အခန်း (၂၆၆)
Vol. 18 Ch. 266
"ဒဏ္ဍာရီတွေ ဒါမှမဟုတ် အင်မော်တယ်တွေက လွန်ခဲ့တဲ့ နှစ် (၂၀)ကျော်လောက်မှာ ဒီနေရာကို ရောက်လာပြီး မကောင်းဆိုးဝါးလမ်းစဉ် နတ်ဘုရားကျင့်စဉ်တွေကို သင်ကြားပေးခဲ့တာလား။ သူတို့တွေက အခုအချိန်ထိ ရှိနေသေးတယ်ဆိုရင်တောင် နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် ချီစွမ်းအင်သွေဖယ်မှုတွေ သေဆုံးသွားတာတွေကို မခံစားရဘူးလား။ ဒါဆိုရင် သူတို့ရဲ့ကျင့်စဉ်အဆင့်က ဘယ်လောက်တောင် ရှိနေမှာလဲ…"
“သံသရာကမ္ဘာကြီးထဲမှာ အသက်ရှင်နေထိုင်ဖို့ ကံကြမ္မာအမှတ်တွေ လဲလို့ရတယ်။ တခြားသူရဲ့ချီစွမ်းအား ၊ စိတ်ဝိညာဉ်သလင်းကျောက်နဲ့ အသွေးအသားတွေကိုလည်း စုပ်ယူပြီး အဖွဲ့အစည်းရဲ့အကူအညီပေးမှုကို မကြာခဏ ရနေတယ်။ တကယ်လို့ သူတို့တွေက ဓမ္မကာရအဆင့်ကို မရောက်သေးရင်တောင် ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ကို ရောက်နေသင့်ပြီ မဟုတ်လား…”
မုန့်ချီကတော့ ကြက်သီးမွေးညင်း ထသွားသလို ခံစားလိုက်ရသည်။ ရင်ထဲတွင်လည်း အေးစက်သွားခဲ့၏။
အဘိုးကြီးကျုံးက အမှန်တကယ်ကို ကောင်းကင်ဖျက် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေခြင်းပေလော။ ကောင်းကင်ဖျက်မကောင်းဆိုးဝါး ပျက်စီးခြင်း (၄)သွယ်က လူတစ်ယောက်၏ အသွေးအသား ၊ အရိုး ၊ စိတ်ဝိညာဉ်စွမ်းအားနှင့် စိတ်ဝိညာဉ်ကို တိုက်စားသွားနိုင်သည်။
ထိုအရာကို အသုံးပြုလိုက်မည်ဆိုလျှင် အသုံးပြုသူက ပြိုင်ဘက်၏ အသွေးအသား ၊ အရိုး ၊ သွေးကြောများ၊ စိတ်ဝိညာဉ်သလင်းကျောက် ၊ ချီစွမ်းအားနှင့် စိတ်ဝိညာဉ် စွမ်းအားများကို စုပ်ယူပြီး သူတို့၏စွမ်းအားများ မြင့်တက်လာအောင် ကြိုးစားရသည်။ ထိုအရာက သူတို့ကို ငယ်ရွယ်နုပျိုစေနိုင်ပြီး အသက်ရှည်စေနိုင်၏။
ထိုအရာက အတွင်းအားစုပ်ယူခြင်းကျင့်စဉ်များ၊ မြောက်ပိုင်းမြေအောက် အတွင်းအားကျင့်စဉ်များနှင့် တူညီနေသည်။ သို့သော် ပို၍ရက်စက်ကြမ်းကြုတ်ပြီး ပို၍ ကြောက်စရာကောင်းသော်လည်း ပို၍အကျိုးသက်ရောက်မှုရှိသည်။
ထိုအရာကို မုန့်ချီက ယခင်ဘဝတွင် ရုပ်ပြစာအုပ်တစ်ခုထဲ၌ ဖတ်ခဲ့ဖူး၏။ ရုပ်ပြထဲတွင် ကောင်းကင်ဖျက် မကောင်းဆိုးဝါးတစ်ကောင်က ကောင်းကင်နှင့် နတ်ဆိုးဟူသော သိုင်းကျမ်းတစ်ခုကို ဖန်တီးခဲ့သည်။ ထိုအရာက ပင်မကမ္ဘာကြီးထဲမှ ဆင်းသက်လာသော ကျင့်စဉ်တစ်ခု မဟုတ်ချေ။
အကယ်၍ လူတစ်ယောက်ကသာ ကောင်းကင်နှင့်နတ်ဆိုးသိုင်းကျမ်းကို လေ့ကျင်နိုင်မည်ဆိုလျှင် ကောင်းကင်ဖျက် မကောင်းဆိုးဝါးခန္ဓာကိုယ်ကို ရရှိနိုင်ပြီး ကြောက်စရာအကောင်းဆုံး ကောင်းကင်ဖျက်နတ်ဆိုးတစ်ကောင်အဖြစ် တိုးတက်လာပါလိမ့်မည်။
“တကယ်လို့ သူတို့က ဒဏ္ဍာရီတွေ အင်မော်တယ်တွေမဟုတ်ဘူးဆိုရင်တောင် သံသရာကမ္ဘာကြီးထဲမှာ နှစ်ပေါင်း (၂၀)ကျော် အသက်ရှင်နေနိုင်တာက သာမန်တော့မဟုတ်ဘူး။ သံသရာတာဝန် တစ်ခုချင်းဆီ ပြီးဆုံးသွားတာနဲ့အမျှ သူတို့ရဲ့ စွမ်းအားကလည်း တိုးတက်လာလိမ့်မယ်။ အနည်းဆုံးတော့ သူတို့က သံသရာတာဝန် (၁၅)ခု (၁၆)ခုလောက် ပြီးနေလောက်ပြီ။ တကယ်လို့ သူတို့ကသာ တာဝန်တစ်ခုချင်းဆီတိုင်းမှာ အောင်အောင်မြင်မြင် လဲလှယ်နိုင်မည်ဆိုလျှင် ကောင်းကင်နှင့် နတ်ဆိုးကျင့်စဉ်ကိုတောင် လေ့ကျင်နိုင်ပြီ။ ဒါဆိုရင် သူတို့က ဘယ်လောက်တောင် ကြောက်စရာကောင်းနေပြီလဲ…”
