အခန်း (၂၇၂)
Vol. 19 Ch. 272
တုန်းရန်စံအိမ်ဟူသော နာမည်ကို ကြားသည့်အချိန်တွင် မုန့်ချီက လီချုံး ပြောခဲ့ဖူးသော အံ့အားသင့်ဖွယ် အုတ်ဂူများအကြောင်းကို ချက်ချင်း အမှတ်ရသွားခဲ့သည်။ ထိုအရာက ရေစက်ရှိသူသာ ကြုံတွေ့ရသော နယ်မြေတစ်ခုလည်း ဖြစ်၏။
ထို့ကြောင့်လည်း အဘိုးကြီးကျုံးက မြစ်အရှေ့ပိုင်းတွင် ချိုးဖေး၏ နောက်သို့ လိုက်သွားခဲ့ပြီး လူဆိုးထိန်းကိုင်ကို ဖုတ်ကောင်အဖြစ် ပြောင်းလဲလိုက်ခြင်းလည်း ဖြစ်နိုင်သည်။
ထိုအချိန်တွင် လူဆိုးထိန်းကိုင်က လှေနားတွင် စုံစမ်းနေခြင်း ဖြစ်နိုင်ပြီး လှေအခန်းထဲ၌ ပုန်းနေခဲ့သည့်အချိန်တွင် လျှို့ဝှက်ချက်များကို ခိုး၍ နားထောင်မိခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော် ထိုအရာကို စဉ်းစားကြည့်လိုက်ပြီးနောက် မုန့်ချီက တစ်စုံတစ်ခု ထူးခြားနေသည်ကို ခန့်မှန်းမိခဲ့၏။ အကယ်၍ အံ့ဩဖွယ်ကောင်းသော အုတ်ဂူများသာ ရှိနေမည်ဆိုရင် မြစ်အရှေ့ပိုင်း၌ ရှိနေသော မြောင်လင်အစား ရန်းရှတွင်သာ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသင့်သည်။ ထိုအရာနှစ်ခုက လုံးဝ မသက်ဆိုင်ခြင်းပေလော။
လူဆိုးထိန်းကိုင်က ဦးတည်ချက်အမှားကို စုံစမ်းမိနေခြင်းပေလော။ သံသယများအားလုံးကို ဖယ်ရှားထားလိုက်ပြီး သူက ထိုအစောင့်၏ ပင်မဝိညာဉ်ကို တိုက်ခိုက်လိုက်ပြီး အခန်းအတွင်းသို့ ပြန်လာခဲ့သည်။
သူက ကျန်းကျူးရှန်နှင့် လီချုံးတို့ကို အမိန့်ပေးပြီး ပြောလိုက်၏။
"ချိုးဖေးကို သတိထားပြီး စောင့်ကြည့်နေပါ … "
"ကောင်းပါပြီ…"
ကျန်းကျူးရှန်က ရိုရိုသေသေ ပြန်ဖြေလိုက်သည်။ အထက်လူကြီးတစ်ယောက်က သူ၏ လက်အောက်ငယ်သားများကို အလွယ်တကူ အမိန့်ပေး၍ ရနိုင်၏။ လျှို့ဝှက်သတင်းပေးများကတော့ တခြားသော လူဆိုးထိန်းများနှင့် ပတ်သက်သော လျှို့ဝှက်အချက်အလက်များကိုပင် သတင်းယူဆောင်ခွင့်ပေးထားသည်။
နောက်တစ်နေ့တွင်တော့ မုန့်ချီက အိပ်ရာနိုးလာပြီး ဓားရှည်သိုင်းပညာနှင့် ဓားမောက်သိုင်းပညာတို့ကို လေ့ကျင့်နေခဲ့သည်။ ကျန်းကျူးရှန်က ခြံဝန်းထဲသို့ ဝင်လာသည်ကို မြင်သည့်အခါ သူက စွမ်းအားများကို ဖယ်ရှားလိုက်၏။
"အစိမ်းရောင် လက်ပတ်ဝတ်စု …
အဘိုးကြီးကျုံး ထွက်ပြေးသွားတယ်ဆိုတာ သေချာသွားတော့ ချိုးဖေးက မြစ်အရှေ့ပိုင်းကို လှေနဲ့ ထွက်သွားပြီ… "
ကျန်းကျူးရှန်က လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။
မုန့်ချီက မှင်တက်သွားမိ၏။
"မြစ်အရှေ့ပိုင်းလား… "
အရာအားလုံးက မြစ်အရှေ့ပိုင်းတွင် ရှိနေသော မြောင်လင်နှင့် ပတ်သက်နေခြင်းပေလော။
"ချိုးမိသားစုရဲ့လှေက ကုန်အပြည့်နဲ့ မြစ်အရှေ့ပိုင်းကို ထွက်သွားနေပြီ။ ချိုးဖေးက လမ်းတစ်ဝက်မှာ ဆင်းသွားမလားဆိုတာတော့ ကျွန်တော်တို့လည်း သေချာမသိဘူး…"
ကျန်းကျူးရှန်က ပြောလိုက်ပြီး သူ့အမြင်ကိုပါ ထည့်ပြောလိုက်သည်။
မုန့်ချီကတော့ မြစ်အရှေ့ပိုင်းတွင် ရှိနေသော မြေမျက်နှာသွင်ပြင်နှင့် ထိုလူများ၏ အကြောင်းကို စဉ်းစားနေခဲ့သည်။ သူ၏သွေးများကလည်း နောက်တစ်ကြိမ် ဆူပွက်လာပြီး ထိုအရာကို စစ်ဆေးကြည့်ချင်ခဲ့၏။ ထိုသို့ဆိုမှတော့ သူလည်း မြစ်အရှေ့ပိုင်းကို သွားသင့်သည်။
…………………..
