အခန်း (၂၇၄)
Vol. 19 Ch. 274
စတုတ္ထအလွှာတွင် ရှိနေသော အစောင့်က ထူးဆန်းသော ပုံသဏ္ဌာန် ရှိနေသည့် အဘိုးအိုတစ်ယောက် ဖြစ်သည်။ သူ၏ဆံပင်များက မီးခိုးရောင် ဖြစ်နေသည်။ သူ၏ လက်နှစ်ဖက်က သာမန်လူများထက် ပို၍ရှည်၏။ သူ၏လက်နှစ်ဖက်က ဒူးထိအောင် ရောက်နေသော လူဝံကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
သူ၏ လက်နှစ်ဖက်တွင် ထူးခြားသော အဆစ်များရှိပြီး ကျောက်ဆစ်ရုပ်တစ်ခုပမာ ထင်မှတ်ရ၏။ သူက အကာအကွယ် ချီစွမ်းအင်များကို အသုံးပြုနိုင်သော တံခါး(၉)ပေါက်အဆင့် ပညာရှင်တစ်ယောက် ဖြစ်ကြောင်း မုန့်ချီက သတိထားမိသည်။
သို့သော် မုန့်ချီက သူ၏အကာအကွယ် ချီစွမ်းအင်များကို အလွယ်တကူ စစ်ဆေးကြည့်နိုင်၏။ သူ၏ချီစွမ်းအင်လှည့်ပတ်မှုတွင် အားနည်းချက်များ ရှိနေသည်။
ထို့ပြင် သူက စွမ်းအားများ အားလုံးကို လက်ထဲတွင် စုစည်းထားသည့်အတွက် မုန့်ချီက သူ၏စွမ်းအားနှင့် အားနည်းချက်များကို ရှင်းရှင်းလင်းလင်း သိနေသည်။ သူက ရှောင်ယွဲ့ထက် ပို၍အားနည်းပြီး တံခါး (၉)ပေါက်ဖွင့်ရန် နှစ်ပေါင်းများစွာ အချိန်ပေးခဲ့ရပုံ ပေါ်သည်။
"ငါ့ကို အနိုင်ရမယ်ဆိုရင် နောက်တစ်ထပ်ကို တက်လို့ရမယ်…"
အဘိုးအိုက ကြေညာလိုက်၏။
စတုတ္ထအထပ်ထိ ရောက်လာသော မုန့်ချီအပေါ် သူ၏ သဘောထားကို ပြောင်းလဲခဲ့ခြင်း မရှိချေ။ မုန့်ချီက ဓားအိမ်ထဲမှနေ၍ ကောင်းကင်ပြစ်ဒဏ်ဓားကို ဆွဲထုတ်လိုက်သည်။
"ကျေးဇူးပြုပြီး တိုက်ခိုက်ပါ…"
အဘိုးအိုက သူ၏လက်ဖဝါးနှစ်ဖက်နှင့် လှမ်းရိုက်လိုက်သည့်အချိန်တွင် သူ၏ လက်ဖဝါးပေါ်တွင် ရှိနေသော အဆစ်ပေါင်းများစွာက လွတ်လပ်စွာ လှုပ်ရှားသွားခဲ့သည်။
သူ၏တိုက်ခိုက်မှုက လက်သီးသိုင်းနှင့် တူညီနေပြီး ချီစွမ်းအင်တစ်စိတ်တစ်ပိုင်းက သူ့ပုခုံးနှင့် နောက်ကျောတွင် စုစည်းနေသည်။ ထို့ကြောင့် သူက လှုပ်ရှားမှုများကို စိတ်ကြိုက်ပြောင်းလဲနိုင်စွမ်းရှိ၏။
မုန့်ချီက ထိုအရာများအားလုံးကို သေချာသိနေသည်။ သူက ဓားမောက်ကို ကိုင်ထားပြီး အဘိုးအို၏ ရင်ဘတ်ကို အလွန်လျင်မြန်စွာ တိုက်ခိုက်လိုက်သည်။ ထိုအရာက သူ့ကိုယ်သူ ခုခံလိုက်ခြင်းလည်း ဖြစ်၏။ ထိုတိုက်ခိုက်မှုက အချိန်ကိုက် ကျရောက်လာခြင်း ဖြစ်သည်။
ဓားမောက်တာအို အရှိန်အဝါများကလည်း အလွန်ကြောက်စရာကောင်းပြီး စွမ်းအားများက ပြင်းထန်လွန်းလှသည့်အတွက် ယင်နှင့်ယန် သဘောတရားများ ပါဝင်နေပုံရ၏။
ထိုအခြေအနေမျိုးတွင် အဘိုးအိုက သူ၏ချီစွမ်းအင်များကို မည်သို့ဖြန့်ဝေစေကာမူ ရှောင်တိမ်း၍ မရနိုင်ပေ။ သူက ဓားရှည်ကို လက်သီးနှင့် တည့်တည့်ထိုးလိုက်သည်။ ချီစွမ်းအင်များ လွှမ်းခြုံထားသော သူ၏လက်သီးက ရပ်တန့်၍ မရနိုင်ပေ။ သူတို့က ကျောက်တုံးကြီးတစ်တုံးကိုပင် အက်ကွဲသွားစေနိုင်သည်။
