဲ့ လက်ထဲကနေ လွတ်သွားပြီး တစ်နေရာရာမှာ ပုန်းနေမယ်လို့ ထင်ထားတာ။ ကျွန်တော်တို့နောက်ကို အမီလိုက်လာမယ်လို့ မထင်ထားဘူး…"
ချီကျန်းရန်က တိုင်တစ်တိုင်ကို မှီထားသော မုန့်ချီကို ဖြေးညင်းစွာ ပြန်လှည့်ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောလိုက်၏။
"ငါက မင်းတို့နဲ့ ပူးပေါင်းပြီး အမှောင်ဘုရင်ကြီးကို ဆိုးဆိုးရွားရွား ဒဏ်ရာရအောင် တိုက်ခိုက်ဖို့ စဉ်းစားထားတာ။ သူ့ဆီမှာ ကျန်ရှိနေတဲ့ စွမ်းအားက အများဆုံး တံခါး(၈)ပေါက်အဆင့် ပညာရှင်တစ်ယောက်ရဲ့ အစွမ်းမျိုးပဲ ။ ငါ့ဆီမှာ ဖရိုဖရဲ ကျင့်စဉ်ရှိနေမှတော့ သူ့ကို ဖယ်ရှားနိုင်တယ်လေ။ ဒါကြောင့် ငါက မင်းတို့ကို ကူညီပေးဖို့ မျှော်လင့်နေခဲ့တာ။ ဒါပေမဲ့ ငါ မင်းတို့ကို မီလာတဲ့ အချိန်မှာ အမှောင်ဘုရင်ကြီးက လဲကျပြီး သေနေပြီလေ…"
သူ၏ညီအစ်ကိုသဖွယ် သဘောထားကြောင့် မုန့်ချီ၏ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။ မကောင်းဆိုးဝါးများကို ခက်ခက်ခဲခဲ ဖယ်ရှားခဲ့ပြီးနောက် ချီကျန်းရန် ပထမဆုံး လုပ်ခဲ့သည်မှာ သူတို့ဆီကို အကူအည်ီ ပေးရန်အတွက် အလျင်အမြန် ပြေးလာခဲ့ခြင်း ဖြစ်သည်။ မိတ်ဆွေကောင်းတစ်ယောက်က အလွန်ထူးခြားလွန်းလှ၏။
"အစ်ကိုကြီးချီ …
အစ်ကိုကြီးချီက မကောင်းဆိုးဝါးတွေကို ဘယ်လိုများ ဖယ်ရှားခဲ့တာလဲ … "
မုန့်ချီက စိတ်ဝင်တစား မေ့လိုက်၏။
ချီကျန်းရန်က နောက်တစ်ကြိမ် မျက်နှာပျက်သွားခဲ့သည်။ ကြည့်ရသည်မှာ ထိုအရာများက ပြန်စဉ်းစားရန် အဆင်မပြေသော အတွေ့အကြုံများ ဖြစ်ပုံရသည်။
ခဏရပ်လိုက်ပြီးနောက် သူက ပြောလိုက်၏။
"အဲဒါက တကယ့်ကို အန္တရာယ်များတယ်။ ငါက ချောက်ကမ်းပါးတစ်ခုကို ရောက်သွားတဲ့အချိန်မှာ ရှေ့ဆက်သွားဖို့ လမ်းမရှိတော့ဘူး။ မကောင်းဆိုးဝါးတွေကတော့ ငါ့ နောက်ကနေ သည်းကြီးမည်းကြီး လိုက်နေကြတုန်းပဲ ။ ဒါကြောင့် ငါက မျှော်လင့်ချက် ကင်းမဲ့သွားခဲ့တယ်။ အဲဒီမကောင်းဆိုးဝါးတွေက အရမ်းအစွမ်းထက်ပေမဲ့ ဉာဏ်မကောင်းတာ ကံကောင်းသွားတာပဲ။ ငါက စွန့်စားပြီး သူတို့ကို တောင်အောက် ပြုတ်ကျသွားအောင် လုပ်နိုင်ခဲ့တယ်လေ…"
သူ၏ အတွေ့အကြုံများက ပြောပြရန် စကားလုံး အနည်းငယ်သာ ရှိသော်လည်း အခက်အခဲများကို သေချာသိနိုင်သည်။
"လူတိုင်းက လွယ်ကူနေတာ မဟုတ်ပါဘူး။ ဒါက သေမင်းတမန် တာဝန်ပဲလေ… "
