← Chapters

အခန်း (၂၆၄)

Vol. 18 Ch. 264

အခန်း (၂၆၄)

Vol. 18 Ch. 264

ဓားသွားအမာရွတ်၏ နေအိမ်အပြင်ဘက်တွင် …

လီချုံးက တစ်စုံတစ်ခု ပြောချင်နေသော်လည်း လူဆိုးထိန်း ညီလေးစုက သူ့ကို အပြုံးနှင့် တားဆီးလိုက်သည်။

"လူဆိုးထိန်းလီ …

ကျွန်တော်က အရသာရှိတဲ့ စားစရာတွေကို ဘယ်နေရာမှာ သွားစားလို့ရလဲ။ ကျွန်တော်တို့က ဒီအမှုအကြောင်း စကားပြောရင်း အရက်သောက်ကြမလား…"

ထိုအရာက လီချုံး လုပ်ချင်နေခဲ့သော အရာတစ်ခုလည်းဖြစ်သည်။ ရှုံ့မဲ့နေသော သူ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့၏။

"မင်းက တကယ့်ကို လူမှန် ရှာတွေ့သွားတာပဲ လူဆိုးထိန်း ညီလေးစု …။ ငါတို့ရဲ့ ရုံးထဲမှာ ငါတစ်ယောက်တည်းပဲ ရန်းရှမှာရှိတဲ့ စားသောက်ဖွယ်ရာတွေ အကြောင်းကို အများကြီး သိထားတာ။ ပိုင်လမ်းမပေါ်မှာရှိတဲ့ ငါးနဲ့ဆိတ်သားစားသောက်ဆိုင်က အရသာရှိတဲ့ ကျောက်ကျော၊ ကောင်လုံးကင်နဲ့ နာမည်ကျော်သလို ငါးအသားလွှာနဲ့လည်း နာမည်ကျော်ကြားတယ်…”

သူတို့က စကားပြောနေကြရင်း လန်လမ်းမဆီသို့ ချိုးဝင်လာခဲ့သည်။ ထို့နောက် စားသောက်ဆိုင် တစ်ခုကို တွေ့လိုက်ရ၏။ ထိုစားသောက်က အပြင်ဘက်တွင် ပျက်စီးနေပုံရသော်လည်း အတွင်းထဲတွင်တော့ လူပြည့်နေသည်။ ညစာစားချိန် မဟုတ်သော်လည်း လူများ ပြည့်ကြပ်နေခဲ့၏။

လမ်းမတစ်ဖက်တွင် ရှိနေသော ရန်းရှအရက်ဆိုင်နှင့် ယှဉ်လိုက်မည်ဆိုလျှင် ထိုအရာက ပို၍ ကြီးကျယ်ခမ်းနားသည်။ အနောက်ဘက် ခြံဝန်းထဲမှနေ၍ တေးဂီတသံများ ဆက်တိုက်ထွက်ပေါ်လာသည့်အတွက် ထိုအရာက အဆင့်မြင့် စားသောက်ဆိုင်တစ်ခုဟု ဖော်ပြနေသည်။ သို့သော် ယခုတော့ ဧည့်သည် အနည်းငယ်သာ ရှိနေသည့်အတွက် စားပွဲထိုး ကောင်လေးများကပင် စိတ်ဓာတ်ကျနေပုံပေါ်သည်။

"ဒီစားသောက်ဆိုင်က နည်းနည်းသေးတယ်လို့ ထင်ရပေမဲ့ ရန်းရှမှာရှိတဲ့ အရက်သမားအများစုက ဒီနေရာက စားစရာတွေကို အစေခံတွေနဲ့ လွှတ်ပြီး ဝယ်တတ်ကြတယ်။ သူတို့က ရန်းရှအရက်ဆိုင်မှာ အပေါ်ယံစားနေကြပေမဲ့ ဒီနေရာက အရသာရှိတဲ့ စားစရာတွေကို သဘောကျကြတယ်လေ…"

လီချုံးက သူတို့အတွက် စားပွဲအလွတ်တစ်ခုကို လျင်မြန်စွာ ရှာခိုင်းလိုက်သည်။ သူက ပိုင်ရှင်နှင့် ရင်းနှီးနေသော နယ်မြေခံတစ်ယောက် ဖြစ်သည့်အတွက် စားစရာနှင့် သောက်စရာများကလည်း လျင်မြန်စွာ ရောက်လာကြသည်။

