အခန်း (၂၇၃)
Vol. 19 Ch. 273
ကျုံးစီရင်စု၏ အနောက်ဖက်တွင် နောက်ဆုံးဆိပ်ကမ်းမြို့ဖြစ်သည့်အတွက် မြောင်လင်က အရေးကြီးသော ဆိပ်ကမ်းတစ်ခု ဖြစ်နေသည်။ ထိုအရာက နယ်မြေတစ်ဝှမ်းလုံးတွင် ရှိနေသော ကုန်သည်များ၊ အလည်အပတ်လာသူများ အားလုံးအတွက် အရေးပါသည်။
ထို့ကြောင့် တကျန်းအဖွဲ့အစည်းက ဤနေရာတွင် ဂိုဏ်းခွဲတစ်ခု ရှိနေသည်။ ဝမ်မိသားစုကလည်း ထိုသို့လုပ်ဆောင်နေပြီး သူတို့၏ပြင်ပရေးရာအကြီးအကဲများ၊ ပညာရှင်များကို ဤနေရာသို့ ပို့ထားသည်။
အားနည်းသော အင်အားစုများဖြစ်သော နယ်မြေသခင်များကတော့ မြစ်အရှေ့ပိုင်းတွင် သူတို့၏လက်အောက်ခံများ ဖြစ်ကြပြီး အေးအေးဆေးဆေး နေထိုင်ကြ၏။ ထို့ကြောင့် သူတို့က အပြင်လူများမဟုတ်ကြပေ။
မြောင်လင်က ကျုံးစီရင်စု၏ အနားတွင် ရှိနေသော တိုင်းပြည်ငယ်လေးတစ်ခု ဖြစ်သည့်အတွက် ဤနယ်မြေထဲတွင် ရှိနေသော ယပ်တောင်(၆)လက်ကျောင်းက ငွေတံဆိပ် ၊ အစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်းများနှင့် မြို့စောင့်လူဆိုးထိန်းများကို ဤနေရာတွင် စခန်းချခိုင်းထားသည်။
အလွန်တည်ငြိမ်အေးချမ်းပြီး စည်ကားသော မြောင်လင်က ရေလမ်းကြောင်းနှင့် ကုန်လမ်းပို့ဆောင်ရေးတွင် အချက်အချာကျသည်။ ထို့ပြင် ဤနေရာ၌ လောကနံပါတ်(၁) လောင်းကစားရုံလည်း ရှိသည်ဟု နာမည်ကျော်ကြား၏။
ဤနေရာ၌ နေ့အချိန်တွင်ပင် ညအချိန်ကဲ့သို့ ရောင်စုံမီးများ ပြည့်နှက်နေသည်။ ယောကျ်ားပေါင်းများစွာက ဤနေရာသို့ ရောက်လာကြပြီဆိုလျှင် မပြန်ချင်ကြတော့ပေ။ ဤနေရာတွင် နာမည်အကျော်ကြားဆုံးနေရာက ဝမ်မိသားစု၏ စုဥယျာဉ်၊ တကျန်းအဖွဲ့အစည်း၏ လခြမ်းရေကန်နှင့် သူရဲကောင်းကျောင်းဆောင်တို့ ဖြစ်ကြသည်။
နောက်ကျောတွင် ဓားရှည်နှင့် ဓားမောက်တို့ကို ကန့်လန့်ဖြတ် လွယ်ထားရင်း မုန့်ချီက လမ်းပေါ်တွင် လျှောက်နေခဲ့၏။ သူ၏နဖူးပေါ်တွင် ဖဲပြားတစ်ခုကို ချည်ထားသည်။ သူ၏မျက်ခုံးက ဖြောင့်တန်းပြီး မျက်လုံးများက တောက်ပနေ၏။ အဝေးမှနေ၍ တစ်ချို့သော မိန်းမပျိုလေးများကပင် သူ့ကိုလှမ်း၍ မြူစွယ်ပြီး လက်ပြနေကြသည်။
လေလှိုင်းတုတ် ချိုးဖေးက ဟွမ်စီရင်စုထဲမှ ဂိုဏ်းတစ်ခုထဲသို့ ဝင်သွားသည့်အချိန်တွင် မုန့်ချီက သူရဲကောင်းကျောင်းဆောင်ထဲသို့ သွားခဲ့သည်။ ယခုသူက မြောင်လင်သို့ ရောက်လာသည့်အချိန်တွင် သတ်ဖြတ်ရေးဓားစုမုန့်ဟူသော နာမည်နှင့် သူ၏တည်ရှိမှုကို ကြေညာရပါလိမ့်မည်။ သူက လူငယ်မှတ်တမ်းမှ သခင်လေး တစ်ယောက်၏ အပြုအမူမျိုး ပြင်ဆင်ထားရန် လိုအပ်သည်။
