အခန်း (၂၆၂)
Vol. 18 Ch. 262
ရန်းရှက ဟွမ်စီရင်စု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဟွမ်၊ နင်၊ တိနှင့် ကျုံးစီရင်စုများ၏ အလယ်တွင် ရပ်တည်နေပြီး မြစ်ကမ်းဘေးတွင် တည်ရှိသည်။ ထိုနေရာက ကျန်းဝူ၊ ဟန်ရန် ကျန်း၊ ပင်ကျင်း ကွေ၊ လော့ယန် ကျိုးနှင့် တကျန်းအဖွဲ့အစည်းတို့၏ လွှမ်းမိုးမှုများ ချိတ်ဆက်ပြီး အလွန်ရှုပ်ထွေးနေသော နယ်မြေတစ်ခုလည်းဖြစ်၏။
ထိုနယ်မြေထဲတွင် မည်သူက အထွဋ်အထိပ်ဖြစ်ကြောင်း ပြောရန် ခက်ခဲသည်။ ထို့ကြောင့် ပညာရှင်ပေါင်းများစွာက လူမသိသူမသိ နေထိုင်ကြ၏။ ယဲ့တူ၊ ရွှမ်ဝူမြို့တို့နှင့် ယှဉ်လိုက်မည်ဆိုလျှင် ရန်းရှက ပို၍ပင် ပရမ်းပတာ ရှိနေသည်။
လူဆိုးထိန်းလီချုံးက ယပ်တောင်(၆)လက်ကျောင်းထဲတွင် မြေပဲစေ့လေးများ စားနေရင်း အရက်သောက်နေ၏။ သူက အသက်(၅၀)ကျော်ခဲ့ပါပြီ။ သူက ရန်းရှတွင် နှစ်ပေါင်း(၃၀)ကျော် လူဆိုးထိန်းတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် နယ်မြေခံများနှင့် ရင်းနှီးနေသည်။
သူ့ဆီတွင် မြေအောက်အဖွဲ့အစည်းများစွာနှင့် ရင်းနှီးသော မိတ်ဆွေများ၊ အဆက်အသွယ်များလည်း ရှိနေသည်။ အရက်အလွန်အကျွံသောက်ခြင်းကိုသာ ဖယ်လိုက်မည်ဆိုလျှင် သူက အလွန်လူမှုရေးကောင်းသော လူတစ်ယောက်ဖြစ်၏။ အကယ်၍သူသာ အနည်းငယ် ကြိုးစားလိုက်မည်ဆိုလျှင် လက်ထောက်လူဆိုးထိန်း သို့မဟုတ် လူဆိုးထိန်းခေါင်းဆောင်တစ်ယောက်ပင် ဖြစ်လာနိုင်သည်။
သူက ရုတ်တရက်ဆိုသလို တူကို ချလိုက်ပြီး ခွက်ထဲတွင် ကျန်နေသော အရက်တစ်ဝက်ကို မော့သောက်လိုက်၏။ ထို့နောက် မတ်တပ်ရပ်၍ ပြောလိုက်သည်။
"လူ.. လူ.. လူဆိုးထိန်းကျန်း …
ကျွန်တော်က ဒီနေ့နေ့လည် ဘာအလုပ်မှမရှိလို့ အရက်သောက်နေတာပါ…"
သူက အနားမယူခင် လက်ထောက်လူဆိုးထိန်းအဖြစ် အဆင့်တက်ရန် မျှော်လင့်နေသေးသည်။ ထိုအရာက သူ့မိသားစုအတွက် ဂုဏ်သိက္ခာတစ်ခုလည်း ဖြစ်၏။ တံခါးမှ ရောက်လာသည်မှာ ရန်းရှရှိ ယပ်တောင်(၆)လက်ကျောင်း၏ မြို့စားအဆင့် လူဆိုးထိန်းခေါင်းဆောင် ကျန်းကျူးရှန်ဖြစ်သည်။ သူနှင့်အတူ လူငယ်တစ်ယောက်ကိုခေါ်ပြီး အခန်းထဲသို့ ဝင်လာခဲ့၏။
သူက လီချုံး၏လက်ကို ပုတ်ပြီး ရယ်လိုက်သည်။
"အဘိုးကြီးလီ..
