အခန်း (၂၆၀)
Vol. 18 Ch. 260
ကျန်းကျိဝေကလည်း မုန့်ချီ၏ထင်မြင်ချက်ကို ထောက်ခံပြီး ပြောလိုက်သည်။
"အစ်ကိုချီက မတူညီတဲ့သိုင်းကွက်တွေ အများကြီးကို လေ့လာပြီး သူတို့ထဲကနေ တူညီတဲ့အရာတွေကို ထုတ်နူတ်လေ့လာလို့ရတယ်။ ပြီးတော့ သူတို့ရဲ့ သဘောတရားတွေကို ဆုပ်ကိုင်ပြီး ကိုယ်ပိုင်ဖန်တီးနိုင်ရမယ်။ တကယ်လို့ အစ်ကိုချီရဲ့လက်နက် ၊ ဝေ့ကျင်းအဆင့် သိုင်းကွက်နဲ့ ချီစွမ်းအင်တွေကသာ တစ်ထပ်တည်းမကျဘူးဆိုရင် အချင်းချင်း နောက်ပြန်ဆွဲထားပြီး စွမ်းအားကို လျှော့ကျသွားစေနိုင်လိမ့်မယ်။ ဒီကိုရင်လေးက ဥပမာပဲ…”
“သူက တီးတိုးဓားကို သုံးတဲ့အချိန်မှာ အနတ္တကျိန်စာဖျက် ဓားပညာရဲ့စွမ်းအားက မြင့်တက်လာပေမဲ့ ခရမ်းမိုးကြိုးဓားပညာရဲ့အစွမ်းကတော့ သိသိသာသာ လျော့ကျသွားတယ်။ တကယ်လို့ သူက မကောင်းဆိုးဝါး စမ်းသပ်ရေးဓား ဒါမှမဟုတ် ကောင်းကင်ပြစ်ဒဏ်ဓားကို သုံးလိုက်မယ်ဆိုရင်တော့ အခြေအနေက ဆန့်ကျင်ဘက် ဖြစ်သွားနိုင်တယ်။ တကယ့်အစစ်အမှန် စွမ်းရည်ဆိုတာက မှန်ကန်တဲ့ လက်နက်တစ်ခုကို ရွေးချယ်ဖို့ပဲ။ ငါတို့က လက်နက်တွေကို စွမ်းအားအတွက် အဖြည့်ခံအနေနဲ့ပဲ အသုံးပြုနေတဲ့ လူသစ်လေးတွေ မဟုတ်တော့ဘူး။ အခု ငါတို့တွေက မတူညီတဲ့ အခြေအနေတွေကို ရင်ဆိုင်ဖို့အတွက် သင့်တော်တဲ့ လက်နက်တွေကို လိုအပ်တယ်…"
သူမက ထပ်ဖြည့်ပြောလိုက်သည်။
သူမ ဆိုလိုသည်မှာ မုန့်ချီက မကောင်းဆိုးဝါးဝိညာဉ်များကို တားဆီးရန်အတွက် နေမင်းနီမကောင်းဆိုးဝါးဓားကို ရွေးချယ်ခြင်းမျိုး ဖြစ်သည်။ တစ်ဖက်တွင်တော့ ချီကျန်းရန်က နတ်ဆိုးရနံ့များကို ဖိနှိပ်ရန် ရွှေနဂါးဓားကို ရွေးချယ်ခဲ့၏။
ချီကျန်းရန်က အလေးအနက်ထား၍ နားထောင်ရင်း ခေါင်းညိတ်ပြလိုက်၏။
"တကယ်လို့ ငါ့ရဲ့ဝေ့ကျင်းအဆင့် သိုင်းကွက်နှင့် အဖိုးတန်လက်နက်ကသာ တစ်သားတည်းဖြစ်နေမယ်ဆိုရင် ငါ့ရဲ့ရေခဲချီစွမ်းအင်တွေကလည်း လိုအပ်နေမှာ မဟုတ်တော့ဘူး။ ငါက တံခါး (၈)ပေါက် ပွင့်သွားတဲ့အချိန်ကျမှ ခရမ်းကြယ်မြစ်သိုင်းကွက်ကို လေ့ကျင့်လိုက်မယ်ဆိုရင် အဆင်ပြေတယ်။ တစ်ဖက်မှာတော့ သူတို့တွေက ငါ့အတွက် အာမခံချက်ရှိတဲ့ အရာတွေပဲ။ ဒါကြောင့် ငါက ရွှေနဂါးကို အရင်ဆုံး အဆင့်မြှင့်ရမယ်။ ပြီးမှ ကျန်တဲ့ ကံကြမ္မာအမှတ်တွေအပေါ် မူတည်ပြီး ဝေ့ကျင်းအဆင့်သိုင်းကွက်ကို ရွေးသင့်တယ်…"
ရွှေနဂါးဓားက ဝေ့ကျင်း တစ်ဝက်အဆင့်ရှိနေသော သန့်စက်လက်နက်ဖြစ်သည်။ ထိုအရာကို အဖိုးတန်လက်နက်အဖြစ် မြှင့်တင်လိုက်မည်ဆိုလျှင် များများမကုန်နိုင်ပေ။ အကယ်၍ ထိုအရာကိုသာ ဦးချိုမဲ့နဂါးတစ်ကောင်အဖြစ် မြှင့်တင်ချင်သည်ဆိုလျှင် သူက ဦးချိုမဲ့ နဂါးဆေးပင်ကို လိုအပ်သည်။ ထိုအရာက စုစုပေါင်း ကံကြမ္မာအမှတ် (၈၀၀) ကုန်ကျနိုင်၏။
