အခန်း (၂၈၀)
Vol. 19 Ch. 280
မုန့်ချီက တိတ်ဆိတ်သွားခဲ့ပြီး ထိုအကြောင်းကို စဉ်းစားနေခဲ့သည်။ သူက မည်သို့ တုံ့ပြန်စေကာမူ တူညီသော ရလဒ်သာ ထွက်လာနိုင်မည့် အစစ်အမှန် ထောက်ချောက်မျိုးက မည်ကဲ့သို့သော အရာပေနည်း။ သူက မည်သည့်အဓိက အချက်ကို တိတိကျကျ လွဲချော်သွားခဲ့သနည်း။
ဝမ်စစ်ယွမ်က မုန့်ချီကို စဉ်းစားရန် အချိန်မပေးခဲ့ပေ။ သူက အေးစက်သောအမူအရာနှင့် ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။
"လှည့်ကွက်တွေ ထောက်ချောက်တွေနဲ့ ပတ်သက်လာရင် မင်းက သူတို့တွေကို တခြား ရှုထောင့်တစ်ခုကနေ ကြည့်လို့ရတယ်။ သူတို့တွေ တည်ရှိနေရတဲ့ အကြောင်းပြချက်က ကြိုတင်တွက်ချက်မှုအပေါ် အခြေခံထားတာ။ ဒီလိုလှည့်ကွက်တွေ ၊ ထောင်ချောက်တွေ ဖန်တီးထားခဲ့တဲ့ လူတွေက မင်းကို အကွက်ဆင်နိုင်ပါမယ်လို့ သေချာပေါက် တွက်ထားလို့ မရနိုင်ဘူး။ အဲဒါက စွမ်းအားကွဲပြားမှု ဒါမှမဟုတ် သူတို့ အသာစီးရနိုင်မှုနဲ့ တစ်စုံတစ်ခုကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်…”
“ဥပမာအနေနဲ့ပြောရင် တကယ်လို့ ငါသာ မင်းကို သတ်ချင်နေမယ်ဆိုရင် ဒီလိုထောင်ချောက်တွေဆင်ဖို့ မလိုအပ်ဘူး။ ငါက မိသားစုထဲမှာရှိတဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကို ရှာပြီး မင်းကို အမှောင်ထဲမှာ တိတ်တဆိတ် ရှင်းပစ်လိုက်ဖို့ပဲ လိုအပ်တယ်။ ပြီးရင်တော့ ငါတို့ လှုပ်ရှားခဲ့တဲ့ ခြေရာလက်ရာတွေကို ဖျောက်ပစ်လိုက်ရုံပဲ…”
“အဲဒါက တော်တော်လေးကို ရိုးရှင်းပြီး ကြမ်းတမ်းရက်စက်ပေမဲ့ အကျိုးသက်ရောက်မှု အရှိဆုံး နည်းလမ်းတစ်ခုလို့ ပြောလို့ရတယ်။ ပြီးတော့ ထောင်ချောက်တွေ လှည့်ကွက်တွေထက်လည်း ပိုပြီးတော့ သာတယ်။ တခြားဖြစ်နိုင်ချေတစ်ခုကတော့ သူတို့က မင်းကို ရင်ဆိုင်ရင်း တခြားအရာတွေကိုပါ ရယူဖို့ကြိုးစားနေတာပဲ…"
မုန့်ချီက သဘောတူ ခေါင်းညိတ်ပြလိုက်သည်။
"မင်းရဲ့စကားလုံးတွေက မဆိုးပါဘူး။ ငါလည်း အဲဒါကို စဉ်းစားမိတယ်။ တကယ်လို့ ထောင်ချောက်ထဲမှာ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်သာ ပါဝင်နေမယ်ဆိုရင် ဒီလောက်ထိ ပြဿနာများမှာ မဟုတ်ဘူး။ ငါက အခေါင်းကို ဖွင့်လိုက်တဲ့အချိန်မှာ သူတို့က ငါ့ကို အလစ်ချောင်းပြီး တိုက်ခိုက်လိုက်ရုံပဲ။ ဒါဆိုရင် ပြောင်းလဲမှုတွေ ပေါ်လာနိုင်တဲ့အတွက် လှည့်ကွက်မအောင်မြင်မှာကိုလည်း စိုးရိမ်စရာ မလိုတော့ဘူး..”