ဘာမှစိုးရိမ်မနေပါနဲ့။ နေ့ခင်းပိုင်းက ငါတို့တွေ အိပ်တတ်တဲ့အချိန်ပဲလေ။ မင်းလည်း ငယ်မှမငယ်တော့တာ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် လန်းဆန်းနေအောင် နည်းနည်းပါးပါး သောက်တာကတော့ ကိစ္စမရှိပါဘူး…"
ကျန်းကျူးရှန်က လီချုံး၏အကြောင်းကို ကောင်းကောင်းသိနေသည်။ လီချုံးက အထက်လူကြီးများကိုလည်း အလွန်လေးစားတတ်၏။ သူကတော့ ဌာနချုပ်တွင် ရှိနေသော လူဆိုးထိန်းများဆီတွင် သူ့ကို ထောက်ခံပေးရန် ကတိပေးထားခဲ့သည်။
"သူ့နာမည်က စုကျိယွမ်လို့ခေါ်တယ်။ သူ့ကို ညီလေးစုလို့လည်း ခေါ်လို့ရတယ်။ သူက ဌာနချုပ်ကနေ ရောက်လာတဲ့ လက်ထောက်လူဆိုးထိန်းတစ်ယောက်ပဲ။ သူ့ကို နယ်မြေခံအင်အားစုတွေ၊ လူဆိုးထိန်းတွေနဲ့ မိတ်ဆက်ပေးလိုက်ဦး။ ဒီနေရာတစ်ခုလုံးမှာ မင်းတစ်ယောက်တည်းကပဲ လူသစ်တွေကို အနိုင်မကျင့်တတ်တာလေ.."
ကျန်းကျူးရှန်က သူဘေးတွင် ရှိနေသော လူငယ်ကို လက်ညှိုးထိုးပြီး ပြောပြလိုက်သည်။
လီချုံးက အလွန်ငယ်ရွယ်သော လူဆိုးထိန်းစုကို မော့ကြည့်ပြီး နှုတ်ဆက်လိုက်၏။ သူက ယပ်တောင်(၆)လက်ကျောင်း၏ ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အတော်လေးကို ချောမောခန့်ညားသည်။ သူ၏ဘယ်ဘက်တွင် ဓားတိုတစ်လက်ကို ချိတ်ထားပြီး ညာဘက်တွင် ဓားရှည်တစ်လက်ကို ချိတ်ထား၏။
သူ၏မျက်လုံးများက နက်မှောင်တောက်ပနေပြီး နှာခေါင်းချွန်ချွန်လေးများ ရှိနေသည်။ သူ့ဆီတွင် မောက်မာသည့်အငွေ့အသက်မျိုး မရှိချေ။ သူရယ်လိုက်သည့်အချိန်တွင် အလွန်ခန့်ညား၏။
"လူဆိုးထိန်းကျန်း..
လူဆိုးထိန်းကျန်းက ကျွန်တော့်ကို အထင်ကြီးနေတာပဲ။ ကျွန်တော်က လူဆိုးထိန်းညီလေးစုကို လေ့ကျင့်ပေးဖို့တော့ မဖြစ်နိုင်ဘူးလေ။ ကျွန်တော်က နယ်မြေသခင်ကြီးတစ်ချို့နဲ့ပဲ သူ့ကို မိတ်ဆက်ပေးလိုက်မယ်…”
“လူဆိုးထိန်းလီ..
ကျေးဇူးပြုပြီး ကျွန်တော့်ကို ဂရုစိုက်ပေးပါဦး…"
မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
မြစ်အရှေ့ပိုင်းတွင် ရှိနေသော ပညာရှင်ပေါင်းများစွာနှင့် ထိပ်တန်းသိုင်းပညာများ အကြောင်း စဉ်းစားမိသည့်အချိန်တွင် မုန့်ချီကတော့ အလွန်စိတ်လှုပ်ရှားလာသလို ခံစားနေရသည်။ ထိုအရာက သူ့ကိုယ်သူ လေ့ကျင့်ရန်အတွက် အခွင့်ကောင်းတစ်ခု ဖြစ်၏။
သူက လော့ရန်သို့ သွားရမည့်အစား ဟွမ်စီရင်စုထဲတွင် ရှိနေသော ရန်းရှသို့ ရောက်လာပြီး လက်ထောက်လူဆိုးထိန်းကိုင်ရှန့်၏ သေဆုံးမှုကို စုံစမ်းစစ်ဆေးရန် ရောက်လာခဲ့သည့်အတွက် အလွန်ဝမ်းသာနေခဲ့သည်။
အစောပိုင်းတွင်တော့ တစ်စုံတစ်ယောက်က ထိုကဲ့သို့ အန္တရာယ်များသော တာဝန်တစ်ခုကို ပေးလိုက်သည့်အတွက် သူလည်း အံ့ဩနေခဲ့သည်။ ထိုအရာက အချိန်ကိုက် ဖြစ်နေသည့်အတွက် သူလည်း သံသယဝင်နေခဲ့သည်။
