အခန်း (၂၆၁)
Vol. 18 Ch. 261
ရက်အနည်းငယ် ကြာပြီးနောက် …
ကျိုးနိုင်ငံ ယပ်တောင်(၆)လက်ကျောင်း၏ဌာန…
အစိမ်းရောင်လက်ပတ်ဝတ် ကုံယု၏ စာကြည့်ခန်းထဲတွင် …
"ဟမ် … မင်းက ဒီမှာ ဘာလုပ်နေတာလဲ ရှောင်မုန့် …"
ကုံယုက လက်ထဲတွင် ရှိနေသော စာရွက်များကို ချလိုက်ပြီး အံ့အားသင့်စွာ မတ်တပ်ရပ်လိုက်သည်။
အနက်ရောင်ဝတ်စုံ ဝတ်ထားပြီး ဓား (၂) ချောင်းကို နောက်ကျောတွင် လွယ်ထားသော မုန့်ချီက တံခါးမှနေ၍ ဝင်လာခဲ့၏။ သူက အပြုံးနှင့် ပြောလိုက်သည်။
"အဘိုးကြီးကုံ …
ကျွန်တော်က အကြောင်းပြချက် မရှိဘဲ လာမလည်ဘူးဆိုတာ သိတယ် မဟုတ်လား"
ကုံယုက သူ့စကားကို စဉ်းစားပြီး အားရပါးရ ရယ်လိုက်၏။
"မင်းက ဆုံးဖြတ်ချက် ချပြီးသွားပြီလား … "
"ဟုတ်တယ်။ ကျွန်တော်က လျှို့ဝှက်သတင်းပေးအဖြစ် ပူးပေါင်းချင်တယ်…"
မုန့်ချီက စဉ်းစားမနေဘဲ ပြန်ဖြေလိုက်၏။
"အရမ်းကောင်းတာပေါ့ … "
ကုံယုက အသံတိုးတိုးနှင့် ပြန်ဖြေလိုက်သည်။
ထို့နောက် သူက စာကြည့်ခန်း၏ အပြင်ဘက်တွင် ရှိနေသော အခြေအနေကို စစ်ဆေးကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ တံခါးက ပိတ်သွားပြီး ပြတင်းပေါက်ကလည်း ပိတ်သွားခဲ့၏။
"လျှို့ဝှက်သတင်းပေးဆိုတဲ့ အဆင့်အတန်းက လျှို့ဝှက်ချက်ပဲ။ ငါတို့က ဘယ်သူမှ မသိအောင် ထိန်းသိမ်းထားဖို့ လိုအပ်တယ်…"
ထိုအရာက လူတိုင်းသိနေသော လူဆိုးထိန်းများကဲ့သို့ မဟုတ်ချေ။ မုန့်ချီက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။ သူက ကုံယု၏လက်ထဲတွင် ရှိနေသော စာရွက်များကို ကြည့်လိုက်သည်။
"အဘိုးကြီးကုံ … ဒီနောက်ပိုင်းမှာ ကြီးကြီးမားမား ကိစ္စတွေ ဖြစ်ခဲ့သေးလား…"
"မဖြစ်ပါဘူး။ ဒါက လူကြီးလူကောင်းဓား မုန့်ချီနဲ့ ပတ်သက်တဲ့ နောက်ဆုံးသတင်းပဲ။ သူက ဟွမ်ဟွာဓားဂိုဏ်းမှာ ရှိတဲ့ ချီကျန်းရန်ဆီကို ပြန်လာပြီး ယီမြို့ထဲက ယဲ့မိသားစုဆီကို ခရမ်းသေမင်းဓား ပြန်ပေးသွားတယ်။ သူက တံခါးပိတ်လေ့ကျင့်နေရာကနေ ပြန်ထွက်လာပြီး သေမင်းပင်လယ်ထဲကို ပြန်ထွက်သွားခဲ့တယ်။ ပြီးတော့ သူက လက်တုန့်ပြန်ဖို့အတွက် ပိုမီကို ထွက်သွားပြီး ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကို သတ်ပစ်ခဲ့တယ်။ ပိုမီရဲ့အခြေအနေက ရှုပ်ထွေးတဲ့အပြင် သက်သေလည်း မရှိတဲ့အတွက် အဲဒါက သံသယအနေနဲ့ပဲ ရှိတယ်။ ဒီတိုက်ပွဲက လူငယ်မှတ်တမ်းအတွက် ထည့်ပြီးစဉ်းစားလို့ ရမှာမဟုတ်ဘူး … "
မုန့်ချီက ယပ်တောင် (၆) လက်ကျောင်းသို့ ပူးပေါင်းရန် သဘောတူလိုက်သည့်အတွက် ကုံယုက သူ့ကို သူတို့ထဲမှ တစ်ယောက်အဖြစ် သတ်မှတ်ထားပြီး ရိုးရိုးသားသား ပြောပြလိုက်သည်။
"ချီကျန်းရန်ကလည်း ဒီတစ်ကြိမ် ဟွမ်ဟွာဓားဂိုဏ်းကို ပြန်လာပြီး ခရီးသွားဖို့ ခွင့်တောင်းနေတယ်လို့ ကြားတယ်… "