လေထဲ၌ ဓား၏ အငွေ့အသက်များ ထွက်ပေါ်လာသည့်အချိန်တွင် နတ်ဘုရားအလင်းတန်းများကလည်း တဖြည်းဖြည်း ပြန့်ကျဲလာခဲ့သည်။ ပတ်ပတ်လည်ကလည်း ကြည်လင်ပြီး အေးစက်လာခဲ့၏။
ထိုအလင်းတန်းများ ပြန့်ကျဲပြီး ပျောက်ကွယ်သွားသည့်အချိန်တွင် အလင်းတိုင်လုံး၏ အတွင်းထဲ၌ ရွှေနဂါးဓားက ဒေါင်လိုက်လွင့်မျောနေခဲ့သည်။ ရွှေရောင်အလင်းတန်းများကို အစိမ်းဖျော့ရောင် အလင်းတန်းများ လွှမ်းခြုံနေပြီး ဓား၏ ကိုယ်ထည်ပေါ်တွင် လှပသော ကနုတ်ပန်းလေးများ ပေါ်လာခဲ့သည်။ ထိုကနုတ်ပန်းလေးများက ဦးချိုမဲ့ နဂါးတစ်ကောင်၏ ပုံစံမျိုးဖြစ်၏။
ဓား၏ ပတ်ပတ်လည်တွင်တော့ အေးခဲနေသည်။ ဓားလက်ကိုင်ကလည်း နဂါးတစ်ကောင်၏ လက်သည်းကဲ့သို့ဖြစ်လာပြီး အလွန်ကြီးကျယ်ခမ်းနားလွန်းလှ၏။ အဖိုးတန်လက်နက်တစ်ခုဖြစ်သော ထိုဓားက အသွင်ပြောင်းလာသော ဓားတစ်ချောင်း ဖြစ်သည်။
ထိုအရာက ဦးချိုမဲ့နဂါး၏ အနှစ်သာရများကို အခြေခံပြီး နဂါးတစ်ကောင်၏ စွမ်းရည်များ အားလုံးရှိနေ၏။ ထိုဓားက မကောင်းဆိုးဝါးများနှင့် လူသားများ အားလုံးကို ကြောက်လန့်သွားစေနိုင်သည်။ ဓားသွားများကလည်း အလွန်ချွန်ထက်ပြီး သတ္တုများ ၊ ကျောက်တုံးများကိုပင် အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်ရန် လုံလောက်သည်။
အကယ်၍ ထိုဓားနှင့် တိုက်ခိုက်ခံလိုက်ရမည်ဆိုလျှင် သူ၏ သွေးနှင့် နှလုံးသားကပင် အေးခဲသွားနိုင်၏။ အကယ်၍ ကောင်းမွန်စွာ အသုံးချနိုင်မည်ဆိုလျှင် ဓားချီစွမ်းအင်များက မြစ်ရေကို အေးခဲစေ၍ ရာသီဥတုကိုပင် ပြောင်းလဲသွားစေနိုင်သည်။ ထိုအရာ၏ တန်ဖိုးက ကံကြမ္မာအမှတ် (၁၆၀၀) တန်ကြေးရှိသည်။
"ဒါက တကယ့်ကို ဓားကောင်းတစ်လက်ပဲ…"
ကျန်းကျိဝေက ချီးကျူးလိုက်၏။
ဓားလက်ကိုင်ကို ကိုင်ထားရင်း ချီကျန်းရန်ကတော့ အလွန်အေးစက်သော ရေခဲသလင်းကျောက်တစ်ခုကို ကိုင်လိုက်ရသည့်အလား တစ်ကိုယ်လုံး အေးစက် တုန်ယင်နေခဲ့၏။ ခံစားချက်ကင်းမဲ့နေသော သူ၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်လာသည်။
"တကယ့်ကို ဓားကောင်းတစ်လက်ပဲ…"
ဓားကို အဆင့်မြှင့်လိုက်ပြီးနောက် သူ့ဆီတွင် ကံကြမ္မာအမှတ် (၃၅၀၀) ကျန်သေးသည်။ သူက ဝေ့ကျင်းအဆင့် သိုင်းပညာတစ်ခုကို လဲလှယ်ရန်အတွက် ကံကြမ္မာအမှတ် မလုံလောက်မှာကို စိုးရိမ်စရာ မလိုတော့ပေ။
နာမည်ကျော်ဂိုဏ်းကြီးများနှင့် အထက်တန်းလွှာမိသားစုများ၏ ထိပ်တန်းသိုင်းပညာများကို ဖယ်ရှားလိုက်မည်ဆိုလျှင် သူ့ဆီ၌ ရွေးချယ်စရာ အနည်းငယ်သာ ကျန်တော့၏။
"အင်ပါယာ ဓားသိုင်းပညာ …