ယဲ့တူသို့ လျှို့ဝှက်စာ ရောက်လာပြီး မတိုင်ခင် (၄)ရက်မြောက်နေ့တွင် ကိုင်ရှန့်၏ အလောင်းကို တွေ့ခဲ့ခြင်းဖြစ်သည်။ ပြောရမည်ဆိုလျှင် ယဲ့တူတွင် ရှိနေသော ယပ်တောင်(၆)လက်ကျောင်းက ဟွမ်စီရင်စုမှ အကူအညီတောင်းခံမှုကို လက်ခံရပြီးသည်နှင့် သူ့ကို ချက်ချင်း တာဝန်ပေးအပ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် သူက လော့ရန်သို့ ရောက်လာပြီး ပြဿနာရှာခြင်းကို သူတို့က တားဆီးချင်သည်မှာ သေချာနေသည်။
ရန်းရှတွင် ရှိနေသော ယပ်တောင်(၆)လက်ကျောင်းက သူ၏အဆင့်အတန်းကို စစ်ဆေးကြည့်လိုက်ပြီးနောက် သူ့ကို သတင်းပို့ခဲ့သည်။ ထို့နောက် သူက စီရင်စုရုံးများဆီသို့ ဆက်လက် ပို့ဆောင်လိုက်သည်။ ထို့နောက်တွင်မှ လော့ရန်တွင် ရှိနေသော ဌာနချုပ်ကို တောင်းဆိုပြီး ထိုဖြစ်ရပ်ကို စုံစမ်းရန် လျှို့ဝှက်သတင်းပေး တစ်ယောက် စေလွှတ်ခိုင်းခြင်းဖြစ်သည်။
ထိုအမှုက စီရင်စုနှစ်ခုနှင့် ပတ်သက်နေသည့်အတွက် မည်သည့်စီရင်စုက ဦးဆောင်ရမည်ဖြစ်ကြောင်း ဆုံးဖြတ်ရန် ခက်ခဲနေသည်။ ထို့ကြောင့် ပို၍အခွင့်အာဏာရှိသူ တစ်ယောက်ကို စေလွှတ်လိုက်ခြင်းက ပို၍ သင့်တော်၏။ အကယ်၍ နှောင့်နှေးနေခြင်း မရှိလျှင်ပင် ထိုလုပ်ငန်းစဉ်တစ်ခုလုံးက အနည်းဆုံး(၂)ရက်၊ (၃)ရက်ခန့် ကြာမြင့်နိုင်သည်။
လီချုံးက တည်ငြိမ်အေးချမ်းသော လူငယ်လေးကို သူနှင့်အတူ ခေါ်သွားရန် ပြောလိုက်သည်။ ထို့နောက် သူက ရန်းရှတွင် ရှိနေသော အင်အားစုများနှင့် လူငယ်လေးကို မိတ်ဆက်ပေးမည်ဟု အကြိမ်ကြိမ် ပြောနေခဲ့၏။
ဘယ်ကမှန်းမသိပေါ်လာသော လူဆိုးထိန်းလေးကို ကြည့်ပြီး လူဆိုးထိန်း ခေါင်းဆောင်ကျန်းက အပြုံးနှင့် ပြောလိုက်သည်။
"ညီလေးစုက ဌာနချုပ်ကနေ ရောက်လာတာ။ သူ့ရဲ့အဓိကတာဝန်က ကိုင်ရှန့်ရဲ့သေဆုံးမှုကို စုံစမ်းဖို့ပဲ။ အဘိုးကြီးလီ.. မင်းက သူ့ကို အားတက်သရော ကူညီပေးဖို့ မျှော်လင့်ပါတယ်…"
လီချုံး၏အမူအရာက ပြောင်းလဲသွားပြီး ခဏကြာ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။ "ကျွန်တော့်လို အဆင့်နိမ့်လူဆိုးထိန်းတစ်ယောက်က တိုက်ရိုက်အမိန့်ပေးတာကို မဆန့်ကျင်ရဲပါဘူး…"
ထိုသို့ဆိုလျှင် ထိုအမှုကို စုံစမ်းစစ်ဆေးရန်အတွက် လူဆိုးထိန်းညီလေးစုကို ဤနေရာသို့ စေလွှတ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူ့ကို လက်ထောက်လူဆိုးထိန်း ရာထူးပေးလိုက်ခြင်းဖြစ်၏။ သူက အနာဂတ်တွင်တော့ သေချာပေါက် ထိခိုက်ရပါတော့မည်။
လူဆိုးထိန်းခေါင်းဆောင်ကျန်း ထွက်သွားသည်ကိုမြင်သည့်အခါ မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။
"လူဆိုးထိန်းလီ..