ဆောင်းဦးရာသီတွင် ကောင်းကင်ကြီးက တောက်ပနေသည်။ မုန့်ချီက အလွန်ကျယ်ပြန့်သော မြစ်ကြီးနှင့် တလိပ်လိပ် တက်လာနေသော လှိုင်းလုံးများကို ငေးကြည့်နေမိ၏။
သူက အသံတိုးတိုးနှင့် တီးတိုးရွတ်ဆိုနေမိသည်။
"ရွက်လွှင့်နေတဲ့အချိန် အရိပ်တစ်ခုက အပြာရောင် ကောင်းကင်ကြီးနဲ့ တသားတည်း ဖြစ်လာတယ်။ အခုအချိန်ထိအောင် ငါကတော့ မြစ်ပြင်ကြီးကိုပဲ မြင်နေရပြီး ကောင်ကင်ကြီးက ဘယ်ဆီမှာပါလိမ့် … "
ပတ်ဝန်းကျင်အခြေအနေက လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို သန့်ရှင်းပေးနိုင်ပြီး စိတ်ဆန္ဒများကို ကျယ်ပြန့်လာစေနိုင်သည်။ လွန်ခဲ့သော တစ်လအတွင်း မုန့်ချီက အလွန်အံ့ဩစရာကောင်းသော အုတ်ဂူများကို ရှာဖွေရန် မအောင်မြင်ခဲ့ပေ။
ထို့ကြောင့် သူလည်း ချိုးဖေး၏လှေ နောက်သို့ လိုက်သွားရန် ထွက်လာခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင်တော့ သူက အလျင်လိုနေခြင်း မရှိချေ။ နောက်ဆုံးတွင်တော့ သူက မြစ်အရှေ့ပိုင်းနယ်စပ်ကို ဝင်ရောက်လာခဲ့ပြီဖြစ်သည်။
မြစ်အရှေ့ပိုင်းက ကျန်းစီရင်စုနှင့် ဖန်းစီရင်စုတို့၏ အစပ်တွင် ရှိနေသည်။ ထိုအရာက မြစ်အရှေ့ဘက်တွင် တည်ရှိသည့်အတွက် ထိုကဲ့သို့ နာမည်ပေးထားခြင်းလည်း ဖြစ်၏။ ထိုနေရာက ဒုက္ခကပ်ဘေးများစွာကို ရင်ဆိုင်ခဲ့ရပြီးနောက် ထိခိုက်မှု အနည်းဆုံး နေရာတစ်ခုလည်း ဖြစ်သည်။
နယ်မြေတစ်ခုလုံးက ဒဏ္ဍာရီပုံပြင်များ ၊ ထူးချွန်ထက်မြက်သော လူငယ်များကြောင့် နာမည်ကျော်ကြားသည်။ ထိုနေရာက ခရီးသွားလိုသော လူငယ်ပညာရှင်များနှင့် ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်လိုသော ပညာရှင်များအတွက် ပထမဆုံး ရွေးချယ်မှုတစ်ခု ဖြစ်သည်။
မြစ်ထဲတွင် အသက်ကို ဝဝရှူလိုက်ပြီးနောက် မုန့်ချီက စိတ်ထဲတွင် အေးချမ်းသွားသလို ခံစားလိုက်ရသည်။ မုန့်ချီက အခန်းထဲသို့ ပြန်လာပြီး သူ့လက်ထဲတွင် ရှိနေသော တစ်စုံတစ်ခုကို ထုတ်ဖတ်လိုက်သည်။
ထိုအရာက လှေရပ်လိုက်သည့်နေရာတွင် ယပ်တောင် (၆)လက်ကျောင်း၏ လျှို့ဝှက်စခန်းမှနေ၍ ရယူထားသော သိုင်းလောကမှတ်တမ်းတစ်ခု ဖြစ်သည်။ ထိုမှတ်တမ်းက သူ့နာမည်အတိုင်း ယပ်တောင် (၆)လက်ကျောင်း ထုတ်ပြန်ထားသော သတင်းစာတစ်ခုကဲ့သို့ ဖြစ်၏။
ထိုနေရာတွင် လူဆိုးထိန်းများ မတော်တဆ သတိလက်လွတ် ဖြစ်သွားစေနိုင်သော အရေးကြီး အချက်အလက်များအားလုံးကို ပြောပြထားသည်။ ထိုအရာက လစဉ်ထုတ်ပြန်ပြီး အရေးပါသော အချက်အလက်များကို ရေးသားထား၏။