အဲဒါက တော်တော်လေး ဈေးကြီးလွန်းတယ်။ ဒါပေမဲ့ တကယ်လို့ အစ်ကိုချီဆီမှာသာ နဂါးကံကြမ္မာရှိနေမယ်ဆိုရင် ဓမ္မာကာရအဆင့်ကို ရောက်နိုင်တဲ့အတွက် ရင်းနှီးဖို့ ပိုကောင်းတယ်။ ဒါပေမဲ့ ဘယ်လိုပဲကြည့်ကြည့် အဲဒါက သိပ်တော့ မလိုက်ဖက်ဘူး။ ဒါကြောင့် အဲဒါကို သုံးမယ်ဆိုရင် အသုံးမဝင်နိုင်ဘူး…”
“ကောင်းကင်သလင်းကျောက် ဓားကျင့်စဉ်ကတော့ ဖရိုဖရဲကျင့်စဉ်နဲ့ လိုက်ဖက်တယ်။ ဒါပေမဲ့ ဓားမရှိရင် သူ့ရဲ့အစွမ်းက သိသိသာသာ လျော့ကျသွားနိုင်တယ်။ သူ့ရဲ့ တန်ဖိုးနဲ့ စွမ်းဆောင်ရည်အချိုးက အရမ်းနည်းတယ်…”
“တော်ဝင်သွေးဆက် ဓားသိုင်းကျမ်းကလည်း ဖရိဖရဲကျင့်စဉ်ကနေ ပြောင်းလဲလာတဲ့ အရာတွေပဲ။ ဒါပေမဲ့ သူ့ရဲ့ စွမ်းအားက အားကိုးရမှာ မဟုတ်ဘူး။ ကောင်းကင်သေမင်း မြေပြင်ရေခဲ ကျင့်စဉ်ကတော့ မကောင်းဆိုးဝါးလမ်းစဉ်တွေပဲ ။ အဲဒါက လမ်းမှန်လမ်းစဉ်တွေနဲ့ ဆန့်ကျင်နေတယ်…"
ကျန်းကျိဝေဆီတွင် အကြံတစ်ခုရှိနေသည်။
သို့သော် ချီကျန်းရန်က နောက်ဆုံး ဆုံးဖြတ်ရမည်ဖြစ်၏။ မုန့်ချီကလည်း သူ၏ ရွေးချယ်မှုများနှင့် ပတ်သက်ပြီး ရှုပ်ထွေးနေသည်။ ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့က အကြံပေးနေခဲ့သော်လည်း ချီကျန်းရန်ကတော့ သူတို့၏ အကြံများအားလုံးကို ပယ်ချလိုက်သည်။
သူတို့၏ အကြံပေးချက်များက သူ၏ စွမ်းရည်များနှင့် ကိုက်ညီမှု မရှိသလို တချို့အရာများက အလွန်ဈေးကြီးလွန်းသည့်အတွက် မတတ်နိုင်ပေ။ ခဏကြာသည့်တိုင်အောင် သူတို့ကတော့ ဆုံးဖြတ်ချက် မချနိုင်သေးပေ။
သူတို့၏ ဆွေးနွေးချက်များကို နားထောင်နေပြီးနောက် ချီကျန်းရန်က ဓားသိုင်းကျမ်းတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။
"ဒီတစ်ခုဆိုရင်ရော ဘယ်လိုလဲ … "
"ရေခဲအလင်းတန်း ဓားကျင့်စဉ် … "
မုန့်ချီက ထိုကျင့်စဉ်ကို စစ်ဆေးကြည့်လိုက်၏။ ထိုအရာက သူသိထားသော အရာတစ်ခု မဟုတ်ချေ။ ထိုအရာက ရှေးအချိန်ကတည်းက ပျောက်ဆုံးသွားခဲ့သော ဝေ့ကျင်းအဆင့် ဓားသိုင်းကျမ်းတစ်ခုဖြစ်နေသည်။
ထိုဓားသိုင်းကျမ်းတွင် ကြောက်စရာကောင်းသော အစွမ်းမျိုးမရှိသလို အလွန်အမင်း အားနည်းနေခြင်းလည်း မရှိချေ။ ချီကျန်းရန်၏ အဆင့်အတွက် လုံလောက်သည်။ ထိုသိုင်းကျမ်းက အလွန်အမင်းလည်း ဈေးကြီးနေခြင်း မရှိပေ။
သိုင်းကျမ်းထဲတွင် သိုင်းကွက် (၇) မျိုး ရှိနေပြီး သိုင်းကွက်တစ်မျိုးကို ကံကြမ္မာအမှတ် (၅၀၀)သာ လိုအပ်၏။ မူလလမ်းညွှန်ချက်က ကံကြမ္မာအမှတ် (၁၅၀၀) ဖြစ်သည်။ အကယ်၍ ချီကျန်းရန်က ပါးစပ်တံခါး ဖွင့်နိုင်မည်ဆိုလျှင်ပင် သူကတော့ ဝေ့ကျင်းအဆင့် ဓားသိုင်းကွက် နှစ်မျိုးသာ အသုံးပြုနိုင်၏။
ထို့ပြင် လေ့ကျင့်နေစဉ် အတောအတွင်း ထိုအရာများကို တစ်ခုချင်းဆီ လဲလှယ်၍လည်း ရနိုင်သည်။ ထို့ကြောင့် သူက လတ်တလော အခြေအနေတွင် ကံကြမ္မာအမှတ် (၂၀၀၀)သာ သုံးရမည်ဖြစ်သည်။
"မဆိုးဘူး … "
