← Chapters

အခန်း (၂၇၅)

Vol. 19 Ch. 275

အခန်း (၂၇၅)

Vol. 19 Ch. 275

ရုတ်တရက်ဆိုသလို လူငယ်က ပြုံးလိုက်သည်။ သူ၏ပတ်ပတ်လည်တွင် လွှမ်းခြုံနေသော ချီစွမ်းအင်များကလည်း အင်မော်တယ်နှင့် ကောင်းကင်ကြီးကို ပူဇော်နေသော ကြယ်များကဲ့သို့ ဖြစ်နေ၏။

မုန့်ချီ၏ အာရုံများက ချက်ချင်းပင် တားဆီးခံလိုက်ရသည်။ သူ၏စိတ်နှင့် ချီစွမ်းအင်များက ရှုပ်ထွေးသွားခဲ့ပြီး ရေလှိုင်းတစ်ခု၏ တိုက်စားခံလိုက်ရသည့်အလား နောက်ဆုတ်သွားခဲ့သည်။

သူက လူငယ်၏ချီစွမ်းအင်စီးဆင်းမှုကို အာရုံခံနိုင်ခြင်း မရှိတော့ဘဲ သူ၏ တုံ့ပြန်မှုများကို မျက်လုံးနှင့် စစ်ဆေးကြည့်ရုံသာ တတ်နိုင်တော့သည်။ ထိုစွမ်းအားများက အလွန်ကြီးကျယ်ခမ်းနား၏။ သို့သော် တည်ငြိမ်မှု မရှိချေ။

ထိုအရာက သူ့စိတ်ကို ကြီးကြီးမားမား ထိခိုက်မှု မဖြစ်စေခဲ့ဘဲ သူ့ကို စစ်ဆေး၍ မရစေရန် တံခါးပိတ်လိုက်ခြင်းမျိုးသာ ဖြစ်သည်။ ထို့ကြောင့် လူငယ်တာအိုသခင်က သူ့အပေါ် ရန်လိုနေခြင်း မရှိကြောင်း ပြသနေ၏။

"ကောင်းကင်အင်ပါယာသိုင်းကျမ်းက တကယ်ကို ထိပ်တန်းသိုင်းကျမ်းတစ်ခုပဲ.."

မုန့်ချီက ချီးကျူးလိုက်မိသည်။

အကြောက်တရား ၊ ပြင်းပြသောစိတ်ဆန္ဒနှင့် စဉ်းစားဆင်ခြင်မှုများသာမရှိလျှင် သိုင်းပညာရှင်တိုင်းက ထိုကဲ့သို့ အစွမ်းထက်ပြီး နူးညံ့သိမ်မွေ့သော သိုင်းပညာများကို အလွန်စိတ်ဝင်စားကြပါလိမ့်မည်။

ထိုလူငယ်တာအိုသခင်က ရွှမ်တျန်းဂိုဏ်းမှ အင်ပါယာဓား (၅) သွယ်ဖြစ်သော ချင်ယု ဖြစ်နိုင်သည်။

ချင်ယုက ပြုံးလိုက်၏။

"ရှေးတုန်းကတော့ ကောင်းကင်ဧကရာဇ်က ကမ္ဘာကြီးကို ထိန်းချုပ်ပြီး ထိပ်တန်းအင်အားစုတွေကို ဖိနှိပ်ခဲ့တယ်..။ သူ့ရဲ့အာဏာက ဒဏ္ဍာရီတစ်ခု ဆိုတာထက် ပိုပါတယ်..။ သူချန်ထားခဲ့တဲ့ ဘုရားစွမ်းရည်ကလည်း ပြိုင်ဘက်ကင်းတယ်လေ... "

သူက မုန့်ချီ၏ချီးကျူးမှုကို လက်ခံလိုက်၏။ သူက ခဏရပ်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"မင်းလည်း ဒီမှာရှိနေမယ်လို့ မထင်ထားဘူး... "

"မင်းက ဘာကိုဆိုလိုတာလဲ... "

မုန့်ချီက တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစားမိသည့်အတွက် ရှုပ်ထွေးသွားခဲ့သည်။

သူက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

"မင်းတောင် ဒီနေရာကို ရောက်လာနိုင်မှတော့ ငါလည်း လာနိုင်တာပဲလေ... "

