အခန်း (၂၅၉)
Vol. 18 Ch. 259
ထိုဈေးတန်းတွင် အဖိုးတန်လက်နက်များစွာ ရှိနေသည်။ မုန့်ချီကတော့ မိုးကြိုးစွမ်းအင်ပါဝင်နေသော ဓားမောက်တစ်လက်ကို လျင်မြန်စွာ ရှာဖွေနေပြီး သိပ်မကြာခင် ဓားတစ်လက်ကိုတွေ့လိုက်ရ၏။
"ကောင်းကင်ပြစ်ဒဏ်ဓား -အဖိုးတန်လက်နက်တစ်ခု။ ကံကြမ္မာအမှတ်(၁၁၀၀)တန်ကြေးရှိတယ်။ ကောင်းကင်မိုးကြိုးရွှေနဲ့ ဖန်တီးထားပြီး သူ့ရဲ့လက်ကိုင်ကို မိုးကြိုးသစ်သားနဲ့ ဖန်တီးထားတယ်။ လေးလံတယ်။ မာကျောတယ်။ ထက်မြက်တယ်။ သူ့မှာ ကောင်းကင်အပြစ်ပေးမှုအစွမ်းမျိုး ရှိတယ်။ တကယ်လို့ အသုံးပြုသူကသာ သူ့ရဲ့အစွမ်းကို ပြည့်ပြည့်ဝဝ သုံးလိုက်မယ်ဆိုရင် (၃)ကီလိုမီတာ ပတ်ပတ်လည်မှာရှိတဲ့ ရာသီဥတုကိုတောင် ပြောင်းလဲနိုင်တယ်။ ကောင်းကင်ကြီးပေါ်မှာ အနက်ရောင်တိမ်တိုက်တွေ လွှမ်းမိုးလာနိုင်ပြီး နေရောင်ခြည်ကိုတောင် မတွေ့နိုင်ဘူး။ မိုးခြိမ်းသံတွေ ထွက်ပေါ်လာနိုင်ပြီး ကောင်းကင်မိုးကြိုးက ဓားထဲကို ရောက်လာတဲ့အချိန်မှာ မိုးကြိုးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်တယ်။ ဓားချီစွမ်းအင်တွေက မကောင်းဆိုးဝါးတွေ ၊ နတ်ဆိုးတွေကို ဖိနှိပ်နိုင်ပြီး ကောင်းကင်ကြီးရဲ့အစွမ်းကို ပိုင်ဆိုင်နိုင်တယ်…”
ထိုအရာက အလွန်ကြီးမားသော ဒဏ်ရာကြီးတစ်ခုကဲ့သို့ ထူးဆန်းသော ပုံသဏ္ဍာန်ရှိနေသည့် ဓားမောက်တစ်လက်ဖြစ်သည်။ ထိုဓားက မီးလောင်ထားသလို လက်ကိုင်နှင့် အနီရင့်ရောင် ဓားတစ်လက်ဖြစ်၏။ ကြည့်လိုက်မည်ဆိုလျှင် အဖိုးတန်လက်နက်တစ်ခုဟု မထင်ရဘဲ သာမန်လက်နက်တစ်ခုဟုသာ ထင်မှတ်ရသည်။
ဓားပေါ်တွင် ကောင်းကင်ပြစ်ဒဏ်ဓား ဟူသော စကားလုံးများကို ရွှေရောင်နှင့် ရေးသားထားပြီး မိုးကြိုးအမှတ်အသားများ ပြည့်နှက်နေ၏။ သေချာတွက်ချက်ကြည့်လိုက်ပြီးနောက် မုန့်ချီက သူတတ်နိုင်သော တန်ဖိုးဖြစ်သည်ဟု တွေးမိခဲ့သည့်အတွက် ထိုဓားကို လဲလိုက်သည်။
ကောင်းကင်ပြစ်ဒဏ်ဓားက လက်တစ်ဖက်ကဲ့သို့ ဖြစ်၏။ မုန့်ချီက ထိုဓားကို မ ကြည့်ရန် ကြိုးစားလိုက်သည့်အချိန်တွင် ရုတ်တရက်ဆိုသလို သူ့ညာလက်က ပြုတ်ထွက်သွားတော့မလို ခံစားလိုက်ရ၏။ ထိုဓားက အောက်သို့ ဆွဲချသွားခဲ့သည့်အတွက် သူ၏ခွန်အားများကို အသုံးပြုလိုက်ပြီး ပြန်မရန် ကြိုးစားလိုက်သည်။
"တော်တော်လေးတာပဲ…"
မုန့်ချီက တီးတိုးရေရွတ်လိုက်မိ၏။ သူက မကြာခင် ပျော်ရွှင်သွားခဲ့သည်။
အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကို လေ့ကျင့်ခဲ့ပြီးနောက် သူက ခွန်အားအတော်လေး သန်မာလာခဲ့၏။ ထို့ပြင် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်၏ စွမ်းရည်များလည်း ရှိနေသေးသည်။
