အခန်း (၂၆၃)
Vol. 18 Ch. 263
လီချုံး၏ မျက်နှာအမူအရာက ချက်ချင်းပင် ပြောင်းလဲသွားပြီး ရှင်းပြလိုက်သည်။
"သ သ သူဋ္ဌေးရန် …
ကျွန်တော်တို့က ဒီနေ့အရိုအသေပေးဖို့ ရောက်လာခဲ့တာပါ... "
သူ့စကားမဆုံးသေးခင် မုန့်ချီက သိမ်မွေ့ညင်သာသော အသံနှင့် ဝင်ပြောလိုက်သည်။
"ဒီကိစ္စက လက်ထောက်လူဆိုးထိန်းတစ်ယောက်ရဲ့သေဆုံးမှုနဲ့ ပတ်သက်နေတယ်..။ ကျုပ်တို့ယပ်တောင် (၆) လက်ကျောင်းက ဒီကိစ္စကို အရမ်းအလေးထားတယ်...။ ဒီတော့ လူဆိုးထိန်းတွေ အများကြီးက ခင်ဗျားကိုလာပြီး စုံစမ်းတယ်ဆိုတာ ကျိုးကြောင်းသင့်တော်တာပဲလေ..။ ကျင်းအင်ပါယာထဲမှာရှိတဲ့ နိုင်ငံသား တစ်ယောက် ဖြစ်တဲ့အတွက် ခင်ဗျားက ကျုပ်တို့နဲ့ ပူးပေါင်းပေးဖို့ မျှော်လင့်တယ်... "
လီချုံးက သူ့ကို အလွန်ထိတ်လန့်အံ့ဩစွာ ကြည့်နေမိသည်။ မုန့်ချီ၏အပြုံးက အပြစ်ကင်းစင်ပြီး သူ့စကားလုံးများက သိမ်မွေ့ညင်သာသော်လည်း သူစကားပြောနေသည်မှာ ရန်းရှတွင် နာမည်ဆိုးနှင့် ကျော်ကြားသော လူဆိုးခေါင်းဆောင်တစ်ယောက် ဖြစ်နေသည်။
သူက မုန့်ချီကို လျှို့ဝှက်အသံပို့ဆောင်မှုနှင့်ပြောရန် တိုင်ပင်ခဲ့သည့်အချိန်တွင် သူသဘောတူခဲ့သည် မဟုတ်ပေလော။ ထိုအချိန်တွင် လီချုံးကတော့ အံ့ဩမှင်တက်နေခဲ့၏။
ဓားသွားအမာရွတ်က အားရပါးရ ရယ်လိုက်သည့်အချိန်တွင် သူ၏လှုပ်ရှားမှုနှင့်အတူ မျက်နှာပေါ်၌ ရှိနေသော အဆီများက လှုပ်ရှားလာခဲ့သည်။ နောက်ဆုံးတွင်တော့ သူက မုန့်ချီကို လှည့်ကြည့်လိုက်သော်လည်း သူ၏မျက်လုံးထဲတွင် လေးစားမှုများ မရှိချေ။
မုန့်ချီက ရုပ်ကလေးချောပြီး တက်ကြွသည့် အမူအရာမျိုး ရှိနေသည့်အပြင် သူ၏အပြုံးက တခြားလူများကို ကူးသွားစေနိုင်သည်။ သူ့ပုံစံက ဆောင်းရာသီ နေရောင်ခြည်အောက်တွင် ရောက်နေသလို ထင်မှတ်ရသည်။
"ကျင်းအင်ပါယာထဲမှာရှိတဲ့ နိုင်ငံသားတစ်ယောက်လား... "
ဓားသွားအမာရွတ်က ရယ်လိုက်၏။
သိုင်းလောကထဲတွင် နှစ်ပေါင်းများစွာ လှည့်ပတ်တိုက်ခိုက်နေပြီးနောက် ယခုလို စိတ်နေစိတ်ထားမျိုး ရှိနေသော လူတစ်ယောက်ကို လုံးဝ မတွေ့ဖူးချေ။ သူက မုန့်ချီကို စိတ်မဝင်စားဘဲ သူ့အသံက အလွန်အေးစက်နေသည်။ သူ၏အေးတိအေးစက် မျက်လုံးထဲတွင်လည်း ရက်စက်ကြမ်းကြုတ်မှုများ ထွက်ပေါ်လာနေ၏။
ရုတ်တရက်ဆိုသလို သူ့မျက်စိရှေ့တွင် ရှိနေသော အရာအားလုံးက မှောင်မည်းသွားသလို ခံစားလိုက်ရပြီး လူဆိုးထိန်းညီလေးစုလည်း ပျောက်ကွယ်သွားသည်။