(၅)ထပ်ရှိသော သူရဲကောင်းကျောင်းဆောင်၏ အောက်ခြေတွင် အနီရင့်ရောင် ဆေးသုတ်ထားပြီး အလွန်တည်ငြိမ်ခန့်ညားသော ခံစားမှုတစ်ခု ထွက်ပေါ်လာနိုင်သည်။
လူအုပ်ကြီးက တံခါးရှေ့တွင် စုစည်းနေကြပြီး ထိုနေရာတွင် သိုင်းလောကသားများစွာ ဘာကြောင့် စောင့်နေကြကြောင်း သိချင်နေကြသည်။ ထိုသိုင်းပညာရှင်များက ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်နေပြီး အတော်လေး ခန့်ညားပုံရသော သိုင်းပညာရှင်များက အပြင်ဖက်တွင် အစောင့်အဖြစ် ရှိနေကြ၏။ သူတို့က အလှည့်ကျတာဝန်ယူကြပုံပေါ်သည်။
သို့သော် တစ်ယောက်တည်းကသာ စောင့်ကြပ်နေပြီး တစ်ခြားလူများကတော့ အနားယူနေကြ၏။ တာဝန်ကျနေသည့် လူငယ်က ဓားမောက်တစ်ချောင်းကို ကိုင်ထားသော လူငယ်တစ်ယောက်ဖြစ်သည်။ သူက အသက်(၂၀)သာ ရှိသေးပြီး တံခါး(၄)ပေါက်အဆင့် ရှိ၏။ သူရဲကောင်းကျောင်းဆောင်၏ အထောက်အပံ့ကြောင့် သူ၏အပြုံးကပင် အတော်လေး မောက်မာနေခဲ့သည်။
သူက အော်ပြောလိုက်၏။
"ငါ့ဆီကနေ သိုင်းကွက်(၁၀)ကွက် ခုခံနိုင်တဲ့သူတိုင်း ကျောင်းဆောင်ထဲကို ဝင်နိုင်တယ်…”
မည်သူကမျှ သူတို့ကို မဆန့်ကျင်ရဲကြပေ။ ထိုအရာက သူရဲကောင်းကျောင်းဆောင်၏ သံမဏိစည်းမျဉ်းဖြစ်ကြောင်း လူတိုင်းက သိနေကြ၏။ လူငယ်၏နောက်ဖက်တွင်တော့ အလံနှစ်ခု စိုက်ထားသော တံခါး ရှိနေသည်။ ထိုအလံပေါ်တွင်တော့ စာများ ရေးသားထား၏။
"တောင်ပိုင်းနဲ့မြောက်ပိုင်းနယ်မြေမှာရှိတဲ့ သူရဲကောင်းတွေက တံခါးရှေ့မှာပဲ ရပ်သွားမယ်ဆိုရင် သူရဲကောင်းဆိုတဲ့ဂုဏ်ပုဒ်နဲ့ မထိုက်တန်သေးဘူး…”
“အရှေ့ဖက်နဲ့ အနောက်ဖက်မှာရှိတဲ့ ပညာရှင်တွေကလည်း ကျောင်းဆောင်ထဲကို မဝင်နိုင်ဘူးဆိုရင် အစစ်အမှန် သူရဲကောင်း မဖြစ်နိုင်ဘူး…"
သူတို့၏အစွမ်းကို ယုံကြည်ချက်ရှိနေသော သိုင်းလောကသားများက တံခါးရှေ့တွင် တန်းစီနေကြသည်။ မုန့်ချီကလည်း ကြည့်နေရာမှ ဝင်၍ တန်းစီလိုက်၏။
အသက်(၂၀)အရွယ် ရှိနေသော လူငယ်တစ်ယောက်က ဓားရှည်တစ်ချောင်းကို ကိုင်ထားပြီး အရင်ဆုံး ထွက်လာသည်။ သူက လက်တစ်ဖက်ကို ရင်ဘတ်ပေါ်သို့တင်၍ ပြောလိုက်၏။
"ကျေးဇူးပြုပြီး တိုက်ခိုက်ပါ.."
အစောင့်က စိန်ခေါ်သူကို ရွှေရောင်ဓားမောက်နှင့် ကြောက်စရာကောင်းစွာ လှမ်းထိုးလိုက်သည်။ သူ၏လှုပ်ရှားမှုက ရိုးရှင်းသော်လည်း အတော်လေးကို အားပါလှ၏။
"တကယ့်ကိုထူးခြားတဲ့ ဓားမောက်ပညာပဲ.."