ကျွန်တော်က အမှုတွဲတွေကို ကြည့်ပြီးသွားပြီ။ကျွန်တော့်ကို ဓားသွားအမာရွတ်နဲ့တွေ့ဖို့ ခေါ်သွားပေးနိုင်မလား…"
လီချုံးက သက်ပြင်းရှည်ကြီးချလိုက်မိ၏။
"ကောင်းပြီလေ.."
သူ၏ ဓားတိုနဲ့တံဆိပ်ကို ယူလိုက်ပြီးနောက် လီချုံးက မုန့်ချီကိုခေါ်ပြီး ယပ်တောင်(၆)လက်ကျောင်းထဲမှ ထွက်လာခဲ့သည်။ ထို့နောက် ရန်းရှတွင် လူအရှုပ်ဆုံးလမ်းတစ်ခုထဲသို့ ဝင်လာခဲ့၏။
ခဏကြာပြီးနောက် သူက ရပ်လိုက်သည်။
"လူဆိုးထိန်းညီလေးစု..
ငါက အနားယူခါနီးနေတဲ့လူတစ်ယောက်ပဲ။ လူဟောင်းတစ်ယောက်ဆိုတော့ ငါက မင်းကို အကြံပေးချင်တယ်။ ဒီကိစ္စမှာ မကောင်းတာတွေ တော်တော်လေးကို များတယ်…"
အလွန်နူးညံ့သိမ်မွေ့ပြီး နှိမ့်ချတတ်သော ညီလေးစုအကြောင်းကို တွေးမိသည့်အခါ သူက ကောက်ကျစ်စဉ်းလဲပြီး အစွမ်းထက်သူတစ်ယောက်မဟုတ်နိုင်ဟု လီချုံးက တွေးမိခဲ့၏။ တစ်ခြားလူဆိုးထိန်းများက ထိုတာဝန်ကို လက်ခံရန် ငြင်းဆန်သည့် အတွက်ကြောင့်သာ ညီလေးစုကို တာဝန်ပေးအပ်လိုက်ခြင်းဖြစ်မည်ဟု သူ့စိတ်ထဲတွင် တွေးထားခဲ့သည်။
"တော်တော်ဆိုးတာလား.."
မုန့်ချီက တည်ငြိမ်စွာ မေးလိုက်မိသည်။
လီချုံးက ခဏကြာတိတ်ဆိတ်သွားပြီး သက်ပြင်းချလိုက်၏။
"လူဆိုးထိန်းကိုင်က မြစ်အရှေ့ပိုင်းမှာရှိတဲ့ မြောင်လင်မှာ လက်ထောက်တစ်ယောက်ပဲ။ သူက မြောင်လင်မှာရှိတဲ့ မြေအောက်အဖွဲ့အစည်းတွေအကြောင်း စုံစမ်းနေရင်းကနေ ပျောက်ကွယ်သွားတာ။ လဝက်ကြာပြီးတဲ့နောက် သူ့ရဲ့အလောင်းကို ရန်းရှမှာ တွေ့လိုက်ရတယ်။ သူ့ရဲ့အပြင်ပုံစံကိုကြည့်ရတာတော့ အခုမှသေသွားသလို ထင်မှတ်ရပေမယ့် ခန္ဓာကိုယ်အတွင်းပိုင်းထဲမှာတော့ ပုပ်ပွနေတယ်။ ဒါကြောင့် သူသေတာ တော်တော်လေးကြာနေပြီလို့ ပြောရမယ်။ ဒါက ထူးဆန်းတယ်လို့ မထင်ဘူးလား။ အလောင်းက သူ့ဘာသာသူ ရန်းရှကို ဘယ်လိုလုပ်ပြီး ရောက်လာနိုင်မှာလဲ။ အရေးကြီးဆုံးအရာကတော့ သူ့ကို ရှာတွေ့ခဲ့တဲ့အချိန်မှာ သူက လမ်းလျှောက်နိုင်သေးတယ်။ လှေထိုးသားတစ်ယောက်နဲ့ နည်းနည်းလေး တိုက်မိသွားတဲ့အချိန်မှသာ သူက မြေပေါ်ကို လဲကျပြီး သေဆုံးသွားတာ…"
မုန့်ချီက သူ၏ခန့်မှန်းချက်ကို ပြောလိုက်သည်။
"သူ့ရဲ့ ခန္ဓာကိုယ်ကို မြောင်လင်ကနေ ရန်းရှကို လာတဲ့ လှေတစ်စီးပေါ် တင်ပေးလိုက်တာလည်း ဖြစ်နိုင်တယ်လေ။ ပြီးတော့ နတ်ဆိုးတစ်ကောင်က သူ့ရဲ့ခန္ဓာကိုယ်ကို ရှာတွေ့ပြီး လှေပေါ်ကနေဆင်းဖို့ ထိန်းချုပ်ထားတာ ဖြစ်နိုင်တယ်…"