မုန့်ချီက သက်ပြင်းချလိုက်မိ၏။
ဒဏ်ရာများကို ကုသနေသော ကျန်းကျိဝေကလည်း သူ့စကားကို ထောက်ခံလိုက်၏။ ရွမ်ယုရှု၏ ဒဏ်ရာများကလည်း ပြန်ကောင်းလုနီးပါးဖြစ်နေသည်။ သို့သော် သူမ၏ စိတ်ဝိညာဉ်စွမ်းအားနှင့် ခွန်အားများကတော့ အတော်လေးကို ပင်ပန်းနေခဲ့၏။ သူမက မည်သည့်အရာမျှ မလုပ်ချင်သည့်အတွက် မျက်လုံးမှိတ်ပြီး ထိုင်နေခဲ့သည်။
သို့သော် မုန့်ချီ၏ စကားကို ကြားသည့်အခါ သူမက ရေနဂါးခြောက် အနည်းငယ်ကို ထုတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆုချသည့်အနေဖြင့် စားနေသည်။
စကားပြောလိုက်ပြီးနောက် မုန့်ချီက ကျန်းကျိဝေ၏ ရှေ့တွင် မီးအိမ်လေးကို ချထားပြီး ချီကျန်းရန်နှင့်အတူ ထွက်လာခဲ့၏။ သူတို့က အမှောင်ဘုရင်ကြီး၏ အနက်ရောင်အကြေးခွံ ၊ ငါးအရေပြား ၊ ချပ်ဝတ်အင်္ကျီ ၊ ခရမ်းရွှေရောင် သရဖူ ၊ တိမ်တိုက်လမ်းလျှောက်ဖိနပ်နှင့် တခြားအရာများကို ခွာယူနေကြသည်။ သူ့ဆီတွင် ခန္ဓာကိုယ် အသွေးအသားများသာ ကျန်နေတော့၏။
ထိုပစ္စည်းများအားလုံးကို လေဟာနယ် လက်စွပ်ထဲသို့ ထည့်လိုက်ပြီးနောက် မုန့်ချီက သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူလည်း တိုင်တစ်တိုင်ကို မှီပြီး တာဝန်ပြီးဆုံးမည့် အချိန်ကို စောင့်နေခဲ့၏။ သို့သော် သူကတော့ သတိလွတ်မနေခဲ့ပေ။ မည်သို့ဖြစ်စေကာမူ သူတို့က အိမ်မရောက်သေးပေ။
သူတို့ဆီတွင် ရွှေကိုယ်တော် လော်ဟန့်အမွေအနှစ် ရှိနေပြီး မီးအိမ်လေးက ကာကွယ်ပေးထားသော်လည်း မည်သူကမျှ မလုံခြုံနိုင်သေးပေ။
ချီကျန်းရန်က မုန့်ချီ၏ အနားသို့ လျှောက်လာပြီး တခြားတိုင်လုံးတစ်လုံးကို မှီ၍ ဒဏ်ရာရနေသော ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကို ကြည့်လိုက်သည်။ ထို့နောက် သူက စိတ်ဝင်တစား ပြောလိုက်သည်။
"အရင်တုန်းကတော့ ငါတို့တွေက သာမန်ကမ္ဘာထဲမှာပဲ…။ ဒါပေမဲ့ အခုတော့ နတ်ဆိုးကမ္ဘာကြီးထဲမှာရှိတဲ့ မကောင်းဆိုးဝါးတွေနဲ့တောင် တိုက်ခိုက်နေရတယ်။ သေမင်းတမန်တာဝန်က တကယ့်ကို နာမည်နဲ့ ထိုက်တန်ပါတယ်။ နောက်ထပ် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ…"
မုန့်ချီက ကျောင်းဆောင်၏ အပြင်ဘက်တွင် ရှိနေသော အမှောင်ထုကြီးကို ကြည့်နေခဲ့သည်။ သူကတော့ အလင်းတိုင်လုံးကို မှီနေရင်းပြန်ပြောလိုက်၏။