မုန့်ချီက ကျောက်ကျောကို အနည်းငယ် စားကြည့်လိုက်သည့်အချိန်တွင် အလွန်အရသာရှိသော ခံစားမှုတစ်ခုက ဗိုက် ၊ ဦးခေါင်းနှင့် စိတ်ဝိညာဉ်ထဲ ထိအောင်ပင် ပျံ့နှံ့ဝင်ရောက်သွားခဲ့သည်။

"တော်တော်လတ်ဆတ်တာပဲ။ ဒီက စားဖိုမှူးက စားသောက်ဆိုင်လေးတွေမှာရှိတဲ့ စားဖိုမှူးတွေထက် ပိုကောင်းတာပဲ.. "

မုန့်ချီကတော့ အရသာရှိသော စားဖွယ်ရာများကြောင့် စိတ်ထဲတွင် လှုပ်ရှားသွားခဲ့ပြီး မရပ်မနား စားနေခဲ့သည်။

အရက်ခွက်ပေါင်းများစွာ သောက်လိုက်ပြီးနောက် လီချုံးက အနည်းငယ် သက်သောင့်သက်သာ ဖြစ်လာသည်။

"လူဆိုးထိန်း ညီလေးစု … ငါတို့က ဘာဆက်လုပ်ကြမလဲ…"

"လူဆိုးထိန်းလီမှာ တစ်ခုခု အကြံပေးစရာများ ရှိလို့လား…"

မုန့်ချီကတော့ သူ့မေးခွန်းကို မဖြေဘဲ သူ့ကို ပြန်မေးလိုက်သည်။

လီချုံးက အရက်သောက်ထားသည့်အတွက် အနည်းငယ် ရဲတင်းနေခဲ့သည်။ သူက လက်ကာပြပြီး ပြောလိုက်၏။

"မင်းက ငါ့ကို တလေးတစား ဆက်ဆံနေပေမဲ့ ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး။ ငါ့ကို အဘိုးကြီးလီလို့ပဲ ခေါ်လို့ရတယ်…"

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး အရက်ခွက်ကို မြှောက်၍ ခွက်ချင်းတိုက်လိုက်သည်။

"ဒါဆိုလည်း ကျွန်တော်က အဘိုးကြီးလီရဲ့ အမိန့်ကို နာခံပါ့မယ်…"

အရက်တစ်အိုး ကုန်သွားပြီးနောက် လီချုံးက ကျေနပ်သွားပုံရသည်။ ထို့နောက် သူက အသံတိုးတိုးနှင့် ပြောလိုက်၏။

"အဘိုးကြီးကျုံးက တော်တော်လေးကို ထူးခြားဆန်းကြယ်တယ်…"

ထိုစကားကို ပြောသည့်အချိန်တွင် သူက တစ်ကိုယ်လုံး တင်းကြပ်နေပုံ ရသည်။

"ဒီကိစ္စတွေက တော်တော်လေး ထူးဆန်းနေကတည်းက ဒီကိစ္စတွေ အားလုံးရဲ့ နောက်ကွယ်မှာ အဘိုးကြီးကျုံး ‌ရှိနေတယ်ဆိုတာ စောစောကတည်းက စဉ်းစားမိရမှာ"

"သူက ခေါင်းမာလို့ လား … "

မုန့်ချီက တည်ငြိမ်စွာ မေးလိုက်သည်။

လီချုံးက အသံတိုးတိုးနှင့် ပြန်ဖြေလိုက်၏။

"အဘိုးကြီးကျုံးက လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) (၃၀)လောက်မှာ ရန်းရှကို ရုတ်တရက် ရောက်လာတာ…။ သူက မြို့အပြင်ဘက်မှာရှိတဲ့ သင်္ချိုင်းမှာနေတယ်။ ပြီးတော့ သိုသိုသိပ်သိပ်ပဲ နေထိုင်တတ်တယ်။ ဒါပေမဲ့ အဲဒါက သင်္ချိုင်းတစ်ခုလေ။ ညအချိန် ဘယ်လောက်ကြောက်စရာ ကောင်းလဲဆိုတာ တွေးကြည့်လိုက်ပေါ့။ တချို့လူတွေကတော့ တစ္ဆေ သရဲ အော်သံတွေကိုတောင် ကြားရတယ်လို့ ပြောကြတယ်…”

