အခန်း (၂၇၆)
Vol. 19 Ch. 276
လောင်းကစားရုံက မီးရောင်လင်းထိန် တောက်ပနေသည့်အတွက် အနီရောင် အလင်းတန်းများအောက်တွင် ရေချိုးနေရသလို ထင်မှတ်နေရသည်။ လောင်းကစားခုံများတွင်လည်း အံစာလှိမ့်ခြင်း ၊ ခြောက်ကောင်ဂျင် ၊ လေးကောင်ဂျင်များ ကစားနေကြသည်။
တချို့ကတော့ စိတ်လှုပ်ရှားနေပြီး တချို့ကတော့ စိတ်ဓာတ်ကျနေကြ၏။ တချို့ကတော့ မူလတုန်းကကဲ့သို့ အခြေအနေ ဆိုးရွားနေကြသေးသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူ့ကို လုပ်ကြံသတ်ဖြတ်ခြင်းက အိပ်မက်တစ်ခုပမာ ဖြစ်နေသလို မုန့်ချီက ခံစားလိုက်ရသည်။
သို့သော် သူ သတိပြန်ဝင်လာသည့်အချိန်တွင် ထိုအရာနှင့်ပတ်သက်ပြီး မည်သည့် လက္ခဏာကိုမျှ မတွေ့ရသေးပေ။ သူကတော့ လောင်းကစားရုံထဲတွင်သာ ရှိနေသေး၏။
လုပ်ကြံသူက သူ၏အငွေ့အသက်များနှင့် သူ၏ သတ်ဖြတ်ချင်စိတ်ကို ဖုံးကွယ်ထားနိုင်သည်မှာ မုန့်ချီ တွေ့ခဲ့ဖူးသော လူတိုင်းထက် သာလွန်နေသည်။ မုန့်ချီကိုယ်တိုင် မလှုပ်ရှားရသေးခင် သူက သာမန်လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့၏။
"ချိုးဖေးက ငါ့ကို တွေ့သွားတာ ဖြစ်လိမ့်မယ်။ ဒါကြောင့် သူက ငါ့ကို လူများတဲ့ လောင်းကစားရုံထဲ မျှားခေါ်လာပြီး ငါ့ကို သတ်ဖို့အခွင့်အရေး ရှာခဲ့တာပဲ။ ဒါပေမဲ့ သူ့ရဲ့အစွမ်းက ဝေ့ကျင်းတစ်ဝက်အဆင့် ရှိနေပြီ။ ဒီတော့ သူက မြို့အပြင်ဘက် လူသူတိတ်ဆိတ်နေတဲ့ နေရာမျိုးမှာ ငါ့ကို သတ်ဖို့ပိုပြီး လွယ်နိုင်တယ်လေ။ ဒါမှမဟုတ် သူ့နောက်က လိုက်လာတဲ့ လူတွေကို ရှင်းဖို့အတွက် တစ်ယောက်ယောက်ကိုများ စေလွှတ်ထားတာလား … "
မုန့်ချီ၏ ခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာခဲ့သည်။
သူက ညာလက်ထဲတွင် ဓားကို ကိုင်ထားပြီး လူအုပ်ကြီးကို ဖြတ်၍ အထူးအခန်း၏ ဝင်ပေါက်ဆီသို့ လျှောက်သွားခဲ့၏။ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီး ကျင့်စဉ်ကြောင့် အခန်းတိုင်းတွင် သူတို့၏ကိုယ်ပိုင်ထူးခြားမှုများ ရှိနေကြောင်း မုန့်ချီက သိနေသည်။
ထိုနေရာများတွင် ဆူညံအော်ဟစ်နေသော အသံများ နည်းပါး၏။ ထို့ကြောင့်လည်း လူကြီးလူကောင်းများက လာရောက်ပျော်ပါးကြခြင်းဖြစ်သည်။ မုန့်ချီက ချိုးဖေးကို ခြေရာပျောက်သွားခဲ့၏။ သူက အထူးအခန်းတိုင်းကိုလည်း စစ်ဆေးကြည့်၍ မရနိုင်ပေ။ ထိုလုပ်ရပ်က အခန်းထဲတွင် ရှိနေသူများကို ဒေါသထွက်သွားစေနိုင်၏။