ကျယ်လောင်သောအသံတစ်ခုနှင့်အတူ အဘိုးအို၏ လက်သီးက ဓားကို တည့်တည့် တိုက်ခိုက်လိုက်မိပြီး သူ၏စွမ်းအားများ ပျောက်ကွယ်သွားသည်။ ထိုစွမ်းအားများကတော့ လေထဲတွင် ပျောက်ကွယ်သွားသည့်အလား ဖြစ်သွားခဲ့၏။
ပျော့ပျောင်းမှုမှနေ၍ မာကျောမှု ၊ ယင်မှယန်သို့ ပြောင်းလဲမှုများကြောင့် ဓား၏ စွမ်းအားများက သိသိသာသာ တိုးတက်လာခဲ့သည်။ အဘိုးအို၏ လက်ဖဝါးထဲမှ စွမ်းအားများကို ပေါင်းစပ်ခဲ့ပြီးနောက် ဓားက ရပ်တန့်၍ မရနိုင်သော အရှိန်နှင့် သူ့ဆီကို ပျံသန်းသွားခဲ့သည်။
အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်၏ တိုက်ခိုက်မှု ၊ ယင်နှင့်ယန် (၃)မျိုးပေါင်းစပ်ခြင်းနှင့် ကောင်းကင်ပြစ်ဒဏ်ဓားတို့၏ အလေးချိန်များကြောင့် သူ၏အကာအကွယ် ချီစွမ်းအင်များက ပျက်စီးသွားခဲ့ရသည်။
သူက နောက်သို့ ပြန်ဆုတ်လိုက်ရပြီး နံရံနှင့် နောက်ကျောကပ်သွားခဲ့၏။ သူ့ကို ဧရာမလက်တစ်စုံက တွန်းပစ်လိုက်သလို ခံစားလိုက်ရပြီး နောက်သို့ ပြန်ဆုတ်သွားရသည့် ခြေလှမ်းတိုင်းက ကြမ်းပြင်ပေါ်တွင် အပေါက်များ ဖြစ်လာစေနိုင်သည်။
မုန့်ချီက သူ့ကို ဆက်၍ မတိုက်ခိုက်တော့ဘဲ ဓားရှည်ကို တည့်တည့်ထောင်၍ တလေးတစား ဦးညွတ်လိုက်သည်။
"ကျွန်တော့်ကို အနိုင်ပေးလို့ ကျေးဇူးတင်ပါတယ်… "
သူက (၅)လွှာသို့ ဦးတည်သော လှေကားဆီသို့ လျှောက်သွားခဲ့၏။
"သူက သိုင်းကွက်တစ်ကွက်ပဲ သုံးနေသေးတယ်…"
လူအုပ်ကြီးကတော့ ဝမ်းမြောက်ဝမ်းသာ အော်ဟစ်နေကြသည်။
အတွင်းထဲတွင် ရှိနေသော ဧည့်သည်များက တိုက်ပွဲကို မမြင်ရသော်လည်း အပြင်ဘက်တွင် ရှိနေသူများကတော့ အမြင်အာရုံကောင်းလျှင် တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ထိုအရာကလည်း သူရဲကောင်းကျောင်းဆောင်၏ ထူးဆန်းသော တည်ဆောက်ပုံကြောင့်ဖြစ်၏။
"သူက တိုက်ပွဲ (၄)ပွဲကို သိုင်းကွက်တစ်ကွက်ဆီပဲ သုံးခဲ့ရတယ်။ သူ့ရဲ့ ပြိုင်ဘက်က တံခါး (၉)ပေါက် ဖြစ်နေရင်တောင် သိုင်းကွက်တစ်ကွက်ပဲ သုံးခဲ့တာပဲ။ သူက တော်တော်လေးကို အစွမ်းထက်လွန်းတယ်…"
ထိုအရာကတော့ သူတို့ နားမလည်နိုင်သော အရာများ ဖြစ်နေသည်။ ပညာရှင် တစ်ယောက်ကို သိုင်းကွက်တစ်ကွက်တည်းနှင့် အနိုင်ရသည်မှာ သူတို့အတွက်တော့ ပုံပြင် ၊ ဒဏ္ဍာရီများပမာ ဖြစ်နေ၏။ သူတို့က ထိုအရာကို အမှန်တကယ် မြင်တွေ့ရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ကြပေ။
"သူက ဒီတစ်ကြိမ်တော့ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုကို သုံးပြီး ခုခံဖို့ လုပ်ခဲ့တာ။ ပြီးတော့ သူ့ရဲ့ ရဲစွမ်းသတ္တိနဲ့ နင်းချေဖျက်ဆီးခဲ့တာ။ သူက တကယ့်ကို သတ်ဖြတ်ရေးဓားပဲ…"
မုန့်ချီက ရင်းနှီးသောချီးကျူးသံများကြောင့် အတော်လေးကို ကျေနပ်နေမိ၏။ သူက ဓားကို သုံးသည့်အချိန်တွင် ထိုကဲ့သို့ မှတ်ချက်များကိုသာ အမြဲလိုလို ရရှိခဲ့သည်။