မုန့်ချီက သူ့ကိုချီးကျူးလိုက်မိသည်။
သူ့နောက်တွင် ရှိနေသော လူပေါင်းများစွာက သူ့ကို ထူးဆန်းစွာ ကြည့်နေမိ၏။ ဘာကြောင့် သူက အစောင့်ကို ချီးကျူးနေရသနည်း။ အကယ်၍ အစောင့်ကသာ အစွမ်းမထက်ဘဲ ဓားမောက်ပညာ ကျွမ်းကျင်မှုမရှိလျှင် သူရဲကောင်းများ ရွေးချယ်ရန်အတွက် သူရဲကောင်းကျောင်းဆောင်က ဤနေရာသို့ စေလွှတ်ထားလိမ့်မည် မဟုတ်ချေ။
စိန်ခေါ်သူက သူ၏ဓားရှည်နှင့် တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။ သို့သော် တိုက်ခိုက်မှုနှင့်အတူ ပါလာသော စွမ်းအားများကြောင့် သူလည်း နောက်ကို တစ်လှမ်းပြန်ဆုတ်လိုက်ရသည်။ ညာလက်ကလည်း တုန်ယင်သွားခဲ့၏။
အစောင့်က ပြုံးလိုက်ပြီး ရှေ့ကို တစ်လှမ်းလှမ်းလိုက်သည်။ သူက တူညီသော စွမ်းအားနှင့် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်၏။ သူကတော့ ခွန်အားနှင့် အရှိန်ကို အသုံးချပြီး ပြိုင်ဖက်ကို အနိုင်ယူချင်နေပုံရသည်။
စိန်ခေါ်သူက တိုက်ခိုက်မှုကို တားဆီးရမည့်အစား ခန္ဓာကိုယ်ကို လှုပ်ရှား၍ ရှောင်တိမ်းလိုက်သည်။ ထို့နောက် အစောင့်၏ ချိုင်းကြားထဲသို့ ဓားနှင့် လှမ်းထိုးလိုက်၏။
ထိုအချိန်တွင် ဓားမောက်က သူ့ဆီသို့ ရုတ်တရက် ရောက်လာပြီး အလွန်ပြင်းထန်သော လေလှိုင်းတစ်ခု ထွက်ပေါ်လာသည့်အတွက် သူ၏မျက်နှာက ထိခိုက်သွားရသည်။
သူက အစွမ်းကုန်ကြိုးစားပြီး ထိုတိုက်ခိုက်မှုကို ခုခံလိုက်ရ၏။ အကယ်၍ သူသာ အစောင့်ကို ဆက်၍ တိုက်ခိုက်နေမည်ဆိုလျှင် သူ၏ခါးက နှစ်ပိုင်းပြတ်သွားပါလိမ့်မည်။ျ
"ချွမ်..."
သူ့ဓားက မြေပေါ်သို့ လွတ်ကျသွားခဲ့၏။ သူက ဖြူဖပ်ဖြူရော် မျက်နှာအမူအရာနှင့် ဓားကို စိုက်ကြည့်နေမိသည်။ သူက နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သော်လည်း ဘာကြောင့် အလွန်အားနည်းနေသေးကြောင်း စဉ်းစားနေမိခဲ့၏။
မုန့်ချီက အစောင့်ကို နောက်တစ်ကြိမ် ချီးကျူးပြီး ပြောလိုက်သည်။
"မဆိုးပါဘူး..။ သူက အားသာမှုတွေအားလုံးကို ပြည့်ပြည့်ဝဝ အသုံးချနိုင်တယ်.."