“တကယ်လို့ အဲဒါကသာ ငါ့ကို ထိခိုက်စေနိုင်တဲ့ လှည့်ကွက်တစ်ခုဖြစ်မယ်ဆိုရင် ငါက ငါ့ရဲ့နာမည်ကို ရှင်းလင်းဖို့အတွက် နည်းလမ်းတွေ ရှာရတော့မယ်။ ငါ့ဆီမှာတော့ အချိန်ရှိနေတဲ့အတွက် အစစ်အမှန် သဲလွန်စတွေကို ရှာဖွေနိုင်တယ်…"
မုန့်ချီဆီတွင် သူ့နာမည်ကို ရှင်းလင်းနိုင်သော အစိမ်းရောင်လက်ပတ် တံဆိပ် ရှိနေသည်။ သူ့နောက်တွင် နန်းတွင်းနှင့် ယပ်တောင် (၆) လက်ကျောင်း ရှိနေသည့်အတွက် သာမန်သိုင်းပညာရှင်တိုင်းက သူ့ကို ကောင်းမွန်စွာ စကားပြောရမည်ဖြစ်သည်။
သက်သေများ ချပေးထားသော လူသတ်သမားများ၏ အစီအစဉ်တွင် ဟာကွက်များစွာ ရှိနေနိုင်သည်။ ယပ်တောင် (၆) လက်ကျောင်စမှ ဝေ့ကျင်းအဆင့် ပညာရှင်များစွာက ထိုအလောင်းများကို သေချာစစ်ဆေးကြည့်၍ ရနိုင်၏။
"မင်းရဲ့ လက်ရှိအခြေအနေက လုံခြုံတယ်ဆိုတာ ငါလည်း တွက်ချက်မိပါတယ်။ မင်းမှာ မင်းရဲ့နာမည်ကို ရှင်းလင်းနိုင်တဲ့ ပစ္စည်းတစ်ခု ပိုင်ဆိုင်ထားတာပဲ။ ဒါပေမဲ့ မင်းက အဲဒါကို မသုံးချင်တဲ့အတွက် အတတ်နိုင်ဆုံး ထိန်းချုပ်နေတာ။ အဲဒါ ဘာလို့လဲဆိုတာ ငါ့ကို ပြောလို့ရမလား။ ပြီးတော့ အဲဒါက ဘာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား.. "
ဝမ်စစ်ယွမ်က သူ၏ဗျတ်စောင်းကို အစေခံ မိန်းကလေးဆီသို့ ပေးလိုက်သည်။ ထို့နောက် သူက ကျားကွက်ခုံကို နေရာတကျ ပြန်ထားလိုက်၏။
"မင်း မသိတဲ့အရာလည်း ရှိနေသေးတာပဲလား…"
မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"မိုင်တစ်ရာထိတ်လန့်ခြင်းက မဆင်မခြင်လုပ်တတ်တဲ့ လူတစ်ယောက် မဟုတ်ဘူးဆိုတာ ငါယုံတယ်။ သူ စိတ်အေးသွားတာနဲ့ အခြေအနေက တစ်ခုခု လွဲမှားနေတယ်ဆိုတာ ရှာတွေ့သွားနိုင်တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ မခက်ပါဘူး။ ဒါကြောင့် ငါက ငါ့ရဲ့လျှို့ဝှက်ချက်တွေကို စောစောစီးစီး ထုတ်မပြချင်ဘူး… "
ဝေ့ကျင်းအဆင့် ပညာရှင်များ ရှိနေသော မိသားစုတစ်ခု၏ ရှေ့တွင် မုန့်ချီက သူ၏ တရားဝင်တံဆိပ်ကို ပြသလိုခြင်း မရှိချေ။
ဝမ်စစ်ယွမ်က ခေါင်းခါပြလိုက်၏။
"မဟုတ်ဘူး။ အဲဒီပစ္စည်းကို သုံးပြီး မင်းရဲ့နာမည်ကို ရှင်းလင်းတာအပြင် မင်းရဲ့အသက်ကို ထိန်းသိမ်းထားနိုင်တဲ့ တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်။ တကယ်လို့ မင်းက ဝေ့ကျင်းအဆင့် တရားခံမျိုးကို တကယ်တွေ့ရမယ်ဆိုရင်တောင် ကြောက်မှာ မဟုတ်သေးဘူး။ တကယ်လို့ ငါက မင်းကို ရုတ်တရက် တိုက်ခိုက်လိုက်မယ်ဆိုရင်တောင် မင်းမှာ ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ရှိနေသေးတယ်.."
"သူက အဲဒါကို ဘယ်လိုဖော်ထုတ်နိုင်ခဲ့တာလဲ … "
မုန့်ချီက ရင်ထဲတွင် လှုပ်ရှားနေသော ခံစားချက်များကို ဖိနှိပ်လိုက်သည်။
သူက အပြုံးနှင့်ပြောလိုက်၏။
"ငါက အဲဒီကိစ္စတွေကို လူစိမ်းတွေဆီကို ပြောပြဖို့ တကယ်ပဲ အဆင်မပြေဘူး…"
ဝမ်စစ်ယွမ်ကတော့ ထိုအကြောင်းကို ဆက်၍ မပြောတော့ပေ။ သူ၏သုံးသပ်ချက်ကို အတည်ပြုလိုက်ပြီးနောက် သူက ရုတ်တရက် မေးလိုက်သည်။
"မင်းက ပျက်သုဉ်းခြင်းဓားနတ်သမီးနဲ့ မိတ်ဆွေကောင်းတွေပဲ။ ပြီးတော့ မင်းက မိုင်တစ်ရာထိတ်လန့်ခြင်းနဲ့လည်း တိုက်ခိုက်ခဲ့ဖူးတယ်။ သူတို့နှစ်ယောက်မှာ ဘယ်သူကပိုပြီး အစွမ်းထက်တယ်လို့ ထင်သလဲ…"