လက်ရှိအချိန်တွင် မုန့်ချီကတော့ သံသရာတာဝန် (၆)ကြိမ် (၇)ကြိမ်ခန့်သာ ရင်ဆိုင်ရသေးသည်။ သို့သော် သူက လူငယ်မှတ်တမ်း၏ အဆင့် (၂၀)တွင် ရောက်နေခဲ့၏။ သူ့အစွမ်းကတော့ ထိုထက်မက ပို၍ကျော်လွန်နေခဲ့သည်။ ပို၍ ထူးခြားသည်မှာ ထိုလူက သံသရာတာဝန် (၁၅)ခု (၁၆)ခုခန့်ကို အောင်မြင်ထားခဲ့သော အတွေ့အကြုံရှိ သံသရာခရီးသွားတစ်ယောက် မဟုတ်ပေလော။
ထို့ပြင် ကောင်းကင်နှင့်နတ်ဆိုး သိုင်းကျင့်စဉ်က အလွယ်တကူ တတ်မြောက်နိုင်သည်။ ထိုအရာက အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်နှင့် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်တို့ကဲ့သို့ အနှစ်သာရများကို ပြည့်ပြည့်ဝဝ ဖမ်းဆုပ်မိရန် မလိုအပ်ပေ။ အတွေ့အကြုံများအပေါ် အခြေခံပြီး နားလည်မှုက မြင့်တက်လာနိုင်သည်။
အကယ်၍ အဘိုးကြီးကျုံးက ဝေ့ကျင်းအဆင့် အထွဋ်အထိပ် မရှိလျှင်ပင် အနည်းဆုံးတော့ သိုင်းသခင် တစ်ယောက်ဖြစ်နိုင်သည်။ မုန့်ချီက တစ်ကိုယ်လုံး တုန်ယင်သွားခဲ့၏။ သူက ရင်ထဲရှိ အကြောက်တရားများကို ဖိနှိပ်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
အဘိုးကြီးကျုံးက ရုတ်တရက် ခုန်ထွက်လာပြီး ကောင်းကင်နှင့်နတ်ဆိုး အဆုံးမဲ့စွမ်းအားနဲ့ တိုက်ခိုက်လိုက်မှာကို ကြောက်လန့်နေခဲ့သည်။
“ဒါကြောင့်လည်း သူခိုးက ဆိုးဆိုးရွားရွား စိတ်ဓာတ်ပျက်စီးသွားခဲ့တာပဲ။ ငါတို့က အကူအညီတွေ မခေါ်ဘဲ အလျင်စလို ဝင်မလာမိခဲ့တာ ကံကောင်းသွားတယ်။ မဟုတ်ရင် ငါတို့က တာဝန်ထမ်းဆောင်ရင်း သေနေရဦးမှာ …”
“ဒါလည်း မဟုတ်သေးဘူး ။ တကယ်လို့ အဘိုးကြီးကျုံးရဲ့ အစွမ်းကသာ အဲဒီလောက် ကြောက်စရာကောင်းတယ်ဆိုရင် သူက ချိုးမိသားစုရဲ့ လှေကို ဖျက်ဆီးပြီး သူတို့အားလုံးရဲ့ သွေးကို စုပ်ယူပြီးတာ ကြာလောက်ပြီ။ သူက မျက်မြင်သက်သေ ချန်ထားစရာတောင် မလိုဘူး။ ကြည့်ရတာ လှေပေါ်မှာကော သိုင်းသခင်တစ်ယောက် ရှိနေတာလား…"
ချိုးမိသားစုထဲတွင် အတော်ဆုံးစစ်သည်တော်က ပထမတန်းစား ပညာရှင် တစ်ယောက် ဖြစ်ပြီး အစွမ်းထက်ဆုံးက ကောင်းကင် (၃)သွယ် ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်ဖြစ်သည်။ သူကတော့ ပို၍ မြင့်မားသောအဆင့်ကို လုံးဝမသွားနိုင်ချေ။
ယခုအချိန်ထိ အသက်ရှင်သန်နေသေးသော အကြီးအကဲကတော့ ပထမကောင်းကင် ဝေ့ကျင်းအဆင့်သာ ရှိနေသေးသည်။ ထိုသို့ဆိုလျှင် ထိပ်သီးပညာရှင် တစ်ယောက် မည်သို့ ရှိနိုင်မည်နည်း။ သူတို့က အစွမ်းထက်သော တစ်ကိုယ်တော် ကျင့်ကြံသူများ သို့မဟုတ် အင်အားစုကြီးများနှင့် လျှို့ဝှက်ပတ်သက်နေခြင်းပေလော။
လူတိုင်းက အလွန်ထူးဆန်းသော အလောင်းများနှင့် အဘိုးကြီးကျုံး၏ နောက်ကြောင်းကို ဂရုတစိုက် စစ်ဆေးနေခဲ့သည်။ မုန့်ချီ၏ အတွေးများကသာ လွင့်မျောနေခဲ့၏။