လီချုံးက မသက်မသာ ပြန်ဖြေလိုက်၏။
"လူဆိုးထိန်းညီလေးစု …
မြောင်လင်နဲ့ ရန်းရှရဲ့အကွာအဝေးကို စဉ်းစားကြည့်လိုက်ပါ။ ရန်းရှကနေ မြောင်လင်ကို မြစ်အတိုင်း စုန်ဆင်းလာဖို့ အနည်းဆုံး တစ်လလောက်တော့ အချိန်ပေးရတယ်။ ရေဆန်ကို လာရမယ်ဆိုရင်တော့ ပိုတောင်ကြာဦးမယ်။ ဒီတော့ ကိုယ်ဖော့ပညာကို မသုံးဘဲ လဝက်အတောအတွင်း ရွက်လွှင့်ပြီး ရောက်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး…"
"သူတို့က အလျင်စလို လာခဲ့ကြတာပဲ…”
သူတို့က တပြိုင်နက်တည်း ပြောလိုက်မိကြ၏။ ထိုအရာက စလာသည့် အချိန်ကတည်းကစပြီး မုန့်ချီသတိထားမိခဲ့သော ပြသာနာတစ်ခု ဖြစ်သည်။
လေလှိုင်းနှင့် ရေစီးကြောင်း၏ အကူအညီရှိနေမည်ဆိုလျှင် ယဲ့တူမှ ရန်းရှသို့ ခရီးသွားရန် တစ်လခွဲနီးပါးခန့် အချိန်ပေးရသည်။ ရန်းရှနှင့်မြောင်လင်တို့၏ အကွာအဝေးကလည်း တူညီလုနီးပါးဖြစ်၏။
နောက်ဆုံးတွင်တော့ မုန့်ချီက သူပြောချင်သည့်အချက်ကို နားလည်သွားကြောင်း မြင်သည့်အတွက် လက်ခုပ်တီး၍ ပြောလိုက်သည်။
"အဲဒါကို စဉ်းစားကြည့်လိုက်လေ။ အလောင်းတစ်ခုက ကိုယ်ဖော့ပညာကိုသုံးပြီး ဒီလောက်အလျင်စလို ဘယ်လိုများ ခရီးသွားနိုင်မှာလဲ။ ဒါကြောင့်လည်း ဒီကိစ္စမှာ အရမ်းဆိုးတဲ့အရာတစ်ခုခုရှိနေပြီလို့ ငါပြောနေတာ…"
မုန့်ချီက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ကို တာဝန်ပေးထားမှတော့ တာဝန်အတိုင်း လုပ်ရမယ်လေ။ လူဆိုးထိန်းလီရဲ့အကြံပေးမှုကို ကျေးဇူးတင်ပါတယ်…"
"ရပါတယ် ။ ငါက ပြောပြရုံပါပဲ…"
လီချုံးက ပြန်ဖြေလိုက်သည်။ ထိုကဲ့သို့ ယဉ်ကျေးသိမ်မွေ့သော လူဆိုးထိန်းငယ်လေး တစ်ယောက်ကို တွေ့ရသည်မှာ အလွန်ရှားပါးလှသည်။
သူတို့နှစ်ယောက်လုံးက ဆူညံရှုပ်ထွေးနေသော လမ်းမများမှ ထွက်လာပြီးနောက် တိတ်ဆိတ်ငြိမ်သက်သော လမ်းကြားလေးတစ်ခုထဲသို့ ဝင်လာခဲ့ကြသည်။ လမ်းကြားလေးထဲတွင် ရှိနေသော ဈေးသည်များအားလုံးက ညှီစို့စို့ရနံ့များ ထွက်နေသည့် အသားစများကို ရောင်းနေကြ၏။ လမ်းသွားလမ်းလာအများစုကတော့ စက်ဆုပ်ရွံရှာနေသည့် အမူအရာနှင့် ကြည့်နေကြသည်။
"ဓားသွားအမာရွတ်က ထိပ်တန်းနယ်မြေသခင်တွေထဲက တစ်ယောက်ပဲ။ လူဆိုးထိန်းကိုင်ကို တွန်းလိုက်တဲ့ လှေသမားက သူ့ဆီမှာ အလုပ်လုပ်ပေးနေတာ။ အခု သူက ပုန်းနေတယ်။ တကယ်လို့ ငါတို့က သူနဲ့စကားပြောချင်တယ်ဆိုရင် ဓားသွားအမာရွတ်ကို အရင်ဆုံး ဖြတ်ကျော်မှပဲ ဖြစ်လိမ့်မယ်…"