ယုဟွမ်တောင်ကို သတ်ပစ်ခဲ့သည့်အချိန်တွင် မုန့်ချီနှင့် ကျန်းကျိဝေတို့က ရင်းနှီးစွာ ဆက်ဆံခဲ့ကြသည်။ ထို့ကြောင့် သတ်ဖြတ်ရေးဓားနှင့် ပျက်သုဉ်းခြင်း ဓားနတ်သမီးတို့က မိတ်ဆွေကောင်းများ ဖြစ်ကြကြောင်း လူတိုင်းက သိနေနိုင်သည်။ ထိုအရာက ရှောင်လင်ကျောင်းတော်သို့ သွားခဲ့သော ခရီးစဉ်ကြောင့် ရင်းနှီးခဲ့ခြင်း ဖြစ်မည်ဟုလည်း ယုံကြည်နေကြ၏။
မုန့်ချီက ခဏကြာ စဉ်းစားနေခဲ့သည်။ သူကတော့ ကျန်းကျိဝေ၏ လျှို့ဝှက်ချက်များ ပေါ်မသွားစေရန် စကားလုံးများကို ဂရုတစိုက် ရွေးချယ်နေခဲ့သည်။
"အဆင့်အရ ပြောရမယ်ဆိုရင်တော့ လူသားနဲ့ကောင်းကင် တသားတည်းအဆင့်ကို ရောက်နေတဲ့ ကျန်းဟန်ချွန်က ပိုပြီးတော့ အစွမ်းထက်တယ်။ သူ့ရဲ့အဆင့်က သာမန်တံခါး (၉) ပေါက်အဆင့် ပညာရှင်တွေထက် ပိုပြီး မြင့်မားတယ်လို့ ခံစားရတယ်။ အဲဒါအပြင် သူ့ရဲ့ဝေ့ကျင်းအဆင့် သိုင်းကွက်ကြောင့် လူငယ်မှတ်တမ်းရဲ့ ထိပ်ဆုံး (၁၀)ယောက်ထဲမှာ ရောက်နေတယ်။ ဒီတော့ သူက သူ့ရဲ့နာမည်အတိုင်းပဲ တကယ့်ကို အစွမ်းထက်ပါတယ်…”
“တစ်ဖက်မှာ ကျိဝေရဲ့ဓားသိုင်းပညာက ပြောင်းလဲမှုအဆင့်ကို ရောက်နေပြီ။ သူက အနှစ်သာရတွေကို စတင်ပုံဖော်နေပြီး သူ့ရဲ့ဓားဆန္ဒတွေကို အားဖြည့်ပေးနေတယ်။ တံခါး (၉)ပေါက် ပွင့်သွားပြီဆိုရင် သူလည်း ကောင်းကင်၊ လူသားနဲ့ဓား တသားတည်းအဆင့်ကို ရောက်သွားနိုင်တယ်။ တကယ်လို့ သူ့ရဲ့ဓမ္မကာရအဆင့် သိုင်းကွက်ကို ထည့်ပြီး စဉ်းစားလိုက်မယ်ဆိုရင် သူ့ရဲ့လက်ရှိအဆင့်ကလည်း မထူးဆန်းဘူး…”
“တကယ်လို့ သူတို့နှစ်ယောက်သာ တိုက်ခိုက်လိုက်မယ်ဆိုရင် သူတို့ရဲ့ ကိုယ်ပိုင်အားသာချက်တွေ ၊ အားနည်းချက်တွေအရ ဘယ်သူအနိုင်ရမလဲဆိုတာ အလွယ်တကူ မပြောနိုင်ဘူး၊ ပြီးတော့ သူတို့ရဲ့အခြေအနေ ၊ အရှိန်အဝါနဲ့ သူတို့ရဲ့စိတ်ဝိညာဉ်စွမ်းအား စုစည်းမှုကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေသေးတယ်”
ထိုအချက်တွင်တော့ ကျန်းကျိဝေ၏ ဓားဆန္ဒနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုက အနည်းငယ် ပိုသာကြောင်း မုန့်ချီက သိနေသည်။
"ဒီလိုအမြင်မျိုး ရှိနေတော့ မင်းကလည်း တော်တော်လေး အစွမ်းထက်ရမယ်။ လူငယ်မှတ်တမ်းမှာ မင်းရဲ့လက်ရှိအဆင့်က နည်းနည်းနိမ့်နေတယ်။ ဒါပေမဲ့ မျှော်လင့်ချက် ရှိပါသေးတယ်။ တကယ်လို့ မင်းကသာ တံခါး (၇)ပေါက် တည်ငြိမ်သွားပြီး အတွင်းကမ္ဘာကြီးကို ညှိနှိုင်းလိုက်မယ်ဆိုရင် မင်းရဲ့ဓားပညာက တိုးတက်လာနိုင်ပြီး ထိပ်ဆုံး (၁၀)ယောက်ထဲ ရောက်လာနိုင်တယ်… "
ဝမ်စစ်ယွမ်က ပြောလိုက်သည်။
ထို့နောက် သူက အဓိက အချက်ကို ပြောလိုက်၏။
"အဆုံးမှာတော့ ကျန်းဟန်ချွန်က နည်းနည်းလေး ပိုပြီး အားနည်းနေတယ်။ သူက လူသားနဲ့ကောင်းကင် တသားတည်း အခြေအနေကို အချိန်အကြာကြီး ထိန်းမထားနိုင်ဘူး။ သူက ပြန်လည်သုံးသပ်လိုက်မှပဲ အဲဒီလို မျှော်လင့်ချက်တွေ ရှိလာနိုင်တယ်။ ဒါပေမဲ့ အခုတော့ အဲဒီအရာတွေကလည်း ဖျက်ဆီးခံလိုက်ရပြီ။ ထိပ်ဆုံး (၁၀)ယောက်ထဲမှာ အများဆုံး (၅)ယောက်လောက်က အဲဒီအခြေအနေကို အချိန်အကြာကြီး ထိန်းထားနိုင်ကြတယ်…"
သူက လက် (၅) ချောင်း ထောင်ပြလိုက်သည်။ ထိုအရေအတွက်က မည်မျှနည်းပါးကြောင်း ပြောပြလိုခြင်းလည်း ဖြစ်၏။