သူ့နောက်တွင် ရှိနေသောသူက သူ့ကို နောက်တစ်ကြိမ် စိုက်ကြည့်လိုက်၏။ သူက ထိုကဲ့သို့ မှတ်ချက်ပေးရန် မလိုအပ်ဟု သူတို့က တွေးနေကြသည်။ သူက သာမန်သိုင်းလောကသား တစ်ယောက်ဖြစ်မည်ဟုသာ သူတို့က ယူဆနေကြ၏။
တစ်ဆက်တည်းလိုလိုပင် လူပေါင်းများစွာက တစ်ယောက်ပြီး တစ်ယောက် အစောင့်ကို စိန်ခေါ်နေကြသော်လည်း မည်သူကမျှ သူ၏သိုင်းကွက်(၁၀)ကွက်ကို ခံနိုင်ရည်မရှိကြပေ။
ထို့ကြောင့် အစောင့်က အတော်လေးကျေနပ်နေခဲ့၏။ သူက သူ၏ဓားသိုင်းပညာ လေ့ကျင့်ရန် ပြိုင်ဘက်များနှင့် တွေ့နေပြီး အနိုင်ရရှိမှုကို ကျေနပ်နေခဲ့သည်။ ထိုအကြောင်းပြချက်ကြောင့်လည်း သူက အစောင့်အဖြစ် သဘောတူခဲ့ခြင်းဖြစ်၏။ သိုင်းလောကတွင် ထိပ်သီးပညာရှင်ပေါင်းများစွာရှိ၏။ သို့သော် သူတို့နှင့် ယှဉ်လိုက်မည်ဆိုလျှင် အရည်အချင်းမပြည့်ဝသူက (၁၀)ဆ အဆ(၂၀)ခန့်ပို၍ များပြားသည်။
သူ့ရှေ့တွင် ရှိနေသော ချောမောခန့်ညားသည့် လူငယ်လေးကို မြင်သည့်အခါ အစောင့်၏မျက်လုံးများက ဝင်းလက်တောက်ပသွားသည်။ သူက သတ်ဖြတ်ရေးဓားစုမုန့်ကဲ့သို့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နဖူးတွင် ဖဲပြားစည်းထားသည်။ သူ့နောက်ကျောတွင်လည်း ဓားရှည်တစ်လက်နှင့် ဓားမောက်တစ်လက်ကို သယ်ဆောင်ထားခဲ့၏။
ထိုလူငယ်က မည်မျှအစွမ်းထက်ကြောင်းမသိသော်လည်း သူ၏အသွင်အပြင်ကတော့ အမှန်တကယ် လေးစားစရာကောင်းနေသည်။
"ငါ့ဆီကနေ သိုင်းကွက်(၁၀)ကွက် ခုခံနိုင်တဲ့သူတိုင်း ကျောင်းဆောင်ထဲကို ဝင်နိုင်တယ်.."
သူက စည်းမျဉ်းကို နောက်တစ်ကြိမ် ပြောပြလိုက်သည်။
မုန့်ချီက စကားတစ်ခွန်းမျှမပြောဘဲ ကောင်းကင်ပြစ်ဒဏ်ဓားထည့်ထားသော ဓားအိမ်ကို ကိုင်၍ အစောင့်၏လှုပ်ရှားမှုကို အပြုံးနှင့် စောင့်နေခဲ့သည်။
အစောင့်က တူညီသော စွမ်းအားနှင့် သူ့ဓားကို ဝှေ့ယမ်းတိုက်ခိုက်လိုက်ရာ အလွန် ကြောက်စရာကောင်းသော လေလှိုင်းတစ်ခုနှင့် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူက သူ၏ခွန်အားကို အသုံးချပြီး ရန်သူကို ဆက်တိုက်အနိုင်ရလာခဲ့၏။
မုန့်ချီကတော့ သူ၏ဓားအိမ်ကို ရိုးရှင်းစွာ ဝှေ့ယမ်းလိုက်သည်။ သူက အစောင့်နှင့် ခွန်အားချင်းယှဉ်ရန် ကြိုးစားနေခြင်းပေလော။
အစောင့်က မှင်တက်သွားခဲ့သော်လည်း သူ၏လက်ကို ပို၍အားစိုက်လိုက်သည်။ ပြိုင်ဘက်က စမ်းသပ်ရန် စိတ်ဝင်စားနေတော့မှတော့ သူလည်း သေချာပေါက် လိုက်လျောပေးရပါလိမ့်မည်။
"ချွမ်..."
အစောင့်၏ဓားက အတော်လေးကို လေးလံလွန်းလှပြီး သူကြုံတွေ့ခဲ့ဖူးသော မီး(၁၀၀)တုတ်ထက်ပင် ပို၍လေးလံနေသေးသည်။ ထိုအရာက သူ့ခေါင်းပေါ်တွင် တောင်မြင့်ကြီးတစ်လုံး ရောက်နေသကဲ့သို့ ဖြစ်နေပြီး အလွန်လေးလံလှသည့်အတွက် တားဆီးရန် ခက်ခဲနေ၏။
ထို့ကြောင့် မုန့်ချီက သူ၏လှုပ်ရှားမှုပေါ်တွင် ဖိအားများ ပေါင်းစပ်လိုက်သည့်အခါ အစောင့်၏လက်က ထုံကျဉ်သွားပြီး သူ့ဓားက လက်ထဲမှ လွတ်ကျသွားသည်။
"ချွမ်..."