သူ၏စကားလုံးများက မြောင်လင်တွင် ဖြစ်ပျက်နေသော ပြဿနာများနှင့် တစ်စုံတစ်ခု ပတ်သက်နေခြင်းပေလော။ သူတို့က တူညီသော ဦးတည်ချက်အတွက် ရောက်လာသည်ဟု ချင်ယုက တွေးနေခြင်းပေလော။

သူက ချင်ယုကို ဝေဝေဝါးဝါး အဖြေတစ်ခုသာပေးရန် ဆုံးဖြတ်လိုက်သည်။ သူက ချင်ယုဆီမှ ပို၍များပြားသော အချက်အလက်များ နှိုက်ထုတ်ရန် မျှော်လင့်နေခဲ့၏။ ထို့ကြောင့်လည်း မုန့်ချီက သတ်ဖြတ်ရေးဓားဟူသော အဆင့်အတန်းကိုသုံးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် သူက လူမသိသူမသိ တစ်ယောက်အဖြစ် ကြိုးစားနေရန် မလိုတော့ပေ။

တိုက်ခိုက်မူတစ်ခုက သူ့ကို လူတိုင်း အာရုံစိုက်စေရန် လုံလောက်သည်။ ထို့နောက်တွင်တော့ ဆွဲဆောင်မှု ၊ ခြိမ်းခြောက်မှုနှင့် တခြားသော အဖြစ်အပျက်များ လိုက်ပါလာပါလိမ့်မည်။ မည်သို့ဖြစ်စေကာမူ လှုပ်ရှားမှုလေးတစ်ခုကပင် အမှောင်ထဲရှိ တရားခံများကို တုန်လှုပ်သွားစေရန် လုံလောက်သည်။ ထိုသို့ဆိုလျှင် မုန့်ချီက အချိန်ကုန်သက်သာပြီး သဲလွန်စများကို လျင်မြန်စွာ ရှာဖွေနိုင်ပါလိမ့်မည်။

လူတစ်ယောက်၏ ဂုဏ်သတင်းက အပင်တစ်ပင်၏ အရိပ်ကဲ့သို့ ပြဿနာများစွာကို သယ်ဆောင်လာနိုင်သည်။ သို့သော် တစ်ချိန်တည်းလိုလိုပင် တွေးထားသည်ထက် ကျော်လွန်နေသော မထင်မှတ်ထားသည့် ရလဒ်များကိုလည်း ရလာစေနိုင်၏။

သတ်ဖြတ်ရေးဓားဟူသော သူ၏ဂုဏ်ပုဒ်က သူ့ကို သိုင်းပညာရှင်တစ်ယောက်အဖြစ် ထင်မှတ်စေနိုင်ပြီး လူကြားထဲတွင် လေးစားအားကျမှုများ ပေါ်လာစေနိုင်သည်။ ထိုအရာကတော့ သီးခြားအချက်အလက်တစ်ခု ဖြစ်၏။ သူက ထိုအရသာကို သဘောကျနေသော်လည်း သူ၏ဆုံးဖြတ်ချက်နှင့် ရွေးချယ်မှုများက ရှုပ်ထွေးသွားခဲ့ခြင်း မရှိချေ။

ချင်ယုက ရေနွေးခွက်ကိုယူလိုက်ပြီး ဓားကို စားပွဲပေါ်သို့ တင်လိုက်သည်။ သူ၏လက်ချောင်းလေးများက ဓားအိမ်ပေါ်တွင်ရှိနေသော ကြယ်ပုံစံကွက်များကို ဆော့ကစားနေခဲ့၏။

"ဒီလိုသာဆိုရင် အလျင်လိုစရာ မလိုဘူးလေ..။ နောက်ပိုင်းမှာ ငါတို့က တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခု သေချာပေါက် ရှိလာမှာပါ... "

သူက ဓားကို ကောက်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ ထို့နောက် မုန့်ချီကို ဖြတ်ကျော်ပြီး လှေကားဆီသို့ လျှောက်သွားခဲ့၏။

"သူက ငါ့ကို မေးဖို့အခွင့်အရေးတောင် မပေးခဲ့ဘူး... "

မုန့်ချီက ရင်ထဲတွင် ကျိန်ဆဲလိုက်မိ၏။

ချင်ယုက လှေကားမှ ဆင်းသွားတော့မည်အချိန်တွင် ရပ်လိုက်သည်။ သူက ပြန်လှည့်ပြီး မုန့်ချီကို သူ့ဓားနှင့် ဝှေ့ယမ်းပြလိုက်၏။