"ကျွန်တော်တို့က ဝေ့ကျင်းအဆင့် သိုင်းပညာရှင်တွေကို တွေ့နိုင်တယ်။ နောက်ထပ် တာဝန်တွေမှာ အဲဒီအရာတွေကို သင်ကြားဖို့ အခွင့်အရေးလည်း ရနိုင်တယ်…"
ယခင် တာဝန်များတွင် သူတို့က ဝေ့ကျင်းအဆင့် ပညာရှင်များနှင့် တိုက်ခိုက်ရန် ခက်ခဲသည်။ သူတို့၏သိုင်းပညာကို သင်ကြားရန် အခွင့်အရေးကတော့ ပို၍ ရှားပါး၏။ ရနိုင်သည့် တစ်ခုတည်းသော နည်းလမ်းကတော့ ကံကြမ္မာအမှတ်များနှင့် လဲလှယ်ရခြင်းသာ ဖြစ်သည်။
သို့သော် သေမင်းတမန် တာဝန်ပြီးဆုံးသွားပြီးနောက် သူတို့၏ ဆုလာဘ်များ ၊ အခွင့်အရေးများက သေချာပေါက် မြင့်တက်လာပါလိမ့်မည်။ သူတို့က မကောင်းဆိုးဝါး နတ်ဘုရားများနှင့် သူတော်စင်နတ်သမီးများ၏ အမွေအနှစ်များကိုပင် ရရှိရန် ဖြစ်နိုင်သည်။
"ဒါပြီးသွားရင်တော့ ငါက တာဝန်ခံရာထူးကနေ နှုတ်ထွက်ပြီး လောကကြီးထဲမှာ လှည့်ပတ်သွားလာနေတော့မယ်။ ငါက ယဲ့တူမှာပဲ ပိတ်မိမနေချင်တော့ဘူး။ မင်းမြင်တဲ့အတိုင်းပဲလေ ။ ငါက အဲဒီနေရာမှာ ဖရိုဖရဲကျင့်စဉ်ကို ပြည့်ပြည့်ဝဝ အသုံးမချနိုင်ခဲ့ဘူး။ ဒါကြောင့် ငါ့ကိုယ်ငါ စိန်ခေါ်ဖို့ တော်တော်လေးခက်တယ်…"
ချီကျန်းရန်က သူ၏ ရည်ရွယ်ချက်ကို ရုတ်တရက် ပြောလိုက်သည်။ သူက အမိုးထုပ်တန်းကို ခေါင်းမော့ပြီး စိုက်ကြည့်နေခဲ့၏။
မုန့်ချီက အပြင်ဘက်ကို ကြည့်ပြီး ပြောလိုက်သည်။
"ကျွန်တော်လည်း အတူတူပဲ။ ကျွန်တော်က ယပ်တောင် (၆)လက်ကျောင်းရဲ့ ဖိတ်ခေါ်မှုကို လက်ခံပြီး သူတို့ရဲ့လျှို့ဝှက်သတင်းပေး လုပ်တော့မယ်။ ဒါကအဆင့်တက်ဖို့ အခွင့်အရေးရှိပြီး တာဝန်စောင့်နေတုန်း ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်လို့ ရတယ်…”
“အခုတော့ ငါက ငါ့ရဲ့ အတိတ်အကြောင်းနဲ့ ပတ်သက်ပြီး ရှာထွေဖော်ထုတ်ဖို့ အချိန်ကျပြီ…။ လော့ရန်မှာ ကူချန်းချင်ရဲ့ ဘဝအသစ်ကလည်း ဘယ်လိုများ ဖြစ်နေပြီလဲ…”
“ငါကတော့ မြစ်အရှေ့ပိုင်းကို သွားချင်တယ်။ အဲဒီနေရာကို ရှေးအချိန်ကတည်းက ဝမ်မိသားစုက စောင့်ရှောက်ထားတာ။ အဲဒီနေရာက ဘေးအန္တရာယ်ကင်းတဲ့အပြင် အစည်ကားဆုံး နေရာတစ်ခုပဲ။ ပြီးတော့ လူငယ်မှတ်တမ်းထဲမှာရှိတဲ့ သူရဲကောင်းတွေလည်း ရှိတယ်။ စီရင်စုတစ်ခုချင်းဆီမှာရှိတဲ့ သခင်လေးတွေအတွက်တော့ အဲဒီနေရာက ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ…"
