အခန်း (၂၅၈)
Vol. 18 Ch. 258
တိတိကျကျ ပြောရမည်ဆိုလျှင် သူက ဗုဒ္ဓမီးအိမ်ကို သံသရာအရှင်သခင်ဆီတွင် လဲလှယ်ရန် စဉ်းစားထားသည်။ သို့သော် ယခုတော့ ထိုအရာက ဆက်ခံသူတစ်ယောက်ကို ပေးနိုင်သည့်အပြင် ဗုဒ္ဓလမ်းစဉ်နှင့် ပတ်သက်နေနိုင်သည်။ သူကတော့ ဗုဒ္ဓလမ်းစဉ်နှင့် အနတ္တ၏ ကြားထဲတွင် အလွန်အန္တရာယ်များသည်ဟု ခံစားမိခဲ့၏။
သေမင်းတမန်တာဝန် မစခင်ကသာဆိုလျှင် သူက ထိုအရာကို ကံကြမ္မာအမှတ်များနှင့် လဲလှယ်မိပါလိမ့်မည်။ သို့သော် ယခုတော့ သူ၏စိတ်ပိုင်းဆိုင်ရာ အခြေအနေများက သိသိသာသာ ပြောင်းလဲသွားခဲ့၏။ သံသရာတာဝန်များအပေါ် သူ၏သဘောထားကလည်း ဆိုးရွားမှု မရှိတော့ချေ။
ပြဿနာတက်သည့်အချိန်တွင် ရှောင်တိမ်းရမည့်အစား ထိပ်တိုက်ရင်ဆိုင်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု တွေးခဲ့မိ၏။ အကယ်၍ သူကသာ ဗုဒ္ဓလမ်းစဉ်နှင့် အနတ္တကို အမှန်တကယ် ပတ်သက်နေမည်ဆိုလျှင် ဗုဒ္ဓမီးအိမ်နှင့် ဘာမျှလုပ်၍ မရနိုင်ပေ။
တစ်ဖက်တွင်တော့ သူက ပို၍များပြားသော အန္တရာယ်များ ရှိလာနိုင်ပြီး သူ၏လှုပ်ရှားမှုတိုင်းကို သတိထားရသည်။ ထိုအတွက်ကြောင့် သူကတော့ အပြာဖျော့ရောင် မီးအိမ်လေးကို ယူထားခြင်းက ပိုကောင်းသည်ဟု တွေးခဲ့မိ၏။ တန်ဖိုးအနေနှင့် ပြောရမည်ဆိုလျှင် ထိုအရာက ကိုယ့်ကိုယ်ကိုယ်ခုခံရန်နှင့် ရန်သူကို တိုက်ခိုက်နိုင်သော အဖိုးတန်လက်နက်တစ်ခုသာ ဖြစ်သည်။
ထိုအရာရှိနေလျှင် သူက အန္တရာယ်အမျိုးမျိုးမှ အသက်ရှင်နိုင်မည် ဖြစ်၏။ သူက ပို၍အစွမ်းထက်လာနိုင်ပြီး ယောကျ်ားကောင်းတစ်ယောက်ကဲ့သို့ ပြဿနာများကို ရင်ဆိုင်နိုင်ပါလိမ့်မည်။ ကောင်းကင်ကြီးက ထွက်ပေါက်များအားလုံးကို ပိတ်ဆို့ထားခြင်း မဟုတ်ချေ။
"ကောင်းပြီလေ…"
သူက သံသရာအရှင်သခင် ညွှန်ကြားထားသည့်အတိုင်း လုပ်ဆောင်လိုက်သည်။
သူ၏စိတ်ဝိညာဉ်စွမ်းအားကို သုံးလိုက်ပြီး အပြာဖျော့ရောင် မီးအိမ်လေးထဲသို့ ပို့ဆောင်လိုက်ရာ ထိုအရာက ပဲစေ့တစ်စေ့ အရွယ်အစားခန့်အထိ ကျုံ့သွားခဲ့၏။ ထို့နောက် သူက ငွေကြိုးတစ်ခုကို ထုတ်လိုက်ပြီး သူ၏ရင်ဘတ်ရှေ့တွင် ရှိနေသော အင်္ကျီအတွင်းစတွင် ချည်ထားလိုက်သည်။
ထို့နောက် ရွမ်ယုရှုက လော်ဟန့် အမွေအနှစ်ကို ထုတ်လိုက်ပြီး အလယ်တွင် ရှိနေသော အလင်းတိုင်လုံးထဲသို့ ထည့်လိုက်သည်။
"လော်ဟန့်အမွေအနှစ် ၊ မပြည့်စုံဘူး...။ နိဗ္ဗာန်ကို ရောက်သွားတဲ့ လော်ဟန့် ရွှေကိုယ်တော်ရဲ့ အကြွင်းအကျန်တစ်ခုပဲ ။ ဒါက သူ့ရဲ့မှော်လက်နက်တွေထဲက တစ်ခုဖြစ်တယ်...။ ဒီလော်ဟန့်က မသေခင် မကောင်းဆိုးဝါးချီစွမ်းအင်တွေနဲ့ သေဆုံးခြင်းချီစွမ်းအင်တွေရဲ့တိုက်စားခြင်းကို ခံခဲ့ရတယ်... ။ ပြီးတော့ နှစ်ရာပေါင်းများစွာ ပျောက်ကွယ်နေခဲ့တယ်... ။ နိဗ္ဗာန်ကို မျက်မှောက်ပြုနေစဉ် အတောအတွင်း ခန္ဓာကိုယ်သန့်စင်မှုနဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်ဖို့အတွက် သူ့ရဲ့စွမ်းအားတစ်ဝက်ကျော်ကို သုံးခဲ့ရတယ်..။ ဒါကြောင့် ကံကြမ္မာအမှတ် (၇၅၀၀) ပဲ တန်ကြေးရှိတယ်...”