"အဲဒါလည်း မဟုတ်သေးဘူး။ ကောင်းကင်နဲ့နတ်ဆိုးကျင့်စဉ်ကို လေ့ကျင့်လိုက်မယ်ဆိုရင် ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကလည်း မကောင်းဆိုးဝါး တစ်ကောင်လို ဖြစ်လာလိမ့်မယ် ။ တော်တော်လေး ရုပ်ဆိုးလာပြီး တော်တော်လေး သွေးဆာလာလိမ့်မယ်။ အဘိုးကြီးကျုံးရဲ့စွမ်းအားနဲ့ သိုင်းပညာအပေါ် လွှမ်းမိုးမှုတွေအရ သူ အယောင်ဆောင်ထားတာ ပေါ်သွားမယ်ဆိုရင်တောင် ရန်းရှကနေ ထွက်သွားစရာ လိုမှာမဟုတ်ဘူး။ တကယ်လို့ ငါတို့အားလုံး ဒီမှာရှိနေမယ်ဆိုရင်တောင် သူ့ရဲ့လက်ညှိုးလေးတစ်ချောင်းကို ရင်ဆိုင်ဖို့ အခွင့်အရေး မရှိနိုင်ဘူး။ ဘာလို့ သူက ခြံဝန်းထဲမှာ စောင့်နေပြီး သူ့ရဲ့သိုင်းပညာနဲ့ လူတိုင်းကို မစုပ်ယူခဲ့တာလဲ…"
သူက စဉ်းစားကြည့်လေလေ ပို၍ ထူးဆန်းလာလေလေ ဖြစ်သည်။ မုန့်ချီက အိမ်ထဲသို့ လျှောက်လာပြီးနောက် အတွင်းထဲတွင် ချိတ်ဆွဲထားသော အလောင်းများကို စစ်ဆေးကြည့်နေသည်။ အလောင်းများမှ ထွက်ပေါ်လာသော ညှီစို့စို့ရနံ့များကြောင့် သူလည်း အန်မိတော့မတတ် ဖြစ်သွားခဲ့၏။
အဘိုးကြီးကျုံးက ထိုကဲ့သို့ အခြေအနေမျိုးတွင် တစ်ယောက်တည်း လေ့ကျင့်ရန် ခက်ခဲနိုင်သည်။ အနည်းနှင့် အများတော့ ထိုအရာကို လက်ခံချင်မည်မဟုတ်ချေ။
"အပြင်ဘက်မှာရှိတဲ့ ခန္ဓာကိုယ်တွေက လတ်ဆတ်နေသေးတယ်။ သူတို့တွေက လွန်ခဲ့တဲ့ တစ်လ ဒါမှမဟုတ် နှစ်လလောက်ကမှ သေသွားတာ ဖြစ်နိုင်တယ်။ အတွင်းထဲမှာရှိတဲ့ အလောင်းတွေကတော့ ဟောင်းနေပြီ။ အဟောင်းဆုံး အလောင်းကတော့ တစ်နှစ်နီးပါးလောက် ဖြစ်နေပြီ…"
ဆရာကြီးကွေက အလောင်းများ အလယ်တွင် ရပ်နေသော မုန့်ချီကိုကြည့်ပြီး လက်နောက်ပစ်၍ တစ်ယောက်တည်း ရေရွတ်နေခဲ့သည်။
အချိန်ကြာနေသော အလောင်းများက အရိုးအဖြစ် ပြောင်းလဲသွားပြီး မြှုပ်ပစ်ရမည် ဖြစ်သည်။ ဆရာကြီးကွေက မုန့်ချီကို လျစ်လျှူရှုလိုက်ပြီး အလောင်းများကို ကိုယ့်နည်းကိုယ့်ဟန်နှင့် စစ်ဆေးကြည့်လိုက်သည်။
မုန့်ချီကလည်း သူ့ကို နှောင့်ယှက်ခြင်းမရှိဘဲ သဲလွန်စများကိုသာ ကိုယ်တိုင်ရှာဖွေနေခဲ့၏။
"ဟမ်… ဒီခန္ဓာကိုယ်မှာရှိတဲ့ ပုပ်ပွနေတဲ့ အစိတ်အပိုင်းက မထင်ရှားဘူး။ အရိုးတချို့ကိုတော့ ရှင်းထားတယ်။ ဒါပေမဲ့ တခြားအသွေးအသားတွေကတော့ တွယ်ကပ်နေသေးတယ်။ ဒါက လုံးဝ အရည်ပျော်မသွားသေးဘူး။ အရိုးစု တစ်စိတ်တစ်ပိုင်းက ဘယ်နေရာကို ပျောက်သွားတာလဲ…"
မုန့်ချီက နှာခေါင်းရှုံ့ပြီး အလောင်းတစ်ခုကို စိုက်ကြည့်လိုက်သည်။ ထိုအရာက ကောင်းကင်နှင့် နတ်ဆိုးသိုင်းကျမ်းကို စတင်လေ့ကျင့်နေသူတစ်ယောက်၏ လုပ်ရပ်ဖြစ်ကြောင်း သိသာသည်။
"အဘိုးကြီးကျုံးရဲ့တပည့်လား ။ အဲဒီလိုလည်း မဟုတ်နိုင်ဘူး။ အလောင်းအဟောင်းတွေကိုလည်း ဒီနေရာမှာ ချိတ်ဆွဲထားနေသေးတယ်။ ကြည့်ရတာ ဒါက သူ့ရဲ့စွမ်းရည်တွေကို တိုးတက်လာအောင် ကြိုးစားနေတဲ့ နည်းလမ်းမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဘိုးကြီးကျုံးရဲ့ သိုင်းပညာက အဲဒီလောက် အားမနည်းသင့်ဘူးလေ…"
