← Chapters

အခန်း (၂၆၅)

Vol. 18 Ch. 265

အခန်း (၂၆၅)

Vol. 18 Ch. 265

မုန့်ချီက လေးလေးနက်နက် စဉ်းစားနေခဲ့သည်။ လီချုံးကတော့ ရန်းရှတွင် ရှိနေသော နယ်မြေခံအင်အားစုများနှင့် သူ့ကို တာဝန်အရ မိတ်ဆက်ပေးနေခဲ့၏။

"အဲဒါက ချိုးဖေးလေ..

ချိုးမိသားစုရဲ့ ပထမမျိုးဆက်။ ဟိုတစ်ယောက်ကတော့ ကျန်းမိသားစုရဲ့သခင်လေး ကျန်းယုလင်။ ဟိုတစ်ယောက်ကတော့ ရူးသွပ်ခြင်းရေလှိုင်းဂိုဏ်းက ခေါင်းဆောင်ဝူရှန့်လီ။ သူ့ကို ရေလှိုင်းရပ်တန့်သူလို့လည်း ခေါ်ကြတယ်။ ဓားသွားအမာရွတ် ရန်ရှောင်း၊ ပန်းရောင်ခြင်ဆီလက် ရှောင်ယွဲ့တို့အပါအဝင် သူတို့(၃)ယောက်က ရန်းရှမြေအောက်လောကမှာ နာမည်ကျော်တယ်။ ကြားရတဲ့ ကောလာဟလတွေအရတော့ ဟန်ရန် ကျန်းမိသားစုကတောင် သူတို့ကို အမှန်တကယ် မထိန်းချုပ်နိုင်ဘူးလို့ ပြောကြတာပဲ…”

“ဒါကြောင့် မြို့စားလူဆိုးထိန်း ခေါင်းဆောင်ကျန်းရဲ့အနားမှာရှိတဲ့ မိန်းမလှလေးကတော့ ပန်းရောင်ခြင်ဆီလက် ရှောင်ယွဲ့ပဲဖြစ်မယ်။ သူကလည်း ဓားသွားအမာရွတ်နဲ့ ရေလှိုင်းရပ်တန့်သူတို့လို သနားညှာတာမှု ကင်းမဲ့လိမ့်မယ်လို့ ယုံကြည်ဖို့ တော်တော်လေးခက်တာပဲ။ သူ့နာမည်ကြားရုံနဲ့ ယောကျ်ားတိုင်းကို တဏှာရမ္မက်တွေ ထကြွလာအောင် ဆွဲဆောင်နိုင်တယ်။ သူက ကျန်းဝူဂိုဏ်းနဲ့ အဆက်အသွယ်ရှိတယ်လို့လည်း ပြောကြတယ်…"

သူ မိတ်ဆက်ပေးခဲ့သော ရန်းရှ၏ ထိပ်သီးအင်အားစု(၅)ခုထဲတွင် ချိုးမိသားစုမှ အကြီးဆုံးသားက အစွမ်းထက်ဆုံး ဖြစ်၏။ သူက အသက်(၄၀)ဝန်းကျင်သာ ရှိနေသေးသည်။ မုန့်ချီက သူ၏အစစ်အမှန်စွမ်းရည်ကို ယုံကြည်နေသော်လည်း သူ၏လှုပ်ရှားမှုများက ဝေကျင်းတစ်ဝက်အဆင့်သာ ရှိနေသေးသည်။ သူတို့ကတော့ လျှို့ဝှက်တံခါးများ ပွင့်သည့် အရိပ်အယောင်များ ရှိနေသော်လည်း ယခုအချိန်ထိ မတည်ငြိမ်ကြသေးပေ။

ထို(၄)ယောက်ကတော့ သူတို့၏စွမ်းအားကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားသည်။ သူတို့အားလုံးက အနည်းဆုံးတော့ တံခါး(၉)ပေါက် ပွင့်နေကြောင်း မုန့်ချီက အလွယ်တကူ ပြောနိုင်သည်။ သူတို့က စစ်ဆေးမှုများမှ ကာကွယ်ရန်အတွက် အကာအကွယ် ချီစွမ်းအင်များ အသုံးပြုထား၏။

သို့သော် အကာအကွယ်ချီစွမ်းအင်များက အားနည်းချက်များ ရှိနေသေးသည်။ သူတို့အားလုံးက ဓားသွားအမာရွတ် ရန်ရှောင်းနှင့်ယှဉ်လျှင် အလွန်နိမ့်ကျနေသေး၏။