အသံ ထွက်ပေါ်လာသည့်အချိန်တွင် အစောင့်က မှင်တက်နေသေးသည်။ သူက အလွန်ကြောက်စရာကောင်းသောခွန်အားနှင့် မွေးဖွားလာခြင်းဖြစ်သော်လည်း ယခုတော့ သိုင်းတစ်ကွက်အတွင်း ရှုံးနိမ့်သွားခဲ့သည်။
မုန့်ချီက သူ့ဓားကို ဝှေ့ယမ်းပြီး နောက်ကျောတွင် ပြန်ထိုးလိုက်၏။ သူက အပြုံးနှင့် ပြောလိုက်သည်။
"လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်..။ အခုငါက ဝင်လို့ရပြီလား…"
သူစကားပြောလိုက်သည့်အချိန်မှသာ တန်းစီနေသော သိုင်းလောကသားများက သတိပြန်ဝင်လာကြပြီး အချင်းချင်း ပြောဆိုနေကြ၏။
"သူကမှ ပညာရှင်တစ်ယောက်ပဲ။ သူက ခွန်အားတိုက်ပွဲကို အနိုင်ရခဲ့တယ်…”
“သူက တော်တော်လေးကို အစွမ်းထက်တာလား။ သူက ဘယ်အလွှာအထိရောက်မလဲ ဆိုတာတော့ ငါလည်း မသိသေးဘူး…"
တစ်ချို့လူများက မုန့်ချီကို ခြေဆုံးခေါင်းဆုံးကြည့်နေကြသည်။ တစ်ချို့ကတော့ သူရဲကောင်းကျောင်းဆောင်၏ လှေကားဆီကို လှမ်းကြည့်လိုက်ကြ၏။ အလွှာတစ်ခုချင်းဆီတွင် သိုင်းပညာရှင်တစ်ယောက်ဆီ စောင့်ကြပ်နေသည်။
"ရပါတယ်..။ ကျေးဇူးပြုပြီး ဧည့်သည်က ဝင်လို့ရပါပြီ…"
အစောင့်က မုန့်ချီအတွက် တံခါးဖွင့်ပေးလိုက်သည်။
သူက ထိုကဲ့သို့ပညာရှင်မျိုးနှင့် တွေ့ခဲ့ဖူးသည့်အတွက် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်ခဲ့ပေ။ သူက ချက်ချင်းပင်စိတ်ကိုပြင်ဆင်လိုက်ပြီး မုန့်ချီကို အတွင်းထဲသို့ ဖိတ်ခေါ်လိုက်၏။
ဓားကို ဓားအိမ်အတိုင်း ကိုင်ထားရင်း တံခါးထဲသို့ တည်ငြိမ်စွာ လျှောက်သွားခဲ့သည်။ ကျောင်းဆောင်၏ပထမထပ်က အတော်လေးကို ကျယ်ပြန့်ပြီး လေးထောင့်စားပွဲလွတ်များစွာ ရှိနေသည်။ ထိုနေရာက အလွန်နွေးထွေးသော ပတ်ဝန်းကျင်မျိုးရှိ၏။
ဤနေရာတွင် စားသောက်နေကြသူများ၏ မျက်လုံးများကလည်း ဝင်းလက်တောက်ပနေပြီး ချီစွမ်းအင်များ ပြည့်နှက်နေပုံရသည်။ သူတို့က အစွမ်းထက်ပညာရှင်များ ဖြစ်ကြ၏။
မုန့်ချီကတော့ ဒုတိယထပ်ဆီကို တိုက်ရိုက်ဦးတည်သွားသည့်အတွက် အတွင်းထဲတွင် ရှိနေသော ဧည့်သည်များနှင့် အပြင်ဖက်တွင် ရှိနေသော သိုင်းလောကသားများက စိတ်ဝင်စားသွားကြ၏။ သူက မည်သည့်အလွှာထိ ရောက်နိုင်ကြောင်း သူတို့အားလုံးက ခန့်မှန်းကြည့်နေကြသည်။
ဒုတိယအလွှာအပေါက်ဝတွင် ရှိနေသော အစောင့်ကလည်း ဓားသမား တစ်ယောက်ဖြစ်၏။ မုန့်ချီက သူ၏စိတ်ဝိညာဉ်နှင့် ချီစွမ်းအင်များကိုသုံးပြီး အစောင့်၏အစွမ်းကို စစ်ဆေးကြည့်လိုက်သည့်အခါ သူက တံခါး(၆)ပေါက်အဆင့် ပညာရှင်တစ်ယောက်ဖြစ်ကြောင်း မုန့်ချီက သိလိုက်ရသည်။
"ငါ့ဆီကနေ သိုင်းကွက်(၁၀)ကွက် ခံနိုင်ရည်ရှိမယ်ဆိုရင် မင်းက နောက်တစ်လွှာကို တက်လို့ရပြီ…"
သူက ဓားကိုရင်ခွင်ထဲတွင်ပိုက်ထားရင်း အေးစက်စွာ ပြောလိုက်၏။