မုန့်ချီက မျက်မှောင်ကြုတ်နေပြီး လုံးဝကို ရှုပ်ထွေးနေခဲ့၏။ ထိုအချက်က သူ၏ အတွေးနှင့် လုံးဝကို ဆန့်ကျင်နေသည်။ အဘိုးကြီးကျုံး၏အစွမ်းက လွန်ခဲ့သော နှစ်(၂၀)ခန့်တွင်ပင် အတော်လေး အံ့ဩစရာကောင်းသည်။ သူက နှစ်ပေါင်းများစွာအတွင်း အနည်းငယ်လေးသာ တိုးတက်လာသည်မှာ လုံးဝမဖြစ်နိုင်ပေ။
ထိုအရာက လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကို အသုံးပြုခဲ့ပြီး ဓားသွားအမာရွတ်၏ မှတ်ဉာဏ်များကို ဖော်ထုတ်ခဲ့ပြီးနောက် မုန့်ချီ နားလည်ခဲ့သော အရာတစ်ခုဖြစ်သည်။ အဘိုးကြီးကျုံးက သူ၏သိုင်းကျမ်းများထဲမှ တစ်ခုကို ဓားသွားအမာရွတ်ဆီသို့ သင်ပေးခဲ့ကြောင်း သူသိနေသည်။ ထိုအရာကြောင့် သူက အခြေခံတည်ဆောက်နိုင်ခဲ့ခြင်းဖြစ်၏။
သို့သော် မုန့်ချီက ထိုအရာနှင့်ပတ်သက်ပြီး တိတိကျကျ မသိခဲ့ပေ။ အဘိုးကြီးကျုံး၏ စွမ်းအားက ကောင်းကင်နှင့် နတ်ဆိုးကျင့်စဉ်နှင့် ပတ်သက်မှု မရှိခြင်းပေလော။ သူက လွန်ခဲ့သော တစ်နှစ် နှစ်နှစ်ခန့်ကမှ စတင်လေ့ကျင့်နေခြင်းလည်း ဖြစ်နိုင်သည်။
မုန့်ချီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။ ကောင်းကင်နှင့်နတ်ဆိုးကျင့်စဉ်ကို လေ့ကျင့်လိုက်မည်ဆိုလျှင် ချီစွမ်းအင်သွေဖယ်မှုကို အလွယ်တကူ ခံစားရနိုင်သည်။ ခြေတစ်လှမ်းမှားသွားရုံနှင့် စွမ်းအားများက လွဲချော်သွားနိုင်ပြီး ရက်စက်ကြမ်းကြုတ်လာနိုင်၏။ တခြားသော ရွေးချယ်စရာသာ မရှိလျှင်အရူးတစ်ယောက်သာ ထိုအရာကို လေ့ကျင့်ပါလိမ့်မည်။
သို့သော် သံသရာအရှင်သခင်က ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ပို့ဆောင်ပေးလိုက်မည် ဆိုလျှင်တော့ ချွင်းချက်ဖြစ်နိုင်သည်။ ပြောရမည်ဆိုလျှင် အဘိုးကြီးကျုံးက သူနားလည်ထားသော အရာများ ၊ အသိအမြင်များကို သီးခြားသိုင်းပညာတစ်ခုနှင့် ပေါင်းစပ်လိုက်ပြီး ထိုအရာကို ဓားသွားအမာရွတ်ဆီသို့ ပေးလိုက်ခြင်းဖြစ်နိုင်သည်။
ဓားသွားအမာရွတ်က အတွေ့အကြုံများ စုဆောင်းပြီး ထိုအချက်အလက်များအားလုံးကို နားလည်သွားသည့်အချိန်ထိအောင် စောင့်နေပြီးမှ သူူူကိုယ်တိုင် လေ့ကျင့်ရန် စဉ်းစားထားခြင်းပေလော။ ထို့ကြောင့်သာ ဓားသွားအမာရွတ်က သိုင်းပညာကို သင်ယူခဲ့ရသည့်အချိန်တွင် အလွန်နာကျင်ခဲ့ရခြင်း ဖြစ်နိုင်သည်။
သူက ကောင်းကင်မကောင်းဆိုးဝါး၏ သိုင်းပညာကို သင်ယူခဲ့ရသည့်အပြင် အဘိုးကြီးကျုံး ပြန်လည်ပြင်ဆင်ထားသော သိုင်းကျမ်းကိုလည်း သင်ယူထားခဲ့ရသည်။ ထို့ကြောင့်လည်း သူက ဆိုးရွားသောအရာများကို ခံစားခဲ့ရခြင်း ဖြစ်၏။
အတိတ်တုန်းက နူးညံ့သိမ်မွေ့သော လူငယ်တစ်ယောက်က အလွန်ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာခဲ့သည်။ သူက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ခဲ့သည့်အပြင် သူ၏ရုပ်ရည်နှင့် ပုံသဏ္ဍာန်ကလည်း သူလေ့ကျင့်ထားသော သိုင်းပညာကြောင့် ကောင်းကင်ဖျက် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ပြောင်းလဲလာခဲ့သည်။
ထိုအရာများ အားလုံးကသာ အကြောင်းပြချက်နှင့် ကိုက်ညီနေသည့်အတွက် မုန့်ချီက အမှန်တရားကို အနီးစပ်ဆုံး နားလည်လာပြီဟု ခံစားမိနေသည်။ သို့သော် ဤနေရာတွင် အဓိက ပြဿနာ ပေါ်လာခဲ့၏။
