အခန်း (၂၇၈)
Vol. 19 Ch. 278
သူတို့ (၂) ယောက်လုံးက အနည်းငယ် တုံ့ဆိုင်းသွားကြပြီးမှ စတင်လှုပ်ရှားလာကြသည်။ မုန့်ချီက သူ၏ဓားကို ရုတ်သိမ်းရန် ခက်ခဲ၏။
ထို့ကြောင့် သွေးကြောဓားကို လျှပ်စီးကြောင်းတစ်ခုသဖွယ် ဆွဲထုတ်လိုက်သည်။ သူတို့က မသိစိတ်နှင့် တိုက်ခိုက်ရေး အတွေ့အကြုံများအရသာ တပြိုင်နက်တည်း လှုပ်ရှားလိုက်ခြင်းဖြစ်ပြီး သူတို့၏ခေါင်းထဲတွင် တိုက်ခိုက်ရန် ရည်ရွယ်ချက် မယ်မယ်ရရပင် ပေါ်မလာခဲ့သေးပေ။
ချီစွမ်းအင်လှုပ်ရှားမှုများကြောင့် သူတို့ (၂) ယောက်လုံးက ကိုယ်တိုင်ပင် နားမလည်သေးခင် လှုပ်ရှားလိုက်ကြသည်။ ဓားရှည်က ချီစွမ်းအင်များ လွှမ်းခြုံထားသော ကျန်းဟန်ချွန်၏ ညာဘက်လက်ဖဝါးကို ထိုးစိုက်လိုက်ရာ သူ့ဆီမှ အတွင်းအားများ ထွက်ပေါ်လာသည့်အတွက် အနည်းငယ် စောင်းသွားခဲ့သည်။
ကျန်းဟန်ချွန်၏ လက်ဖဝါးထဲမှ အရှိန်အဝါက လျော့ကျသွားသော်လည်း အနည်းငယ်လေးသာ ဖြစ်သည်။ သူ၏လက်ဝါးပေါ်တွင် ချီစွမ်းအင်များနှင့် ပြင်းထန်သော လေလှိုင်းများက အရှုပ်အထွေးတစ်ခုပမာ လည်ပတ်လာပြီး မုန့်ချီ၏ ဘယ်ဘက်ရင်ဘတ်ကို ရိုက်ချလိုက်၏။
မုန့်ချီ၏ အဝတ်အစားများက ပျက်စီးသွားခဲ့ပြီး ခန္ဓာကိုယ် ဘယ်ဘက်အခြမ်း ပေါ်လာခဲ့သည်။ ကြေးခွံချပ်ဝတ်အင်္ကျီ ကာကွယ်ထားသော ရင်ဘတ်နှင့် ဗိုက်သားနေရာမှာလွဲလျှင် တခြားသော အစိတ်အပိုင်းများက ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး တိုက်ခိုက်မှုကို ခုခံပေးနေသည်။
အလင်းရောင်များ ပျောက်ကွယ်သွားသည့်အချိန်တွင် မုန့်ချီ၏ ခန္ဓာကိုယ်ပေါ်၌ လက်ဝါးရာတစ်ဝက် ထင်ကျန်နေခဲ့သည်။ လက်ဝါးရာတစ်ဝက်ကိုတော့ ကြေးခွံချပ်ဝတ်အင်္ကျီက တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး တခြားတစ်ဝက်ကတော့ ကြေးနီရောင် ရင်ဘတ်ထဲတွင် အထင်းသား ပေါ်နေခဲ့သည်။
မုန့်ချီကတော့ တစ်လက်မခန့် အရပ်ပုသွားသလို ဖြစ်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ့ခြေထောက်က ခြံဝန်းထဲတွင်ရှိနေသော မြေကြီးထဲသို့ နစ်ဝင်သွားခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုအရာက အင်မော်တယ်ဖိနှိပ်ခြင်း ကျင့်စဉ်ကိုသုံးပြီး စွမ်းအားများကို မြေကြီးထဲသို့ ပို့ဆောင်လိုက်ခြင်းကြောင့် ဖြစ်သည်။
အနီးကပ်တိုက်ခိုက်မှုတွင် မုန့်ချီက ကျန်းဟန်ချွန်ထက် အဆပေါင်းများစွာ ပို၍ဆိုးရွား၏။ မည်သို့ဖြစ်စေကာမူ ကျန်းဟန်ချွန်က ပို၍အဆင့်မြင့်မားသော လက်သီးသိုင်းပညာကို ကျွမ်းကျင်နေ၏။
သို့သော် မုန့်ချီက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ် ၊ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်နှင့် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်တို့ကြောင့် အကာအကွယ် ချီစွမ်းအင်များ ရှိနေသော ကျန်းဟန်ချွန်ထက် အနီးကပ်တိုက်ပွဲကို ပို၍ ကျွမ်းကျင်နေခဲ့သည်။