ပိုမီဟူသည်မှာ သေမင်းပင်လယ်ကန္တာရထဲတွင် အန္တရာယ်အများဆု နေရာတစ်ခု ဖြစ်သည်။ ဆိုးသွမ်းသော လူပေါင်းစုံလည်း ပြည့်နှက်နေ၏။ သူတို့၏ရန်သူများထဲမှ ဝေ့ကျင်းအဆင့် ပညာရှင်များ မကြာခဏ ရောက်လာသလို ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်များကလည်း ထိုနေရာတွင် ပုန်းနေတတ်ကြသည်။
အလွန်ရှုပ်ထွေးသော မြေမျက်နှာသွင်ပြင် အခြေအနေကြောင့် အတော်များများကတော့ ခြေရာလက်ရာ မရှိ သေဆုံးသွားတတ်ကြ၏။ ထိုအရာက လူကြီးလူကောင်းဓား မုန့်ချီဟူသည့် သူ၏တည်နေရာကို ဖုံးကွယ်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။
မုန့်ချီကတော့ အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ပြောလိုက်သည်။
"အခု လူကြီးလူကောင်းဓားက ဘယ်နေရာကို ရောက်သွားပြီလဲ … "
"မင်းက သူ့ကို စိန်ခေါ်ချင်လို့လား … "
ကုံယုက မေးလိုက်၏။ သူက မုန့်ချီ၏အကျင့်စရိုက်ကို ကောင်းကောင်းကြီး စဉ်းစားမိနေသည်။
သူက သက်ပြင်းချလိုက်၏။
"ဒါပေမဲ့ မင်းက စိတ်ပျက်သွားရမှာပဲ။ သူက ဆိုးဆိုးရွားရွား ဒဏ်ရာရပြီး မြေအောက်ထဲမှာ ကုသနေတယ်လို့ သတင်းကြားတယ်။ သူ့ရဲ့ လက်ရှိတည်နေရာကိုတော့ မသိရဘူး…"
ကြည့်ရသည်မှာ သူက လူကြီးလူကောင်းဓား မုန့်ချီဟူသည်ကို ကျိုးနိုင်ငံ လူဆိုးထိန်းရုံးချုပ်ကပင် အမှန်တကယ် မသိသေးပုံ ရသည်။ ထိုအရာကိုတော့ သူက သေချာသိနေသည်။ ကြည့်ရသည်မှာ လော့ရန်ဌာနချုပ်က ထိုအကြောင်းအရာကို ဖုံးကွယ်ထားခြင်း ဖြစ်နိုင်၏။
သူတို့နှစ်ယောက်က ခဏကြာ စကားပြောနေပြီးနောက် မုန့်ချီက သူ့ကို ခွင့်တောင်းလိုက်သည်။ ကုံယုက သူ့ကို တံခါးဆီသို့ လိုက်ပို့ပြီး လျှို့ဝှက်အသံ ပို့ဆောင်မှုနှင့် ပြောလိုက်၏။
"ငါက လော့ရန်ဌာနချုပ်ကို ချက်ချင်းသတင်းပို့လိုက်မယ်။ သူတို့ (၅) ရက် အတွင်း စာပြန်မယ်လို့ ထင်တာပဲ…"
အစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်းတစ်ယောက်ဖြစ်သည့်အတွက် သူက လော့ရန်ဌာနချုပ်ကို ထောက်ခံစာတစ်စောင် ပို့ပေးပိုင်ခွင့်ရှိသည်။ ထို့ပြင် မုန့်ချီက လျှို့ဝှက်သတင်းပေးအဖြစ် ပူးပေါင်းရန် မျှော်လင့်နေသည့်အတွက် တခြားလူများ သိသွားရန် အဆင်မပြေနိုင်ပေ။ မဟုတ်လျှင်တော့ သူက ငွေတံဆိပ် ကောင်းကို သူတို့၏ကိုယ်စား လော့ရန်ဌာနချုပ်သို့ ထောက်ခံစာရေးပြီး ပို့ခိုင်း၍ ရနိုင်သည်။ ထိုနည်းလမ်းက အထက်သို့ သွားသည့်အချိန်တွင် ပို၍ မျက်နှာရစေနိုင်၏။
"(၅)ရက်လား… "
မုန့်ချီကတော့ ယပ်တောင် (၆)လက်ကျောင်း၏ သတင်းပို့ဆောင်မှုအရှိန်ကို နောက်တစ်ကြိမ် အံ့အားသင့်သွား၏။ ထိုအရာက အမှန်တကယ်ကို အံ့ဩစရာ ကောင်းနေသည်။ အကယ်၍ ခရီးလမ်းက ချောမွေ့နေမည်ဆိုလျှင်ပင် ယဲ့တူမှနေ၍ လော့ရန်ကို သွားရန် နှစ်လကျော် အချိန်ပေးရနိုင်သည်။