မည်သည့်သံသရာခရီးသွားကမျှ သိုင်းကျမ်းတစ်ခုအတွက် မှန်ကန်သော နည်းလမ်းကို ရှာဖွေရန် တပည့်တစ်ယောက်ကို အချိန်ပေး၍ သင်ကြားပေးလိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့ လုပ်ဆောင်သူများက သေဆုံးသွားခဲ့သည်မှာ ကြာလောက်ပါပြီ။
အဘယ်ကြောင့်ဆိုသော် သူ့အစွမ်းက သံသရာတာဝန်၏ အခက်အခဲများကို အမီမလိုက်နိုင်ခြင်းကြောင့် ဖြစ်နိုင်သည်။ ထိုအချိန်အတောအတွင်း သံသရာခရီးသွားအများစုက ပို၍များပြားသော သိုင်းကျမ်းများ ၊ ပစ္စည်းများကို သံသရာအမှတ်များနှင့် လဲလှယ်နိုင်သည်။ ထို့နောက် သူတို့တွေက ခန္ဓာကိုယ်ထဲသို့ ပေါင်းထည့်ပေးရန် သံသရာအရှင်သခင်ကိုလည်း တောင်းဆိုနိုင်ကြ၏။
သူတို့က သူတို့လိုအပ်နေသော အရာများကို ဖြည့်ဆည်းရန် နည်းလမ်းများကိုသာ လေ့ကျင့်နိုင်ကြသည်။ ထို့ပြင် ကောင်းကင်နှင့် နတ်ဆိုးသိုင်းကျမ်းက လျင်မြန်စွာ နားလည်လာနိုင်သော ကျင့်စဉ်တစ်ခုဖြစ်သည်။ ထိုအရာကို လေ့ကျင့်ရန် သေချာပေါက် အချိန်လုံလောက်၏။
အဘိုးကြီးကျုံးကရော မကောင်းဆိုးဝါးမင်းသားကဲ့သို့ အခြေအနေမျိုးကို ကြုံတွေ့ခဲ့ရခြင်းပေလော။ မကောင်းဆိုးဝါး မင်းသားကတော့ အင်မော်တယ်ဖိနှိပ်ခြင်း ကျင့်စဉ်ကို ကောက်ရခဲ့ပြီး အဘိုးကြီးကျုံးကတော့ ကောင်းကင်နှင့်နတ်ဆိုးကျင့်စဉ်ကို ကောက်ရခဲ့ခြင်းပေလော။
အတွေ့အကြုံများကို ပြန်လည်စဉ်းစားကြည့်လိုက်ပြီးနောက် သူ့ခေါင်းထဲတွင် တူညီသောအတွေးတစ်ခု ပေါ်လာခဲ့သည်။ သို့သော် အဘိုးကြီးကျုံးက မည်သည့်နေရာတွင် ထိုသိုင်းကျမ်းကို ကောက်ရခဲ့သည်ဟု ခန့်မှန်း၍ မရသလို လွန်ခဲ့သော နှစ် (၂၀)လုံးလုံး ဘာကြောင့် ရန်းရှတွင် တိတ်တဆိတ် ပုန်းအောင်းနေရန် ရွေးချယ်ခဲ့ကြောင်းလည်း မသိပေ။
ထိုအလောင်းများ၏ ဇစ်မြစ်က အလွန်သိသာထင်ရှားသည်။ တချို့တွင် အသွေးအသားများ ရှိနေသည်။ တချို့ လတ်ဆတ်နေသော အလောင်းများကတော့ အုတ်ဂူထဲတွင် ထိန်းသိမ်းထားသော အလောင်းများ ဖြစ်နိုင်သည်။ တချို့ကတော့ သူတောင်းစားများ ၊ ခြေသလုံးအိမ်တိုင် ပညာရှင်များ၏ အလောင်းများဖြစ်၏။
အကယ်၍ သူတို့ပျောက်ကွယ်သွားမည်ဆိုလျှင်ပင် မည်သူကမျှ ဂရုမစိုက်ကြပေ။ သူတို့အဖွဲ့က အလောင်းများကို စစ်ဆေးကြည့်နေသော်လည်း မည်သည့်အရာမျှ မတွေ့ခဲ့ရပေ။
ခြံဝန်းထဲရှိ တခြားအခန်းများကတော့ သပ်သပ်ရပ်ရပ်နှင့် သန့်ရှင်းနေပြီး စာရွက်တစ်ရွက်ပင် မတွေ့ရချေ။ ကြည့်ရသည်မှာ အဘိုးကြီးကျုံးက အေးအေးဆေးဆေး ထွက်သွားခဲ့ပုံပေါ်သည်။ သူက မည်သည့်အဖိုးတန်ပစ္စည်းကိုမျှ ချန်မထားခဲ့သည့်အတွက် စိုးရိမ်တကြီး ထွက်သွားခြင်းမဟုတ်ကြောင်း ပြသနေသည်။
"ညီလေးစု …
ဒီနေ့ည အဘိုးကြီးလီနှင့်အတူ ခွေးလေခွေးလွင့်တွေ ၊ သူတောင်းစားတွေ ဝင်လာပြီး သက်သေတွေ မဖျက်ဆီးအောင် စောင့်နေပါ…"
လူဆိုးထိန်း ခေါင်းဆောင်ကျန်းကျူးရှန်က အမိန့်ပေးလိုက်သည်။
"ငါက ဌာနချုပ်မှာရှိတဲ့ လူဆိုးထိန်းတွေကို အကူအညီတောင်းလိုက်မယ်။ ပြီးတော့ ထိပ်တန်းလူဆိုးထိန်းတွေကို စေလွှတ်ပြီး ဒီအလောင်းတွေကို စစ်ဆေးခိုင်းလိုက်မယ်.."