မကောင်းဆိုးဝါးစမ်းသပ်ရေးဓားက ရက်စက်ကြမ်းကြုတ်သော ဓားမောက် တာအိုအနှစ်သာရများကို သုံးရန်အတွက် အလွန်ပေါ့ပါးလှသည်။ တီးတိုးဓားကို သုံးလိုက်ပြီးနောက် ခံစားမှုများက ပို၍ပြင်းထန်လာခဲ့၏။ ထို့ကြောင့် ကောင်းကင်ပြစ်ဒဏ်ဓားက ထိုမျှဆိုးရွားနေခြင်းမရှိချေ။
သူ့ခွန်အားနှင့် ထိုအရာကို ခဏကြာ ကိုင်ကြည့်လိုက်ရာ အလေးချိန်နှင့် အသားကျသွားခဲ့သည်။ ထို့နောက် သူက ပို၍ပင် သက်တောင့်သက်သာရှိလာပြီး ကျေနပ်နေသလို ခံစားနေရ၏။ ရုတ်တရက်ဆိုသလို နဂါးနန်းတော်ထဲတွင် ရွှေကြိမ်လုံးက ပေါ့ပါးနေသည့်အတွက် ပြဿနာသွားရှာခဲ့သော မဟာတန်ခိုးရှင် စွန်းဝူခုန်းကိုပင် အမှတ်ရသွားခဲ့သည်။
"ငါက ဘယ်လိုလုပ်ပြီး မဟာတန်ခိုးရှင်စွန်းဝူခုန်းကို ယှဉ်နိုင်မှာလဲ။ ငါ့ဆီမှာ အမှားတွေကို ပြင်ဆင်ပေးဖို့ ကောင်းကင်နတ်သမီးဓားသိုင်းကျမ်းရှိနေသေးတာ ကံကောင်းသွားတယ်…"
သိုင်းကွက်များက ဉာဏ်အလင်းပွင့်မှုအဆင့် ကန့်သတ်ချက်ကို ကျော်လွန်သွားမည်ဆိုလျှင် ဝေကျင်းအဆင့်ကို ရောက်သွားနိုင်သည်။ ကံကြမ္မာအမှတ်(၁၀၀၀)တွင် ထိုသိုင်းကျမ်းက မုန့်ချီ၏လိုအပ်ချက်နှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေခဲ့၏။
ထိုကဲ့သို့ စွမ်းအားနှင့် ဝေကျင်းအဆင့် သတ်ဖြတ်ရေးသိုင်းကွက်များက သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်သည်။ ထိုအရာက သူ၏ဘယ်လက် ဓားရှည်ဓားသိုင်းပညာကို တိုးတက်လာစေနိုင်သည့်အပြင် ဝေကျင်းအဆင့် ဓားရှည်သိုင်းပညာတစ်ခုက မည်သို့အလုပ်လုပ်ကြောင်း နားလည်ရန် ကူညီပေးနိုင်သည်။ သူ၏ဓားပညာအတွက် ခိုင်မာသောအုတ်မြစ်တစ်ခုလည်း တည်ဆောက်ပေးနိုင်၏။
မုန့်ချီက ကောင်းကင်နတ်သမီးဓားသိုင်းကို ရွေးချယ်ခဲ့သည့်အတွက် ကျန်းကျိဝေက သံသယဝင်နေခြင်း မရှိချေ။ အကယ်၍ သူမသာ သူ့နေရာတွင်ဆိုလျှင်လည်း ထိုအရာကိုသာ ရွေးချယ်မိမည်ဖြစ်သည်။
သွေးကြောမှတ်များက ဝေကျင်းအဆင့်နီးပါး ရောက်ရှိလာခဲ့သည့်အချိန်တွင် ထိုကဲ့သို့ ပြောင်းလဲမှုအသေးစိတ်ကိုပင် သိနေပြီး ဓားဆန္ဒအပေါ် ပို၍ကောင်းမွန်စွာ နားလည်နိုင်သည်။
သူမက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး မုန့်ချီလဲလိုက်သောကျင့်စဉ်တစ်ခုကို စိုက်ကြည့်လိုက်၏။
"လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်လား။ သူက ဒီလိုစိတ်ဝိညာဉ် ကျင့်စဉ်မျိုးကို ဘယ်မှာသွားရှာခဲ့တာလဲ…"