မုန့်ချီက ပြောလိုက်၏။ ထိုအရာက အလယ်အလတ် ဓားသိုင်းကျမ်းတစ်ခုဖြစ်ပြီး အဘက်ဘက်တွင် ပြည့်စုံနေသည်။ သူကတော့ ထိုအရာအပေါ် ကန့်ကွက်နေခြင်းမရှိပေ။
ကျန်းကျိဝေက ထိုအရာကို ကြည့်ပြီး ဝမ်းသာအားရ ပြောလိုက်၏။
"ဒါကလည်း ပျောက်ဆုံးနေတဲ့ ဓားသိုင်းကျမ်းတစ်ခုပဲ … "
သူမကလည်း ထိုဓားသိုင်းပညာ၏ အစွမ်းကို သိချင်နေ၏။
ချီကျန်းရန်က ဆုံးဖြတ်ချက် ပြတ်သားသော လူတစ်ယောက်ဖြစ်သည်။ သေချာစဉ်းစားကြည့်လိုက်ပြီးနောက် သူက စဉ်းစားမနေတော့ဘဲ ထိုဓားသိုင်းကျမ်းကို လဲလိုက်သည်။ ထို့နောက် ပင်မလမ်းညွှန်ချက်နှင့် ပထမသိုင်းကွက်ကို လဲလိုက်၏။
"ငါ့မှာ ကံကြမ္မာအမှတ် (၁၅၈၀) ကျန်သေးတယ်….."
သူက သေချာစဉ်းစားကြည့်လိုက်ပြီး စွမ်းအားပြန်ဖြည့်ဆေးတစ်လုံး လဲလိုက်သည်။ သိပ်မကြာခင် သူက ယဲ့တူမှ ထွက်သွားပြီး သိုင်းလောကတွင် ကျင်လည်ရတော့မည် ဖြစ်သည့်အတွက် သေချာ ပြင်ဆင်ထားရမည်ဖြစ်၏။ သူက သာမန်ဆေးရည်များကို အလွယ်တကူ ဝယ်နိုင်သည်။
သို့သော် ဟွမ်ဟွာဓားဂိုဏ်းမှ ဆေးရည်များကပင် ထိပ်တန်းအဆင့် စွမ်းအားပြန်ဖြည့်ဆေးကို မမီနိုင်ပေ။ ကံကြမ္မာအမှတ်များ ကျန်နေသေးသည့်အတွက် သူက လိုလိုမယ်မယ် တစ်လုံး ဝယ်ထားလိုက်သည်။
ထိုအချိန်တွင် ကျန်းကျိဝေက ရုတ်တရက် ပြောလိုက်၏။
"အစ်ကိုချီ …
အစ်ကိုချီက ဖရိုဖရဲကျင့်စဉ် အဆင့် (၅)သိုင်းကွက်ကိုလည်း ဝယ်သင့်တယ်။ အစ်ကိုချီက သံသရာတံဆိပ်ကို သုံးပြီး ကျန်းဝူအင်ပါယာရဲ့ အုတ်ဂူကို ဝင်ရတဲ့အချိန်မှာ အဲဒီကမ္ဘာကြီးထဲကို တိုက်ရိုက်ရောက်သွားမလားဆိုတာ သေချာမပြောတတ်သေးဘူး။ တကယ်လို့ အဲဒီလို ဖြစ်သွားမယ်ဆိုရင် ဒီနေရာကို လာလို့မရတော့တဲ့အတွက် နောက်ထပ် တစ်နှစ်ကြာမှပဲ ပြန်လာရလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ အစ်ကိုချီက တံခါး (၈)ပေါက် ပွင့်နေလောက်ပြီ။ ဒါဆိုရင် လေ့ကျင့်ဖို့အချိန်တွေ နှမြောဖို့ကောင်းတယ်…"
ချီကျန်းရန်က ပါးစပ်တံခါးပွင့်ရန် နီးစပ်နေပြီ ဖြစ်သည်။ သူက စိုးရိမ်မှုများအားလုံးကို ဖယ်ရှားပြီး ကျင့်စဉ်ကို စုစည်းရန်သာ လိုအပ်တော့သည်။ သူက တစ်လ နှစ်လ အတွင်း အဆင့်တတ်နိုင်မည်ဟု ကျန်းကျိဝေက ယုံကြည်နေခဲ့သည်။ သူက နောက်နှစ်မတိုင်ခင် တံခါး (၈) ပေါက် ပွင့်နိုင်မည်ဖြစ်၏။
အကယ်၍ ထိုသို့ဖြစ်လာမည်ဆိုလျှင် သံသရာတာဝန် မစသေးဘဲ ထိုအရာကို လေ့ကျင့်၍ မရနိုင်တော့ပေ။ ယခင်တစ်ခေါက်တွင် မုန့်ချီက ဤနေရာတွင်သာ သံသရာတံဆိပ်ကို တိုက်ရိုက်အသုံးပြုခဲ့သည်။ သူက ပင်မကမ္ဘာကြီးထဲတွင် ထိုအရာကို အသုံးပြုရန် မကြိုးစားခဲ့ပေ။ ထို့ကြောင့် သူတို့က ဖြစ်နိုင်သော ရလဒ်များကို ကြိုတင်စဉ်းစားရန် လိုအပ်၏။
"ဟုတ်တယ် … အဲဒါ သတိထားရမယ်…"