ခေါင်းစဉ်အများစုကတော့ ဝေ့ကျင်းအဆင့် ပညာရှင်များနှင့် ပတ်သက်နေပြီး ကျန်ရှိနေသည့်အရာများက ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များနှင့် ပတ်သက်နေသည်။ မုန့်ချီက ဝေ့ကျင်းအဆင့်နှင့် ပတ်သက်သော စာမျက်နှာများကို ကျော်လိုက်၏။ ထိုနေရာတွင် သူနှင့်ပတ်သက်သော အရာတစ်ခုမျှ မတွေ့ရပေ။
သို့သော် ဉာဏ်အလင်းပွင့်မှုအဆင့် ကောက်နုတ်ချက်များကို ဖတ်ကြည့်လိုက်သည့် အချိန်တွင် သူက အတော်လေး စိတ်ဝင်စားသွားသည်။
"ပျက်သုဉ်ခြင်း ဓားနတ်သမီး ကျန်းကျိဝေက တိတိုင်းပြည်ထဲမှာ ပေါ်လာခဲ့တယ်။ သူက လူငယ်မှတ်တမ်းမှာ အဆင့် (၁၂)ရှိတဲ့ ခရမ်းရောင်ဓား ကွေကျီကို အနိုင်ရခဲ့တယ်..”
“မိုင်တစ်ရာ ထိတ်လန့်ခြင်း ကျန်းဟန်ချွန်က ကျန်းစီရင်စုထဲမှာရှိတဲ့ တကျင်းမှာ လျှို့ဝှက်နေထိုင်နေတယ်။ သူက လူသားနဲ့ ကောင်းကင်တစ်သားတည်းအဆင့်ကို ရောက်ဖို့ ကြိုးစားနေတယ်…”
“အသက်ထိန်းသိုင်းသူ ဝမ်စစ်ယွမ်က တစ်လတိတိ နေမကောင်းဖြစ်နေတယ်။ သူက ကျန်းစီရင်စုထဲမှာရှိတဲ့ ကွမ်လင်နေအိမ်မှာ သူ့မိသားစုနဲ့အတူ နေထိုင်ပြီး ဘယ်နေရာကိုမှ ထွက်မသွားခဲ့ဘူး…"
မုန့်ချီက စားပွဲကို တတောက်တောက် ခေါက်နေပြီး ထိုအကြောင်းကို စဉ်းစားမိနေသည်။
ပြောင်းလဲမှုကျင့်စဉ်၏ ဆက်ခံသူများက ကောင်းကင်ဘုံ၏ ကျိန်စာကြောင့် အားနည်းစွာ မွေးဖွားလာကြတယ်။ သူတို့အားလုံးက ဓမ္မကာရအဆင့်ကို မရောက်ခင် သေဆုံးသွားကြရ၏။ သို့သော် မြစ်အရှေ့ပိုင်းကတော့ သူ၏နာမည်နှင့် လိုက်ဖက်ညီနေသည်။ သူကတော့ ထိုမှတ်တမ်းကို ဖတ်ရှု၍ မပြီးသေးခင် ထိပ်ဆုံး (၁၀)ယောက်ထဲမှ လူငယ်ပညာရှင် (၂)ယောက်ကို တွေ့နေရ၏။
"အဆုံးမဲ့ဓား ရန်ချုံက ဖန်းစီရင်စုရဲ့ကမ်းစပ်မှာ သူ့ရဲ့ဓားပညာကို လေ့ကျင့်နေတယ်။
ကြာပန်းသခင် လျှူစုက ယင်မြို့စံအိမ်ရဲ့ အပြင်ဘက်မှာ အရက်သောက်နေတာကို တွေ့ခဲ့ရတယ်။
ကိုယ်ပျောက်ဓား ဟယ်ကျူးက ပင်လယ်ပြင်ကို ဖြတ်ကျော်ပြီး ဖန်းစီရင်စုမှာရှိတဲ့ လန်းယာ့ကို ရောက်လာပြီ။
မြေခွေးဘုရင် တိုင်ရှန်က တောင်ဘက်ကို လျင်မြန်စွာ ခရီးသွားနေတယ်။ သူ့ရဲ့ဦးတည်ချက်ကလည်း မြစ်အရှေ့ပိုင်းဖြစ်မယ် ထင်တယ်။
အင်ပါယာဓား (၅)သွယ် ချင်ယုက မြောင်လင်ကို သွားနေပြီ။ အခု သူက ခုံယုံးဟွာ ကျောင်းဆောင်ထဲမှာ တံခါးပိတ် လေ့ကျင့်နေတယ်။