ရုံးချုပ်တွင် ကြုံတွေ့ရနိုင်သော အသေးအဖွဲ ပြဿနာများကို ဖယ်ရှားလိုက်မည်ဆိုလျှင်ပင် ( ၅) ရက်အတွင်း ပြန်စာ ရောက်လာနိုင်သည်မှာ အလွန်အမင်း စောနေခြင်းတော့ မရှိချေ။ သူတို့ဆီတွင် ပို့ဆောင်ရေး မန္တန်တစ်ခု ရှိနေခြင်းပေလော။ သို့မဟုတ် အလားတူ ဝေ့ကျင်းအဆင့် နည်းလမ်း ရှိနေခြင်းပေလော။
မည်သို့ဖြစ်စေကာမူ ကိုယ်တွင်းကမ္ဘာကြီးများက ကွဲပြားသည်။ ဝေ့ကျင်းအဆင့် စွမ်းရည်များကပင် ကွဲပြား၏။ တချို့ကတော့ လျှို့ဝှက်ဆန်းကြယ်ပြီး ထူးခြားသည်။ ထို့ပြင် သူတို့၏ငရဲဝိညာဉ် သို့မဟုတ် အင်မော်တယ် လမ်းကြောင်းကို လေ့ကျင့်ထားနိုင်သော လူပေါင်းများစွာ ရှိကြသည်။ ထူးဆန်းသည့်အရာမျိုးစုံက အမြဲလိုလို ဖြစ်ပျက်နေတတ်၏။
(၅)ရက်ကြာပြီးနောက် မုန့်ချီက လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီး ကျင့်စဉ်ကို လေ့ကျင့်ပြီး အနတ္တကျိန်စာဖျက်ဓားပညာ၏ နှလုံးသားသက်ရောက်ခြင်းအစွမ်းကို အသုံးပြုနေသည့်အချိန်တွင် ကျယ်လောင်သော တံခါးခေါက်သံကို ကြားလိုက်ရသည်။ သူက မတ်တပ်ထရန် မလိုအပ်သလို သွားကြည့်ရန်လည်း မလိုအပ်ချေ။ ကုံယုက သူ၏ အသိစိတ်ထဲတွင် ပေါ်လာခဲ့၏။
"အဘိုးကြီးကုံ … လော့ရန်က ဆုံးဖြတ်ချက် ရောက်လာပြီလား … "
မုန့်ချီက ကျေနပ်စွာ အပြုံးနှင့် မေးလိုက်သည်။ သူကတော့ လှုပ်ရှားခြင်း ကောင်းကင် မြေပြင်ဖျက်ဆီး ကျင့်စဉ်ကို ဆက်၍ လေ့ကျင့်နေသေး၏။
ကုံယုက အံ့ဩမှင်တက်သွားခဲ့သည်။ ယခုအချိန်တွင် ရှောင်မုန့်ဆီမှ ပြောပြ၍ မရနိုင်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာနေကြောင်း သူလည်း ခံစားမိနေသည်။ ရှောင်မုန့်က ထိုနေရာတွင် ရပ်နေသော်လည်း သူ့ဆီတွင် မည်သည့်ကန့်သတ်ချက်မျှ မရှိပေ။
သူက လောကကြီးထဲရှိ စိုးရိမ်ပူပန်မှုများ အားလုံးကို ဖယ်ရှားထားပြီး အနီရောင်သွေးများထဲတွင် သွေးဆာနေသော ငါးမန်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူ့အပြုံးက နွေးထွေးပြီး မျက်လုံးတစ်စုံက တောက်ပနေ၏။ သူတို့က လူတစ်ယောက်၏ နှလုံးသားကိုပင် ဖောက်မြင်နေရသလို ထင်မှတ်ရသည်။
သူ့ပုံစံက ဘုန်းတော်ကြီးတစ်ပါး၏ အငွေ့အသက်များကို သယ်ဆောင်ထားသည်။ အလွန်ထူးဆန်းသော ခံစားမှုက ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖြစ်လာပြီး တခဏအတွင်းပျောက်ကွယ်သွားခဲ့သည်။
ကုံယုက သတိပြန်ဝင်လာပြီး ရယ်လိုက်မိ၏။
"ဂုဏ်ယူပါတယ်။ လော့ရန်က ငါ့ရဲ့ထောက်ခံစာကို အတည်ပြုပြီး မင်းကို လျှို့ဝှက်သတင်းပေးအဖြစ် ပူးပေါင်းဖို့ သဘောတူလိုက်ပြီ။ မင်းက အစိမ်းရောင် လက်ပတ်ဝတ် အရာရှိ တစ်ယောက် ဖြစ်လာမယ်။ ပြီးတော့ တစ်လကို လစာ ငွေစ(၁၀၀၀) ရမယ်… "
"ငွေစ (၁၀၀၀) လား … "
မုန့်ချီက ပြန်မေးလိုက်၏။
ထိုပမာဏက အလွန်နည်းသည်ဟု မုန့်ချီက စဉ်းစားနေမှာ စိုးသည့်အတွက် ကုံယုက အပြုံးနှင့် ရှင်းပြလိုက်သည်။