သူတို့က သူနှင့် အင်ပါယာဓား (၅)သွယ် ချင်ယုတို့ကို နှိုင်းယှဉ်နေကြ၏။ သူက သိပ်မကြာခင်ကမှ သူရဲကောင်းကျောင်းဆောင်ကို စိန်ခေါ်ခဲ့သော မှတ်တမ်းထဲမှ ပညာရှင် တစ်ယောက်ဖြစ်သည်။
"အင်ပါယာ ဓား (၅) သွယ်က သိုင်းကွက်ဘယ်လောက် သုံးခဲ့တာလဲ…"
"သိုင်းကွက် (၃)ကွက် "
"သတ်ဖြတ်ရေးဓားက သူ့ထက်ပိုပြီး အစွမ်းထက်နေတာများလား…”
“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တာအိုသခင် ချင်ယုက သူ့ရဲ့အမှန်တရား ဓားသိုင်းပညာကို အလေးထားပြီး ရန်သူတွေကို လွှမ်းမိုးတိုက်ခိုက်တာ။ သူက အင်ပါယာ(၅)ယောက်ရဲ့ အရှိန်အဝါတွေကို ပြသတတ်တယ်…”
“ဒါပေမဲ့ စုမုန့်ကတော့ ထိပ်တိုက်တိုက်ပွဲတွေမှာ အသာစီးရပြီး ကြောက်စရာကောင်းတဲ့ အစွမ်းနဲ့ ဓားမောက်သိုင်းပညာကြောင့် နာမည်ကျော်ကြားတယ်။ မတူညီတဲ့ ပုံစံနှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် စုမုန့်က အနိုင်ရတယ်ဆိုတာလည်း သာမန်ပါပဲ…"
လူတစ်ယောက်က မျှမျှတတ ဆုံးဖြတ်ပေးလိုက်သည်။
"ဒါက မျှတတဲ့ ဆုံးဖြတ်ချက်လား…”
မုန့်ချီက အလွန်ဒေါသထွက်သွားခဲ့၏။
"ငါတို့နှစ်ယောက်စလုံးက ဓားမောက်ကို အသုံးပြုကြတယ်။ ဒါပေမဲ့ ဘာလို့ သူကတော့ ကြီးကျယ်ခမ်းနားပြီး ငါက ရက်စက်ကြမ်းကြုတ်နေရတာလဲ…"
မုန့်ချီက စဉ်းစားနေရင်း ထောင့်ချိုးတစ်ခုကို ချိုးလိုက်သည်။
ထိုအချိန်တွင် ပဉ္စမအလွှာ၌ စောင့်နေသော အစောင့်ကို မြင်လိုက်ရ၏။ သူက အသက်(၃၀)သာ ရှိသေးသည်။ အစောင့်က အလွန်ငယ်သေးပုံ ပေါ်၏။ သူက အသက်ရှူသံကို ဖုံးကွယ်ထားသည့်အပြင် သူ၏စွမ်းအားများကိုလည်း ဖုံးကွယ်ထားသည်။ သူ့ပုံစံက ဓားအိမ်ထဲတွင် ထည့်ထားသော ဓားတစ်လက်ကဲ့သို့ ဖြစ်နေသည်။ အကယ်၍ သူက တိုက်ခိုက်လိုက်မည်ဆိုလျှင်လည်း ပစ်မှတ်ကို ချက်ချင်း သတ်မိပါလိမ့်မည်။
အလွန်ကြောက်စရာကောင်းသော ဖိအားကို ရင်ဆိုင်ရသည့်အခါ မုန့်ချီက သတိထားနေမိသည်။ ကြည့်လိုက်ရုံနှင့် လျှပ်စီးဓား ရှောင်ကျန်းဟိုင်က အရှိန်အဝါနှင့် စိတ်ဝိညာဉ်ပြိုင်ပွဲကို လွှမ်းမိုးထားနိုင်သည်။ မုန့်ချီကတော့ လူငယ်မှတ်တမ်းထဲမှ ပညာရှင်တစ်ယောက်ဖြစ်ခဲ့သော သူ့ကို အလွန်လေးစားနေမိသည်။
မုန့်ချီက စိတ်ဝိညာဉ်စွမ်းအားတစ်ဝက်ကို ဓားဆီသို့ အာရုံစိုက်ထားပြီး တခြားအရာများကိုတော့ ပတ်ပတ်လည်သို့ ထုတ်လွှတ်ထားခဲ့သည်။ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီး ကျင့်စဉ်၏ အကူအညီကြောင့် သူ၏ စိတ်ဝိညာဉ်က ပတ်ဝန်းကျင်နှင့် တသားတည်း ဖြစ်နေသည်။
သူ၏စိတ်ဝိညာဉ်က လက်ရန်းများ၊ ခြေလှမ်းအရေအတွက် ၊ လေလှိုင်းများနှင့် တသားတည်း ပေါင်းစပ်နေသလို ထင်မှတ်ရပြီး ရှောင်ကျန်းဟိုင် တစ်ယောက်တည်းကသာ အပြင်လူတစ်ယောက်ကဲ့သို့ဖြစ်နေသည်။
ကြည့်နေသူများကလည်း ထိုအရာကို ဆွေးနွေးနေကြ၏။ မုန့်ချီက အစောင့်(၄)ယောက်ကို သိုင်းကွက်တစ်ကွက်ဆီနှင့် အနိုင်ရခဲ့ကြောင်း သိနေသော်လည်း သိုင်းကွက်(၄)ကွက်၏ ကွာဟမှုကို မတွေ့ကြရပေ။
