အခန်း (၂၆၇)
Vol. 18 Ch. 267
ထိုလုပ်ရပ်ကြောင့် အပြင်ဘက်တွင် ရှိနေသည်မှာ ဖုတ်ကောင်တစ်ကောင်ဖြစ်ကြောင်း ယောင်ရှင်းလျှူနှင့် လီချုံးတို့ကပင် မေ့လျော့သွားခဲ့သည်။ သူတို့၏ အကြောက်တရားများက ပျောက်ကွယ်သွားပြီး သူတို့၏မျက်နှာပေါ်တွင် နားမလည်နိုင်မှုများသာ ပေါ်လာခဲ့၏။
ဒါက ဘယ်လိုအပြုအမူမျိုးလဲ... "
"ဒေါက် …ဒေါက် …ဒေါက်... "
တံခါးခေါက်သံ (၃) ချက် ထွက်ပေါ်လာသည်။ သို့သော် ယခင်တုန်းကကဲ့သို့ အလျင်လိုနေခြင်း မရှိတော့ပေ။ ထိုအစား ဖြည်းဖြည်းမှန်မှန်နှင့် ခေါက်နေခြင်း ဖြစ်သည်။
"ဘယ်သူလဲ... "
မုန့်ချီက ပျင်းရိစွာ မေးလိုက်သည်။
"သူက ငါတို့ကိုခြောက်လှန့်ဖို့ ကြိုးစားနေတာလား... ။ ငါက ဖုတ်ကောင်ကို လုံးဝမမြင်ဖူးဘူးလို့ ထင်နေတာလား... "
"ငါက ဖုတ်ကောင်ထိန်းချုပ်သူပါ... "
အပြင်ဘက်မှာနေ၍ အက်ရှရှ အသံတိုးတိုးကို ကြားလိုက်ရသည်။
"ဟူး... "
ယောင်လူငယ်လေးနှင့် အဘိုးကြီးလီတို့က သက်ပြင်းချလိုက်မိကြ၏။ ထိုအရာက ဖုတ်ကောင်များကို ထိန်းချုပ်ရန် တာဝန်ရှိသူတစ်ယောက် ဖြစ်နေသည်။ ထိုအရာက အစစ်အမှန် မကောင်းဆိုးဝါး ဖုတ်ကောင်တစ်ကောင် မဟုတ်ချေ။
သက်ပြင်းချလိုက်ပြီးနောက် ယောင်ရှင်းလျှူက တစ်စုံတစ်ခုကို အမှတ်ရသွားပုံ ပေါ်သည်။ သူ၏မျက်နှာအမူအရာက ချက်ချင်း နီရဲလာပြီး အမှောင်ထဲတွင်ရှိနေသော ကောင်းကင်ကြီးပေါ်ကို မော့ကြည့်လိုက်၏။
"လူတစ်ချို့တွေက ဒီလောက်တောင် ဂရုမစိုက်နိုင်ကြဘူးလား..။ ဒီလိုမထင်မှတ်တဲ့ မြင်ကွင်းမျိုးနဲ့ မြင်လိုက်ရတဲ့အချိန်မှာ သူတို့က ပုန်းနေရမယ့်အစား တံခါးကို သွားဖွင့်တာလား... ။ ဒါက တော်တော်လေးကို ဦးနှောက်မရှိတာပဲ ။ အရူးတွေကပဲ အဲဒါကိုနားလည်လိမ့်မယ်... "
မုန့်ချီကတော့ လူငယ်လေးယောင်၏ မျက်နှာကိုစိုက်ကြည့်ပြီး စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူက တံခါးကိုကြည့်ပြီး ပြန်ဖြေလိုက်၏။
"အဲဒါက အဆင်ပြေပါတယ်... ။ တကယ်လို့ မင်းတို့က အထဲကို ဝင်လာချင်တယ်ဆိုရင်တော့ အနည်းဆုံး ရိုးရိုးသားသား ပြောသင့်တယ်... "
သူက တံခါးကို နောက်တစ်ကြိမ် ဆွဲဖွင့်လိုက်သည်။ အပြင်ဘက်တွင်တော့ လူ (၃)ယောက် ရပ်နေခဲ့၏။ အရှေ့ဆုံးတွင် ရှိနေသည့်မှာ အသက် (၂၀) ဝန်းကျင်သာ ရှိသော လူငယ်တစ်ယောက် ဖြစ်သည်။ သို့သော် သူ၏အရေပြားက မည်းနက်နေပြီး မျက်နှာက အရိုးပေါ်အရည်တင် ခြောက်ကပ်နေသည်။
သူ၏ရုပ်ရည်က ထူးခြားနေခြင်း မရှိချေ။ သူ့ပုံစံက အမှောင်ထဲတွင် ကြောက်စရာကောင်းပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ လက်ထဲတွင်တော့ ဖုတ်ကောင်များကို ထိန်းချုပ်နိုင်သည့် တုတ်တစ်ချောင်း ကိုင်ထားသည်။ ခေါင်းပေါ်တွင်လည်း အနက်ရောင် ဦးထုပ်ချွန်တစ်လုံးကို ဆောင်းထားပြီး ခါးတွင် အနက်ရောင် ကြိုးတစ်ချောင်း စီးထားသည်။ အနက်ရောင်ကြိုး၏ တစ်ဖက်တွင်တော့ ပန်ရှန်တံဆိပ်တစ်ခု ရှိနေ၏။