ထို့ကြောင့် သူလည်း ဝင်ပေါက်အနားတွင်သာ ပုန်းအောင်းနေခဲ့သည်။ ဖဲဝေသူ တစ်ယောက်ဖြစ်စေ ငွေကိုင်တစ်ယောက်ဖြစ်စေ အနားကို ရောက်လာသည်နှင့် သူက ပြောင်းလဲမှုကျင့်စဉ်နှင့် လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်တို့ကို အနည်းငယ် ရောစပ်ပြီး သူတို့ကို စစ်ဆေးမေးမြန်းခဲ့သည်။
"ငါက သူ့ကို လုံးဝ မတွေ့ဖူးဘူး…”
“သူက ငါ့ရဲ့ အထူးအခန်းထဲမှာ မရှိဘူး။ ဒီနေရာမှာ နောက်ထပ် လူသစ်ရောက်မလာဘူး…"
သူတို့၏ အဖြေများကြောင့် မုန့်ချီက ရှုပ်ထွေးနေခဲ့သည်။ ချိုးဖေးက အထူးအခန်း တစ်ခုထဲသို့ လျှောက်သွားကြောင်း သူ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရ၏။
"သူက ဘယ်နေရာကို ရောက်သွားတာလဲ … "
ပတ်ပတ်လည်တွင် လှည့်ပတ်ရှာဖွေနေပြီးနောက် မုန့်ချီက သူ့ကို ခြေရာပျောက်သွားကြောင်း သေချာသွားခဲ့၏။ ယခုတော့ လုပ်ကြံသူက ချိုးဖေးကို ကာကွယ်ရန် သို့မဟုတ် ချိုးဖေး၏ နောက်သို့ နောက်ယောင်ခံလိုက်ခြင်းကို ရှင်းလင်းရန် ရည်ရွယ်ထားခြင်းသာ ဖြစ်ကြောင်း မုန့်ချီက နားလည်သွားသည်။
"ဘာလို့ ဒီလိုအစွမ်းထက်တဲ့ လုပ်ကြံသူတစ်ယောက်ကို ရိုးရှင်းတဲ့ တာဝန်မျိုးပဲ ပေးရတာလဲ … "
မုန့်ချီက အံ့ဩနေခဲ့သည်။
ထို့နောက် သူလည်း လောကနံပါတ်(၁)လောင်းကစားရုံထဲမှ ထွက်လာပြီး သူငှားထားသော နေရာသို့ ပြန်လာခဲ့သည်။ ခေါင်းထဲတွင် လုပ်ကြံသတ်ဖြတ်မှုကို စဉ်းစားမိနေသည့်အတွက် သူလည်း သူ့ကိုယ်သူ ကာကွယ်သည့်အနေနှင့် တံခါးကို သတိထား၍ တွန်းဖွင့်လိုက်သည်။
တံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင် မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားခဲ့သည်။ ခြံဝန်း၏အလယ်တွင်တော့ ယခင်တုန်းက မရှိဖူးသော အရာတစ်ခု ရှိနေသည်။
ထိုအရာ အခေါင်းတစ်ခု ဖြစ်၏။ တိတိကျကျ ပြောရမည်ဆိုလျှင်တော့ အနက်ရောင် အခေါင်းတစ်ခုဖြစ်သည်။ ထိုအခေါင်းက လရောင်အောက်တွင် အတော်လေးကို ကြောက်စရာကောင်းနေ၏။
"ဘယ်သူက ငါ့ဆီ ဒီအခေါင်း ပို့လိုက်ရတာလဲ … "
မုန့်ချီက အံ့ဩမှင်တက်သွားခဲ့သလို အလွန်ဒေါသထွက်သွားခဲ့သည်။
သူက ကောင်းကင်ပြစ်ဒဏ်ဓားကို ဆွဲထုတ်လိုက်ပြီး အခေါင်းဆီသို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့၏။ သူက သူ့ကိုယ်သူ မနည်းတည်ငြိမ်အောင် ကြိုးစားနေရသည်။ အခေါင်းနှင့် ပတ်ပတ်လည်က အသက်ကင်းမဲ့နေ၏။ မည်သည့်လှုပ်ရှားမှုမျှမရှိချေ။
"ကြည့်ရတာတော့ ချုံခို တိုက်ခိုက်မှုတွေ မရှိလောက်ဘူး … "
မုန့်ချီက ကောင်းကင်ပြစ်ဒဏ်ဓားနှင့် ခုတ်လိုက်ရာ အခေါင်းအဖုံးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ အခေါင်းထဲတွင်တော့ သစ်သားတံဆိပ်ငယ်လေး တစ်ခုကလွဲလျှင် မည်သည့်အရာမျှ မရှိချေ။
