အခန်း (၂၇၉)
Vol. 19 Ch. 279
"ဂိုဏ်းနာမည်က ကိစ္စမရှိဘူးဆိုရင် ဘာက ကိစ္စရှိတာလဲ… "
မုန့်ချီက တစ်ယောက်တည်း တွေးလိုက်မိသည်။ သို့သော် သူက လက်ရှိအချိန်တွင် တခြားလူတစ်ယောက်၏ သင်္ဘောပေါ်သို့ ရောက်နေခြင်းဖြစ်သည့်အတွက် မမေးသင့်သည်အရာကို မမေးခြင်းက ပိုကောင်း၏။
သူက မိန်းကလေး၏ နောက်မှနေ၍ အခန်းကြီးတစ်ခုထဲသို့ တိတ်တဆိတ် လိုက်လာခဲ့သည်။ ထိုအခန်းထဲတွင် ပန်းချီကားများ ၊ ပန်းထိုးသည့်ပစ္စည်းများနှင့် စာပေ ပစ္စည်းများ ပြည့်နှက်နေသည်။ အတွင်းထဲတွင် စန္ဒကူးရနံ့များ လွှမ်းခြုံနေသည့်အတွက် အလွန်တိတ်ဆိတ်ငြိမ်ချမ်းသော နယ်မြေတစ်ခုကို ရောက်နေသလို ခံစားရသည်။
ထိုမိန်းကလေးက စားပွဲခုံ၏ နောက်တွင် ထိုင်နေသော အရပ်ရှည်ရှည်မိန်းမပျိုကို တလေးတစား ဦးညွတ်ပြီး ပြောလိုက်၏။
"ဂိုဏ်းတူအစ်မကြီး … သခင်လေးကို ခေါ်လာခဲ့ပါပြီ…"
ထိုမိန်းမပျိုက အသက် (၂၀)ဝန်းကျင်သာ ရှိသေး၏။ သူမက အနီရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး သူမ၏ဆံနွယ်များကိုတော့ ဆံထုံး ထုံးထားခဲ့သည်။ သူမ၏ ပုံစံက အနည်းငယ် အေးစက်သော်လည်း အဆင့်အတန်း မြင့်သည်။ ခံစားချက်ကင်းမဲ့သော နတ်ဘုရားမ တစ်ပါးကဲ့သို့ ခံစားရ၏။
မုန့်ချီက အခန်းထဲသို့ ဝင်လာခဲ့သည့် အချိန်တွင် သူမက စာရေးနေခဲ့သည်။ သူမ ရေးသားလိုက်သော စကားလုံးတိုင်းက သူမ၏ ပုံစံနှင့် တူညီနေသည်။ ယန္တရားဆန်ခြင်း ၊ ခံစားချက်ကင်းမဲ့ခြင်းနှင့် အေးစက်ခြင်း စသည့်အရာများ ဖြစ်သည်။
"လူတစ်ယောက်က သမိုင်းမှတ်တမ်းထဲကို ပြန်သွားတဲ့အချိန်မှာ မသေချာမှုတွေ ကြုံတွေ့နိုင်တယ်။ ကုန်လွန်သွားတဲ့ တစ်နှစ်ဆီတိုင်း အပြာရောင်ကောင်းကင်ကြီးပေါ်မှာ ညှိုးခြောက်နေတဲ့ မြက်ပင်တွေ ပြည့်နှက်နေတယ်။ ရှေးအချိန်မှာ အသက်ရှင်သန်လာခဲ့ပြီးနောက် လွင့်မျောနေတဲ့ တိမ်တိုက် တစ်သောင်းကျော်က လက်ရှိအချိန်ကို ရောက်လာခဲ့တယ်။ ကုန်ဆုံးသွားတဲ့ အချိန်ကာလကတော့ လူသားတစ်ယောက်ရဲ့ ခံစားချက်တွေကို စွန့်ပစ်လိုက်နိုင်တယ်."
