အခန်း (၂၇၇)
Vol. 19 Ch. 277
လယ်သမားပုံစံလူငယ်က ပထမတွင် ထိတ်လန့်သွားပြီး ထို့နောက် ဒေါသတကြီး နာကျင်စွာ အော်ဟစ်လိုက်သည်။
"ညီလေးး…."
သူက မုန့်ချီ ထွက်ပြေးမည့်လမ်းကြောင်းကို ပိတ်ဆို့ထားပြီး သူ၏အရှိန်အဝါကလည်း ပတ်ဝန်းကျင်နှင့် တသားတည်း ဖြစ်နေသည်။ ထို့ကြောင့် မုန့်ချီက အတင်းအကြပ် ဖောက်ထွက်ခြင်း မရှိသ၍ ထွက်ပြေးရန် လုံးဝမဖြစ်နိုင်တော့ပေ။
နာကျင်နေရသော ထိုလူငယ်ကို မြင်လိုက်ရသည့်အချိန်တွင် မုန့်ချီက သူ့အပေါ် သနားနေသလို ခံစားနေရပြီး ဓားနှင့် တိုက်ခိုက်ရန် တွေဝေနေခဲ့၏။ ထိုအချိန်တွင် သူက ထောင်ချောက်ထဲသို့ ကျရောက်သွားပြီဖြစ်ကြောင်း မုန့်ချီက သေချာနားလည်သွားသည်။
"အခေါင်းပို့လိုက်ပြီး သဲလွန်စကို လိုက်ဖို့ ဆွဲဆောင်တယ်။ အခေါင်းဆိုင်ပိုင်ရှင်နဲ့ အလုပ်သမားတွေကိုသတ်ပြီး သဲလွန်စတွေကို ဖုံးကွယ်ဖို့ စီစဉ်တယ်။ ပါးစပ်ထဲမှာရှိတဲ့ စာရွက်ကတော့ ကျန်းတပိုဆီ ဆွဲဆောင်ဖို့အတွက် ငါ့ကို ပစ်မှတ်ထားလိုက်တာပဲ။ ငါက ကျန်းတပိုဆီ ရောက်သွားတဲ့အချိန်မှာ လူသတ်သမားအဖြစ် သတ်မှတ်ခံရတာပဲ…"
အစီအစဉ်တစ်ခုလုံးက အချိတ်အဆက်မိနေပြီး သဲလွန်စများကလည်း ကျိုးကြောင်းသင့်တော်နေသည်။ သူက အမှားအယွင်း တစ်စုံတစ်ခုကိုပင် သတိမထားမိခဲ့သည်မှာ ကံဆိုးသွားခဲ့၏။ သူကိုယ်တိုင်လည်း အလျင်လိုနေခြင်းကြောင့် ဖြစ်နိုင်သည်။
"ဒါပေမဲ့ ငါက အလောင်းကို တွေ့တွေ့ချင်း ဒီနေ့ညပဲ စုံစမ်းစစ်ဆေးမယ်ဆိုတာကို သူတို့က ဘယ်လိုလုပ်ပြီး သိနေရတာလဲ။ မနက်ဖြန်ကျမှ ဆိုင်ရှင်နဲ့ အလုပ်သမားတွေရဲ့အလောင်းကို တွေ့သွားပြီး စာရွက်ကို ယပ်တောင်(၆)လက်ကျောင်းဆီ ပို့လိုက်မယ်ဆိုရင် ဘယ်သူကမှ ငါ့ကို စွပ်စွဲလို့ မရနိုင်တော့ဘူး…”
“သူတို့က ငါ့ရဲ့အကျင့်စရိုက်တွေနဲ့ လုပ်ထုံးလုပ်နည်းပုံစံတွေကို ကောင်းကောင်းကြီး ရင်းနှီးနေတာလား။ ဒါမှမဟုတ် အဲဒီအချိန်မှာ ပညာရှင်တစ်ချို့က ငါ့နောက်ကို လိုက်နေတာများလား။ ငါက အခေါင်းဆိုင်ထဲ သွားရှာမှာကို မြင်တဲ့အချိန် သူက သူတို့တွေကို အေးအေးဆေးဆေး သတ်သွားခဲ့တာလား။ ပြီးတော့ ငါက စာရွက်ကို ရသွားတာ တွေ့သွားတဲ့အချိန် လေပြေလေညင်းစံအိမ်ကို ငါ့ထက် အရင်ရောက်သွားတယ်။ ငါက အလုပ်သမားကို မေးနေတဲ့အချိန်မှာ သူကတော့ အဲဒီလူကိုသတ်ပြီး ငါ့ကို နာမည်ဖျက်တာလား။ ဘယ်လိုအကြောင်းပြချက်ပဲရှိရှိ ဒါက တော်တော်လေးကို ကြောက်စရာကောင်းတယ်။ ဘယ်သူမလို့ ငါအကြောင်းကို ဒီလောက်ထိ ကောင်းကောင်းကြီး နားလည်နေရတာလဲ။ ဘယ်သူကရော ဒီလိုမျိုး စွပ်စွဲခံချင်မှာလဲ…"