"ပညာရှင်တစ်ယောက်ပဲ…"
မုန့်ချီက ရှင်းရှင်းလင်းလင်း ခန့်မှန်းမိလိုက်သည်။ ထိုလူငယ်ဆီတွင် အကာအကွယ် ချီစွမ်းအင်များ မရှိသေးသည့်အတွက် တံခါး (၉) ပေါက် မပွင့်သေးသော်လည်း မုန့်ချီ၏ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်က သူ၏ချီစွမ်းအင်စီးဆင်းမှုများကို စစ်ဆေးနိုင်ခြင်း မရှိချေ။ ထိုလူငယ်က သစ်ပင်ခြောက်ကြီးတစ်ခု သို့မဟုတ် အလောင်းတစ်ခုကဲ့သို့ ထင်မှတ်ရပြီး ခန္ဓာကိုယ်ထဲတွင် ရှိနေသော အရာအားလုံးကို ဖုံးကွယ်ထားသည်။
လူငယ်လေး၏ ညာဘက်တွင် ရှိနေသည်မှာ အစောပိုင်းတွင် မြင်ခဲ့ရသော ဖုတ်ကောင် ဖြစ်သည်။ သူ့လျှာက ပါးစပ်ထဲမှထွက်ပြီး လည်ပင်းထိအောင် ရောက်နေသည်။ ထိုအရာက ကြောက်စရာကောင်းနေခြင်းတော့ မရှိပေ။ ထိုအရာက သာမန် တံခါး (၄)ပေါက်အဆင့် ဖုတ်ကောင်တစ်ကောင်ဟုသာ မုန့်ချီက သတ်မှတ်နိုင်ခဲ့သည်။
လူငယ်၏ဘယ်ဘက်တွင်တော့ သက်လတ်ပိုင်းလူကြီးတစ်ယောက်ရှိပြီး သူ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ အငွေ့အသက်များက အတော်လေး အားနည်းပုံရသည်။ သူ့ပုံစံက လူသားတစ်ပိုင်း တစ္ဆေတစ်ပိုင်းကဲ့သို့ ထင်မှတ်ရ၏။
သို့သော် သူက သံကျောင်းဆောင်ကြီးတစ်ခုကဲ့သို့ ရပ်နေပြီး အရပ်ရှည်ရှည်နှင့် အစွမ်းထက်သည်။ သူ၏ပတ်ပတ်လည်တွင် လေလှိုင်းတစ်ခုရှိနေပြီး သူ့ပုံစံက ကြောက်စရာမကောင်းချေ။
မုန့်ချီ၏ အာရုံထဲတွင်တော့ ထိုလူကြီးက လူငယ်ထက်ပင် ပို၍အန္တရာယ်များပုံ ရသည်။ သူက သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးပင် ပွင့်နေသည်ဟု ဆိုနိုင်၏။ သူတို့က ရောက်လာမှတော့ မုန့်ချီက ထွက်မပြေးခဲ့ပေ။
သူကတော့ တည်တည်ငြိမ်ငြိမ် အမူအရာနှင့် ပြောလိုက်၏။
"အထဲကို ဝင်လာခဲ့ပါ..။ ဒီကောင်လေးနဲ့အဘိုးကြီးကိုတော့ လျှောက်သွားပြီး မခြောက်လှန့်နဲ့…"
"မင်း... "
ယောင်လူငယ်က အံကြိတ်ပြီး ပြောလိုက်၏။ သို့သော် ကျန်းဝူဂိုဏ်းထဲရှိ လက်ရွေးစင်တပည့် (၇)ယောက်ထဲမှ တစ်ယောက်ဖြစ်သည့်အတွက် ထိုလူများ၏အစွမ်းက အလွန်ထူးခြားကြောင်း သူလည်း ပြောနိုင်နေသည်။ ထို့ကြောင့် သူက မုန့်ချီနှင့် ငြင်းခုံမနေတော့ပဲ သူ၏ယင်ယန်ဓားကို တိတ်တဆိတ် ဆွဲထုတ်လိုက်သည်။
ဖုတ်ကောင်ထိန်းသိမ်းသူက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်ပြီး မုန့်ချီ၏ဘေးမှ လိုက်လာခဲ့သည်။ သူက မီးပုံဘေးတွင် ထိုင်လိုက်ပြီး သက်လတ်ပိုင်းလူကြီးနှင့် ဖုတ်ကောင်ကတော့ သူ့အနားတွင် ရပ်နေကြ၏။ သူတို့ကတော့ သဘာဝလွန်စွမ်းအားများ ရှိနေသည့်အလား မီးတောက်များကို ကြောက်လန့်ပုံမရချေ။