မြစ်အရှေ့ပိုင်းကလွဲလျှင် တခြားသော ရွေးချယ်မှုများက လော့ရန် ၊ ချန်းအန်း၊ ကျူးယွမ်နှင့် တခြားမြို့ကြီးများ ဖြစ်ကြသည်။
"တကယ်လို့ ကျွန်တော့်မှာ နောက်ထပ်အခွင့်အရေးတစ်ခု ရှိတယ်ဆိုရင်တော့ ကျွန်တော်လည်း မြစ်အရှေ့ပိုင်းကို သွားမယ်။ ဘာလို့လဲဆိုတော့ ကြာပန်းသခင် ၊ မိုင်တစ်ရာ ထိတ်လန့်ခြင်း ၊ အသက်ထိန်းသိမ်းသူ ၊ ကိုယ်ပျောက်ဓားတို့က အဲဒီမှာ ရှိတယ်လေ။ သူတို့တွေက ကျွန်တော် လက်ရည်စမ်းချင်နေတဲ့ အကြီးမြတ်ဆုံး သူရဲကောင်းတွေပဲ…"
မုန့်ချီက လေးလေးစားစား ပြောလိုက်သည်။ သူကတော့ လူငယ်မှတ်တမ်းထဲမှ ပညာရှင်များကို စိန်ခေါ်ချင်နေခဲ့သည်။
သူတို့ကလွဲလျှင် လူငယ်မှတ်တမ်းထဲရှိ တခြားပညာရှင်များလည်း အမြောက်အများ ရှိနေသည်။ ထို့ကြောင့် မြစ်အရှေ့ပိုင်းက နာမည်ကျော် သူရဲကောင်းများ၏ နေအိမ်လည်း ဖြစ်၏။
သူတို့က သူတို့၏အစီအစဉ်အကြောင်း စကားပြောနေကြသည့်အချိန်တွင် ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကတော့ မျက်လုံးမှိတ်ပြီး ချီစွမ်းအင်များကို လှည့်ပတ်နေသည်။ ဗုဒ္ဓခန်းမကြီးထဲတွင် တိတ်ဆိတ်မှုနှင့် နွေးထွေးမှုကသာ လွှမ်းမိုးနေခဲ့၏။
အချိန်တော်တော်ကြာပြီးနောက် သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရသည်။
"(၈)ရက်မြောက် နေထွက်ချိန်ကို ရောက်ပြီ။ ပင်မတာဝန်ပြီးဆုံးသွားပြီ။ မင်းတို့တွေ ပြန်လာလို့ရပြီ။ မင်းတို့ တစ်ယောက်ချင်းဆီက ကံကြမ္မာအမှတ် (၁၀၀၀)ဆီနဲ့ သံသရာ တံဆိပ်တစ်ခုဆီ ရမယ်…"
"နောက်ဆုံးတော့ ငါတို့က ဒီတာဝန်ကို ပြီးသွားခဲ့ပြီ။ သေမင်းတမန် တာဝန်ကြီးက ပြီးသွားပြီပဲ.…"
မုန့်ချီက အမှန်တကယ်ကို စိတ်သက်သာရ ရသွားခဲ့၏။ တစ်ချိန်တည်းတွင် သူက ပင်ပန်းနွမ်းနယ်နေသလို ခံစားလိုက်ရသည်။
တာဝန်က (၇)ရက်သာ ဖြစ်သော်လည်း သူကတော့ သေမင်းတမန်တာဝန်ထဲတွင် နှစ်ပေါင်း (၇၀)ကျော် နေထိုင်ခဲ့ရသလို ခံစားနေရသည်။ သေခြင်း ရှင်ခြင်းနှင့် ခွဲခွာခြင်းသဘောတရားများကို တွေ့ကြုံခဲ့ရပြီးနောက် သူ့ဆီတွင် ကမ္ဘာ့မြေကြီးနှင့် ပတ်သက်ပြီး ကွဲပြားသော ခံစားမှုများ ရှိလာခဲ့သည်။
သူတို့၏ရှေ့တွင် ရှိနေသော အလင်းတန်းများက မှေးမှိန်ရာမှ တောက်ပလာခဲ့၏။ ပတ်ပတ်လည်တွင်လည်း မြူခိုးများ ထွက်ပေါ်လာသည့်အတွက် ရင်ထဲတွင် အေးစက်သွားခဲ့ပြီး အတော်လေး သက်သောင့်သက်သာ ခံစားလိုက်ရ၏။ သူ၏ ဘယ်လက်တွင် ရှိနေသော ဒဏ်ရာများက လျင်မြန်စွာ ပြန်ကောင်းလာပြီး ကျိုးသွားသော နံရိုးများကလည်း တစ်ခုပြီးတစ်ခု ပြန်ကောင်းလာသည်။