မုန့်ချီက စဉ်းစားကြည့်လိုက်ပြီးနောက် သူ့ရင်ထဲတွင် စိုးရိမ်သွားသလို ခံစားလိုက်ရသည်။ ဤကိစ္စကို ကြုံလိုက်ရပြီးနောက် မုန့်ချီက လောင်းကစားရုံထဲရှိ လုပ်ကြံသတ်ဖြတ်မှုအပေါ် မတူညီသောအမြင်တစ်ခု ရှိလာသည်။ ထိုအရာက ချိုးဖေးနှင့် မသက်ဆိုင်တော့ပေ။
"ကြည့်ရတာ တစ်ယောက်ယောက် ဒါမှမဟုတ် ဂိုဏ်းတစ်ခုခုက ငါ့ကို လျှို့ဝှက်ထောက်လှမ်းနေတာ ဖြစ်နိုင်တယ်။ ငါက သူရဲကောင်းကျောင်းဆောင်မှာ တမင်တကာ ဖော်ထုတ်လိုက်တဲ့ အချိန်ကတည်းက စနေတာလား။ ဒါမှမဟုတ် ငါ့ရဲ့လုပ်ရပ်တွေကြောင့် ရန်သူတွေကို သတိပေးလိုက်သလို ဖြစ်နေတာလား။ ဒါမှမဟုတ် သူတို့တွေက ငါနဲ့ပဲ ပြဿနာရှိနေတာလား။ ဒါမှမဟုတ် ငါ့ကို သိက္ခာချတယ်ဆိုတော့ သူတို့စိုးရိမ်နေတဲ့အရာ တစ်ခုခုရှိနေတာလား။ ဒါပေမဲ့ ငါလည်း သူတို့ကို ဘာမှမလုပ်ခဲ့ဘူးလေ…"
ခေါင်းထဲတွင် အတွေးပေါင်းစုံပေါ်လာခဲ့သည်။
မုန့်ချီက သံသယများကို ရှင်းပြီး ပြောလိုက်၏။
"ဒီကမိတ်ဆွေ.. ကျေးဇူးပြုပြီး ခဏနားထောင်ပါဦး…”
မုန့်ချီက သူ၏အပြုအမူ၊ ရုပ်ရည်နှင့် အကျင့်စရိုက်ကို ရင်းနှီးနေသည်။ သူ့အကြောင်းကို ယပ်တောင်(၆)လက်ကျောင်း၏ အချက်အလက်များထဲတွင် ဖတ်ထားဖူး၏။
လယ်သမားပုံစံလူငယ်က မုန့်ချီကို ပြန်လှည့်ကြည့်လိုက်သည်။ သူ၏အမူအရာက အတော်လေးကို ဆိုးရွားနေ၏။ သူ့မျက်လုံးထဲတွင်လည်း ခံစားချက်ကင်းမဲ့နေပြီး သူ၏အရှိန်အဝါက ကမ္ဘာမြေကြီးနှင့် ပေါင်းစပ်လာခဲ့သည်။
မုန့်ချီက စိတ်ဝိညာဉ်စွမ်းအားကိုသုံးပြီး သူ၏ချီစွမ်းအင်စီးဆင်းမှုနှင့် ကြွက်သားများ အခြေအနေကို စစ်ဆေးမိခဲ့သည်။ သို့သော် ထိုအာရုံများက ပျောက်ကွယ်သွားခဲ့ပြီး ထိုလူငယ်ကိုယ်တိုင်က ခြံဝန်းနှင့် ကမ္ဘာမြေကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေသလို ထင်မှတ်ရသည်။ သူက ကမ္ဘာမြေကြီးတစ်ခုလုံးကို မည်သို့စစ်ဆေးနိုင်မည်နည်း။
"မင်းပဲ... မင်းက ဘာလို့ဒီလိုအရာမျိုး လုပ်ခဲ့လဲဆိုတာ ငါသိတယ်။ ဒါပေမဲ့ မင်းက ငါ့မိသားစုကို ထိခိုက်အောင် လုပ်ခွင့်မရှိဘူး။ ဘာလို့ မင်းက ငါ့ဆီကို တိုက်ရိုက်မလာရတာလဲ…"
သူက အံကြိတ်ပြီး ပြောလိုက်၏။
"မင်းက ဘာတွေပြောနေတာလဲ.."