"ဒီဓားကို အချိန်ဓားလို့ခေါ်တယ်..။ ငါအသက် (၁၈) နှစ်တုန်းက တောင်ထဲမှာ ဖွက်ထားတဲ့ ရှေးဟောင်းတွင်းထွက်တွေနဲ့ ကလေးမွေးညင်းနုတွေကို သုံးပြီး ထုလုပ်ထားခဲ့တာ... ။ သူတို့က ထူးဆန်းတဲ့ပစ္စည်းတွေတော့မဟုတ်ဘူး... ။ ဒါကြောင့် ငါက အချိန်ကို ကိုယ်စားပြုတဲ့ အဓိပ္ပါယ်မျိုး ပေးထားခဲ့တာ..။ ဒီဓားကို သွန်းလုပ်ဖို့အတွက် (၄၉) ရက် အချိန်ယူခဲ့ရတယ်..။ ငါက ဒီဓားနဲ့ သူရဲကောင်းတွေအားလုံးကို တိုက်ခိုက်ချင်တယ်... "

မုန့်ချီက သူ့ဓားကို ပုတ်လိုက်ပြီး တစ်ယောက်တည်း ရေရွတ်လိုက်သည်။

"ဒီဓားကိုတော့ ကောင်းကင်အမာရွတ်လို့ခေါ်တယ်။ ဒီဓားက ကောင်းကင်ကြီးကို အုပ်စိုးနိုင်ပြီး ငါ့ရဲ့အငွေ့အသက်တွေကို ချန်ထားနိုင်တယ်... "

သူက ကောင်းကင်ပြစ်ဒဏ်ဓားဟူသော နာမည်ကို မသုံးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သံသရာခရီးသွားများက တစ်စုံတစ်ခု သတိထားမိသွားမှာကို ကြောက်လန့်နေခြင်းကြောင့် ဖြစ်သည်။ မည်သို့ဖြစ်စေကာမူ သူက သံသရာကမ္ဘာကြီးထဲမှ ထိုဓားကို ရရှိခဲ့ခြင်း ဖြစ်သည်။

ပင်မကမ္ဘာကြီးထဲတွင် မည်သူကမျှ ထိုအကြောင်းကို မကြားခဲ့ဖူးချေ။ ကမ္ဘာကြီးက အလွန်ကျယ်လွန်းလှသည့်အတွက် အမည်မသိ အဖိုးတန်လက်နက်များ ရှိနေသည်ဟု ဆင်ခြေပေး၍ ရသော်လည်း သူကတော့ ဂရုစိုက်ရန် လိုအပ်သည်။ သူက မိန်းကလေးစုနှင့် သူမ၏ဝေ့ကျင်းအဆင့်သိုင်းကျမ်းကဲ့သို့ အလေးမဲ့ လုပ်ဆောင်နေ၍ မရချေ။

ချင်ယုက အံ့ဩသွားခဲ့၏။ သိပ်မကြာခင် သူက အပြုံးနှင့်ပြောလိုက်သည်။

"ကောင်းကင်ဘုံက အိုမင်းလာပေမယ့် ခုထိတော့ ထိခိုက်မှု မရှိသေးဘူး... "

ရှေးအချိန်တုန်းက ကောင်းကင်ဘုံကို ကောင်းကင်ဧကရာဇ်ဟု နာမည်ပေးကြသည်။ မုန့်ချီ၏ ဓားနာမည်က ထိုအရာကို အဓိက မီးမောင်းထိုးပြနေခြင်း ဖြစ်၏။

သူက ပြန်လှည့်လိုက်ပြီး လှေကားမှ ဆင်းလာခဲ့သည်။ သူက တာအိုသခင် တစ်ယောက်၏ အရည်အသွေးကိုလည်း ပြည့်ပြည့်ဝဝ ပြသနေခဲ့သည်။

မုန့်ချီက ပျောက်ကွယ်သွားသော ချင်ယုကိုကြည့်ပြီး နှုတ်ခမ်းများက လှုပ်ရှားနေခဲ့၏။ သူကတော့ သူလိုချင်သော ပုံစံရှိနေသည့် လူတိုင်းကို မုန်းတီးသည်။ ပို၍ဆိုးသည်မှာ ချင်ယုက သူ့ရှေ့တွင်ပင် ထိုကဲ့သို့ ပြသခြင်း ဖြစ်သည်။