လီချုံးက အခွင့်အရေးကို အရယူပြီး လူဆိုးထိန်းညီလေးစုကို သေချာရှင်းပြနေသည်။ သူ၏မသိနားမလည်မှုကြောင့် ပြသာနာများ ဖြစ်လာမှာကို စိုးရိမ်နေခဲ့သည်။
မုန့်ချီက တိတ်တဆိတ် နားထောင်နေခဲ့၏။ သူ့ပုံစံက အလွန်နူးညံ့သိမ်မွေ့သော လူသစ်တစ်ယောက်ကဲ့သို့ ဖြစ်နေသော်လည်း သူကတော့ မည်သည့်အရာကိုမျှ မကြောက်ပေ။
"ဓားသွားအမာရွတ်က တကျန်းအဖွဲ့အစည်း ၊ ပင်ကျင်း ကွေမိသားစုနဲ့ အဆက်အသွယ်ရှိတယ်။ သူက ရန်းရှမြေအောက်လောကမှာရှိတဲ့ စီးပွားရေး (၃၀)ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားတာ။ သူ့ဆီမှာ အဆက်အသွယ်တွေ၊ မဟာမိတ်တွေ အများကြီးရှိနေတော့ သွားရှုပ်လို့တော့မရဘူး…"
လီချုံးက ဓားသွားအမာရွတ်၏ နောက်ကြောင်းနှင့် လွှမ်းမိုးမှုများကို အဓိကအလေးထားပြီး ပြောပြနေသည်။
"သူငယ်ငယ်တုန်းကတော့ သူက အကြောက်အလန့် မရှိခဲ့ဘူး။ သူက တစ်ခြားသူတွေအပေါ် သနားညှာတာစိတ်လည်း မရှိတော့ ရန်းရှမြေအောက်လောကမှာ တဖြည်းဖြည်းတိုးတက်လာခဲ့တာ။ အစွမ်းထက် အဖွဲ့အစည်းတွေရဲ့ အကူအညီကို ရလာပြီးတဲ့နောက် သူက လမ်းမှားပညာရှင်တစ်ယောက်အဖြစ် လေ့ကျင့်ခဲ့တယ်။ သူအသက်(၄၀)တုန်းက လူငယ်မှတ်တမ်းမှာ ထိပ်ဆုံး(၃၀)ထဲတောင် ရောက်နိုင်တယ်လို့ပြောကြတယ်။ အခုတော့ ဆယ်နှစ်လောက်တောင် ကြာသွားပြီ။ သူက ဘယ်လောက်အစွမ်းထက်နေလဲဆိုတာ ဘယ်သူမှမသိတော့ဘူး…"
ဓားသွားအမာရွတ်က အလွန်အရေးကြီးသော လူတစ်ယောက်ဖြစ်ကြောင်း မုန့်ချီက သိနေသည်။ သူက လျှို့ဝှက်မှတ်တမ်းများထဲတွင် သူ့အကြောင်းကို ဖတ်ထားဖူးသော်လည်း သေချာနားထောင်နေခဲ့၏။
လူဆိုးထိန်းညီလေးစုက သဘောကောင်းပြီး စိတ်ရှည်တတ်သည်ကို မြင်သည့်အခါ လီချုံးက အတော်လေးကျေနပ်သွားခဲ့သည်။ ထိုမျှ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် လက်ထောက်လူဆိုးထိန်း တစ်ယောက်ဖြစ်လာသော လူငယ်များက မောက်မာတတ်ကြသည်။
ယပ်တောင်(၆)လက်ကျောင်း၏ ထောက်ပံ့မှုနှင့် သူတို့၏ ကိုယ်ပိုင်စွမ်းရည်များကြောင့် သူတို့ကအဖွဲ့အစည်းများ၏ ခေါင်းဆောင်များကိုပင် အထင်သေးစွာ ဆက်ဆံတတ်ကြသည်။ အဖွဲ့အစည်း ခေါင်းဆောင်များက သူတို့ကို လေးစားသင့်သည်ဟုသာ ယုံကြည်နေကြ၏။ ညီလေးစုကဲ့သို့ နှိမ့်ချတတ်သော လူဆိုးထိန်းငယ်လေးတစ်ယောက်ကတော့ အတော်လေးကို ရှားပါးသည်။