“သူ့ပုံစံက ချင်ယု ပြောခဲ့သလိုမျိုး ပြောနေတာပဲ…"
ထိုအရာကို စဉ်းစားကြည့်လိုက်ပြီးနောက် ထိုလယ်သမားလူငယ်က မည်သူဖြစ်ကြောင်း မုန့်ချီက မှတ်မိသွားခဲ့သည်။ ထိုအရာက လူငယ်မှတ်တမ်း၏ ထိပ်ဆုံး(၁၀)ယောက်ထဲတွင် ရှိနေသော မိုင်တစ်ရာထိတ်လန့်ခြင်း ကျန်းဟန်ချွန် ဖြစ်၏။
သူ၏ညီလေး(၃) ကျန်းတပိုက ပန်းကြည့်ဥယျာဉ်ထဲတွင် ဘာကြောင့်သီးခြားနေထိုင်ကြောင်း သူမသိခဲ့ပေ။ သူတို့နှစ်ယောက်လုံးက နာမည်အတုများကို သုံးထားခဲ့၏။ မဟုတ်လျှင် သူက ကျန်းတပို၏ နောက်ကြောင်းကို တွေးမိနေနိုင်သည်။
"အစ်ကိုကျန်း.. ကျွန်တော့်ကို အထင်လွဲနေပြီ…"
မုန့်ချီက ရှင်းပြရန် ကြိုးစားလိုက်၏။
"လူသတ်သမားရဲ့နည်းလမ်းက ငါနဲ့ဘယ်လောက်ပဲတူတူ သေချာစစ်ဆေးကြည့်လိုက်မယ်ဆိုရင် ကွဲပြားမှုတွေ ရှိနေမှာပဲ။ ဝေ့ကျင်းအဆင့် ခရမ်းမိုးကြိုးဓား(၇)ချက်နဲ့ တိုက်ခိုက်တာကလွဲရင် ဘယ်လိုမှ တိတိကျကျ မတူညီနိုင်ဘူး။ ဒါပေမဲ့ အဲဒါက တကယ်ပဲ သူဆိုရင်တောင် ငါ့ကို အလွယ်တကူ သတ်ပစ်နိုင်တယ်လေ။ ဘာလို့ငါ့ကို ထောင်ချောက်ဆင်ရမှာလဲ…"
ကျန်းဟန်ချွန်ကတော့ အလွန်ဒေါသထွက်နေပုံရပြီး တကိုယ်လုံး အေးစက်နေသည်။ သူက မုန့်ချီ၏ ရှင်းပြမှုကို စောင့်မနေဘဲ လက်ဝါးနှင့် ရိုက်ချလိုက်၏။ သူက ဘယ်လက်နှင့် မုန့်ချီ၏ညာဖက်လက်ကို ဖမ်းချုပ်လိုက်သည်မှာ မြွေတစ်ကောင် သို့မဟုတ် နဂါးတစ်ကောင်ကို ဖမ်းလိုက်သလို ဖြစ်နေသည်။
ညာဖက်လက်ဝါးကိုလည်း ရိုက်ထုတ်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံး အလိုက်သင့် လှုပ်ရှားလာခဲ့သည်။ သူ၏ခန္ဓာကိုယ်၊ ညာလက်၊ ဘယ်လက်နှင့်ကျောရိုးမကြီးက အလွန်ဆန်းကြယ်သော နဂါးတစ်ကောင်၏ ပုံပန်းသဏ္ဍာန်ကဲ့သို့ ဖြစ်ပေါ်လာသည်။ သူ၏လက်ဖဝါး လှုပ်ရှားသွားသည့်အချိန်တွင် သူတို့၏ကြားထဲတွင် ချက်ချင်း ပေ(၃၀)ခန့် ဝေးကွာသွားခဲ့သည်။
သူ၏လက်ဝါးလှိုင်းက မုန့်ချီ၏ မျက်နှာဆီကို အလွန်ပြင်းထန်စွာ ကျရောက်လာခဲ့သည်။ သူ၏အတွင်းအား၊ ချီစွမ်းအင်နှင့် လေလှိုင်းများကလည်း (၁၀)ပေခန့် ရှည်လျားသော နဂါးကြီးတစ်ကောင်ကဲ့သို့ ဖြစ်ပေါ်လာပြီး မြေပြင်ကြီးကပင် လှုပ်ရှားလာသည်။
သူ့နောက်တွင် ရှိနေသော အိမ်ကြီးကပင် ပြင်းပြင်းထန်ထန် လှုပ်ရှားလာကြောင်း မုန့်ချီက ခံစားမိခဲ့၏။ ကျန်းဟန်ချွန်၏ စွမ်းအားက ဝေ့ကျင်းတစ်ဝက်အဆင့် သို့မဟုတ် ဝေ့ကျင်းအဆင့် သိုင်းကွက်နှင့် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ညီမျှနေသည်။ ထိုအရာက သာမန်တံခါး(၉)ပေါက်အဆင့်ပညာရှင်များထက် ပို၍အဆင့်မြင့်၏။