“ဒါနဲ့ ဗုဒ္ဓလမ်းစဉ် ထိပ်သီးသိုင်းပညာတစ်ခုကို အသက်သွင်းဖို့အတွက် အသုံးပြုလို့လည်း ရနိုင်တယ်...။ အဲဒါက လမ်းမှားအဖွဲ့အစည်းတွေကို ဖိနှိပ်ဖို့အတွက် တိုက်ခိုက်ရေးဝင်္ကပါကြီးတစ်ခု ဖန်တီးလို့ရတယ်... ။ အဲဒီအရာကို ဝတ်ထားလိုက်မယ်ဆိုရင် တည်ငြိမ်အေးချမ်းနေနိုင်တဲ့အပြင် မကောင်းဆိုးဝါးချီစွမ်းအင်တွေ ကျူးကျော်မှုကိုလည်း ခုခံနိုင်တယ်...”
“ပြီးတော့ သင့်တော်တဲ့ပစ္စည်းတွေကို ပေါင်းစပ်ပြီး သုံးလိုက်မယ်ဆိုရင် ဗုဒ္ဓရတနာတစ်ခုအဖြစ် ဖန်တီးနိုင်သေးတယ်..။ အဲဒါက မကောင်းဆိုးဝါး ကျူးကျော်မှုတွေ အားလုံးကို တားဆီးနိုင်ပြီး ကောင်းကင်သိစိတ် ရှိလာနိုင်တယ်..။ ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်ကတော့ ကံကြမ္မာအမှတ် (၁၂၀၀၀)ပဲ... "
ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့က တိတ်ဆိတ်နေကြသည်။ သူတို့အတွက်တော့ မုန့်ချီ၏ ကျောက်စိမ်းပြားလေးက သူတို့အားလုံးကို အထွဋ်အမြတ်တောင်ထိပ်ဆီသို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ ထို့ပြင် သူ၏ ပြန်လည်ဝင်စားခြင်းမန္တန်နှင့် လဲ့ယင်ကျောင်းဆောင်ကြီး ဆိုင်းဘုတ်တို့ကြောင့် ထိုအရာကို ရရှိရန် အခွင့်အရေး ပေါ်လာခြင်းလည်း ဖြစ်သည်။
မုန့်ချီက စဉ်းစားမနေဘဲ ပြောလိုက်၏။
"ဒီဗုဒ္ဓမီးအိမ်လေးကလွဲရင် သေမင်းတမန်တာဝန်ကနေ လဲလှယ်လို့ရတဲ့ ကံကြမ္မာအမှတ်တွေအားလုံးကို အညီအမျှခွဲဝေကြမယ်..။ မိတ်ဆွေတွေသာ မရှိရင် သေမင်းတမန်တာဝန်အတွင်း ငါလည်း အသတ်ခံရနိုင်တယ်..။ ငါက လဲ့ယင်ကျောင်းဆောင်ကြီး ဆိုင်းဘုတ်ကို ရဖို့လည်း လုံးဝမဖြစ်နိုင်ဘူး... ။ အဲဒါမရှိဘူးဆိုရင် အထွဋ်အမြတ်တောင်ထိပ်ပေါ်ကို ဘယ်လိုများရောက်နိုင်မှာလဲ... ။ ပြီးတော့ ငါတစ်ယောက်တည်းနဲ့ လော်ဟန့်အမွေအနှစ်ကို ဘယ်လိုများရနိုင်မှာလဲ... ။ ဒါက ငါ့ရဲ့ကိုယ်ပိုင်စည်းမျဉ်းတွေကို ချိုးဖောက်သလိုဖြစ်နေတယ်...”