ချင်ယုက ဓားနာမည်ကို ပြန်လှည့်ပြီး မိတ်ဆက်ပေးလိုက်သည့်အချိန်တွင် သူ့ဓားကို စိုက်ကြည့်ရန် မျှော်လင့်နေခဲ့ခြင်း ဖြစ်၏။ ချင်ယုက ဘာကြောင့် ထိုသို့ ဟန်ဆောင်နေရသနည်း။ သူက သူတို့၏တိုက်ပွဲအတွက် တစ်စုံတစ်ခု ရည်ရွယ်နေခြင်းပေလော။

မုန့်ချီကတော့ ထိုကဲ့သို့ စိတ်ပိုင်းဆိုင်ရာ လှည့်ကွက်များကို မသိသေးသော လူတစ်ယောက် မဟုတ်ချေ။ မုန့်ချီက သူ့ကို ပြန်၍ စကားပြောခဲ့ပြီး ကောင်းကင်ကြီးကို အုပ်စိုးမည့်အကြောင်း ပြောခဲ့သည်။ ထို့ကြောင့် သူက ချင်ယု၏နှောင့်ယှက်မှုကို မခံရဘဲ တိုက်ပွဲအတွင်း မဆင်မခြင်လုပ်ရပ်မျိုး လုပ်မိလိမ့်မည် မဟုတ်ချေ။

မုန့်ချီက ချင်ယု၏ စွမ်းအားနှင့် အကျင့်စရိုက်အကြောင်း အနည်းငယ်လေးသာ သိထားသည့်အတွက် သူ့ဆီတွင် မည်သည့်လှည့်ကွက်များ ရှိနေကြောင်း သေချာ မသိချေ။ သူက သက်ပြင်းချရုံသာ တတ်နိုင်တော့၏။

သိုင်းလောက က အလွန်အန္တရာယ်များသော နေရာတစ်ခုဖြစ်သည်။ အကယ်၍ သူသာ စိတ်ပျံ့သွားမည်ဆိုလျှင် တိုက်ပွဲထဲ၌ ရှုံးနိမ့်သွားနိုင်သည်။ သို့သော် ထိုအတွက်ကြောင့် ချင်ယုက လူဆိုးတစ်ယောက်ဟု သူက မတွေးမိခဲ့ပေ။

တိုက်ပွဲထဲတွင် တိုက်ခိုက်ခြင်းကတော့ အလွန်ရှုပ်ထွေးသော အရာတစ်ခုဖြစ်သည်။ ထိုကဲ့သို့ တိုက်ပွဲဝင် စိတ်ဓာတ်မျိုး၏ အကျိုးသက်ရောက်မှုက ခဏလေးသာ ခံနိုင်ရည်ရှိသည်။

သူတို့တိုက်ခိုက်မည့် အခွင့်အရေးက မကြာခင် ပေါ်လာမည်ဟု ချင်ယုက ပြောနေသည့်အတွက် ယခုအချိန်တွင် သူ့ကို တိုက်ခိုက်ရန် သွားပြောခြင်းက မယဉ်ကျေးရာကျနိုင်သည်။ ပြောရမည်ဆိုလျှင် သူတို့၏တိုက်ပွဲက စတင်နေပြီဟု ဆိုနိုင်၏။

မုန့်ချီက တစ်စုံတစ်ခုကို နောက်တစ်ကြိမ် နားလည်လာသည့်အလား သက်ပြင်းချလိုက်မိသည်။ သူက ထိုင်ခုံတစ်ခုကို ယူပြီး ထိုင်လိုက်၏။

ပဉ္စမအလွှာတွင် အခန်းများ ခွဲခြားထားခြင်းမရှိဘဲ ခန်းမကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ ဤနေရာတွင် စားပွဲပေါင်းများစွာ ရှိနေသော်လည်း ဧည့်သည်က တစ်ယောက်တည်းသာ ရှိသည်။ သူကတော့ မြို့ထဲမှ စီးထွက်လာသော မြစ်ကြီးကို လှမ်းကြည့်နေမိသည်။ မြစ်ကြီးက အဆုံးအစမရှိ စီးဆင်းနေခဲ့သည်မှာ အလွန်ကြီးကျယ်ခမ်းနားလှသည်။