ရွှေရောင်အလင်းတန်းများကလည်း စတင် တောက်ပလာပြီး အလင်းတန်းများက မှေးမှိန်ရာမှ တောက်ပလာခဲ့သည်။ တဖြည်းဖြည်း အက်ကွဲသံများနှင့်အတူ သန့်စင်လာခဲ့၏။ ထိုအချိန်တွင် မုန့်ချီက အပြာရောင်သံသရာ တံဆိပ်တစ်ခုကို ရခဲ့သည်။
"ငါက ကျန်းဝူအင်ပါယာရဲ့ အုတ်ဂူကို ရှာဖွေဖို့အတွက် ကျန်းကျိဝေတို့ကို ဖိတ်ခေါ်ရမယ်…"
မုန့်ချီက စိတ်ထဲတွင် ဆုံးဖြတ်ချက် ချထားခဲ့သည်။
ယခုအချိန်တွင်တော့ လူတိုင်းက ပင်ပန်းနေသည့်အတွက် တာဝန်မှ ရရှိသော အရာများကို စစ်ဆေးပြီး အကောင်းဆုံး အခြေအနေကို ပြန်လည်ပြင်ဆင်ရပါဦးမည်။ အကယ်၍ သူတို့သာ ယခုချက်ချင်း လှုပ်ရှားလိုက်မည်ဆိုလျှင် စိတ်ပိုင်းဆိုင်ရာ ပျက်စီးသွားနိုင်၏။
သူက ဘေးကို လှည့်ကြည့်လိုက်ရာ အလင်းတိုင်လုံး (၃)ခုသာ တွေ့လိုက်ရသည့် အတွက် ရုတ်တရက် ဝမ်းနည်းသွားခဲ့သည်။ ကြည့်ရသည်မှာ အစ်ကိုလော်ကတော့ အိပ်မက်ဆိုးကြီးထဲမှ လွတ်မြောက်ခဲ့ပုံ မရချေ။
အလင်းတိုင်လုံး ပျောက်ကွယ်သွားတော့သည့်အချိန်တွင် မုန့်ချီက အပြင်ဘက်သို့ ထွက်လာပြီး ချီကျန်းရန်က အဆင်ပြေနေကြောင်း တွေ့လိုက်ရသည်။ ချီကျန်းရန်၏ ဒဏ်ရာက သူ့လောက် ဆိုးရွားမှုမရှိချေ။
ခဏကြာပြီးနောက် ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကလည်း ကုသမှုပြီးဆုံးသွားခဲ့သည်။ သူတို့၏ ညာလက်ကလည်း အကောင်းအတိုင်း ရှိနေသေး၏။
"ပုံမှန်လိုပဲ အဆင်ပြေသွားပြီ…"
ကျန်းကျိဝေက ညာလက်ကို လှုပ်ရှားကြည့်လိုက်ပြီး သံသရာအရှင်သခင်၏ ကုသရေးစွမ်းရည်ကို ချီးကျူးနေမိသည်။
ရွမ်ယုရှုကလည်း ဘယ်လက်နှင့် ဗျတ်စောင်းကို ပိုက်ထားပြီး ညာလက်နှင့် စောင်းကြိုးများကို လျင်မြန်စွာ တီးခတ်ကြည့်နေသည်။ ဗျတ်စောင်းဆီမှ သာယာသော သီချင်းသံများ ထွက်လာ၏။ ထို့နောက် သူမ ရေနဂါးခြောက်တစ်ခုနှင့် ကိုယ့်ကိုယ်ကိုယ် ဆုချလိုက်သည်။
"ပထမဆုံး ငါတို့ရဲ့ ပစ္စည်းတွေကို စစ်ဆေးပြီး ကံကြမ္မာအမှတ်တွေနဲ့ လဲရမယ်။ ပြီးရင်တော့ အညီအမျှ ခွဲဝေကြတာပေါ့…"
သူတို့က အဖွဲ့သားလော်ရှန်းကျိ ဆုံးရှုံးသွားမှုကြောင့် ခဏအကြာ တိတ်ဆိတ်သွားခဲ့သည်။
ထို့နောက် မုန့်ချီက ပြောလိုက်၏။