မိန်းကလေးက အခန်းထဲသို့ ရောက်လာခဲ့သည့်အချိန်တွင် သူမက စာရေးခြင်း ပြီးဆုံးသွားခဲ့သည်။ စကားလုံးတိုင်းက စုတ်ချက်များ ထင်းနေသည့်အတွက် သူမ၏ ထိန်းချုပ်နိုင်စွမ်းကို ပြသနေ၏။
"ဒါက မိန်းကလေးရဲ့ ကဗျာလား … "
မုန့်ချီက အေးအေးဆေးဆေး မေးလိုက်သည်။
မိန်းမပျိုက ခေါင်းညိတ်ပြလိုက်၏။
"ဒါက ကျွန်မရဲ့လက်ရာလို့ သတ်မှတ်နိုင်ပါတယ်…"
"ကိုယ်ပိုင်လက်ရာတစ်ခုရှိတာ တော်တော်လေးကို ကောင်းတာပဲ။ ငါ့ဆီမှာတော့ အဲဒီလို စွမ်းရည်မျိုးမရှိတာ အရမ်းဆိုးလွန်းတယ်…"
သူက တည်ငြိမ်စွာ မေးလိုက်၏။
"ငါ့နာမည်က စုမုန့်ပါ။ ဘာလို့ မိန်းကလေးက ငါ့ကို ခေါ်လိုက်ရတာလဲ။ ငါက မိန်းကလေးကို ဘယ်လိုခေါ်ရမလဲ…"
မိန်းမပျိုက ပြုံးလိုက်သည်။ သူမ၏ အပြုံးလေးက ကျောက်ဆစ်ရုပ်တုတစ်ခုပမာ ခံစားလိုက်ရ၏။ သူမက ယဉ်ယဉ်ကျေကျေး ပြုမူလိုက်သည်ကိုပင် ခံစားချက် တစ်စုံတစ်ရာမျှ ပါဝင်နေခြင်း မရှိချေ။
"ယွဲ့ကျိချင် … "
သူမက တိုးတိုးလေး ဖြေလိုက်ပြီး ညာလက်ကို ဝှေ့ယမ်းလိုက်၏။
"ကျေးဇူးပြုပြီး ထိုင်ပါဦး … "
သူတို့က ထိုင်ခုံတွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။
ရေနွေးနှစ်ခွက် ချပေးလိုက်ပြီးနောက် မိန်းကလေးက ထွက်သွားခဲ့၏။
"ကျေးဇူးပြုပြီး ရေနွေး သောက်လိုက်ပါဦး … "
သူမက ဧည့်သည်တစ်ယောက်ကို လက်ခံသည့်အချိန်တွင်ပင် တိကျသော စည်းမျဉ်းများအတိုင်း ပြုမူနေပုံရသည်။
မုန့်ချီက ရေနွေးခွက်ကို ယူပြီး သောက်ကြည့်လိုက်၏။ ထိုအခါ မွှေးပျံ့သော ရနံ့တစ်ခုက နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။ ထိုရနံ့ကို ရှုရှိုက်ကြည့်လိုက်ပြီးနောက် ဆိုးဆိုးရွားရွား ထိခိုက်နေသော ဒဏ်ရာများက သက်သာသွားခဲ့ပြီး သွေးစီးဆင်းမှုများ ကောင်းမွန်လာသလို ခံစားလိုက်ရသည်။
"တကယ့်ကို လက်ဖက်ရည်ကောင်းပဲ…"
သူက မနေနိုင်တော့ဘဲ ချီးကျူးလိုက်မိသည်။
ရေနွေးထဲတွင် အဆိပ်မရှိကြောင်းလည်း သေချာသွားခဲ့၏။ သူက တခြားအရာများကိုတော့ ဂရုမစိုက်ပေ။ မည်သို့ဖြစ်စေကာမူ သူ့လက်ထဲတွင် အချိန်မရွေး ဖျက်ဆီးပစ်နိုင်သော သံသရာတံဆိပ် ရှိနေ၏။
သူမက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ဒါကို အချိန်လက်ဖက်ရည်လို့ခေါ်တယ်…"
သူက လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်၏။ လည်ချောင်းထဲသို့ ရောက်လာပြီးနောက် ခွန်အားကုန်ဆုံးခြင်း ၊ သွေးအဆီအနှစ် ဆုံးရှုံးခြင်းနှင့် မသက်မသာ ခံစားနေရသည့် အခြေအနေများ အားလုံးက နေရောင်အောက်တွင် အရည်ပျော်ကျသွားသော နှင်းများကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ထိုလက်ဖက်ရည်က စွမ်းအားပြန်ဖြည့်ဆေးကဲ့သို့ ကောင်းမွန်ခြင်း မရှိသော်လည်း ဆေးပင်တစ်ရာ ဆေးလုံးထက် အဆပေါင်းများစွာ ပို၍ ကောင်းမွန်နေသည်။ ဧည့်သည်ကို ဧည့်ခံသော မိန်းမပျို၏ နည်းလမ်းကြောင့် မုန့်ချီက အလွန်အံ့ဩသွားခဲ့သည်။