တစ်ဖက်တွင်တော့ လူဆိုးထိန်းခေါင်းဆောင် ကျန်းကျူးရှန်က တံခါး(၈)ပေါက်သာ ရှိနေသေးသည်။ သူက မြို့တော်တွင် ရှိနေသော ကျိုးကလန်နှင့် ချောင်တျန်း၏အစွမ်းကို ကိုယ်စားပြုနေသည်။ ပြောရမည်ဆိုလျှင် အထူးအခြေအနေမျိုးမှ မဟုတ်လျှင် လူတိုင်းက သူ့ကို အလေးအနက်ထားရမည် ဖြစ်၏။

"ဟိုတာအိုသခင်(၂)ယောက်က ဘယ်နေရာကနေ ရောက်လာတာလဲ။ သူတို့က ဘယ်လိုဖြစ်ပြီး ခေါင်းဆောင်ကျန်းနဲ့ အဲဒီထိပ်သီးပညာရှင်(၅)ယောက်နှင့်အတူ ရှိနေနိုင်ရတာလဲ…"

လီချုံးက ထိုသတင်းကို မသိသည့်အတွက် မျက်မှောင်ကြုတ်ပြီး မကျေမနပ် ဖြစ်နေခဲ့သည်။

မုန့်ချီက ရန်းရှအရက်ဆိုင်ခန်းမထဲတွင် ပျောက်ကွယ်သွားသော ယောင်လူငယ်နှင့် တစ်ခြားလူများကို ကြည့်နေသည်။

"သူတို့က ကျန်းဝူဂိုဏ်းရဲ့မျိုးဆက်တွေ ဖြစ်နိုင်တယ်။ တော်တော်လေးလည်း နေရာရထားနိုင်တယ်.."

"ဖြစ်နိုင်တယ်.."

လီချုံးက ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။

လူဆိုးထိန်းညီလေးစု၏ သုံးသပ်ချက်က ဖြစ်နိုင်ချေရှိသည်ဟု သူလည်း ဆုံးဖြတ်လိုက်၏။ စီရင်စု(၄)ခုထဲတွင် ထိုကဲ့သို့ အရေးပါသော နေရာမျိုးရှိနေသည့် တာအိုသခင်များက ကျန်းဝူဂိုဏ်း၏ ဆက်ခံသူများသာ ဖြစ်သည်။

"လူဆိုးထိန်းညီလေးစု…

အခု အဲဒီဆိုင်ထဲမှာ ခေါင်းဆောင်တွေ အများကြီးရှိနေတယ်။ ငါက အဘိုးကြီးကျုံးကို စုံစမ်းဖို့အတွက် လူဆိုးထိန်းခေါင်းဆောင်နဲ့ တစ်ခြားလူတွေကို မြန်မြန်သွားပြီး သတင်းပို့လိုက်မယ်…"

သူက အန္တရာယ်များသောတာဝန်ကို လျင်မြန်စွာ ပြီးဆုံးချင်နေခဲ့သည်။ ချိုးမိသားစုနှင့် ကျန်းမိသားစုမှ ပညာရှင်များက အိုမင်းနေကြ၏။ ယေဘုယျအားဖြင့် ပထမမျိုးဆက် ချိုးသခင်လေးနှင့် ကျန်းမိသားစုမှ တတိယသခင်လေးတို့ကသာ ခေါင်းဆောင်များ ဖြစ်ကြသည်။

"ကျွန်တော်က အခုမှဒီကိုရောက်တာဆိုတော့ သူတို့ကိုသွားပြီး စကားပြောဖို့ မသင့်တော်ဘူး။ ဒီတော့ အဘိုးကြီးလီကိုယ်တိုင်ပဲ သွားလိုက်ပါ…"

မုန့်ချီက ပြောလိုက်သည်။

ယောင်ရှင်းလျှူက သူ့ကို မှတ်မိနေခြင်းရှိမရှိ သူလည်း သေချာမပြောနိုင်ပေ။ ပုံမှန်အားဖြင့်တော့ သူ့ကို မှတ်မိသွားမှာကိုလည်း ကြောက်စရာ မလိုအပ်ပေ။ သူက ရန်ဟယ်နှင့် လက်ရည်စမ်းပြီး ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်၍ပင် ရနိုင်သည်။