ထို့ပြင် သူက ချီစွမ်းအင်လှုပ်ရှားမှုကို အားကိုးခဲ့ခြင်း မရှိသလို ပြိုင်ဘက်၏ အစွမ်းကိုလည်း တန်ပြန်အသုံးချခဲ့ခြင်း မရှိချေ။ သူက လူသားနှင့်ကောင်းကင် တသားတည်းအဆင့်ကို ရောက်နေသည်။ သူသာ ဆန္ဒရှိမည်ဆိုလျှင် အချိန်မရွေး သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးကို ချိုးဖျက်နိုင်၏။
ထိုအရာက လူငယ်မှတ်တမ်းတွင် ထိပ်ဆုံး(၁၀)ယောက်ထဲမှ လူငယ်များ၏ အစွမ်းလည်း ဖြစ်သည်။ အလွန်ကြမ်းတမ်းခက်ထန်သော အငွေ့နဂါးတစ်ကောင်က မုန့်ချီ ရှိရာကို ကြောက်စရာကောင်းစွာ ရောက်လာခဲ့သည်။
သူ၏ချီစွမ်းအင်များက အထွဋ်အထိပ်သို့ ရောက်ရှိလာပြီး တဖြည်းဖြည်းစုစည်းလာခဲ့၏။ နဂါး၏ဘေးဘက်နှင့် အမြီးပေါ်တွင်တော့ အားနည်းချက် အနည်းငယ် ရှိနေသော်လည်း ထိုနေရာကို မုန့်ချီက လက်လှမ်းမမီနိုင်ပေ။ ထို့ကြောင့် သူ့ကို လွှမ်းခြုံထားသော လက်ဝါးလှိုင်း၏ လက်ထဲမှ ထွက်ပြေးပြီး နဂါး၏ဘေးဘက်ခြမ်းကို တိုက်ခိုက်ရန် လုံးဝမဖြစ်နိုင်ပေ။
အလွန်ကြောက်စရာကောင်းသော စွမ်းအားနှင့်အရှိန်အဝါကြောင့် သူ့ဆီတွင် သိသာထင်ရှားသော အားနည်းချက်များ ရှိနေသည်ကိုပင် မုန့်ချီကတော့ စွမ်းအားမဲ့သွားသလို ခံစားလိုက်ရသေးသည်။
မုန့်ချီက တွေဝေမှုများကို ဖယ်ရှားရန်အတွက် သူ့ကိုယ်သူ အရင်ဆုံး တည်ငြိမ်အောင် ကြိုးစားလိုက်၏။ သူအသက်ရှင်ရန်အတွက် ရန်သူက နားလည်မှုလွဲခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အကောင်းဆုံး ပြန်လည်တိုက်ခိုက်ရမည် ဖြစ်သည်။
သူ့လက်ထဲတွင် ကိုင်ထားသော ဓားက ရုတ်တရက် ပျောက်ကွယ်သွားသည်။ ထိုအရာက မှော်ဆန်ဆန် အငွေ့ပျံသွားသလို ထင်မှတ်ရ၏။ ထို့နောက် ငွေရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး သူ၏ကောင်းကင်ပြစ်ဒဏ်ဓားက ခေါင်းပေါ်တွင် ပေါ်လာခဲ့သည်။
မုန့်ချီက ဓားချက်(၉)ချက်ကို အရှိန်အဟုန်နှင့် တိုက်ခိုက်လိုက်ပြီး တိုက်ခိုက်မှုတစ်ခုချင်းဆီက တဖြည်းဖြည်းပို၍ ကြောက်စရာကောင်းလာသည်။ ဓားစွမ်းအား အလွှာများကလည်း အချင်းချင်း ပေါင်းစပ်လာပြီး လေထဲတွင် အလွန်ကျယ်လောင်သော အော်သံကြီးတစ်ခု ထွက်ပေါ်လာ၏။
"ဂျိမ်းးး…"
မုန့်ချီက မိုးကြိုးဟိန်းသံကို အသုံးပြုပြီး ပြိုင်ဖက်ကို တန်ပြန်တိုက်ခိုက်လိုက်၏။
သူ၏မိုးကြိုးဟိန်းသံကြောင့် ကျန်းဟန်ချွန်က အနည်းငယ်ထိတ်လန့်သွားသလို သူ၏အစွမ်းကလည်း အားနည်းသွားခဲ့သည်။ ထို့နောက် ဓားစွမ်းအားနှင့် လက်ဝါးစွမ်းအားတို့က ဆူညံသံအများစုကို ဖျက်စီးပစ်လိုက်၏။ ပေါက်ကွဲသံကလည်း ပျံ့နှံ့သွားပြီး စွမ်းအားများက လေနှင့်အတူ လွင့်ပါသွားခဲ့သည်။