ယွဲ့ကျိချင်ကတော့ နေရာတွင် ထိုင်နေပြီး နတ်သမီးရုပ်တုတစ်ခုကဲ့သို့ မုန့်ချီကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေခဲ့သည်။ မုန့်ချီ ရေနွေးသောက်ပြီးသွားသည့် အချိန်မှသာ သူမလည်း ရေနွေး တစ်ငုံသောက်လိုက်ပြီး တည့်တည့်သာ မေးလိုက်သည်။
"သခင်လေးစု …
သခင်လေးစုဆီမှာ ဗုဒ္ဓအထွဋ်အမြတ် ပစ္စည်းတစ်ခုခု ရှိနေလား … "
သူမက ထိုအရာကို ခံစားမိနေသည့်အတွက် မုန့်ချီက ပင့်သက်ရှိုက်လိုက်မိသည်။ သူမက သူ့ကို လှေပေါ်သို့ ဖိတ်ခေါ်ပြီး ထိုကဲ့သို့ ကောင်းမွန်သော လက်ဖက်ရည်နှင့် ဧည့်ခံသည်မှာ ဗုဒ္ဓမီးအိမ်လေးကြောင့်ပေလော …။
သူက ပြန်မဖြေရသေးခင် သူမက ထပ်ပြောလိုက်၏။
"အဲဒါက ဗုဒ္ဓမီးအိမ်တစ်ခု ဖြစ်မယ်ထင်တယ်…"
သူက မျက်မှောင်ကြုတ်လိုက်မိပြီး ရင်ဘတ်ရှေ့တွင် ချိတ်ထားသော ဗုဒ္ဓမီးအိမ်လေးကို လျင်မြန်စွာ ဖြုတ်ပြလိုက်သည်။
"မိန်းကလေးက ဒီပစ္စည်းကို ရင်းနှီးနေတာလား … "
"တကယ့်ကို ဗုဒ္ဓမီးအိမ်ပါလား…"
သူမက ဝမ်းသာပျော်ရွှင်သွားခဲ့သည်။ ထိုအချိန်တွင် သူမ၏ ခံစားချက်များက တည်ငြိမ်နေခြင်း မရှိချေ။
"ကျွန်မတို့ရဲ့ဘိုးဘေးက ဗုဒ္ဓလမ်းစဉ် ဘိုးဘေးတစ်ယောက်ပဲ။ သူက မထင်မှတ်ထားတဲ့ ကံကြမ္မာတစ်ခုကို ကြုံတွေ့ခဲ့ရတယ်…"
သူတို့ဆီတွင် မထင်မှတ်ထားသော ကံတရားများ ရှိနေသည့်အတွက် သူကိုယ်တိုင်ပင် အလွန်အံ့ဩသွားခဲ့ရသည်။ အကယ်၍ တခြားသော ကိစ္စများသာ မရှိလျှင် ထိုမိန်းမပျို၏ ဘိုးဘေးက အနည်းဆုံး ဓမ္မကာရပညာရှင်တစ်ယောက်ဖြစ်နိုင်သည်။
ယွဲ့ကျိချင်က သူမ၏အိတ်ထဲမှနေ၍ အပြာဖျော့ရောင် မီးအိမ်လေး တစ်ခုကို ထုတ်လိုက်သည်။ ထိုမီးအိမ်လေးဆီမှ အလင်းရောင်များ ထွက်ပေါ်လာနေပြီး တည်ငြိမ်အေးချမ်းသော ခံစားမှုတစ်ခု ပေးနိုင်သည်။
"ကျွန်မတို့ရဲ့ ဘိုးဘေးက ထိပ်တန်းပစ္စည်းတွေနဲ့ ဗုဒ္ဓမီးအိမ်လေးကို ဖန်တီးပြီးသွားတဲ့ အချိန်မှာ သူ့အတွက်လည်း တစ်ခု ဖန်တီးထားခဲ့တယ်။ အဲဒါကိုတော့ အဆင်ပြေသလို ဖန်တီးထားခဲ့တာ ဖြစ်တဲ့အတွက် သခင်လေးစုရဲ့ မီးအိမ်ကိုတော့ မယှဉ်နိုင်ဘူးပေါ့။ ဒါပေမဲ့ နောက်ထပ်မီးအိမ်တစ်ခု အနားရောက်လာပြီဆိုရင် တုန့်ပြန့်နိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်တစ်ခု အဲဒီမီးအိမ်လေးမှာ ရှိတယ်…"
"ဒါကြောင့်ကိုး … "