မုန့်ချီက ထိုအခြေအနေကို စဉ်းစားနေခဲ့သည်။ ရုတ်တရက် ဆိုသလို သူက နတ်ဆိုးမနှင့် တိုက်ခိုက်ခဲ့သည့်အချိန်ကို စဉ်းစားမိလိုက်၏။ ကူရှောင်စန်းကတော့ သူမ၏ အစစ်အမှန် စွမ်းအားကို လုံးဝ မသုံးခဲ့ပေ။
သူမက တံခါး (၈) ပေါက်အဆင့်သို့ ရောက်ခဲ့သည့်အချိန်တွင် ဓမ္မကာရအဆင့် ထိပ်သီးသိုင်းကွက်ကို အသုံးချပြီး တိုက်ပွဲမှတ်တမ်းများက ထိပ်ဆုံး (၁၀)ယောက်ထဲသို့ ပို့ဆောင်ပေးခဲ့သည်။ သူမကလည်း ထိုအချိန်တွင် လူသားနဲ့ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်ရန် လုံးဝမဖြစ်နိုင်သေးပေ။
သို့သော် သူတို့က တောင် (၃)လုံး မြစ် (၄) သွယ်၌ နောင်တစ်ကြိမ် တွေ့ဆုံခဲ့သည့်အချိန်တွင် သူမက တံခါး (၉) ပေါက် ပွင့်နေပြီဖြစ်သည်။ ထို့ကြောင့် သူမက လူသားနဲ့ကောင်းကင် တသားတည်း အဆင့်ကို ရောက်နေပြီဟု သတ်မှတ်နိုင်၏။ ထိုအရာကို စဉ်းစားမိသည့်အခါ မုန့်ချီ၏ ရင်ထဲ၌ သံသယ တချို့ပေါ်လာခဲ့သည်။
"သခင်လေးဝမ်…
သခင်လေးဝမ်ကလည်း အဲဒီ (၅)ယောက်ထဲမှာ ပါလောက်ပါတယ်။ သခင်လေး ဝမ်က တံခါး (၉)ပေါက် ပွင့်နေတာ (၃)နှစ်နီးပါးရှိနေပြီ။ သခင်လေးရဲ့ လှုပ်ရှားမှုတွေ အားလုံးကလည်း ကမ္ဘာမြေကြီးရဲ့အနှစ်သာရတွေ ပါဝင်နေတယ်။ ဒီလို အခြေအနေကို ရောက်နေမှတော့ ဘာလို့ အဆင့်မတက်သေးတာလဲ…"
ဝမ်စစ်ယွမ်က မုန့်ချီကို ခဏကြာ စိုက်ကြည့်နေပြီး အားရပါးရ ရယ်လိုက်သည်။ သူ၏ ရယ်သံက အလွန်ပြင်းထန်လွန်းလှသည့်အတွက် သူလည်း ချောင်းဆိုးလာခဲ့ပြီး အသက်ပင် ကောင်းကောင်းမရှုနိုင်တော့ပေ။
အစေခံမလေးက ဗျတ်စောင်းကို အောက်သို့ပြန်ချပေးလိုက်ပြီး နောက်ကျောကို ပုတ်ပေးလိုက်၏။ သူမက မုန့်ချီကို စိမ်းစိမ်းကားကား စိုက်ကြည့်လိုက်သည်။
"ငါတို့သခင်လေးကို ဒီလိုအားရပါးရ ရယ်အောင်လုပ်လိုက်တာ နင့်အမှားပဲ…"
မုန့်ချီကတော့ အပြစ်ကင်းစင်သော အပြုံးနှင့် ပြန်စိုက်ကြည့်လိုက်သည်။
"ငါ ပြောတဲ့ စကားမှာ ရယ်စရာပါလို့လား … "
အချိန်တော်တော်ကြာပြီးနောက် ဝမ်စစ်ယွမ်၏ ချောင်းဆိုးမှုက ရပ်တန့်သွားခဲ့၏။ သူ၏ လက်ကိုင်ပုဝါတွင် အနီရောင်သွေးများ ရွှဲနေသည့်အတွက် မုန့်ချီကပင် မှင်တက်သွားခဲ့၏။ အကယ်၍ တစ်နေ့နေ့တွင် ဝမ်စစ်ယွမ်နှင့် တိုက်ခိုက်ရမည်ဆိုလျှင် သူ့ကို ရင်ဆိုင်ရန် အကောင်းဆုံး နည်းလမ်းက ဟာသပြောခြင်းဖြစ်ကြောင်းကိုလည်း မုန့်ချီ၏ ခေါင်းထဲတွင် စဉ်းစားမိလိုက်သည်။
"မင်းက ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်နေတာ တော်တော်လေး ကြာနေပြီ။ ဒါတောင် အကြောင်းပြချက်ကို မသိဘူးလား… "
ဝမ်စစ်ယွမ်က အဖြူရောင်ကျားစေ့လေးတစ်ခုကို ကောက်ယူပြီး ကျားကွက်ခုံပေါ်တွင် တင်လိုက်သည်။
"သေခြင်း ရှင်ခြင်း လျှို့ဝှက်တံခါးကို ဖွင့်တာရယ်၊ ကောင်းကင်နဲ့မြေကြီးကြားထဲမှာရှိတဲ့ တံတားကို ဆက်သွယ်တာရယ် နဲ့ အတွင်းအပြင် ကမ္ဘာကြီးကို စုစည်းတာက အရမ်းအရေးကြီးတယ်။ သူတို့တွေက လေ့ကျင့်မှုအတွက် တကယ့်အစစ်အမှန် အခြေခံတွေပဲ။ ဒီအဆင့်မှာ အလျင်လိုမိတဲ့အတွက် ခြေတစ်လှမ်း မှားသွားပြီဆိုရင် ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မသိနိုင်တော့ဘူး ။ ပြီးတော့ ကိုယ်က ဘယ်လိုကိုယ်တွင်းကမ္ဘာကြီးကို လိုချင်သလဲဆိုတာကို မသိနိုင်တော့ဘူး..”