“ပြီးတော့ ငါ့ဆီမှာ အဲဒါနဲ့ အသက်သွင်းနိုင်တဲ့ ဗုဒ္ဓလမ်းစဉ် ထိပ်သီးသိုင်းကျမ်း မရှိဘူး..။ ငါ အခုချိန်ထိ အသုံးပြုနေတဲ့ အနတ္တကျိန်စာဖျက်ဓားပညာက ဗုဒ္ဓလမ်းစဉ် အမွေအနှစ်တွေနဲ့ ဆန့်ကျင်နေတယ်..။ တကယ်လို့ ငါသာ ဗုဒ္ဓအမွေအနှစ်တွေကို အဲဒါနဲ့ အသက်သွင်းလိုက်မယ်ဆိုရင် ငါဖြစ်ချင်တဲ့ဆန္ဒတွေရဲ့ ဆန့်ကျင်ဖက်တောင် ဖြစ်သွားနိုင်တယ်..။ ပြီးတော့ ငါ့ရဲ့ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်က အဆင့်(၆) ပြည့်စုံသွားပြီ ။ ဒီတော့ ငါက ဝေ့ကျင်းတစ်ဝက်အဆင့်ကို မရောက်မချင်း အဲဒါကိုအသက်သွင်းဖို့ လုံးဝမဖြစ်နိုင်ဘူး... "
ကျန်းကျိဝေက တစ်စုံတစ်ခု ပြောရန်ပြင်လိုက်စဉ် မုန့်ချီက ပြတ်သားစွာ ပြောလိုက်သည်။
"ငါတို့တွေက သေမင်းတမန်တာဝန်ထဲမှာ အချင်းချင်း အသက်စွန့်ပြီး ကူညီပေးကြတဲ့ အဖွဲ့သားတွေပဲ ။ ဒါကြောင့် ရလာတဲ့ အကျိုးအမြတ်တွေကလည်း လူတိုင်းရဲ့ ကြိုးစားအားထုတ်မှုပဲ ။ ငါတို့ရဲ့ခင်မင်မှုကို မပျက်စီးချင်ဘူး... ။ ပြီးတော့ နင်တို့ပိုပြီးအစွမ်းထက်လာလေလေ ငါ့အတွက် ပိုပြီးလုံခြုံလေလေပဲ ။ ပြီးတော့ ငါကိုယ်တိုင်လည်း ပိုပြီးတော့ ယုံကြည်ချက်ရှိလာပြီ ။ ပြောရမယ်ဆိုရင် ငါက နင်တို့ကို နောက်ထပ်တာဝန်တစ်ခု အကူအညီတောင်းဖို့ ရှိသေးတယ်... "
သူက ထိုအခွင့်အရေးကို အရယူပြီး ကျန်းဝူအင်ပါယာ၏ အုတ်ဂူအကြောင်းကို ရှင်းပြချင်ခဲ့သည်။
"ဘယ်လိုတာဝန်မျိုးလဲ... "
ကျန်းကျိဝေက အနည်းငယ် အံ့သြသွားပြီး ပြန်မေးလိုက်၏။ ထိုကိုရင်လေးဆီ၌ မည်သည့်အချိန်တွင် တာဝန်တစ်ခု ရှိနေရသနည်း။
ချီကျန်းရန်နှင့် ရွမ်ယုရှုတို့က မည်သည့်ခံစားချက်မျှ မရှိသော်လည်း သူတို့၏မျက်နှာ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ မုန့်ချီက သူတို့ကို အနက်ရောင် သားရေပြားလေးနှင့် ကျန်းဝူအင်ပါယာ၏ အုပ်ဂူအကြောင်းကို ပြောပြလိုက်၏။
သူ့စကားများကို ကြားသည့်အခါ ကျန်းကျိဝေက အလွန်အံ့သြသွားပြီး အပြုံးနှင့် ပြောလိုက်သည်။
"နင့်ဆီမှာ စွန့်စားခန်းထွက်ရမဲ့ကိစ္စတွေ ရှိနေတာပဲ ။ ဒါကလည်း ကျောက်စိမ်းပြားလေးကြောင့်ပဲလား... "
သူမကလည်း သံသရာကမ္ဘာကြီးထဲတွင် စွန့်စားခန်း (၂) မျိုး ၊ (၃) မျိုးခန့် ကြုံတွေ့ခဲ့ရသည်။ သို့သော် မုန့်ချီနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူမ၏စွန့်စားခန်းများက ပြောပလောက်စရာ မရှိချေ။ ထို့ကြောင့်လည်း သူမက ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်မိလိုက်ခြင်း ဖြစ်၏။
သိပ်မကြာခင် ချီကျန်းရန်က သတိဝင်လာခဲ့သည်။ သူကတော့ မုန့်ချီ၏ စွန့်စားခန်းများနှင့် ပတ်သက်ပြီး အသားကျနေပုံရ၏။
"ဒါက စွန့်စားခန်းတစ်ရပ်ပေမယ့် တော်တော်လေး အန္တရာယ်များနိုင်တယ်... "
ရွမ်ယုရှုက တည်ငြိမ်စွာ ပြောလိုက်သည်။ သူမ၏ မျက်လုံးထဲတွင်တော့ မုန့်ချီက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခြင်း မရှိသလို စွန့်စားခန်းများကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိချေ။ ထိုအရာများအားလုံးကို တခြားလူများက စီစဉ်နေသလို ထင်မှတ်ရ၏။ ကြည့်ရသည်မှာ ထိုအရာက နောက်ကွယ်မှ အနတ္တ၏ စီစဉ်မှုများ ဖြစ်နိုင်မည်လော။