"အဲဒီလစာက များလည်းမများသလို နည်းလည်း မနည်းပါဘူး။ ဒါပေမဲ့ တည်ငြိမ်တဲ့ ဝင်ငွေတစ်ခု ရှိနေတာတော့ ပိုကောင်းတာပေါ့။ (၃) နှစ်ကနေ (၅) နှစ်အတွင်း မင်းက အကျိုးဆောင်ထားတဲ့အရာတွေ အားလုံးကို ပြန်ရနိုင်တယ်…”
“လစဉ်ပေးနေတဲ့ လစာကတော့ တစ်စိတ်တစ်ပိုင်းပါပဲ။ ငါတို့တွေက အရင်းအမြစ်မျိုးစုံကို ရနိုင်ပြီး ဌာနကနေ အနည်းဆုံး (၅၀)ရာခိုင်နှုန်း လျှော့ဈေးနဲ့ ပြန်ဝယ်နိုင်တယ်။ ဒါက ငါတို့ရဲ့ ကုန်ကျစရိတ်ကို ပိုပြီးသက်သာစေနိုင်တယ်လေ။ ဒါပေမဲ့ မင်းကတော့ လိုချင်တဲ့ ပစ္စည်းကို ကြိုပြီးပြောထားဖို့ လိုအပ်တယ်။ ငါတို့တွေက အဲဒါကို မင်းရဲ့လစာထဲက တိုက်ရိုက်နှုတ်ယူလိုက်ရုံပဲ။ ဒါပေမဲ့ မင်းက အဲဒီအရာတွေကို ပြန်ရောင်းလို့တော့ မရဘူး… "
သူက အသံတိုးတိုးနှင့် ပြောလိုက်သည်။
"ငါတို့လို နယ်မြေတစ်ခုထဲမှာ အုပ်ချုပ်နေတဲ့ လူဆိုးထိန်းတွေရဲ့လစာက သိပ်မများဘူး။ ငါတို့တွေက ငါတို့ရဲ့အကြီးအကဲတွေ ၊ အထက်လူကြီးတွေကို တလေးတစား ဆက်ဆံရသေးတယ်။ ဒါပေမဲ့ ငါတို့တွေက အရေးကြီးတဲ့ ပြဿနာတွေကို စုံစမ်းစစ်ဆေးနေရင်း ရလာနိုင်တဲ့ ပြင်ပအကျိုးအမြတ်ကတော့ ပိုပြီးတော့ များတယ်…"
ယပ်တောင်(၆)လက်ကျောင်းက အတွင်းရေးလာဘ်စားမှုများကို အလွန်တင်းကြပ်ထားသည်။ စည်းကမ်းဖောက်ဖျက်သူများကိုလည်း ပြင်းပြင်းထန်ထန် အပြစ်ပေးတတ်၏။ တစ်ဖက်တွင်တော့ လူဆိုးထိန်းခေါင်းဆောင်များက သူတို့လူများ မကျေမနပ် ဖြစ်စေရန် မျက်စိမှိတ်ပေးထားသည်။
ယဲ့တူ ကဲ့သို့သော မြို့ကြီးတစ်မြို့ကို ဥပမာအနေနှင့် သတ်မှတ်၍ ရသည်။ ထိုနေရာက ဝမ်မိသားစုနှင့် ဟွမ်ဟွာဓားဂိုဏ်းတို့ ကြီးစိုးနေသော နယ်မြေတစ်ခုဖြစ်၏။ ထိုအဖွဲ့များက မြို့ထဲ၌ စနစ်တကျ ရှိနေလျှင်ပင် အမှောင်ဘက်ခြမ်းတွင်တော့ သူတို့၏ အဖွဲ့အစည်းများ အသာစီးရရန် ယှဉ်ပြိုင်နေကြပြီး ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေကြသည်။
ယပ်တောင် (၆) လက်ကျောင်း လုပ်ဆောင်ရန် လိုအပ်သည်မှာ မြေပြင်တွင် ရှိနေသော သစ္စာဖောက်များကို ဖိနှိပ်ရန် ၊ တည်ငြိမ်မှုကို ထိန်းသိမ်းရန် ၊ သတင်းစုံစမ်းရန် ၊ သိုင်းလောကသားများကို စောင့်ကြည့်ရန်နှင့် မြို့၏ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်နိုင်သော ရာဇဝတ်မှုများကို စုံစမ်း ထောင်ချရန်သာ ဖြစ်သည်။
သူတို့က မြို့၏နေရာတိုင်းကို လူအင်အားအပြည့်ဖြင့် ထိန်းချုပ်ထားရန် မလိုအပ်ပေ။ ထို့ကြောင့် မြို့၏တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်မဖြစ်စေဘဲ သူတို့အတွက် သတင်းအချက်အလက်များ ဆက်၍ ရနိုင်မည်ဆိုလျှင် ထိုအဖွဲ့အစည်းများကို မမြင်ချင်ယောင်ဆောင်ထားကြသည်။
ထိုအဖွဲ့အစည်းများကလည်း လူဆိုးထိန်းများကို တလေးတစား ဆက်ဆံကြ၏။ ထိုအရာက ယပ်တောင် (၆) လက် ကျောင်းအတွက်တော့ ပုံမှန်အရာများသာ ဖြစ်သည်။ အကယ်၍ လူဆိုးထိန်းများ မလုပ်ချင်သော အရာရှိနေလျှင် သူတို့၏ ကိုယ်စားလုပ်ဆောင်ပေးသူများစွာ ရှိ၏။