ဗုဒ္ဓလက်ဝါး ရွှမ်ကျန်းက ရှောင်လင်ကျောင်းတော်ကို နောက်တစ်ကြိမ် ပြန်သွားတယ်။ အခုသူက လှေစီးပြီး အရှေ့တောင်ဘက်ကို ထွက်ခွာလာတယ်…”
“ပျက်သုဉ်းခြင်းနှလုံးသား ရွမ်ပုကွေက (၈)လပိုင်း (၂၃)ရက်နေ့ ပင်လယ်ပြင်ကို ရွက်လွှင့်လာတယ်။ သူက ဝမ်းနည်းစရာ သီချင်းတစ်ပုဒ်ကို သီဆိုနေပြီး ငါးတွေကတောင် သူ့ရဲ့လှေအနားကို ကပ်လာပြီး နားထောင်နေကြတယ်..”
“အမှန်တရားဓား ဝမ်ကိုက်က အဆင့် (၂၀)မှာ ရှိနေတဲ့ လနဲ့ကြယ် လှုပ်ရှားသူ ချူယွင်ယုကို နောက်တစ်ကြိမ် စိန်ခေါ်ခဲ့တယ်။ သူတို့ရဲ့ တိုက်ပွဲက သရေနဲ့ အဆုံးသတ်ခဲ့တယ်…"
ထိုမှတ်တမ်းများကလည်း ရိုးရှင်းသော်လည်း မုန့်ချီကို လှုံ့ဆော်နိုင်ခဲ့သည်။ ထိုသတင်းတစ်ခုချင်းဆီ၏ နောက်ကွယ်တွင် အလွန်ထူးချွန်သော လူငယ်တစ်ယောက်ဆီ ရှိနေ၏။ သူတို့အားလုံးက လူငယ်မှတ်တမ်း၏ ထိပ်ဆုံး (၂၀)အတွင်း ရှိကြသည်။
သူတို့အားလုံးက သူ စိန်ခေါ်ချင်နေသော လူငယ်များလည်း ဖြစ်၏။ သူ၏ ရင်ထဲတွင် မီးတောက်များ တောက်လောင်နေသည်။ သူက ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်ရာ ရေပြင်ကြီးပေါ်တွင် ကျဆင်းနေသော နေရောင်ခြည်ကို မြင်တွေ့လိုက်ရသည်။
"သိုင်းလောကဆိုတာ ဒီလိုမျိုးပဲ ဖြစ်သင့်တယ်…"
မုန့်ချီက မှတ်တမ်းကို ပိတ်လိုက်၏။ ထို့နောက် သူ၏ လက်ချောင်းလေးများကို လှုပ်ရှားလိုက်ရာ မီးတောက်များ ထွက်ပေါ်လာ၏။ မီးတောက်များက ဖြည်းညင်းစွာ လောင်ကျွမ်းသွားပြီး သိပ်မကြာခင် မှတ်တမ်းက ပြာကျသွားခဲ့သည်။
သူက ထိုပြာမှုန့်များကို လေထဲသို့ မြှောက်လိုက်ရာ အနက်ရောင်လိပ်ပြာလေးများကဲ့သို့ မြစ်ပြင်ကြီးပေါ်တွင် ပြန့်ကျဲသွားခဲ့သည်။ နေရောင်ခြည်က မြစ်ပြင်ကြီးပေါ်တွင် တဖြည်းဖြည်း မှေးမှိန်လာသည်နှင့်အတူ အဆောက်အဦးများကလည်း တဖြည်းဖြည်း ဝေးကွာသွားသည်။ သူက မြောင်လင်ကို ရောက်တော့မည်ဖြစ်၏။
မုန့်ချီက ပင့်သက်ရှိုက်လိုက်ပြီး လှေကုန်းပတ်ပေါ်သို့ ထွက်လာခဲ့၏။ သူ့ရင်ထဲတွင်လည်း မျှော်လင့်ချက်များ ပြည့်နှက်လာသည်။ ယခုတစ်ကြိမ်တော့ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နောက်ကျောတွင် ဓားရှည်နှင့်ဓားမောက်ကို ကန့်လန့်ဖြတ် ချိတ်ဆွဲထားသည်။
သူ့ကို သတ်ဖြတ်ရေးဓား စုမုန့်ဟု လူသိများပြီး သူကတော့ ဤနေရာမှစ၍ မြောင်လင်ရှိ ပြဿနာများကို ကိုယ်တိုင် ပါဝင်ရပါလိမ့်မည်။ သူတို့က ဆိပ်ကမ်းသို့ ချဉ်းကပ်လာသည့်အချိန်တွင် လှေကြီးတစ်စီးကလည်း ရေစုန်မှ ဆင်းလာပြီး တူညီသော နေရာသို့ ဦးတည်လာနေခဲ့သည်။