မုန့်ချီကလည်း ပြောလိုက်သည်။ သူ၏အတွေ့အကြုံများအရ ချီကျန်းရန်က လေ့ကျင့်ရာတွင် အကျွမ်းကျင်ဆုံး တစ်ယောက်ဖြစ်သည်။
သူက ဘာစကားမျှ ထပ်ပြန်မပြောတော့ဘဲ ဖရိုဖရဲကျင့်စဉ်၏ အဆင့် (၅) ဖြစ်သော ခရမ်းကြယ်မြစ်သိုင်းကွက်ကို လဲလှယ်လိုက်သည်။ ထိုအရာက ကံကြမ္မာအမှတ် (၉၀၀) ဖြစ်၏။
ထိုသိုင်းကျမ်းပေါ်တွင် တောက်ပသော ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာနေသည်။ အတွင်းထဲတွင်တော့ အလွန်တောက်ပသော ကြယ်များနှင့် မြစ်ကြီးတစ်စင်း ရှိနေသလို ခံစားရ၏။
ထိုမြစ်ကြီးက တသွင်သွင် စီးဆင်းနေပြီး ကြယ်များကို ဆေးကြောပေးနေသလို ထင်မှတ်ရသည့်အတွက် မြင်ကွင်းက အလွန်လှပနေသည်။ ထိုအရာကို သေချာစိုက်ကြည့်လိုက်မည်ဆိုလျှင် ခေါင်းထဲ၌ လှုပ်ရှားသွားစေရန် လုံလောက်၏။
ကျန်းကျိဝေက သေချာ စိုက်ကြည့်ပြီး ချီးကျူးလိုက်သည်။
"တကယ့်ကို ပြိုင်ဘက်ကင်း နတ်ဘုရား သိုင်းပညာပဲ …"
ဖရိုဖရဲ ကျင့်စဉ်က နတ်ဘုရားကျင့်စဉ်များစွာထဲတွင်ပင် အလွန်ထူးခြားသည်။ အကယ်၍ ထိုကျင့်စဉ်ကိုသာ သေချာကျွမ်းကျင်သွားမည်ဆိုလျှင် ကမ္ဘာမြေကြီးနှင့် ဆက်သွယ်နိုင်ပြီး ဉာဏ်အလင်းပွင့်မှုအဆင့် အတောအတွင်း ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကိုပင် အားနည်းသွားအောင် လုပ်ဆောင်နိုင်သည်။
ထိုအရာက လက်ရှိအဆင့်တွင် အကောင်းဆုံး ပြိုင်ဘက်ကင်း သိုင်းကျမ်းတစ်ခုဟုလည်း ဆိုနိုင်၏။ သူတို့က သာမန်သိုင်းပညာများနှင့် ထူးထူးခြားခြား ကွဲပြားပုံလည်း မရချေ။ ဥပမာအနေနှင့် ပြောရလျှင် အထွဋ်အမြတ် ဓားကျင့်စဉ်က ဓားဆန္ဒများကို စုစည်းပြီး ဓားနှလုံးသားကို အားဖြည့်ရသည်။ ထိုသို့ဆိုမှသာ ဓားသိုင်းကွက်က ပို၍ အစွမ်းထက်လာနိုင်၏။
တစ်ဖက်တွင်တော့ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်က ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်ပြီး အာရုံခံနိုင်စွမ်းနှင့်ခုခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။ တခြားသော အရာမျိုးကို ပြောင်းလဲရန်လည်း ကူညီပေးနိုင်၏။ ထိုအရာကို ကျွမ်းကျင်သွားမည်ဆိုလျှင် ကိုယ်ဖော့ပညာကို တိတိကျကျ အသုံးပြုနိုင်ပြီး ရုပ်ရည်ကိုလည်း အကြမ်းဖျင်း ပြောင်းလဲနိုင်သည်။
သို့သော် အဓိကအချက်က ချီစွမ်းအင်များ လေ့ကျင့်ရန် ကူညီပေးနိုင်ပြီး တခြားသော ဓားသိုင်းပညာများကဲ့သို့ မွေးရာပါ တံခါး (၉) ပေါက်ကိုလည်း စွမ်းအားများ မြှင့်တင်ပေးနိုင်သည်။
ချီကျန်းရန်ဆီတွင်လည်း ကံကြမ္မာအမှတ် (၁၈၀) သာ ကျန်တော့၏။ သူက ကျန်းကျိဝေ လဲပြီးသွားသည့်အချိန်ကို စောင့်နေခဲ့သည်။
"ဒါဆိုရင်တော့ နေဖောက်သက်တန့်ဓားကို အဆင့်မြှင့်ဖို့ အမှတ်ဘယ်လောက် လိုအပ်လဲဆိုတာ စစ်ကြည့်လိုက်ဦးမယ်…"