ထိုအရာက လူတစ်ယောက်၏ လက်ဖဝါး အရွယ်အစားခန့် ရှိ၏။ အပေါ်အဖုံးတွင်တော့ စာရွက်လေးတစ်ခု ကပ်ထားသည်။ ထိုစာရွက်ပေါ်တွင် စကားလုံးများ ရေးသားထား၏။
"သတ်ဖြတ်ရေးဓား စုမုန့် "
"တော်တော် ဉာဏ်နီဉာဏ်နက်များတာပဲ… "
မုန့်ချီကတော့ ကြောက်လန့်သွားခြင်း မရှိပေ။ သူက နှာခေါင်းရှုံ့ပြီး စဉ်းစားနေခဲ့၏။
"ဒါက တိုက်ပွဲကို စိန်ခေါ်တာလား ဒါမှမဟုတ် ငါ့ကို တုန်လှုပ်သွားအောင် လုပ်ချင်တာလား … "
ချင်ယုက ထိုကဲ့သို့ အလုပ်မျိုးကို လုပ်မည်မဟုတ်ကြောင်း သူက ယုံကြည်နေခဲ့သည်။ အကယ်၍ ချင်ယုကသာ ထိုကဲ့သို့ ရွံစရာကောင်းသော လုပ်ရပ်မျိုး လုပ်ဆောင်ကြောင်း လူတိုင်းက သိသွားမည်ဆိုလျှင် ရွှမ်တျန်းဂိုဏ်းက အရှက်ရသွားပါလိမ့်မည်။ ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူများက အရှက်မဲ့သော အရာများကို မလုပ်နိုင်ပေ။
"ဒါဆိုရင် ငါ့ကို ပစ်မှတ်ထားခံနေရတာလား ။ ဘယ်သူလဲ။ သူတို့က ဘယ်အဖွဲ့အစည်းကလဲ …။ သူတို့က ဘာလိုချင်တာလဲ … "
မုန့်ချီကတော့ ထိုမျှ အလွယ်တကူ အနိုင်ကျင့်၍ မရနိုင်သလို ငြိမ်ခံနေမည့် လူစားမျိုးလည်း မဟုတ်ချေ။ သူက ခြံဝန်းထဲတွင် သေချာစစ်ဆေးကြည့်လိုက်ပြီးနောက် အဖိုးတန်သည့်အရာတစ်ခုမျှ မတွေ့ရပေ။ ထို့ကြောင့် သူလည်း တံဆိပ်နှင့်စာရွက်ကို သိမ်းထားလိုက်သည်။
ထို့နောက် အိမ်နီးချင်း၏ တံခါးကို သွားခေါက်လိုက်၏။ ခဏကြာပြီးနောက် အိမ်နီးချင်းက သူ့ဆီသို့ လျှောက်လာခဲ့သည်။ ထိုလူက အိပ်ချင်နေပုံရပြီး သမ်းဝေနေခဲ့၏။ မျက်လုံးများကလည်း မှေးနေသည်။ သူက တံခါးဟ၍ ခေါင်းပြူထွက်လာပြီး အပြင်ဘက်တွင် ရောက်နေသည်မှာ ဓားပြ ဟုတ်မဟုတ် ကြည့်နေခဲ့၏။
"နှောင့်ယှက်ရတာ စိတ်မကောင်းပါဘူး။ မေးစရာလေး ရှိလို့ပါ … "
မုန့်ချီက တည့်တည့်သာ ပြောလိုက်၏။
သူက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်နှင့်ပြောင်းလဲထားသော အရာများကို ဖယ်ရှားလိုက်ပြီး သူ၏မျက်နှာကိုလည်း မူလအတိုင်း ပြန်ပြောင်းထားလိုက်သည်။ ပထမတွင်တော့ အဘိုးအိုက မှင်တက်သွားခဲ့ပြီး ထို့နောက် သူ့ကို တံခါးကို ဖွင့်ပေးလိုက်၏။
သူက စိတ်ဝင်တစား ပြန်မေးလိုက်သည်။
"သ … သခင်လေးစု ခြံဝန်းထဲမှာ ရှိတဲ့ အခေါင်းအကြောင်းကို မေးမလို့လား … "
"ဟုတ်တယ်…"
မုန့်ချီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။
အဘိုးအို၏ နှုတ်ခမ်းများက လှုပ်ရှားသွားခဲ့သည်။