“ဒါပေမဲ့ သူကတော့ အဲဒီနေရာမှာ နှစ်ပေါင်း (၂၀)ကျော် နေခဲ့တယ်။ သူကိုယ်တိုင်ကလည်း သက်လတ်ပိုင်း စာသင်သားတစ်ယောက်လို ပိန်ပိန်ပါးပါး အဘိုးကြီးတစ်ယောက် ဖြစ်နေတယ်။ အဲဒါက တော်တော်လေး ထူးဆန်းတယ် မဟုတ်လား…”

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက အဘိုးကြီးကျုံးရဲ့ အိမ်ကို သူခိုးတစ်ယောက် ဝင်ခဲ့တယ်။ သူ ဘာဖြစ်သွားတယ်လို့ ထင်လဲ… ။ သူက လုံးဝကို ရူးသွားခဲ့တာ ။ သူ့လို တံခါး (၈) ပေါက်အဆင့် ပညာရှင်တစ်ယောက်က သူ့မိဘတွေ သေသွားသလိုကို အော်ဟစ်ငိုယိုနေခဲ့တာ။ ပြီးတော့ အဲဒီမှာပဲ စိတ်ဓာတ်တွေ ပျက်သွားခဲ့တယ်။ ဘယ်သူမှ သူ့ကို မတားနိုင်ခဲ့ဘူး…"

"သူက သေသွားခဲ့သေးလား … "

ထိုသူခိုးက စိတ်ဓာတ်ပျက်ပြားသွားသည်ကို စဉ်းစားမိသည့်အခါ မုန့်ချီက ပြန်မေးလိုက်သည်။

"ဟုတ်တယ် …သူ့ကို ဘာမှမမေးရသေးခင် အချုပ်ထဲမှာပဲ သေသွားခဲ့တာ…"

လီချုံးက အရက်ခွက်တစ်ခွက်ကို သောက်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ပြင်ဆင်လိုက်သည်။

"သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရခဲ့တဲ့ အပုပ်နံ့တွေအရ လူဆိုးထိန်းကိုင်က သေနေတာ (၆)လလောက် ရှိနေပြီ။ ဒါပေမဲ့ သူ့ရဲ့အပေါ်ယံရုပ်ရည်နဲ့ လှုပ်ရှားမှုကတော့ သာမန်ပဲ။ ဒါကြောင့် ဒီကိစ္စတစ်ခုလုံးရဲ့ နောက်ကွယ်မှာ အဘိုးကြီးကျုံးရှိနေမယ်လို့ ငါတို့က ခန်းမှန်းမိသင့်တယ်။ သူက သင်္ချိုင်းထဲမှာ နေနေမှတော့ တစ္ဆေသရဲနဲ့ ပတ်သက်တဲ့ သိုင်းပညာတွေကို တတ်မြောက်ထားတာ ဖြစ်နိုင်တယ်… "

"ဒါက အဓိက အချက်ပဲ…"

မုန့်ချီက သူ့စကားကို ထောက်ခံလိုက်သည်။

လီချုံးက သက်ပြင်းချပြီး အရက်ခွက်ကို ပြန်ချလိုက်၏။

"ဒါကြောင့် လူဆိုးထိန်း ညီလေးစု… တကယ်လို့ ငါတို့ကသာ အဘိုးကြီးကျုံးကို စုံစမ်းစစ်ဆေးချင်တယ်ဆိုရင် သေချာ ပြင်ဆင်ထားဖို့ လိုလိမ့်မယ်။ ငါတို့က တခြားသူတွေကိုပါ သတင်းပို့ထားတာ ပိုကောင်းမယ်…"

"အဘိုးကြီးလီက သေချာတွေးထားတာပဲ…"

မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။

"ရန်ရှောင်းက တံခါး(၉)ပေါက် ပွင့်နေပြီး ရန်းရှတစ်ခွင်ကို အုပ်စိုးထားတယ်။ သူက အစွမ်းထက်ပေမဲ့ သူ့မှာ အကြောက်တရားတွေ ရှိတယ်။ ဒါကို ကြည့်ရရင် အဘိုးကြီးကျုံးက တော်တော်လေးကို ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်ဖို့ များတယ်။ သူက သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးတောင် ပွင့်နေပြီး ကောင်းကင်နဲ့ မြေကြီးကြားထဲက တံတားကို တည်ဆောက်ထားနိုင်တယ်။ သူက ဝေ့ကျင်းအဆင့်ကိုတောင် ရောက်နေနိုင်တာမျိုးဖြစ်နိုင်တယ်။ဒါကြောင့် ကျွန်တော်တို့က သူ့ဆီကို မသွားခင်‌ သေချာစဉ်းစားဖို့ လိုလိမ့်မယ်… "