"သူက အသက်ရှင်နေတာလား သေနေပြီလား... "
မုန့်ချီက မီးပုံဘေးတွင် ဆောင့်ကြောင့်ထိုင်နေပြီး ဆက်၍ မီးရှို့နေသည်။ သူ့စိတ်ထဲတွင်တော့ မနေနိုင်ဘဲ ထိုအကြောင်းကို စဉ်းစားမိနေ၏။
သူ့အစွမ်းအရ ထိုအရာက မည်သို့ ဖြစ်နိုင်မည်နည်း။ သက်လတ်ပိုင်းလူကြီးက အသက်ရှင်နေလား သေနေလားပင် သူက မပြောနိုင်ပေ။ သို့သော် သူ့ဆီတွင်လည်း ဝှက်ဖဲများစွာ ရှိနေသည့်အတွက် ကြောက်လန့်နေခြင်း မရှိချေ။
ဖုတ်ကောင်များကို ထိန်းချုပ်ရန် တာဝန်ရှိသူက တစ်ဖွဲ့လုံးကို သေချာ စိုက်ကြည့်နေခဲ့သည်။ သူ့မျက်လုံးက ယောင်ရှင်းလျှူကို ခဏကြာ စိုက်ကြည့်နေခဲ့ပြီး စွမ်းအားအစစ်အမှန် ဖုံးကွယ်ထားသော မုန့်ချီကိုတော့ ခဏလေးသာ စိုက်ကြည့်ခဲ့သည်။ သူကတော့ သူတို့ကို အလေးထားပုံ မရချေ။
မုန့်ချီက သူ၏အသားခြောက်ကို အေးအေးဆေးဆေး ကင်နေခြင်းကလွဲလျှင် လူတိုင်းက တိတ်ဆိတ်နေသည်။ ခဏကြာပြီးနောက် ဖုတ်ကောင်ထိန်းချုပ်သူက ယောင်ရှင်းလျှူကို ကြည့်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။
ထိုအချိန်တွင် သူက နံရံဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အက်ရှရှလေသံနှင့် ပြောလိုက်၏။
"ဘယ်သူလဲ... "
မုန့်ချီကလည်း အသားခြောက် ကင်နေရင်း မော့ကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့၏။ ဖုတ်ကောင်ထိန်းချုပ်သူက သူ့ထက် ပို၍ အနည်းငယ် နှေးကွေးနေသေးသည်။
"ငါက တစ္ဆေသရဲတွေကိုကြောက်တဲ့အတွက် သူတို့တွေကို မကြည့်ရဲဘူး.။ ဒါကြောင့် ငါက ပုန်းနေဖို့ ဆုံးဖြတ်ခဲ့တာ... "
အနီရောင်ဝတ်စုံဝတ်ထားသော မိန်းမပျိုတစ်ယောက်၏ အသံကို ကြားလိုက်ရပြီး သူမက ထောင့်တစ်နေရာမှနေ၍ ထွက်လာခဲ့သည်။
သူမ၏ပုံစံက အလွန်လှပပြီး အစွမ်းထက်မိသားစုတစ်ခုမှ သခင်မလေးတစ်ယောက် သို့မဟုတ် အထက်တန်းလွှာ မိသားစုတစ်ခုမှ ဇနီးကောင်းတစ်ယောက်၏ ရုပ်ရည်မျိုး ဖြစ်သည်။ သူမ၏အနီရောင်ဝတ်စုံ ၊ ဂါဝန်နှင့် ဖိနပ်များက လူတိုင်း၏ရင်ထဲတွင် ရှိနေသော မီးတောက်များကို ထွန်းညှိပေးနိုင်သလို ထင်မှတ်ရသည်။ ထိုအရာကတော့ ပန်းရောင်ခြင်ဆီလက် ရှောင်ယွဲ့ ဖြစ်၏။
"ဪ... ခေါင်းဆောင်ရှောင်ပါလား... ။ ဒီလောက် ညနက်ကြီးကျမှ ဒီနေရာမှာ ဘာအလုပ်များရှိလို့လဲ... "
သူမ၏ရုပ်ရည်က မုန့်ချီအတွက်တော့ သာမန်သာ ဖြစ်သည်။
ရှောင်ယွဲ့က နှုတ်ခမ်းလေးကို တင်းတင်းစေ့ပြီး အပြုံးနှင့်ပြောလိုက်၏။
"ဘယ်လိုခေါင်းဆောင်လဲ... ။ မင်း ပြောလိုက်တော့ ငါက ဓားပြတစ်ယောက်လိုတောင် ဖြစ်သွားပြီ ။ လူဆိုးထိန်းမောင်လေးစု မင်းက ငါ့ကို မိန်းကလေးရှောင်လို့ပဲ ခေါ်လို့ရပါတယ်... "