ထိုလှေ၏ ကုန်းပတ်ပေါ်တွင်တော့ ကျားကွက်ခုံတစ်ခုနှင့်အတူ ထိုင်နေသော လူငယ်တစ်ယောက် ရှိနေသည်။ သူကတော့ ကျားထိုးရန် အာရုံစိုက်နေပြီး အဖြေတစ်ခုကို အသည်းသန် စဉ်းစားနေပုံရ၏။ သူ့ပုံစံက မိန်းမဆန်ပြီး ချောမောသည်။ ဖြူဖပ်ဖြူရော်နှင့် အားနည်းသယောင် ထင်မှတ်ရ၏။
သူ၏ အဝတ်အစားများက လေထဲတွင် လှုပ်ရှားနေသလို ထင်မှတ်ရပြီး သူ့ကို ကြည့်လိုက်လျှင် အားနည်းသော လူတစ်ယောက်ကဲ့သို့ ခံစားရသည်။ ထိုလူငယ်က အပြင်းအထန် ချောင်းဆိုးလိုက်ရသည့်အတွက် ပါးစပ်ကို လက်နှင့်အုပ်လိုက်၏။
သူ့အနားတွင် ရှိနေသော အစေခံမလေးက သူ့နောက်ကျောကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး သူ့ကို သက်သာသွားအောင် ကူညီပေးနေသည်။ သိပ်မကြာခင် ချောင်းဆိုးခြင်းက ရပ်တန့်သွားပြီး ထိုလူငယ်က လက်ကို ပြန်ချလိုက်၏။
အလွန်ထက်မြက်သော အမြင်အာရုံကြောင့် ထိုလူငယ်၏ လက်ဖဝါးထဲတွင် သွေးများ ပြည့်နေကြောင်း မုန့်ချီက မြင်နေရသည်။ မုန့်ချီက သူ့ကို ကြည့်လိုက်သည့်အချိန်တွင် တစ်စုံတစ်ခု ထူးဆန်းနေသလို ခံစားလိုက်ရ၏။
အဖြူဝတ်လူငယ်ကလည်း သူ့ကို မြင်သွားခဲ့သည်။ မုန့်ချီက သူ့ကို တလေးတစား ခေါင်းညိတ်ပြလိုက်၏။ အဖြူဝတ်လူငယ်ကလည်း တည်ငြိမ်စွာ ပြုံးပြလိုက်သည်။
လှေကြီးကဆိပ်ကမ်းသို့ ဝင်ရောက်ရန် လှည့်လာသည့်အချိန်တွင် မုန့်ချီက လှေ၏ နောက်ဘက်ပိုင်းတွင်သာ ရှိနေသေးသည့်အတွက် သူတို့၏မြင်ကွင်းက ပျောက်ကွယ်သွားခဲ့သည်။
မုန့်ချီက အလွန်အမင်း နာမကျန်းဖြစ်နေသော ထိုလူငယ်ကို ကြည့်ပြီး သူ့ကို ကယ်တင်နိုင်သော ဆေးရည်များ ၊ ဆေးလုံးများကို စဉ်းစားနေခဲ့သည်။ သို့သော် သူက တစ်စုံတစ်ခု လွဲမှားနေကြောင်း သတိထားမိ၏။
မုန့်ချီက ချီစွမ်းအင်များကို သုံးပြီး သူ့ကို အဝေးမှနေ၍ စစ်ဆေးကြည့်လိုက်သည့်အခါ ထိုလူငယ်က တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစားမိခဲ့သည်။ ချောင်းဆိုးခြင်းကလွဲလျှင် သူ၏ အပြုအမူများက သာမန်သာဖြစ်၏။ တစ်စုံတစ်ခု ထူးခြားနေသည့်အရာများ မရှိချေ။ သူ့ပုံစံက သာမန်လူတစ်ယောက်နှင့် ကွဲပြားနေခြင်း မရှိပေ။ ထိုအရာကလည်း အမှန်တရား မဖြစ်နိုင်ပေ။
“လူသားနဲ့ကောင်းကင် တစ်သားတည်း ပေါင်းစပ်နေတာလား ..”