ချီကျန်းရန်နှင့် ရွမ်ယုရှုတို့က မမေးသော်လည်း မုန့်ချီ၏လက်ထဲတွင် ရှိနေသော သိုင်းကျမ်းကို စိုက်ကြည့်နေကြသည်။
မုန့်ချီက ရယ်နေရင်းပြန်ပြောလိုက်၏။
"ဒါက ဗုဒ္ဓလမ်းစဉ် လျှို့ဝှက်ဂိုဏ်းတစ်ခုရဲ့ စိတ်ဝိညာဉ်သိုင်းကျမ်းတစ်ခုလေ။ ဒါက စိတ်ဝိညာဉ်ကို သက်ရောက်စေနိုင်တယ်။ အသုံးပြုသူက ရန်သူရဲ့စိတ်ကို ဖတ်နိုင်သလို ရှုပ်ထွေးသွားအောင်လည်း လုပ်နိုင်တယ်။ သူတို့ရဲ့အားနည်းချက်ကိုလည်း ရှာနိုင်တယ်။ ဒါကို သုံးလိုက်မယ်ဆိုရင် ပုံရိပ်ယောင်ထဲ ဆွဲခေါ်လိုက်လို့ရတယ်။ အဲဒီအကျိုးသက်ရောက်မှုကြောင့် ရန်သူက လွတ်မြောက်ဖို့လည်း ခက်ခဲတယ်။ ဒါက အနတ္တကျိန်စာဖျက်ဓားပညာနဲ့ တော်တော်လေးကို ဆင်တူပေမယ့် နှလုံးသားကို သက်ရောက်စေနိုင်တဲ့အဆင့်မျိုးတော့ မရောက်ခဲ့ဘူး။ ဒါက ရန်သူကို ထောင်ချောက်ထဲ ဆွဲခေါ်ဖို့အတွက် တစ်ဖက်လူရဲ့စွမ်းအားကို အသုံးချရတာ…”
“ဒါက ငါ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့အပြင် ငါက အနတ္တကျိန်စာဖျက် ဓားပညာကနေ အသုံးဝင်တဲ့ သိုင်းကွက်တွေကို ထုတ်နုတ်ဖို့အတွက် သူ့ရဲ့နှလုံးကျင့်စဉ်တွေကို အသုံးချလို့ရသေးတယ်။ ပြီးတော့ ငါ့မှာရှိနေတဲ့ ကျင့်စဉ်တွေနဲ့ ပေါင်းစပ်လိုက်လို့ရတယ်။ ဒါဆိုရင် ငါက ဘုန်းတော်ကြီးတစ်ပါး ဖြစ်စေနိုင်တဲ့ အနတ္တကို ကြောက်စရာ မလိုတော့ဘူး…"
"နင်က တကယ့်ကို ဘုန်းတော်ကြီးတစ်ပါးလို တွေးနေတာပဲ…"
ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့က တစ်ပြိုင်နက်တည်း ရေရွတ်လိုက်ကြသည်။
"ငါမကြားဘူး။ ဘာမကြားဘူးး…"
မုန့်ချီ၏မျက်နှာက ရှုံ့မဲ့သွားပြီး ဆက်၍ပြောလိုက်၏။
"ပြီးတော့ တကယ်လို့ ငါကသာ ပိုပြီးအဆင့်မြင့်တဲ့သိုင်းကွက်တွေကို သင်ကြားချင်တယ်ဆိုရင် ရန်သူရဲ့သတိထားမှုကို အသုံးချပြီး ပုံရိပ်ယောင်တွေထဲ ဆွဲသွင်းလိုက်လို့ ရနိုင်တယ်။ အဲဒါက အစစ်အမှန်စွမ်းအား၊ အကျိုးအကြောင်း သဘောတရားနဲ့ အနတ္တကျိန်စာဖျက်ဓားပညာရဲ့ အခြေခံအကြောင်းတရားတွေကို အမှန်တကယ်နားလည်လာစေဖို့လည်း ကူညီပေးနိုင်တယ်။ ပြီးတော့ ကံကြမ္မာစုစည်းခြင်းနဲ့ အကျိုး အကြောင်းသက်ရောက်မှုတွေထဲက စွမ်းရည်တချို့ကို ထုတ်နုတ်ဖို့အတွက် ဖြစ်လာနိုင်တယ်…"
သေမင်းတမန်တာဝန်ပြီးဆုံးသွားပြီးနောက် အနတ္တကျိန်စာဖျက်ဓားပညာအပေါ် သူ၏သဘောထားက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ အကယ်၍ သူကသာ အလွန်အစွမ်းထက်သော ထိုဓားသိုင်းပညာကို ကြောက်ရွံ့နေမည်ဆိုလျှင် နှမြောစရာကောင်းလှသည်။