"ရန်းရှတစ်ခွင်လုံးမှာ လူဆိုးထိန်းခေါင်းဆောင်ကျန်းက ဓားသွားအမာရွတ်ကို အမိန့်ပေးနိုင်တဲ့သူတွေထဲက တစ်ယောက်ပဲ။ ဒါကြောင့်လည်း ငါက သူနဲ့ဆက်သွယ်ဖို့ အခွင့်အရေးရခဲ့တာ။ လူဆိုးထိန်းညီလေးစု ကျေးဇူးပြုပြီး ဘာမှမပြောပါနဲ့။ ဒါမှမဟုတ် တစ်ကိုယ်ကောင်းဆန်တဲ့ အလုပ်တွေမလုပ်ပါနဲ့။ ငါပဲ စကားပြောမယ်။ တကယ်လို့ မင်းက မေးစရာရှိတယ်ဆိုရင် လျှို့ဝှက်အသံပို့ဆောင်မှုကို သုံးပြီး ငါနဲ့ပဲ ဆက်သွယ်ပါ။ နေဦး.. လျှို့ဝှက်အသံပို့ဆောင်မှု ဘယ်လိုလုပ်ရလဲဆိုတာ သိတယ်မလား…"
လူဆိုးထိန်းညီလေးစုက အလွန်အသက်ငယ်နေသေးသည့်အတွက် ဉာဏ်အလင်းပွင့်ခြင်း ရှိမရှိ လီချုံးက သေချာမသိပေ။
မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။
"ကျွန်တော်သုံးတတ်ပါတယ်…"
"ဒါဆိုရင် အဆင်ပြေပြီ။ ငါတို့မှာ ဘာပြသာနာမှ မရှိတော့ဘူး…"
လီချုံးက သက်ပြင်းချလိုက်မိ၏။ ထို့ကြောင့်လည်း လူဆိုးထိန်းညီလေးစုက ထိုမျှ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အဆင့်တက်လာခဲ့ခြင်းဖြစ်ပြီး သူ့ကို ဖယ်ထုတ်ထားခြင်း ဖြစ်နိုင်သည်။ သူ့ကို လူပေါင်းများစွာက မနာလိုအားကျနေနိုင်၏။
သူက ဆက်ပြောလိုက်သည်။
"ဓားသွားအမာရွတ်က လွန်ခဲ့တဲ့(၇)နှစ်လောက်မှာ လက်ရှိနေရာကို ရလာခဲ့တာ။ ဒါကြောင့် သူက နည်းနည်းလေးတော့ စိတ်ပြောင်းသွားပြီ။ သူက အရင်ကလို ရက်စက်ကြမ်းကြုတ်မှုတွေ မရှိတဲ့အတွက် သူ့ကို ဒေါသဖြစ်အောင် မလုပ်သရွေ့ အဆင်ပြေပါတယ်…"
"သူက ဓားသွားအမာရွတ်ဆိုတဲ့နာမည်ကို ဘယ်လိုရလာခဲ့တာလဲ။ အဲဒါက လမ်းမှားပညာရှင်တွေရဲ့ပုံစံနဲ့ လုံးဝမတူဘူးလေ…"
မုန့်ချီက ပြောလိုက်သည်။
လီချုံးက ရယ်လိုက်၏။
"အဲဒီအမာရွတ်တွေက သူငယ်ငယ်တုန်းက ရခဲ့တဲ့ အဆိုးဆုံးဒဏ်ရာတွေပဲ။ သူ့ရဲ့မျက်နှာ၊ ရင်ဘတ်နဲ့ ဗိုက်မှာ အမာရွတ်တွေရှိတယ်။ သူက အသက်ရှင်ရုံ ရှင်နိုင်ခဲ့တာ။ နောက်ပိုင်းမှာတော့ အဲဒီတိုက်ခိုက်မှုတွေကို သတိပေးတဲ့အနေနဲ့ သူ့ကိုယ်သူ ဓားသွားအမာရွတ်လို့ နာမည်ပေးခဲ့တာ…"
သူတို့နှစ်ယောက်က စကားပြောနေရင်း လူသန်ကြီးများစွာ စောင့်ကြပ်နေသော ဆိုင်တစ်ဆိုင်၏ အရှေ့သို့ ရောက်လာခဲ့သည်။ ဝင်ပေါက်တွင် ရှိနေသော လူသန်ကြီးက လီချုံးကို မှတ်မိနေသည့်အတွက် မေးလိုက်၏။
"အရက်သမားလီ ဒါက ဘယ်သူလဲ…"
အလွန်သန့်ရှင်းစင်ကြယ်သော မုန့်ချီကို မြင်သည့်အခါ သူတို့က အချင်းချင်း တီးတိုးပြောနေရင်း မေးလိုက်သည်။
လီချုံးက ရယ်လိုက်၏။