မုန့်ချီက အံ့အားသင့်ဖွယ် တွေးလိုက်မိ၏။ ထိုအရာက သေခြင်း ရှင်ခြင်း လျှို့ဝှက်တံခါးကို အချိန်မရွေး ဖွင့်နိုင်သော အဆင့်ဟု ဆိုနိုင်သည်။
သူက ချက်ချင်းပင် ရယ်လိုက်မိ၏။ ထိုကဲ့သို့သာ ဖြစ်နိုင်သည်။ ဤနေရာက မြစ်အရှေ့ပိုင်း ဖြစ်နေ၏။ နေရာတိုင်းတွင် ထူးချွန်သူများ ရှိနေသည်။
"ဟူး… အခုကစပြီး ငါက ငါ့ဓားနှင့်အတူ စိန်ခေါ်လို့ရပြီ။ ဒါက တော်တော်လေး အံ့ဩဖို့ကောင်းတယ်…"
မုန့်ချီက လူငယ်ပညာရှင်ပေါင်းများစွာနှင့် တိုက်ခိုက်နိုင်တော့မည်ဖြစ်သည့်အတွက် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သို့သော် မည်သူက ရှုံးနိမ့်ချင်မည်နည်း။
လှေက ပြန်လှည့်လာပြီးနောက် ဆိပ်ကမ်းဆီသို့ ဖြည်းညင်းစွာ ကပ်လာခဲ့၏။ မြောင်လင်၏ ရေတံခါးက သူတို့နှင့် မလှမ်းမကမ်းတွင် ရှိနေ၏။ ထိုနေရာတွင်တော့ မြို့စောင့်ကြပ်နေသော သံမဏိစစ်သူကြီးတစ်ယောက်ရှိပြီး သူက တံခါးကို ဖွင့်ပေးရန် စောင့်နေသည်။
"စောနတုန်းက တွေ့ခဲ့တာ အသက်ထိန်းသိမ်းသူများလား ။ သူလည်း မြောင်လင်ကို ရောက်လာတာလား…"
မုန့်ချီက တစ်ယောက်တည်း တီးတိုးရေရွတ်နေမိသည်။ သူက မည်သည့်အရာကိုမျှ မသိသော လူတစ်ယောက် မဟုတ်ချေ။ ယပ်တောင် (၆)လက်ကျောင်းမှ သူသိထားသော အချက်အလက်များ ကျေးဇူးကြောင့် သူက ထိုအရာများကို နားလည်နေခဲ့၏။
……………
နေစောင်းသွားသည့်အချိန်တွင် မီးဖိုလေးက လောင်ကျွမ်းလာသည်။ လယ်သမားကဲ့သို့ ဝတ်ဆင်ထားသော အသက် (၂၀)အရွယ် လူငယ်လေးတစ်ယောက် ထင်းများကို ခုတ်နေပြီး ရေနွေးအိုးတည်နေသည်။ သူက စားစရာများကို အေးအေးချမ်းချမ်း ပြင်ဆင်နေခဲ့၏။ သူက အရာအားလုံးကို ကျေနပ်နေပုံရသည်။
သူ၏ အရေပြားက နီရဲနေပြီး သူနှင့်ပတ်သက်၍ ဆွဲဆောင်မှုရှိသည်မှာ ထူထဲသော မျက်ခုံးများ ဖြစ်သည်။ သူ့ပုံစံက တခြားသော လယ်သမားများနှင့် ကွဲပြားမှုမရှိသော်လည်း သူ၏လှုပ်ရှားမှုတိုင်းက သဘာဝတရားကြီးနှင့် ပေါင်းစပ်နေသည်။
ရုတ်တရက် ဆိုသလို ဓားပျံလေးတစ်ချောင်းက လူငယ်ရပ်နေသော မီးဖိုချောင်နှင့် မလှမ်းမကမ်းတွင် ရှိနေသော တိုင်လုံးကို ဝင်စိုက်လာခဲ့သည်။ လူငယ်က အပြုံးနှင့် ခေါင်းခါလိုက်မိ၏။ သူကတော့ မကျေမနပ် ဖြစ်မနေခဲ့ပေ။
သူက တိုင်လုံးဆီသို့ လျှောက်သွားပြီး ဓားပျံလေးကို ယူ၍ အထဲတွင်ရှိနေသော စာများကို စစ်ဆေးကြည့်လိုက်သည်။
"မြောင်လင် … "
သူက အနည်းငယ် သံသယဝင်နေပြီး အနည်းငယ် သက်ပြင်းချလိုက်မိသည်။
……………
စားသောက်ဆိုင်တစ်ခုထဲတွင် …