သူတို့အနေနှင့် ပြောရလျှင်တော့ သတ်ဖြတ်ရေးဓားစုမုန့်က အလွန်အစွမ်းထက်၏။ တံခါး (၉)ပေါက်အဆင့် ပညာရှင်တစ်ယောက်ကိုပင် သိုင်းကွက်တစ်ကွက်တည်းနှင့် အနိုင်ရရန် လုံလောက်သည့် အစွမ်းမျိုးရှိသည်။ သို့သော် သူ့အစွမ်းက မည်မျှရှိနေပြီး မည်သည့်နည်းလမ်းနှင့် အစွမ်းထက်နေကြောင်း သူတို့က မပြောနိုင်ကြပေ။ ထို့ကြောင့်လည်း သူတို့က အားရပါးရ ဝေဖန်နေကြခြင်းဖြစ်သည်။
သို့သော် ယခုတော့ မုန့်ချီက သူ့အစွမ်းကို ထိုလူများ ခံစားမိစေရန် ပြသနိုင်ခဲ့သည်။ အလွန်ကြောက်စရာကောင်းသော အရှိန်အဝါက နူးညံ့သိမ်မွေ့ပြီး ဆန်းကြယ်လှသည်။ သူ၏လှုပ်ရှားမှုများကလည်း အဓိပ္ပာယ်ပြည့်နှက်နေပြီး ကမ္ဘာမြေကြီးနှင့် တသားတည်း ရှိနေသလို ထင်မှတ်ရ၏။
"သူက တကယ့်ကို အရည်အချင်းရှိတဲ့ သခင်လေးတစ်ယောက်ပဲ…"
လူတိုင်း၏ စိတ်ထဲတွင် ထိုအတွေးတစ်ခုသာ ပေါ်လာခဲ့၏။
မုန့်ချီက သူ၏စိတ်ဝိညာဉ်စွမ်းအားကို အမြင့်ဆုံး သုံးလိုက်ပြီး လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီး ကျင့်စဉ်ကို သုံး၍ ထိုကဲ့သို့ လှုပ်ရှားမှုတစ်ခုကို ဟန်ဆောင်နေခဲ့သည်။ သူက အလွန်ထူးချွန်ထက်မြက်သော စွမ်းရည်ရှိနေပြီး ခန္ဓာကိုယ် ကြံ့ခိုင်သော်လည်း တံခါး (၉)ပေါက်အဆင့်ကို မရောက်သေးပေ။
ထို့နောက် သူက အတွင်းပိုင်းထဲတွင် စုစည်းပြီး အတွင်းကမ္ဘာကြီးနှင့် ပြင်ပကမ္ဘာကြီး ပေါင်းစပ်နိုင်စေရန် ထိန်းညှိရမည်ဖြစ်သည်။ ထို့နောက်တွင်မှ လူသားနှင့်ကောင်းကင် ဆက်သွယ်မှုကို အမှန်တကယ် ရရှိနိုင်ပြီး လူသားနှင့်ကောင်းကင် တသားတည်းအဆင့်ကို ရောက်နိုင်သည်။
မုန့်ချီက တံခါး (၉) ပေါက် မပွင့်သေးခင် သူ့အစွမ်းက ကန့်သတ်ချက်ရှိ၏။ ထို့ကြောင့် သူက ပို၍ အစွမ်းထက်လာစေရန် အကောင်းဆုံးကြိုးစားရန်သာ ရှိသည်။
အစွမ်းထက်သော မုန့်ချီကို မြင်လိုက်ရသည့်အချိန်တွင် ရှောင်ကျန်းဟိုင်၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။ သူသာ ဓားကို ထုတ်လိုက်မည်ဆိုလျှင် ပတ်ဝန်းကျင်က သူ့ရန်သူ ဖြစ်လာပြီး ကမ္ဘာမြေကြီးကပင် သူ့ကို ဆန့်ကျင်နိုင်သည်ဟု ခံစားနေရသည်။
ထို့ကြောင့် သူ၏ ဓားနှလုံးသားက အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး ထက်မြက်သော အရှိန်အဝါကလည်း အနည်းငယ် လျော့ကျသွားခဲ့သည်။ မုန့်ချီက တစ်လှမ်းချင်းစီ အနားသို့ တိုးလာပြီး ရှောင်ကျန်းဟိုင်၏ အနားသို့ ကပ်လာခဲ့သည်။
ရှောင်ကျန်းဟိုင်၏ မျက်လုံးထဲတွင်တော့ သတ်ဖြတ်ရေးဓား စုမုန့်က တဖြည်းဖြည်း ပို၍ ကြီးမားလာနေ၏။ သူက ပို၍ အလေးထားလာရသည်။
"မဟုတ်ဘူး … ငါထပ်ပြီး စောင့်နေလို့ မရတော့ဘူး…"