ထို့ကြောင့် ကိုယ်တိုင်လေ့ကျင့်သည့်အပိုင်းကို ကျော်လိုက်ပြီး လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကိုသုံး၍ အနတ္တကျိန်စာဖျက်ဓားပညာထဲမှ အသုံးဝင်သော စွမ်းရည်များကို ထုတ်နုတ်၍ ရှာနိုင်သည်။
ထိုအရာက စွမ်းအားနည်းသော်လည်း မုန့်ချီကို ဒုက္ခမပေးနိုင်တော့ပေ။ အကယ်၍ သူသာ အဆုံးမဲ့သံသရာ ပုံရိပ်ယောင်များ၏ အကူအညီနှင့် အကျိုးအကြောင်း အနှစ်သာရများကို နားလည်လိုက်မည်ဆိုလျှင် သိသိသာသာ အကျိုးရှိစေနိုင်ပြီး ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်သည်။ သူက ထိုစွမ်းရည်များကို ပြည့်ပြည့်ဝဝရရှိရန် မလိုတော့ပေ။
ထို့ကြောင့် သူက စဉ်းစားမနေတော့ဘဲ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်စီးကျင့်စဉ်ကို ချက်ချင်း ရွေးချယ်လိုက်သည်။ အနတ္တကျိန်စာဖျက် ဓားပညာနှင့် အင်မော်တယ်ပမာ ဖြစ်နေသော ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ကြုံခဲ့ရပြီးနောက် သူ့ကိုယ်သူ ယုံကြည်နေသည်။
"ကြည့်ရတာ ဒါက နင်နဲ့တကယ်ပဲ သင့်တော်တယ်ထင်တယ်…"
ကျန်းကျိဝေကလည်း သူ့စကားကို ထောက်ခံလိုက်ပြီး ရယ်ချင်စိတ်ကို ထိန်းထားရသည်။
"ဒါပေမယ့် ဒါက ဘုန်းကြီးတစ်ပါးရဲ့ နှလုံးကျင့်စဉ်ပဲလေ…"
လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်စီးကျင့်စဉ်ကို ကြည့်ပြီး ရွမ်ယုရှုက အလေးမဲ့ပြောလိုက်သည်။
"တော်လောက်ပြီ…"
မုန့်ချီက ရင်ထဲတွင် ရေရွတ်လိုက်၏။ ထို့နောက် သူက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် အဆင့်(၇)ကို လဲလှယ်လိုက်ပြီး အလယ်တိုင်လုံးဆီသို့ လျှောက်သွား၍ ဘယ်ညာလက်နှစ်ဖက်ကျင့်စဉ်ကို တစ်ခါတည်း တတ်မြောက်စေရန် လဲလှယ်လိုက်သည်။ထိုအရာ ကံကြမ္မာအမှတ်(၅၀၀)ပေးခဲ့ရ၏။
သူ၏ရင်ထဲတွင် စမ်းချောင်းလေးတစ်ခု စီးဆင်းလာသလို ထင်မှတ်ရပြီး ခေါင်းထဲတွင် ကြည်လင်လာခဲ့၏။ သူကိုယ်တိုင်က ဓားမောက်သိုင်းပညာကို လေ့ကျင့်နေကြောင်း မြင်လိုက်ရသည်။ တဖြည်းဖြည်းနှင့် သူ၏ ခန္ဓာကိုယ်က လူနှစ်ယောက်အဖြစ် ကွဲသွားပြီး တစ်ယောက်ဆီက ဓားသိုင်းပညာတစ်ခုဆီကို လေ့ကျင့်နေသည်။
အလင်းတိုင်လုံးထဲမှ ထွက်လာပြီးနောက် မုန့်ချီက သက်ပြင်းချလိုက်မိ၏။ သူက ထိုအရာကို ပို၍လေ့ကျင့်သင့်ပြီး အချိန်အတိုင်းအတာတစ်ခုထိ အသုံးချ၍ မရနိုင်သေးပေ။ သူက ကျန်းကျိဝေ လိုအပ်နိုင်သည့်အတွက် ကံကြမ္မာအမှတ်(၁၈၀) ချန်ထားလိုက်သည်။
"ယုရှု… နင်ကရော..."