သို့သော် ယနေ့ သူတို့ကို မြင်လိုက်ရသည့်အချိန်တွင် အစ်ကိုကြီးကျန်းကို စဉ်းစားမိခဲ့၏။ သူက ထိုကဲ့သို့ အခြေအနေမျိုးတွင် မည်သို့တိုက်ခိုက်နိုင်မည်နည်း။ အကယ်၍ ယောင်ရှင်းလျှူကသာ ထိုပြဿနာကို ဖော်ထုတ်လာမည်ဆိုလျှင် သူက မည်သို့တုံ့ပြန်ရမည်နည်း။ သူက သူတို့နှင့် အဝေးတွင် နေထိုင်ခြင်းက ပိုကောင်းသည်။

လူဆိုးထိန်းညီလေးစုက မည်သည့်နေရာမှရောက်လာကြောင်း လီချုံးက နားမလည်ပေ။ သူက ပြောလိုက်၏။

"မင်းက ဒီအခွင့်အရေးကို အရယူပြီး သူတို့နဲ့တွေ့သင့်တယ်…"

မုန့်ချီကတော့ တစ်ခြားသော ဆင်ခြေများ ပေးလိုက်၏။

သူ့စိတ်က ပြောင်းလဲသွားခြင်း မရှိကြောင်း တွေ့လိုက်သည့်အခါ လီချုံးက သူ၏သံသယများကို ဖယ်ရှားလိုက်ပြီး တစ်ယောက်တည်းသွားရန် ပြင်ဆင်လိုက်သည်။

"အဘိုးကြီးလီ..

လူဆိုးထိန်းကိုင်က ချိုးမိသားစုရဲ့ လှေပေါ်ကို တက်သွားတဲ့အကြောင်း မပြောနဲ့ဦး။ အဲဒါက တစ်ခုခု မှားနေတာလည်း ဖြစ်နိုင်တယ်…"

မုန့်ချီက ထိုဆက်သွယ်မှုကို ရုတ်တရက်အမှတ်ရသွားပြီး သတိပေးလိုက်သည်။

ဓားသွားအမာရွတ်က သတိလွတ်သွားသည့်အတွက် ပြန်ကောင်းရန် အချိန်ပေးရပါဦးမည်။ ထို့ကြောင့် သူ့ဆီမှ နောက်ထပ်အချက်အလက်များရရန် လုံးဝမဖြစ်နိုင်တော့ပေ။

လီချုံးက ရယ်ရင်းပြန်ဖြေလိုက်သည်။

"လူဆိုးထိန်းညီလေးစု..

ငါ့ကိုအထင်မသေးပါနဲ့။ ငါ နားလည်ပါတယ်။ အဘိုးကြီးကျုံးက လှေသမားကိုသတ်ဖို့ ဓားသွားအမာရွတ်ကို အမိန့်ပေးလိုက်တဲ့အကြောင်းပဲ ငါ ပြောမှာပါ။ လှေသမားက ဆိပ်ကမ်းကနေ လူဆိုးထိန်းကိုင် ထွက်လာတာကို မြင်လိုက်တယ်။ သူဘာလုပ်နေတယ် ဆိုတာကတော့ ရှင်းရှင်းလင်းလင်းမမြင်ရဘူးလေ…"

"ဟုတ်တယ်။ အဲဒီလိုပဲပြောရမှာ…"

မုန့်ချီက ရယ်ပြီး လက်မထောင်ပြလိုက်သည်။

ရန်းရှအရက်ဆိုင်၏ အနောက်ဖက်တွင် ရှိနေသော ခြံဝန်းထဲတွင် …

ရန်းရှမှ အင်အားစုများက ကျန်းဝူဂိုဏ်းမှ ရန်ဟယ်နှင့် ယောင်ရှင်းလျှူတို့ကို ကြိုဆိုနေကြသည်။

ချိုးဖေးက ချိုးမိသားစုတွင် အကြီးဆုံးသားတစ်ယောက်ဖြစ်ပြီး အသက်(၄၀)ကျော် ရှိနေသည်။ သိုင်းပညာတွင် သူ၏စွမ်းရည်အရ သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးကို ချိုးဖောက်ရန် ဖြစ်နိုင်သည်။ ကြည့်လိုက်လျှင် သူက အသက်(၃၀)ပင် မရှိသေးသလို ထင်မှတ်ရ၏။

သူက အနီးအနားတွင် ရှိနေသော အစေခံများကို စစ်ဆေးကြည့်လိုက်ပြီး ထိုနေရာမှ တစ်ယောက်တည်း ထွက်လာခဲ့သည်။ ထို့နောက် သူက သတင်းတစ်ခုကို စောင့်နေခဲ့သည်။

"ဆရာကြီး..