ထို့ကြောင့် သစ်ရွက်များ ကြွေကျလာပြီး သစ်ပင်ကြီးများက ကွေးသွားခဲ့၏။ လေထဲတွင် ဖုန့်မှုန့်များလည်း လွင့်နေသည်။ ထိုအရာက လေပြေလေညင်းစံအိမ်၏ ပတ်ပတ်လည်တွင် လွှမ်းခြုံနေသော မြူခိုးများကဲ့သို့ ဖြစ်လာခဲ့၏။
မုန့်ချီက ခြေလှမ်း(၃)လှမ်း ဆက်တိုက် နောက်ဆုတ်သွားလိုက်ရပြီး သွေးအန်လိုက်ရ၏။ သို့သော် ယခင်တုန်းကကဲ့သို့ စိတ်ပျက်နေသလို မခံစားရပေ။ မည်သို့ဖြစ်စေကာမူ သူ၏စွမ်းအားက ပြိုင်ဖက်ထက် ပို၍အားနည်းနေသည်။ သူက ကျန်းဟန်ချွန်ကဲ့သို့ ကြောက်စရာကောင်းနေခြင်း မရှိချေ။
သူ၏မိုးကြိုးဟိန်းသံနှင့် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်တို့က ပြိုင်ဖက်၏အစွမ်းကို တော်တော်လေး အားနည်းသွားစေနိုင်ခဲ့သည်မှာ ကံကောင်းသွား၏။ ထို့ကြောင့် အနည်းငယ် သွေးအန်လိုက်ရခြင်းကလွှဲလျှင် ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့ခြင်းမရှိချေ။
မြေပြင်ကြီး လှုပ်ရှားသွားမှုကြောင့် မုန့်ချီက တည်ငြိမ်စွာ ရပ်တန့်နိုင်ခြင်း မရှိချေ။ သူက ထွက်ပြေးရမည့်အစား တန်ပြန်တိုက်ခိုက်ရန်သာ ရွေးချယ်ခဲ့သည်။ သူ၏ဓားက လေဟာနယ်ကို ဖြတ်လာပြီး ကျန်းဟန်ချွန်ကို ခုတ်ချလိုက်၏။ အမှန်အတိုင်း ပြောရလျှင်တော့ ထိုကဲ့သို့ ပြိုင်ဖက်တစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူလည်း နောက်ဆုတ်ရန် မဖြစ်နိုင်ပေ။
သူက ဓားနှင့် တိုက်ခိုက်လိုက်သည့်အချိန်တွင် ကျန်းဟန်ချွန်က ထိုအရာကို ကြိုတွေးထားသည့်အလား ဘယ်လက်ဝါးကို တွန်းထုတ်လိုက်သည်။ ချီစွမ်းအင်များက သူ၏လက်ဖဝါးပေါ်တွင် လွှမ်းခြုံထားသည့်အတွက် မုန့်ချီက သူ့ဆီမှ စွမ်းအားကို စုပ်ယူနိုင်ခြင်း မရှိချေ။
သူ၏လက်ဖဝါးက ဓားဆီကို တည့်တည့်မတ်မတ် ရောက်လာခဲ့၏။ အကယ်၍ မုန့်ချီ၏ ကောင်းကင်ပြစ်ဒဏ်ဓားကသာ လက်ဝါးနှင့် တိုက်ခိုက်ခြင်းကို ခံလိုက်ရမည်ဆိုလျှင် လက်ထဲမှ လွတ်ကျသွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏အဆင့်နှင့် စွမ်းအားကွာဟမှုက အလွန်ကြီးမားနေခြင်းကြောင့် ဖြစ်သည်။
မုန့်ချီက သူ၏ဓားကို အောက်သို့ ခုတ်ချလိုက်ရာမှ ချက်ချင်း ပုံသဏ္ဍာန် ပြောင်းလိုက်ပြီး ကျန်းဟန်ချွန်၏ လက်ကောက်ဝတ် ရှိရာကို ဦးတည်လိုက်သည်။
ကျန်းဟန်ချွန်၏ မျက်နှာပေါ်တွင် အမုန်းတရားများ ပြည့်နှက်နေ၏။ သူက ဘယ်ဖက်လက်ဖဝါးကို ပြန်ရုတ်သိမ်းပြီး ညာဖက်လက်ဖဝါးက ပိုက်ကွန်ကြီးတစ်ခုသဖွယ် မုန့်ချီ၏ ကောင်းကင်ပြစ်ဒဏ်ဓားဆီကို ရောက်လာခဲ့သည်။ ထိုလှုပ်ရှားမှုတွင် သဘာဝတရားကြီး၏ အငွေ့အသက်များ ပါဝင်နေပြီး ကမ္ဘာမြေကြီးထဲရှိ အနှစ်သာရတစ်ချို့ ပေါင်းစပ်ထားသည်။