ရွမ်ယုရှုကို အခေါ်အဝေါ်ပြောင်းလိုက်ပြီး မုန့်ချီက သူမကို လှည့်ကြည့်လိုက်သည်။
ရွမ်ယုရှုကတော့ မည်သည့်အရာကိုမျှဂရုမစိုက်ဘဲ အငွေ့များ လွှမ်းခြုံနေသည့် အလင်းတိုင်လုံးကြီးကို ကြည့်နေသည်။
"ငါက စောင်းပညာကို ကျွမ်းကျင်ပြီး နှလုံးသားကို လေ့ကျင့်ထားတယ်။ ပြီးတော့ ကျိဖန်းကို အသုံးပြုနေတယ်။ ငါ့ရဲ့နှလုံးသားက အဆင့်တက်လာပြီဆိုရင် စောင်းပညာနဲ့ နှလုံးသားပေါင်းစပ်မှုက မြင့်တက်လာလိမ့်မယ်။ ဒါက ငါ့အတွက် အကောင်းဆုံးရွေးချယ်မှုပဲ။ ပြီးတော့ ငါက လန်းဟွမ်ကောင်းကင် တေးသွား(၁၂)သွယ်ကိုလည်း ခံနိုင်ရည်ရှိလိမ့်မယ်။ ဒါမှလည်း ငါ့ရဲ့အဖိုးတန်တဲ့ ဗျတ်စောင်းနဲ့ လိုက်ဖက်ညီမှာပေါ့။ ဒါကြောင့် အတင်းအကျပ် မြှင့်တင်လိုက်မယ်ဆိုရင် ငါတို့ရဲ့အခြေအနေကို အားနည်းသွားစေနိုင်ပြီး ပြီးပြည့်စုံတဲ့တေးသံတစ်ခုကို တီးနိုင်မှာ မဟုတ်တော့ဘူး.."
သူမက ဗျတ်စောင်းအကြောင်း ပြောနေသည့်အချိန်တွင် အတော်လေး စကားများနေခဲ့သည်။ ကျိဖန်းဟူသည်မှာ ရှေးဟောင်းဗျတ်စောင်း၏နာမည်ဖြစ်၏။
"ညီမလေးယုရှု..
နင့်ခေါင်းထဲမှာ ဂီတကျင့်စဉ်တစ်ခုခု စဉ်းစားထားတာ ရှိနေလား…"
ကျန်းကျိဝေက ဂီတပညာ မကျွမ်းကျင်ပေ။ ထို့ကြောင့် သူမက အကြံမပေးရဲပေ။
ရွမ်ယုရှုက သိပ်မွေ့စွာ ခေါင်းညိတ်ပြလိုက်၏။ ချောမွေ့ပြီး ဖြူဝင်းနေသော သူမ၏မျက်နှာလေးက တောက်ပနေသည်။
"ဟုတ်တယ်။ ငါက ဂီတကျင့်စဉ်ကို လိုချင်နေတာ တော်တော်လေး ကြာနေပြီ။ သူတို့တွေက ပျောက်ဆုံးနေပြီး တစ်ခါတလေမှပဲ ပေါ်လာတတ်တာ။ ဒါကြောင့် ငါက ကွမ်ဟန်းကျိန်စာကျင့်စဉ်ကို လဲချင်တယ်…"
ဂီတကျင့်စဉ်များက သံသရာတာဝန်ထဲတွင် ဆက်လက်လုပ်ဆောင်ရန် သူမကို တွန်းအားပေးနေသော အဓိကအရာများ ဖြစ်သည်။
"ကွမ်ဟန်းကျိန်စာကျင့်စဉ်.. ဟုတ်လား…"
မုန့်ချီက ထိုအရာကို လုံးဝမကြားဖူးချေ။ သေချာဖတ်ကြည့်လိုက်ရာ ထိုအရာက ပျောက်ဆုံးသွားခဲ့ဖူးသော ရှေးဟောင်းဂီတကျင့်စဉ်တစ်ခု ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုအရာကို ကောင်းကင်ခုံရုံးမှ ကွမ်ဟန်းနတ်သမီးက ရေးသားထားသည်ဟု ပြောကြသည်။
တစ်ဖက်တွင်တော့ ထိုအရာက စောင်းနှလုံးသားကို လေ့ကျင့်ပြီး စိတ်ဝိညာဉ်စွမ်းအားကို တိုးတက်လာစေနိုင်သည်။ တစ်ဖက်တွင်လည်း စိတ်ဝိညာဉ်ကို အလွန်အမင်း အေးခဲသွားစေနိုင်၏။ ထိုအစွမ်းကိုသာ ပြည့်ပြည့်ဝဝ သုံးလိုက်မည်ဆိုလျှင် ဝေကျင်းအဆင့် သိုင်းကွက်တစ်ခုနှင့် ညီမျှသည်။ ထိုအရာက ကံကြမ္မာအမှတ်(၂၄၀၀)ကျသည့်အတွက် အမှန်တကယ်ကို ထိုက်တန်လွန်းလှသည်။