သခင်လေးတစ်ယောက်က အရက်သောက်နေခဲ့၏။ အရက်သောက်နေသည်ကိုပင် သူ၏ရုပ်ရည်က ချောမောခန့်ညားနေသေးသည်။ ထို့ပြင် သူ၏ ရဲတင်းမှုနှင့် မောက်မာမှုများကို လူတိုင်းက ခံစားမိနိုင်ကြ၏။ အသက်ငယ်ငယ်လေးသာ ရှိသေးသော်လည်း သူ၏ဆံပင်များက ဖြူဖွေးနေသည့်အတွက် သူ့ပုံစံက အနည်းငယ် ထူးဆန်းနေသည်။ သူ့ပုံစံက အဆင့်ကျလာသော နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရ၏။ သူက အရက်တစ်ခွက် သောက်လိုက်ပြီး နောက်တစ်ခွက် လှမ်းလိုက်သည့်အချိန်တွင် စာရွက်တစ်ရွက်ကို တွေ့လိုက်ရသည်။
"ဒါက ဘာလဲ… "
သူက ရီဝေနေသော မျက်လုံးများနှင့် စာရွက်ကို ဖွင့်ကြည့်လိုက်၏။
"မြောင်လင် … "
သူက တစ်ယောက်တည်း တီးတိုးပြောလိုက်ပြီး ချက်ချင်းပင် ရယ်လိုက်မိ၏။
"ဒါက အရက်ကို ဘယ်လိုများ ယှဉ်နိုင်မှာလဲ…"
သူက စားပွဲကို လက်နှင့်ပုတ်ပြီး ရေရွတ်လိုက်၏။
"ရှေးဟောင်းတန်ခိုးရှင်တွေ အားလုံးက အထီးကျန်ကြတယ်။ အရက်သောက်တဲ့ သူတွေကသာ နာမည်ကျော်တာ…"
……………
ပင်လယ်ကြီး၏ ဘေးတွင် လှိုင်းလုံးများ မကြာခဏ ထွက်ပေါ်လာနေသည်။ လှိုင်းလုံးများကလည်း နိမ့်လိုက် မြင့်လိုက်ဖြစ်နေ၏။ အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူငယ်လေးတစ်ယောက်က ကမ်းခြေတွင် ထိုင်နေပြီး သူ၏ ပေါင်ပေါ်တွင် ဓားတစ်လက်ကို ကန့်လန့်ဖြတ်တင်ထားသည်။
သူက မျက်လုံးမှိတ်၍ ရောက်ရှိလာသော လှိုင်းလုံးများကို လျစ်လျူရှုထား၏။ သူ၏ မျက်နှာက လေးထောင့်ကျပြီး သာမန်သာ ထင်မှတ်ရသည်။ သို့သော် သူရဲကောင်း တစ်ယောက်ကဲ့သို့ ခံစားမှုမျိုး ရှိ၏။
လှိုင်းလုံးများက ပေပေါင်းများစွာ မြင့်မားလာပြီး အကာအကွယ်များကိုပင် ဖျက်ဆီးနိုင်လောက်အောင် အစွမ်းထက်သည်။ လူငယ်က ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူ့ဓားကို ဆွဲထုတ်လိုက်၏။
ထိုဓားက အလွန် ရက်စက်ကြမ်းကြုတ်ပြီး အလွန်မြင့်မားသော လှိုင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရသည်။ ကမ်းခြေတွင် ရှိနေသော လှိုင်းလုံးများကလည်း နောက်တစ်ကြိမ် မြင့်တက်လာခဲ့၏။
"လူသားနဲ့ကောင်းကင် ပေါင်းစပ်မှု… "
"ဘုန်း … "
လှိုင်းလုံးကြီး နှစ်ခုက အချင်းချင်း ရင်ဆိုင်လိုက်မိပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရသည်။ ထိုသက်ရောက်မှုက မုန်တိုင်းကြီးတစ်ခုသဖွယ် ဖြစ်လာခဲ့၏။
ဓားရှည်က နောက်ပြန်ဆုတ်သွားချိန်တွင် လှိုင်းလုံးများက ပျက်စီးသွားသည်။ ရေမြှုပ်များလည်း ထွက်လာခဲ့၏။ လူငယ်က ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး ပင်လယ်ကမ်းစပ်မှ ပြန်လှည့်လာခဲ့သည်။ သူက သက်တော်စောင့်ဆီကို လျှောက်လာခဲ့၏။
"ဒီမှာ သခင်လေးအတွက် စာတစ်စောင် ရောက်နေတယ်…"
အစောပိုင်း အခြေအနေကို မြင်လိုက်ရသော အစောင့်၏ မျက်နှာအမူအရာက အတော်လေးကြောက်လန့်ပြီး ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
လူငယ်က စာကို ဖွင့်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
"မြောင်လင် … "
……………..