စုံစမ်းရေးမှုများကတော့ အတွင်းရေးပြဿနာများကို ရှင်းလင်းရန် တာဝန်ရှိသည်။ သူတို့သွားသည့်နေရာတိုင်း လူဆိုးထိန်းများက သူတို့ကို ဂါရဝပြုကြရ၏။ နယ်မြေခံ လူဆိုးထိန်းများကသာ တရားဝင် လစာငွေနှင့် အရင်းအမြစ်များကို အလွဲသုံးစား ပြုလုပ်ခြင်း မရှိလျှင် သူတို့ကို လွှတ်ပေးတတ်ကြသည်။
ထို့ကြောင့် နယ်မြေခံလူဆိုးထိန်းများဖြစ်စေ စုံစမ်းရေးမှူးများဖြစ်စေ သူတို့ဆီတွင် ပြင်ပဝင်ငွေများ ရှိကြသည်။ ထိုအရာကို ယပ်တောင် (၆) လက် ကျောင်းကလည်း သေချာသိနေကြ၏။ ထို့ပြင် သူတို့က လျှို့ဝှက်သတင်းပေးများ အပေါ်တွင်လည်း တင်းကြပ်ထားခြင်း မရှိချေ။
ဥပမာအနေနှင့်ပြောရလျှင် သူတို့က စုံစမ်းစစ်ဆေးနေစဉ် သက်သေခံပစ္စည်းများ သိမ်းယူရန် လိုအပ်သည်။ ယပ်တောင် (၆) လက် ကျောင်းကတော့ သူတို့၏ သစ္စာရှိမှုကို ထိန်းသိမ်းရန်အတွက် ထိုသက်သေခံပစ္စည်းများကို ယူဆောင်ခွင့်ပေးထား၏။
"ဟမ် … ဒါဆိုရင် ကျွန်တော်တို့က လစာငွေကို သုံးပြီး အရင်းအမြစ်တွေ ဝယ်လို့ရတာလား…"
မုန့်ချီက ငွေကြေးများကို ဂရုမစိုက်သော်လည်း ဆေးလုံးများ ၊ ပစ္စည်းများနှင့် ယပ်တောင် (၆)လက်ကျောင်းမှ ဈေးချိုသော အရာများကို ဝယ်ခွင့်ရမည်ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် အလွန်စိတ်လှုပ်ရှားလာခဲ့သည်။
တစ်ဖက်တွင်တော့ သူက ထိုပစ္စည်းများကို ကံကြမ္မာအမှတ်များနှင့် လဲလှယ်၍ ရနိုင်သည်။ တစ်ဖက်တွင်တော့ သူက ကံကြမ္မာအမှတ်များ သုံးစရာမလိုဘဲ ကိုယ်တိုင်သုံးရန်အတွက် ရှာဖွေနိုင်သေး၏။
ကုံယုက ခေါင်းညိတ်ပြလိုက်သည်။
"အဲဒါက ပြဿနာမရှိဘူးလေ။ နတ်ဘုရားလက်နက်အဆင့် ပစ္စည်းတွေကလွဲရင် မင်းလိုအပ်တဲ့ အရာတွေ အားလုံး ငါတို့ဆီမှာ ရှိတယ်။ ဒါပေမဲ့ မင်းက ယပ်တောင် (၆)လက်ကျောင်းနဲ့ တရားဝင် မပူးပေါင်းရသေးခင် ဘုရင်ကြီးနဲ့တွေ့ပြီး စုံစမ်းရေးမှူးချုပ်က လေ့ကျင့်ပေးလိမ့်မယ်။ ပြီးရင်တော့ မင်းက ငါတို့ရဲ့ အရင်းအမြစ်တွေ လစာငွေကို ခံစားလို့ရပြီ… "
"အဘိုးကြီးကုံ … ကျွန်တော်တို့က လော့ရန်ကို ဘယ်အချိန်သွားရမှာလဲ…"
မုန့်ချီက မေးလိုက်သည်။ ယခု သူက အရာအားလုံးကို သေချာဆန်းစစ်တတ်သည့် လူတစ်ယောက် ဖြစ်လာသည်။
ကုံယုက ခေါင်းခါပြလိုက်၏။
"အခု မင်းက လျှို့ဝှက်သတင်းပေး တစ်ယောက်ဖြစ်နေပြီ။ တကယ်လို့ ငါသာ မင်းနဲ့အတူ လော့ရန်ကို သွားမယ်ဆိုရင် ဒါမှမဟုတ် မင်းကို ပို့ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်ဆိုရင် မင်းက ယပ်တောင်(၆)လက်ကျောင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေပြီလို့ သိုင်းလောကမှာ ကြေညာလိုက်သလို ဖြစ်မသွားနိုင်ဘူးလား။ ဒါက မင်းအတွက် အဆင်မပြေ ဖြစ်သွားနိုင်တယ်လေ။ ဒါကြောင့် မင်းတစ်ယောက်တည်း သွားရမယ်။ မင်းက လူငယ်မှတ်တမ်းက ပညာရှင် တစ်ယောက်ပဲ။ ဌာနချုပ်မှာရှိတဲ့ လူတွေက မင်းကို မမှတ်မိမှာ စိုးရိမ်စရာ မလိုဘူး…"