မုန့်ချီက စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။ ကြည့်ရသည်မှာ သူ၏ ဗုဒ္ဓမီးအိမ်လေးက တုန့်ပြန်မှုမရှိသည်မှာ ပျက်စီးနေခြင်းကြောင့် ဖြစ်နိုင်သည်။
ယွဲ့ကျိချင်က ဆက်ပြောလိုက်၏။
"ကျွန်မတို့ ဘိုးဘေးက ဗုဒ္ဓလမ်းစဉ်ဘိုးဘေးတွေဆီကနေ ကြားခဲ့ဖူးတယ်။ ဗုဒ္ဓဝါဒကသာ ပျက်စီးလာမယ်ဆိုရင် အနာဂတ်မှာ မိစ္ဆာဒိဠိတွေ ပြည့်နှက်လာနိုင်တယ်။ အဲဒီအချိန်ကျရင် ဒီမီးအိမ်လေးက နောက်ဆုံးတစ်ကြိမ် ထွန်းလင်းတောက်ပလာနိုင်ပြီး အစစ်အမှန် ဗုဒ္ဓဝါဒကို လမ်းပြပေးလိမ့်မယ်။ ဒါကြောင့်လည်း ကျွန်မက သခင်လေးကို လှေပေါ်ဖိတ်ခေါ်ပြီး သခင်လေးရဲ့ဒဏ်ရာတွေ ပြန်ကောင်းလာအောင် ရေနွေးတစ်ခွက် ဧည့်ခံခဲ့တာပါ …"
"ဒီမီးအိမ်လေးမှာ ဒီလို လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေမယ်လို့ မထင်ထားဘူး။ ဒါကြောင့်လည်း လော်ဟန့်ကိုယ်တော်က ဖုတ်ကောင်အဖြစ် ပြောင်းသွားတာကိုတောင် စောင့်ရှောက်နေသေးတာပဲ…”
မုန့်ချီက ပြောလိုက်သည်။
"မိန်းကလေးယွဲ့ …
ဒါဆိုရင် မိန်းကလေးကရော ဗုဒ္ဓဘာသာဝင်တစ်ယောက်ပဲလား…"
သူမက ခေါင်းခါပြလိုက်သည်။
"ကျွန်မတို့ ဘိုးဘေးက ဗုဒ္ဓဝါဒကို စွန့်ခွာလာတာ တော်တော်လေးကို ကြာခဲ့ပြီ…. "
သူမက ခဏရပ်ပြီး မေးလိုက်၏။
"သခင်လေးစု …
ဗုဒ္ဓဝါဒရဲ့အနှစ်သာရတွေက ဘယ်နေရာမှာ ရှိလဲဆိုတာသိလား … "
သူက သာမန်လူတစ်ယောက်ဖြစ်နေသော်လည်း ဘုန်းတော်ကြီးတစ်ပါး ဖြစ်ခဲ့သေးသည်။ ထို့ကြောင့် သူက စဉ်းစားမနေဘဲ ပြန်ဖြေလိုက်၏။
"မမြဲခြင်းဆိုတဲ့ တရားပါ…”
“အတိအကျပဲ ။ ဓာတ်ကြီး (၄)ပါးဆိုတာလည်း မမြဲတဲ့အတွက် အရာအားလုံးက အတူတူပဲ။ ကမ္ဘာကြီးဆိုတာကလည်း အစစ်အမှန် မဟုတ်ဘူး။ ဒါကြောင့် ဒုက္ခပင်လယ်ကို ဖြတ်ကျော်နိုင်သွားရင် အရာအားလုံးကို စွန့်လွတ်နိုင်လိမ့်မယ်တဲ့… "
သူမက စဉ်းစားနေသော အမူအရာနှင့် ပြောလိုက်သည်။
"ဒါကြောင့် ဘုန်းတော်ကြီးတိုင်းက ဓမ္မစာပေတွေကို သင်ကြားရပြီး လက်ဝါးသိုင်းကွက်တွေကို လေ့ကျင့်ရတယ်။ ပြီးတော့ ပုံရိပ်ယောင်တွေကို ဖြတ်ကျော်ပြီး ဓမ္မာကာရအဆင့်ကို ကျင့်ကြံရတယ်…”
“ဒါပေမဲ့ အဲဒါက အခြေခံအဆင့်ပဲ ရှိသေးတယ်။ အရာအားလုံးက မမြဲမှတော့ ဓမ္မစာပေတွေနဲ့ ဗုဒ္ဓလက်ဝါးကလည်း မမြဲတော့ဘူးလေ။ တကယ်လို့ အဲဒီအရာတွေကို ထွင်းဖောက်ပြီး မမြင်နိုင်ဘူးဆိုရင် ဆိုးကျိုးတွေ ရှိလာလိမ့်မယ်။ နောက်ဆုံးမှာတော့ လော်ဟန့်လို အခြေအနေမျိုး ကြုံတွေ့ရလိမ့်မယ်။ ဗုဒ္ဓဝါဒမှာတော့ အဲဒါကို တဏှာပယ်သတ်ခြင်းလို့ ခေါ်တယ်…"
ဘုန်းတော်ကြီးတစ်ပါး ဖြစ်ခဲ့ဖူးသော သူနှင့်ယှဉ်လိုက်လျှင် ထိုမိန်းမပျိုက ဓမ္မစာပေများကို ပို၍ သိနေသည့်အတွက် မုန့်ချီက အံ့ဩနေခဲ့သည်။