မုန့်ချီက နောက်တစ်ကြိမ် ဓားအိမ်ကို ကိုင်၍ ပြိုင်ဖက်ကို တိုက်ခိုက်လိုက်သည်။ သူက ရှေ့သို့ လျှောက်လာပြီး အစောင့်၏ခေါင်းကို တိုက်ခိုက်လိုက်၏။ ပတ်ပတ်လည်တွင် ရှိနေသော လေစီးကြောင်းများကလည်း ရုတ်တရက် မြင့်တက်လာပြီး ဓားက အလွယ်တကူ စုပ်ယူသွားခဲ့၏။ ထို့ကြောင့် ထိုဓားအိမ်က ကမ္ဘာကြီးတစ်ခုလုံး လွှမ်းမိုးထားသည်ဟု အစောင့်က ခံစားလိုက်ရသည်။
ဤနေရာတွင် သူ နောက်ပြန်ဆုတ်၍ မရနိုင်တော့ပေ။ သူက ရှေ့သို့တိုးလိုက်ပြီး တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရန်သာ ရှိတော့၏။ သူက ထိုဓားအိမ်ကို သူ၏ဓားရှည်နှင့် ဖယ်ထုတ်ရန် ကြိုးစားလိုက်သည်။
"ဖျောက်…"
အသံတိုးတိုးကို ကြားလိုက်ရပြီး မုန့်ချီ၏ဓားအိမ်ထဲတွင် ရှိနေသော စွမ်းအင်များက အလွန်များပြားကြောင်း အစောင့်က ခံစားမိလိုက်သည်။ သူကတော့ ဓားနှင့် လုံးဝကို နီးကပ်နေသည့်အတွက် ထိုစွမ်းအားများကို ဖယ်ရှားရန် နည်းလမ်းမရှိတော့ပေ။
ထိုစွမ်းအားများ ထွက်ပေါ်လာပြီးနောက် သူ၏ညာလက်က ထုံကျဉ်ပြီး အားနည်းသွားသည့်အတွက် ခံစားချက်ပင် မရှိတော့ချေ။ သူ့ဓားကလည်း မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး တိုက်ပွဲအတွက် သူ့ကို ကျေးဇူးတင်လိုက်သည်။
ထို့နောက် သူက အစောင့်ကို ဖြတ်ကျော်သွားပြီး တတိယအလွှာသို့ ဦးတည်သော လှေကားဆီသို့ ဆက်တက်သွားခဲ့၏။
"သူက တော်တော်မြန်တာပဲ..။ သူက သိုင်းကွက်တစ်ကွက်ဆီပဲ သုံးသေးတယ်…”
“တော်တော်လေးကို ကြမ်းတမ်းပြီး ကြောက်စရာကောင်းတာပဲ…"
အောက်ဆုံးထပ်တွင် ရှိနေသော လူအုပ်ကြီးဆီမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ သူတို့က လှေကားတွင် ပျောက်ကွယ်သွားသော မုန့်ချီကို စိုက်ကြည့်နေမိကြ၏။ လူတိုင်းက တတိယထပ်တွင် ရှိနေသော လှေကားဆီကို စိုက်ကြည့်နေကြသည်။
"သူက အလွှာဘယ်လောက်များ ရောက်နိုင်မှာလဲ။ သူက တတိယအလွှာမှာရှိတဲ့ အစောင့်ကိုရော သိုင်းကွက်တစ်ကွက်တည်းနဲ့ အနိုင်ရနိုင်မှာလား…"
"မဖြစ်နိုင်ဘူး...ဒီနေ့အစောင့်ကျတာက ရေလှိုင်းစီးဆင်းရေးလှံ ကောင်းတုံလော်လေ..။ သူက တံခါး(၇)ပေါက် ပွင့်နေပြီ။ အတွင်းကမ္ဘာကြီးတောင် လှည့်ပတ်နေပြီလို့ ပြောကြတယ်။ ပြီးတော့ သူက (၁၀)နှစ်လုံးလုံး နာမည်ကျော်ပညာရှင် တစ်ယောက်ဆီကနေ လှံသိုင်းပညာကို သင်ထားတာ။ သူက သိုင်းကွက် တစ်ကွက်တည်းနဲ့ ဘယ်လိုလုပ်ပြီး ရှုံးနိမ့်နိုင်မှာလဲ…"
ကောင်းတုံလော်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိပြီး သဘောကောင်းသော လူတစ်ယောက်ဖြစ်သည်။ နောက်ကျောတွင်လှံရှည်ကို ကန့်လန့်ဖြတ် လွယ်ထားသည့်အတွက် သူ့ပုံစံက သုံးပြည်ထောင်ခေတ်မှ စစ်သူကြီး တစ်ယောက်ဖြစ်သော ကျိုးကျိလုံနှင့် တူညီနေသည်။ ထိုအရာက မုန့်ချီ ဖြစ်ချင်နေခဲ့သော ပုံစံလည်း ဖြစ်၏။
"ကျေးဇူးပြုပြီး တိုက်ခိုက်ပါ.."