"ငါက သတ်ဖြတ်ရေးဓားနှင့် အင်ပါယာဓား (၅) သွယ်တို့ရဲ့ တိုက်ပွဲကို ကြည့်ချင်နေတာ... "

မြက်ဦးထုပ်ဆောင်းထားပြီး အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်က မုန့်ချီဘေးသို့ ရောက်လာခဲ့သည်။

သူ၏မျက်ခုံးနှင့် မုတ်ဆိတ်များကလည်း ဖြူနေ၏။ သူက အပြုံးနှင့် ရှိနေပြီး လက်ထဲတွင် ခရမ်းရောင်ရေနွေးအိုးလေးတစ်လုံးကို ကိုင်ထားသည်။ ထိုရေနွေးအိုးထဲမှနေ၍ အလွန်မွှေးပျံ့သော ရနံ့များ ထွက်ပေါ်လာနေ၏။

မုန့်ချီက ပြန်လှည့်မကြည့်ဘဲ အပြုံးနှင့်ပြောလိုက်သည်။

"သူရဲကောင်းကျောင်းဆောင်ရဲ့ စည်းမျဉ်းတွေက ဒီလိုအခွင့်အရေးမျိုးကို ဖန်တီးပေးထားတာ မဟုတ်လား..။ ကျောင်းဆောင်သခင်က ဒီလိုအံ့ဩစရာကောင်းတဲ့ တိုက်ပွဲတွေ အများကြီးမြင်ခဲ့ဖူးတယ်ဆိုတာ ကျွန်တော်သိပါတယ်... "

ယပ်တောင် (၆) လက်ကျောင်း၏ လျှို့ဝှက်မှတ်တမ်းများအရ သူ့အနားသို့ တိတ်တဆိတ် ချဉ်းကပ်လာသော အဘိုးအိုက သူရဲကောင်းကျောင်းဆောင်၏ ကျောင်းဆောင်သခင် ရန်ပင်ရှန့် ဖြစ်သည်။ သူ့ကို လူထူးလူဆန်း အဘိုးအိုဟုလည်း လူသိများ၏။

သူ့အစွမ်းက အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ မှတ်တမ်းများထဲတွင်တော့ သူ့ကို ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ဟု သံသယရှိနေကြ၏။

"လူတစ်ယောက်က အသက်ကြီးလာတဲ့အချိန်မှာ စိတ်ဝင်စားစရာ ကောင်းတဲ့ အရာတွေကို ရှာဖွေရမယ်လေ..။ လူငယ်လေးတွေ တစ်ယောက်နဲ့တစ်ယောက် တက်တက်ကြွကြွ တိုက်ခိုက်နေတာကို မြင်လိုက်ရတဲ့အချိန်မှာ ငါလည်း အသက်ငယ်သွားသလို ခံစားရတယ်... "

ရန်ပင်ရှန့်က သူ၏စကားကို ငြင်းဆန်နေခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

"အခုမြောင်လင်က အန္တရာယ်တွေ ပြည့်နေတဲ့ နေရာတစ်ခုပဲ ။ ဒီတော့ ဒီလိုတိုက်ပွဲတွေက ရှားမှာ မဟုတ်ပါဘူး. ။ အဆုံးမဲ့ဓား၊ မိုင်တစ်ရာထိတ်လန့်ခြင်း ၊ ကြာပန်းသခင် ၊ မြေခွေးဘုရင် တိုင်ရှန်တို့က ဒီနေရာကို ရောက်နေတယ်လို့ ငါကြားထားတယ်... ။ နှစ်ဝက်လောက် တုန်းဟိုင်ဓားဂိုဏ်းကနေ ထွက်မလာတဲ့ ကိုယ်ပျောက်ဓားတောင် ရောက်လာတယ်... "

မုန့်ချီက ပင့်သက်ရှိုက်လိုက်မိသည်။ ထိုအဘိုးအိုက သတင်းများကို တိတိကျကျ သိနေ၏။ သူ၏သတင်းက ယပ်တောင် (၆) လက်ကျောင်းထက်ပင် ပို၍ မြန်ဆန်နေသေးသည်။ အဘိုးအိုက သူ့ကို ထိုအရာများ ပြောပြသည်မှာ မည်သည့်ရည်ရွယ်ချက် ရှိနေသနည်း။