မုန့်ချီ၏ ရွှေခေါင်းလောင်းအကာအကွယ်က ပျက်စီးသွားပြီး ကျန်းဟန်ချွန်၏ ညာဘက်လက်မှ သွေးများ စီးကျလာခဲ့၏။ ထိုအချိန်တွင် မည်သူက အနိုင်ရကြောင်း ပြောပြရန် ခက်ခဲသည်။
မည်သို့ဖြစ်စေကာမူ ကျန်းဟန်ချွန်က ထိုတိုက်ခိုက်မှုကို အလျင်စလို လုပ်လိုက်ကြောင်း မုန့်ချီက သိနေ၏။ ထိုအရာက လက်ဝါးအနှစ်သာရများ ပါဝင်နေခြင်းပင် မရှိချေ။ အကယ်၍ ကျန်းဟန်ချွန်ကသာ သေချာစဉ်းစားပြီးမှ တိုက်ခိုက်လိုက်မည်ဆိုလျှင် သူ့အခြေအနေက ဆိုးရွားသွားနိုင်သည်။
သို့သော် လက်ရှိအချိန်တွင်တော့ သူက ထိုအရာကို စဉ်းစားနေနိုင်ခြင်း မရှိချေ။ ထိုကဲ့သို့ အစွမ်းထက်သော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူက စွမ်းအားထိန်ချန်ထားရန် စဉ်းစားနိုင်ဦးမည်လော။
တခြားသော ထိပ်သီးပညာရှင်များနှင့် မတွေ့နိုင်တော့သည့်အတွက် မုန့်ချီက သက်ပြင်းရှည်ကြီး ချလိုက်မိပြီး စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။ သူက စွန့်လွှတ်ခြင်းကျင့်စဉ်ကို တိုက်ရိုက်အသက်သွင်းလိုက်၏။
သူက လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကို စတင်လေ့ကျင့်ခဲ့သည်မှာ (၃)လနီးပါးသာ ရှိသေးသည်။ သို့သော် သူ၏စိတ်ဝိညာဉ်စွမ်းအားက အလွန်အမင်း လျင်မြန်စွာ တိုးတက်လာပြီး အနတ္တကျိန်စာဖျက် ဓားပညာ သို့မဟုတ် ခရမ်းမိုးကြိုးဓားသိုင်းပညာကို (၂) ကြိမ်ကျော်ကျော် အသုံးပြုနိုင်၏။
သို့သော် အဖိုးတန်လက်နက်ကို အသက်သွင်းပြီး ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်း ကောင်းကင်သိုင်းကွက်ကို အသုံးပြုလိုက်မည်ဆိုလျှင် စိတ်ဝိညာဉ်စွမ်းအားနှင့် ခွန်အားက သာမန်ထက်ပို၍ ကုန်ဆုံးသွားနိုင်သည်။ အကယ်၍ မုန့်ချီ၏ အခြေအနေက ကောင်းမွန်နေဦးမည်ဆိုလျှင်ပင် ထိုဓားကို ဝှေ့ယမ်းပြီးသွားသည်နှင့် သူ၏စိတ်ဝိညာဉ်နှင့် ခွန်အားက ကုန်ဆုံးလုနီးပါး ဖြစ်သွားနိုင်သည်။
တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်ကို တစ်ကြိမ်သုံးလိုက်ပြီးနောက် သူက စွန့်လွှတ်ခြင်းကျင့်စဉ်၏ အကူအညီကိုသာ သုံးနိုင်တော့သည်။ လျင်မြန်စွာ မြင့်တက်လာသော စွမ်းအားများကြောင့် သူ၏ခန္ဓာကိုယ်ထဲတွင် နွေးထွေးသော သွေးများ စီးဆင်းလာနေသလို ခံစားမိနေသည်။ သူက ပင်ပန်းနေခြင်း မရှိတော့ပေ။
အတွင်းအား ၊ ချီစွမ်းအင် ၊ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒများအားလုံးက ကောင်းကင်ပြစ်ဒဏ်ဓားထဲသို့ ပေါင်းစပ်လာပြီးနောက် မုန့်ချီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် ဓားကို ဝှေ့ယမ်း တိုက်ခိုက်လိုက်၏။