ပျက်စီးနေသော ကျောင်းဆောင်တစ်ခုထဲတွင် …
ပိန်ပိန်ပါးပါးနှင့် အစွမ်းထက်သောလူတစ်ယောက်က လက်နှစ်ဖက်ကို ဖြန့်လိုက်ရာ မြေပေါ်သို့ အလောင်းတစ်လုံး လဲကျသွားသည်။
"ဒါဆိုရင် ဒါက အလယ်ကုန်းမြေကြီးထဲမှာ မှတ်တမ်းထဲက သိုင်းပညာရှင် တစ်ယောက်ပဲ…"
သူက မပီမသ ဘာသာစကားတစ်ခုနှင့် မှတ်ချက်ပေးလိုက်သည်။ သူ့မျက်နှာက လူရွှင်တော်တစ်ယောက်ကဲ့သို့ ထင်မှတ်ရသော်လည်း သူ၏မျက်လုံးထဲတွင် မည်သည့်ခံစားချက်မျှ မတွေ့ရပေ။
သူက အလောင်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော စာရွက်တစ်ရွက်ကို ငုံ့ယူလိုက်သည်။ သူက ကျင်းအင်ပါယာ၏ ဘာသာစကားကို ဖတ်ရန် ခက်ခက်ခဲခဲ ကြိုးစားနေခဲ့၏။
"မြောင်လင် … "
………………..
လှေကြီးတစ်စီးပေါ်တွင် …
အဖြူရောင်ဝတ်စုံ ဝတ်ထားသော သခင်လေးက ချောင်းဆိုးနေရာမှ ရပ်တန့်သွားပြီး စာရွက်တစ်ရွက်ကို ထုတ်ကြည့်ပြီး ပြုံးလိုက်သည်။
"မြောင်လင် … "
သူက စာရွက်တစ်ရွက် ၊ စုတ်တံနှင့် မှင်များ ပြင်ဆင်ပေးရန် အစေခံမလေးကို ပြောလိုက်၏။ ထို့နောက် စုတ်တံကို ယူပြီး ရေးလိုက်သည်။
"သတ်ဖြတ်ရေးဓား စုမုန့်က အနောက်ဘက်ကို ရောက်လာပြီ။ သူ့ရဲ့ချီစွမ်းအားတွေကို စစ်ဆေးကြည့်လိုက်တော့ သူ့ရဲ့ဂုဏ်ပုဒ်နဲ့ တကယ့်ကို ထိုက်တန်တယ်။ သူ့ရဲ့ပတ်ပတ်လည်မှာ နန်းတွင်းအငွေ့အသက်တွေ ရှိနေတယ်။ သူက ကျိုးမိသားစုရဲ့ လက်ပါးစေ တစ်ယောက် ဒါမှမဟုတ် ယပ်တောင် (၆)လက်ကျောင်းက လူတစ်ယောက် ဖြစ်နိုင်တယ်…"
သူက စာနှစ်ကြောင်းပါသော စာရွက်ကို စုတ်ဖြဲလိုက်ပြီး ထိုစာရွက်ကို ကျားစေ့လေး တစ်စေ့အဖြစ် ပြောင်းလဲလိုက်သည်။
Translated by Hein Htet.