ရွမ်ယုရှု၏စကားကို ကြားသည့်အခါ မုန့်ချီက သက်ပြင်းချလိုက်၏။
"ဒါကြောင့် နင်တို့တွေက ငါနဲ့အတူ ကျန်းဝူအင်ပါယာရဲ့အုတ်ဂူကို ရှာဖွေချင်လားလို့ မေးချင်နေတာ... "
ချီကျန်းရန်က အဓိကအချက်ကို ပြောလိုက်သည်။
"အနက်ရောင်သရေပြားလေးနဲ့ သံသရာတံဆိပ်ရှိနေမယ်ဆိုရင် မင်းက ကျန်းဝူအင်ပါယာရဲ့အုတ်ဂူဆီကို သွားလို့ရတယ်... ။ ဒါပေမဲ့ ငါတို့ကတော့ ငါတို့သွားခဲ့ဖူးတဲ့ သံသရာကမ္ဘာကြီးတွေကိုပဲ ပြန်သွားလို့ရတယ်... "
ထိုအရာက မုန့်ချီကိုယ်တိုင် စိုးရိမ်နေသော အရာတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် သူက အခန်းထဲသို့ဝင်သွားပြီး အနက်ရောင်သားရေပြားလေးကိုရှာ၍ သံသရာအရှင်သခင်ကို မေးလိုက်သည်။
"ဒီတာဝန်ကို မျှဝေပေးလို့ရတယ်..။ အများဆုံးလူ (၅) ယောက်သွားလို့ရတယ်... "
သံသရာအရှင်သခင်က အေးစက်စွာ ပြန်ဖြေလိုက်၏။
"ဟူး... "
မုန့်ချီက သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ သူက ချက်ချင်းပင် ကျန်းဝူအင်ပါယာ၏ အုတ်ဂူ ရှာဖွေရမည့်တာဝန်ကို ချီကျန်းရန် ၊ ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကို မျှဝေပေးရန် စဉ်းစားလိုက်၏။
"ဒါဆိုရင်…ငါတို့က ဘယ်အချိန်သွားကြမလဲ... "
ကျန်းကျိဝေက မေးလိုက်သည်။
မုန့်ချီကတော့ ထိုအရာကို သေချာ စီစဉ်ထားခဲ့၏။ သူက ပြောလိုက်သည်။
"ငါတို့က အခုမှ သေမင်းတမန် တာဝန်ပြီးသွားတာဆိုတော့ လူတိုင်းက ပင်ပန်းနေပြီ ။ ငါတို့က ကောင်းကောင်းအနားယူဖို့ အချိန်ပေးရဦးမယ်..။ ငါတို့ရခဲ့တဲ့ အရာတွေကိုလည်း အရင်ဆုံး ဖြေရှင်းရဦးမယ်..။ နောက် (၃) လကြာရင် ငါတို့က ဒီမြေကွက်လပ်မှာ လူစုပြီး သံသရာတံဆိပ်နဲ့ သွားကြတာပေါ့... "
"ကောင်းတယ်... "
ကျန်းကျိဝေက စဉ်းစားမနေဘဲ လက်ခံလိုက်သည်။ သေမင်းတမန်တာဝန် ပြီးဆုံးသွားပြီနောက် သူမက ပို၍ပင် လှုပ်ရှားလာခဲ့သည်။
ရွမ်ယုရှုကတော့ အနည်းငယ် မဲ့သွားသော်လည်း မုန့်ချီ၏စကားကို ခုခံမနေခဲ့ပေ။ ချီကျန်းရန်ကလည်း အတူတူသာ ဖြစ်၏။ သူတို့က တိကျသော အချိန်တစ်ခုပြင်ဆင်ပြီး ကျန်းဝူအင်ပါယာ၏ အုတ်ဂူကို အတူတကွ ရှာဖွေရန် စဉ်းစားထားကြသည်။ ဤအချိန်အတောအတွင်း ကျန်းကျိဝေနှင့် တခြား (၂) ယောက်ကလည်း လော်ဟန့်အမွေအနှစ်ကို ကံကြမ္မာအမှတ်များနှင့် လဲလှယ်ရန် မတားဆီးကြတော့ပေ။
ထိုအချိန်တွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အိတ်ထဲသို့ အမှတ်များ ကျရောက်လာသည့် အသံကို ကြားလိုက်ရသည်။ သူတို့က ကံကြမ္မာအမှတ် (၇၅၀၀) ရခဲ့ပြီး သူတို့ရခဲ့သမျှ ကံကြမ္မာအမှတ်များထဲတွင် အများဆုံး ပမာဏလည်း ဖြစ်သည်။
ထို့နောက် ရွမ်ယုရှုက တခြားပစ္စည်းများကို အလယ်တွင်ရှိနေသော အလင်းတိုင်လုံးထဲသို့ ထည့်လိုက်၏။
"မြေခွေးနတ်ဆိုးရဲ့ဧရာမတူ (၂) လက်က အမြင့်ဆုံးအဆင့်ရှိတဲ့ သန့်စင်လက်နက်တစ်ခုပဲ ။ ကံကြမ္မာအမှတ် (၅၅၀) တန်ကြေးရှိတယ်...”