ကောင်းကင်ကြီးက ရုတ်တရက် မည်းမှောင်လာခဲ့သည်။ အနက်ရောင် တိမ်တိုက်များလည်း စုစည်းလာပြီး လမင်းကြီးကို ဖုံးကွယ်သွား၏။ လေလှိုင်းများက ကြောက်စရာကောင်းစွာ လှုပ်ရှားလာပြီး ကောင်းကင် (၉) သွယ် ထွက်ပေါ်လာအောင် တောင်းဆိုနေသလို ထင်မှတ်ရသည်။ လေလှိုင်းများက အလွန်ပြင်းထန်လွန်းလှသည့်အတွက် မျက်နှာပေါ်တွင်ပင် စပ်ဖျင်းဖျင်း နာကျင်မှုကို ခံစားနေရသည်။
"ဂျိမ်း... "
ကျယ်လောင်သော အသံကြီးတစ်ခုနှင့်အတူ ငွေရောင်မိုးကြိုးတစ်ခုက ကောင်းကင်ကြီးကို ဖြတ်သန်းလာခဲ့သည်။
မိုးကြိုးအလင်းရောင်များနှင့် မျက်နှာချင်းဆိုင်တွင်တော့ ကောင်းကင်ပြစ်ဒဏ်ဓားဆီမှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး မိုးကြိုးစပါးအုံးမြွေများ လှုပ်ရှားလာသည်။ မိုးရေစက်များကလည်း ဓား၏ပတ်ပတ်လည်သို့ ကျဆင်းလာခဲ့၏။
အလွန်သည်းထန်စွာ ရွာသွန်းနေသော မိုးရေများက ပန်းကြည့်ဥယျာဉ်၏ ပတ်ပတ်လည်သို့ ကျဆင်းလာသည်။ လျှပ်စီးနှင့် မိုးကြိုးများကလည်း ငွေရောင်အလင်းတန်းများ တောက်ပနေပြီး လှုပ်ရှားကခုန်နေသော မြွေများကဲ့သို့ ကောင်းကင်ပြစ်ဒဏ်ဓားဆီကို ကျရောက်လာကြသည်။
ကောင်းကင်မိုးကြိုးက ဓားဆီသို့ ရောက်လာခဲ့၏။ ကောင်းကင်မိုးကြိုး၏ အကူအညီနှင့် ကောင်းကင်ပြစ်ဒဏ်ဓားက ဧရာမမိုးကြိုးနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကျန်းဟန်ချွန်ကို ကြောက်စရာကောင်းစွာ တိုက်ခိုက်လိုက်၏။
"(၁) ချက် .. (၂) ချက် … (၃) ချက် …"
မုန့်ချီက အံကြိတ်လိုက်ပြီး သူ့ဓားကို (၉) ချက်တိတိ လျင်မြန်စွာ ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။
ထိုအခါ ခရမ်းရောင် မိုးကြိုးနဂါးများ ထွက်ပေါ်လာပြီး အလွန်ကြီးမားသော ခရမ်းရောင် စက်ဝိုင်းကြီးတစ်ခုကဲ့သို့ ချိတ်ဆက်၍ ပြိုင်ဘက်ကို ပစ်မှတ်ထားနေသည်။
အလွန်ကြမ်းတမ်းခက်ထန်သော လေလှိုင်းများ တိုက်ခတ်လာသည့်အချိန်တွင် လေပြေလေညင်းစံအိမ်၏ ပတ်လည်တွင် ရှိနေသော မြေပြင်ကြီးက ကြွတက်လာခဲ့၏။ မြက်ပင်များက လေထဲသို့ လွင့်လာပြီး သစ်ပင်ကြီးများက အမြစ်မှ ကျွတ်ထွက်လာကြသည်။ နံရံများကပင် မိုးကြိုးစပါးအုံးမြွေကြီးများ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။
ကျန်းတပို၏ ခန္ဓာကိုယ်ရှိနေသော အခန်းလေးက ချက်ချင်း ပျက်စီးသွားခဲ့ပြီး အတွင်းထဲတွင် ရှိနေသော အရာအားလုံးက မိုးကြိုးများကြောင့် လောင်ကျွမ်းသွားခဲ့၏။ ထိုလှိုင်းလုံးများက ဝေ့ကျင်းအဆင့် စွမ်းအားများ ဖြစ်သည်။
ဧရာမစက်ဝိုင်းကြီးတစ်ခုသဖွယ် ပေါင်းစပ်ထားသော ခရမ်းရောင် မိုးကြိုးနဂါး (၉)ကောင်က ကမ္ဘာမြေကြီး၏ အရှိန်အဝါနှင့်အတူ ကျန်းဟန်ချွန်ဆီသို့ ဆင်းသက်လာသည့်အတွက် သူ ထွက်ပြေးရန် လုံးဝမဖြစ်နိုင်တော့ပေ။