"သခင်လေးစု ထွက်သွားတော့ လူတချို့က အခေါင်းကို လာပို့ခဲ့တယ်။ သခင်လေးက အိမ်မှာမရှိဘူးလေ။ ဒါကြောင့် သူတို့က သခင်ကြီးယဲ့ကို အကူအညီ တောင်းပြီး ထားသွားကြတာ။ သခင်လေးက အခေါင်းဝယ်ထားတယ်လို့ သူတို့က ပြောခဲ့ကြတယ်။ သခင်လေးက ထိပ်တန်းပညာရှင်တွေကို စိန်ခေါ်နေတယ်လို့ သခင်ကြီးယဲ့ကလည်း တွေးမိတဲ့အတွက် သူတို့ရဲ့ စကားကို ယုံပြီး ဝင်ထားခွင့်ပေးလိုက်တာ … "
သခင်ကြီးယဲ့ ဟူသည်မှာ မုန့်ချီ ငှားထားသော အိမ်ပိုင်ရှင်ဖြစ်သည်။
"သူတို့က ဘယ်သူတွေလဲ ဆိုတာ သိလား … "
မုန့်ချီက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
အိမ်နီးချင်းက ခေါင်းခါပြလိုက်သည်။
"သူတို့က လူစိမ်းတွေပဲ ။ သူတို့က အခေါင်းဆိုင်တစ်ခုက အလုပ်သမားတွေလို ဝတ်ဆင်ထားတယ်။ အနီးအနားက လူတွေ ဟုတ်မဟုတ်တော့ သေချာမသိဘူး… "
"အခေါင်းဆိုင် ။ ဒါဆိုရင် သူတို့ကို တစ်ယောက်ယောက်က အမိန့်ပေးထားတာပဲ ဖြစ်ရမယ်…"
မုန့်ချီက သူ့ကိုယ်သူ ယုံကြည်ချက်ရှိနေသည်။ သူသာ ဆိုင်ကို ရှာတွေ့မည်ဆိုလျှင် ဆိုင်ရှင်ဆီ၌ ဝယ်သူ၏ ပုံပန်းသဏ္ဌာန်ကို မေး၍ ရနိုင်သည်။
"သူတို့ရဲ့ ရုပ်ရည်နဲ့ပတ်သက်ပြီး တစ်ခုခုထူးခြားတာများ မှတ်မိလား … "
မုန့်ချီက ဆက်၍ မေးလိုက်၏။
အဘိုးအိုက ခဏကြာ စဉ်းစားနေပြီး ရုတ်တရက် ပြောလိုက်သည်။
"မှတ်မိပြီ။ အလုပ်သမားတစ်ယောက်ရဲ့ ပါးစပ်ထောင့်မှာ အနက်ရောင်မှဲ့ကြီး တစ်လုံးရှိတယ်။ အဲဒါက တော်တော်လေးကို ထင်ရှားတယ်…"
တခြားမေးခွန်းပေါင်းများစွာ မေးလိုက်ပြီးနောက် မုန့်ချီက ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
သူ ပြန်ထွက်လာပြီးနောက် သူက အစီအစဉ်တစ်ခု ရေးဆွဲနေခဲ့၏။
"မြောင်လင်မှာ ညမထွက်ရ အမိန့်မရှိဘူး။ ဒီတော့ အရက်သမားတွေ၊ လောင်းကစားသမားတွေနဲ့ အလုပ်သမားတွေက အမြဲတမ်း သွားလာနေကြမှာပဲ။ ဒီတော့ သူတို့ အခေါင်းသယ်လာတာကို မြင်တဲ့သူတွေ အများကြီး ရှိနိုင်တယ် "
မုန့်ချီက ချက်ချင်း စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။
သေချာအချိန်ယူ၍ စဉ်းစားကြည့်လိုက်ပြီးနောက် မုန့်ချီက အလုပ်သမားများကို ရှာဖွေ၍ မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။ သူတို့က ထိုလူများကို အရင်ဆုံး တွေ့လိုက်ရ၏။ သူက တခြားသော အလုပ်သမားများကို မေးမြန်းရင်း သူ့ကို အလွယ်တကူ တွေ့လိုက်ရသည်။
"ကျွန်တော်က အဲဒီ အခေါင်းကို သေချာမှတ်မိနေသေးတယ်။ ညကြီးအချိန်မတော် အခေါင်းတစ်ခုကို မြင်တဲ့အချိန် မကြောက်တဲ့သူ ရှိဦးမှာလား ..”