ရွမ်ယုရှုက လျင်မြန်စွာ လဲလှယ်လိုက်၏။ သူမက လက်ထဲတွင် ကိုင်ထားသော ဂီတကျင့်စဉ်ကို သေချာစစ်ဆေးကြည့်လိုက်ပြီး ပြန်ပင်မချချင်တော့ပေ။ သူမက အေးအေးဆေးဆေး ပြောလိုက်၏။
"ငါက စွမ်းအင်ပြန်ဖြည့်ဆေးတစ်လုံးလိုအပ်တယ်။ ပြီးတော့ အဝေးပစ် တိုက်ခိုက်မှုတွေကနေ ငါ့ကိုယ်ငါ ကာကွယ်ပေးနိုင်တဲ့ ကျင့်စဉ်တစ်ခုလည်း လိုအပ်တယ်…"
ထိုအရာများက သူတို့ဖြစ်ခဲ့သော အဖြစ်အပျက်များမှ မှတ်သားထားခြင်းဖြစ်သည်။ သူမက စောင်းကြိုးများကို ဖျက်ဆီးပြီး အစွမ်းထက်သော ချီစွမ်းအင်များကို သုံးနိုင်သော်လည်း ထိုတိုက်ခိုက်မှုက အဝေးကို မရောက်နိုင်ပေ။
တစ်ဖက်လူ၏ နှလုံးသားကို နှောင့်ယှက်နိုင်သော အသံက အစွမ်းထက်သော ရန်သူပေါင်းများစွာကို အနိုင်ရနိုင်ချေ မရှိချေ။ ထို့ပြင် ထိုအရာက နယ်မြေတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှု မရှိချေ။ အဆိုးဆုံးအရာကတော့ လူမဆန်သောတေးသွား(၈)သွယ်နှင့် လန်းဟွမ်ကောင်းကင်တေးသွား(၁၂)မျိုးတို့က သူမကို အစွမ်းထက်ရန်သူများ၏ အဝေးပစ်တိုက်ခိုက်မှုမှ ကာကွယ်ပေးနိုင်ခြင်းမရှိချေ။
ထိုအရာက သူမအတွက်တော့ဆိုးရွားလှ၏။ ထို့ကြောင့် သူမစောင်းတီးမှုကို မနှောင့်ယှက်နိုင်သော အဝေးပစ်ကျင့်စဉ်တစ်ခုကို ရွေးချယ်ရမည်ဖြစ်သည်။
"တကယ်လို့ နင်က ဝေကျင်းအဆင့် ကျင့်စဉ်တစ်ခုကို မလိုအပ်ဘူးဆိုရင်တော့ လျှို့ဝှက်လက်နက်တွေက တစ်ခုတည်းသော ရွေးချယ်မှုပဲ။ တကယ်လို့ ဝေကျင်းအဆင့် သိုင်းကွက်ကို လိုချင်တယ်ဆိုရင်လည်း လူမဆန်သော တေးသွား(၈)သွယ်နဲ့ ဘာများကွဲပြားတော့မှာလဲ…"
မုန့်ချီက ခေါင်းခါပြလိုက်သည်။ ရွမ်ယုရှုက စောင်းတီးနေစဉ် လျှို့ဝှက်လက်နက်တစ်ခုကို အသုံးပြု၍ မရနိုင်ပေ။
"သူက သုံးနိုင်ပါလိမ့်မယ်.."
ကျန်းကျိဝေက ရုတ်တရက် ဝင်ပြောလိုက်သည်။ "တုန်းဟိုင်ဓားဂိုဏ်းရဲ့ထိပ်သီးသိုင်းပညာ ကိုယ်ပျောက်ဓားက ဝေကျင်းအဆင့် သိုင်းကွက်တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကနေ ဓားချီစွမ်းအင်တွေကို လှုံ့ဆော်နိုင်တယ်။ အဲဒါက လူတစ်ရာကိုတောင် တစ်ယောက်တည်းနဲ့ အနိုင်ရနိုင်တယ်။ ပြီးတော့ အဲဒီဓားသိုင်းကိုကျွမ်းကျင်သွားပြီဆိုရင် ကိုယ်ပျောက်ဓားသူတော်စင်အဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်နိုင်တယ်။ အဲဒီဓားကျင့်စဉ်ကို ကျွမ်းကျင်သွားပြီဆိုရင် ချီစွမ်းအင်အလုံအလောက် ရှိနေသေးသရွေ့ ဓားချီစွမ်းအင်တွေကို ထုတ်လွှတ်နိုင်တယ်။ အဝေးမှာရှိတဲ့ ရန်သူတွေကိုလည်းတိုက်ခိုက်နိုင်တယ်။ အဲဒါက စိတ်ဝိညာဉ်စွမ်းအားများများ မကုန်ဘဲ ဝေ့ကျင်းအဆင့် သိုင်းကွက်နဲ့ ပေါင်းစပ်အသုံးပြုလို့ရတယ်။ လူမဆန်တဲ့တေးသွား(၈)သွယ်ကတော့ စိတ်ဝိညာဉ်စွမ်းအား တော်တော်လေးကုန်မယ်ထင်တယ်…"