သူ၏ပတ်ဝန်းကျင်က နံရံတွင် အပေါက်များ ပြည့်နေသော အခန်းပျက်လေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ကုတင်ပေါ်တွင်တော့ စုတ်ပြတ်နေသော အိပ်ယာလေးတစ်ခုသာ ရှိ၏။ ထိုမြင်ကွင်းက သူနှင့် အလွန်ရင်းနှီးနေသည့်အတွက် ပျောက်ကွယ်နေသော အကြောက်တရားများက သူ့ရင်ထဲတွင် နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့သည်။
သူက နာနာကျင်ကျင် အော်ဟစ်လိုက်၏။
"ငါ့ကို ကူညီပေးကြပါဦး... "
"မင်းက တော်တော်လေးကို နူးညံ့တာပဲ ။ ခေါင်းမာပြီး ရက်စက်ကြမ်းကြုတ်တယ်... ။ မင်းက ငါ့အကြိုက်ပုံစံပဲ…"
ထိုအသံက ဘဝတစ်ဝက်နီးပါးခန့် သူ့အနားတွင် ကြားနေရသော အသံဖြစ်သည်။ ရန်းရှမှ ယခင်လူဆိုးခေါင်းဆောင်က သူ့ခန္ဓာကိုယ်ကို အပေါ်မှ ဖိထားခဲ့သည်။ သူ၏ပါးစပ်နှင့် လက် (၂) ဖက်ကိုလည်း ချုပ်ထားသည့်အတွက် ဓားသွားအမာရွတ်၏ ရုန်းကန်မှုများက အချည်းနှီးသာ ဖြစ်၏။ သူကတော့ အရှက်ကွဲမှုကို ခံစားနေရပြီး နာကျင်မှုကြောင့် သေဆုံးသွားရန်သာ မျှော်လင့်နေခဲ့ရသည်။
သူ၏အရေပြားပေါ်တွင်လည်း ဒဏ်ရာမရှိသည့်နေရာ တစ်ခုမျှမကျန်တော့သလို ခံစားနေရ၏။ သူက ရှေ့တည့်တည့်သို့ မှင်တက်စွာ စိုက်ကြည့်နေမိသည်။ ရုတ်တရက်ဆိုသလို တံခါးမှနေ၍ တစ်စုံတစ်ယောက်က လှမ်းကြည့်နေကြောင်း ခံစားလိုက်ရ၏။
ထိုလူက သန့်ရှင်းစင်ကြယ်ပြီး သူ့အပြုံးလေးက သန့်စင်သည်။ သူ့မျက်လုံးများက အေးစက်နေခြင်း မရှိသော်လည်း ခံစားချက် တစ်စွန်းတစ်စမျှ ပါဝင်နေခြင်း မရှိချေ။ သူက ဆိုးရွားလွန်းလှသော လူသားကမ္ဘာကြီးကို စိတ်ဝင်တစား ကြည့်နေသည့် သူတော်စင်တစ်ပါးပမာ ထင်မှတ်ရသည်။
နာကျင်မှုကို ခံစားလိုက်ရပြီးနောက် သူက သတိလစ်သွားခဲ့၏။ သူနိုးထလာသည့် အချိန်တိုင်း သူ့ဆီ၌ စွမ်းအားရှိလာသည်နှင့် ယောကျ်ားအချင်းချင်း သဘောကျသော လူတိုင်းကို သတ်ပစ်မည်ဟု ကြုံးဝါးထားခဲ့သည်။ ထို့ကြောင့်လည်း သူက တခြားလူများအပေါ် ကြမ်းတမ်းရက်စက်လာပြီး သူ့ကိုယ်သူ ပို၍ အလေးထားလိုက်ခြင်း ဖြစ်သည်။
သူက လူဆိုးခေါင်းဆောင်၏ အခွင့်အရေးပေးမှုကြောင့် လူဆိုးအဖွဲ့၏ သိုင်းပညာများကို တိတ်တဆိတ် သင်ကြားခွင့်ရခဲ့သည်။ တဖြည်းဖြည်းနှင့် သူ့ကို အမှောင်ထဲတွင် တိတ်တဆိတ် သတ်ပစ်နိုင်ခဲ့သည်။ ဓားသွားအမာရွတ်က သူနှင့်အတူ လမ်းတလျှောက်လုံး တိုက်ခိုက်လာခဲ့သော အဖွဲ့သားများကို ကြည့်လိုက်၏။ သူတို့က သူ့ကို သတ်ချင်နေသည်ဟု သူလည်း မယုံကြည်နိုင်ခဲ့ပေ။
ဓားတစ်လက်က သူ့ဗိုက်ထဲသို့ တိုးဝင်လာပြီး သူ၏အစာအိမ်နှင့် အူများကို မွှေနှောက် ဖျက်ဆီးလိုက်သည်။ မခံမရပ်နိုင်သော နာကျင်မှုတစ်ခုက ခေါင်းထဲသို့ ရောက်လာခဲ့၏။ သံဓားတစ်ချောင်းက သူ့မျက်နှာကို လှီးပစ်လိုက်ပြီး မျက်နှာပေါ်တွင် အရမ်းကြီးမားသော အမာရွတ်ကြီးတစ်ခု ပေါ်လာသည်။