"ဓားပြဟုတ်လား... ။ ဓားပြဆိုတဲ့စကားလုံးကတောင် မင်းအတွက် မသင့်တော်သေးဘူး... "
မုန့်ချီက စိတ်ထဲတွင် တစ်ယောက်တည်း ရေရွတ်လိုက်သည်။
ကျန်းကျူးရှန်က မုန့်ချီနှင့် လီချုံးတို့ကို ဤနေရာ၌ ကာကွယ်ရန် ညွှန်ကြားခဲ့သည့် အချိန်တွင် သူမက သူ့နာမည်ကို မှတ်သားထားခဲ့သည်။ ရှောင်ယွဲ့က ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။
"ရှင်းလျှူက ညကြီးအချိန်မတော် အလျင်စလိုထွက်သွားတာကို ငါမြင်လိုက်တယ်လေ.။ ငါက သူ ဒုက္ခရောက်မှာကို စိုးရိမ်လို့ သူ့နောက်ကနေ လိုက်လာခဲ့တာ... "
သူမက ထိုကဲ့သို့ ရင်းနှီးသောအမူအရာမျိုး ပြောနေသည့်အတွက် ယောင်ရှင်းလျှူက မျက်မှောင်ကြုတ်လိုက်မိသည်။ သူကတော့ အတော်လေးကို စိတ်ညစ်သွားခဲ့၏။
"ကျုပ်အမြင်ပြောရရင်တော့ ခင်ဗျားက ဒီနေရာကိုလာဖို့အတွက် ယောင်ရှင်းလျှူကို တမင်တကာအချက်အလက်တွေ ပြောပြလိုက်တာပဲ ဖြစ်နိုင်တယ်... "
မုန့်ချီက တစ်ယောက်တည်း ရေရွတ်နေခဲ့ပြီး သူ၏အမူအရာက ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။
သူက အပြုံးနှင့် ပြန်ဖြေလိုက်၏။
"ညက တော်တော်လေးအေးပြီး တော်တော်လေးလည်း မှောင်နေပြီ ။ မိန်းကလေးရှောင် … မင်းလည်း ဒီမှာမီးလှုံပြီး ခဏနေရင် ထွက်သွားပါတော့.."
"မင်းတို့က ဘယ်လိုလှည့်ကွက်တွေ လုပ်ဦးမလဲဆိုတာ ငါကြည့်ချင်သေးတယ်...”
“လူဆိုးထိန်းမောင်လေးစုက အရမ်းသဘောကောင်းတာပဲ ။ မောင်လေးရဲ့ရုပ်ရည်နဲ့ အပြုံးမျိုးက ငါ့ရဲ့အဆောင်ထဲမှာရှိတဲ့ မိန်းမပျိုတွေကို အရှင်လတ်လတ် ဝါးမြိုပစ်နိုင်တယ်... "
မုန့်ချီ၏ စကားလုံးများက ရှောင်ယွဲ့ ကြားချင်နေသော စကားလုံးများ ဖြစ်သည်။ သို့သော် သူမ၏အကြည့်ကတော့ မုန့်ချီဆီတွင် မရှိချေ။ သူမက ဖုတ်ကောင်ထိန်းချုပ်သူနှင့် ယောင်ရှင်းလျှူတို့ကိုသာ သတိထား၍ စောင့်ကြည့်နေခဲ့သည်။
ရှောင်ယွဲ့က ရန်းရှတွင် ရှိနေသော ပြည်တန်ဆာအိမ် (၈၀) ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားသည်။
ရှောင်ယွဲ့ ရောက်လာသည့် အချိန်ကတည်းကစပြီး ဖုတ်ကောင်ထိန်းချုပ်သူ၏အာရုံက သူမဆီတွင်သာ ရှိနေ၏။ သူက သူမ၏အလှတရားများကို မက်မောနေခြင်း မဟုတ်ဘဲ သူမက ဤလူများထဲတွင် အစွမ်းထက်ဆုံး ဖြစ်နေခြင်းကြောင့် သတိထားနေခြင်း ဖြစ်၏။
သူမက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ချီစွမ်းအင်များကို အသုံးပြုထားခဲ့သည်။ မီးပုံဘေးတွင် ထိုင်လိုက်ပြီးနောက် ရှောင်ယွဲ့က မုန့်ချီကို ထပ်မကြည့်တော့ပေ။ သူမက မီးလှုံနေသည့်အချိန်တွင် လက်ချောင်းလေးများကို အပြင်သို့ ထုတ်ထားသည့်အတွက် အလွန်နူးညံ့သိမ်မွေ့သော အသားအရေကို တွေ့မြင်နေရသည်။ သူမဆီမှ ပြောပြ၍ မရနိုင်သော အလှတရားတစ်ခု ထွက်ပေါ်လာနေခဲ့၏။
