← Chapters

အခန်း (၂၈၁)

Vol. 19 Ch. 281

အခန်း (၂၈၁)

Vol. 19 Ch. 281

ဝမ်စစ်ယွမ်၏မျက်နှာက ခံစားချက်များ ပြည့်နှက်နေရာမှ အလွန်ထူးခြားသွားသည်ကို မြင်လိုက်ရသည့်အခါ မုန့်ချီက စိတ်ထဲတွင် တွေးလိုက်မိသည်။

"မင်းထိန်းချုပ်လို့ မရတော့တာလား...။ ဒါဆိုရင် စောနတုန်းက ငါရောက်ခဲ့တဲ့ လှေပေါ်က ပညာရှင်ကိုရော ခန့်မှန်းလို့ရလား... "

ဝမ်စစ်ယွမ်က ချောင်းဆိုးလိုက်ပြီး သူ၏ခံစားချက်များကို ဖိနှိပ်လိုက်သည်။ သူက အပြုံးနှင့် ပြန်ဖြေလိုက်၏။

"မင်းက ငါ့ဆီကနေ သူတို့ရဲ့အချက်အလက်တွေကို လိုချင်နေတာလား... "

"ဟား ဟား ဟား ဟား... "

မုန့်ချီက ခြောက်ကပ်စွာ ရယ်လိုက်သည်။ သူကတော့ ထိုအရာကို ဝန်ခံခဲ့ခြင်း မရှိချေ။ အကယ်၍ အကြောင်းအရာ တစ်ခုခုကိုသာ ပြောလိုက်မည်ဆိုလျှင် ဝမ်စစ်ယွမ်က သူတို့ကို ဖော်ထုတ်ပေးနိုင်သည်။

ထိုအရာကို စဉ်းစားနေရင်း ဝမ်စစ်ယွမ်က တုတ်တစ်ချောင်းကို ထုတ်ယူလိုက်သည်။ ထိုအရာက ကျားကွက်ခုံပေါ်သို့ ကျရောက်သွားပြီးနောက် အဖြူရောင်နှင့် အနက်ရောင် ကျားစေ့လေးများက ရောနှောသွားသည်။ ထို့နောက် သူက ကျားစေ့လေးများကို တစ်ခုချင်းဆီကောက်နေပြီး နှုတ်ခမ်းမှနေ၍ တစ်စုံတစ်ခု ရေရွတ်နေခဲ့သည်။

"တိတ်ဆိတ်ငြိမ်သက်နေတယ်... "

သူ၏အသံက တဖြည်းဖြည်း ပို၍ ကျယ်လောင်လာပြီး သူက မုန့်ချီကို စိုက်ကြည့်လိုက်၏။

"မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ငါရှာဖွေနေတဲ့ တစ်စုံတစ်ခု ရှိနေတယ်... "

ခဏကြာ စဉ်းစားပြီးနောက် သူက အပြုံးနှင့် ပြောလိုက်သည်။

"အချိန်လက်ဖက်ရည် …

ငါပြောတာ ဟုတ်တယ်မဟုတ်လား... "

"မင်းက အဲဒါကိုတောင် တွက်ချက်နိုင်တာပဲ …"

မုန့်ချီက ကျောရိုးထဲစိမ့်သွားသလို ခံစားလိုက်ရသည်။

ဝမ်စစ်ယွမ်က အပြုံးနှင့် ပြောလိုက်သည်။

"သူတို့တွေက လှုပ်ရှားမှုရပ်တန့်ခြင်း တောင်တန်းကနေ ရောက်လာကြတာ... "

"လှုပ်ရှားမှုရပ်တန့်ခြင်းတောင်တန်း... ။ ရသေ့ (၆) ယောက်ထဲက တစ်ယောက်ရဲ့ ဆက်ခံသူတွေလား... "