ကြည့်ရသည်မှာ မြောင်လင်က မုန့်ချီထင်ထားသည်ထက် ပို၍ အန္တရာယ်များနေပုံရသည်။ ဤပဋိပက္ခထဲတွင် ချိုးဖေးနှင့် တုန်းရန်စံအိမ်တို့က မည်သည့်အခန်းကဏ္ဍတွင် ပါဝင်နေသနည်း။

"ဘာကြောင့် လောကတစ်ခွင်လုံးမှာရှိတဲ့ သူရဲကောင်းတွေက မြောင်လင်မှာ စုစည်းနေရတာလဲ... "

မုန့်ချီက ရေနွေးသောက်နေရင်း ရန်ပင်ရှန့်ကို လှည့်မကြည့်ဘဲ ပြန်မေးလိုက်သည်။

ရန်ပင်ရှန့်က ပြုံးလိုက်၏။

"မင်းက ဒီနေရာကို ရောက်နေမှတော့ အကြောင်းပြချက်ကို မသိသေးဘူးလား... ။ ဒါဆိုရင်ဘာလို့ ငါ့ကို မေးခွန်းပြန်မေးနေရသေးတာလဲ... "

ရန်ပင်ရှန့်က မပြောချင်ကြောင်း မြင်သည့်အခါ သူ့လည်း အတင်းအကျပ် သွားမေး၍ မရနိုင်ပေ။ မုန့်ချီက စားစရာတချို့ မှာကြားလိုက်၏။ ရေနွေးသောက်လိုက်ပြီးနောက် ရန်ပင်ရှန့်လည်း ထွက်သွားခဲ့သည်။

…………….

"သတ်ဖြတ်ရေးဓားစုမုန့်က မြောင်လင်မှာ ပေါ်လာပြီး သူရဲကောင်းကျောင်းဆောင်က အစောင့်တွေကို သိုင်းကွက် (၁၂) ကွက်အတွင်း အနိုင်ရခဲ့တယ်... ။ ပြီးတော့ ပဉ္စမအလွှာကို တက်သွားနိုင်ခဲ့တယ်... "

ထိုသတင်းက မြောင်လင်နှင့် အနီးအနား ပတ်ဝန်းကျင်မြို့များသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

တစ်ဖက်တွင်တော့ သူက ချိုးဖေးကို လျှို့ဝှက်စုံစမ်းရန်အတွက် ခြံဝန်းတစ်ခု ငှားထားခဲ့သည်။ ရက်ပေါင်းများစွာ ကြာခဲ့ပြီးနောက် ချိုးဖေးက ခန်းမထဲမှ ထွက်သွားပြီး လောကနံပါတ်(၁) လောင်းကစားဝိုင်းဆီသို့ ထွက်သွားကြောင်း ကြားလိုက်ရ၏။

ထို့သေူလည်း အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကိုသုံးပြီး သူ့အရပ်ကိုပု၍ ကြွက်သားများကို ပြုပြင်လိုက်သည်။ သူ၏ရုပ်ရည်ကို ပစ္စည်းများနှင့် ပြောင်းလဲလိုက်ပြီးနောက် သူ့ပုံစံက သတ်ဖြတ်ရေးဓားစုမုန့်နှင့် လုံးဝကို ကွဲပြားသွားခဲ့၏။

သူက ဆုံးရှုံးသွားသော ငွေများကို ပြန်ရရန် ကြိုးစားနေသည့် လောင်းကစားသမား တစ်ယောက်ပုံစံ ဟန်ဆောင်ပြီး ချိုးဖေး၏နောက်မှ လိုက်လာခဲ့သည်။ သူကတော့ မှုခင်းကို ဖြေရှင်းရန် တာဝန်ရှိသည်ဟု ခံစားရခြင်းမရှိဘဲ လျှို့ဝှက်ဆန်းကြယ်မှုများကို ဖော်ထုတ်ရန်သာ အလေးထားနေသည်။ သူက ထိုအခွင့်အရေးကို အရယူပြီး သူ့ကိုယ်သူမြှင့်တင်ရန် ကြိုးစားချင်နေ၏။

သေမင်းတမန်တာဝန် ပြီးဆုံးခဲ့သည့် အချိန်ကတည်းကစပြီး သူက ပို၍ တက်တက်ကြွကြွ ဖြစ်လာသည်။ အကယ်၍ သူကသာ သူ့ထက်ပို၍ အားနည်းသော ပြိုင်ဘက်များကို ရှာဖွေပြီး တိုက်ခိုက်နေမည်ဆိုလျှင် မည်သည့်အရာမျှ ရလိမ့်မည် မဟုတ်ချေ။ သူ၏တိုးတက်မှုကိုပင် ဖျက်ဆီးပစ်နိုင်၏။