ဖုတ်ကောင်ထိန်းချုပ်သူက လှုပ်ရှားမှုမရှိကြောင်း မြင်လိုက်ရသည့်အခါ သူမက ချောင်းဟန့်ပြီး စကားပြောရန် ပြင်လိုက်သည်။
"နင်က ဘာရှာချင်နေတာလဲ... "
"လူတစ်ယောက်ပဲ…"
သူက အက်ရှရှလေသံနှင့် ပြန်ဖြေလိုက်သည်။ ဖုတ်ကောင်ထိန်းချုပ်သူက ခေါင်းပင် မော့မကြည့်ခဲ့ပေ။
"အဘိုးကြီးကျုံးနဲ့ ငါက ပတ်သက်မှု အများကြီးရှိတယ်..။ ငါက သူ့ဆီမှာ ပစ္စည်းတချို့ကို အချိန်အကြာကြီးထားခဲ့တာ... ။ သူက အဲဒါကို ယူသွားပြီလားမသိဘူး... "
ရှောင်ယွဲ့က တီးတိုးပြောလိုက်သည်။
ယောင်ရှင်းလျှူက မျက်မှောင်ကြုတ်လိုက်မိ၏။ သူက အရူးတစ်ယောက် မဟုတ်ချေ။ သူကတော့ ရှောင်ယွဲ့၏ အသုံးချခံအဖြစ် ဤနေရာကို ရောက်လာခဲ့ကြောင်း သိနေ၏။
"ငါက သူ့ကိုသတ်ပြီး ပစ္စည်းတစ်ခု ပြန်ယူရလိမ့်မယ်... ။ အဲဒါက နင်ရှာနေတဲ့ပစ္စည်းနဲ့ အတူတူလားဆိုတာတော့ ငါလည်းမသိဘူး... "
ဖုတ်ကောင်ထိန်းချုပ်သူက တုတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။
သူတို့ (၂) ယောက်၏ကြားထဲတွင် တင်းမာမှုက တဖြည်းဖြည်း သိသာလာနေသည်။ သူတို့က ယောင်ရှင်းလျှူကို အနည်းငယ်သာ သတိထားနေပြီး စွမ်းအားအများစုကတော့ သူတို့အချင်းချင်းသာ သတိထားနေကြ၏။
လီချုံးကတော့ အသံတိုးတိုးနှင့် ဘုရားစာရွတ်ဖတ်နေပြီး သူ့ကို အကာအကွယ်ပေးရန် ဆုတောင်းနေခဲ့သည်။ သူက အတွေ့အကြုံရှိသော လူဆိုးထိန်းတစ်ယောက် ဖြစ်သည့်အတွက် လှုပ်ရှားနေသော အခြေအနေများကို အလွယ်တကူ သတိထားမိသည်။ သူက ကြောက်လန့်နေသည့်အတွက် အရှုပ်အထွေးထဲတွင် ဝင်မပါမိစေရန် ဆုတောင်းနေခြင်း ဖြစ်သည်။
ဖုတ်ကောင်ထိန်းချုပ်သူက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ ရှောင်ယွဲ့ကလည်း အတူတူသာ ဖြစ်၏။ သူတို့၏မျက်လုံးထဲတွင် မီးဝင်းဝင်းတောက်နေသလို ထင်မှတ်လာရသည်။
"အဟမ်း... "
ရုတ်တရက်ဆိုသလို ချောင်းဟန့်သံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
သူတို့ (၂) ယောက်က အသံထွက်ပေါ်လာသည့်နေရာကို လှမ်းကြည့်လိုက်ရာ ထိုအရာက မုန့်ချီဖြစ်ကြောင်း တွေ့လိုက်ရသည်။ မုန့်ချီက အပြုံးနှင့် အေးအေးဆေးဆေး မတ်တပ်ရပ်လိုက်၏။
"တချို့အရာတွေကို ကြိုပြီးတော့ ပြောပြထားဖို့လိုလိမ့်မယ်..။ ဒီနေရာက ပြစ်မှုကျူးလွန်ထားတဲ့နေရာပဲ ။ ဒီတော့ အရမ်းလေးနက်တယ်...။ ဒါက ငါတို့ယပ်တောင် (၆) လက်ကျောင်းရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိနေတယ်..။ ပြီးတော့ ဒါက အများပိုင်နေရာတစ်ခုပဲ ။ မင်းတို့က ဘာပဲလုပ်ချင်လုပ်ချင် အရင်ဆုံး ငါ့ဆီကနေ ခွင့်တောင်းသင့်တယ်... ။ ဥပမာအနေနဲ့ ပြောရရင် တကယ်လို့ မင်းတို့က တိုက်ခိုက်ချင်တယ် ဆိုရင်တောင် ပြစ်မှုကျူးလွန်ထားတဲ့နေရာနဲ့ အလောင်းတွေကို ဖျက်ဆီးလို့မရဘူး... "