လီချုံး၏ မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နှက်လာသည်။

"အဲဒါက အဓိကအချက်ပဲ။ လူဆိုးထိန်းညီလေးစုက တော်တော်လေးကို ဉာဏ်ကောင်းတာပဲ။ ပြီးတော့ မောက်မာမှုလည်း မရှိဘူး။ သူက လက်အောက်ငယ်သားတွေနဲ့ သူ့အသက်ကိုလည်း တော်တော်လေး အလေးထားတယ်…”

“တကယ်လို့ ကျွန်တော်တို့ကသာ တစ်ယောက်တည်း စုံစမ်းစစ်ဆေးနေမယ်ဆိုရင် အခုချက်ချင်း ရပ်ဖို့ လိုတယ်။ ဒါပေမဲ့ ကျွန်တော်တို့က တရားမျှတမှုကို ထိန်းသိမ်းပြီး နန်းတွင်းအတွက် တာဝန်ထမ်းဆောင်နေမှတော့ ဒီကိစ္စကို ခေါင်းဆောင်သိအောင် သတင်းပို့သင့်တယ်။ ပြီးရင်တော့ လျှို့ဝှက်ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ပူးပေါင်းစုံစမ်းသင့်တယ်… "

မုန့်ချီက အရူးတစ်ယောက် မဟုတ်ချေ။ သူကတော့ သူ့အသက်ကို စတေးရမည့်အစား ယပ်တောင် (၆)လက်ကျောင်း၏ အရည်အချင်းကိုသာ အသုံးချပါလိမ့်မည်။ ယီမြို့ထဲတွင် လူဆိုးထိန်းခေါင်းဆောင် ဟွမ်ကျိချင်က မိသားစုပေါင်းစုံမှ အစွမ်းထက်ပညာရှင်ပေါင်းစုံကို စုစည်းပြီး မကောင်းဆိုးဝါးကိုယ်ပွားကို ဝိုင်းရံတိုက်ခိုက်ခဲ့သည်။

အကယ်၍ အဘိုးကြီးကျုံးကသာ အမှန်အတိုင်း ပြောပြမည်ဆိုလျှင် သူတို့အတွက် အကျိုးရှိသည်ဟု ခံစားမိပါလိမ့်မည်။ အကယ်၍ အဘိုးကြီးကျုံးက ငြင်းဆန်မည် ဆိုလျှင်လည်း သူက သက်သေမရှိတော့သည့် အကြောင်းပြချက်နှင့်အတူ မြောင်လင်မှ တိုက်ရိုက်ထွက်သွား၍ ရနိုင်သည်။

ထို့နောက် သူက မြစ်အရှေ့ပိုင်းတွင် ရှိနေသော သူရဲကောင်းများဆီသို့ သွားလည်ပြီး ကိုယ်ပျောက်ဓားနှင့် အသက်ထိန်းသိမ်းသူတို့ဆီကို သွား၍ ရသည်။

"ငါက တော်တော်လေးကို တာဝန်သိတတ်နေပါလား … "

လီချုံးက သူ့စကားများကြောင့် မှင်တက်သွားခဲ့ပြီး သူ့ကို လက်မထောက်ပြလိုက်သည်။

"ညီလေးပြောတာ ဟုတ်တယ်။ ဒီကိစ္စကို ခေါင်းဆောင်ကျန်းဆီ မြန်မြန် သတင်းပို့ကြစို့။ ဟားဟားဟား … ကောင်းကင်ကြီးက ပြိုကျလာမယ်ဆိုရင် အရပ်ရှည်တဲ့ သူက အရင်ဆုံး ခံရမှာပဲ…”

“စိတ်မပူပါနဲ့ ချိုးမိသားစု အကြောင်းကိုပဲ အရင်ဆုံး စဉ်းစားကြစို့။ ဘာလို့ လူဆိုးထိန်းကိုင်က သူတို့ရဲ့ ‌သင်္ဘောပေါ်ကနေ ဆင်းလာရတာလဲ… "