"ဒါဆိုလည်း ကျွန်တော် မနက်ဖြန် စထွက်တော့မယ်…"
မုန့်ချီကတော့ စိတ်မရှည်နိုင် ဖြစ်နေသည့်အတွက် ချက်ချင်း ထွက်သွားချင်ခဲ့သည်။
သို့သော် သူက အနည်းငယ် ရှုပ်ထွေးနေသော အသံနှင့် ပြောလိုက်၏။
"အဘိုးကြီးကုံ …
လော့ရန်မှာ အထက်တန်းလွှာ မိသားစုတွေ ၊ မှူးမတ်တွေ အများကြီးရှိတယ်။ ကျွန်တော်က သူတို့တွေနဲ့ သိပ်ပြီး မရင်းနှီးဘူးဆိုတော့ အပြစ်ပြုမိမှာ စိုးရတယ်။ ကျွန်တော့်ကို လော့ရန်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်အချက်အလက်တွေ ပြလို့ရမလား…"
ကုံယုက တစ်ယောက်တည်း စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"အခု မင်းက ငါတို့ထဲက တစ်ယောက်လို့ သတ်မှတ်နိုင်ပေမဲ့ ငါက မင်းကို လျှို့ဝှက်အချက်အလက်တွေ ပြလို့တော့ မရသေးဘူး။ ဒါပေမဲ့ မင်းက လော့ရန်နဲ့ ပတ်သက်တဲ့ သာမန်အချက်အလက်တွေကို သိချင်တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး…"
မုန့်ချီက ယပ်တောင်(၆)လက်ကျောင်း၏ တရားဝင်လူတစ်ယောက် ဖြစ်လာလျှင်ပင် သူရရှိနိုင်သော အချက်အလက်များက သူ့အဆင့်နှင့် တာဝန်အပေါ် မူတည်ပြီး ကန့်သတ်ချက်များ ရှိသည်။
"အဲဒါဆိုရင်ကို လုံလောက်ပါတယ်…"
မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
နောက်တစ်နေ့တွင် ကုံယု၏ စာဖတ်ခန်းထဲ၌ မုန့်ချီက လော့ရန်နှင့် ပတ်သက်သော အချက်အလက်များ ပါဝင်နေသည့် စာအုပ်တစ်ခုကို လှန်ကြည့်နေသည်။ ကုံယုက မုန့်ချီအတွက် စာအုပ်တစ်ခုကို ယူလာပေးခဲ့သည့်အတွက် သူက စာအုပ်ထဲတွင် သူ၏ နောက်ကြောင်းနှင့် ပတ်သက်ပြီး ရှာဖွေနေခဲ့သည်။
"စုမျိုးရိုး လူတစ်ယောက် ၊ မှူးမတ်တစ်ယောက် … "
မုန့်ချီက ချက်ချင်းပင် သူလိုချင်နေသော အချက်အလက်နှစ်ခုကို တွေ့လိုက်ရသည်။
"စုမိသားစု …
တော်ဝင်မိသားစုနဲ့ ပတ်သက်နေတဲ့ မိသားစုတစ်ခု။ သူတို့က မျိုးဆက် (၅)ဆက်တိုင်တိုင် နန်းတွင်းအတွက် အကျိုးဆောင်ထားခဲ့တယ်။ သူတို့ရဲ့ မိသားစုခေါင်းဆောင်က မျိုးရိုးစဉ်ဆက် မဟုတ်တဲ့ မှူးမတ်ရာထူး ချီးမြှင့်ခံထားရတယ်..”
“စုလီ - ခွန်အားနတ်ဘုရားမှူးမတ်လို့ နာမည်ကြီးတဲ့ စုလီက ကောင်းကင် (၃) သွယ် ဝေ့ကျင်းအဆင့် ထိပ်တန်းပညာရှင်တစ်ယောက်ပဲ။ သူ့မိသားစု ရတနာက ခွန်ဝူဓားသိုင်း ။ လက်ရှိအချိန်မှာ သူက လက်ထောက်စစ်သူကြီး တစ်ယောက် ဖြစ်တယ်။ သူ့မှာ သား (၂)ယောက်နဲ့ သမီး (၂)ယောက်ရှိတယ်။ သူ့မိန်းမက ကီဝေလန်…”
“စုယွဲ့ - ရွှေမျက်လုံး ထိပ်တန်းလူဆိုးထိန်း ။ စုမိသားစုရဲ့ တရားမဝင် သားတစ်ယောက်ဖြစ်ပြီး စုလီရဲ့ ညီငယ်လေး။ သူက ကောင်းကင် (၉)သွယ် ဝေ့ကျင်းအဆင့် ထိပ်တန်းပညာရှင်တစ်ယောက်။ ထိပ်တန်းလူဆိုးထိန်း (၈)ယောက်ထဲက တစ်ယောက်။ သူ့မှာ သား (၃)ယောက်နဲ့ သမီး (၂)ယောက်ရှိတယ်.."