မုန့်ချီ၏အမူအရာက ဘက်မလိုက်သော တရားသူကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူက လူဆိုးထိန်းတစ်ယောက် ဖြစ်သည့်အတွက် ထိုကဲ့သို့ လုပ်ဆောင်သင့်၏။
လီချုံးကတော့ ပါးစပ်ဟောင်းသားဖြစ်နေပြီး ဘာပြောရမှန်းပင် မသိတော့ချေ။
"သူတို့ (၂) ယောက်လုံးက ရက်စက်ကြမ်းကြုတ်တဲ့လူတွေဆိုတာ ညီလေးစုက မသိဘူးလား... "
သူက ထိုလူများ၏ရှေ့တွင် လူဆိုးထိန်းတစ်ယောက်၏တာဝန်ကို ပြောပြရဲသည့်အတွက် သူလည်း အံ့သြနေခဲ့၏။
ဖုတ်ကောင်ထိန်းချုပ်သူနှင့် ရှောင်ယွဲ့တို့က ခဏကြာ မှင်တက်သွားကြသည်။ သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော အန္တရာယ်များသည့် အငွေ့အသက်များကလည်း ပျောက်ကွယ်သွားကြ၏။ သူတို့ (၂) ယောက်လုံးက မုန့်ချီကို လှည့်ကြည့်လိုက်ကြသည်။ မုန့်ချီက အပိုစကားများ လာပြောသည်ဟုသာ သူတို့က သတ်မှတ်ထားကြ၏။
"ယပ်တောင် (၆) လက်ကျောင်းရဲ့နာမည်ကို ပြောလိုက်ရုံနဲ့ သူတို့က မတိုက်ခိုက်ရဲတော့ဘူးလို့ ထင်နေတာလား... "
ယောင်ရှင်းလျှူက မုန့်ချီကို မသိချင်ယောင်ဆောင်ထားသည်။ သူကတော့ ဘေးမှနေ၍ ရပ်ကြည့်နေခဲ့သည်။ သူက လူဆိုးထိန်းစု၏ အစွမ်းကို ယုံကြည်ချက် ရှိသည်။ သို့သော် ထိုကဲ့သို့ မောက်မာသော လုပ်ရပ်မျိုးက စစ်ပွဲကို ခေါ်ဆောင်သလို ဖြစ်နေသည်။
ရှောင်ယွဲ့၏အပြုံးက ပျောက်ကွယ်သွားသည်။ သူမ၏အင်္ကျီလက်ထဲမှနေ၍ ဓားမြှောင်(၂) လက် ထွက်လာသည်။
"လူဆိုးထိန်းမောင်လေးစု … တကယ်လို့ ငါက နင်နဲ့လက်ရည်စမ်းချင်တယ်ဆိုရင်ရော... "
ဓားမြှောင် (၂) လက်၏ လက်ကိုင်တွင် ဖဲကြိုးလေးများနှင့် ချိတ်ဆက်ထားပြီး သူမ၏လက် (၂) ဖက်နှင့် ဆက်သွယ်ထားသည်။
လီချုံးကတော့ မှင်တက်နေရာမှ သတိပြန်ဝင်လာပြီး လူဆိုးထိန်းညီလေးစုကို တောင်းပန်ခိုင်းရန် ပြင်လိုက်သည်။ သို့သော် လူဆိုးထိန်းညီလေးစုက ခြံဝန်း၏ အလယ်သို့ လျှောက်သွား၏။ သူက ဓားရှည်ကို ဆွဲထုတ်လိုက်ရာ သူ၏ဓားရှည်ပေါ်တွင် အနက်ရောင်နှင့် အဖြူရောင် အလင်းတန်းများ လွှမ်းခြုံနေသည်။
"ဒါဆိုလည်း ဒီခြံဝန်းရဲ့အလယ်မှာပဲ တိုက်ခိုက်ကြတာပေါ့... "
" ဟမ်...။ နင်က မှုခင်းနယ်မြေနဲ့ အလောင်းတွေ ထိခိုက်သွားမှာကို မစိုးရိမ်တော့ဘူးလား... "
သူမက ထိုစကားပြောပြီးသွားသည့်အချိန်တွင် လေထဲ၌ အလင်းတန်းလေးတစ်ခု တောက်ပလာသည်။ ဓားမြှောင်(၂) ချောင်းက မုန့်ချီဆီသို့ ဦးတည်လာခဲ့သည်။
သို့သော် သူမ၏အာရုံ အများစုက ဖုတ်ကောင်ထိန်းချုပ်သူဆီတွင်သာ ရှိနေသေးသည်။ သူမက ချီစွမ်းအင်တချို့ကို အပြင်ဘက်သို့ ပို့ဆောင်လိုက်ပြီး ဓားမြှောင်ထဲတွင် လွှမ်းခြုံထားခဲ့သည်။ မုန့်ချီက ထိပ်သီးပညာရှင်တစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် သူမ၏ အကာအကွယ် ချီစွမ်းအင်များကို ချိုးဖောက်ရန် လုံးဝ မဖြစ်နိုင်ပေ။