သူက ခါးသီးသော လေ့ကျင့်မှုများကို လုပ်ဆောင်မှသာ တစ်လှမ်းချင်း တက်လှမ်းလာနိုင်ပါလိမ့်မည်။ အနာဂတ် သံသရာတာဝန်များကလည်း သူ့အတွက် သေချာပေါက် လွယ်ကူသွားနိုင်၏။

ယခုတစ်ကြိမ်တော့ အလွန်ကြီးကျယ်ပြီး ရှားပါးသော စိန်ခေါ်မှုများစွာ ရှိနေသည်။ တုန်းရန်စံအိမ်နှင့် ဤအမှု၏ ပတ်ပတ်လည်တွင် ရှိနေသော လျှို့ဝှက်ဆန်းကြယ်မှုများ ၊ သူ့ထက် ပို၍ အစွမ်းထက်သော မှတ်တမ်းထဲမှ လူငယ်ပညာရှင်များနှင့် ရရှိနိုင်သော အကျိုးအမြတ်များ စသည်တို့ဖြစ်သည်။

သူက သူ၏စွမ်းရည်များကို တိုးတက်အောင် လုပ်နိုင်သလို မှတ်တမ်းထဲရှိ သခင်လေးများနှင့် တိုက်ခိုက်လျှင် အတွေ့အကြုံများ ရနိုင်သည်။ ထို့ကြောင့် သူက အခက်အခဲများကို မည်သို့ နောက်ဆုတ်နိုင်မည်နည်း။ အကယ်၍ သူကသာ သူ့အသက် သူကာကွယ်နိုင်သော ယုံကြည်ချက် ရှိမည်ဆိုလျှင် တိုက်ခိုက်ပါလိမ့်မည်။

သို့သော် မှတ်တမ်းထဲရှိ သခင်လေးများကို တိုက်ခိုက်ခြင်းနှင့်ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်ဖြစ်သော ချိုးဖေး၏နောက်သို့ နောက်ယောင်ခံလိုက်ခြင်းက သူ့အသက်ကို ကာကွယ်ရန် သေချာနေသည်။

လောကနံပါတ်(၁) လောင်းကစားရုံက လမ်းလေးခွတွင် တည်ရှိသည်။ ထိုလောင်းကစားရုံက လမ်းတိုင်းတွင် တံခါးတစ်ချပ်ဆီရှိနေပြီး စည်ကားမှုကို ဖော်ပြနေ၏။

ချိုးဖေး၏နောက်မှနေ၍ လောင်းကစားရုံထဲသို့ ရောက်လာပြီးနောက် အတွင်းထဲတွင် စည်ကားမှုကြောင့် မုန့်ချီက အလွန်အံ့သြသွားခဲ့သည်။ သူကတော့ (၆) ၊ ကျား ၊ လူသားကဒ် ၊ ဟူသော စကားလုံးများကို ကြားနေပြီး ပျော်ရွှင်ဝမ်းသာနေသည့် အသံများကိုလည်း ကြားနေရသည်။

လောင်းကစားရုံဟူသည်မှာ အရာအားလုံးကို ရရှိနိုင်သော နေရာတစ်ခု ဖြစ်သည်။ သူ၏အကြားအာရုံနှင့် အံစာတုံးပေါ်တွင် ရှိနေသော နံပါတ်များကိုပင် ပြောနိုင်၏။ ထိုကြောင့် သူက ချိုးဖေး၏နောက်သို့ တိတ်တဆိတ် လိုက်နေရင်း သူ၏ငွေကြေးများ သုံး၍ ဝင်လောင်းနေခဲ့သည်။

ချိုးဖေးကတော့ ဆူညံသံများကို မုန်းတီးသည့်အတွက် အထူးအခန်းတစ်ခုဆီသို့ ဦးတည်ထွက်ခွာသွားခဲ့သည်။ မုန့်ချီက ရှေ့တွင် ရှိနေသော လူအုပ်ကြီးကို တွန်းဖယ်ပြီး နောက်မှ လိုက်သွားသော်လည်း ချိုးဖေး၏အနားသို့ ကပ်သွားရဲခြင်း မရှိချေ။