မုန့်ချီက ထိုအကြောင်းကို ရှောင်လင်ကျောင်းတော်ထဲတွင် ဝိုးတဝါး ကြားခဲ့ဖူးသည်။

ဝမ်စစ်ယွမ်က ခေါင်းညိတ်ပြလိုက်၏။

"ကြားရတဲ့သတင်းတွေအရတော့ ဗုဒ္ဓလမ်းစဉ်ဘိုးဘေးတွေက သူတို့ရဲ့ အတွေ့အကြုံတွေကနေ နားလည်လာတဲ့ တာအိုစည်းမျဉ်းတွေကို မပြသရသေးခင် သူနဲ့အတူ ကမ္ဘာမြေကြီးရဲ့စည်းမျဉ်းတွေကို ခွဲခြမ်းစိတ်ဖြာခဲ့တဲ့လူ (၆)ယောက် ရှိခဲ့တယ်..။ နောက်ပိုင်း မတူညီတဲ့စံနှုန်းတွေကြောင့် သူတို့တွေက တဖြည်းဖြည်း ကွဲသွားကြတယ်...”

“ဗုဒ္ဓလမ်းစဉ်မှာတော့ သူတို့ကို ရသေ့ကြီး (၆) ယောက်လို့ ခေါ်ကြတယ်... ။ သူတို့က သူတို့ရဲ့ကိုယ်ပိုင်အယူအဆတွေကို ခေါင်းမာနေခဲ့ကြပေမယ့် ရှေးအချိန်ကတည်းက နာမည်ကျော်အင်အားစုတွေ ဖြစ်ခဲ့ကြတယ်..။ သူတို့ရဲ့ကိုယ်ပိုင်လမ်းစဉ်တွေလည်း ချန်ထားခဲ့ကြတယ်...”

“သူတို့တွေထဲမှာ ကမ္ဘာကြီးထဲမှာရှိတဲ့ အရာဝတ္ထုတိုင်း စစ်မှန်တယ်လို့ တွေးကြတဲ့ လှုပ်ရှားမှုရပ်တန့်ခြင်းတောင်တန်းနဲ့ အရာအားလုံး ကံအပေါ် ယုံကြည်နေကြတဲ့ မကောင်းဆိုးဝါးမဲ့ဂိုဏ်းတွေပါတယ်။ သူတို့ကတော့ သူတို့ရဲ့ကံကြမ္မာကိုပဲ ယုံကြည်ကြတယ်...။ ပြီးတော့ ရင်းမြစ်ထုတ်ဖော်ဂိုဏ်းလို့ခေါ်တဲ့ အဖွဲ့လည်း ရှိသေးတယ်... ။ ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းတစ်ခုချင်းဆီရဲ့အမြင်တွေက အတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်...။ သူတို့တွေက နောက်ပိုင်းမှာ အသုံးဝင်လာနိုင်တယ်ဆိုတော့ သူတို့နဲ့ပတ်သက်ပြီး နားလည်ထားရင် ကောင်းတယ်.."

မုန့်ချီက သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး သေချာစဉ်းစားနေခဲ့သည်။ ထိုသို့ဆိုလျှင် သူက ရသေ့ (၆) ယောက်ထဲမှ တစ်ယောက်၏မျိုးဆက်ကို တွေ့ခဲ့ရခြင်း ဖြစ်၏။ ထို့ကြောင့်လည်း သူက ဗုဒ္ဓလမ်းစဉ်ဘိုးဘေးနှင့် ပတ်သက်နေပြီး ဗုဒ္ဓမီးအိမ်လေးကို မှတ်မိသွားခြင်း ဖြစ်သည်။

သို့သော် သူ၏အပြာဖျော့ရောင် မီးအိမ်လေးကတော့ အနောက်သို့ခရီးသွားခြင်း ကမ္ဘာကြီးထဲမှ ရရှိလာခဲ့ခြင်း ဖြစ်၏။ သူတို့ကို ပင်မကမ္ဘာကြီးထဲတွင် ရှိနေသော ဗုဒ္ဓလမ်းစဉ်ဘိုးဘေးများကသာ မှတ်မိနိုင်သည်။