ယောင်ရှင်းလျှူက သက်ပြင်းချလိုက်မိ၏။ သူက မည်သည့်အရာကို သက်ပြင်းချလိုက်မိကြောင်း သူကိုယ်တိုင်ပင် ရှင်းရှင်းလင်းလင်း မသိတော့ချေ။
မုန့်ချီက သူ၏ဓားရှည်ကို သာမန်အမူအရာနှင့် ဆွဲထုတ်လိုက်သည်။ ထို့နောက် အလွန်သိမ်မွေ့ညင်သာသော အက်ကွဲသံလေးတစ်ခု ထွက်ပေါ်လာပြီး မုန့်ချီ၏ ဓားရှည်က ရှောင်ယွဲ့ကို လွှမ်းခြုံထားသော အကာအကွယ် ချီစွမ်းအင်များကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်။ ဓားရှည်ပေါ်တွင်လည်း အလင်းတန်းလေးတစ်ခု တောက်ပလာပြီး ဖဲကြိုးကို အလယ်မှထက်ပိုင်း ဖြတ်ပစ်လိုက်၏။
ရှောင်ယွဲ့က လုံးဝကို သတိလက်လွတ် ဖြစ်သွားခဲ့သည်။ သူမ၏အမူအရာကလည်း သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ယုံကြည်ချက်ရှိနေသော အခြေအနေမှ ရုတ်ချည်းပင် ပြောင်းလဲသွားခဲ့သည်။
သူမက ခန္ဓာကိုယ်ကို လှပစွာ လှုပ်ရှားလိုက်ပြီး သူမ၏ဓားမြှောင်လေးများကို လေထဲသို့ နောက်တစ်ကြိမ် ဆွဲယူလိုက်သည်။ သူတို့က စည်းချက်ကျကျ လှုပ်ရှားလာပြီး မုန့်ချီ၏ဓားရှည်ကို တားဆီးထားလိုက်၏။
မုန့်ချီ၏ဓားရှည်က အလယ်သို့ ရောက်လာသည့်အချိန်တွင် ရုတ်တရက် ဦးတည်ချက် ပြောင်းလဲသွားပြန်သည်။ ထိုအရာက ဓားမြှောင်(၂) ချောင်း၏ ကြားထဲမှနေ၍ ထွက်သွားခဲ့ပြီး ရှောင်ယွဲ့၏ ရင်ဘတ်ရှိရာကို ဦးတည်လာခဲ့သည်။
ရှောင်ယွဲ့က သူမ၏လှုပ်ရှားမှုကို လျင်လျင်မြန်မြန် ပြောင်းလဲနိုင်စွမ်း မရှိချေ။ သူမက နောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး ခုခံရန် ပြင်ဆင်လိုက်၏။
ထိုအရာကို မြင်သည့်အခါ လီချုံးက အံ့သြသွားခဲ့သည်။
"လူဆိုးထိန်းညီလေးစုက မိန်းကလေးရှောင်ကိုတောင် နောက်ဆုတ်သွားအောင် တွန်းအားပေးနိုင်တာလား..။ ဒါက တကယ့်ကို မဖြစ်နိုင်ဘူး..။ သူ့ကို ဖုတ်ကောင်တစ်ကောင်က ထိန်းချုပ်ထားတာများလား... "
မုန့်ချီ၏ဓားရှည်က တိုက်ခိုက်မှုကို ရပ်တန့်သွားခြင်း မရှိချေ။ ထိုအရာက ဖဲကြိုးလေးများဆီသို့ နောက်တစ်ကြိမ် ရောက်သွားပြန်သည်။
ရှောင်ယွဲ့က နောက်သို့ ခြေတစ်လှမ်း ထပ်ဆုတ်လိုက်ပြီး သူမ၏ဓားမြှောင်များကို လေထဲသို့ နောက်တစ်ကြိမ် မြှောက်လိုက်ပြန်သည်။ ဖဲကြိုးက လှုပ်ရှားသွားပြီး ဓားမြှောင်များကလည်း ညအချိန် လင်းလက်နေသော ကြယ်များကဲ့သို့ တောက်ပလာသည်။ ထိုအရာက အလွန်အမင်းကို လှပလွန်းလှ၏။
သို့သော် လူဆိုးထိန်းစုကတော့ သူ၏လှုပ်ရှားမှုများကို သေချာထိန်းချုပ်နိုင်သည်။ သူက သူမ၏သိုင်းကွက်များအတိုင်း အလိုက်သင့် လိုက်ပါလှုပ်ရှားနေပြီး သူ၏ဓားထိပ်ဖျားက သူမ၏ လက်ကောက်ဝတ်ဆီကိုသာ အမြဲလိုလို ဦးတည်နေခဲ့သည်။