မည်သို့ဖြစ်စေကာမူ သူက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက် ဖြစ်၏။ အနောက်သို့ ခရီးသွားခြင်းထဲတွင် ရှိနေသော ဝေ့ကျင်းတစ်ဝက်အဆင့် မကောင်းဆိုးဝါးများကဲ့သို့ မဟုတ်ဘဲ ချိုးဖေးက ချီစွမ်းအင်နှင့် လှုပ်ရှားမှုများ ကျွမ်းကျင်သည့်အပြင် လက်နက်များလည်း ရှိနေသည်။ ထို့ပြင် သူက မျက်ခုံးကြားပင်မတံခါးကို ထိန်းချုပ်နိုင်သော ပညာရှင်တစ်ယောက်လည်း ဖြစ်၏။

ထိုအရာက ပြောင်းလဲမှုကျင့်စဉ်နှင့် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်သည်။ သို့သော် ဝေ့ကျင်းအဆင့် သိုင်းကွက်ဖြစ်သော လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်စီးခြင်းကျင့်စဉ်ထက်တော့ အနည်းငယ်ပို၍အားနည်း၏။

မုန့်ချီက ဆူညံသံများနှင့် လူအုပ်ကြီးကို အခွင့်ကောင်းယူ၍ ချိုးဖေး၏အနောက်မှ ကပ်လိုက်သွားသည့်အချိန်တွင် ရုတ်တရက် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားမိလိုက်သည်။ သူက ဓားထုတ်ရန် အလွန်နောက်ကျသွားသည့်အတွက် လက်ကိုဆန့်ပြီး တစ်စုံတစ်ခုကို လှမ်းဖမ်းလိုက်၏။

အပြာရောင် ဓားတစ်လက်က အောက်ဘက်မှရောက်လာပြီး မုန့်ချီ၏ ဆီးခုံတစ်ဝိုက်ကို ပစ်မှတ်ထားလိုက်သည်။ ထိုအရာက သိုင်းပညာ၏ အားနည်းချက်တစ်ခုဖြစ်ပြီး ကာကွယ်ရန် ခက်ခဲ၏။ မုန့်ချီ၏ လက် (၅) ချောင်းက ပန်းပွင့်တစ်ပွင့်ကဲ့သို့ဖြစ်လာပြီး ဓားကို ဖမ်းထားလိုက်သည်။ သူတို့၏ပတ်ပတ်လည်တွင်လည်း မွှေးရနံ့များ ပြည့်နှက်နေ၏။

အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကို တစ်နှစ်ကျော် လေ့လာခဲ့ပြီးနောက် တခြားသော သိုင်းပညာများအပြင် သူ၏လျင်မြန်သွက်လက်မှုကလည်း အတော်လေး တိုးတက်လာခဲ့သည်။ မုန့်ချီ၏ လက်ဖဝါးဆီမှ ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး ဓားကို ရှေ့ဆက်တိုးမလာစေရန် ကာကွယ်ထားလိုက်သည်။ ထိုအစား သူက ဓားကိုဖမ်းနိုင်ခဲ့၏။

ထိုအချိန်တွင် ဓားက ရုပ်ချည်းလှုပ်ရှားသွားခဲ့ပြီး သူ့လက်ထဲမှ လွတ်မြောက်သွားခဲ့သည်။ ထိုအချိန်တွင် သူက ကောင်းကင်ပြစ်ဒဏ်ဓားကို ကိုင်ပြီး ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။

လုပ်ကြံသူကတော့ လူအုပ်ကြီးထဲတွင် ပျောက်ကွယ်သွားပြီး ခြေရာလက်ရာပင် မကျန်ခဲ့ပေ။ မုန့်ချီက သူ၏ချီစွမ်းအင်များကို ဖြန့်ကျက်လိုက်သော်လည်း လူအုပ်ကြီးထဲတွင် တစ်စုံတစ်ယောက်ကိုမျှ မတွေ့ရပေ။ သာမန်လောင်းကစားသမားများသာ ရှိနေ၏။

"တော်တော်အစွမ်းထက်တဲ့ လုပ်ကြံသူပဲ …"

မုန့်ချီက သေချာသတိထားနေခဲ့သည်။ သူ ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင်တော့ ချိုးဖေးက ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရ၏။

Translated by Hein Htet

All Chapters