မုန့်ချီက သိုင်းကွက်ကို နောက်တစ်ကြိမ် ပြောင်းလဲလိုက်ရ၏။ သို့သော် ကျန်းဟန်ချွန်၏ သိုင်းကွက်က သူ့ထက် တစ်ကွက်ကြို၍ ရှေ့ရောက်နေသည်။ အချိန်တိုလေးအတွင်း သူတို့နှစ်ယောက်လုံးက သိုင်းကွက် ဒါဇင်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် မထိနိုင်ကြချေ။
မုန့်ချီက အချိန်တိုင်း သူ၏သိုင်းကွက်ကို ပြောင်းလဲနေရ၏။ မည်သည့်အရာများ ဖြစ်နေကြောင်း သူက ရှင်းရှင်းလင်းလင်းသိနေသည်။လူသားနှင့် ကောင်းကင် တသားတည်းနီးပါး ဖြစ်နေသော ကျန်းဟန်ချွန်က ပတ်ဝန်းကျင်ကို ထိန်းချုပ်ထားနိုင်သည်။
လူသားနှင့် ကောင်းကင်တစ်သားတည်းအဆင့်တွင် သူက မုန့်ချီ၏ ချီစွမ်းအင် စီးဆင်းမှုနှင့် ကြွက်သားများ တုံ့ပြန်မှုကို အာရုံခံကြည့်နိုင်သည်။ ထို့ကြောင့် ကျန်းဟန်ချွန်ကို လျှို့ဝှက်ထားနိုင်သော သိုင်းကွက် မရှိတော့ပေ။ ထိုအရာက ချီစွမ်းအင် ခြိမ်းခြောက်မှုလည်း ဖြစ်၏။
"တကယ်လို့ ငါသာ တုကူးဓား(၉)ကွက်နဲ့ ကောင်းကင်ဓားကျင့်စဉ်ကို အောင်အောင်မြင်မြင် လေ့ကျင့်မထားနိုင်ဘူးဆိုရင် ကျန်းဟန်ချွန်ရဲ့ သိုင်းကွက်တွေကို ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။ ငါက သိုင်းကွက်(၃)ကွက်အတွင်း ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားနိုင်တယ်။ အခုလို သိုင်းကွက် တစ်ဒါဇင်ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး။ ငါက အဲဒီလိုထပ်ပြီး အဖြစ်ခံလို့ မရတော့ဘူး…"
အချိန်အတိုင်းအတာတစ်ခုအထိ မုန့်ချီဆီတွင် ရွှေခေါင်းလောင်း အကာအကွယ် ကျင့်စဉ်နှင့် အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်တို့၏ အကူအညီရှိနေသည်။ သူက ပြင်ပကြွက်သားများ၏ တုံ့ပြန်မှုနှင့် စွမ်းအင်များ၏ စီးဆင်းမှုကို တမင်တကာ ပြောင်းလဲထားခဲ့၏။
သူ၏အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကတော့ အလွန်တိကျသော ထိန်းချုပ်မှုကို လုပ်ဆောင်နိုင်သည်။ ထိုအရာကို မည်သူကမျှ တိတိကျကျ ခွဲခြားနိုင်ခြင်း မရှိချေ။
ထို့နောက် သူက ဓားကို အစွမ်းကုန်လွှဲယမ်း တိုက်ခိုက်လိုက်၏။ ဓား၏ အငွေ့အသက်များက အရာအားလုံးနှင့် ပေါင်းစပ်သွားပြီး ဖြစ်နိုင်ချေများ အားလုံးကို ဖုံးကွယ်ထားလိုက်သည်။ ဓားနှင့်လက်ဝါးတို့က ထိပ်တိုက်ရင်ဆိုင်ရခြင်း မရှိသေးခင် အရာအားလုံး ဖြစ်လာနိုင်၏။
ဓား၏အရှိန်အဝါကလည်း စွမ်းအားများနှင့် လိုက်လျောညီထွေ ပြောင်းလဲနေပြီး အခွင့်အရေးတစ်ခုချင်းဆီကို ပြောပြနေသည်။ မည်သူကမျှ သူ၏ချီစွမ်းအင်လှုပ်ရှားမှုကို စစ်ဆေးနိုင်ခြင်း မရှိသ၍ ယင်နှင့်ယန်ပြောင်းလဲမှုကို အာရုံခံနိုင်လိမ့်မည်မဟုတ်ချေ။
“ယင်နှင့်ယန် (၃)မျိုးပေါင်းစပ်ခြင်း။ ဘယ်အရာက ယင်လဲ။ ဘယ်အရာက ယန်လဲ..”