မုန့်ချီက အလျင်လိုနေခြင်း မရှိသည့်အတွက် လီချုံးက ပို၍ စိတ်အေးနေခဲ့သည်။ သတင်းကြားသည့်အချိန်တွင် အဘိုးကြီးကျုံးက မြန်မြန်ထွက်သွားရန် သူလည်း မျှော်လင့်နေခဲ့၏။

"သူတို့က တစ်ဖွဲ့တည်းလား။ သူတို့က မြောင်လင်မှာ ပြဿနာရှာနေတဲ့အချိန် လူဆိုးထိန်းကိုင် ထွက်လာပြီး သူတို့ရဲ့လှေပေါ် ရှာခဲ့တဲ့အတွက် အသတ်ခံရတာလည်း ဖြစ်နိုင်တယ်။ သူတို့က အဲဒါကို ဖုံးကွယ်ထားဖို့အတွက် အဘိုးကြီးကျုံးရဲ့ စွမ်းရည်ကို သုံးပြီး သူ့ကို ထိန်းချုပ်လိုက်တယ်။ ပြီးတော့ လှေပေါ်ကနေ ဆင်းခိုင်းပြီး အုတ်ဂူထဲမှာ မြေမြှုပ်ဖို့အတွက် ကိုယ်တိုင်သွားခိုင်းတယ်။ သူက ပစ္စည်းခိုးနေတဲ့အချိန်မှာ လှေထိုးသားက သူ့ကို တွေ့သွားတာ ကံဆိုးသွားလို့ပေါ့…"

အတွေ့အကြုံရှိသော လူဆိုးထိန်းတစ်ယောက် ဖြစ်သည့်အတွက် သူက ကျိုးကြောင်းဆီလျော်သော ဇာတ်လမ်းတစ်ပုဒ်ကို ချက်ချင်း ဖန်တီးနိုင်သည်။ သူက တမင်တကာ ရည်ရွယ်ချက်ရှိရှိ အမှားပြောလိုက်ခြင်းဖြစ်ပြီး လူဆိုးထိန်းညီလေးစုက ပြန်လည်ပြင်ဆင်ပေးရန် စောင့်နေခဲ့သည်။ ထိုသို့ဆိုလျှင် သူ့အတွက် အခွင့်ကောင်းတစ်ခု ပေးလိုက်သလို ဖြစ်နိုင်သည်။

မုန့်ချီက ခေါင်းခါပြလိုက်၏။

"သူတို့က တစ်ဖွဲ့တည်းတွေ မဟုတ်ဘူး … "

"ဘယ်လို … "

လီချုံးဆီတွင်လည်း ထိုကဲ့သို့ ခန့်မှန်းမှုတစ်ခု ရှိပြီးသား ဖြစ်သည်။ သို့သော် လူဆိုးထိန်း ညီလေးစုက ထိုအရာကို ခိုင်မာစွာ ပြောဆိုနေသည့်အတွက် သူလည်း အံ့ဩသွားခဲ့၏။

"တကယ်လို့ သူတို့ကသာ အပေါင်းအဖော်တွေဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ကို ရှင်းပစ်ဖို့ ဘာပြဿနာမှ မရှိဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ကို မြစ်အလယ်ခေါင်မှာ ပစ်ချလိုက်ရုံပဲလေ။ ပြီးတော့ လှေထိုးသားက အဲဒါကို မတော်တဆတွေ့သွားမယ်ဆိုရင်တောင် သူတို့က သူ့ကို အဲဒီညမှာပဲ သတ်ပစ်လို့ ရနိုင်တယ်။ ဒါကြောင့် တကယ်လို့ သူတို့က အချင်းချင်း ပူးပေါင်းနေမယ်ဆိုရင်တောင် ဒီကိစ္စတစ်ရပ်လုံးက ဒီလောက်ထိ မရိုးရှင်းဘူး။ သူတို့က ဓားသွားအမာရွတ်ကို ရှင်းပစ်ဖို့လည်း ခိုင်းမှာ မဟုတ်ဘူး… "