ကောင်းတုံလော်က တတိယထပ်သို့ ရောက်လာသူများကို အထင်သေးခြင်း မရှိချေ။ သူက အရင်ဆုံး လှုပ်ရှားလိုက်၏။
လှံရှည်က နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှားလာပြီး လျှပ်စီးကြောင်းများ ပြည့်နှက်နေသည်။ ထိုလှံရှည်က အလွန်လှပလွန်းလှသော်လည်း ကြောက်စရာကောင်းသော ထောင်ချောက်များ ပါဝင်နေသည်။
မုန့်ချီက ထောင်ချောက်ကို လုံးဝသတိထားမိပုံမရဘဲ ကောင်းတုံလော်၏ ခေါင်းဆီကို သူ့ဓားအိမ်နှင့် ဝှေ့ယမ်းလိုက်သည်။သူက မြင့်တက်လာသော လေစီးကြောင်းများကို စုပ်ယူလိုက်ရာ အရာအားလုံးက သေးငယ်သွားသလို ဖြစ်လာခဲ့၏။ ယခုတစ်ကြိမ် ဓား၏အရှိန်အဝါက ပို၍ကြောက်စရာကောင်းနေသည်။ ထိုအရာက ပြိုင်ဘက်ကို အပြစ်ပေးလိုက်သော မိုးကြိုးကြီးတစ်ခုကဲ့သို့ ဖြစ်နေ၏။
"ကောင်းတယ်.."
မုန့်ချီ၏တိုက်ခိုက်မှုက သူထောင်ချောက်ဆင်ထားသော နေရာအတိအကျသို့ ရောက်လာသည်ကို မြင်သည့်အခါ ကောင်းတုံလော်က စိတ်လှုပ်ရှားသွားသည်။ ထိုလူငယ်က ရှုံးနိမ့်ရတော့မည်ဖြစ်၏။
လျှပ်စီးကြောင်းများ ပျောက်ကွယ်သွားသည်။ လှံအရိပ်ကလည်း နေရာသို့ ကျသွားခဲ့၏။ ထိုလှံက မူလနေရာမှ လက်မပေါင်းများစွာ ရွေ့လျားသွားသလိုပင် ထင်မှတ်ရသည်။ ထိုလှံက ဓားကို ရှောင်တိမ်းလိုက်ပြီး မုန့်ချီကို လှမ်းထိုးလိုက်၏။
မုန့်ချီ၏ ဓားထက် တစ်လက်မခန့် ပို၍ရှည်လျားသော သူ့လှံရှည်က ပို၍အစွမ်းထက်သည်။ သူ၏ခန့်မှန်းမှုအရ ဓားက သူ့ကို မထိသေးခင် လှံရှည်က မုန့်ချီကို ထိုးဖောက်သွားပါလိမ့်မည်။
သို့သော် ထိုအခြေအနေတွင် မုန့်ချီကတော့ ဓား၏အရှိန်အဝါနှင့်အတူ ကိုယ်ဖော့ပညာကိုသုံးပြီး ကောင်းတုံလော်၏အနားကို ကပ်လာခဲ့၏။ သူက ဘေးသို့ ယို့လိုက်ပြီး လှံရှည်ကို ရှောင်တိမ်းလိုက်သည်။ သူ၏လှုပ်ရှားမှုက ပြီးပြည့်စုံလှ၏။
အကယ်၍ သူသာ သိုင်းကွက်တစ်ကွက်ခန့် စော၍ လှုပ်ရှားလိုက်မည်ဆိုလျှင် ကောင်းတုံလော်က သူ့လှံရှည်နှင့် အဝေးသို့ တွန်းထုတ်နိုင်ပါလိမ့်မည်။ အကယ်၍ သူက နောက်ကျမှ လှုပ်ရှားလိုက်မည်ဆိုလျှင်လည်း ရှောင်တိမ်းခွင့်ရတော့မည် မဟုတ်ချေ။
ကောင်းတုံလော်က သူ့ခေါင်းကို ဓားနှင့် မခုတ်မိစေရန် နောက်ပြန်ဆုတ်လိုက်ရသည်။ သို့သော် သူက နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လိုက်စဉ် မုန့်ချီက ဓားကို ရုတ်သိမ်းပြီး စတုတ္ထထပ်သို့ ဦးတည်သော လှေကားဆီသို့ တက်သွားခဲ့၏။ သူ့မျက်လုံးထဲတွင်တော့ မုန့်ချီက တိုက်ပွဲပေါင်းများစွာကို ဖြတ်ကျော်လာသူ တစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။
"ဒီစွမ်းအားနဲ့ အရှိန်အဝါ…."