"ဗုဒ္ဓအမွေအနှစ်တွေကို ရခဲ့တာက ငါ့ရဲ့လုပ်ဆောင်မှုဖြစ်ပေမဲ့ လဲ့ယင်ကျောင်းဆောင်ကြီးဆိုတဲ့ ဆိုင်းဘုတ်ကို ရခဲ့တာက ငါတို့အဖွဲ့သားတွေရဲ့ အသက်ကို စတေးပြီး ရခဲ့တာ။ ငါက အဲဒါတွေကို တစ်ယောက်တည်း အပိုင်စီးချင်လို့ရမလား…"
သူက လက်ထဲတွင် ကိုင်ထားသော အပြာရောင်မီးအိမ်လေးကို အလင်းတိုင်လုံးထဲသို့ ထည့်လိုက်ပြီး လူတိုင်း နားလည်ရန် ရှင်းပြခိုင်းလိုက်သည်။
"ပျက်စီးလုနီးပါး ဗုဒ္ဓမီးအိမ် - သကျမုနိဗုဒ္ဓရဲ့ မှော်ရတနာတွေထဲက တစ်ခုပဲ။ အဲဒီရတနာက ကောင်းနေသေးတဲ့အချိန်မှာ အဆုံးမဲ့အလင်းတန်းတွေကို ထုတ်ပေးနိုင်ပြီး မိုင်တစ်ထောင် မြေကွက်လပ်ကြီးကို လင်းထိန်နေစေနိုင်တယ်။ အဲဒါက လမ်းမှားရောက်နေတဲ့ လူတွေ ၊ တစ္ဆေသရဲတွေကို ပြုပြင်ပေးနိုင်တယ်။ ပြီးတော့ ကံကြမ္မာကို လောင်ကျွမ်းစေနိုင်ပြီး ခန္ဓာကိုယ်ထဲကို မကောင်းဆိုးဝါးတွေ ကျူးကျော်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်။ ကံဆိုးသွားတာကတော့ အဲဒီလက်နက်က ပျက်စီးလုနီးပါးဖြစ်နေတာပဲ။ ယင်စွမ်းအားတွေနဲ့ မကောင်းဆိုးဝါး ဝိညာဉ်တွေကို ချုပ်နှောင်နိုင်တဲ့ စွမ်းရည်ရှိပြီး ပဲစေ့အရွယ်အစားလောက် ချုံ့လိုက်မယ်ဆိုရင် ထာဝရလောင်ကျွမ်းနေနိုင်တယ်။ ဒါပေမဲ့ အဲဒါကို အသက်မသွင်းဘူးဆိုရင် သူ့ရဲ့မီးတောက်က လုံးဝ လောင်ကျွမ်းမှာမဟုတ်ဘူး။ အဲဒါက သာမန်အဖိုးတန် လက်နက်တစ်ခုလို့ပဲ သတ်မှတ်နိုင်တယ်။ ကံကြမ္မာအမှတ် (၁၆၀၀) တန်ကြေးရှိတယ်။ တကယ်လို့ မင်းတို့က အဲဒါကို ပြင်ချင်တယ်ဆိုရင်တော့ ကံကြမ္မာအမှတ် (၅၂၀၀၀) ပေးရမယ်…”
“တကယ်လို့ မင်းတို့က ကျောက်စိမ်းဗုဒ္ဓဆက်ခံသူဖြစ်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ ကံကြမ္မာအမှတ် (၃)သောင်း ပေးရလိမ့်မယ်…"
ထိုစကားကို ကြားသည့်အခါ မုန့်ချီနှင့် သူ့အဖွဲ့သားများက အချင်းချင်း ကြည့်လိုက်မိကြသည်။ ကောင်းမွန်နေသေးသော ထိုမီးအိမ်လေးက ထိုမျှ အစွမ်းထက်၏။ ကျောက်စိမ်းပြားလေးကတော့ ဆက်ခံသူဖြစ်နေသည်။
"ငါတို့က နင့်ရဲ့ ကျောက်စိမ်းပြားလေးကနေတစ်ဆင့် အထွဋ်အမြတ်တောင်ထိပ်ကို ရောက်ခဲ့ရတာ။ ဒီတော့ ဒီမီးအိမ်ကို နင်ပဲ ပိုင်ဆိုင်သင့်တယ်။ ဒါကို နင်ပဲ သိမ်းထားလိုက်ပါ…"
ကျန်းကျိဝေက ရက်ရက်ရောရော ပြောလိုက်သည်။
ချီကျန်းရန်နှင့်ရွမ်ယုရှုတို့ကလည်း ခေါင်းညိတ်သဘောတူလိုက်ကြ၏။
Translated by Hein Htet