ကျန်းကျိဝေက မည်သူ့ကိုမျှ မတောင်းဆိုသေးဘဲ ပြောလိုက်သည်။
သူမက ဓားချီစွမ်းအင်များကိုသာ ပို၍ လိုအပ်သည်။ သူမက ရေခဲစွမ်းအင် သို့မဟုတ် မီးစွမ်းအင်များကို စိတ်မဝင်စားချေ။ အကယ်၍ သူတို့က အပေါ်ယံပြောင်းလဲမှုများ ဖြစ်လာစေနိုင်ပြီး ရေခဲများ ၊ မီးတောက်များ ထွက်ပေါ်လာစေသည်ဆိုလျှင်ပင် သူမ၏ ကိုယ်တွင်းကမ္ဘာကြီးနှင့် ပဋိပက္ခဖြစ်နိုင်သည်။
သူမက ခရမ်းသေမင်းဓားကဲ့သို့ သူမ၏ ဓားချီစွမ်းအင်များကိုသာ အသက်သွင်းနိုင်သော အရာတစ်ခုကို ရွေးချယ်ခြင်းက ပိုကောင်း၏။
“အဆင့်မြှင့်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက ကံကြမ္မာအမှတ် (၇၀၀) ကုန်မယ်…"
သူမက ပြန်ပြောလိုက်၏။ ထို့နောက် သူမဆီတွင် ရှိနေသော ဆေးရည်များအားလုံးကို ကံကြမ္မာအမှတ် (၈၀) ဖြင့် လဲလိုက်သည်။ သူမ၏ အဆင့်အတန်းအရ ဆေးရည်များကို စိတ်ပူနေစရာ မလိုအပ်ပေ။
သူမက တည့်တည့်သာ ပြောလိုက်၏။
"နင်တို့တွေက ငါ့ကို ကံကြမ္မာအမှတ် (၈၀)ဆီ ချေးပေးလို့ရမလား… ။ ကျန်းဝူအင်ပါယာအုတ်ဂူ စတဲ့ အချိန်ကျရင် ငါက နင်တို့ကို ပြန်ပေးမယ်။ နင်တို့တွေက ကျန်တဲ့ အမှတ် (၁၀၀)နဲ့ ဆေးရည်တွေ ဝယ်လို့ရတယ်လေ…”
သူမက (၂၃)ချက် ဓားသိုင်းကွက်ကို လိုချင်နေခဲ့သည်မှာ အတော်လေး ကြာနေပါပြီ။ သူမက ထိုအခွင့်အရေးကို မည်သို့ လက်လွှတ်နိုင်မည်နည်း။ အကယ်၍ နောက်ပိုင်း သံသရာတာဝန်များတွင် ရရှိသော ဆုလာဘ်များက တိုးမြင့်လာမည်ဆိုလျှင်ပင် ယခုတစ်ကြိမ် ရရှိသော ဆုလာဘ်များက အတော်လေး များပြားနေသေးသည်။
"ကိစ္စမရှိဘူး… "
မုန့်ချီတို့က စဉ်းစားမနေဘဲ ပြောလိုက်သည်။
ကံကြမ္မာအမှတ်များကို ရလာပြီးနောက် ကျန်းကျိဝေ၏ မျက်လုံးလေးများက တောက်ပနေသည်။ သူမက သိုင်းကျမ်းကို အမှတ်များနှင့် လဲလှယ်လိုက်ပြီး လက်ထဲတွင် စိတ်လှုပ်ရှားစွာ ကိုင်ကြည့်နေသည်။
သူမက ထိုအရာကို ချက်ချင်း ဖတ်ကြည့်ချင်နေပုံရ၏။ သို့သော် သူမက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်သေးပြီး သိုင်းကျမ်းကို သိမ်းလိုက်သည်။
သူမက ထိုအရာကို နားလည်ရန် ကြိုးစားရမည့်အစား အနှစ်သာရများကို အရင်ဆုံး ဖမ်းဆုပ်မိအောင် ကြိုးစားသင့်သည်ဟု မုန့်ချီက မျှော်လင့်နေခဲ့၏။
ကျန်းကျိဝေက သူမ၏ဓားရှည်ကို အဆင့်မြှင့်တင်ရန်အတွက် ပစ္စည်းတချို့ကို လဲလိုက်သည်။ သူမက ထိုပစ္စည်များနှင့် နေဖောက်သက်တန့်ဓားကို ကိုင်ပြီး အလင်းတိုင်လုံးဆီကို လျှောက်သွားခဲ့၏။ ထို့နောက် တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျွန်မက ပြောင်းလဲမှုကို ကိုယ်တိုင် မြင်ချင်တယ်…"