"မင်းကို သူဌေးလုပ်ဖို့ ဘယ်သူက အခွင့်အရေးပေးလို့လဲ... "
သူက သစ္စာဖောက်များ၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့သည်။ ထိုအရာက သူ့ဘဝတွင် စိတ်ဓာတ်အကျဆုံး အချိန်လည်း ဖြစ်၏။ ဆိုးရွားလွန်းလှသည့်အတွက် သူက ထိုအရာကို တွေးပင် မတွေးရဲခဲ့ပေ။
ရုတ်တရက်ဆိုသလို သူ့ဆီသို့ လျှောက်လာသော ခြေသံတစ်ခုကို ကြားလိုက်ရသည်။ စာသင်သားတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော သက်လတ်ပိုင်း လူကြီးတစ်ယောက်က အမှောင်ထဲမှ ထွက်လာခဲ့၏။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော သစ္စာဖောက်များ အပါအဝင် အရာအားလုံးကတော့ အေးခဲသွားသလို ထင်မှတ်ရသည်။
"မင်းက အသက်ရှင်ချင်လား... ။ မင်းက အစစ်အမှန် နတ်ဘုရားစွမ်းရည်ကို သင်ချင်လား... "
ထိုလူက ဓားသွားအမာရွတ်၏ နားထဲသို့ တီးတိုးပြောလိုက်သည်။
ထိုလူက ဗုဒ္ဓကျမ်းစာများထဲတွင် ဖော်ပြထားခဲ့သော ကောင်းကင်ဖျက် မကောင်းဆိုးဝါး တစ်ကောင်ဟု ဓားသွားအမာရွတ်က သတ်မှတ်ထားသည်။ သူ့ကို ငြင်းဆန်ခွင့်မရနိုင်အောင် လုပ်ဆောင်ထားခြင်းဖြစ်၏။
"ကျွန်တော် ဆန္ဒရှိပါတယ်... "
သူပြောလိုက်သည့် အချိန်တွင် သက်လတ်ပိုင်း စာသင်သား၏ အနောက်ဘက်တွင် ရှိနေသော လူငယ်ကို သတိထားမိခဲ့သည်။
သူ့ပုံစံက အလွန်သန့်ရှင်းနေပြီး အပြစ်ကင်းစင်သော အပြုံးလေးတစ်ခု ရှိနေသည်။ သူက ဓားသွားအမာရွတ်ကို ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်နေပြီး လူသားကမ္ဘာကြီးထဲမှ မဟုတ်သော လူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ ထို့ကြောင့် သူကိုယ်တိုင်ကပင် ခံစားချက်များ ကူးစက်လာရသည်။
မျက်စိတမှိတ်အတွင်း သစ္စာဖောက်များ အားလုံးက အလောင်းများကဲ့သို့ဖြစ်သွားပြီး သိုင်းပညာတစ်စိတ်တစ်ပိုင်းကလည်း သူ့ခေါင်းထဲကို ရောက်လာခဲ့သည်။ သူက ထိုသိုင်းပညာကို လေ့ကျင့်လိုက်သည့်အချိန်တိုင်း နာကျင်မှုများ ရရှိခဲ့၏။
သူ၏စိတ်ဓာတ်ကလည်း ဆက်တိုက် ပြိုကျလုနီးနီး အခြေအနေကို ရောက်နေခဲ့သည်။ သူက အလွန်ခက်ခဲသော အချိန်ကာလကို မည်သို့ အသက်ရှင်နိုင်ခဲ့ကြောင်း ဓားသွားအမာရွတ်ကပင် မသိခဲ့ပေ။
သူ့မျက်စိရှေ့တွင် သူ့ဘဝကြီးက ပြန်ပေါ်လာခဲ့၏။ သို့သော် သူက ထိုအရာကို ပြောင်းလဲရန် အစွမ်းမရှိခဲ့ပေ။ အရာအားလုံးက ကံကြမ္မာအတိုင်းသာ ဆက်လက် ဖြစ်ပေါ်နေခဲ့သည်။
အစွမ်းထက်ခြင်း ၊ မိန်းမလှလေးများနှင့် လူသတ်သမားများအားလုံးက တခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။ သူ ခံစားနေရသော နာကျင်မှုနှင့် စိတ်ဓာတ်ကျမှုများကတော့ ရှင်းရှင်းလင်းလင်းကို ရှိနေသေး၏။ သူက ထိုအရာကိုသာ အကြိမ်ပေါင်းများစွာ ခံစားနေရသည်။