“ခေါင်းဝါခြင်္သေ့ဝိညာဉ်ရဲ့သံတုတ်က အထူးပစ္စည်းတွေနဲ့ ဖန်တီးထားတယ်..။ ဒါက ပြီးပြည့်စုံတဲ့ သန့်စင်လက်နက်တစ်ခုပဲ ။ ကံကြမ္မာအမှတ် (၈၀၀) နဲ့လဲလို့ရမယ်... ။ ခေါင်းဝါခြင်္သေ့ဝိညာဉ်ရဲ့ ပျက်စီးနေတဲ့ မကောင်းဆိုးဝါးသလင်းကျောက်က ကံကြမ္မာအမှတ် (၃၂၀) ရမယ်...”
“ကျွဲဝါဝိညာဉ်တွေရဲ့ ကြေးနီသံတုတ် (၃) ချောင်းကို ကြေးနီသတ္တုနဲ့ ဖန်တီးထားတယ်..။ တစ်ခုချင်းဆီကို ကံကြမ္မာအမှတ် (၅၀၀) ဆီ တန်ကြေးရှိတဲ့အတွက် စုစုပေါင်းကံကြမ္မာအမှတ် (၁၅၀၀) ရမယ်...”
“ကျွဲဝါဝိညာဉ်ရဲ့နှစ် (၃၀၀) သည်းခြေကျောက်အပြည့်အစုံက အဆိပ်တွေကို ဖယ်ရှားနိုင်ပြီး စိတ်အာရုံကို စုစည်းစေနိုင်တယ်..။ ဒါက ကံကြမ္မာအမှတ် (၈၀၀) တန်ကြေးရှိတယ်..။ အဲဒီအရာကို သက်ဆိုင်တဲ့ဆေးရည်တွေ လက်နက်တွေအဖြစ် ပြောင်းလဲလို့ရတယ်...”
“ပျက်စီးနေတဲ့ကျွဲဝါဝိညာဉ်ရဲ့ သည်းခြေကျောက်ကတော့ ကံကြမ္မာအမှတ် (၃၅၀) နဲ့လဲလို့ရမယ်... ။ စုစုပေါင်း (၂) ခုရှိမယ်... ။ ကျွဲဝါဝိညာဉ်ရဲ့ဦးချိုတစ်ခုက ကံကြမ္မာအမှတ် (၂၀၀) တန်ကြေးရှိတယ်...”
“မကောင်းဆိုးဝါးငှက်ရဲ့လှံရှည်က ပျက်စီးနေပြီ ။ ကံကြမ္မာအမှတ် (၃၅၀) ရမယ်... ။ အမှောင်ဘုရင်ကြီးရဲ့ သံခက်ရင်းခွက အဖိုးတန်လက်နက်တစ်ခုလို့ သတ်မှတ်လို့ရတယ်.။ အဲဒါက ကံကြမ္မာအမှတ် (၈၀၀) ရမယ်...”
“အမှောင်ဘုရင်ကြီးရဲ့ ရွှေသံကြိုးချပ်ဝတ်အင်္ကျီ အတု ၊ ဇာမဏီငှက်မွေးဦးထုပ်အတု ၊ တိမ်တိုက်လမ်းလျှောက်ဖိနပ်အတု နဲ့ တခြားပစ္စည်းတွေက စုစုပေါင်း (၁၀၀၀) ရမယ်.။ အမှောင်ဘုရင်ကြီးရဲ့အကြေးခွံနဲ့ ငါးအကြေးခွံတွေက ကံကြမ္မာအမှတ် (၈၀၀) လဲလို့ရမယ်...။ သူတို့တွေကို သံချပ်ဝတ် အင်္ကျီအပျော့အဖြစ် ဖန်တီးလို့ရမယ်... "
အလွန်များပြားသော ကံကြမ္မာအမှတ်များကြောင့် မုန့်ချီက အံ့သြနေခဲ့သည်။ ထိုအရာက သေမင်းတမန်တိုက်ပွဲဟူသော နာမည်နှင့်လည်း ထိုက်တန်လှသည်။ သို့သော် အကယ်၍ သူတို့အဖွဲ့ကသာ အကောင်းအတိုင်း ရှိနေမည်ဆိုလျှင် ခွဲဝေရရှိနိုင်သော ကံကြမ္မာအမှတ်များက ထိုမျှ များပြားနိုင်လိမ့်မည် မဟုတ်ချေ။
ကျန်းယွင်ရှန်နှင့် တခြားလူများ၏ သေဆုံးမှုကို စဉ်းစားမိသည့်အခါ သူ့ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။ သူကတော့ စိတ်ဓာတ်မကျစေရန် ကြိုးစားပြီး ပြောလိုက်၏။