မုန့်ချီက သူ့ဓားကို ဆွဲထုတ်လိုက်သည့်အချိန်တွင် ကျန်းဟန်ချွန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သို့သော် ထိုကဲ့သို့ ကျင့်စဉ်အဆင့် ရှိနေသော လူတစ်ယောက် ဖြစ်သည့်အတွက် သိပ်မကြာခင် တည်ငြိမ်သွားခဲ့ပြီး သူ့လက်(၂) ဖက်ကို လေထဲသို့ မြှောက်လိုက်သည်။
သူက တိုက်ခိုက်ခြင်း မရှိသလို ခုခံခြင်းလည်း မရှိချေ။ သူက သစ်ပင်များ အေးအေးဆေးဆေး စိုက်ပျိုးနေသလို ထင်မှတ်ရသည်။ သူက စက်ဝိုင်းကြီးထဲတွင် လျင်မြန်စွာ ပြေးသွားနေခဲ့၏။ သူ့ပုံစံက ငှက်ကလေးတစ်ကောင် ပျံသန်းနေသလို ထင်မှတ်ရသည်။ ထိုအရာက ကလေးဆန်သော်လည်း လှုပ်ရှားမှုတိုင်းက စိတ်ဝင်စားစရာကောင်း၏။
သူက ပတ်ပတ်လည် ကမ္ဘာမြေကြီးနှင့် တသားတည်းဖြစ်သွားပြီး သူ၏အခြေအနေက ပြောင်းလဲသွားခဲ့သည်။ မုန့်ချီက သူ့ဓားမှတဆင့် အခြေအနေကို စောင့်ကြည့်နေသည့်အချိန်တွင် မုန့်ချီ၏စိတ်ထဲ၌ ကျန်းဟန်ချွန်က အလွန်လျှို့ဝှက်ဆန်းကြယ်လာခဲ့သည်။
တစ်ခါတစ်ရံ သူက သစ်ပင်များနှင့်အတူ ရှိလာပြီး တစ်ခါတစ်ရံ မြေကြီးအဖြစ် ပြောင်းလဲ၍ အရာအားလုံးကို ထမ်းပိုးထားသည်။ တစ်ခါတစ်ရံ ငှက်ကလေး တစ်ကောင်ကဲ့သို့ ပျံသန်းသွားပြီး အချုပ်အနှောင်များမှ လွတ်မြောက်သွား၏။ တစ်ခါတစ်ရံ ကောင်းကင် (၉) သွယ်မှ ပုန်းအောင်းနေသော နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး တစ်ခါတစ်ရံ ပိုးကောင်များကဲ့သို့ ဖြစ်နေသည်။
သူ့ကို ပစ်မှတ်ထားနေသော ကြမ်းတမ်းမိုးကြိုးလှုပ်ရှားခြင်းကောင်းကင်သိုင်းကွက်က ပစ်မှတ်ကို ရှာမတွေ့တော့ပေ။ အမှန်အတိုင်း ပြောရလျှင်တော့ ပစ်မှတ်ကို ဆုံးရှုံးသွားခြင်း မဟုတ်ဘဲ သူ၏အငွေ့အသက်များကို မခံစားမိတော့ခြင်း ဖြစ်သည်။
ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်း ကောင်းကင်သိုင်းကွက်ကို သုံးလိုက်ပြီး ကောင်းကင်ပြစ်ဒဏ်ဓားကို အသက်သွင်းလိုက်ခြင်းက ဝေ့ကျင်းအဆင့် စွမ်းအားများနှင့် ညီမျှသည်။ သို့သော် မုန့်ချီက ဝေ့ကျင်းအဆင့်ကို မရောက်သေးပေ။ သူက ထိုသိုင်းကွက်ကို ထိန်းချုပ်ရန် အရည်အချင်း မီရုံလေးသာ ရှိသည်။
ထို့ကြောင့်လည်း စွမ်းအားများက အိမ်များဆီသို့ ပျံ့နှံ့သွားပြီး တိမ်တိုက်များ ၊ မိုးကြိုးများကလည်း အလွန်ကျယ်ပြန့်သော နယ်မြေကြီးကို လွှမ်းခြုံသွားခဲ့ခြင်း ဖြစ်သည်။ မုန့်ချီက ကျန်းဟန်ချွန်၏ နေရာ တိတိကျကျကို ပစ်မှတ်ထားရန် မအောင်မြင်ခဲ့ချေ။
သူ၏လက်ရှိအခြေအနေနှင့် ခန္ဓာကိုယ် လှုပ်ရှားမှုများကြောင့် သူ့ကို ဖမ်းဆီးရန် ခက်ခဲနေသည်။ ကျဆင်းလာသော ဓားရှည်နှင့် ခရမ်းရောင် မိုးကြိုးစက်ဝိုင်းကြီးက အလွန်ကြောက်စရာ ကောင်းလွန်းလှသည့်အတွက် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပုံရသည်။