ထိုအလုပ်သမားက မြင်ကွင်းကို ပြန်လည်စဉ်းစားမိသည့်အချိန်တွင် အနည်းငယ် တုန်ယင်နေခဲ့သည်။
သူက ထိုနေရာနှင့် အဝေးတွင် ရှိနေသော်လည်း အတော်လေး ထိတ်လန့်နေခဲ့၏။ ထိုအရာက အလောင်းတစ်ခုကို သယ်ဆောင်ထားခြင်း ဖြစ်မည်ဟုပင် သူက တွေးထားခဲ့သည်။
မုန့်ချီကတော့ သဲလွန်စတစ်ခု တွေ့လိုက်ရသည့်အတွက် အလွန်ဝမ်းသာသွားခဲ့၏။
"သူတို့က ဘယ်နေရာကလူတွေလဲ ဆိုတာသိလား ဒါမှမဟုတ် သူတို့က ဘယ်ဆိုင်မှာ အလုပ်လုပ်တာလဲဆိုတာ သိလား … "
မုန့်ချီက ဝမ်းသာမှုကို ထိန်းချုပ်ပြီး မေးလိုက်သည်။
တခြားသောအလုပ်သမားတစ်ယောက်က ခဏကြာ စဉ်းစားပြီး မသေမချာ ပြောလိုက်သည်။
"သူတို့က မြောက်ဘက် လမ်းထဲကနေ ရောက်လာကြတာ။ အဲဒီမှာ အခေါင်းဆိုင် တစ်ခုရှိတယ်…"
မုန့်ချီက အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ နေရာတိတိကျကျကို စုံစမ်းလိုက်ပြီးနောက် သူလည်း အလျင်အမြန် ထွက်လာခဲ့၏။
လမ်းပေါ်တွင် လမ်းသွားလမ်းလာ အနည်းငယ်သာ ရှိသည်။ အခေါင်းဆိုင်ကတော့ ညအချိန်ဖြစ်သည့်အတွက် ပိတ်ထားခဲ့သည်။ မုန့်ချီက အချိန်မဖြုန်းချင်ခဲ့ပေ။ သူက နံရံပေါ်သို့ တက်သွားပြီး ခြံဝန်းထဲသို့ ခုန်ဝင်လိုက်၏။ သူက အလုပ်သမားများကို တစ်ယောက်ချင်း နှိပ်စက်ပြီး စုံစမ်း မေးမြန်းရန် စဉ်းစားထားခဲ့သည်။
ရုတ်တရက်ဆိုသလို သူ့နှာခေါင်းထဲသို့ သွေးရနံ့တစ်ခု ရောက်လာခဲ့၏။ သူက စိုးရိမ်ထိတ်လန့်နေသော်လည်း အနံ့ရသော ခြံအနောက်တံခါးဆီသို့ လျှောက်သွားခဲ့သည်။ တံခါးက တစ်ဝက်ခန့် ပိတ်နေ၏။
မုန့်ချီက တံခါးကို အနည်းငယ် တွန်းလိုက်ရာ တံခါးက နံရံနှင့်ကပ်သွားခဲ့သည်။ သူက ခြံဝန်းထဲသို့ သတိထား၍ ဝင်လာရာ အနက်ရောင်အခေါင်းပေါင်းများစွာကို မြင်လိုက်ရ၏။ ထိုအရာက အလွန်ထူးဆန်းပြီး ကြောက်စရာကောင်းသည်။
မုန့်ချီက ပင့်သက်ရှိုက်လိုက်မိသည်။ သူက အနံ့ရောက်လာသော နေရာကို သေချာစစ်ဆေးကြည့်ရန် ကြိုးစားနေသည်။ သူက အခေါင်းတစ်ခုအနားသို့ ချည်းကပ်သွားခဲ့၏။ ထို့နောက် ကောင်းကင်ပြစ်ဒဏ်ဓားနှင့် သွေးကြောဓားတို့ကို သုံးပြီး အခေါင်းကို ဖွင့်လိုက်သည်။
အဖုံးက မြေပေါ်သို့ ပြုတ်ကျသွားသည့်အချိန်တွင် အခေါင်းထဲရှိ မြင်ကွင်းကို မြင်လိုက်ရ၏။ အခေါင်းထဲတွင်တော့ မျက်လုံးပြူးပြီး သေဆုံးနေသော လူသေတစ်ယောက် ရှိသည်။ သူ၏ပါးစပ်ထောင့်တွင် အနက်ရောင်မှဲ့ကြီးတစ်ခု ရှိနေ၏။