ထို့နောက် သူမက ခေါင်းစဉ်ပြောင်းပြီး ပြောလိုက်၏။
"ဒါပေမဲ့ ကျွန်မတို့ရဲ့ ဘိုးဘေးကတော့ အဲဒီလို မတွေးခဲ့ဘူး။ ပုံရိပ်ယောင်တွေနဲ့ တည်ရှိမှုတိုင်းရဲ့ နောက်ကွယ်မှာ အကြောင်းပြချက်တစ်ခု ရှိတယ်။ သခင်လေးက သူတို့တွေကို ပုံရိပ်ယောင်တွေလို့ သတ်မှတ်လိုက်တယ်ဆိုတာ အမှန်တကယ် ရှာမတွေ့လို့ ဖြစ်နိုင်တယ်။ ဒါဆိုရင်တော့ သခင်လေးက လမ်းမှားကို ရောက်သွားပြီပဲ”
“သခင်လေးစု …
သခင်လေးက ပုံရိပ်ယောင်တွေ ကြုံတွေ့ဖူးတယ် မဟုတ်လား။ သူတို့တွေက ဘယ်နေရာကနေ ရောက်လာတာလဲ…”
“ဝိညာဉ်တွေက အာရုံခံအင်္ဂါတွေကို နှောင့်ယှက်ပြီး စိတ်ဝိညာဉ်ကို လွှမ်းမိုးတယ်။ ဝိညာဉ်တွေဆိုတာ အစစ်အမှန် မဟုတ်ဘူး။ ဒါပေမဲ့ တကယ် တည်ရှိနေတယ်လေ။ သူတို့က ပင်မဝိညာဉ်ထဲမှာ အမြစ်တွယ်နေတယ်။ ပင်မဝိညာဉ်ဆိုတာက ထာဝရ ရှိနေတယ်။ ဒါပေမဲ့ အဲဒါကလည်း တခြားပစ္စည်းတွေလို ပုံစံတစ်မျိုးပဲ…”
“အကျိုးတရားနဲ့ အကြောင်းတရား ၊ ကံနှင့်သံသရာ ။ သူတို့တွေကို လူသားတွေက စကားလုံးအနေနဲ့ပဲ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ နားလည်နိုင်ဖို့အတွက် တိကျတဲ့အရာတွေ မရှိလို့ပဲ။ ပင်မဝိညာဉ်ဆိုတာက ပစ္စည်းတစ်ခုပဲ။ ဒါကြောင့် ဝိညာဉ်ကလည်း အတူတူပဲ။ သူတို့တွေကလည်း ကျောက်တုံးတွေ ၊ တောင်တန်းတွေနဲ့ ပင်လယ်ရေတွေလို ဘာမှကွဲပြားမှုမရှိဘူး။ အရာအားလုံးမှာ ပစ္စည်းတွေ ရှိတယ်။ ဒါက စကြဝဠာနဲ့ ကမ္ဘာကြီးအပေါ် ကျွန်မတို့ ဘိုးဘေး နားလည်ထားတဲ့ အရာပဲ… "
သူမက ဆက်ပြောလိုက်သည်။
သူမက လက်မြှောက်ပြီး တစ်စုံတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။ မုန့်ချီက သူမ လက်ညှိုးထိုးပြလိုက်သည့်နေရာကို လှမ်းကြည့်လိုက်ရာ စကားလုံးများကို မြင်လိုက်ရသည်။
"အစစ်အမှန်နဲ့ ပုံရိပ်ယောင်မဟုတ်သော … "
“ဒီလိုရှုပ်ထွေးတဲ့ အတွေးအခေါ်တွေကြောင့်လည်း ဒီမိန်းကလေးရဲ့ ဘိုးဘေးက ဗုဒ္ဓလမ်းစဉ်ကနေ ထွက်လာခဲ့တာပဲ…”
နောက်ဆုံးတွင်တော့ မည်သည့်အရာများဖြစ်နေကြောင်း မုန့်ချီက နားလည်သွားခဲ့သည်။ ရိုးရိုးသားသား ပြောရမည်ဆိုလျှင် ဘိုးဘေး၏ အတွေးက သူနှင့် အတော်လေးကို နီးစပ်နေသည်။
ထို့နောက် သူက စကားတစ်ခွန်းမျှ မပြောရသေးခင် ယွဲ့ကျိချင်က သူ့ကို ထွက်သွားရန် တောင်းဆိုလိုက်၏။
"ကျွန်မပြောချင်တာ အဲဒါပါပဲ။ ကျေးဇူးပြုပြီး ထွက်သွားပါတော့ သခင်လေး စု … "
မုန့်ချီက အလွန်ရှုပ်ထွေးနေခဲ့ပြီး နားမလည်နိုင်ဖြစ်နေသည်။ သူမက သူ့ကို ရေနွေးသောက်ရန်နှင့် သူမ၏ပြောဆိုမှုများကို နားထောင်ရန်သာ ဤနေရာသို့ ခေါ်လိုက်ခြင်းပေလော။