ဝမ်စစ်ယွမ်က ကျားကွက်ခုံကို ပြန်လှည့်ကြည့်လိုက်၏။

"ရသေ့ (၆) ယောက်ရဲ့မျိုးဆက်တွေက သူတို့ရဲ့ကိုယ်ပိုင်လမ်းကြောင်းတွေကို ရှာဖွေနေကြတယ်... ။ သူတို့က သိုင်းလောကနဲ့ မပတ်သက်ချင်ကြဘူး... ။ ဒါကြောင့် မင်းက သူတို့ကို တွန်းအားမပေးသင့်ဘူး... "

ထို့နောက် သူက ခဏရပ်ပြီး ဆက်ပြောလိုက်သည်။

"အခုတော့ မင်းက ထွက်သွားနိုင်ပြီ ။ မင်းက ကိုယ့်ကိုယ်ကိုယ် တမင်တကာ ဖုံးကွယ်ထားဖို့ မလိုအပ်ဘူး... ။ မနက်ဖြန်ကျရင် မိုင်တစ်ရာထိတ်လန့်ခြင်းက သူ့ရဲ့မဆင်မခြင်လုပ်ရပ်ကို နားလည်လာလိမ့်မယ်..။ သူက တစ်ခုခုလွဲမှားနေတယ်ဆိုတာလည်း ရှာတွေ့သွားလိမ့်မယ်... ။ ဒီတော့ သူက မင်းအကြောင်းကို နားလည်လာပြီး မင်းနဲ့ ပူးပေါင်းလာလိမ့်မယ်... "

ကျန်းဟန်ချွန်က ထာဝရဒေါသထွက်နေမည် မဟုတ်ကြောင်း မုန့်ချီကလည်း ခံစားမိနေသည်။ သူက စိတ်အေးသွားသည်နှင့် အဖြေတစ်ခုကို ရှာဖွေမည်ဖြစ်၏။ သို့သော် ဝမ်စစ်ယွမ်၏ နှုတ်ဖျားမှနေ၍ ထိုစကားလုံးများကို ယုံကြည်ချက်ရှိရှိ ပြောလိုက်ကြောင်း ကြားသည့်အခါ သူက မနေနိုင်ဘဲ မေးလိုက်မိသည်။

"မင်းက ဘယ်လိုလုပ်ပြီး သေချာသိနေရတာလဲ... "

ဝမ်စစ်ယွမ်က ကျားကွက်ခုံပေါ်တွင် နောက်ထပ် ကျားစေ့လေးတစ်စေ့ကိုချပြီး သူ့ကိုကြည့်လိုက်သည်။ ချောမောခန့်ညားသော သူ၏မျက်နှာပေါ်တွင် မာနများ အထင်းသား ပေါ်နေခဲ့၏။

"ဘာလို့လဲဆိုတော့ ငါက အသက်ထိန်းသိမ်းသူဖြစ်လို့ပဲ …"

"ဟူး... ။ ငါက မင်းကို အနိုင်ရတဲ့အချိန်ကျရင် မင်းက အဲဒီလိုပြောနိုင်ဦးမလား ကြည့်ကြသေးတာပေါ့... "

မုန့်ချီက စိတ်ထဲတွင်ကြိတ်၍ တွေးလိုက်မိသည်။

သူက ခဏကြာ အနားယူခဲ့သည့်အတွက် စွမ်းအားအများစုကို ပြန်ရနေခဲ့၏။ မုန့်ချီက မြစ်ကမ်းအတိုင်း ပြန်လျှောက်သွားခဲ့ပြီး တစ်ဖက်တွင် ရှိနေသော အမှောင်ထုကြီးထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ လမ်းမပေါ်တွင် လူပေါင်းများစွာ ရှိနေသေးပြီး သူတို့ကတော့ အရက်သမားများ သို့မဟုတ် လောင်းကစားသမားများသာ ဖြစ်ကြသည်။

မုန့်ချီက ဝမ်စစ်ယွမ်ပြောသလို ကျန်းဟန်ချွန်၏ တောင်းပန်မှုကို စောင့်မနေနိုင်ပေ။ သူကတော့ သူ၏ကိုယ်ပိုင်လမ်းကြောင်းအတိုင်း ပတ်ဝန်းကျင်ကို သတိထား၍ ဦးတည်ရာမဲ့ သွားလာနေခဲ့၏။