"မျက်ခုံးတည့်တည့်ကို ဓားနဲ့ထိုးဖောက်ခံရပြီး သေဆုံးသွားတာလား။ သူက အသတ်ခံလိုက်ရတာပဲ…"
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
အခြေအနေတစ်ရပ်လုံးက အတော်လေးကို ရှုပ်ထွေးလာခဲ့၏။ သွေးရနံ့များအတိုင်း စစ်ဆေးကြည့်လိုက်ရာ မုန့်ချီက နောက်ထပ် အခေါင်းနှစ်ခုကို တွေ့လိုက်ရပြီး လူသေနှစ်ယောက်ကို တွေ့လိုက်ရသည်။ တစ်ယောက်က အလုပ်သမား ပုံစံဖြစ်ပြီး တစ်ယောက်ကတော့ ဆိုင်ရှင်ပုံစံဖြစ်သည်။ သူတို့နှစ်ယောက်စလုံး၏ မျက်ခုံးတည့်တည့်တွင် ဓားတစ်လက်နှင့် ထိုးဖောက်ခံထားရ၏။
"ဒီဒဏ်ရာက ကျဉ်းမြောင်းပေမဲ့ နက်ရှိုင်းတယ်။ လျင်မြန်ပြီး ကြောက်စရာကောင်းတဲ့ ဓားသိုင်းပညာအရ သူက တော်တော်အဆင့်မြင့်တဲ့ ဓားသမား တစ်ယောက်ဖြစ်နိုင်တယ်…"
မုန့်ချီက ဒဏ်ရာကိုကြည့်ပြီး သတ်ဖြတ်သူ၏ သိုင်းပညာကို စစ်ဆေးကြည့်နေခဲ့သည်။
သို့သော် မျက်ခုံးကြားထဲတွင်တော့ တခြားမည်သည့်အရာမျှ မရှိခဲ့ပေ။ သူက စားပွဲခုံကို လှည့်ကြည့်လိုက်ရာ ပြာဖြစ်သွားသော စာရင်းစာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။ ထိုနေရာတွင် မည်သည့်မှတ်တမ်းမျှ မကျန်တော့ပေ။
"ငါက သဲလွန်စတွေ ဆုံးရှုံးသွားပြီလား … "
မုန့်ချီက အံကြိတ်လိုက်ပြီး ဆောင့်ကြောင့်ထိုင်၍ ခန္ဓာကိုယ်များကို စစ်ဆေးကြည့်လိုက်သည်။ ထိုအရာက နောက်ဆုံးကြိုးစားမှုလည်းဖြစ်၏။
"ဟမ် … "
မုန့်ချီက မူမမှန်သည့်အရာတစ်ခုကို တွေ့လိုက်ရသည်။ အလုပ်သမားနှစ်ယောက်၏ ပါးစပ်များက ပွင့်နေပြီး ဆိုင်ရှင်၏ပါးစပ်ကတော့ ပိတ်နေသည်။ သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေ၏။
မုန့်ချီက ဆိုင်ရှင်၏ ပါးစပ်ကို အနည်းငယ် ဟလိုက်ရာ အတွင်းထဲတွင် စာရွက်အလုံးလေးတစ်ခုကို တွေ့လိုက်ရသည်။ စာရွက်အလုံးလေးက တံတွေးများ စိုရွှဲနေ၏။
မုန့်ချီက ထိုစာရွက်လေးကို ဖွင့်ကြည့်လိုက်ရာ ထိုအရာက မီးရှို့ထားသော စာရင်းစာအုပ်မှ စာရွက်တစ်ခုဖြစ်နေခဲ့သည်။ ကြည့်ရသည်မှာ ဆိုင်ရှင်က ငွေစများကို မှတ်တမ်းတင်ထားသည့်အချိန်တွင် အမှားလုပ်မိထားပုံ ရ၏။ သူက ထိုအရာကို ပြန်ပြင်ရန် ပျင်းရိနေသည့်အတွက် စာရွက်ကို စုတ်ဖြဲပြီး အလုံးပုံစံဖန်တီး၍ အောက်ပစ်ထားပုံရ၏။ ထို့နောက် အခြေအနေ အကြောင်းတစ်ခုခုကြောင့် ပါးစပ်ထဲတွင် မြိုချလိုက်ခြင်း ဖြစ်နိုင်သည်။
မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း မုန့်ချီက အကြမ်းဖျင်း ခန့်မှန်းမိခဲ့၏။ အလုပ်သမား တစ်ယောက်က အသတ်ခံလိုက်ရပြီး တခြားတစ်ယောက်က ထွက်ပြေး၍ အကူအညီတောင်းရန် ကြိုးစားနေသည်။
လူသတ်သမားက အလွန်အစွမ်းထက်သည့်အတွက် ဆိုင်ရှင်က ထွက်မပြေးနိုင်ကြောင်း နားလည်သွားခဲ့၏။ သူက ကြောက်လန့်သွားသည့်အတွက် မြေပေါ်သို့ လဲကျသွားချိန်တွင် အသတ်ခံလိုက်ရခြင်းဖြစ်သည်။ စာရွက်အလုံးလေးကို မြင်လိုက်ရသည့်အချိန်တွင် သူ့ပါးစပ်ထဲသို့ ပစ်ထည့်ပြီး ပိတ်ထားပုံရ၏။
စာရွက်ထဲတွင် ရှိနေသော မှတ်တမ်းက အတော်လေး မှေးမှိန်နေသည်။ မုန့်ချီက ထိုစာရွက်ထဲတွင် စကားလုံး အနည်းငယ်ကို ဝိုးတဝါးမြင်လိုက်ရ၏။
"ပန်းကြည့်ဥယျာဉ် ကျန်းတပို - နန်းမူအခေါင်းတစ်ခုကို မှာကြားပြီး ပို့ခိုင်းခဲ့တယ်…"
"ပန်းကြည့်မျှော်စင် ၊ ကျန်းတပို …."
မုန့်ချီက ရေရွတ်လိုက်မိသည်။ သူက စာရွက်လုံးကို ပြန်ယူလိုက်ပြီး သူ့ကြောင့်ကျန်နေခဲ့သည့် ခြေရာလက်ရာများကို ရှင်းလိုက်၏။ ထို့နောက် ဆိုင်ထဲမှ ထွက်လာပြီး ပန်းကြည့်ဥယျာဉ်ဆီသို့ ထွက်လာခဲ့သည်။
ထိုအရာက မြောင်လင်တွင် အတော်လေး နာမည်ကျော်ကြားသည့် တည်းခိုဆောင်တစ်ခု ဖြစ်သည်။ သိပ်မကြာခင် မုန့်ချီက ပန်းကြည့်ဥယျာဉ်ထဲသို့ ခိုးဝင်လာနိုင်ခဲ့၏။
သူက အလုပ်သမားတစ်ယောက်ကို စစ်ဆေးကြည့်လိုက်ရာ ကျန်းတပိုက လေပြေလေညင်းစံအိမ်ထဲတွင် တစ်ယောက်တည်း နေထိုင်ကြောင်းသိလိုက်ရသည်။ သိုင်းပညာရှင်များစွာက သူ့ဆီကို မကြာခဏ လာရောက်လည်ပတ်နေကြ၏။
မုန့်ချီကတော့ သူ၏ ထိပ်သီးသိုင်းပညာများကြောင့် သူ့ကိုယ်သူ ယုံကြည်ချက် ရှိနေသည်။ သူက လေပြေလေညင်းစံအိမ်ထဲသို့ အေးအေးဆေးဆေး ဝင်သွားခဲ့၏။ သူက အခန်းဆီသို့ ရောက်လာသည့်အချိန်တွင် အခန်းထဲမှနေ၍ အသက်ရှူသံကင်းမဲ့နေကြောင်း ခံစားမိခဲ့၏။ ကျန်တပိုက ထွက်ပြေးသွားခဲ့ပြီလား။
မုန့်ချီက ပြတင်းပေါက်ကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ပြီး အခန်းထဲသို့ ခုန်ဝင်သွားခဲ့သည်။ သူ အခန်းထဲသို့ မရောက်သေးခင် အတွင်းထဲရှိ မြင်ကွင်းကို မြင်လိုက်ရ၏။