အလွန်ထူးဆန်းသော အဘိုးကြီးကျုံးက ထွက်ပြေးသွားခဲ့ပြီး မည်သည့်အရာမျှ မစွန့်စားခဲ့ရသည့်အတွက် သူလည်း စိတ်အေးသွားခဲ့သည်။ သူကတော့ ကျန်ရှိနေသော တာဝန်ကို ဌာနချုပ်မှ စုံစမ်းရေးမှူးများ လက်ထဲသို့ အပ်လိုက်ချင်၏။
သူ့အမိန့်က မုန့်ချီ အတွက် အဆင်ပြေနေသည့်အတွက် သူလည်း သဘောတူလိုက်သည်။ သူက တစ်ယောက်တည်း ရှိနေသည့်အချိန်တွင် အလောင်းများနှင့် ခြံဝန်းကို နောက်တစ်ကြိမ် စစ်ဆေးကြည့်ချင်နေ၏။ ထိုသို့ဆိုလျှင် သံသရာခရီးသွားများ ကျန်ခဲ့သည့် ခြေရာလက်ရာများကို ရှာဖွေကြည့်နိုင်သည်။ ဥပမာအနေနှင့် ပြောရလျှင်တခြားကမ္ဘာမှ သိုင်းပညာတစ်ခုကို တွေ့ကောင်းတွေ့နိုင်သည်။
တစ်ဖက်တွင် လီချုံးကတော့ အလွန်ထိတ်လန့်သွားခဲ့၏။ ပတ်ပတ်လည်တွင် အလောင်းပေါင်းများစွာ ရှိနေပြီး အမှောင်ထဲတွင် ပုပ်ပွနေသော အလောင်းရနံ့များ ရှိနေသည်။ သူကတော့ နေ့အချိန်တွင်ပင် ကြောက်လန့်နေသည့်အတွက် ညအချိန်ကတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
"ခေါင်း … ခေါင်းဆောင် ကျန်း …
ကျွန်… ကျွန်တော်က ညပိုင်းလေအေးတွေကို ခံနိုင်ရည်ရှိဖို့ အရမ်းအိုနေပါပြီ… "
သူ့စကား မဆုံးသေးခင် ခေါင်းဆောင်ကျန်း ၊ ဆရာကြီးကွေနှင့် တခြားသူများ ထွက်သွားသည်ကို တွေ့လိုက်ရသည်။ သူတို့ကတော့ သူ့စကားကို မကြားချင်ယောင်ဆောင်ထားခဲ့ပြီး လူဆိုးထိန်း ညီလေးစုနှင့် သူ့ကိုသာ အစောင့်အဖြစ် ချန်ထားခဲ့သည်။
လီချုံးက မျက်မှောင်ကြုတ်နေမိ၏။ သူ၏အပြုံးက ငိုထားသည်ထက်ပင် ပို၍ ရုပ်ဆိုးနေသည်။
"လူဆိုးထိန်း ညီလေးစု … ကျေးဇူးပြုပြီး ငါ့ကို စောင့်ရှောက်ပေးပါဦး… "
"အဘိုးကြီးလီ .…
ဘာကို ကြောက်နေတာလဲ…"
မုန့်ချီက အားရပါးရ ရယ်လိုက်သည်။
လီချုံးက အသံတိုးတိုးနှင့်ပြောလိုက်၏။
"အဘိုးကြီးကျုံးက ညအချိန်ပြန်လာမှာကို စိုးရိမ်နေတာပါ။ အဲဒါဆိုရင် ငါတို့က ဘာလုပ်ကြမလဲ…"
အခန်းထဲတွင် ရှိနေသော အလောင်းများကို မြင်လိုက်ရပြီးနောက် သူ၏ အကြောက်တရားများက ပို၍ ပြင်းထန်လာခဲ့သည်။ အဘိုးကြီးကျုံးက အစစ်အမှန် မကောင်းဆိုးဝါးတစ်ကောင်ဟု ခံစားမိနေခဲ့၏။
"အခန်းကို သေချာရှင်းပြီးသွားပြီ။ အလောင်းတွေက လွဲရင် ခြေရာလက်ရာတွေ အားလုံး မရှိတော့ဘူး။ ဒါကြောင့် အဘိုးကြီးကျုံးက ထွက်သွားတဲ့အချိန်မှာ အလျင်စလို ထွက်သွားခဲ့တာ မဟုတ်ဘူး။ သူက လုပ်ဖို့လိုတဲ့ အရာတွေအားလုံးကို လုပ်ပြီးသွားပြီလို့ ပြောချင်တာပဲ။ ဒီတော့ ပြန်လာဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး… "
မုန့်ချီက တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
မဟုတ်လျှင် သူက တာဝန်ဝတ္တရားကို အကြောင်းပြပြီး အဘိုးကြီးကျုံး၏ နောက်သို့ လိုက်သွားရန် မြစ်အရှေ့ပိုင်းသို့ ထွက်ခွာမည်ဖြစ်သည်။ သူက ထိုကဲ့သို့ အန္တရာယ်များသော နေရာတစ်ခုတွင် နေထိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
"ဒါ … ဒါပေမဲ့လည်း တော်တော်ကြောက်စရာကောင်းတယ်လေ။ တကယ်လို့ အလောင်းတွေ အားလုံးက ညအချိန် ဖုတ်ကောင်တွေအဖြစ် ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ…"
လီချုံးက ပြောနေရင်း ပို၍ ကြောက်လာသည်။
"ဖုတ်ကောင်တွေကို ဘာများ ကြောက်စရာရှိလို့လဲ။ တကယ်လို့ သူတို့ပေါ်လာမယ်ဆိုရင်တောင် ကျွန်တော်တို့က ကြောက်စရာမလိုဘဲ သူတို့နဲ့ ကစားလို့ ရသေးတယ်… "
မုန့်ချီက ရယ်ကာမောကာနှင့် ပြန်ဖြေလိုက်၏။