“တကယ်လို့ ကိုယ်က လူသားနဲ့ ကောင်းကင်တသားတည်းအဆင့်ကို ရောက်နေတဲ့အတွက် အဲဒီအတားအဆီးကို အတင်းအကြပ် ချိုးဖောက်ဖို့ ကြိုးစားလိုက်မယ်ဆိုရင် အခြေခံအုတ်မြစ်က လှုပ်ရှားလာလိမ့်မယ်။ တကယ်လို့ စွမ်းအားနည်းပါးမှုကို ဖြည့်ဆည်းဖို့ ကြိုးစားနိုင်မယ်ဆိုရင်တောင် အဲဒါက တော်တော်လေးကို စွန့်စားရတယ်…”
“ဒီနေ့ကမ္ဘာကြီးထဲမှာ ဝေ့ကျင်းအဆင့် ပညာရှင်တွေ ဘယ်လောက်များများ အဲဒီလို ခံစားနေရသလဲဆိုတာ မပြောတတ်တော့ဘူး။ သူတို့တွေက ဘဝတစ်လျှောက်လုံး နောက်ထပ်အဆင့်တက်ဖို့ အရမ်းခက်ခဲသွားပြီ…"
မုန့်ချီက ကျန်းကျိဝေနှင့် မိတ်ဆွေကောင်းများ ဖြစ်ကြောင်း သူသိနေသည်။ ထို့ကြောင့် သူက သူမဆီမှ အသေးစိတ်မေးမြန်း၍ ရနိုင်၏။ ထို့ကြောင့်လည်း ဝမ်စစ်ယွမ်က သူ့အပေါ် ထိန်ချန်ထားခြင်း မရှိတော့ပေ။
မုန့်ချီက စကားကို လေးလေးနက်နက် နားထောင်နေခဲ့၏။ ယခင်တုန်းကတော့ သူက ဉာဏ်အလင်းပွင့်မှုအဆင့်ကို အလေးထားရန် ကြိုးစားနေရသည့်အတွက် တံခါး (၉)ပေါက် ပွင့်ပြီးသွားလျှင် မည်သည့်အရာများ ဖြစ်လာကြောင်း အသေးစိတ် မသိခဲ့ပေ။ ယခုတော့ သူက ထိုအရာများကို နားလည်သွားခဲ့ရ၏။
ထို့ကြောင့်လည်း သံသရာကမ္ဘာကြီးထဲတွင် သူနှင့်တွေ့ခဲ့ဖူးသော ဓားအင်ပါယာကတော့ သူ၏ ကိုယ်ပိုင်လမ်းကြောင်းနှင့် ဓားအကြောင်းကို စဉ်းစားဆင်ခြင်နေခြင်း ဖြစ်နိုင်သည်။
"အတွင်းနှင့်အပြင်ကမ္ဘာကြီး ပေါင်းစပ်သွားတဲ့အချိန်မှာ အတွင်းကမ္ဘာကြီးက ပိုပြီးထင်ရှားလာလိမ့်မယ်။ လူသားခန္ဓာကိုယ်နဲ့ ပင်မဝိညာဉ်ကလည်း လိုက်လျောညီထွေ ပြောင်းလဲသွားပြီး သူ့ရဲ့စိတ်ဝိညာဉ်က နောက်တစ်ဆင့်ပိုပြီး မြင့်တက်လာနိုင်မယ်။ အဲဒီလူရဲ့ အခြေခံလမ်းကြောင်းကိုလည်း ထုဆစ်နိုင်လိမ့်မယ်။ အဲဒီမှာအချိန်မှာ နောက်ပြန်လှည့်လို့ မရနိုင်တော့ဘူး။ ဒါကြောင့်လည်း နောင်တမဲ့ လျှို့ဝှက်တံခါးလို့လည်း ပြောကြတာပဲလေ … "
ဝမ်စစ်ယွမ်က အနက်ရောင်ကျားစေ့လေးတစ်ခုကို ကျားကွက်ခုံပေါ်သို့ တင်လိုက်ပြီး တစ်ယောက်တည်း ကစားနေခဲ့သည်။
"ဟယ်ကျူး ၊ လော်နတ်ဘုရားမနဲ့ ငါတို့က အဆင့်တွေကို ဖိနှိပ်ထားရတဲ့ အကြောင်းပြချက်ကတော့ ငါတို့ရဲ့ကိုယ်ပိုင်လမ်းကြောင်းကို စဉ်းစားနေကြလို့ပဲ။ ငါတို့ တည်ဆောက်ထားတဲ့ ကိုယ်တွင်းကမ္ဘာကြီးက ခန္ဓာကိုယ် ၊ စိတ်ဝိညာဉ်နဲ့ အကောင်းဆုံး လိုက်ဖက်ညီလာအောင် ညှိနှိုင်းနေကြတာ။ ဒါဆိုရင် ငါတို့က ပြင်ပကမ္ဘာကြီးနဲ့ အစွမ်းထက်ဆုံး တန်ပြန်သက်ရောက်နိုင်ပြီ…”
“ငါတို့ အဆင့်တက်သွားပြီရင်လည်း အောင်မြင်မှှုက အလိုလို ပါလာလိမ့်မယ်။ ငါတို့ရဲ့အခြေခံအုတ်မြစ်ကလည်း တည်ငြိမ်လာနိုင်ပြီး ငါတို့ရဲ့တိုးတက်မှုက ကြောက်ခမန်းလိလိ ဖြစ်လာလိမ့်မယ်…”