"ငါတို့က အကြေးခွံတွေ ငါးအရေပြားတွေကိုသုံးပြီး ချပ်ဝတ်အင်္ကျီဖန်တီးလို့ ရတယ်... ။ ပျက်စီးနေတဲ့ သည်းခြေကျောက်ကိုတော့ အဆိပ်ရှင်းဆေးရည်လုပ်ရင် ကောင်းမယ်။ အဲဒီပစ္စည်းတွေနဲ့ဆိုရင် ငါတို့က တိုက်ပွဲတွေကိုလည်း ကြောက်စရာမလိုတော့ဘူး... "
မုန့်ချီက စဉ်းစားပြီး ပြောလိုက်သည်။
"ပြဿနာမရှိဘူး... "
ကျန်းကျိဝေက ပြောလိုက်၏။
ချီကျန်းရန်ကလည်း တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါတို့က မင်းအကြံပေးတဲ့အတိုင်းပဲလုပ်မယ်... "
ရွမ်ယုရှုကတော့ ရေနဂါးခြောက်ကိုသာဝါးနေရင်း စကားတစ်ခွန်းမျှ ဝင်မပြောခဲ့ပေ။ ထို့နောက် မုန့်ချီက အကြေးခွံ ၊ ငါးအရေပြားနှင့် ပျက်စီးနေသော သည်းခြေကျောက်ကို ချန်ထားခဲ့ပြီး တခြားသော ပစ္စည်းများအားလုံးကို ကံကြမ္မာအမှတ်များနှင့် လဲလှယ်လိုက်သည်။ လော်ဟန့်အမွေအနှစ် လဲထားသော ကံကြမ္မာအမှတ် (၇၅၀၀) အပါအဝင် စုစုပေါင်း ကံကြမ္မာအမှတ် (၁၄၇၀၀) ရခဲ့သည့်အတွက် သူတို့က အတော်လေးကို ကံကောင်းသွားပြီဟု ခံစားနေကြရသည်။
နောက်ပိုင်းတွင်တော့ သူက ကံကြမ္မာအမှတ် (၂၀၀) သုံးပြီး အကြေးခွံများနှင့် ငါးအရေခွံများကို ချပ်ဝတ်အင်္ကျီ (၄)စုံ ဖန်တီးခဲ့၏။ ထိုအရာများက ပုဇင်းအတောင်ပံများကဲ့သို့ အလွန်ပါးလွှာပြီး သားမွေးအင်္ကျီများကဲ့သို့ ပေါ့ပါးသည်။ သူတို့က အလွန်ပျော့ပြောင်းသော်လည်း ဓားနှင့် လှံများကို ခုခံနိုင်၏။
ထို့နောက် သူက ကံကြမ္မာအမှတ် (၂၀၀) သုံးပြီး အပိုပစ္စည်းများကို ဝယ်လိုက်သည်။ နောက်ထပ် ကံကြမ္မာအမှတ် (၂၀၀)ကိုတော့ သည်းခြေကျောက်ကို ဆေးရည်ပုလင်း (၄) လုံးအဖြစ် ပြောင်းလဲရန် အသုံးပြုလိုက်သည်။
အာရုံစုစည်းခြင်းနှင့် အဆိပ်ရှင်းဆေးလုံး ၊ အဆိပ်တစ်ရာရှင်းဆေးရည် ၊ အဆိပ်ဖယ်ထုတ်ခြင်းဆေးလုံး ၊ စိတ်ဝိညာဉ်ပြန်ဖြည့်ရေးဆေးလုံး …
အာရုံစုစည်းခြင်းနှင့် အဆိပ်ရှင်းဆေးလုံးများကို ပေးလိုက်ပြီးနောက် မုန့်ချီက ကျန်ရှိနေသော ကံကြမ္မာအမှတ်များကို အညီအမျှ ခွဲဝေပေးလိုက်သည်။ သူတို့တစ်ယောက်ချင်းဆီက ကံကြမ္မာအမှတ် (၃၃၈၀) နှင့် တာဝန်ပြီးဆုံးသည့် ကံကြမ္မာအမှတ်များ ရခဲ့ကြသည်။
နောက်ဆုံးတွင်တော့ သူတို့တစ်ယောက်ချင်းဆီတွင် ကံကြမ္မအမှတ် (၄၃၈၀)ဆီ ရခဲ့သည်။ ထိုအရာက သူတို့ရခဲ့ဖူးသော ကံကြမ္မာအမှတ်များထက် ပို၍များပြားနေသည်။ နောက်ပိုင်း လုပ်ဆောင်ရမည့် တာဝန်များတွင်တော့ အကျိုးအမြတ်က ပို၍ များလာနိုင်၏။
ကျန်းကျိဝေက အရင်ဆုံး ပြောလိုက်သည်။
"ကိုရင်လေး နင်က ဘာလဲဖို့ စဉ်းစားထားလဲ... "