"အရူးအဘိုးကြီး ပိုင်းကျင်းလော် - ရှန့်တူမှာရှိတဲ့ ပိုင်မိသားစုက တရားဝင် ဇနီးရဲ့သမီး။ သူက ကောင်းကင် (၃) သွယ် ဝေ့ကျင်းအဆင့် ထိပ်တန်းပညာရှန်တစ်ယောက်…”
“ကီဝေလန် - ဝေ့ကျင်းတစ်ဝက်အဆင့် စစ်သည်တော်တစ်ယောက်။ သူ့ရဲ့ အဖေကလည်း ထိပ်တန်းသိုင်းသခင်တစ်ယောက် ဖြစ်တယ်။ သူက ထိပ်တန်းလူဆိုးထိန်း (၈)ယောက်ထဲက တစ်ယောက်ဖြစ်ပြီး ဘုရင်ကြီးက နဂါးလက်သည်း ချီးမြှင့်ထားတယ်။ သူက စုလီရဲ့ကိုယ်လုပ်တော် ဖြစ်တဲ့အတွက် ဘာပိုင်ဆိုင်မှုမှ မရှိဘူး…”
“စုကျိဟွာ - လက်ရှိ အသက် (၂ဝ)။ ကီဝေလန် မွေးထားတဲ့ စုလီရဲ့ သားအကြီးဆုံး။ သူမက အစေခံအဖြစ် စုလီရဲ့အိမ်ကို ရောက်နေတဲ့အချိန်မှာ သူ့ရဲ့မိန်းမ ဖြစ်လာခဲ့တယ်။ စုကျိဟွာမှာ လျှို့ဝှက်ရောဂါတစ်ခုရှိပြီး တစ်ခါတစ်ရံ ရူးသွပ်လာတတ်တယ်။ သူက ဆန်းကြယ်မှုတစ်ခုနဲ့ တွေ့ခဲ့ရပြီး အခု တံခါး (၈)ပေါက်အဆင့် ပညာရှင်တစ်ယောက်ဖြစ်နေပြီ…”
“စုကျိယွမ် - အသက် (၁၇) ။ သူ့ရဲ့ကိုယ်လုပ်တော်ကနေ မွေးထားတဲ့ စုလီရဲ့ဒုတိယသား။ ရှောင်လင်ကျောင်းတော်မှာ တပည့်ဖြစ်လာပြီးတဲ့နောက် သူ့ရဲ့တည်နေရာကို မသိတော့ဘူး… "
"စုကျိယွမ်... ဟုတ်လား…"
မုန့်ချီက စားပွဲကို တတောက်တောက် ခေါက်နေရင်း ထိုနာမည်ကို တီးတိုးနေခဲ့သည်။ သူကတော့ ထိုမိသားစုမှ လူတစ်ယောက်ဟု ခံစားမိခြင်းမရှိသလို သူတို့နဲ့ တွေ့ရန် စိတ်ကူးလည်း မရှိပေ။
ထိုအချက်အလက်များကို သိချင်သည့် တစ်ခုတည်းသော အကြောင်းပြချက်ကတော့ တစ်စုံတစ်ခုဖြစ်လာလျှင် သူမသိဘဲ ဝင်ပါမိမှာကို စိုးရိမ်နေခြင်းကြောင့်ဖြစ်သည်။ သူက သက်ပြင်းရှည်ကြီးချလိုက်မိပြီး လော့ရန်နှင့် ပတ်သက်သည့် စာတမ်းကို သေချာဆက်ဖတ်နေခဲ့၏။
ခဏကြာပြီးနောက် ကုံယုက တံခါးကို ဆွဲဖွင့်လိုက်ပြီး အထဲသို့ ဝင်လာခဲ့သည်။ သူ့လက်ထဲတွင် အထုပ်တစ်ထုပ်ကို ကိုင်ထားပြီး သူ၏ အမူအရာက ထူးဆန်းနေသည်။
"ဘာဖြစ်လို့လဲ အဘိုးကြီးကုံ … "
မုန့်ချီက သူ့ကို စိတ်ဝင်တစား ကြည့်လိုက်၏။
ကုံယုက တံခါးကို ပိတ်ပြီး မုန့်ချီကို စိုက်ကြည့်လိုက်သည်။
"မင်းက လော့ရန်မှာရှိတဲ့ ဘုရင်ကြီး ၊ စုံစမ်းရေးမှူးချုပ်နဲ့ ထိပ်တန်းလူဆိုးထိန်းတွေကို သွားတွေ့စရာ မလိုတော့ဘူး… "
"ဟမ် … ဘာလို့လဲ "
မုန့်ချီကတော့ ဘာကြောင့်မှန်း အဖြေမရှာနိုင်ခဲ့ပေ။