ထိုအရာက သူမ၏ဓားအပေါ် ဓားသမား တစ်ယောက်၏သစ္စာလည်းဖြစ်၏။ သူမ၏ အစီအစဉ်အရ သူမက သေခြင်း ရှင်ခြင်း လျှို့ဝှက်တံခါးကို ချိုးဖြတ်လိုက်သည့် အချိန်တွင် သူမ၏ ဓားရှည်နှင့်အတူ အဆင့်မြှင့်တင့်ရန် မျှော်လင့်ထားခဲ့သည်။ ထိုအရာ၏ ရလဒ်က သူမ၏အတွင်း အပြင်ကမ္ဘာကြီးနှင့် အဖိုးတန် လက်နက်ကို လိုက်လျောညီထွေ ရှိသွားစေနိုင်ပြီး အသားကျရန် မလိုဘဲ အသုံးပြုနိုင်ရန် မျှော်လင့်ထားသည်။ သူမက အဆင့်မြှင့်တင်ရန် လိုအပ်သော ပစ္စည်းများကိုလည်း ပြင်ဆင်ရန် လိုအပ်သေး၏။
သံသရာ အရှင်သခင်က သူမ၏လုပ်ရပ်ကို တားဆီးခဲ့ခြင်း မရှိပေ။ အလွန်သိပ်သည်းသော မြူခိုးများက လေထဲတွင် ထွက်ပေါ်လာပြီး ဓားရှည်နှင့် ပစ္စည်းများကို လွှမ်းခြုံသွားသည်။ ကျန်းကျိဝေ၏ အရိပ်တစ်ခုတည်းသာ ကျန်နေတော့၏။
အလင်းရောင်များ ပျောက်ကွယ်သွားသည့်အချိန်တွင် သူမက လက်ထဲတွင် ဓားကို ကိုင်ပြီး ထွက်လာခဲ့သည်။ ဓားထဲတွင် မည်သည့်ပြောင်းလဲမှုမျှ ပေါ်မလာသော်လည်း အန္တရာယ်အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။
"နေဖောက်သက်တန့်ဓား - အဖိုးတန်လက်နက်
နှစ်ကြိမ် အသွင်ပြောင်းပြီးသွားပြီ။ ကျန်းကျိဝေက ဓားဆန္ဒနဲ့ ကောင်းကောင်း ဆက်သွယ်နိုင်ပြီး ဒီဓားနဲ့ သန့်စင်လက်နက်တိုင်းကို အနိုင်ရနိုင်တယ်။ နတ်ဆိုးတွေကို ခြောက်လှန့်နိုင်ပြီး ပင်မဝိညာဉ်ကို ထိခိုက်စေနိုင်တယ်။ တကယ်လို့ သူသာ ပြင်းပြင်းထန်ထန် ကြိုးစားလိုက်မယ်ဆိုရင် ဓားချီစွမ်းအင်တွေ တိုးတက်လာနိုင်ပြီး ကောင်းကင်ကြီးကိုတောင် တုန်လှုပ်စေနိုင်တယ်။ ဒီဓားက ကံကြမ္မာအမှတ် (၁၅၀၀) တန်ကြေးရှိတယ်…"
မုန့်ချီက ကျန်ရှိနေသော ကံကြမ္မာအမှတ် (၁၀၀)ကို သုံးပြီး ဆေးပင်တစ်ရာ ဆေးလုံးကို ဝယ်လိုက်သည်။ ချီကျန်းရန်ကတော့ ပုန်းအောင်းခြင်းနှင့် ကုသခြင်း ဆေးရည် (၂)ပုလင်းကို ဝယ်လိုက်ပြီး ရွမ်ယုရှုကတော့ မရှိမဖြစ်လိုအပ်သော ဆေးရည်တချို့ကို လဲလှယ်လိုက်သည်။
အထက်တန်းလွှာမိသားစုမှ သခင်မလေးတစ်ယောက်ဖြစ်သော ရွမ်ယုရှုက အရင်ဆုံး ပြန်သွားခဲ့၏။ သူမက အပေါ်ယံတွင် မာကျောသယောင် ထင်မှတ်ရသော်လည်း အန္တရာယ်များသော အခြေအနေများစွာကို ကြုံတွေ့ခဲ့ရသည်။ တာဝန်များစွာကိုလည်း ခံနိုင်ရည်ရှိခဲ့ပြီး သူမ၏အဖော်များ သေဆုံးမှုကိုလည်း ကိုယ်တိုင်မြင်တွေ့ခဲ့ရ၏။ ထိုအရာကြောင့် သူမဆီတွင် စိတ်ထိခိုက်မှုများ ရှိနေနိုင်ပြီး မိသားစုနှင့် စားစရာများ၏ နှစ်သိမ့်မှုကို လိုအပ်သည်။ ထို့ပြင် သူမက (၃)လအတွင်း မုန့်ချီတို့ကို ပြန်တွေ့ရဦးမည်ဖြစ်၏။
ကျန်းကျိဝေက ထွက်မသွားသေးခင် မုန့်ချီကို အလေးအနက် ပြောလိုက်၏။
"ကိုရင်လေး …