တုန်းဟိုင်ဓားဂိုဏ်းက ဓားဂိုဏ်း(၆)ခုထဲမှ တစ်ခုဖြစ်သည်။ လူငယ်မှတ်တမ်းတွင် နံပါတ်(၁)ဖြစ်သော ဟယ်ကျူးက ဟယ်ချီ၏ မြေးတစ်ယောက်လည်းဖြစ်သည်။ သူ့မိသားစုတွင် မျိုးဆက်တစ်ယောက်တည်းသာ ရှိသည့်အတွက် သူတို့၏နာမည်များက အလွန်ရှားပါးသည်။
ချီကျန်းရန်ကလည်း သဘောတူလိုက်၏။
"နင်က သာမန်ခန္ဓာကိုယ်ကို ဖယ်ရှားလိုက်တဲ့အချိန်မှာ ချီစွမ်းအင်တွေက ပိုပြီးတော့များလာပြီ။ ဆေးရည်တွေရဲ့ အကူအညီရှိနေမယ်ဆိုရင် ဓားချီစွမ်းအင်ပေါင်းများစွာ ထုတ်သုံးနိုင်လိမ့်မယ်။ ဒါပေမဲ့ အဲဒါက တစ်ခြားဝေ့ကျင်းအဆင့် သိုင်းကွက်တွေနဲ့တော့ မယှဉ်နိုင်သေးဘူး…"
ထိုစကားများပြောနေသည်ကိုကြားသည့်အခါ မုန့်ချီက တူညီသောစွမ်းရည်ရှိနေသည့် ဓားသိုင်းနှစ်ခုကို စဉ်းစားမိသွားသည်။
"သဏ္ဍာန်မဲ့ဓားသိုင်းနှင့် ဝင်ရိုးစွန်း(၆)သွယ်ဓားသိုင်း…"
သူတို့က ရွမ်ယုရှုအတွက် ပို၍သင့်တော်သည်။ မည်သို့ဖြစ်စေကာမူ သူမက လန်းယာ့တွင် နေထိုင်သည့်အတွက် တုန်းဟိုင်၏အနားတွင် ရှိနေသည်။ အကယ်၍ သူမကသာ တုန်းဟိုင်ဓားဂိုဏ်း၏ ထိပ်တန်းသိုင်းပညာကို သင်ယူလိုက်မည်ဆိုလျှင် ပြဿနာများကို ရှောင်တိမ်းရန် ခက်ခဲ၏။
"အဲဒီဓားသိုင်းနှစ်ခုရော ဘယ်လိုသဘောရလဲ…"
မုန့်ချီက ရွမ်ယုရှုကို မေးလိုက်သည်။
ရွမ်ယုရှုက သူတို့ကိုကြည့်ပြီး သဏ္ဍာန်မဲ့ဓားသိုင်းကိုတော့ ကြောက်လန့်ပုံရ၏။ "ဝင်ရိုးစွန်း(၆)သွယ် ဓားသိုင်းပညာက ပိုပြီးကောင်းတယ်…"
တိုးတက်လာသော သူမ၏စွမ်းအားများအရ သူမက ပို၍များပြားသော ဝေ့ကျင်းအဆင့် ဂီတသံစဉ်များကို အသုံးပြုနိုင်သည်။ ထို့ကြောင့် ဓားချီစွမ်းအင်များက အကျိုးသက်ရောက်မှု နည်းပါးနိုင်၏။ ထို့ကြောင့် သူမက ပြီးပြည့်စုံသော သိုင်းကွက်တစ်ခုကို ရွေးချယ်ရန် မလိုအပ်ပေ။
သူမ၏အတွင်းအားများက ဝင်ရိုးစွန်း(၆)သွယ် ဓားသိုင်းပညာကို ထောက်ပံ့ရန် လုံလောက်သည့် အစွမ်းများမရှိလျှင်ပင် သူမ၏စောင်းပညာက ပြီးပြည့်စုံစွာ အားဖြည့်ပေးနိုင်ပါလိမ့်မည်။ ထို့ကြောင့် သူမက မည်သည့်အနှောင့်အယှက်မျှမတွေ့နိုင်တော့ပေ။
ဝင်ရိုးစွန်း(၆)သွယ် ဓားသိုင်းပညာနှင့် စွမ်းအားပြန်ဖြည့်ဆေးတို့က ကံကြမ္မာအမှတ်(၁၃၀၀)နှင့် ကံကြမ္မာအမှတ်(၅၀၀)အသီးသီး ကုန်ကျသည်။ နောက်ဆုံး ရွမ်ယုရှုဆီတွင် ကံကြမ္မာအမှတ်(၁၈၀)သာ ကျန်တော့၏။ ထို့ကြောင့် သူမက မည်သည့်ပစ္စည်းမျှထပ်မဝယ်ဘဲ ကျန်းကျိဝေကို ချေးပေးရန် စောင့်နေခဲ့သည်။