သူက မည်သည့်အရာကိုမျှ မတွေ့သည့်အချိန်တွင် ခြံဝန်းအလွတ်တစ်ခုထဲသို့ ဝင်လိုက်ပြီး သူ၏ချီစွမ်းအင်များကို လှည့်ပတ်ရန် နေရာတစ်ခုကို ရှာဖွေနေခဲ့သည်။ ဝမ်စစ်ယွမ်က ရန်သူလား မိတ်ဆွေလား ပြောပြရန် ခက်ခဲ၏။ မုန့်ချီကတော့ သူပြောသည့် အရာအားလုံးကို မယုံကြည်နိုင်ခဲ့ပေ။

အနည်းဆုံးတော့ သူကလည်း ဝမ်စစ်ယွမ်၏ လက်ထဲတွင် ရှိနေသော အရာများကို ပြောင်းလဲနိုင်ခွင့် ရှိနေသေးသည်။ သူ့ကို မည်သူကမျှ အပြစ်မတင်နိုင်ပေ။

ညတာက ရှည်လျားလွန်းလှပြီး အဆုံးမဲ့ဖြစ်နေ၏။ မုန့်ချီကတော့ သူ့ကိုယ်သူ တည်ငြိမ်လာစေရန်သာ ကြိုးစားနေခဲ့သည်။ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်၏ စွမ်းအားပြန်ဖြည့်ပေးမှုနှင့် အချိန်လက်ဖက်ရည်၏ အကူအညီကြောင့် ညဝက်ခန့် ကုန်ဆုံးသွားသည့်အချိန်တွင် သူ၏စွမ်းအားများက လုံးဝ ပြန်ပြည့်လာခဲ့သည်။

ထို့နောက် သူက ဝမ်စစ်ယွမ် ပြောခဲ့သော စကားလုံးများကို စတင် စဉ်းစားနေခဲ့၏။ သူ၏စကားများကို သေချာစဉ်းစားလိုက်ပြီး ပြဿနာအပေါ် သူချည်းကပ်နေသည့် ရှုထောင့်ကို စဉ်းစားကြည့်လိုက်ပြီးနောက် သူက အဓိကအချက် (၃) ချက်ကို ပြောခဲ့ကြောင်း အမှတ်ရသွားခဲ့သည်။

"ဒီနေရာကို ရောက်လာတဲ့ သခင်လေးတွေက အကြောင်းပြချက်မျိုးစုံနဲ့ ရောက်လာကြတာ..။

မင်းကတော့ ငါတို့ရဲ့ကျားကွက်ခုံပေါ်က ကျားစေ့လေးတစ်စေ့မဟုတ်ဘူး... ။ မင်းက အပြောင်းအလဲတစ်ခုပဲ ။

မင်းက ဘယ်လောက်ပဲ သံသယတွေဝင်ဝင် ဘယ်လိုပဲတုံ့ပြန်တုံ့ပြန် နောက်ဆုံးရလဒ်က ပြောင်းလဲမှာ မဟုတ်ဘူး... "

မုန့်ချီက မေးစေ့ကိုပွတ်ပြီး တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။

"ဝမ်စစ်ယွမ်က လှည့်ကွက်တွေ၊ ထောင်ချောက်တွေ ယှဉ်ပြိုင်ဖို့အတွက် စိန်ခေါ်မှုကိုလက်ခံခဲ့တယ်...။ ဒါကြောင့်သူက မြောင်လင်ကိုရောက်လာတာ... ။ ဒါဆိုရင် ကျန်းဟန်ချွန်ကကော ချင်ယုကကော ။ ဒီလိုထောက်ချောက်တွေ ဖန်တီးရတဲ့ အစစ်အမှန်ရည်ရွယ်ချက်က ဘာလဲ... ။ သူက ဒီမှာ ဝမ်စစ်ယွမ်နဲ့ တိုက်ခိုက်ချင်ရုံသက်သက် လုံးဝမဖြစ်နိုင်ဘူး... "