လီချုံးက လူဆိုးထိန်း ညီလေးစုကို ကြည့်၍ စဉ်းစားနေခဲ့သည်။ ထို့နောက် သူ့ကို အလေးအနက် သဘောထားလာ၏။ ယခုတော့ ညီလေးစုက သိုင်းပညာအပြင် အမှုဖြေရှင်းမှုနှင့် ပတ်သက်သော စွမ်းရည်များကြောင့် လက်ထောက်လူဆိုးထိန်း တစ်ယောက်ဖြစ်လာကြောင်း သူလည်း နားလည်သွားသည်။ ထို့ကြောင့် သူက ညီလေးစုကို အရူးလုပ်၍ မရနိုင်ပေ။

မုန့်ချီက ငါးအသားလွှာကို စား‌နေရင်း ပြောလိုက်၏။

"တကယ်လို့ သူတို့တွေက အပေါင်းအဖော်တွေ မဟုတ်ခဲ့ရင်တော့ ဒီကိစ္စတစ်ခုလုံးက အဓိပ္ပာယ်ရှိပါတယ်။ အဘိုးကြီးကျုံးရဲ့ထိန်းချုပ်မှုနဲ့ လူဆိုးထိန်းကိုင်က ချိုးမိသားစု လှေထဲကို ခိုးဝင်သွားပြီး ညအချိန် တစ်ခုခုကို စုံစမ်းနေနိုင်တယ်။ ပြီးတော့ နှလုံးခုန်သံမရှိ အသက်ရှူသံမရှိတဲ့ လူ‌သေတစ်ယောက်ကို အလွယ်တကူ စစ်ဆေးမိဖို့ဆိုတာလည်း မလွယ်ဘူးလေ။ ဒါကြောင့် သူ့ရဲ့ခန္ဓာကိုယ်ကို ဖျက်ဆီးတာမျိုး မရှိခဲ့တာ … "

လီချုံးက အရက် သောက်နေရင်း ထပ်ဖြည့်ပြောလိုက်သည်။

"တကယ်လို့ သူက မြေပေါ်မှာ လဲကျသေဆုံးနေတာကို လှေထိုးသားက မြင်တွေ့သွားမယ်ဆိုရင် ကြောက်လန့်တကြား အော်မိမှာပဲ။ တကယ်လို့ လှေမှာ လျှို့ဝှက်ချက်တွေ ရှိနေမယ်ဆိုရင်လည်း ချိုးမိသားစုက ပညာရှင်တွေ စေလွှတ်ပြီး ကာကွယ်နေမှာပဲ။ ဒီတော့ သူ့ရဲ့အော်သံက သူတို့တွေကို သတိထားမိသွားစေနိုင်တယ်။ ဒါကြောင့် အဘိုးကြီးကျုံးက သူတို့ရဲ့ ရှေ့မှာ လှေထိုးသားကို မသတ်ခဲ့တာ။ ပြီးကာမှပဲ သူ့ကိုသတ်ဖို့အတွက် ဓားသွားအမာရွတ်ကို အမိန့်ပေးခဲ့တာ…"

မုန့်ချီ၏ ရှင်းပြမှုကြောင့် ထိုအချိန်တွင် မည်သည့်အရာများ ဖြစ်လာကြောင်း သူက သေချာစစ်ဆေးကြည့်နိုင်သည်။

"အခု လူဆိုးထိန်းကိုင်က မြစ်အရှေ့ပိုင်းမှာရှိတဲ့ မြောင်လင်ကနေ ရန်းရှကို ဘာလုပ်ဖို့သွားခဲ့လဲဆိုတာ ငါတို့က ရှာဖွေကြည့်ရမယ်။ သူက ချိုးမိသားစုရဲ့ လှေကို ပစ်မှတ်ထားခဲ့တာလား။ ဒါမှမဟုတ် အဘိုးကြီး ကျုံးကို ပစ်မှတ်ထားခဲ့တာလား…"

မုန့်ချီက သေချာစဉ်းစားနေခဲ့သည်။

လီချုံးက မျက်နှာပေါ်ရှိ အရေးအကြောင်းများကို ပွတ်ကြည့်လိုက်ပြီး အလွန်ရှုပ်ထွေးစွာ ပြောလိုက်၏။