လူငယ်တစ်ယောက်က ကြမ်းပြင်ပေါ်တွင် ရှိနေသော အိပ်ရာပေါ်၌ လဲနေပြီး သူ၏ မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နှက်နေသည်။ သူ၏ ရင်ဘတ်နှင့်ဗိုက်တွင်လည်း ဓားဒဏ်ရာကြီး တစ်ခုရှိနေ၏။ သူက အကြောက်တရားများကို ခံစားခဲ့ရကြောင်း သူ၏မျက်လုံးများက သက်သေပြနေ၏။
သူ့ဆီတွင် ထင်ရှားသော အမှတ်အသားအဖြစ် အလွန်ကြီးမားသော မျက်ခုံးကြီး တစ်ခုရှိနေသည်။ သူက ကျန်းတပိုနှင့် တစ်ထပ်တည်း ဖြစ်၏။
"သူတောင် အသတ်ခံလိုက်ရတာလား… "
မုန့်ချီက တစ်စုံတစ်ခု လွဲမှားနေကြောင်းခံစားမိခဲ့သည်။ ဒဏ်ရာက မည်းတူးနေပြီး လျှပ်စီးကြောင်းနှင့် တိုက်ခိုက်ခံရသလို ဖြစ်နေ၏။ ထိုနေရာမှနေ၍ သွေးများ ပျောက်ကွယ်သွားပြီး ရနံ့များ ထွက်ပေါ်လာနေသည်။ ထို့ကြောင့်လည်း မုန့်ချီက ထိုအရာကို မခံစားမိခဲ့ခြင်းဖြစ်၏။
“ကြည့်ရတာတော့ ဒဏ်ရာက ငါ့ကြောင့်ရတဲ့ ဒဏ်ရာလိုမျိုးပဲ…”
မုန့်ချီက တစ်ကိုယ်လုံး တင်းကြပ်သွားခဲ့၏။ သူက ပြတင်းပေါက်မှ ခုန်ထွက်လိုက်ပြီး အရင်ဆုံး ထွက်သွားရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် အပြင်ဘက်မှနေ၍ ကျောက်တုံးတစ်တုံး ပျံသန်းလာပြီး သူ့ကို တိုက်ခိုက်လိုက်သည်။
"ဝှစ်… "
အသံက ကျယ်လောင်ခြင်း မရှိသော်လည်း ညအချိန်တွင် ပဲ့တင်ထပ်သွား၏။ မုန့်ချီက သူ၏ အတွင်းအား ၊ ချီစွမ်းအင်နှင့် စိတ်ဝိညာဉ်စွမ်းအားများကို အမြင့်ဆုံး အသုံးပြုလိုက်သည်။ သူက ဓားကို ဝှေ့ယမ်းပြီး တိုက်ခိုက်သူကို ခုခံရန် ကြိုးစားလိုက်၏။
ထိုအချိန်တွင် လူတစ်ယောက် ခုန်ဝင်လာခဲ့သည်။ မုန့်ချီကို မြင်သည့်အချိန်တွင် သူက လမ်းပိတ်ထားခဲ့၏။ ထိုအရာကတော့ မည်းနက်နေသော အသားအရည်နှင့် မျက်ခုံးထူထူ ရှိနေသော လူငယ်လေး တစ်ယောက်ဖြစ်သည်။
သူ့ပုံစံက လယ်သမားတစ်ယောက်နှင့် တူညီနေပြီး သူ၏ လှုပ်ရှားမှုများက သဘာဝတရားကြီးနှင့် တသားတည်း ဖြစ်နေ၏။ လူငယ်၏ မျက်လုံးများက တောက်ပနေသည်။
အိပ်ရာဘေးတွင် လဲနေသော လူသေအလောင်းကို မြင်လိုက်ရသည့်အချိန်တွင် သူက အလွန်ဒေါသထွက်သွားပြီး ရင်ထဲတွင် မုန်းတီးမှုများ ပြည့်နှက်လာလေသည်။
Translated by Hein Htet