ဓားသွားအမာရွတ်ရန်ရှောင်းက နာမကျန်း ဖြစ်နေတယ်။ သူမလာနိုင်ဘူး…"

ချိုးဖေး၏အစေခံက အနည်းငယ် ထိတ်လန့်နေသော အမူအရာနှင့် သတင်းပြန်ပို့လိုက်သည်။

ချိုးဖေးက ပြောလိုက်၏။

"နာမကျန်းဖြစ်နေတာလား။ ဓားသွားအမာရွတ် ရန်ရှောင်းက နှစ်ပေါင်းများစွာ အပျော်အပါးကို လိုက်စားနေတာဆိုတော့ အရင်တုန်းကလို မထက်မြက်နိုင်တော့ဘူး။ ဒါပေမဲ့ သိုင်းပညာဆိုတာ တစ်ဘဝလုံး ပျောက်ကွယ်သွားနိုင်တဲ့အရာမျိုး မဟုတ်ဘူး။ သူက အစွမ်းထက်တဲ့ တံခါး(၉)ပေါက်အဆင့် ပညာရှင်တစ်ယောက်ပဲလေ။ ဘယ်လိုဖြစ်ပြီး ဒီလောက်အလွယ်တကူ နာမကျန်းဖြစ်ရတာလဲ…"

"အဲဒါတော့အမှန်ပဲ ဆရာကြီး.. ။ ဆရာကြီးက ဓားသွားအမာရွတ်ရဲ့ လက်ရှိအခြေအနေကို မမြင်ရလို့။ တကယ့်ကို မယုံနိုင်စရာပဲ။ သူက ရန်းရှမှာရှိတဲ့ တံခါး(၉)ပေါက်အဆင့် လမ်းမှားပညာရှင်တွေအားလုံးရဲ့ ရင်ထဲမှာ အကြောက်တရားတွေ ရိုက်သွင်းခဲ့တာ။ သူက သနားညှာတာမှုလည်း မရှိဘူး။ အဲဒီလိုလူတစ်ယောက်က ကြောက်လန့်တကြားဖြစ်နေပြီး မျက်နှာပေါ်မှာ မျက်ရည်တွေ နှပ်တွေပြည့်နေတာပဲ။ သူ့ရဲ့လက်ရှိအခြေအနေက အရင်တုန်းကထက်တောင် ပိုပြီးကြောက်စရာကောင်းသေးတယ်…"

ချိုးဖေး၏ အစေခံက သူတွေ့ထားသည့်အရာများကို ပြောပြနေသည်။

သူက ဓားသွားအမာရွတ် ရန်ရှောင်းကို တိတ်တဆိတ် စစ်ဆေးကြည့်ခဲ့သည်။ ယခုမှ ရောက်လာသော အပြင်လူများကတော့ သူ၏ပုံမှန်အခြေအနေကို မည်သူကမျှမသိနိုင်ကြပေ။

ချိုးဖေးက သက်ပြင်းချလိုက်မိ၏။

"သူ ဘယ်အချိန်တုန်းက နာမကျန်းဖြစ်သွားတာလဲ…"

"လွန်ခဲ့တဲ့ နာရီအနည်းငယ်လေးကမှ ဖြစ်သွားတာ။ အရက်သမားလီက သူနဲ့တွေ့ဖို့အတွက် လက်ထောက်လူဆိုးထိန်းအသစ်တစ်ယောက်ကို ခေါ်လာတယ်။ နဂိုတုန်းကတော့ သူတို့က စကားပြောဖို့ အခွင့်အရေးလိုချင်တာပဲ။ ဒါပေမဲ့ ဓားသွားအမာရွတ်က လူဆိုးထိန်းကိုင်ရဲ့ကိစ္စကြောင့် ဒေါသထွက်သွားပြီး နာမကျန်းဖြစ်သွားခဲ့တာ…"

ချိုးဖေး၏အစေခံက တိတိကျကျပြောပြနေခဲ့သည်။

ချိုးဖေးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

"လက်ထောက်လူဆိုးထိန်းအသစ်က ဘာမှမလုပ်ခဲ့ဘူးလား။ သူက ဘာမေးခွန်းမှ မမေးခဲ့ဘူးလား…"