"သူက ပုံမှန်အတိုင်း ပြုမူဆက်ဆံခဲ့ပေမဲ့ သေသွားတာ (၁၅)ရက်ကျော် ရှိနေပြီ။ တကယ်လို့ သူ့ဆီမှာ ဖုတ်ကောင်စွမ်းအား‌တွေ ရှိနေမယ်ဆိုရင်တောင် လဝက်အတွင်း ဒီလောက်အကြာကြီး ခရီးမသွားနိုင်ဘူး။ တကယ်လို့ သူက ကျန်းမာနေသေးတယ်ဆိုရင် ဒီကိစ္စကို သေချာစုံစမ်းမှာပဲ။ ပြီးတော့ သူစုံစမ်းလို့ရတဲ့ အရာတွေကို ယပ်တောင် (၆) လက် ကျောင်းဆီ သတင်းပို့နိုင်တယ်။ ဒါပေမဲ့ ရလဒ်အရ သူက ပျောက်ဆုံးသွားတယ်…"

မုန့်ချီက စားပွဲကို တတောက်တောက် ခေါက်နေမိသသည်။

"အဘိုးကြီးကျုံးက သူ့ကို ထိန်းချုပ်ထားပြီး မြောင်လင်ကနေ ရန်းရှကို ပြန်လာတာမှ မဟုတ်ရင် အခြေအနေက သုံးသပ်ဖို့ မလွယ်တော့ဘူး။ ဒါပေမဲ့ အဲဒီမှာလည်း မဖြေရှင်းရသေးတဲ့ ပြဿာနာတစ်ခုရှိတယ်။ တကယ်သာ အဘိုးကြီးကျုံးက လှေကို ရှာဖွေချင်တယ်ဆိုရင် လူသေတချို့ကိုပဲ လိုအပ်တယ်။ အဲဒါတွေကိုလည်း အုတ်ဂူထဲမှာ အလွယ်တကူ ရှာတွေ့နိုင်တာပဲ။ ဘာလို့ သူက လူဆိုးထိန်း ကိုင်ကို ပြန်ပို့နေရတာလဲ.."

လီချုံးက သောက်နေရင်း ခေါင်းခါပြလိုက်သည်။

"ငါတော့ နားမလည်နိုင်ဘူး။ "

"ကျွန်တော်လည်း နားမလည်ဘူး။ လှေဘယ်နေရာကနေ လာလဲဆိုတာ ကျွန်တော်တို့က ရှာဖွေရမယ်…"

မုန့်ချီက စားစရာများ အားလုံးကို စားပြီး ကျေနပ်စွာ ပြောလိုက်သည်။

"အဘိုးကြီးလီ …

ဌာနချုပ်ကို ပြန်ကြစို့။ ပြီးတော့ ဒီကိစ္စကို ခေါင်းဆောင်ကျန်းဆီကို သတင်းပို့ရမယ်။ ပြီးရင်တော့ ကျွန်တော်တို့က လှေဆိပ်ကို သွားကြစို့ …"

"ကောင်းပြီလေ…"

လီချုံးက အနည်းငယ် နှာခေါင်းရှုံ့လိုက်မိသည်။ ရုတ်တရက်ဆိုသလို သူက အပြင်ဘက်ကို လက်ညှိုးထိုးပြလိုက်၏။

"တိုက်ဆိုင်လိုက်တာ … ခောင်းဆောင်ကျန်းက ဒီနေရာမှာ ရှိနေတယ်… "

မုန့်ချီက အပြင်ဘက်ကို လှမ်းကြည့်လိုက်ရာ ရန်းရှမှ လူဆိုးထိန်းခေါင်းဆောင် ကျန်းကျူးရှန်ကို တွေ့လိုက်ရသည်။ သူက အဖွဲ့တစ်ဖွဲ့နှင့်အတူ ရန်းရှအရက်ဆိုင်ထဲသို့ ဝင်သွားခဲ့၏။

သူ့အနားတွင်တော့ အသက် (၁၇)၊ (၁၈) အရွယ် လူငယ်လေး နှစ်ယောက် ရှိနေသည်။ သူတို့က တာအိုသခင်များကဲ့သို့ ဝတ်ဆင်ထားကြပြီး တစ်ယောက်၏ ခေါင်းပေါ်တွင် ကြယ် (၇)ပွင့် ခေါင်းပေါင်းတစ်ခုရှိနေသည်။တခြားတစ်ယောက်ကတော့ ခေါင်းစည်းပုဝါကို ဝတ်ဆင်ထား၏။