"ငါကတော့ အစွမ်းထက်တဲ့ သိုင်းကွက်တစ်ခု လိုအပ်တယ်…"
ရွမ်ယုရှုလည်း ပြီးသွားသည်ကို မြင်သည့်အခါ ချီကျန်းရန်က သူ၏အားနည်းချက်ကို ပြောလိုက်သည်။
ဖရိုဖရဲကျင့်စဉ်က အလွန်အစွမ်းထက်၏။ သို့သော် အဆင့်တိုင်းတွင် ကြီးမားသော ကွာဟမှုများ ရှိနေသည်။ သူ၏လက်ရှိစွမ်းရည်အရ ဝေ့ကျင်းအဆင့် စွမ်းအား၏ အဆင့်(၄)ကို ထုတ်သုံး၍ မရနိုင်ပေ။ ထိုအရာက ဝေကျင်းတစ်ဝက်အဆင့် ပညာရှင်ထက်ပင် ပို၍အားနည်းသည်။
ထို့ကြောင့် ချီကျန်းရန်က သူ၏အားနည်းချက်ကို ဖြည့်ဆည်းရန် ကြောက်စရာကောင်းသော အစွမ်းတစ်ခု လိုချင်နေခဲ့၏။
မုန့်ချီက သေချာစဉ်းစားကြည့်ပြီး ပြောလိုက်သည်။
"အစ်ကိုချီ…
အဲဒီအရာနှစ်ခုနဲ့ ပတ်သက်ပြီး ပြဿနာဖြေရှင်းဖို့ ကျွန်တော် စဉ်းစားကြည့်ခဲ့တယ်။ တစ်ခုကတော့ ဝေကျင်းအဆင့် သိုင်းကွက်ပဲ။ တစ်ခြားတစ်ခုကတော့ ရွှေနဂါးဓားကို အဖိုးတန်လက်နက်အဆင့် မြှင့်တင်ဖို့ပဲ။ အဲဒီအရာနှစ်ခုက အစ်ကို တိုးတက်ဖို့အတွက် ကူညီပေးနိုင်လိမ့်မယ်…"
"အစ်ကိုကြီးချီ..
အခုအစ်ကိုကြီးဆီမှာ ရှိနေတဲ့ အစွမ်းထက်ဆုံး လက်နက်နဲ့ဆိုရင် စိမ်းပြာနှင်းမုန်တိုင်း သိုင်းကွက်က အဝေးမှာရှိနေတဲ့ ရန်သူရဲ့ သွေးစီးဆင်းမှုကိုတောင် အေးခဲသွားစေနိုင်တယ်။ အဲဒါက ရှားပါးလက်နက်တစ်ခုပဲ။ ဒါပေမဲ့ အစ်ကိုကြီးက စိမ်းပြာနှင်းမုန်တိုင်း စွမ်းအားကို တိုးတက်လာစေဖို့အတွက် ပိုပြီးကောင်းတဲ့ ဓားတစ်လက်ကို ရှာဖို့လိုတယ်။ ရွှေနဂါးဓားက ရေခဲစွမ်းအင်တွေ ပိုင်ဆိုင်ထားမှတော့ ရွှေနဂါးဓားကို အဆင့်မြှင့်တင်နိုင်မယ်ဆိုရင် အဆုံးမဲ့ရေခဲချီစွမ်းအင်နဲ့ ပြိုင်ဖက်ကင်းစွမ်းအားတွေကို သယ်ဆောင်ပေးလိမ့်မယ်။ ပြီးတော့ အဲဒါက ဝေ့ကျင်းအဆင့် ရေခဲသိုင်းကျမ်းတွေကို စွမ်းအားမြှင့်တင်ပေးနိုင်လိမ့်မယ်။ အဲဒီအရာကို အသုံးပြုနိုင်မဲ့ နှလုံးကျင့်စဉ်ကိုလည်း စဉ်းစားဖို့လိုမယ်။ ရေခဲချီစွမ်းအင်တွေကိုသာ အုတ်မြစ်အဖြစ် သုံးလိုက်မယ်ဆိုရင် အဲဒါက ပြီးပြည့်စုံတဲ့ပေါင်းစပ်မှုတစ်ခုပဲ…"
ထိုစွမ်းရည်(၃)မျိုးကို ပေါင်းစပ်လိုက်ခြင်းက ဝေ့ကျင်းအဆင့် စွမ်းအားများနှင့် တူညီနေပြီး မုန့်ချီ၏ကောင်းကင်ပြစ်ဒဏ်ဓား၊ ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်း ကောင်းကင်သိုင်းကွက်တို့၏အစွမ်းနှင့် တူညီနေသလို ကျန်းကျိဝေ၏ အနန္တဓားသိုင်းတို့နှင့်လည်း တူညီလာနိုင်သည်။
Translated by Hein Htet