ရှောင်ကျန်းဟိုင်က အမှန်တကယ် အစွမ်းထက်သော ပညာရှင်တစ်ယောက်ဖြစ်သည်။ အကယ်၍ သူသာ ဓားကို သုံးရန် တွေဝေနေဦးမယ်ဆိုလျှင် သတ်ဖြတ်ရေးဓား စုမုန့်၏ အရှိန်အဝါကြောင့် ဖျက်ဆီးခံရတော့မည်ဖြစ်ကြောင်း သိနေသည်။ ထိုအရာက ဟာသတစ်ခု မဟုတ်ချေ။
ထိပ်သီးပညာရှင်များ၏ တိုက်ပွဲတွင် သူတို့၏ အရှိန်အဝါများက အချင်းချင်း သက်ရောက်နိုင်ကြ၏။ သတ်ဖြတ်ရေးဓား စုမုန့်က သူ၏အရှိန်အဝါကို အမြင့်ဆုံးအဆင့်အထိ စုစည်းထားခဲ့သော်လည်း ရှောင်ကျန်းဟိုင်၏ ဓားနှလုံးသားကတော့ တစ်ဝက်သာ အသုံးပြုနိုင်ပါတော့မည်။ ရလဒ်အနေနှင့် သူလည်း ယခင်အစောင့် (၄)ယောက်ကဲ့သို့ ရှုံးနိမ့်သွားရမည်သာ ဖြစ်၏။
လူငယ်မှတ်တမ်းထဲမှ သခင်လေးတစ်ယောက် ဖြစ်ခဲ့ဖူးသည့်အတွင် ရှောင်ကျန်းဟိုင်က မာနကြီးသည်။ သူက ဆူညံသံများကို ဖယ်ရှားလိုက်ပြီး ကိုယ်တွင်းကမ္ဘာကြီးကို သုံး၍ သူ၏ဓားနှလုံးသားကို အားဖြည့်လိုက်၏။ ထိုအခါ ဓားချီစွမ်းအင်များ မြင့်တက်လာပြီး တိုက်ခိုက်ချင်စိတ်များ လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
ထိုအချိန်တွင် သူ့ဓားကို ခက်ခက်ခဲခဲ ဆွဲထုတ်လိုက်၏။ မိုးခြိမ်းသံတစ်ခုကဲ့သို့ သူ့ဓားက အလွန်လျင်မြန်လွန်းလှပြီး ကြည့်နေသူများကတော့ အလင်းတန်းတစ်ခုကိုသာ မြင်လိုက်ရသည်။ ထိုဓားက မည်သည့်နေရာမှ ထွက်လာကြောင်း သူတို့မသိကြပေ။
မုန့်ချီကိုယ်တိုင်ပင် အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်၏ မျက်လုံးတံခါး အားဖြည့်မှုကြောင့် ဓားအရိပ်ကို မြင်နိုင်ရုံသာရှိသည်။ အသံရောက်လာသည့်အချိန်တွင် ဓားက ဖြတ်သွားပြီဖြစ်သည်။ ထိုအရာက မျက်စိတမှိတ်အတွင်း ရောက်လာသည်ဟု လူတိုင်းက ခံစားမိနေကြ၏။
လျှပ်စီးဓားဟူသော သူ၏နာမည်က အလွန်လျင်မြန်သော သူ့ဓားကို နာမည်ပေးထားခြင်း ဖြစ်သည်။ သူက ဘဝတလျှောက်လုံး လျင်မြန်သော ဓားကို လေ့ကျင့်ရန်သာ အာရုံစိုက်ထားခဲ့၏။ သူက တခြားသော သိုင်းကွက်များကို သင်ယူထားခဲ့ခြင်း မရှိသလို ဝေ့ကျင်းအဆင့် အထွဋ်အထိပ် သိုင်းပညာများလည်း မရှိခဲ့ပေ။
သူက ဓား၏အရှိန်ကိုသာ အကြွင်းမဲ့အားကိုးနေပြီး သိုင်းပညာရှင်များထဲတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ သူက လူငယ်မှတ်တမ်းထဲကိုပင် ဝင်ရောက်ခဲ့၏။ သူ့တိုက်ပွဲတစ်ခုတွင် သူနှင့် သူပြိုင်ဘက်က တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
သူ့ပြိုင်ဘက်က ဓားကို ကိုင်လိုက်သည့်အချိန်တွင် သူ့ဓားကတော့ ပြိုင်ဘက်၏ လည်ပင်းဆီသို့ ရောက်သွားပြီဖြစ်၏။ သူက ဓားကို လျှပ်စီးကြောင်းတစ်ခုကဲ့သို့ အလွန်လျင်မြန်စွာ အသုံးပြုနိုင်သည်။
"တော်တော်လေးကို မြန်တာပဲ…"
သူရဲကောင်းကျောင်းဆောင်၏ အပြင်ဘက်တွင် ကြည့်နေသူများက ချီးကျူးရန် အချိန်မရခဲ့ပေ။ သူတို့က ရင်ထဲတွင် သက်ပြင်းချရုံသာ တတ်နိုင်တော့၏။