သူက နှိပ်စက်ခံခဲ့ရသော နေ့ရက်များကို ပြန်ရောက်သွားသည့် အချိန်တိုင်း လူငယ်က သူ့ကို အေးစက်စွာ စိုက်ကြည့်နေကြောင်း မြင်နေရ၏။ ထိုလူငယ်က သူ၏နာကျင်မှု အကြောင်းပြချက်တစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။
သူက နောက်ထပ် ခံနိုင်ရည်မရှိတော့ဘဲ ပြိုလဲကျတော့မည့်အချိန်တွင် နာကျင်မှုက အဆုံးသတ်ကို ရောက်သွားပုံပေါ်သည်။ သူ့ကို အထက်တန်းလွှာ မိသားစုများနှင့် ဂိုဏ်းများက ထောက်ပံ့ပေးလာကြပြီး ရန်းရှတွင် လူဆိုးခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့သည်။
သူက ကြောက်စရာကောင်းသော သိုင်းပညာကို ဆက်လက်လေ့ကျင့်ရန် မလိုအပ်တော့ပေ။ ထိုအချိန်ကျမှသာ သူ ငယ်ရွယ်စဉ်အချိန်တွင် ကြုံတွေ့ခဲ့ရသော အရာများကို ဖယ်ထုတ်နိုင်ခဲ့သည်။ သူကတော့ အလွန်လှပသော မိန်းမပျိုလေးများ ပိုင်ဆိုင်လာပြီး ငယ်ရွယ်စဉ်အချိန်တွင် လုပ်ချင်ခဲ့သော အရာအားလုံးကို လုပ်ဆောင်နေခဲ့သည်။
ထိုအချိန်တွင် လူတစ်ယောက်က တံခါးကို တွန်းဖွင့်လိုက်သည်။ ထိုအရာကတော့ အလွန်ချောမောခန့်ညားပြီး အပြစ်ကင်းစင်သော အပြုံးတစ်ခုရှိနေသည့် လူငယ်လေးတစ်ယောက် ဖြစ်သည်။ ထိုလူငယ်လေးက သူ့ဘဝတစ်ခုလုံးကို ဖောက်ထွင်းမြင်နိုင်သလို ထင်မှတ်ရ၏။
သူက ချက်ချင်းပင် နာနာကျင်ကျင် အော်ဟစ်လိုက်သည်။ အလွန်လှပသော မိန်းမပျိုလေးများကလည်း ကြွက်သားများ ပြည့်နေသော လူသန်ကြီးများအဖြစ် ပြောင်းလဲပြီး သူ့ကို အပ်များနှင့် ထိုးနေခဲ့သည်။ သူက သိုင်းပညာများကို အသုံးပြုရန် ကြိုးစားလိုက်သည့်အချိန်တွင် လေ့ကျင့်နေစဉ် အတောအတွင်း ခံစားခဲ့ရသည့် နာကျင်မှုများသာ ကြုံလိုက်ရသည်။
အရာအားလုံးက အံ့အားသင့်ဖွယ် ပျောက်ကွယ်သွားခဲ့ပြီး သူကတော့ ငရဲထဲတွင် နောက်တစ်ကြိမ် ကျန်နေခဲ့သည်။ သူ့ရှေ့တွင် ရှိနေသော အရာအားလုံးက နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး သူက နံရံတွင် အပေါက်များပြည့်နေသည့် အခန်းပျက်လေးထဲကို ပြန်ရောက်သွားကြောင်း တွေ့လိုက်ရပြန်သည်။ ကုတင်ပေါ်တွင်တော့ စုတ်ပြတ်နေသော အိပ်ယာလေးတစ်ခုသာ ရှိ၏။
"မင်းက တော်တော်လေးကို နူးညံ့တာပဲ ။ ခေါင်းမာပြီး ရက်စက်ကြမ်းကြုတ်တယ်..။ မင်းက ငါ့အကြိုက်ပဲ…"
"မဟုတ်ဘူး... "
ထိုမြင်ကွင်းက သူ့မျက်စိရှေ့တွင် ဆက်တိုက် ကြိမ်ဖန်များစွာ ပြန်ပေါ်လာနေပြီး အဆုံးမရှိသည့် သံသရာကမ္ဘာကြီးထဲတွင် ပိတ်မိနေခဲ့သည်။ ဓားသွားအမာရွတ်က လုံးဝကို ပျက်စီးသွားခဲ့ရ၏။