သူက ထွက်သွားလိုက်သည့်အချိန်တွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးကို မေးလိုက်သည်။
"မိန်းကလေးယွဲ့က အမြဲတမ်းဒီလိုပုံစံပဲလား။ သူက အဆုံးမရှိ အစမရှိ လုပ်တတ်တာလား … "
မိန်းကလေးက မချိပြုံး ပြုံးပြီး ပြောလိုက်သည်။
"ဂိုဏ်းတူအစ်မကြီးက တခြားလူတွေကို သင်ကြားပေးရတာမျိုး သဘောကျတယ်လေ "
"ဪ … အဲဒီလိုလား … "
သူက ဘာပြောနိုင်ဦးမည်နည်း။
မည်သို့ဖြစ်စေကာမူ သူက အချိန်ရေနွေးတစ်ခွက် သောက်လိုက်ပြီးနောက် အတော်လေး ပြန်ကောင်းလာခဲ့သည်။ သူက စွမ်းအားအမြင့်ဆုံး အခြေအနေကို ချက်ချင်း ပြန်မရောက်သေးသော်လည်း အားနည်းနေသော အခြေအနေနှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ အတော်လေး ပိုကောင်းသွားသည်။
လှေပေါ်မှ ဆင်းလာပြီးနောက် သူက ကမ်းစပ်သို့ ကူးသွားခဲ့၏။ သူက သူ၏အဆင့်အတန်းကို ဖုံးကွယ်ပြီး ယပ်တောင် (၆)လက် ကျောင်း၏ လျှို့ဝှက်သတင်းပေးအဖြစ် ပြဿနာများမှ ရှောင်ပုန်းရန် စဉ်းစားထားခဲ့သည်။
ထိုအချိန်တွင် အလွန်သာယာငြိမ့်ညောင်းသော စောင်းသံတစ်ခုကို ကြားလိုက်ရ၏။ သူက ပြန်လှည့်ကြည့်လိုက်ရာ မြစ်ကမ်းစပ်တွင် ရှိနေသော တောင်ကုန်းတစ်ခုပေါ်တွင် စံအိမ်တစ်လုံးကို မြင်လိုက်ရသည်။
ထိုနေရာတွင် အဖြူရင်ဝတ်စုံဝတ်ထားသော သခင်လေးတစ်ယောက် ထိုင်နေခဲ့၏။ သူ့အနားတွင်တော့ စန္ဒကူးပင်များ ရှိသည်။ သူ့နောက်တွင်တော့ ကျားကွက်ခုံတစ်ခု ကိုင်ထားသော အစေခံမိန်းကလေး တစ်ယောက်ရှိသည်။
ထိုသခင်လေးက မိန်းကလေးတစ်ယောက်သဖွယ် ချောမောလှပ၏။ သူ၏ အသားအရည်က နာမကျန်းဖြစ်နေသူ တစ်ယောက်ကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ သူ့ဆီမှ အန္တရာယ် အငွေ့အသက်များ မရှိချေ။
သို့သော် မုန့်ချီကတော့ အလွန်စိုးရိမ်သွားခဲ့ပြီး လည်ချောင်းထဲတွင် ခြောက်ကပ်ကပ်ဖြစ်သွားသလို ခံစားလိုက်ရ၏။
"ဘာလို့ အသက်ထိန်းသိမ်းသူက ဒီနေရာမှာ ရှိနေရတာလဲ။ ဒါက သူဆင်ထားတဲ့ ထောင်ချောက်တစ်ခုလား…"
"ကျွန်မတို့ သခင်လေးက သခင်လေးစုကို စကားပြောဖို့ ဖိတ်ခေါ်နေပါတယ်…"
အစေခံမိန်းကလေးက ကျယ်လောင်စွာ အော်ပြောလိုက်၏။
မုန့်ချီက ခဏကြာ စဉ်းစားနေခဲ့ပြီး သံသရာတံဆိပ်ကို ကိုင်၍ တောင်ပေါ်ကို တက်သွားခဲ့သည်။ သူက ရင်းနှီးမှုမရှိသော်လည်း ဝမ်စစ်ယွမ်၏ ရှေ့တွင် ထိုင်ချလိုက်သည်။
"ဒါက မင်း ဆင်ထားတဲ့ ထောင်ချောက်လား … "
ဝမ်စစ်ယွမ်က စောင်းတီးနေခြင်းကို ရပ်တန့်လိုက်ပြီး ချောင်းဟန့်လိုက်သည်။
"တကယ်လို့ ငါ ဆင်ထားတဲ့ ထောင်ချောက်သာဆိုရင် မင်းက သေနေလောက်ပြီ.."