ထိုအချိန်တွင် ကျန်းဟန်ချွန်က အရှေ့ဘက်မှ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်၏။ သို့သော် ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင်သိုင်းကွက်နှင့် ကောင်းကင်ပြစ်ဒဏ်ဓားတို့က အလွန်ကြောက်စရာ ကောင်းလွန်းလှသည့်အတွက် ရှောင်တိမ်းရုံနှင့် မလုံလောက်သေးပေ။
သူက ညာလက်ဝါးကို တွန်းထုတ်လိုက်ပြီး ဓားကို ဘေးဘက်သို့ အစွမ်းကုန် ဖယ်ရှားလိုက်သည်။
မုန့်ချီ၏မျက်လုံးထဲတွင်တော့ ကျန်းဟန်ချွန်၏ ညာလက်ဝါးက အလွန်အမင်းကို ကြီးမားလာပြီး လက် (၅) ချောင်းကလည်း ရှည်ထွက်လာခဲ့သည်။ ထိုအရာက လက်ဝါးသိုင်းကွက်များစွာ ပြောင်းလဲနေသလို ထင်မှတ်ရသည်။ ရုတ်တရက်ဆိုသလို သူက လက် (၅) ချောင်းကို ဆုပ်လိုက်၏။
ပြောင်းလဲမှုများ အားလုံးက လက်သီးအနှစ်သာရများအဖြစ် ပေါင်းစပ်သွားခဲ့ပြီး လက်သီးတစ်လုံးအဖြစ် စုစည်းလာခဲ့သည်။ ထိုအရာက အလွန်အံ့ဩဖွယ် ကောင်းနေခဲ့သည်။ လက်သီးက ခရမ်းရောင်မိုးကြိုးစက်ဝိုင်းကို တိုက်ခိုက်မိတော့မည့် အချိန်တွင် ကျန်းဟန်ချွန်က လက်သီးမှနေ၍ လက်ညှိုးအဖြစ် ပြောင်းလဲလိုက်သည်။
အနှစ်သာရများကလည်း တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့ပြီး ထိုအထဲတွင် ပြောင်းလဲမှုအားလုံး ပါဝင်နေခဲ့သည်။ သူက လက်ဝါးမှနေ၍ လက်သီး ၊ လက်သီးမှနေ၍ လက်ညှိုးအဖြစ် တစ်ဆင့်ချင်းဆီ ပြောင်းလဲလာခဲ့ခြင်း ဖြစ်၏။ ထိုပြောင်းလဲမှုများအားလုံးက တသားတည်းဖြစ်နေသလို ထင်မှတ်ရသည်။ ထိုလှုပ်ရှားမှု၏ ပြောင်းလဲမှုများအားလုံးက အရာအားလုံးနှင့် ပေါင်းစပ်နေသလို ထင်မှတ်ရသည်။
"ဖျောက်... "
ကျန်းဟန်ချွန်၏ လက်ညှိုးက ခရမ်းရောင်မိုးကြိုးစက်ဝိုင်း၏ ဘေးဘက်ကို ထိမိသွားပြီး ချက်ချင်းပင် ရေထည့်ထားသော အိတ်တစ်အိတ်ကဲ့သို့ အက်ကွဲသွားခဲ့သည်။ မိုးကြိုးအလင်းတန်းများနှင့် ပြောင်းလဲမှုများ အားလုံးကလည်း တသားတည်း ပေါင်းစပ်သွားခဲ့၏။ ကောင်းကင်ပြစ်ဒဏ်ဓား၏ စွမ်းအားများက ဧရာမ ဒဏ်ရာကြီးတစ်ခုကဲ့သို့ ပေါ်လာခဲ့သည်။
"ပကတိလက်ညှိုး... "
ထိုအရာက ကျန်းဟန်ချွန်၏ လျှို့ဝှက်ထိပ်သီးသိုင်းပညာတစ်ခု ဖြစ်ပြီး သူ့ကို အန္တရာယ်တောထဲမှနေ၍ အကြိမ်ပေါင်းများစွာ ကယ်တင်ပေးခဲ့သည်။
သူက ထိုသိုင်းကွက်ကို မည်သည့်နေရာမှ သင်ယူထားခဲ့ကြောင်း မည်သူမျှ မသိကြပေ။ ထိုအရာက စွန့်စားခန်းတစ်ခုမှ ရလာခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ဖြစ်စေကာမူ သူနှင့်ပတ်သက်ပြီး ယပ်တောင် (၆) လက်ကျောင်းက ကောက်ချက်ပေးလိုက်၏။
"တကယ်လို့သူကသာ အဲဒီသိုင်းကွက်ကို စုစည်းနိုင်မယ်ဆိုရင် အနည်းဆုံး ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ကို ရောက်သွားနိုင်တယ်... "