"ငါက ဒီနေ့ပဲ လျှို့ဝှက်အမိန့်စာ တစ်ခုရခဲ့တယ်။ ဒီမှာ အခု ငါဖတ်ပြမယ်။ သတ်ဖြတ်ရေးဓား စုမုန့်က နောက်ကြောင်း ရှင်းတယ်။ သူက သစ္စာရှိတဲ့ လူတစ်ယောက်လို့လည်း ပြောလို့ရတယ်။ အခု သူ လုပ်စရာ အရေးကြီးတာဝန် တစ်ခုရှိတယ်။ ဒါကြောင့် သူက လော့ရန်ကို လာဖို့ မလိုတော့ဘူး။ သူ့ကို တရားဝင် တံဆိပ်တစ်ခု ချက်ချင်း ပေးအပ်လိုက်ပြီ…"
ကုံယုက မှင်တက်နေပုံရပြီး ဆက်ပြောပြလိုက်သည်။
"တရားဝင်တံဆိပ်တွေ အားလုံးက အတုလုပ်တာကို ကာကွယ်ဖို့အတွက် ကိုယ်ပိုင်သွေးနဲ့ သီးသန့်ဖန်တီးရတာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ရှောင်မုန့်ကို ချက်ချင်း ပေးလိုက်ရတာလဲ…"
သူက အစိမ်းရောင် ဖဲကြိုးလေးနှင့် ချည်ထားသော စိမ်းပြာရောင် နန်းတွင်းတံဆိပ်တစ်ခုကို ထုတ်ပေးလိုက်သည်။
နောက်ဆုံးတွင်တော့ မုန့်ချီက အခြေအနေတစ်ရပ်လုံးကို အကြမ်းဖျင်း နားလည်လာခဲ့၏။ သူက ထိုတံဆိပ်ပြားကို ယူလိုက်ရာ တံဆိပ်ပြားပေါ်တွင် လေနောက် လိုက်ခြင်းဟူသော စကားလုံးကို ရေးထိုးထားသည်။ သူက အတွင်းအား တချို့ကို တံဆိပ်ထဲသို့ ပို့ဆောင်လိုက်သည့်အချိန်တွင် ထိုအရာက အစိမ်းရောင် ပြောင်းလဲလာခဲ့၏။
"ဒါက တကယ်ပဲ မင်းရဲ့သွေးတွေပဲ…"
ကုံယုက ပါးစပ် အဟောင်းသားဖြစ်နေခဲ့သည်။ ရှောင်မုန့်က မည်သည့်အချိန်တွင် လော့ရန်သို့ သွားခဲ့သနည်း။ သူက လော့ရန်မှ လူတစ်ယောက် ဖြစ်နေခြင်းပေလော။
"ကြည့်ရတာတော့ ငါ လော့ရန်ကို မလာအောင် လုပ်နေတာပဲ။ သူတို့ရဲ့ မိသားစုခန်းမထဲမှာ ငါ့ရဲ့ဆံပင် ၊ သွေးတစ်ခုခုကို ထိန်းသိမ်းထားတာ ဖြစ်နိုင်တယ်…"
မုန့်ချီက ထိုအရာများကို ခန့်မှန်းနိုင်ခဲ့သည်။ မိသားစုကြီးများတွင် မွေးဖွားလာသော ကလေးများ၏ဆံပင်ကို နန်းတွင်းထဲ ပို့ဆောင်ပြီး စစ်ဆေးကြရသည်။ လော့ရန်တွင်တော့ အလွန်ကြီးမားသော ဘိုးဘေး ခန်းမကြီးတစ်ခုရှိနိုင်သည်။
သူက ပြောလိုက်၏။
"အဘိုးကြီးကုံ … ကျွန်တော်ရဲ့တာဝန်က ဘာလဲ…"
ကုံယုက အမိန့်စာကို ထုတ်လိုက်၏။
"မြစ်အရှေ့ပိုင်းမှာရှိတဲ့ မြောင်လင်မှာ ထိပ်တန်းပညာရှင်တွေ အများကြီး စုစည်းနေတယ်။ လူဆိုးထိန်းတစ်ယောက်က လျှိူ့ဝှက်စုံစမ်းနေရင်း ထူးထူးဆန်းဆန်း ပျောက်သွားတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကိုတော့ တစ်လကြာပြီးသွားတဲ့အချိန်ကျမှ ဟွမ်စီရင်စုထဲမှာရှိတဲ့ ရန်းရှမှာ တွေ့လိုက်ရတယ်…"
"မြစ်အရှေ့ပိုင်း … "
မုန့်ချီက ရုတ်တရက် စိတ်လှုပ်ရှားလာခဲ့လေသည်။
Translated by Hein Htet