ထိုဓားသိုင်းကွက်က တောင်းဆိုခြင်းကောင်းကင်ကျင့်စဉ်ကို နားလည်လာပြီးနောက် မုန့်ချီကိုယ်တိုင် ဖန်တီးထားခဲ့သော သိုင်းကွက်တစ်ခု ဖြစ်သည်။ သူက ဓားမောက်ပညာတွင် ကျွမ်းကျင်သော ပညာရှင်တစ်ယောက်ဖြစ်သည့်အတွက် သူ၏ဓားမောက်သိုင်းကွက်ကလည်း ကျန်းကျိဝေ၏ ရာမဖိတ်ခေါ်ခြင်းကဲ့သို့ ဉာဏ်အလင်းပွင့်မှုအဆင့်တွင် ထိပ်တန်းဓားသိုင်းအဆင့်ကို ရောက်လာသည်။
ကျန်းဟန်ချွန်၏ မျက်နှာပေါ်တွင် ပထမဆုံးအကြိမ် စိုးရိမ်နေသည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။ သူ၏ညာလက်ကို လေထဲတွင် စက်ဝိုင်းခြမ်းသဖွယ် လှုပ်ရှားလိုက်ပြီး ဘယ်လက်ကလည်း လိုက်ပါလှုပ်ရှားလာခဲ့သည်။ မြေပြင်ကြီး တုန်ခါမှုကလည်း ရပ်တန့်သွားခဲ့ပြီး ပတ်ဝန်းကျင်တွင် လေလှိုင်းများလည်း အတူတူသာ ဖြစ်လာသည်။
နောက်ဆုံးတွင်တော့ လှုပ်ရှားနေသော အိမ်များက ငြိမ်သက်သွားခဲ့ပြီး လေစီးကြောင်းများ အားလုံးကလည်း သူ၏လက်ဖဝါးနှစ်ဖက်ဆီသို့ ရောက်လာကြ၏။ ထိုအရာက လုံးဝကို တိတ်ဆိတ်အေးစက်နေသည်။
မုန့်ချီက သူ့သိုင်းပညာ၏ဇစ်မြစ်ကို အာရုံခံနိုင်ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ထိုလူငယ်က ဝေ့ကျင်းအဆင့် သိုင်းကွက်များအားလုံးကို ပေါင်းစပ်ပြီး အနှစ်သာရများအားလုံးကို ထုတ်ယူထားခြင်းကြောင့်ဖြစ်သည်။သူက ထိုအရာကို ဗလာသိုင်းကွက်အဖြစ် ပြောင်းလဲပြီး သူ၏ကိုယ်ပိုင်သိုင်းကွက်များအဖြစ် အသုံးချနေခဲ့သည်။
လေလှိုင်းများ ထွက်ပေါ်လာသည့်အချိန်တွင် သူ၏ဓားက ကျန်းဟန်ချွန်၏ လက်ဖဝါးကို ထိပ်တိုက်ရင်ဆိုင်လိုက်မိသည်။ ထိုနေရာတွင် အငွေ့များက မည်သည့်အရာမျှမရှိသော ဥခွံကြီးတစ်ခုကဲ့သို့ စုစည်းလာသည်။
အကယ်၍ များပြားသော စွမ်းအားတစ်ချို့ကသာ ဥခွံထဲသို့ ကျရောက်သွားမည်ဆိုလျှင် ဥခွံကြီးက စုပ်ယူလိုက်ပါလိမ့်မည်။ မုန့်ချီ၏ဓားကတော့ ဝါဂွမ်းလေးတစ်ခုကဲ့သို့ ဖြစ်သွားပြီး မည်သည့်စွမ်းအားမျှ မရှိနိုင်တော့ပေ။ ထို့ကြောင့် နှစ်ယောက်လုံးက အချင်းချင်း ထိပ်တိုက်ရင်ဆိုင်၍ မရခဲ့ပေ။ သူတို့က အချင်းချင်း မိတ်ဆက်နေသလို ဖြစ်နေသည်။
ထိုအချိန်တွင် မုန့်ချီ၏ကောင်းကင်ပြစ်ဒဏ်ဓားက ယင်မှယန်သို့ ပြောင်းလဲလာပြီး အလွန်ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ထုတ်ပေးလိုက်သည်။ ပြောင်းလဲမှုက ရုတ်ချည်း ဖြစ်ပေါ်လာသည့်အတွက် သူ့ဓားက ဥခွံကြီးထဲသို့ ဝင်ရောက်သွားသည့်အချိန်တွင် ဥခွံကြီးက ချက်ချင်း ပေါက်ကွဲသွားခဲ့ပြီး ပြိုင်ဖက်၏ လက်ဖဝါးစွမ်းအားများဆီသို့ ကျရောက်သွားခဲ့သည်။
ကျန်းဟန်ချွန်က ဓားသွားကို ရှောင်တိမ်းရန် နောက်သို့ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။
"ဒါ အခွင့်အရေးပဲ.."