ကျန်းဟန်ချွန်က သွေးအန်လိုက်ရပြီး နောက်ကို ခြေလှမ်း (၃) လှမ်း ပြန်ဆုတ်လိုက်ရသည်။ မြေပြင်ပေါ်တွင်လည်း နက်ရှိုင်းသော ခြေလှမ်းရာကြီးများ ပေါ်လာခဲ့၏။ ကျေနပ်နေသည့် အမူအရာများလည်း ပျောက်ကွယ်သွားပြီး သူ၏မျက်နှာအမူအရာက ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
သူက သဘာဝတရားကြီးနှင့် ပေါင်းစပ်မှုကို ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ဘဲ လူသားနှင့် ကောင်းကင် တသားတည်း အခြေအနေ မရှိတော့ချေ။ သူက လူသားနှင့်ကောင်းကင် တစ်သားတည်း အခြေအနေကို ပြည့်စုံအောင်လုပ်ရန် အနည်းငယ် လိုအပ်နေသေးသည်။ သို့သော် စွမ်းအားကြီးကြီးမားမား ကုန်ဆုံးခြင်းကလွဲလျှင် သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာမရခဲ့ပေ။
သူက ဆုံးရှုံးမှုမရှိဘဲ သူ၏စွမ်းအားအများစုကို ထိန်းသိမ်းထားနိုင်ခဲ့၏။ သူက နောက်တစ်ကြိမ် ပကတိလက်ညှိုးကိုပင် အသုံးပြုနိုင်သေးသည်။
မုန့်ချီ၏ စိတ်ဝိညာဉ်စွမ်းအား တစ်စိတ်တစ်ပိုင်းက ကုန်ဆုံးသွားခဲ့၏။ သူ၏ချီစွမ်းအင်များက အထွဋ်အထိပ်တွင် ရှိနေသော်လည်း ပင်ပန်းနေသလို ခံစားရသည်။
သို့သော် စွန့်လွှတ်ခြင်းကျင့်စဉ်၏ အကျိုးသက်ရောက်မှုက သိပ်မကြာသည့်အတွက် သူ့အခြေအနေက ကျန်းဟန်ချွန်ထက် ပို၍ဆိုးရွားနေခဲ့သည်။ သို့သော် အစွမ်းကုန် တိုက်ခိုက်လိုက်သော ဓားကွက်ကြောင့် သူက အသက်ရှင်ရန် အခွင့်အရေးတစ်ခု ရသွားခဲ့သည်။
ကျန်းဟန်ချွန်က နောက်ဆုတ်သွားသည့်အချိန်တွင် သူက ရှေ့သို့ လိုက်တော့မယောင် မြေပြင်ကို ခြေထောက်နှင့် အားစိုက်နင်းလိုက်သည်။ အမှန်အတိုင်း ပြောရလျှင်တော့ သူက နောက်ပြန်ဆုတ်သွားခြင်း ဖြစ်၏။ သူက အပျက်အစီးများကို ဖြတ်ကျော်ပြီး မီးခိုးငွေများကဲ့သို့ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။
မိုးရေစက်များက ဆက်၍ ကျဆင်းနေသေးပြီး အနက်ရောင်တိမ်တိုက်များက ရှင်းလင်းသွားခြင်း မရှိသေးပေ။ အမှောင်ထဲတွင် မုန့်ချီ၏အရိပ်က ပုံရိပ်ယောင် တစ်ခုကဲ့သို့ ဖြစ်နေ၏။ သူက တခြားပညာရှင်များ ရောက်မလာခင် ထိုနေရာမှ ထွက်သွားခဲ့သည်။
ကျန်းဟန်ချွန်က နေရာတွင် ရပ်နေပြီး အေးစက်စွာ နှာခေါင်းရှုံ့၍ လက်ဖဝါးနှင့် ရိုက်ချလိုက်၏။ သူက ညာလက်ဝါးနှင့် ရိုက်ချလိုက်ပြီးနောက် ဘယ်လက်ဝါးနှင့် ထပ်မံရိုက်ချလိုက်သည်။ လက်ဝါး (၂) ချက်၏စွမ်းအားက အလွန်လျင်မြန်သော အရှိန်နှင့် မုန့်ချီဆီကို ရောက်သွားခဲ့၏။ သူတို့က ကောင်းကင်ကြီးကို ဖြတ်ကျော်လာပြီး မုန့်ချီ၏ နောက်ကျောကို ရိုက်မိသွားသည်။
မုန့်ချီ၏နောက်ကျောတွင် ရှိနေသော အဝတ်အစားများက ပျက်စီးသွားခဲ့၏။ ချပ်ဝတ်အင်္ကျီဆီမှ အသံများလည်း ထွက်ပေါ်လာပြီး ရွှေရောင် အလင်းတန်းများကလည်း နောက်တစ်ကြိမ် မှေးမှိန်သွားသည်။