"ဒါက ဌာနချုပ်က ရောက်လာတဲ့ လူဆိုးထိန်းအသစ်လေ။ သူ့နာမည်က လူဆိုးထိန်းညီလေးစုလို့ ခေါ်တယ်။ ငါက သူဌေးနဲ့တွေ့ဖို့ သူ့ကို ခေါ်လာခဲ့တာ…"
"ဒီလိုနို့နံ့မစင်သေးတဲ့ ကလေးတစ်ယောက်ကတောင် လက်ထောက်လူဆိုးထိန်း တစ်ယောက် ဖြစ်လာတာပဲ…"
အစောင့်ခေါင်းဆောင်က တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
လီချုံးက ထိုစကားကိုမကြားသော်လည်း မုန့်ချီကတော့ ရှင်းရှင်းလင်းလင်း ကြားခဲ့၏။
အစောင့်ခေါင်းဆောင်က ချောင်းဟန့်လိုက်သည်။
"မင်းက ကံကောင်းတယ်။ သူဌေးက ဒီမှာရှိနေတယ်။ ငါသူ့ကို သွားပြောလိုက်မယ်"
နောက်ဆုံးတွင်တော့ မုန့်ချီက ရန်းရှမှ အစွမ်းထက်သော လူတစ်ယောက်ကိုတွေ့ခွင့်ရပါတော့မည်။ သူ့နာမည်အစစ်အမှန်က ရန်ရှောင်းဖြစ်ပြီး သူက လမ်းမှားပညာရှင် တစ်ယောက်ဖြစ်သည်။
ဆိုင်ရှေ့ဖက်ကို ဖြတ်ကျော်လာပြီးနောက် သူတို့က အစောင့်များစွာကို တွေ့လိုက်ရသည်။ သူ့ရှေ့တွင်တော့ ပျက်စီးနေသော အဆောက်အဦးတစ်ခု ရှိသည်။ သို့သော် အတွင်းထဲတွင်တော့ လှပစွာ ဆင်ယင်ထားခဲ့၏။ မည်းနက်နေသော သားမွေးကော်ဇော၊ စန္ဒကူးမွေ့ရာနှင့် အဖိုးတန်ပစ္စည်းများအားလုံးကိုသာ သုံးထားခဲ့သည်။ သူတို့က အနည်းငယ် ဆက်လျှောက်လာခဲ့ကြ၏။
အခန်း၏အလယ်တွင် ရှိနေသည်မှာ အလွန်ကြီးမားသော အနက်ရောင် ကုတင်ကြီးတစ်ခု ဖြစ်သည်။ ဓားသွားအမာရွတ်က ကုတင်ပေါ်တွင် လှဲနေပြီး အပေါ်ပိုင်းဗလာနှင့် ဇာပုဝါလေးများသာ လွှမ်းခြုံထားသော မိန်းမပျိုများက သူ့အနားတွင် ကပ်နေကြသည်။
တစ်ချို့ကတော့ သူ့ကို စပျစ်သီးများခွံ့နေပြီး တစ်ချို့ကတော့ ခြေထောက်များကို နှိပ်ပေးနေသည်။ တစ်ချို့ကတော့ ခေါင်းကို နှိပ်နယ်ပေးနေကြ၏။ သူ၏မျက်နှာပေါ်တွင် အလွန်ထင်ရှားသော အမာရွတ်ကြီးတစ်ခုရှိသည်။
သူက ပြန်လှည့်မကြည့်ဘဲ မေးလိုက်၏။
"လူဆိုးထိန်း ညီလေးစု..
မင်းက လူဆိုးထိန်းကိုင်ရဲ့အမှုအတွက် မေးဖို့ ရောက်လာတယ်ဆိုတာ ငါသိတယ်။ လွန်ခဲ့တဲ့လအနည်းငယ်အတွင်း မင်းတို့တွေက ဒီကိုအကြိမ်ပေါင်းများစွာ ရောက်လာနေကြတာပဲ။ မတူညီတဲ့ လူဆိုးထိန်းတွေ ရောက်လာပေမယ့် မေးခွန်းက တစ်ခုတည်းပဲ။ ဓားသွားအမာရွတ်ဆိုတဲ့ ငါက တစ်ချိန်လုံးသည်းခံနိုင်မယ်လို့ ထင်နေတာလား…"
သူက ထိုစကားများကို ပြောလိုက်သည့် အချိန်တိုင်း သူ၏ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ကြွက်သားများက လှုပ်ရှားသွားသည်။
Translated by Hein Htet