နောက်ဆုံးတွင်တော့ မုန့်ချီ၏ သံသယ တစ်ခုက ဖြေရှင်းပြီးသွားခဲ့၏။
"ဒါကြောင့်လည်း လူငယ်မှတ်တမ်းမှာရှိတဲ့ ပညာရှင်တွေက တံခါး (၉)ပေါက်အဆင့်ပဲ ရှိသေးပေမဲ့ ဝေ့ကျင်းတစ်ဝက်အဆင့် စွမ်းအားမျိုး ရှိနေတာပဲ…"
"ငါတို့တွေကို သာမန်လို့ပဲ သတ်မှတ်နိုင်ပါသေးတယ်။ အရင်တုန်းက ကောင်းကင်နတ်ဘုရားဓား ဆရာကြီး စုဝူမင်ကတော့ ကျိကျန်းဓားစံအိမ်က အကြမ်းတမ်းဆုံးနဲ့ အန္တရာယ်အများဆုံး လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်။ သူက အထိုင်သတ်ဖြတ်ရေး ဝင်္ကပါကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ခဲ့တယ်.."
ဝမ်စစ်ယွမ်၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး လေးစားမှုတစ်ခုပေါ်လာခဲ့သည်။
သူက ဆက်ပြောလိုက်၏။
"ကျိကျန်းဓားစံအိမ်က သူတို့ရဲ့တပည့်တွေကို ကိုယ်ပိုင်အနှစ်သာရတွေကို ရှာဖွေခိုင်းကြတယ်။ သူတို့တစ်ယောက်ချင်းဆီမှာ အကျိုးကျေးဇူးတွေ ၊ ဆိုးကျိုးတွေ ရှိကြတယ်။ သူတို့ထဲက တစ်ခုကတော့ အထိုင်သတ်ဖြတ်ရေး ဝင်္ကပါပဲ။ လူတစ်ယောက်ကသာ အဲဒါကို အနိုင်ရသွားပြီး အတအဆီးကို ချိုးဖြတ်နိုင်မယ်ဆိုရင် သူ့ရဲ့ဓားစည်းမျဉ်းတွေက ပြည့်စုံလာနိုင်ပြီး အတားအဆီးတွေကို ဖြတ်ကျော်လာနိုင်တယ်။ တကယ်လို့ အဲဒီအရာကို တိုက်ခိုက်ဖို့ ကျရှုံးသွားမယ်ဆိုရင်တော့ လူမသိ သူမသိ အခန်းထဲမှာ တစ်ယောက်တည်း သေဆုံးသွားရလိမ့်မယ်…”
“ကျိကျန်းဓားစံအိမ်ရဲ့ သမိုင်းကြောင်းထဲမှာ အဲဒီဝင်္ကပါကို ချိုးဖြတ်နိုင်တဲ့ လူတွေက လက်ချိုးရေလို့ ရတယ်။ သူတို့အားလုံးက ကြောက်စရာကောင်းတဲ့ ပညာရှင်တွေ ဖြစ်လာရတာပဲ။ အနိမ့်ဆုံးတစ်ယောက်ကတောင် ဓမ္မာကာရတစ်ဝက်အဆင့်ကို ရောက်နေပြီ။ ဆရာကြီးစုဝူမင်က လွန်ခဲ့တဲ့ (၃)နှစ်လောက်မှာ အထိုင်သတ်ဖြတ်ရေးဝင်္ကပါကို ချိုးဖြတ်အောင်မြင်နိုင်ခဲ့တယ်။ သူ့ရဲ့ဓားအလင်းတန်းကလည်း ပျံ့နှံ့သွားပြီး မိုင်ပေါင်းများစွာ အဝေးကနေတောင် မြင်လိုက်ရတယ်။ အဲဒီနောက်မှာတော့ သူက ကောင်းကင်လှေကား (၃)ခုကို အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့တယ်။ (၉)နှစ်အတွင်း သူက ကောင်းကင် (၉)သွယ်အဆင့်ကို ရောက်လာနိုင်တယ်…"
မုန့်ချီက နားထောင်နေရင်း သူ့အတွေးများက အဝေးတွင် လွင့်မျောနေခဲ့သည်။ ယခင်မျိုးဆက်မှ ပညာရှင်များက အမှန်တကယ်ကို လေးစားစရာကောင်းလွန်းလှ၏။
ဝမ်စစ်ယွမ်က ခေါင်းစဉ်ပြောင်းပြီး မေးလိုက်သည်။
"ထောင်ချောက်တွေ လှည့်ကွက်တွေနဲ့ ပတ်သက်ပြီး မင်းရဲ့အတွေ့အကြုံတွေအရ ဘာတွေကို လျစ်လျူရှုခဲ့မိတာလဲ…"