အသံထက် ပို၍မြန်သော ဓားတစ်လက်ကို မြင်တွေ့ရသည်မှာ စိတ်ကူးယဉ် သက်သက် မဟုတ်ချေ။ ရှောင်ကျန်းဟိုင်ကသာ အတွင်းနှင့်အပြင် ချိတ်ဆက်နိုင်မည်ဆိုလျှင် ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက် ဖြစ်လာနိုင်သည်။ ထိုအချိန်ကျလျှင် သူက သေချာပေါက် အောင်မြင်ဦးမည်ဖြစ်၏။
မျက်စိတမှိတ်အတွင်း ဓားစွမ်းအင်များက ငွေရောင်မိုးကြိုးအလင်းတန်းတစ်ခုကဲ့သို့ တောက်ပလာသည်။ ကြည့်နေသူများကတော့ ဓားမောက်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော် ထိုအရာက ပင်လယ်နှင့်မြစ်များကို ထက်ပိုင်းဖြတ်ပစ်နိုင်ကြောင်း သူတို့အားလုံးက သိနေကြသည်။
"တော်တော်လေး မြန်တဲ့ ဓားသိုင်းကွက်ပဲ…"
သူတို့အားလုံး၏ စိတ်ထဲတွင် တူညီသောအတွေးတစ်ခု ပေါ်လာခဲ့၏။
သတ်ဖြတ်ရေးဓားကလည်း ဓားမောက်တာအို အနှစ်သာရ မျိုးစုံကို သင်ယူထားခဲ့သည့်အတွက် သူ၏ဓားက တခြားလူများကဲ့သို့ လျင်မြန်နေသည်။
"ချွင် …"
ဓားမောက်နှင့် ဓားရှည်တို့ကို ထိပ်တိုက် ရင်ဆိုင်လိုက်မိပြီး ကျောင်းဆောင်ထဲတွင် ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။
မုန့်ချီက သူရဲကောင်းကျောင်းဆောင်ထဲသို့ ရောက်လာသည့်အချိန်ကတည်းကစပြီး သူ့ဓားကို ပထမဆုံးအကြိမ် ဆွဲထုတ်လိုက်ခြင်းလည်း ဖြစ်သည်။ ခက်ခဲသော်လည်း သူက ရှောင်ကျန်းဟိုင်၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့၏။
မမှန်ကန်သော ဆုံးဖြတ်ချက်များကြောင့်သာ သူလည်း ရှောင်ကျန်းဟိုင်ကြောင့် ဒဏ်ရာရလုနီးပါး ဖြစ်သွားသည်။ သူက အလွန်စိုးရိမ်ထိတ်လန့်နေသည့်အတွက် အင်္ကျီလက်ထဲတွင်ပင် ချွေးများ စိုရွှဲနေခဲ့၏။
မုန့်ချီက သူ၏ ချီစွမ်းအင်များကို အသုံးချပြီး ရှောင်ကျန်းဟိုင်ကို စစ်ဆေးကြည့်ခဲ့သည်။ ထို့နောက် တုကူးဓား (၉)ကွက်၏ အနှစ်သာရများကို အသုံးချပြီး ကောက်ချက်ချနိုင်ခဲ့၏။ ရှောင်ကျန်းဟိုင်ကတော့ သူ၏ ချီစွမ်းအင်များနှင့် ကြွက်သားပြောင်းလဲမှုကို ဖုံးကွယ်ရန် လုံလောက်သည့် အစွမ်းမျိုးမရှိချေ။
ထို့ပြင် သူက နတ်ဘုရားစွမ်းရည်များ ၊ ထိပ်သီးသိုင်းပညာများ ၊ သူ၏ ချီစွမ်းအင်နှင့် ကြွက်သားများကို ပြောင်းလဲစေနိုင်သောအရာများကိုလည်း အသုံးချနိုင်ခြင်း မရှိချေ။ ထို့ကြောင့် ရှောင်ကျန်းဟိုင်က သူ့ကို မည်သို့ တိုက်ခိုက်မည်ဖြစ်ကြောင်း မုန့်ချီက အတိအကျ သိနေသည်။
သို့သော် ရှောင်ကျန်းဟိုင်၏ ဓားက အလွန်လျင်မြန်လွန်းလှသည့်အတွက် သူကိုယ်တိုင်ပင် အချိန်မီ တုန့်ပြန်နိုင်ခြင်းမရှိခဲ့သည်မှာ အံ့ဩစရာကောင်းနေသည်။ သူက ဓားမောက်တာအို အနှစ်သာရများကို နားလည်ထားသော်လည်း ပို၍ လေ့ကျင့်ရန် လိုအပ်နေသေး၏။
ရလဒ်အရ ရှောင်ကျန်းဟိုင်၏ အရှိန်နှင့် ယှဉ်လိုက်မည်ဆိုလျှင် သူ့ဓားက အနည်းငယ် ပို၍ နှေးကွေးနေသည်။ ထို့ပြင် ရှောင်ကျန်းဟိုင်၏ တိုက်ခိုက်မှုက သူ့ထက်ပို၍ စောသည့်အတွက် သူလည်း ခက်ခက်ခဲခဲ ခုခံလိုက်ရသည်။ သို့သော် သူတို့က နာမည်ကျော် ပညာရှင်များဟူသော အချက်ကို ဆက်လက်ထိန်းသိမ်း နိုင်ကြသေးသည်။