သူ၏မျက်နှာပေါ်မှ မျက်ရည်များ စီးကျလာနေသည်။ သူကတော့ အလွန်ကြောက်လန့်နေသည့်အတွက် အိပ်ရာပေါ်တွင်ပင် သေးပေါက်ချမိခဲ့သည်။ ညှီစို့စို့ ရနံ့ကြီးများလည်း ပျံ့နှံ့လာခဲ့၏။
သူက ခန္ဓာကိုယ်ကြီးကို ဘောလုံးတစ်လုံးကဲ့သို့ ခွေခေါက်လိုက်သည့်အချိန်တွင် သူ၏အလေးချိန်ကြောင့် အိပ်ရာကပင် ကွေးသွားခဲ့သည်။ သူ၏လည်ပင်းကိုလည်း ချုပ်နှောင်ခံထားရသည့်အတွက် အော်သံပင် ထွက်မလာနိုင်ခဲ့ပေ။
ဓားသွားအမာရွတ်က သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော မုန့်ချီကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူက ရှေ့တည့်တည့်တွင် ထိုင်နေပြီး သူ့ကို အပြုံးနှင့် စိုက်ကြည့်နေသည်။
"မဟုတ်ဘူး... ။ မလုပ်နဲ့... "
သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းပင် မရှိတော့ပဲ အိပ်ရာပေါ်တွင် ပို၍ကြောက်လန့်စွာ ခွေနေမိသည်။ သူ့အတွက်တော့ မုန့်ချီက လူသားဝတ်စုံ ဝတ်ဆင်ထားသော ကောင်းကင်ဖျက် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သည်။
သူ့အော်သံက ကျယ်လောင်မှု မရှိသည့်အတွက် အပြင်ဘက်တွင် ရှိနေသော အစောင့်များကို ဆွဲဆောင်ရန် မလုံလောက်ပေ။ ဇာပုဝါလေးသာ ဝတ်ဆင်ထားသော မိန်းမပျိုများကလည်း အလွန်ထိတ်လန့်သွားကြပြီး တချို့ကတော့ သတိလစ်သွားကြ၏။ သို့သော် ထူးဆန်းသည့်အတွက် တစ်ယောက်မျှအော်ဟစ်ပြီး အကူအညီ တောင်းခံခဲ့ခြင်း မရှိချေ။
လီချုံးကလည်း ပါးစပ်အဟောင်းသားဖြစ်နေပြီး ဓားသွားအမာရွတ်က ဘာကြောင့် ရုတ်တရက် နေမကောင်း ဖြစ်သွားကြောင်း သူလည်း နားမလည်နိုင်တော့ပေ။ သူ၏မျက်နှာပေါ်တွင် မျက်ရည်များ ၊ နှပ်များ ပြည့်နှက်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေခဲ့၏။
အိပ်ရာပေါ်တွင်ပင် သွေးပေါက်ချထားသည့်အတွက် အဝါရောင်များ ရွှဲစိုနေပြီး ဆိုးရွားသော ရနံ့ကြီးတစ်ခု ထွက်ပေါ်လာနေသည်။ လုံးဝကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားသည့်အတွက် ဓားသွားအမာရွတ်က မုန့်ချီကို ကြောက်လန့်တကြား ကြည့်နေမိသည်။
မုန့်ချီကတော့ ဓားလက်ကိုင်ပေါ်သို့ အေးအေးဆေးဆေးတင်ထားပြီး အပြုံးနှင့် ပြောလိုက်သည်။
"သူဌေးရန် …
လှေထိုးသားက ဘယ်နေရာမှာလဲ... "
"သူက သေသွားပြီ ။ ငါ သူ့ကို သတ်လိုက်တာ ... "
ဓားသွားအမာရွတ်က တုန်တုန်ယင်ယင်နှင့် ပြန်ဖြေလိုက်သည်။ သူက ထိုနတ်ဆိုးကို အဝေးသို့ ထွက်သွားစေချင်နေပုံရ၏။
ထိတ်လန့်နေရာမှ သတိပြန်ဝင်လာပြီးနောက် လီချုံးက ဓားသွားအမာရွတ် အနားယူခွင့်ရရန် မုန့်ချီကို အဝေးသို့ ခေါ်သွားချင်ခဲ့သည်။ သို့သော် သူက ထိုကဲ့သို့ အဖြေတစ်ခုကို ကြားလိုက်ရ၏။ ထို့ကြောင့် သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်လိုက်ရသည်။