"ဓားသွားအမာရွတ်ရဲ့ အစေခံမိန်းကလေးတွေ ပြောတဲ့စကားအရ အရက်သမားလီက စကားနည်းနည်းပဲ ပြောခဲ့တယ်။ လက်ထောက်လူဆိုးထိန်းက ဘာမှတောင် မလုပ်ရသေးဘူး။ သူက ပါးစပ်ဟပြီး စကားပြောတော့မယ့်အချိန်မှာ ဓားသွားအမာရွတ်က ကြောက်လန့်တုန်လှုပ်ပြီး နေမကောင်း ဖြစ်သွားတာပဲ။ ပထမတော့ သူ့ပါးစပ်ကနေ အမြုပ်တွေ ထွက်လာတယ်။ ဒါပေမဲ့ အခုတော့ သူ့ပုံစံက လူငယ်လေးတစ်ယောက်လို ဖြစ်နေပြီး အခြေအနေက တည်ငြိမ်သွားပါပြီ။ သူ့ရဲ့အသက်အန္တရာယ်ကိုတော့ စိုးရိမ်စရာမရှိဘူး…"

ချိုးဖေး၏အစေခံက သူရထားသော အချက်အလက်များကို ပြောပြနေသည်။

ချိုးဖေးက လက်နောက်ပစ်ပြီး သူ့ရှေ့တွင် ရှေ့နောက်လျှောက်နေခဲ့သည်။ ထို့နောက် သူက စူးရှသောမျက်လုံးတစ်စုံနှင့် အစေခံကို စိုက်ကြည့်ပြီး မေးလိုက်၏။

"ဓားသွားအမာရွတ်က နေမကောင်းဖြစ်ချင်ယောင်များ ဆောင်နေတာလား…"

လက်ထောက်လူဆိုးထိန်းတစ်ယောက်ကို တွေ့ခဲ့ရရုံနှင့် တံခါး(၉)ပေါက်အဆင့် ပညာရှင်တစ်ယောက်က ထိုမျှလျှင်မြန်စွာ နေမကောင်းဖြစ်သွားသည်မှာ သံသယဝင်စရာကောင်းသည် မဟုတ်ပေလော။

ချိုးဖေး၏အစေခံက ပြန်ဖြေလိုက်၏။

"အဲဒါလည်း တော်တော်လေး ဖြစ်နိုင်ချေရှိတယ်။ သူနေမကောင်းတာက တကယ့်အချိန်ကိုက်ဖြစ်နေတာ…”

“ဓားသွားအမာရွတ်ကို စောင့်ကြည့်နေလိုက်…"

ချိုးဖေးက အရက်ဝိုင်းသို့ ပြန်လျှောက်လာသည့်အချိန်တွင် အရက်သမားလီကို တွေ့လိုက်ရသည်။

"တွေ့ရတာဝမ်းသာပါတယ် အစ်ကိုကြီးချိုး.. "

လီချုံးက လျင်မြန်စွာ နှုတ်ဆက်လိုက်၏။

ချိုးဖေးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"အရက်သမားလီ..

မင်းကြောင့် ဓားသွားအမာရွတ်က နေမကောင်းဖြစ်နေတယ်လို့ ငါကြားတယ်…"

"အစ်ကိုကြီး အထင်လွဲနေတာပါ။ ကျွန်တော်က ဘာစကားမှတောင် မပြောရသေးဘူး သူဌေးရန်က အော်ဟစ်ပြီး ထိန်းချုပ်လို့ မရတော့တာပဲ…"

ချိုးဖေးက ထိုသတင်းကို လျင်မြန်စွာ သိသွားသည့်အတွက် လီချူံးက အလွန်ထိတ်လန့်သွားခဲ့သည်။

ချိုးဖေးကတော့ သူ့ကိုဆက်၍ ပြဿနာမရှာခဲ့ပေ။

"မင်းက လူဆိုးထိန်းခေါင်းဆောင်ကျန်းကို လာရှာတာ မဟုတ်လား။ ဒီလိုအရေးကြီးတဲ့ကိစ္စမျိုးကို မြန်မြန်သတင်းပို့ရမှာ။ မင်းက ဒီလိုအချိန်မျိုးမှာတောင် အရက်သောက်နေသေးတာလား.."

"ကျွန်တော်က အရမ်းထိတ်လန့်သွားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်တည်ငြိမ်အောင် လုပ်ရသေးတယ်လေ။အဲဒါပါပဲ..."

သူအရက်သောက်နေခြင်းကို တစ်ခြားလူများက အပြစ်မဆိုနိုင်ကြောင်း လီချုံးက သိနေသည်။ သူကတော့ သူတို့ကို အရူးလုပ်၍မရနိုင်ပေ။

ချိုးဖေးကတော့ ပြန်မပြောတော့ဘဲ သူနှင့်အတူ လူဆိုးထိန်းခေါင်းဆောင်ကျန်းဆီသို့ လျှောက်လာခဲ့သည်။

ကျန်းကျူးရှန်က လီချုံး ပြောပြခဲ့သော အခြေအနေများကို နားထောင်ကြည့်နေသည်။ သူ၏မျက်နှာပေါ်တွင် ဒေါသမရှိသလို ပျော်ရွှင်မှုလည်း မရှိချေ။ သူက ပြောလိုက်၏။

"အဘိုးကြီးကျုံး..