ရှောင်ကျန်းဟိုင်က ဓားရှည်၏တန်ပြန်အားကို အသုံးချခဲ့၏။ သူက တစ်ကြိမ်ထက် တစ်ကြိမ် ပို၍လျင်မြန်သောတိုက်ခိုက်မှုနှင့် တိုက်ခိုက်ရန် ပြင်ဆင်နေပြီး မုန့်ချီကို အသက်ရှူရန် အခွင့်အရေး မပေးချင်ပေ။
သို့သော် သူက လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည့်အချိန်တွင် ထူးဆန်းသော ပုံသဏ္ဌာန် ရှိနေသည့် ဓားမောက်က သူ့ဆီကို ရောက်လာနေကြောင်း မြင်လိုက်ရသည်။ အကယ်၍ သူသာ စီစဉ်ထားသည့်အတိုင်း ဓားကို ဆွဲထုတ်လိုက်မည်ဆိုလျှင် သူ၏ လက်ကောက်ဝတ်က ဖြတ်ပစ်ခံရမည်ဖြစ်၏။
ရှောင်ကျန်းဟိုင်ဆီတွင် သူ့ကိုယ်သူ ကာကွယ်နိုင်သော အကာအကွယ် ချီစွမ်းအင်များ ရှိနေသည်ကိုပင် သူ၏ခန္ဓာကိုယ်ကို အသုံးချပြီး မုန့်ချီ၏ ဓားကို မစမ်းသပ်ရဲပေ။ သူက ချီစွမ်းအင်များကို လမ်းကြောင်း ပြောင်းလိုက်ပြီးနောက် လက်ကောက်ဝတ်ကို လှုပ်ရှားပြီး အောက်ဘက်သို့ ထိုးစိုက်ရန် ကြိုးစားလိုက်သည်။
သို့သော် မုန့်ချီကတော့ ထိုသိုင်းကွက်ကို ကြိုတင်သိနေပုံရသည်။ သူ၏ ဓားရှည်က အောက်ဘက်ကို လှမ်း၍ ခုတ်လိုက်ပြီး ရှောင်ကျန်းဟိုင်၏ လက်ကောက်ဝတ်ကိုသာ ဦးတည်နေသေး၏။
ရှောင်ကျန်းဟိုင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး နောက်တစ်ကြိမ် သိုင်းကွက်ကို ပြောင်းလဲလိုက်ပြန်သည်။ သို့သော် သူကတော့ ဘာမျှမတတ်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မုန့်ချီက သူ၏သိုင်းကွက်များ အားလုံးကို ခန့်မှန်းနိုင်နေသည်။ သူက ရှောင်ကျန်းဟိုင်၏ တိုက်ခိုက်မှုကို နောက်ဆုတ်သွားအောင် တွန်းအားပေးနိုင်ခဲ့၏။
မုန့်ချီ၏ ခေါင်းထဲတွင်တော့ မှန်တစ်ချပ်ကဲ့သို့ ကြည်လင်နေပြီး ချီစွမ်းအင်များ ၊ ကြွက်သားများထဲတွင် ရှောင်ကျန်းဟိုင်၏ လှုပ်ရှားမှုကို မြင်နေရသည်။ ပြောင်းလဲ၍မရနိုင်သော နိယာမများနှင့် တုကူးဓား (၉)ကွက်တို့ကြောင့် မုန့်ချီက သူ၏ ဓားမောက်ကို သုံး၍ ရှောင်ကျန်းဟိုင်၏ ဓားကို တားဆီးနိုင်နေ၏။ သူက ရှောင်ကျန်းဟိုင်ကို ဓားဆွဲထုတ်၍ မရစေရန် တိုက်ခိုက်နိုင်ခဲ့သည်။
"မင်းရဲ့ဓားက အသံထက်တောင် ပိုပြီး မြန်တာ မဟုတ်လား ။ ငါက မင်းကို မမီတာ ဝန်ခံပါတယ်။ ဒါပေမဲ့ ငါက မင်းကို ထောင်ချောက်ဆင်နိုင်တယ်… "
သူရဲကောင်းကျောင်းဆောင်၏ အပြင်ဘက်တွင် ရှိနေသော သိုင်းလောကသားများက ပြောစရာစကားလုံး မရှိအောင် အံ့ဩနေကြသည်။ လျှပ်စီးဓားက ဓားပင် ဆွဲမထုတ်နိုင်သည့် အခြေအနေမျိုး ရောက်သွားလိမ့်မည်ဟု သူတို့လည်း မကြားဖူးကြပေ။
အသက်ထိန်းသိမ်းသူကသာ ထိုကဲ့သို့ တွက်ချက်မှုမျိုးကို လုပ်ဆောင်နိုင်သည်။ သတ်ဖြတ်ရေးဓား စုမုန့်ကလည်း ထိုသို့ လုပ်ဆောင်နိုင်ခြင်းပေလော။