သူက အော်ဟစ်လိုက်ပြီး ကောင်းကင်ပြစ်ဒဏ်ဓားကိုသုံး၍ လက်ဖဝါးနှစ်ဖက်၏ ကြားထဲကို တိုက်ခိုက်လိုက်၏။
မိုးမှောင်ကျနေသော ညအချိန်တွင် ဓားချီစွမ်းအင်များက အတော်လေးကို ကြောက်စရာကောင်းသည်။ သူ၏ ရင်ထဲတွင် မိုးသည်းထန်စွာ ရွာသွန်းနေသကဲ့သို့ ဖြစ်လာပြီး မိုးကြိုးအလင်းတန်းများကလည်း သူ့ကို ဝမ်းနည်းမှုများ ယူဆောင်ပေးလာသည်။ မိုးကြိုးများ ပစ်ခတ်နေသော ညအချိန်မျိုးတွင် မည်သူကရော အေးအေးချမ်းချမ်း နေနိုင်မည်နည်း။
မုန့်ချီက ထိုအခွင့်အရေးကိုအရယူပြီး အနတ္တကျိန်စာဖျက်ဓားပညာနှင့် ကျန်းဟန်ချွန်၏ တိတ်ဆိတ်မှုကိုဖြိုခွဲပြီး သူ၏စိတ်အခြေအနေကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။ သူက အေးအေးဆေးဆေး ထွက်ပြေးရန် အချိန်တစ်ခု လိုချင်နေခဲ့၏။
သူက လူငယ်မှတ်တမ်းတွင် ထိပ်ဆုံး(၁၀)ယောက်ထဲမှ တစ်ယောက်ဖြစ်သော ပညာရှင်ကို အနိုင်ရရန် လုံးဝမတွေးခဲ့ပေ။ ထို့ပြင် သူတို့က နားလည်မှုလွဲ၍ တိုက်ခိုက်နေရခြင်း ဖြစ်၏။ ထို့ကြောင့် သူက ပြိုင်ဖက်ကို သတ်ပစ်ရန်လည်း ခက်ခဲနေသည်။
သူက အခွင့်အရေးယူပြီး ထွက်ပြေးရန်သာ မျှော်လင့်နေခဲ့၏။ ထို့နောက်တွင်မှ သဲလွန်စများ ရှာဖွေပြီး သူ၏အပြစ်ကင်းစင်မှုကို သက်သေပြချင်နေသည်။
ဓားချီစွမ်းအင်များ ပျောက်ကွယ်သွားသည့်အချိန်တွင် မုန့်ချီက တောင်တန်းများ၊ ရေကန်များနှင့် လယ်ကွင်းများကို မြင်လိုက်ရသလို ခံစားလိုက်ရ၏။ သူကတော့ အလွန်သက်ဝင်လှုပ်ရှားနေသော လူသားကမ္ဘာကြီးတစ်ခုကို မြင်လိုက်ရပြီး မျိုးစေ့လေးများ ကြီးထွားလာသည့်ဖြစ်စဉ်ကို ခံစားမိနေသည်။
အစေ့ချခြင်း၊ အညှောင့်ပေါက်ခြင်း၊ ကြီးထွားခြင်း၊ မြင့်တက်လာခြင်း၊ သေဆုံးခြင်း… သူက မြေပြင်ကြီးပေါ်ရှိ လမ်းမကြီးတိုင်းကို အာရုံခံမိနေပြီး ခြံဝန်းထဲတွင် ရှိနေသော မြက်များနှင့် ခြံဝန်းထဲတွင် ပုန်းအောင်းနေသော ပိုးကောင်များ၏ လှုပ်ရှားမှုကိုပင် အာရုံခံမိနေခဲ့သည်။
လရောင်တောက်ပနေသည့်အချိန်တွင် ခြံဝန်းကြီးက တိတ်ဆိတ်နေခဲ့၏။ ပိုးကောင်များ၏ အော်မြည်သံကလည်း သဘာဝတရားကြီး၏ အလှတရားများကို ဖော်ထုတ်ပေးနေသည့်အတွက် မုန့်ချီက အလွန်အေးချမ်းသလို ခံစားနေရသည်။
သို့သော် ထိုအရာက အနတ္တကျိန်စာဖျက် ဓားပညာ၏ သာမန်တန်ပြန်တိုက်ခိုက်မှုမျိုး မဟုတ်ချေ။ မုန့်ချီက အကြောင်းတရားကို နားလည်သွားသည့်အချိန်တွင် နာကျင်မှုကို ဖုံးကွယ်ထားသော ကျန်းဟန်ချွန်၏ မျက်နှာကို မြင်လိုက်ရသည်။
ကျန်းဟန်ချွန်၏ တိတ်ဆိတ်ငြိမ်းချမ်းမှုကို အနတ္တကျိန်စာဖျက်ဓားပညာက ဖျက်ဆီးပစ်လိုက်ပြီး မုန့်ချီကိုယ်တိုင်ကတော့ လူသားနှင့် ကောင်းကင် တစ်သားတည်း အခြေအနေ၏ တုံ့ပြန်တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။
ထို့ကြောင့် သူတို့နှစ်ယောက်လုံးက ကိုယ်ဆီကိုယ်ဆီ ထူးခြားသောနယ်မြေတစ်ခုဆီသို့ ကျရောက်သွားကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့က နှစ်ယောက်လုံးက လှုပ်ရှားရန် နှေးကွေးနေကြသည်။ နှလုံးသားကို သက်ရောက်စေနိုင်သည့် သိုင်းကွက်မျိုးက သူတို့နှစ်ယောက်လုံးကို ထိခိုက်စေနိုင်၏။
Translated by Hein Htet