မည်သို့ဖြစ်စေကာမူ သူက ဖုတ်ကောင်တစ်ကောင်အဖြစ် ပြောင်းလဲနေသော လော်ဟန့်ကိုယ်တော်တစ်ပါးကိုပင် တွေ့ခဲ့ဖူးသည်။ သူ့လက်ထဲတွင် ရှိနေသော ကောင်းကင်ပြစ်ဒဏ်ဓားနှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် သူက သာမန် ဖုတ်ကောင်တစ်ကောင်ကို မည်သို့ ကြောက်လန့်မည်နည်း။
"သူတို့နဲ့ ကစားချင်သေးတာလား။ အဲဒါက ဘာကိုပြောချင်တာလဲ…"
လီချုံးက ဘာပြောရမလဲ မသိတော့ပေ။ လူဆိုးထိန်းညီလေးစုက အတွေးအခေါ်ဂိုဏ်းတစ်ခုမှ ရောက်လာခြင်းဖြစ်သည့်အတွက် အကြောက်အလန့်မရှိခြင်းဟုသာ သူက တွေးနေမိ၏။
ညရောက်လာသည့်အချိန်တွင် လမင်းကြီးကို တိမ်တိုက်များ လွှမ်းခြုံထားသည့်အတွက် ကောင်းကင်တစ်ခွင်လုံး မည်းမှောင်နေသည်။ လီချုံးကတော့ အလောင်းရှိနေသော အခန်းထဲကို မဝင်ရဲသည့်အတွက် မုန့်ချီက တံခါးအဝတွင် မီးဖိုလိုက်သည်။
ထို့နောက် အစာချောက်များကို မီးကင်ပြီး ရေသောက်လိုက်၏။ သူက နောက်ပိုင်းမှသာ သေချာရှာဖွေရန် ဆုံးဖြတ်ထားသည်။
လီချုံးက သူ့ဆီတွင် သယ်ဆောင်လာသော အရက်အိုးကို ယူပြီး သောက်လိုက်ရာ ပြင်းရှရှ ခံစားမှုတစ်ခုက လည်ချောင်းထဲသို့ စီးဝင်သွားခဲ့သည်။ နောက်ဆုံးတွင်တော့ သူလည်း အနည်းငယ်တည်ငြိမ်သွားပြီး သက်ပြင်းချလိုက်၏။
"ငါက အိုနေပြီ… တကယ်ကို အိုနေပါပြီ။ ငါက တစ္ဆေသရဲတွေ မကြောက်တဲ့ မင်းလို လူငယ်တွေနဲ့တောင် မယှဉ်နိုင်တော့ဘူး။ ငါ ပထမဆုံး လူဆိုးထိန်းဖြစ်လာခဲ့တဲ့ အချိန်တုန်းက သင်္ချိုင်းထဲမှာ တစ်ယောက်တည်း စောင့်ခဲ့ရတယ်။ အခုတော့ ငါက အခန်းထဲကိုတောင် မဝင်ရဲတော့ဘူး။ အလောင်းတွေနဲ့လည်း တစ်ညလုံး မနေရဲတော့ဘူး…"
"တံခါးအဝမှာ ထိုင်နေတော့လည်း ဘာမှကွဲပြားမှုမရှိပါဘူး။ စဉ်းစားကြည့်လိုက်လေ။ နောက်ဘက်ကနေ အလောင်းတွေ အများကြီးက စိုက်ကြည့်နေသေးတာပဲ… "
မုန့်ချီကတော့ သရဲဇာတ်လမ်းထဲမှ အခြေအနေအတိုင်း စနောက်လိုက်သည်။
လီချုံးက ချက်ချင်းပင် မတ်တပ်ရပ်လိုက်ပြီး အခန်းထဲသို့ ပြန်လှည့်ကြည့်လိုက်၏။ ထို့နောက် သူက မီးဖိုနှင့် မျက်နှာချင်းဆိုင်တွင် ပြောင်းထိုင်လိုက်သည်။
ထိုအချိန်တွင် အမိုးပေါ်မှနေ၍ အသံတစ်ခုကို ကြားလိုက်ရ၏။
"ဘယ်သူလဲ … "
အဘိုးကြီးလီက ပို၍ပင် ကြောက်လန့်သွားပြီး မုန့်ချီကတော့ ပြုံးလိုက်မိသည်။ လေထဲတွင်တော့ ကျီးကန်းများ၏ အော်သံကို ကြားလိုက်ရ၏။ လီချုံးက သက်ပြင်းချလိုက်မိသည်။
သူက ပြန်ထိုင်တော့မည့်အချိန်တွင် မုန့်ချီ၏ စကားသံကို ကြားလိုက်ရ၏။
"မင်းက ကျီးကန်းတစ်ကောင်လို ဟန်ဆောင်ချင်တယ်ဆိုရင်တော့ ဘာမှမကြိုးစားတာ ပိုကောင်းမယ်… "
"ဘယ်လို … "
အဘိုးကြီးလီက အရက်အိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။
"ဟန်မဆောင်တတ်တဲ့ အရူးထက်တော့ ပိုပြီးတော့ သာပါသေးတယ်…"
တာအိုသခင်ပုံစံ ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်က အမိုးပေါ်မှ ခုန်ဆင်းလာခဲ့သည်။
သူက အရပ်ပုပုနှင့် ကလေးမျက်နှာလေးတစ်ခု ရှိနေ၏။ နောက်ကျောတွင် အဖိုးတန် ဓားနှစ်လက်ဖြစ်သော ဓားရှည်တစ်လက်နှင့် ဓားတိုတစ်လက်ကို ကန့်လန့်ဖြတ် ချိတ်ထားခဲ့သည်။ ထိုအရာကတော့ ယောင်ရှင်းလျှူကလွဲလျှင် တခြားလူ မဟုတ်ချေ။
ပန်းရောင်ခြင်ဆီလက် ရှောင်ယွဲ့က အဘိုးကြီးကျုံး၏ ထူးဆန်းသော သိုင်းပညာအကြောင်း ပြောခဲ့သည်ကို ယောင်ရှင်းလျှူက ကြားခဲ့သည်။ ထို့ကြောင့် သူလည်း ညအချိန်မြို့ထဲမှ ထွက်လာပြီး အလောင်းများကို စစ်ဆေးရန် ရောက်လာခဲ့ခြင်းဖြစ်၏။