ဓားသွားအမာရွတ်က သူ့ခေါင်းကို လက်နှင့်အုပ်ပြီး မုန့်ချီကို စိုက်ကြည့်နေသည့်အချိန်တွင် သူက အပြုံးနှင့် ထပ်မေးလိုက်သည်။
"ဘာလို့ မင်းက သူ့ကို သတ်လိုက်ရတာလဲ... "
"အဲ အဲ အဲဒါက အဘိုးကြီးကျုံးရဲ့အမိန့်ပါ... ။ ကျွန်တော် ကျွန်တော်က တိတိကျကျ မသိပါဘူး... "
ဓားသွားအမာရွတ်က လုံးဝကို စိတ်ဓာတ်ကျနေသည့်အတွက် မေးခွန်းတိုင်းကို ရိုးရိုးသားသား ပြန်ဖြေနေခဲ့သည်။
"အဘိုးကြီးကျုံး... "
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။ သူက ထိုနာမည်ကို အမှုဖိုင်တွဲထဲတွင် မတွေ့ခဲ့ရပေ။
တစ်ဖက်တွင်တော့ လီချုံး၏အမူအရာက သသိသာသာကို ပြောင်းလဲသွားခဲ့၏။ အဘိုးကြီးကျုံးဟူသည်မှာ အလွန်ကြောက်စရာကောင်းသော မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ ထင်မှတ်ရသည်။
"မင်းက အဘိုးကြီးကျုံးနဲ့ ပတ်သက်ပြီး ဘာတွေသိထားလဲ... "
မုန့်ချီက မေးလိုက်၏။
ဓားသွားအမာရွတ်က တုန်တုန်ယင်ယင်နှင့် ပြန်ဖြေလိုက်သည်။
"ဘာမှမသိပါဘူး..။ သူက အရမ်းကြောက်စရာကောင်းတယ်လို့ပဲ သိထားတယ်..။ သူက ကျွန်တော့်ကို တစ်ကြိမ် ကူညီပေးထားတဲ့အတွက် သူ့ရဲ့ကျေးဇူးကို ပြန်ဆပ်မယ်လို့ ပြောထားမိခဲ့ပါတယ်..။ ဒါကြောင့် သူ့အမိန့်ကို မငြင်းဆန်ရဲဘူး... "
မုန့်ချီ၏ မျက်နှာပေါ်ရှိ အပြုံးလေးကတော့ မူလတုန်းကအတိုင်း အပြစ်ကင်းစင်နေသေးသည်။
"မင်းက သူ့ကို ဘယ်လိုကူညီခဲ့တာလဲ... ။ ပြီးတော့ လှေထိုးသားက ဘာတွေမြင်ခဲ့တာလဲ... "
"လူဆိုးထိန်းကိုင်က ချိုးမိသားစုရဲ့သင်္ဘောပေါ်ကနေ ဆင်းလာပြီး မြစ်ထဲကို ခုန်ချသွားတာကို သူမြင်ခဲ့တယ်...။ ပြီးတော့ ကမ်းခြေဆီ ကူးသွားတာပဲ ။ နောက်ဆုံးမှာတော့ သူက အဝေးမှာ ရှိနေတဲ့ အုတ်ဂူတွေဆီကို လျှောက်သွားခဲ့တယ်..။ လှေထိုးသားက သူ့ကိုဖြတ်သွားခဲ့တဲ့အချိန်မှာ လူဆိုးထိန်းကိုင်က တော်တော်လေးကို အလျင်လိုနေတဲ့အတွက် သူတို့က တိုက်မိသွားပြီး သူတို့ (၂) ယောက်လုံး မြေပေါ်ကို လဲကျသွားတယ်... ။ ဒါပေမယ့် လူဆိုးထိန်းကိုင်က အသက်မရှုတော့တာကို လှေထိုးသားက နားလည်သွားတယ်... ။ သူ့ရဲ့ရုပ်ရည်ကို ကြည့်ရတာ အခုမှသေသွားသလိုပဲ ။ ဒါပေမယ့် သူ့ဆီကနေ အပုပ်နံ့တွေ ရနေတယ်... "
မုန့်ချီ၏အပြုံးက ပို၍ အပြစ်ကင်းစင်လေလေ ဓားသွားအမာရွတ်က ပို၍ ကြောက်လန့်လေလေ ဖြစ်သည်။
"လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) လောက်မှာ အဘိုးကြီးကျုံးက ကျွန်တော့်အသက်ကို တစ်ကြိမ်ကယ်ခဲ့ဖူးတယ်... "
“ရန်းရှမှာရှိတဲ့ ချိုးမိသားစု ..”