မုန့်ချီက လူတစ်ယောက်၏ အတွေးကို နားလည်ရန် ခက်ခဲနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က နေရာပေါင်းစုံကို သွားလာနေခြင်းကြောင့်ဖြစ်၏။ သူက ခဏရပ်ပြီး ပြန်ဖြေလိုက်သည်။
"အချိန်က တော်တော်လေးကို တိုက်ဆိုင်နေတယ်။ အရင်တုန်းကတော့ ဒီလောက်ထိ တိုက်ဆိုင်နေမယ်လို့ မတွေးခဲ့မိဘူး။ ပညာရှင်တစ်ယောက်က ငါ့နောက်ကနေ လိုက်ပြီး အရာအားလုံးကို အေးအေးဆေးဆေး စီစဉ်နေတယ်လို့ပဲ သံသယဝင်နေခဲ့တာ။ တကယ်လို့ အဲဒီလို ပညာရှင်တစ်ယောက်ဆိုရင်တောင် သူက တိုက်ရိုက်လှုပ်ရှားလို့ မရနိုင်ဘူး။ သူက ပြဿနာတွေအားလုံးကို ဒီလိုဖြေရှင်းဖို့လည်း မလိုအပ်ဘူးလေ..”
“ပြီးတော့ ငါက ပြဿနာတွေကနေ လွတ်မြောက်ဖို့ ကြိုးစားလိုက်မယ်ဆိုရင် သူတို့က အစွမ်းထက်တဲ့ တံခါး (၉) ပေါက်အဆင့် ပညာရှင်တစ်ယောက်နဲ့ ငါ့ကို အလစ်ချောင်းပြီး တိုက်ခိုက်နိုင်သေးတယ်။ ငါက အဲဒါကို သေချာပေါက် ရင်ဆိုင်ရမှာပဲ..”
“ဒါပေမဲ့ အခြေအနေကို ကြည့်ရတာတော့ တည်ငြိမ်ပြီး အေးစက်နေတယ်။ သူတို့က ငါ့ကို သတ်ဖို့ ရည်ရွယ်ချက် မရှိသလို ငါ့ဆီမှာ ဝေ့ကျင်းတစ်ယောက်ကို ယှဉ်နိုင်တဲ့ သိုင်းကွက်တစ်ခု ရှိနေတယ်ဆိုတာလည်း သူတို့က ကြိုပြီးသိမထားဘူး။ ငါက ကျန်းဟန်ချွန်ရဲ့လက်ထဲမှာ သေသွားတာမျိုးလည်း ဖြစ်နိုင်တယ်လေ…"
ဝမ်စစ်ယွမ်က နောက်ထပ် အဖြူရောင်ကျားစေ့လေးတစ်ခုကို ယူပြီး နေရာချလိုက်သည်။ သူက အပြုံးနှင့်ပြောလိုက်၏။
"သမာရိုးကျ မဟုတ်တဲ့အရာတွေနဲ့ ပတ်ဝန်းကျင်နယ်မြေတွေကို အလျင်စလို မဆုံးဖြတ်နဲ့ ။ အဲဒီအရာတွေကို သေချာစဉ်းစားကြည့်လိုက်ပါ။ ဘာလို့ သမာရိုးကျ မဟုတ်ရတာလဲ။ နောက်ကွယ်မှာ သေချာပေါက် အကြောင်းပြချက်တစ်ခု ရှိနိုင်တယ်မဟုတ်လား…”
“ဥပမာအနေနှင့်ပြောရလျှင် ဉာဏ်ကြီးရှင်တစ်ယောက်က မင်းကို သတ်ချင်နေပေမဲ့ အကြောင်းပြချက်တချို့ကြောင့် ထိန်းချုပ်ထားရတယ်။ သူက အဲဒါကို အလျင်စလို မလုပ်ချင်တဲ့အတွက် ဘယ်သူမျှ သံသယမဝင်ဘဲ မင်းကို သာမန်နည်းလမ်းနဲ့ သေစေချင်နေတယ်။ ဒါကြောင့် သူက ကိုယ်တိုင်မလှုပ်ရှားသလို မင်းကို လုပ်ကြံသတ်ဖြတ်ဖို့လည်း မစဉ်းစားထားဘူး။ ဘာလို့လဲဆိုတော့ အဲဒါက တခြားလူတွေကို သတိပေးသလို ဖြစ်သွားနိုင်လို့ပဲ… "
မုန့်ချီက ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။ သူ၏အတွေးက ယုတ္တိရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပြဿနာများအပေါ် ဝမ်စစ်ယွမ်၏ သုံးသပ်မှုများက အမှန်တကယ်ကို ထူးခြားသည်။ သူ့ဆီမှ သင်ယူလျှင်လည်း အကျိုးမယုတ်နိုင်ပေ။
"အဲဒါက အဓိပ္ပါယ်ရှိတယ်…"
ဝမ်စစ်ယွမ်၏စကားကို ခဏကြာ စဉ်းစားပြီးနောက် မုန့်ချီက သဘောတူလိုက်၏။