မုန့်ချီကတော့ ပြန်မဖြေဘဲ သူမကို ပြန်မေးလိုက်သည်။
"ကျိဝေ …နင်ရောဘာလုပ်မှာလဲ... "
"ကံကြမ္မာအမှတ် (၄) ထောင်ကျော်ရှိပြီဆိုတော့ ငါက (၂၃)ချက် ဓားသိုင်းကွက်ကို လဲပြီး နေဖောက်သက်တန့်ဓားကို အဖိုးတန်လက်နက်အဖြစ် အဆင့်မြှင့်ချင်တယ်... ။ ငါက အဲဒါကို တပြိုင်နက်တည်းတော့ မတတ်နိုင်လောက်ဘူး... ။ ဒါကြောင့် သေချာပြန်ပြီးစဉ်းစားနေတာ... "
ဤတာဝန်ကြောင့် သူတို့ဆီတွင် အဖိုးတန်လက်နက်မရှိလျှင် ပျံသန်းနေသော ရန်သူများနှင့် ရင်ဆိုင်သည့်အချိန်တိုင်း အလွန်အခက်အခဲဖြစ်ရကြောင်း ကျန်းကျိဝေက နားလည်သွားသည်။ ထို့ကြောင့်လည်း သူမက နေဖောက်သက်တန့်ဓားကို အဆင့်မြှင့်တင်လိုခြင်း ဖြစ်၏။
သို့သော် သူမက (၂၃) ချက်ဓားသိုင်းကွက်ကိုလည်း လိုချင်နေခဲ့သည်မှာ အချိန်တော်တော်လေး ကြာနေပါပြီ။ ထိုအရာက အလွန်ကြောက်စရာကောင်းသော ဓားသိုင်းပညာတစ်ခု ဖြစ်၏။
မုန့်ချီက ရယ်လိုက်သည်။
"ဒါဆိုလည်း ငါတို့ရဲ့ကံကြမ္မာအမှတ်တွေ လဲပြီးသွားတဲ့အထိအောင် ဘာလို့စောင့်မနေရတာလဲ... ။ ဒါဆိုရင် ငါတို့က နင်လိုအပ်တဲ့ပမာဏကို ဖြည့်ပေးနိုင်လောက်တယ်လေ... "
ကျန်းကျိဝေက ပြန်မဖြေခင် သူက ပြောလိုက်၏။
"ငါ့မှာ လဲရမဲ့ ပစ္စည်းတွေ အများကြီးရှိတယ်...။ ပထမဆုံး ငါ့ရဲ့တီးတိုးဓားက ပျက်စီးသွားပြီ ။ ဒီတော့ ငါက နောက်ထပ် ဓားမောက်တစ်ချောင်း လိုအပ်တယ်..။ ငါက သန့်စင်လက်နက်ကောင်းတစ်ခု ဒါမှမဟုတ် နည်းနည်းအဆင့်နိမ့်တဲ့ အဖိုးတန်လက်နက်တစ်ခုကို လဲဖို့စဉ်းစားထားတယ်... "
ယခုတစ်ကြိမ်တော့ သူက ခရမ်းသေမင်းဓားကို ယဲ့မိသားစုဆီသို့ ပြန်ပေးရပါလိမ့်မည်။
"ပြီးရင်တော့ ငါက ဘယ်ညာလက်နှစ်ဖက်စွမ်းရည်ကို သင်ယူရလိမ့်မယ်... ။ ငါက အဲဒါကို ကျွမ်းကျင်သွားပြီဆိုရင် ဓားရှည်ဓားမောက် ပူးပေါင်းသိုင်းကွက်တွေကို စဉ်းစားလို့ရပြီ။ ငါ့ရဲ့အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကလည်း နားတံခါးအဆင့်ကို ရောက်ပြီဆိုတော့ ဆက်ပြီး မြှင့်တင်ဖို့ လိုအပ်တယ်... ။ ပြီးတော့ ငါက တံခါး (၈) ပေါက် ၊ တံခါး (၉) ပေါက်အဆင့်ကို လေ့ကျင့်ဖို့အတွက် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်အဆင့် (၇) ကိုလည်း လဲဖို့လိုတယ်... ။ ပြီးတော့ ဝေ့ကျင်းအဆင့် နှလုံးကျင့်စဉ်ပါတဲ့ ဓားရှည်သိုင်းကျမ်းတစ်ခုနဲ့ ငါ့ရဲ့စိတ်ဝိညာဉ်ကို လေ့ကျင့်နိုင်တဲ့ ကျင့်စဉ်တစ်ခုလည်း လိုအပ်တယ်...”