ဒါတွေအားလုံးက အဘိုးကြီးကျုံးလုပ်ထားတာလား…"

သူကတိုးတိုးလေးပြောနေခဲ့၏။

"ငါက ရန်းရှမှာရှိတဲ့ ပညာရှင်တွေကို သွားခေါ်လိုက်မယ်။ မင်းနဲ့ညီလေးစုက မြို့တံခါးမှာစောင့်နေ…"

"ခေါင်းဆောင်ကျန်း..

ကျွန်တော်တို့ရော သွားရမှာလား…"

လီချုံးက တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်က အဲဒါကို ရှာတွေ့ခဲ့တာလေ။ မင်းတို့က မလိုက်ဘူးလား။ တကယ်လို့ အဘိုးကြီးကျုံးက ပူးပေါင်းမယ်ဆိုရင် မင်းတို့နှစ်ယောက်က သူ့ကို မေးခွန်းတွေ မေးရမှာ…"

ကျန်းကျုးရှန်က အမိန့်ပေးလိုက်ပြီးနောက် စားသောက်ဝိုင်းသို့ပြန်သွားပြီး ဖြစ်ခဲ့သည့်အရာများကို ပြောပြလိုက်သည်။ ထိုသတင်းကို ကြားလိုက်ရသည့်အချိန်တွင် ယောင်လူငယ်လေးက အလွန်စိတ်လှုပ်ရှားနေပြီး သူလည်း လိုက်ချင်နေခဲ့သည်။ သို့သော် သူတို့က ယခုမှရောက်လာခြင်းဖြစ်ပြီး ဧည့်သည်များဖြစ်နေ၏။ထို့ကြောင့် ယခုလိုအခြေအနေမျိုးတွင် လိုက်၍မရနိုင်သေးပေ။

ကျန်းကျူးရှန်နှင့် သူ့အဖော်များ ထွက်သွားသည့်အချိန်မှသာ ယောင်ရှင်းလျှူက စားစရာတစ်ချို့ကိုစားပြီး ဒေါသတကြီး ပြောလိုက်၏။

"ဒါက တော်တော်လေးဆိုးတယ်…”

“ညီလေးယောင်..

ငါတို့က အစ်ကိုကြီးကျန်းသေဆုံးမှုကို စုံစမ်းဖို့အတွက် ရောက်လာတာ။ တစ်ခြားကိစ္စတွေကို စိတ်ဝင်စားလို့ မရဘူး…"

ရန်ဟယ်က တည်ငြိမ်စွာ ပြောလိုက်သည်။

ယောင်ရှင်းလျှူက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။

"မင်းက ဝေးဝေးကို ထွက်သွားတာ ပိုကောင်းတယ်။ ငါက မင်းကို ဒီနေရာမှာ မဖမ်းမိစေနဲ့…"

…………….

အဖွဲ့တစ်ဖွဲ့က မုန့်ချီနှင့် လီချုံးတို့ စောင့်နေသော မြို့တံခါးဆီသို့ လျင်မြန်စွာ ရောက်လာကြသည်။ သူတို့က မြို့ထဲမှနေ၍ အတူတကွ ထွက်လာကြ၏။

"ဆရာကြီးကွေလည်း ရောက်လာတာပဲ.."

လီချုံးက ကျန်းကျူးရှန်၏အနားတွင် ရှိနေသော ဆံဖြူအဘိုးအိုကို မြင်သည့်အခါ အလွန်အံ့ဩသွားပြီး စိတ်သက်သာရာရသွားခဲ့သည်။

မုန့်ချီက တမင်တကာ အရှိန်လျှော့၍ အဖွဲ့၏နောက်ဆုံးတွင် လီချုံးနှင့်အတူ လိုက်လာခဲ့သည်။ သူက မေးလိုက်၏။

"ဆရာကြီးကွေ.. ဟုတ်လား…"

“လူဆိုးထိန်းညီလေးစု …

သူက ရန်းရှမှာ အကြီးမြတ်ဆုံး ပညာရှင်တစ်ယောက်လေ…”