သို့သော် သူကတော့ ရပ်တန့်နေခြင်း မရှိဘဲ ပို၍ပင် လျင်မြန်စွာ ထွက်ခွာသွား၏။ လက်ဝါးစွမ်းအားနှင့် လေသိုင်း၏ အကူအညီကြောင့် သူက ကျင်းမြစ်ထဲသို့ အလွန်လျင်မြန်စွာ ကျသွားခဲ့သည်။
ကျန်းဟန်ချွန်က မုန့်ချီ၏နောက်သို့ လိုက်ချင်နေသော်လည်း မုန့်ချီက သူ၏တိုက်ခိုက်မှုကို အခွင့်ကောင်းယူပြီး ကိုယ်ဖော့ပညာနှင့် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
သူက အနက်ရောင်တိမ်တိုက်များကြောင့် ဖြစ်ပေါ်နေသော အမှောင်ထုကြီးနှင့် သည်းထန်စွာ ရွာသွန်းနေသော မိုးများကိုသာ တွေ့နေရသည်။
"ဗွမ်း... "
မြစ်ထဲတွင် အသံတစ်သံ ကြားလိုက်ရပြီး တခြားမည်သည့်အသံမျှ ထွက်ပေါ်မလာတော့ပေ။
သည်းထန်စွာ ရွာသွန်းနေသော မိုးများလည်း ရပ်တန့်သွားပြီး လျှပ်စီးကြောင်းများ ပျောက်ကွယ်သွားသည်။ အနက်ရောင်တိမ်တိုက်များလည်း ရှင်းလင်းသွားပြီး လမင်းကြီး ထွက်ပေါ်လာခဲ့၏။
လှိုင်းလုံးများ ပျောက်ကွယ်သွားသည့်အချိန်တွင် အေးစက်နေသော လရောင်က မြစ်ထဲတွင် ဖြာကျနေခဲ့သည်။ မုန့်ချီမရှိတော့သော မြစ်ပြင်ကြီးက တလက်လက်တောက်ပပြီး ငြိမ်းအေးနေခဲ့၏။
…………
ကျင်းမြစ်၏ရေစီးကြောင်းကို ဆန့်ကျင်ပြီး မုန့်ချီက အထက်သို့ ကူးလာခဲ့သည်။ ကျန်းဟန်ချွန်က သူ့နောက်ကို လိုက်လာမှာ စိုးသည့်အတွက် သူက အကြိမ်ပေါင်းများစွာ လမ်းကြောင်း ပြောင်းနေခဲ့ရ၏။
ခဏကြာပြီးနောက် စွန့်လွှတ်ခြင်းကျင့်စဉ်၏ အကျိုးသက်ရောက်မှုက ကုန်ဆုံးသွားခဲ့ပြီး သူလည်း ခွန်အားမရှိတော့သည့်အတွက် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။ သူက ချီစွမ်းအင်များကြောင့်သာ အနည်းငယ် ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်၏။
ထိုအချိန်တွင် မြစ်ထဲ၌ သူ့ဆီသို့ ဦးတည်လာသော လှေကြီးတစ်စီးကို တွေ့လိုက်ရသည်။ သူက လှေဝမ်းဗိုက်ကြားတွင် ရှိနေသော အဟလေးကိုဆုပ်ကိုင်ပြီး အရိပ်ထဲတွင် ပုန်းအောင်းနေခဲ့သည်။
ထို့နောက် ဆေးလုံးတစ်လုံးကိုသောက်လိုက်ပြီး ရန်သူများကို ရှောင်တိမ်း၍ ချီစွမ်းအင်များကို လှည့်ပတ်နေခဲ့သည်။ ခဏကြာ အနားယူပြီးနောက် မုန့်ချီက စိတ်အေးသွားသလို ခံစားလိုက်ရ၏။ သူက အလွန်အန္တရာယ်များသော ဒဏ်ရာမှ သက်သာလာသလို ခံစားနေရသည်။ ကျန်းဟန်ချွန်က ယခုအချိန်ထိ မှီမလာသေးသည့်အတွက် သူ့နောက်ကို လိုက်မလာနိုင်တော့ပေ။
ကျန်းဟန်ချွန် တည်ငြိမ်သွားသည့်အချိန်တွင် အခြေအနေကို သေသေချာချာ နားလည်ရန် အခက်အခဲ မရှိနိုင်ပေ။ ထိုအချိန်ကျမှသာ မုန့်ချီက သူ့ကို ရှင်းပြနိုင်ပါလိမ့်မည်။