"တကယ့်ကို မယုံကြည်နိုင်စရာပဲ…"
သိုင်းကွက် (၇)တိတိ ပြောင်းလဲလိုက်ပြီးနောက် ရှောင်ကျန်းဟိုင်က နောက်ထပ် ပြောင်းလဲနိုင်ခြင်း မရှိတော့ပေ။ သူက ခန္ဓာကိုယ်ကို စောင်းပြီး ဓားရှည်ကို ရှောင်တိမ်းလိုက်ရ၏။
ထို့နောက် မုန့်ချီက လှေကားပေါ်သို့ တက်သွားသည်ကိုသာ ကြည့်နေလိုက်ရသည်။ သူ့ဆီတွင် အသုံးပြုရန် သတ်ဖြတ်ရေး သိုင်းကွက်တစ်ခု ရှိနေသေးသည်။ သို့သော် စုမုန့်ဆီတွင်လည်း ကိုယ်ပိုင်သတ်ဖြတ်ရေး သိုင်းကွက်တစ်ခု ရှိနေ၏။ ထို့ကြောင့် သူ့ကိုယ်သူ ထိန်းချုပ်လိုက်ရခြင်းဖြစ်သည်။
သူ၏အနတ္တကျိန်စာဖျက် ဓားပညာက အလွန်အဆင့်အတန်း မြင့်သော ဓားမောက်သိုင်းပညာတစ်ခု ဖြစ်သည်။ အလစ်ချောင်းတိုက်ခိုက်မှုများမှ မဟုတ်လျှင် သူက စုမုန့်ကို အနိုင်ရရန် အခွင့်အရေး မရှိချေ။ သူ၏ဓားရှည်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် ရှောင်ကျန်းဟိုင်က စိတ်ပျက်သွားခဲ့၏။
သူက လျင်မြန်သော ဓားချက်ကြောင့် နာမည်ကျော်ကြားသည်။ ယခုတော့ သူ့ဓားကိုပင် ဆွဲမထုတ်နိုင်ခဲ့ပေ။ သူက လုံးဝကို စိတ်ဓာတ်ကျပြီး ဝမ်းနည်းနေခဲ့၏။
မုန့်ချီက ပဉ္စမအလွှာသို့ ဝင်တော့မည့်အချိန်တွင် ရှောင်ကျန်းဟိုင်ကို ပြန်လှည့်ကြည့်လိုက်သည်။ သူက ခေါင်းခါပြီး ပြောလိုက်၏။
"နှမြောဖို့ ကောင်းလိုက်တာ … "
အကယ်၍ ရှောင်ကျန်းဟိုင်ဆီတွင်သာ သူ၏ဓားသိုင်းပညာကို အားဖြည့်ပေးနိုင်သော နတ်ဘုရား စွမ်းရည်တစ်ခု ရှိနေမည်ဆိုလျှင် မုန့်ချီက သူ၏ တိုက်ခိုက်မှုများကို အလွယ်တကူ ဖယ်ထုတ်နိုင်တော့မည် မဟုတ်ချေ။
သူက သိုင်းလောကတွင် အတွေ့အကြုံမရှိသော တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေသည်မှာ နှမြောစရာကောင်းသည်။ မဟုတ်လျှင် သူက စောစောကတည်းက သေခြင်း ရှင်ခြင်းလျှို့ဝှက်တံခါးကို ဖွင့်နိုင်မည်ဖြစ်၏။ ထို့ကြောင့်လည်း ကျောင်းဆောင်သခင်က သူ့ကို အစောင့်တစ်ယောက်အဖြစ် ဖိတ်ခေါ်ထားခြင်းဖြစ်နိုင်၏။
"ရှောင်ကျန်းဟိုင်က တကယ့်ကို နှမြောစရာပဲ … "
လှေကားတွင် ရှိနေသော လူတစ်ယောက်က တုန့်ပြန်လိုက်သည်။
ထိုစကားကိုတော့ မျက်ခုံးကောင်းကောင်း နှုတ်ခမ်းပါးပါးနှင့် လူငယ်တာအို သခင်တစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်။ သူ့ပုံစံက သိမ်မွေ့ညင်သာပုံ ရသော်လည်း အတော်လေးကို မောက်မာ၏။ သူ့ရှေ့တွင်တော့ အလယ်အလတ် အရွယ်ရှိသော ဓားတစ်လက် ရှိနေသည်။ ထိုဓား၏ ဓားအိမ်က ခရမ်းရင့်ရောင်ဖြစ်ပြီး တောက်ပသော ကျောက်များနှင့် အလှဆင်ထား၏။
မုန့်ချီက သူ့ကို ကြည့်လိုက်မိချိန်တွင် ကောင်းကင် (၉)သွယ်ကို မော့ကြည့်နေရသလို ခံစားလိုက်ရသည်။ သူ၏ချီစွမ်းအင်များကလည်း မြူခိုးများကဲ့သို့ စီးဆင်းနေသည့် အတွက် မုန့်ချီကိုယ်တိုင်ပင် သူ့ကို စစ်ဆေးကြည့်ရန် ခက်ခဲနေခဲ့၏။
Translated by Hein Htet