ဝမ်စစ်ယွမ်က အနက်ရောင်ကျားစေ့လေးတစ်ခုကို ချလိုက်သည်။
"မင်းက အဲဒီနေရာတွေကနေ ပြန်စပြီး သေချာစဉ်းစားလိုက်မယ်ဆိုရင် အကြောင်းပြချက်ကို ဖော်ထုတ်နိုင်ပါလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းက ဉာဏ်ကြီးရှင်ကို ပစ်မှတ်ထားနိုင်ပြီ…"
"သူ ဘယ်သူလဲဆိုတာ သခင်လေးဝမ်က သိနေတာလား…"
မုန့်ချီက တည်ငြိမ်စွာ မေးလိုက်သည်။
"သေချာပေါက်သိတာပေါ့ … "
ဝမ်စစ်ယွမ်၏ မျက်နှာပေါ်တွင် အလွန်နှစ်လိုဖွယ်ရှိသော အပြုံးတစ်ခုပေါ်လာသည်။
"ဒါပေမဲ့ ငါမင်းကို ပြောပြမှာ မဟုတ်ဘူး… "
မုန့်ချီ၏ မျက်နှာက ရှုံ့မဲ့သွားခဲ့၏။
"မင်းရဲ့ ပုံရိပ် … သခင်လေးဝမ် ကိုယ့်ပုံရိပ်ကိုယ် သတိထားပါဦး..”
“ဒါဆိုရင် ဘာလို့ ဒီလိုခွဲခြမ်းစိတ်ဖြာဖို့ ငါ့ကို ကူညီပေးနေရတာလဲ…”
မုန့်ချီက သူ့ကို မေးခွန်းပြန်ထုတ်လိုက်သည်။
ဝမ်စစ်ယွမ်က တည်ငြိမ်သွားပုံရပြီး သူ့ကို တည့်တည့်သာ ပြန်ဖြေလိုက်၏။ "
"ငါက မြောင်လင်ကို ရောက်နေတယ်ဆိုတာ လူတစ်ယောက်က ငါ့ကို စိန်ခေါ်ခဲ့လို့ပဲ။ သူက ဒီနေရာကို ရောက်နေတဲ့ သခင်လေးတွေကို ငါတို့ရဲ့ကျားစေ့လေးတွေအဖြစ် အသုံးချပြီး လှည့်ကွက်၊ ထောင်ချောက်တွေကို ယှဉ်ပြိုင်ချင်နေတာ။ ငါလည်း ဒီအကြံကို အရမ်းသဘောကျတယ်။ ဒါကြောင့် ငါက ရောက်လာခဲ့တာပဲ…”
“မင်းကတော့ ငါတို့ရဲ့ ကျားကွက်ခုံပေါ်က ကျားစေ့လေး တစ်စေ့မဟုတ်ဘူး။ မင်းက ပြောင်းလဲလာတဲ့ လူတစ်ယောက်ပဲ။ ဒါကြောင့် ငါ့ပြိုင်ဘက်က မင်းကို ဖယ်ရှားဖို့ အလျင်အမြန် ကြိုးစားနေတာ။ ငါကတော့ မင်းကို အသုံးချပြီး အခြေအနေကို ရှုပ်ထွေးအောင် လုပ်ချင်နေတာ…"
မြောင်လင်တွင် ရှိနေသော အခြေအနေက တဖြည်းဖြည်းပို၍ ထူးဆန်းလာသည့်အတွက် မုန့်ချီက ပင့်သက်ရှိုက်မိလိုက်၏။ ထို့ကြောင့်လည်း ယပ်တောင် (၆)လက် ကျောင်းကပင် ထိုအရာကို ရှာမတွေ့နိုင်ခြင်းဖြစ်သည်။
"မင်းကို အချက်အလက်တွေ ပြောပြလိုက်လေလေ ငါက အခြေအနေကို ရှုပ်ထွေးအောင် ပိုပြီးလုပ်နိုင်လေလေပဲ…"
ဝမ်စစ်ယွမ်က အနည်းငယ် ရယ်လိုက်မိသည့်အတွက် ချောင်းဆိုးလိုက်မိသည်။
"ဒါပေမဲ့ ငါက မင်းကို ဖော်ထုတ်မှာ မဟုတ်ဘူး။ အဲဒီအရာတွေက ပိုပြီးတော့ ရှုပ်ထွေးလာလေလေ သူတို့တွေက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့လေလေပဲ "
သူ၏ မျက်လုံးတွေက မီးဝင်းဝင်းတောက်နေသလို ထင်မှတ်ရသည်။ သူကတော့ ထိန်းချုပ်မှု မရှိတော့သော အခြေအနေကို အလွန်မြင်ချင်နေပုံရ၏။
"တကယ့်ကို ကြောက်စရာကောင်းတဲ့ အရူးတစ်ယောက်ပဲ … "
ဝမ်စစ်ယွမ်ကို ကြည့်ပြီး မုန့်ချီ၏ ခေါင်းထဲတွင် ထိုကဲ့သို့ အတွေးတစ်ခုသာ ပေါ်လာခဲ့သည်။
Translated by Hein Htet