ထိုအချက်အလက်ကိုလည်း အမှုတွဲထဲတွင် မှတ်တမ်းတင်ထားခြင်း မရှိချေ။ ထို့ကြောင့် မစုံစမ်းရသေးကြောင်း ပြသနေသည်။ ဓားသွားအမာရွတ်က သူ့ရှေ့တွင် ရှိနေသော လူဆိုးထိန်းများကို နှောင့်ယှက်ခဲ့ကြောင်း မုန့်ချီက ယုံကြည်နေသည်။
လီချုံးကတော့ တံတွေးကိုပင် ခက်ခက်ခဲခဲ မျိုချလိုက်ရ၏။ ထိုဖြစ်စဉ်က တဖြည်းဖြည်း ပို၍ဆိုးရွားလာသည်။ ထိုဖြစ်စဉ်တွင် အဘိုးကြီးကျုံး ပါဝင်ပတ်သက်နေသည့်အပြင် ချိုးမိသားစုလည်း ပါဝင်ပတ်သက်နေ၏။ ဓားသွားအမာရွတ်က ယခင်တုန်းကကဲ့သို့ ပါးစပ်ပိတ်နေရန် သူတကယ် မျှော်လင့်နေခဲ့သည်။
မုန့်ချီက ဓားသွားအမာရွတ်ကို နောက်ထပ် မေးခွန်းအနည်းငယ် မေးလိုက်ပြီး အပြုံးနှင့် နှစ်သိမ့်လိုက်သည်။
"အခု ငါက မင်းကို ပြဿနာမရှာတော့ဘူး သူဌေးရန်..။ မင်းက နေမကောင်းဖြစ်နေမှတော့ သမားတော်တစ်ယောက်ကို ရှာသင့်တယ်... ။ မင်းက ဆေးကုရမှာကြောက်တဲ့အတွက် ပုန်းနေလို့တော့ မရဘူး... "
လီချုံးကလည်း မုန့်ချီ၏အနောက်မှလိုက်၍ အခန်းထဲမှ ထွက်လာခဲ့သည်။ အပြင်ဘက်တွင်တော့ သူက ဓားသွားအမာရွတ်၏ ဝမ်းသာအားရ အော်ဟစ်သံကြီးကို ကြားလိုက်ရသည့်အခါ ပို၍ပင် ရှုပ်ထွေးသွားခဲ့သည်။
"မင်းက ငါ့ကို လက်သုတ်ပုဝါတစ်ထည်လို့ ထင်နေတာလား..။ သူ့ကို မေးခွန်းထုတ်နေတဲ့အချိန်မှာ ငါက ပါးစပ်ပိတ်ထားရမှာလား... ။ အဲဒါကမှ ပိုပြီးကြောက်စရာကောင်းတယ်လို့ ထင်တယ်... "
မုန့်ချီက ရုတ်တရက် ပြောလိုက်သည်။
ထိုသို့ဆိုလျှင် သူ့ပုံစံက သိမ်မွေ့ညင်သာပုံရသော်လည်း ရက်စက်ကြမ်းကြုတ်သလို ထင်မှတ်ရသည်။
"ဟမ်... မင်းက လက်သုတ်ပုဝါတစ်ထည်လိုချင်လို့လား လူဆိုးထိန်းညီလေးစု..။ ငါက ဈေးဆိုင်တွေ အများကြီးသိတယ်... "
လီချုံးက ပြန်ပြောလိုက်၏။ ထို့နောက် သူက ဓားသွားအမာရွတ်၏ အခန်းကို လှည့်ကြည့်ပြီး သက်ပြင်းချလိုက်သည်။
"ဓားသွားအမာရွတ်က လျှို့ဝှက်နာမကျန်းဖြစ်နေမယ်လို့ မထင်ဘူး... ။ ဘာလို့ သူက ဒီလိုမျိုးဖြစ်သွားတာလဲလို့ အံ့ဩနေတာ...။ ဒါပေမယ့် သူက နေမကောင်းဖြစ်နေတဲ့အတွက် ခေါင်းထဲမှာ ရှုပ်ထွေးသွားတာ ကံကောင်းသွားတယ်...။ မဟုတ်ရင် ငါတို့က အသုံးဝင်တဲ့ အချက်အလက်တွေ ရမှာမဟုတ်ဘူး... "
ဓားသွားအမာရွတ်ကို ပြဿနာရှာသည်မှာ ကောင်းမွန်သောအရာတစ်ခု မဟုတ်ချေ။ ထိုလူက ရန်းရှတွင် ရှိနေသော ယပ်တောင် (၆) လက်ကျောင်း၏ လူဆိုးထိန်းအားလုံးထက် ပို၍ အစွမ်းထက်သည်။ သူက သက်ပြင်းချလိုက်မိသည့်အချိန်တွင် မုန့်ချီက မြန်မြန်လျှောက်သွားကြောင်း တွေ့လိုက်ရသည်။
"လူဆိုးထိန်းညီလေးစု …ငါ့ကို စောင့်ပါဦး... "
မုန့်ချီက ကောင်းကင်ကြီးပေါ်ကို မော့ကြည့်ပြီး အလွန်ဝမ်းနည်းနေသလို ခံစားနေရသည်။ သူက အခန်းထဲသို့ ရောက်လာသည့်အချိန်တွင် အင်မော်တယ်ဖိနှိပ်ခြင်း ကျင့်စဉ်ကိုသုံးပြီး ရန်သူကို စစ်ဆေးရန် ချီစွမ်းအင်များကို အသုံးပြုခဲ့သည်။