“အဲဒီအရာတွေနဲ့ ပတ်သက်ပြီး ငါက နည်းနည်းတော့ စဉ်းစားရဦးမယ်..။ ကံကြမ္မာ အမှတ်လုံလောက်မယ်ဆိုရင်တော့ ငါက အဲဒါတွေအားလုံးကို တစ်ပြိုင်နက်တည်း လဲနိုင်မှာပါ... ။ မဟုတ်ရင်တော့ ငါက အဲဒါတွေထဲက တစ်ခုခုကိုပဲ ရွေးချယ်ရမယ်... "
ပြောင်းလဲမှုကျင့်စဉ်က မျက်ခုံးကြားပင်မတံခါးကို လှုံ့ဆော်နိုင်သော်လည်း ပင်မဝိညာဉ် လေ့ကျင့်မှုကို အနည်းငယ်လေးသာ အကျိုးသက်ရောက်မှုရှိသည်။ အင်မော်တယ်ဖိနှိပ်ခြင်း ကျင့်စဉ်၏ စွမ်းရည်ကလည်း ခန္ဓာကိုယ်နှင့် လက်ကိုသာ အလေးထားပြီး ခန္ဓာကိုယ်၏အတွင်းနှင့်အပြင် ဆက်သွယ်ရန်သာ အသုံးပြုရသည်။ ထိုအရာက စိတ်ဝိညာဉ်ကို လေ့ကျင့်ပေးနိုင်ခြင်း မရှိချေ။
စိတ်ဝိညာဉ် စွမ်းအားကုန်ဆုံးသည့် အခြေအနေများစွာကို ကြုံတွေ့ခဲ့ရပြီးနောက် သူ၏စိတ်ဝိညာဉ်ကို လေ့ကျင့်ရန် သိုင်းပညာတစ်ခု စဉ်းစားမိခဲ့သည်။ သို့မှသာ သူက ဝေ့ကျင်းတစ်ဝက်အဆင့်ကို အဆင့်တက်ရန် ဖြစ်နိုင်ပါလိမ့်မည်။
"ဘယ်ညာလက်နှစ်ဖက်စွမ်းရည်က ကံကြမ္မာအမှတ် (၅၀၀) ကုန်မယ်..။ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် အဆင့် (၇) က ကံကြမ္မာအမှတ် (၆၀၀) ကုန်မယ်... ။ တကယ်လို့ နင်က အဖိုးတန်လက်နက်အဆင့် ဓားမောက်တစ်ခု ၊ ဝေ့ကျင်းအဆင့် ဓားသိုင်းကွက်တစ်ခုနဲ့ စိတ်ဝိညာဉ်လေ့ကျင့်မှုကျင့်စဉ်တစ်ခုကို လဲချင်တယ်ဆိုရင်တော့ နင်က ကံကြမ္မာအမှတ် (၁၀၀၀) လောက်ဆီ လိုအပ်မယ်... "
ကျန်းကျိဝေက စဉ်းစား၍ ပြောလိုက်သည်။
ချီကျန်းရန်ကလည်း ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။
"ငါတို့ရဲ့ကျင့်စဉ်အဆင့်တွေအရ အဖိုးတန်လက်နက်မှ မဟုတ်ရင်လည်း ဘာမှကွဲပြားမှုရှိမှာ မဟုတ်တော့ဘူး... "
"အဲဒါအဓိပ္ပာယ်ရှိတယ်... "
မုန့်ချီက ကံကြမ္မာအမှတ် (၁၀၀၀) နီးပါးခန့်ရှိသော အဖိုးတန်လက်နက်တစ်ခုကို ရှာဖွေနေခဲ့သည်။
ရိုးရိုးသားသား ပြောရမည်ဆိုလျှင် နှလုံးကျင့်စဉ် ပါဝင်သော ဝေ့ကျင်းအဆင့် ဓားသိုင်းကွက်နှင့် စိတ်ဝိညာဉ်လေ့ကျင့်ရေးကျင့်စဉ်တို့ကတော့ သူ့ခေါင်းထဲတွင် စဉ်းစားပြီးသား ဖြစ်သည်။ သူ၏ကံကြမ္မာအမှတ် လုံလောက်ခြင်း ရှိမရှိတော့ သူလည်း မသေချာပေ။ သူ့အတွက် အရေးကြီးဆုံး လိုအပ်နေသည်မှာ အဖိုးတန်လက်နက်တစ်ခု ဖြစ်သည်။
ကောင်းကင်နတ်သမီး ဓားသိုင်းကျမ်းက ပိုင်ယွင်မြို့စားမင်း ယဲ့ကူချန်း၏ ထူးခြားသော သိုင်းကျမ်းတစ်ခုဖြစ်ပြီး ဝေ့ကျင်းအဆင့် ဖြစ်သည်။ ထိုအရာက ကံကြမ္မာအမှတ်(၁၀၀၀) ကုန်ကျ၏။
လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်စီးကျင့်စဉ်က ဟွမ်ဂိုဏ်း၏ ဗုဒ္ဓလမ်းစဉ် လျှို့ဝှက်ကျင့်စဉ်တစ်ခုဖြစ်ပြီး စိတ်ဝိညာဉ်ကို အလေးထား လေ့ကျင့်ရသည့် ကျင့်စဉ်တစ်မျိုးလည်း ဖြစ်သည်။ ထိုအရာ၏ တန်ဖိုးကလည်း ကံကြမ္မာအမှတ် (၁၀၀၀) ဖြစ်၏။
Translated by Hein Htet