လီချုံးက စိတ်အေးသွားပြီးနောက် ပို၍သက်တောင့်သက်သာ စကားပြောနိုင်သည်။

"သူ ငယ်ငယ်ကတည်းက သူ့ရဲ့မျိုးရိုးက ကွေဖြစ်နေတဲ့အတွက် သူက အရမ်းကို ဉာဏ်ကောင်းပြီး ပင်ကျင်းမှာရှိတဲ့ ကွေကလန်ရဲ့အလေးထားမှုကို ခံခဲ့ရတယ်။သူက ပြင်ပပညာရှင် တစ်ယောက်ဖြစ်လာပြီး ကောင်းကောင်းလည်း လေ့ကျင့်ခဲ့ရတယ်။ သူအသက်ကြီးလာတဲ့အချိန်မှာ ကွေကလန်ရဲ့ ခွင့်ပြုချက်နဲ့ မွေးရပ်မြေကို ပြန်လာပြီး အထက်တန်းလွှာ မိသားစုတစ်ခု တည်ထောင်ဖို့ မျှော်လင့်နေခဲ့တယ်။ သူက ကောင်းကင်(၉)သွယ် ဝေကျင်းအဆင့် ထိပ်တန်းပညာရှင်တစ်ယောက်ပဲ။ သူသာ အနားမှာ ရှိနေမယ်ဆိုရင် အဘိုးကြီးကျုံးက ပြဿနာမရှာနိုင်တော့ဘူး…"

ကျန်းကျူးရှန်က ဆရာကြီးကွေကို ဖိတ်ခေါ်ခဲ့သည့်အပြင် ရန်းရှမှ လျှို့ဝှက်ပညာရှင်များစွာကိုလည်း ခေါ်ဆောင်ထားခဲ့သည်။ ချိုးဖေးနှင့် ကျန်းယုလင်တို့ကလည်း သူတို့မိသားစုမှ အဖိုးတန်လက်နက်များကို ယူဆောင်လာခဲ့၏။ သူတို့က အတတ်နိုင်ဆုံး လုံခြုံအောင် လုပ်ဆောင်ကြရပါလိမ့်မည်။

သူတို့အဖွဲ့က ရွာကို မြင်လိုက်ရသည့်အချိန်တွင် အနည်းငယ် နေစောင်းနေပြီဖြစ်သည်။ ညနေခင်း ပုစွန်ဆီရောင် အလင်းတန်းများက အလွန်တောက်ပနေသော်လည်း အေးစက်သော သဘာဝတရားကြီးကိုပင် ဖုံးကွယ်ပေးနိုင်ခြင်း မရှိချေ။

ရွာအနားတွင်တော့ အလွန်ထူးဆန်းသော ခံစားမှုများ ထွက်ပေါ်လာနေသည့် ခြံဝန်းတစ်ခု ရှိနေသည်။ ထိုအရာက အဘိုးကြီးကျုံး၏ အစစ်အမှန်နေအိမ်လည်း ဖြစ်သည်။

လူဆိုးထိန်းခေါင်းဆောင်ကျန်းက အော်ဟစ်ရန် ပြင်လိုက်စဉ် ဆရာကြီးကွေက လက်ကာပြလိုက်ပြီး တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ ထိုအချိန်တွင် ရွှေရောင်အလင်းတန်းများက ရေလှိုင်းများကဲ့သို့ ထွက်ပေါ်လာပြီး အဘိုးကြီးကျုံး၏ခြံဝန်းဆီသို့ ဖြည်းညင်းစွာ စီးဆင်းသွားခဲ့၏။

"အထဲမှာ အသက်ရှင်နေတဲ့ လူတစ်ယောက်မှ မရှိဘူး…"

ဆရာကြီးကွေက ပြောလိုက်သည်။ သူလည်း စိတ်ထဲ၌ အနည်းငယ် တင်းကျပ်သွားခဲ့၏။

မုန့်ချီ အပါအဝင် လူတိုင်းက အလေးအနက်ထားလာပြီး ဆရာကြီးကွေနှင့်အတူ ခြံဝန်းထဲသို့ ဂရုစိုက်၍ ချည်းကပ်လာကြသည်။ သူတို့က တံခါးကို တွန်းဖွင့်လိုက်ကြ၏။ ခြံဝန်းထဲ၌ ရှိနေသည်မှာ ရေတွင်းတစ်တွင်းအပြင် အလွန်ရှေးကျသော ညောင်ပင်ကြီးတစ်ပင်သာ ရှိသည်။