သူက အစေခံ မိန်းကလေးဆီမှ လက်ကိုင်ပုဝါတစ်ထည်ကို ယူလိုက်ပြီး ပါးစပ်ကို သုတ်လိုက်သည်။
"မင်းက ထောင်ချောက်ထဲ ကျသွားတဲ့အပေါ် ဘယ်လိုတွေးမိနေလဲ.."
မုန့်ချီက တွေဝေစွာ ပြောလိုက်၏။
"ဒီထောင်ချောက်က ငါ့ရဲ့အကျင့်စရိုက် အပေါ်အခြေခံပြီး ဖန်တီးထားသလို ထင်ရတယ်။ ငါက မြန်မြန်ဆန်ဆန်နဲ့ တည့်တိုးပဲ လုပ်တတ်တယ်။ ပြီးတော့ ငါက အလစ်ချောင်း တိုက်ခိုက်မှုတွေကိုလည်း ကျွမ်းကျင်တယ်။ အဆုံးမှာတော့ ဒါတွေအားလုံးက ငါ့ကို ထောင်ချောက်ထဲ ရောက်သွားစေခဲ့တာပဲ…"
သူက ယီမြို့ထဲတွင် ရှိနေသော ထန်မိသားစု၏ကိစ္စများကို ကိုင်တွယ်ဖြေရှင်းခဲ့သည့် အချိန်တွင် ထိုအရည်အချင်းများ အားလုံးကို ကောင်းမွန်စွာ အသုံးချခဲ့သည်။ သို့သော် လုပ်ရပ်တစ်ခုက အကျင့်စရိုက်ဖြစ်လာပြီဆိုလျှင် လူတကာ သိသွားနိုင်သော အားနည်းချက်တစ်ခု ဖြစ်လာနိုင်၏။
"မင်းက ဒီအတောအတွင်း ထူးဆန်းတဲ့အရာတစ်ခုကိုမှ သတိမထားမိခဲ့ဘူးလား.."
ဝမ်စစ်ယွမ်ကတော့ မုန့်ချီ၏အဖြေနှင့် ပတ်သက်ပြီး ကောင်းသည်ဆိုးသည် မပြောခဲ့ပေ။
မုန့်ချီက အံကြိတ်လိုက်၏။
"ငါက ဆိုင်ရှင်ရဲ့ပါးစပ်ထဲမှာ စာရွက်လိပ်ကလေးကို တွေ့တဲ့အချိန် နည်းနည်းတော့ သံသယဝင်နေမိတယ်…"
ထိုအခြေအနေက အတော်လေး ရင်းနှီးသလို ဖြစ်နေသည်။
"ဒါပေမဲ့ ငါက ပန်းကြည့်ဥယျာဉ်ကို မြန်မြန်ဆန်ဆန် ရောက်သွားနိုင်တယ်လို့ တွေးခဲ့မိတယ်လေ။ ဘာမှမဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ငါက သူတို့ရဲ့အစီအစဉ်ကို နှောင့်ယှက်ပြီး တကယ့်အစစ်အမှန် သဲလွန်စတွေကို အရင်တွေ့နိုင်တယ်။ မဟုတ်ရင် သူတို့တွေက ငါ့ကို ချုံခိုတိုက်ခိုက်ပြီး နာမည်ဖျက်ဖို့အတွက် အချိန်ပေးလိုက်သလို ဖြစ်သွားနိုင်တယ်…”
“တကယ်လို့ သူတို့က အစီအစဉ်ကို စနစ်တကျ စီစဉ်ထားမယ်ဆိုရင်တောင် ဟာကွက်တစ်ခု ရှိလာတာနဲ့ အစီအစဉ်က ပျက်စီးသွားမှာပဲ။ အဲဒီလို အစီအစဉ်မျိုးကို နှောင့်ယှက်ဖို့က အရမ်းလွယ်တယ်။ ဒါကြောင့် ငါကိုယ်တိုင် ထောင်ချောက်မိသွားတဲ့ အချိန်မှာ ငါက အံ့ဩသွားခဲ့တာ။ ကြည့်ရတာ ငါ့နောက်ကို အစွမ်းထက်တဲ့ ပညာရှင်တွေ လိုက်နေသလိုပဲ…''
မုန့်ချီက သူ၏ အခြေအနေကို သုံးသပ်ပြီး ပြောလိုက်သည်။