အစ်ကိုကြီးကျန်းနဲ့ ဖူကျန်းကျန်းတို့ရဲ့သေဆုံးမှုက ငါတို့တွေကို ဒုက္ခပေးနိုင်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် မထိခိုက်စေနဲ့။ တကယ်လို့ နင်ကသာ သူတို့ရဲ့ သေဆုံးမှုကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမယ်ဆိုရင် နင့်ရဲ့သိုင်းပညာ တိုးတက်မှုကို ထိခိုက်စေလိမ့်မယ်။ ငါတို့ အခု လိုအပ်တာက အဲဒီ ခါးသီးမှုတွေကို မေ့ပစ်လိုက်ပြီး ရှေ့ဆက်လျှောက်ဖို့အတွက် စဉ်းစားရမှာ။ ငါတို့က အစွမ်းမြင့်တက်လာအောင် ကြိုးစားပြီး သူတို့ကို ပြန်ရှင်လာအောင် လုပ်ပေးရမှာ … "
သူတို့အဖော်များ၏ သေဆုံးမှုကြောင့် မုန့်ချီ၏စိတ်ဝိညာဉ်က ထိခိုက်သွားပြီး အမှောင်ထုထဲသို့ ကျရောက်သွားမှာကို သူမက စိုးရိမ်နေခဲ့သည်။
ဘဝနှစ်ခု ရှင်သန်နေခဲ့ပြီး ကျန်းကျိဝေထက် ပို၍ အသက်ကြီးသော လူတစ်ယောက် ဖြစ်ခဲ့သည့်အတွက် မုန့်ချီက သက်ပြင်းချလိုက်၏။
"ဘာမှမစိုးရိမ်ပါနဲ့ ကျိဝေ…။ ငါက အဲဒီလို ပျက်စီးလွယ်တဲ့ လူတစ်ယောက်မဟုတ်ဘူး။ ဒီကိစ္စကြောင့် ငါက လုံးဝမတူတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်။ ငါက အဲဒီအရာတွေကြောင့် မပျော်မရွှင်ဖြစ်နေမှာ မဟုတ်ဘူး။ ငါက ဦးနှောက်ပျက်သွားမှပဲ အဲဒီလို ရူးမိုက်တဲ့အရာတွေကို လုပ်မိလိမ့်မယ်…"
ထိုစကားများ ပြောလိုက်ပြီးနောက် သူက အလေးအနက် ဆက်ပြောလိုက်သည်။
"ငါက ငါ့ရဲ့စိတ်သဘောထားအတိုင်း ကောင်းတဲ့ အရာတွေကိုပဲ လုပ်မှာပါ။ ငါက ကိုယ့်စိတ်ကိုယ် ဒဏ်ရာရအောင် မလုပ်ပါဘူး…"
ကျန်းကျိဝေက အပြုံးနှင့် ပြောလိုက်သည်။
"ငါလည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် အရူးတစ်ယောက်လို ဖြစ်နေတာက နင်နဲ့ ပိုပြီးလိုက်တယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ရင့်ကျက်နေတဲ့ အချိန်မျိုး ကျရင်တော့ နင့်ရဲ့ရင့်ကျက်တည်ငြိမ်မှုက ငါထင်ထားတာထက်တောင် ပိုနေသေးတယ်… "
သူတို့က စကားများစွာ ပြောဆိုနေကြပြီးနောက် သံသရာအရှင်သခင်က ထွက်သွားရန် ပြောလိုက်သည်။ သူတို့က ချီကျန်းရန်နှင့်အတူ အလင်းတိုင်လုံးထဲတွင် ထိုင်လိုက်ကြ၏။
အမှောင်ထုကြီးက လွှမ်းခြုံသွားခဲ့ပြီး ခဏကြာပြီးနောက် ပျောက်ကွယ်သွားကြသည်။ မုန့်ချီကိုယ်တိုင်ကတော့ သူ၏ အိပ်ရာထဲတွင် ထိုင်နေကြောင်း တွေ့လိုက်ရ၏။
ပြတင်းပေါက်၏အပြင်ဘက် ညကောင်းကင်ကြီးပေါ်တွင် ကြယ်ကလေးများ လင်းလက်တောက်ပနေသည်။ ထိုအရာကြောင့် သူက အလွန်အံ့ဩစရာကောင်းသော အိပ်မက်တစ်ခုထဲမှ နိုးထလာသော လူတစ်ယောက်ကဲ့သို့ ခံစားနေရ၏။
ထူးဆန်းသော ခံစားမှုတစ်ခုကလည်း သူ့ကို လွှမ်းခြုံနေသည့်အတွက် သူက ရှင်သန်မှု၏တန်ဖိုးကို ရုတ်တရက် နားလည်လာခဲ့သည်။ သူ့အတွက်တော့ ယဲ့တူနှင့် အထွဋ်အမြတ်တောင်ထိပ်က နှစ်လွှာခြားနေသော ကောင်းကင်ကြီးကဲ့သို့ ဖြစ်နေပေသည်။
Translated by Hein Htet