ဤနေရာတစ်ခုလုံးကလည်း အေးစက်ပြီး ထူးဆန်းသည့် ခံစားမှုတစ်ခုသာ ပျံ့နှံ့နေခဲ့သည်။ ဆရာကြီးကွေက အင်္ကျီလက်ကို ဝှေ့ယမ်းပြီး တံခါးကို ဖွင့်လိုက်သည်။ အထဲတွင် ပြတင်းပေါက်မရှိဘဲ အရာအားလုံးက မှောင်မဲနေခဲ့၏။

"အားး…"

ပန်းရောင်ခြင်ဆီလက် ရှောင်ယွဲ့က ပါးစပ်ကို လက်နှင့်အုပ်ပြီး တိုးတိုးလေး အော်လိုက်မိသည်။ ထိုအရာက သူမ၏အကျင့်စရိုက်တစ်ခု ဖြစ်၏။

သူမက အမှန်တကယ် ထိတ်လန့်သွားခြင်းတော့ မဟုတ်ချေ။ ရှောင်ယွဲ့က မုန့်ချီနှင့် တစ်ခြားလူများ၏ အာရုံစိုက်မှုကို လိုချင်နေခြင်းကြောင့်လည်း ဖြစ်သည်။ သူတို့က သူမကြည့်နေသည့်နေရာကို လှမ်းကြည့်လိုက်သည်။

အိမ်ထဲတွင်တော့ အမိုးထုတ်တန်းမှ ချိတ်ဆွဲထားသော အလောင်းပေါင်းများစွာရှိနေပြီး အလောင်းသစ်တောကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။

အိမ်ထဲသို့ဝင်လာပြီးနောက် ဆရာကြီးကွေက အလောင်းတစ်ခုကို စစ်ဆေးကြည့်လိုက်၏။ သူက မျက်မှောင်ကြုတ်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။

"ထူးဆန်းတယ်.. ။ ဒါက ဘယ်လိုသိုင်းပညာမျိုးလဲ…"

မုန့်ချီက အဖွဲ့နှင့်အတူ လိုက်သွားခဲ့၏။ သူလည်း အလောင်းတစ်ခုဆီသို့ လျှောက်လာခဲ့သည်။ သူက စိတ်ဝိညာဉ်စွမ်းအားနှင့် ချီစွမ်းအင်များကိုသုံးပြီး အလောင်းကို စစ်ဆေးကြည့်လိုက်သည်။ ထိုအချိန်တွင် အလောင်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များက သူ့ခေါင်းထဲကို ရောက်လာခဲ့၏။

"အရိုးတွေ မရှိတော့ဘူးလား။ အသွေးအသားတွေ သွေးကြောတွေအားလုံး ရှိနေသေးတယ်။ ဒါပေမဲ့ အရိုးမရှိတော့ဘူး…”

“ဒီခန္ဓာကိုယ်မှာ အရေပြားနှင့် အရိုးတွေပဲ ရှိတယ်။ အသွေးအသားတွေနဲ့ သွေးကြောတွေအားလုံး ပျောက်ကွယ်သွားပြီ…”

“ဒီခန္ဓာကိုယ်မှာတော့ သွေးကြောတွေ မရှိဘူး။ ထူးဆန်းလိုက်တာ...။ သွေးကြောတွေနဲ့ အတွင်းစွမ်းအားတွေက ပျောက်ကွယ်နေပေမယ့် အသွေးအသားတွေ အရိုးတွေက ရှိနေသေးတယ်…”

“ဒီခန္ဓာကိုယ်ကတော့ အကောင်းအတိုင်း ရှိနေသေးတယ်။ ဒါပေမဲ့ အသက်ကြီးတာမျိုး ရောဂါလက္ခဏာရှိတာမျိုးလည်း မတွေ့ဘူး။ သူက ဘယ်လိုသေသွားတာလဲ…"

မုန့်ချီ၏ ပတ်ပတ်လည်မှနေ၍ မေးခွန်းပေါင်းများစွာ ထွက်လာခဲ့သည်။

ထိုအချိန်တွင် သူ့ခေါင်းထဲ၌ သိုင်းပညာတစ်ခုကိုချက်ချင်းစဉ်းစားမိခဲ့သည်။

"ကောင်းကင်ဖျက် မကောင်းဆိုးဝါးပျက်စီးခြင်း(၄)သွယ် ကျင့်စဉ်လား။ ဒဏ္ဍာရီတွေလား.. အင်မော်တယ်တွေလား။ ဒါမှမဟုတ် သံသရာခရီးသွား တစ်ယောက်ပဲလား..."

Translated by Hein Htet

All Chapters