မုန့်ချီကတော့ ခေါင်းစည်းပုဝါ ဝတ်ဆင်ထားသော လူငယ်ကို အတော်လေး ရင်းနှီးနေသည်။ သူက အရပ်ပုပုနှင့် ရုပ်ရည်ချောမော၏။ မျက်လုံး ၊ မျက်ခုံးကလည်း ကောင်းမွန်လှပြီး သူ့ဆီမှ မောက်မာသော အ‌ငွေ့အသက်များ ထွက်ပေါ်လာနေသည်။ သူ့ပုံစံက ကလေးဆန်ပြီး မရင့်ကျက်သည့်အပြင် နောက်ကျောဘက်တွင် ဓားတိုတစ်ချောင်းနှင့် ဓားရှည်တစ်ချောင်းကို သယ်ဆောင်ထားသည်။

"သူက ယောင်ရှင်းလျှူပဲ...။ သူ့ရဲ့ ဂိုဏ်းတူအစ်မကြီးကို သဘောကျနေတဲ့ ယောင်မိသားစုက ကောင်လေးလား … "

မုန့်ချီက ထိုလူငယ်ကို မှတ်မိသွားသည့်အခါ အနည်းငယ် ပင့်သက်ရှိုက်လိုက်မိသည်။

“လွန်ခဲ့တဲ့ နှစ်အတွင်း အနည်းဆုံးတော့ သူက တံခါး (၆) ပေါက် ပွင့်နေလောက်ပြီ။ ဒါကြောင့် အခုသူက ခရီးထွက်လာတာလား …”

လူငယ်လေးယောင်ကို မှတ်မိသွားသည့်အခါ မုန့်ချီက တခြားသော တာအိုသခင် လူငယ်၏ အဆင့်အတန်းကို ခန့်မှန်းမိသွားသည်။ သူ၏အရပ်အမောင်းက အလယ်အလတ်သာ ဖြစ်ပြီး မျက်နှာဝိုင်းဝိုင်းနှင့် အပြုံးတစ်ခုရှိနေသည်။ သူ့ကို ကြည့်လိုက်လျှင် အတော်လေး သက်သောင့်သက်သာ ရှိနိုင်၏။

သူ၏ ခါးတွင် ချိတ်ထားသော အစိမ်းရောင် ငါးမန်းသားရေဓားအိမ်ထဲတွင် ဓားရှည်တစ်ချောင်း ရှိနေသည်။ သူ့ပုံစံံက သာမန်သာ ထင်မှတ်ရသော်လည်း လှုပ်ရှားမှုတိုင်းတွင် အဓိပ္ပါယ်ရှိ၏။ ထိုအခြေအနေမျိုးတွင် သူက တံခါး (၆)ပေါက် ၊ တံခါး (၇)ပေါက်အဆင့် ပညာရှင်တစ်ယောက်ဖြစ်မည်ဟု မုန့်ချီက ယုံကြည်နေခဲ့သည်။

“ခေါင်းဆောင်ကျန်းနှင့် တခြားလူတွေက ယောင်ရှင်းလျှူထက် လူငယ်တာအိုသခင်ကို ပိုပြီးအလေးထားနေတယ်။ ဒါကြောင့် သူက ကျန်းဝူဂိုဏ်းမှာ လေးစားရတဲ့ လူတစ်ယောက် ဖြစ်နိုင်တယ်…”

လူငယ်လေးယောင်က ရှေ့မှဦးဆောင်သွားနေသည့်အတွက် တာအိုသခင်လူငယ်ထက် ပို၍ အရေးကြီးသည်ဟု ထင်မှတ်ရသော်လည်း သူကတော့ သိုင်းပညာကိုသာ အရူးအမူး စိတ်ဝင်စားသည်။ တခြားအရာများကိုတော့ စိတ်ဝင်စားခြင်းမရှိချေ။

“သူက ရန်ဟယ်ဖြစ်နိုင်မလား.…”

ကျန်းဝူဂိုဏ်းထဲတွင် ရန်ဟယ်က ဉာဏ်အလင်းပွင့်မှု အဆင့်ကို ရောက်လာပြီးနောက် ဓမ္မကာရအဆင့် သိုင်းကွက်တစ်ခုကို နားလည်ခဲ့သည်။ သူက ကျိကျန်းစံအိမ်မှ ကျန်းကျိဝေကိုပင် ယှဉ်နိုင်သော လူတစ်ယောက်ဟု ဆိုကြ၏။

Translated by Hein Htet

All Chapters