ထိုကဲ့သို့ အဆင့်မျိုး ရောက်နိုင်သော တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အတွက် ကျန်းဟန်ချွန်က ခွန်အားကိုသာ အားကိုးနေသော လူတစ်ယောက် မဟုတ်ချေ။ သူက တစ်ခါတစ်ရံ ဒေါသကြောင့် စိတ်မထိန်းနိုင် ဖြစ်သွားသော်လည်း ထိုကဲ့သို့ အမြဲတမ်းဖြစ်နေရမည်ဆိုလျှင် သေသွားသည်မှာ ကြာလောက်ပါပြီ။
"ဒေါက် .. ဒေါက် .. ဒေါက်... "
ရုတ်တရက်ဆိုသလို မုန့်ချီ၏အနောက်ဘက်တွင် ရှိနေသော သင်္ဘောပျဉ်ပြားဆီမှ ခေါက်သံတစ်ခု ထွက်လာခဲ့သည်။ သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး လက်ထဲတွင် သံသရာတံဆိပ်ကို ကိုင်ထား၏။ သူက အသက်ရှုသံကို ထိန်းချုပ်ပြီး စကားသံကို စောင့်နေခဲ့သည်။
"သခင်လေး…
အပြင်ဘက်မှာ ဘာအန္တရာယ်မှ မရှိတော့ပါဘူး..။ ဂိုဏ်းတူအစ်မကြီးက အခန်းထဲမှာ သခင်လေးကိုတွေ့ဖို့ စောင့်နေပါတယ်... "
အတွင်းဘက်မှနေ၍ အသက်ငယ်ငယ် မိန်းကလေးတစ်ယောက်၏ စကားသံကို ကြားလိုက်ရသည်။
မုန့်ချီက ဇဝေဇဝါဖြစ်သွားပြီး သူမကို မေးလိုက်၏။
"ငါက မင်းရဲ့ဂိုဏ်းတူအစ်မကြီးနဲ့ သိလို့လား...။ ဒါမှမဟုတ် သူက ငါ့ကိုသိလို့လား... "
"မဟုတ်ပါဘူး..။ ကျွန်မတို့က ဒီနေရာမှာ အချင်းချင်းတွေ့ဖို့ ရေစက်ပါလာပြီးသားလို့ ဂိုဏ်းတူအစ်မကြီးက ပြောတယ်... "
မိန်းကလေးက အလေးအနက် ရှင်းပြလိုက်သည်။
"တော်တော်ထူးဆန်းတာပဲ …"
မုန့်ချီက အံကြိတ်ပြီး စဉ်းစားလိုက်မိ၏။
လက်ရှိ သူ့ဆီတွင် စွမ်းအား (၁၀)ပုံ (၁) ပုံပင် မရှိသေးပေ။ သူက အန္တရာယ်များသော အခြေအနေတွင် သံသရာတံဆိပ်ကိုသာ အားကိုးနိုင်၏။ ထို့ကြောင့် သူက ခုခံ၍ မရနိုင်သလို အစီအစဉ်လည်း မရှိသေးပေ။ အနည်းဆုံးတော့ လက်ရှိအခြေအနေတွင် သူတို့က ရန်လိုနေခြင်း မရှိချေ။
သိပ်မကြာခင် လှေပေါ်မှ ကြိုးလှေကားတစ်ခု ကျလာခဲ့၏။ မုန့်ချီက ပင့်သက်ရှိုက်လိုက်ပြီး ကြိုးလှေကားပေါ်သို့ လျင်မြန်စွာ တွယ်တက်သွားခဲ့သည်။ သူ့ရှေ့တွင်တော့ မိန်းကလေးတစ်ယောက်ရှိနေပြီး အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည်။ သူမက သွက်လက်ဖျတ်လတ်ပြီး သဘောကောင်းပုံရ၏။
"ငါက မင်းကို ဘယ်လိုခေါ်ရမလဲ... "
မုန့်ချီက အချိန်ဆွဲရန် ကြိုးစားပြီး ပြောလိုက်သည်။
မိန်းကလေးငယ်လေးက အပြုံးနှင့် ပြောလိုက်၏။
"မိန်းကလေးတစ်ယောက်ရဲ့နာမည်ကို ဘာလို့အလွယ်တကူ ပြောပြရမှာလဲ... ။ ကျွန်မနောက်ကနေသာ မြန်မြန်လိုက်ခဲ့ပါ... ။ ဂိုဏ်းတူအစ်မကြီးက ရှင့်ကိုစောင့်နေတယ်... "
"မင်းတို့က ဘယ်ဂိုဏ်းကလဲ... "
မုန့်ချီ မေးလိုက်သည့်အချိန်တွင် သူမ၏ နှုတ်ခမ်းလေးများက လှုပ်ရှားသွား၏။ သူမက ဂိုဏ်းတူအစ်မကြီးဟု ခေါ်နေသည့်အတွက် သူတို့က ဂိုဏ်းတစ်ခုမှ ရောက်လာသည်မှာ သေချာသည်။
"ကျွန်မလည်းမသိဘူး... "
ထိုမိန်းကလေးက ရပ်ပြီး ဆက်ပြောလိုက်၏။
"အဲဒါက ကိစ္စမရှိဘူးလို့ ကျွန်မတို့ဆရာက ပြောခဲ့ဖူးတယ်... "
Translated by Hein Htet.