ထိုအချိန်တွင် ချီစွမ်းအင်များက ဓားသွားအမာရွတ်၏ ခန္ဓာကိုယ်ထဲသို့ ချောမွေ့စွာ ရောက်ရှိသွားပြီး အားနည်းချက်များ ပြသခဲ့ခြင်း မရှိချေ။ ထို့ပြင် ဓားသွားအမာရွတ်၏ ချီစွမ်းအင်များက အမြဲလိုလို ပြောင်းလဲနေပြီး သူ၏လှုပ်ရှားမှုကို တခြားလူများ ခန့်မှန်း၍ မရအောင် တားဆီးထားသည်။
သူ၏သိုင်းပညာကလည်း တံခါး (၉) ပေါက်အဆင့်ကို ရောက်နေပြီး သာမာန်သိုင်းပညာတစ်ခု မဟုတ်ပေ။ ထို့ကြောင့်လည်း သူက လွန်ခဲ့သော (၁၀)နှစ်ခန့်တွင် လူငယ်မှတ်တမ်း၌ ထိပ်ဆုံးအယောက် (၃၀) ထဲဝင်နိုင်သည်ဟု ပြောခဲ့ကြခြင်း ဖြစ်သည်။
အကယ်၍ မုန့်ချီကသာ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကိုသုံးပြီး သူ၏လုပ်ရပ်ကို ထိန်းချုပ်ခဲ့ခြင်း မရှိလျှင် ဓားသွားအမာရွတ်က သူ၏အစစ်အမှန်ကျင့်စဉ်ကို သေချာ နားလည်သွားပါလိမ့်မည်။
အကယ်၍ သူကသာ တိုက်ခိုက်ရမည်ဆိုလျှင် ဓားသွားအမာရွတ်ကို အနိုင်ရရန်အတွက် ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခုကိုသုံးရန် လိုအပ်သည်။ ထို့ပြင် တစ်ဖက်လူက ပူးပေါင်းနိုင်ခြင်း မရှိသည့်အတွက် စုံစမ်းစစ်ဆေးမှုက ဤနေရာတွင် ပြီးဆုံးသွားနိုင်၏။
ဓားသွားအမာရွတ်က လှေထိုးသားကို ဖွက်ထားပြီး ရောက်လာသော လူဆိုးထိန်းများ၏ လက်ထဲသို့ မပေးခဲ့ပေ။ ထို့ကြောင့်လည်း မည်သည့်သဲလွန်စမျှ မရခဲ့ခြင်း ဖြစ်၏။
သို့သော် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော ဓားသွားအမာရွတ်က သူ့ကို တွေ့သည့်အချိန်တွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားခြင်း မရှိချေ။ ထိုအရာက သူ့အတွက် အခွင့်ကောင်းတစ်ခုဖြစ်ကြောင်း မုန့်ချီက သိနေ၏။
ထို့ကြောင့်လည်း သူက လှုပ်ရှားခြင်းပင်လယ် မြေပြင်ဖျက်ဆီးကျင့်စဉ်၏ အစွမ်းကိုသုံး၍ သူ့ဆီတွင် အဖိုးတန်သော အချက်အလက်များရှိမရှိ စစ်ဆေးကြည့်လိုက်ခြင်း ဖြစ်သည်။
အနတ္တကျိန်စာဖျက် ဓားပညာကို လေ့ကျင့်ထားသည့် အတွေ့အကြုံကြောင့် မုန့်ချီက ထိုစွမ်းအား၏ အခြေခံအဆင့်ကို တစ်လခန့်အတွင်း နားလည်ခဲ့သည်။ သူက တစ်ဖက်လူ၏ ခေါင်းထဲတွင် ရှိနေသော အတိတ်မှတ်ဉာဏ်များနှင့် ကျင့်ကြံမှုများကို ဖော်ထုတ်ရန် ဝေးကွာနေသေးသော်လည်း တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကိုသုံး၍ သူ၏ဆိုးရွားသော မှတ်ဉာဏ်များကို ပြန်လည်ဖော်ထုတ်၍ ရနိုင်သည်။
ထိုအရာကို အကြိမ်ပေါင်းများစွာ ပြန်ပေါ်လာအောင် လုပ်ဆောင်နိုင်စွမ်း ရှိ၏။ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်၏ အစွမ်းကို သုံးထားသည့်အချိန်တွင် တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်၏အစွမ်းက တစ်ဝက်သာ အသုံးပြုရသည်။
သို့သော် သူ၏ကျင့်ကြံမှု အားနည်းနေခြင်းကြောင့် သူက ပို၍ကြောက်စရာ ကောင်းသော ရန်သူများနှင့် ရင်ဆိုင်ရာတွင် တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်ကို ပြည့်ပြည့်ဝဝ အသုံးချရန်အတွက် ပို၍လေ့ကျင့်ရန် လိုအပ်နေသေးသည်။
Translated by Hein Htet.