ကောင်းတုံလော်က ပင့်သက်ရှိုက်လိုက်ပြီး သူ၏လှံရှည်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိသည်။
"သိုင်းကွက် (၁)ကွက်ပဲ..."
"သူက လူငယ်မှတ်တမ်းမှာရှိတဲ့ သခင်လေးတစ်ယောက်များ ဖြစ်နိုင်မလား။ သူ့ရဲ့နောက်ကျောမှာ ဓားရှည်တစ်လက်နဲ့ ဓားမောက်တစ်လက်ရှိတယ်။ သူက သတ်ဖြတ်ရေးဓားစုမုန့်များ ဖြစ်နိုင်မလား…"
"ဖြစ်နိုင်ခြေရှိတယ်.. ။ အဲဒါက သူ့ကိုနာမည်ကျော်စေတဲ့ အရာတစ်ခုပဲ။ ဒါပေမဲ့ အခုမှပဲ သူ့ကို လူကိုယ်တိုင်မြင်ဖူးတာ။ သတ်ဖြတ်ရေးဓားစုမုန့်က မဆင်မခြင် လုပ်တတ်တဲ့လူတစ်ယောက်လို့ တွေးထားတာ။ သူ့ဆီမှာ အစစ်အမှန်ပညာရှင် တစ်ယောက်လို ဂုဏ်သိက္ခာမျိုးမရှိဘူးလို့ တွေးထားခဲ့တာ…"
မုန့်ချီက သူတို့၏ဆွေးနွေးမှုများကို စိတ်ဝင်တစား နားထောင်နေပြီး အတော်လေးကို ကျေနပ်နေခဲ့သည်။ သူက ထိုကဲ့သို့ကောက်ချက်များကို ကြားရရန်မလွယ်လှပေ။
"သူက စတုတ္ထအလွှာကိုလည်း ဖြတ်ကျော်ဖို့ ပြဿနာမရှိနိုင်ဘူး။ ဒါပေမဲ့ ပဉ္စမအလွှာမှာရှိတဲ့ အစောင့်ကတော့ လျှပ်စီးဓားရှောင်ကျန်းဟိုင်ပဲ..။ ရှောင်ကျန်းဟိုင်က လူငယ်မှတ်တမ်းမှာ အဆင့်(၂၆)ထိ ရောက်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူက အသက်ကျော်သွားတဲ့အတွက် အဆင့်ကနေ ထွက်သွားခဲ့ရတာ။ အခုဆိုရင်သူက ဝေ့ကျင်းတစ်ဝက်အဆင့်ကိုတောင် ရောက်နေလောက်ပြီ…”
“လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်မှာ အင်ပါယာဓား(၅)သွယ်က သိုင်းကွက်(၁၀)ကွက်အတွင်း လျှပ်စီးဓားကိုအနိုင်ရပြီး (၅)လွှာကို တက်သွားနိုင်ခဲ့တယ်။ သူက အဆင့်(၂၀)လေ။ သူက တစ်ခြားသူတွေထက် သေချာပေါက် ပိုပြီးအစွမ်းထက်နိုင်တာပေါ့…"
အင်ပါယာဓား(၅)သွယ် ချင်ယုက ရွှမ်တျန်းဂိုဏ်း၏ အမွေဆက်ခံသူ တပည့်တစ်ယောက် ဖြစ်သည်။ သူက တံခါး(၇)ပေါက်ပွင့်နေပြီး ကောင်းကင်အင်ပါယာသိုင်းကျမ်းကိုလည်း လေ့ကျင့်ထားခဲ့၏။ သူက သိုင်းလောကတွင် ကျင်လည်ကျက်စားသည့် အတွေ့အကြုံရှိနေပြီး အနည်းနှင့်အများ မုန့်ချီကို ယှဉ်နိုင်သည်။
သို့သော် သူက အဆင့်(၁၆)သာ ရှိနေသေး၏။ သူက အနာဂတ်တွင်တော့ ထိပ်ဆုံး(၁၀)ယောက်ထဲ ရောက်လာနိုင်သော လူတစ်ယောက် ဖြစ်နိုင်ပေသည်။
Translated by Hein Htet.