"ဒါက ကျန်းဝူဂိုဏ်းက တာအိုသခင်လေးပဲ … "
နောက်ဆုံးတွင်တော့ လီချုံးက သက်ပြင်းချလိုက်မိသည်။ သူ့အတွက်တော့ တာအိုသခင်လေးများက သရဲတစ္ဆေများကို ဖမ်းဆီးပေးနိုင်သည့် သဘာဝလွန်စွမ်းအားများ ရှိသည်။
ယောင်ရှင်းလျှူက ခေါင်းညိတ်ပြလိုက်ပြီး မီးဖိုဘေးတွင် ထိုင်လိုက်သည်။ သူက စကားတစ်ခွန်းမျှ မပြောဘဲ လက်ပိုက်နေခဲ့၏။ တာအိုသခင်လေးကို မြင်သည့်အခါ လီချုံးက အတော်လေး စိတ်အေးသွားခဲ့သည်။
ထိုအချိန်တွင် သူက အပေါ့သွားချင်လာသည့်အတွက် ခြံဝန်း၏ တစ်ဖက်တွင် ရှိနေသော အိမ်သာသို့ ထွက်သွားခဲ့၏။
"အဘိုးကြီးလီ အလောင်းတွေ အပေါ် မနင်းမိအောင် သတိထားပါ…"
မုန့်ချီက လှမ်းပြောလိုက်၏။
အဘိုးကြီးလီက တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ပြီး လဲကျလုမတတ် ဖြစ်သွားခဲ့သည်။ မုန့်ချီက သူ့ကို ခြောက်လှန့်နေသည်ဟု ခံစားလိုက်ရ၏။
ယောင်ရှင်းလျှူက နှာခေါင်းရှုံ့လိုက်သည်။
"မင်းက အကြီးအကဲတစ်ယောက်ကို ခြောက်လှန့်လို့ ဘာရမှာလဲ…"
"အလောင်းတွေက စိုက်ကြည့်နေတယ်ဆိုတာကို ဘယ်သူကရော ကြောက်မှာလဲ…"
မုန့်ချီက အပြုံးနှင့်ပြန်ဖြေလိုက်သည်။
ယောင်ရှင်းလျှူက ဒေါသတကြီး ပြန်ဖြေလိုက်၏။
"ငါ … ငါက ဂရုမစိုက်မိသလို ဖြစ်သွားလို့ပါ။ ငါတို့ရဲ့ကျန်းဝူဓားသိုင်းက အဲဒီသရဲတစ္ဆေတွေကို ဖယ်ရှားလို့ရတယ်…"
သူက ခဏကြာ ရပ်တန့်လိုက်ပြီးနောက် ပြောလိုက်သည်။
"သူက သေနေပြီဆိုမှတော့ ပြန်မလာသင့်ဘူး…"
သူက မုန့်ချီကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ သူ၏ စကားလုံးများက တစ်စုံတစ်ခုကို ညွှန်ပြနေခဲ့၏။
ထိုစကားကို ကြားသည့်အခါ မုန့်ချီက မျက်နှာပျက်သွားသည်။ စိတ်ထဲတွင် မကောင်းသော ခံစားချက်များကလည်း ပေါ်လာခဲ့၏။ သူက ယောင်ရှင်းလျှူကို ကြည့်ပြီး ပြောလိုက်သည်။
"ညီလေးယောင် … လာခဲ့ တိုက်ခိုက်ကြရအောင် …"
"ဟမ် … "
ယောင်ရှင်းလျှူက အံ့ဩမှင်တက်သွားခဲ့သည်။ ကလေးဆန်သော သူ၏မျက်နှာပေါ်တွင်လည်း အံ့ဩနေသော အမူအရာတစ်ခု ပေါ်လာခဲ့၏။
မုန့်ချီက အပြစ်ကင်းသော အမူအရာနှင့်သက်ပြင်းချလိုက်ပြီး ခံစားချက်များကို ဖိနှိပ်လိုက်သည်။
"ထားလိုက်ပါတော့ … ငါက ကလေးတွေကို အနိုင်မကျင့်ချင်ဘူး…"
ယောင်ရှင်းလျှူက ဒေါသတကြီး ပျံသန်းလာပြီး ယင်ယန်ဓားနှစ်လက်ကို ဆွဲထုတ်ရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်တွင် တံခါးခေါက်သံကို ကြားလိုက်ရ၏။
ထိုအသံက အလွန်တိတ်ဆိတ်နေသော ညအချိန်တွင် အဝေးမှရောက်လာသလို ထင်မှတ်ရသည်။ ယောင်ရှင်းလျှူက နောက်တွင် ရှိနေသော တိုင်လုံးပေါ်သို့ ခုန်တက်လိုက်၏။ အိမ်သာထဲမှ ပြန်ပေါ်လာသော အဘိုးကြီးလီကလည်း အလွန်ကြောက်လန့်သွားခဲ့သည်။
မုန့်ချီကတော့ ပြုံးလိုက်၏။ သူက တံခါးဆီသို့ လျှောက်သွားပြီး တံခါးကို ဖွင့်ပေးလိုက်သည်။ ထိုအချိန်တွင် လက်နှစ်ဖက်ဆန့်ထားသော ဖြူဖပ်ဖြူရော် မျက်နှာနှင့် ဖုတ်ကောင်တစ်ကောင်ကို တွေ့လိုက်ရ၏။
"မလာခဲ့နဲ့ … "
မုန့်ချီ၏ အမူအရာကတော့ ပြောင်းလဲသွားခြင်း မရှိဘဲ တံခါးကို ပြန်ပိတ်လိုက်သည်။
တံခါးအပြင်ဘက်တွင် ရှိနေသော ဖုတ်ကောင်ဖြစ်စေ ခြံဝန်းထဲတွင်ရှိနေသော ယောင်ရှင်းလျှူနှင့် လီချုံးတို့ဖြစ်စေ သူတို့အားလုံးက နားမလည်နိုင်ဖြစ်သွားကြ၏။
"ဒါက ဘယ်လိုတုန့်ပြန်မှုမျိုးလဲ…"
Translated by Hein Htet