"ပြီးတော့ ဒီထောင်ခြောက်မှာ ဆက်သွယ်မှု (၃) ခု ရှိနေတယ်။ ငါက နည်းနည်းတော့ သံသယဝင်နေမိတယ်။ ဒါပေမဲ့ အဲဒါတွေက သိပ်ပြီး မကြီးဘူး။ အခေါင်းဆိုင်မှာ ရှိတဲ့ လူတွေ အသတ်ခံရတာက ကျိုးကြောင်းဆီလျော်မှုရှိတယ်။ ဘယ်သူကမှ သံသယ မဝင်ဘူး။ ငါက သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ မူမမှန်တဲ့ သဲလွန်စတစ်ချို့ကို တွေ့ခဲ့တယ်။ အဲဒါကလည်း သာမန်ပဲ။ တကယ်လို့ ငါကသာ နောက်ထပ် ချိတ်ဆက်မှုတစ်ခုနဲ့ သဲလွန်စတွေကို တွေ့ရမယ်ဆိုရင်တော့ သေချာပေါက် သံသယ ဝင်မိမှာပဲ…"
ဝမ်စစ်ယွမ်က မှတ်ချက်မပေးဘဲ တိတ်တဆိတ် နားထောင်နေခဲ့သည်။ မုန့်ချီ ပြောပြီးသွားသည့်အချိန်တွင် သူက အပြုံးနှင့် ပြောလိုက်၏။
"မင်းရဲ့လုပ်ရပ်တွေ သံသယတွေက ဘယ်လောက်ပဲ ရှိရှိ နောက်ဆုံးရလဒ်က ပြောင်းသွားမှာ မဟုတ်ဘူးလို့ ငါပြောရင် မင်းက ယုံမှာလား … "
"ဘယ်လို … ဘာကြောင့်လဲ … "
မုန့်ချီက ဖြေရမည့်အစား ပြန်မေးလိုက်မိသည်။
ဝမ်စစ်ယွမ်က ချောင်းဟန့်ပြီး ပြောလိုက်၏။
"ပြည့်စုံမှုမရှိဘဲ အပြန်အလှန် ချိတ်ဆက်မှုတွေကို အားကိုးနေတဲ့ ထောင်ချောက်မျိုးကတော့ အလွယ်တကူ ဖျက်ဆီးလို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းလဲမှုတွေ အများကြီး ရှိနိုင်တယ်လေ။ ငါ့ကို လူတွေက အသက်ထိန်းသိမ်းသူလို့ နာမည်ပေးထားတယ်။ ဒါပေမဲ့ ငါကတော့ လူတစ်ယောက်ရဲ့ စိတ်ကို ဖတ်နိုင်ပါတယ်လို့ လုံးဝမပြောရဲဘူး။ ဒါပေမဲ့ ဒီလိုထောင်ချောက်တစ်ခုကို ရင်ဆိုင်ဖို့ကတော့ ပြဿနာမရှိပါဘူး…”
“မင်းရဲ့အမှားကတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့အတွက် သူတို့ရဲ့ အစစ်အမှန် ရည်ရွယ်ချက်ကို လျစ်လျူရှုခဲ့မိတာပဲ။ ဒါကြောင့်ပဲ မင်းက တကယ့်အစစ်အမှန် ထောင်ခြောက်ကို ရှာမတွေ့နိုင်တာ။ ဒီလိုအခြေအနေမျိုးမှာ မင်းက ကိုယ့်ကိုယ်ကိုယ် ဖယ်ထုတ်လိုက်ဖို့ လိုအပ်တယ်။ ဒါကြောင့် ဒီထောင်ချောက်က ပြည့်စုံမှုမရှိပေမဲ့ အောင်မြင်သွားခဲ့တာ။ ဒီထောင်ချောက်ကို ခန့်မှန်းလို့ မရနိုင်ဘူးဆိုတာ တွေ့သွားတဲ့ အချိန်ကျရင်တော့ မင်းက သူ့ရဲ့နောက်ကွယ်မှာရှိတဲ့ အစစ်အမှန် ထောင်ချောက်ကို တွေ့ရလိမ့်မယ်။ ဘာလို့ မင်းရဲ့ ရန်သူက မင်းကို အလွယ်တကူ ထောင်ချောက်ဆင်နိုင်ရတာလဲ… "
Translated by Hein Htet