သူမ၏ရင်ထဲတွင် မုန့်ချီအပေါ် မုန်းတီးမှုများ ပေါ်လာခဲ့သည်။ အကယ်၍ သူမကသာ စလာကတည်းက ဖုတ်ကောင်ထိန်းချုပ်သူကို စိုးရိမ်နေခဲ့ခြင်း မရှိလျှင် ယခုလို အခြေအနေမျိုး ကျရောက်သွားလိမ့်မည် မဟုတ်ချေ။
သူမ၏ ဝင်္ကပါဖျက် ဓားကကွက်က ရန်းရှတွင် အတော်လေး နာမည်ကျော်ကြား၏။ ထိုအရာက နှေးကွေးပြီး လှပသည်။ သို့သော် သတ်ဖြတ်ချင်စိတ်များလည်း ပြည့်နှက်နေ၏။ လက်ရှိအချိန်တွင်တော့ သူမက ဓားမြှောင်များကို ပြည့်ပြည့်ဝဝ ထုတ်သုံးနိုင်ခြင်း မရှိချေ။
သူတို့ကတော့ ကြိုးတစ်ချောင်းပေါ်တွင် ရှိနေသော ရုပ်သေးများကဲ့သို့ အတော်လေး အိုးတိုးအမ်းတမ်း နိုင်လှသည်။ ရှောင်ယွဲ့ဆီတွင် သတ်ဖြတ်ရေးသိုင်းကွက်တစ်ခု ရှိ၏။ သို့သော် သူမက ထိုအရာကို အသုံးပြုလိုက်မည်ဆိုလျှင် နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။ တစ်ဖက်တွင်လည်း လူဆိုးထိန်းစုက သူမအပေါ် သတ်ဖြတ်ချင်စိတ်များ မရှိကြောင်း ခံစားမိနေ၏။ ထို့ကြောင့်လည်း သူမက သတ်ဖြတ်ရေးသိုင်းကွက်ကို မသုံးခဲ့ခြင်း ဖြစ်သည်။
နောက်သို့ခြေတစ်လှမ်း ထပ်ဆုတ်သွားပြီးနောက် ရှောင်ယွဲ့က ခြေချော်သွားခဲ့၏။ သူမက ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့၏။ သူမ၏ချီစွမ်းအင်များကလည်း (၂)ပိုင်းကွဲသွားပြီး အချင်းချင်း ပြင်းထန်စွာ တိုက်မိသွားခဲ့သည်။
ပေါက်ကွဲသည့် စွမ်းအင်များကြောင့် သူမက နောက်ပြန်လွင့်သွားသော်လည်း ဓားရှည်ကတော့ သူမ၏ခေါင်းပေါ်တွင်သာ ရှိနေသေးသည်။ အကယ်၍ သူမကသာ လေထဲသို့ ပြန်ခုန်ထလိုက်မည်ဆိုလျှင် သေချာပေါက် သေရပါလိမ့်မည်။
ရှောင်ယွဲ့က ရွေးချယ်စရာ မရှိတော့ဘဲ ဓားသွားမှ လွတ်မြောက်ရန် အောက်သို့ ထိုင်ချလိုက်ရသည်။ သူမက နောက်တစ်ကြိမ် တိုက်ခိုက်တော့မည့်အချိန်တွင် ချက်ချင်း ရပ်လိုက်ရ၏။
အဘယ်ကြောင့်ဆိုသော် သူမ၏ အနောက်ဘက်တွင် တောက်လောင်နေသော မီးတောက်များ ရှိနေကြောင်း နားလည်သွားသည်။ ထိုမီးတောက်များဆီမှ အနွေးဓာတ်များ ထွက်ပေါ်လာနေ၏။ သူမက မူလထိုင်ခဲ့သောနေရာတွင် ထိုင်နေခြင်းဖြစ်ပြီး ထိုနေရာမှ တစ်လက်မလေးပင် ရွေ့လျားသွားခဲ့ခြင်း မရှိချေ။
"တစ်လက်မမှ ရွေ့မသွားဘူး... ။ ဒီလိုကောင်းကောင်းထိုင်နေတာကမှ ပိုကောင်းဦးမယ်... "
မုန့်ချီကတော့ သူ့ဓားကို အပြုံးနှင့် ရုတ်သိမ်းလိုက်သည်။
သူက ဆက်ပြောလိုက်၏။
"တကယ်လို့ ခင်ဗျားက ကျုပ်နဲ့လက်ရည်စမ်းချင်တယ်ဆိုရင် မှုခင်းနေရာနဲ့ အလောင်းတွေ ပျက်စီးသွားမှာကို စိုးရိမ်နေစရာ မလိုဘူး... "
ထိုစကားကတော့ သူမ၏မေးခွန်းကို ပြန်ဖြေလိုက်ခြင်း ဖြစ်လေသည်။
Translated by Hein Htet