“ဝမ်စစ်ယွမ်ကိုယ်တိုင်က အကြောင်းပြချက်တစ်ခုကြောင့် မြောင်လင်ကိုရောက်လာတဲ့ သခင်လေးတစ်ယောက်ပဲ ။ ဒီတော့ သူကလည်း တခြားလူတွေနဲ့ လုံးဝမကွဲပြားနိုင်ဘူး... ။ ပြောရမယ်ဆိုရင် ဒီနေရာကို ရောက်လာတဲ့သူတိုင်းက ဖိတ်ခေါ်မှုတစ်ခုကို ရထားနိုင်တယ်..။ ငါကတော့ စုံစမ်းဖို့အတွက်ရောက်လာခဲ့တာ..။ ဒါကြောင့် ငါက နွားအုပ်ကြီးထဲကို ရောက်နေတဲ့ ကျွဲတစ်ကောင်လို ဖြစ်နေတယ်...”

“သာမန်လူတွေကတော့ ဒါကိုထူးဆန်းတယ်လို့ ခံစားမိကြမှာမဟုတ်ဘူး..။ ဒါပေမယ့် ဉာဏ်ကြီးရှင်ရဲ့မျက်လုံးထဲမှာတော့ ငါက မျက်စိစပါးမွှေးစူးစရာ ဖြစ်နေတယ်..။ ဒါကြောင့်လည်း ငါ ရောက်ရောက်ချင်း ပစ်မှတ်ထားခံခဲ့ရတာ... ။ ဒါက ချိုးဖေးနဲ့ လုံးဝမဆိုင်ဘူး...”

“အရာအားလုံးက တူညီတဲ့ရလဒ်ကို ဖြစ်လာစေနိုင်တယ်...။ ပြောရမယ်ဆိုရင် ဒီလှည့်ကွက်ထဲမှာ ဖြေရှင်းချက်က ငါမဟုတ်ဘူး... ။ အဲဒါက တခြားလူတစ်ယောက် ဒါမှမဟုတ်... "

အကြိမ်ပေါင်းများစွာ စဉ်းစားကြည့်လိုက်ပြီးနောက် မုန့်ချီက သူ့ဆီတွင် ရှိနေသော ထင်မြင်ချက်များ ၊ ကောက်ချက်များကို တစ်ခုပြီးတစ်ခု ဖယ်ရှားပစ်နေသည်။ နောက်ဆုံးတော့ သူလည်း ခဏအိပ်စက်ရန် ဆုံးဖြတ်လိုက်၏။ ယခုထိ မှောင်နေသေးသည့်အတွက် သူ၏စိတ်ဝိညာဉ်စွမ်းအားများ လျင်မြန်စွာ ပြန်ပြည့်လာရန် လိုအပ်နေသေးသည်။

မိုးလင်းလာသည့်အချိန်တွင် မိုးကုတ်စက်ဝိုင်းမှနေ၍ အနီရောင် နေမင်းကြီး ထွက်ပေါ်လာခဲ့သည်။ နေရောင်ခြည်ကို ခံစားမိသည့်အတွက် မုန့်ချီက လန်းဆန်းလာခဲ့၏။ ညတုန်းက ပင်ပန်းနွမ်းနယ်မှုများကလည်း လုံးဝကို ပျောက်ကွယ်သွားခဲ့သည်။

သူက ခြံဝန်းထဲတွင် ရှာဖွေကြည့်လိုက်ရာ လဲလှယ်ရန် အဝတ်အစားတချို့ကို တွေ့လိုက်ရသည်။ သူက ငွေစအနည်းငယ် ထားခဲ့လိုက်ပြီး ခြံဝန်းထဲမှ ခုန်ထွက်လာခဲ့၏။ ထို့နောက် လမ်းကြားလေး၏ ဝင်ပေါက်ဆီသို့ ချိုးကွေ့လိုက်သည်။

ထိုလမ်းကြားလေး၏ဝင်ပေါက်တွင်တော့ ညောင်ပင်တစ်ခု ရှိနေ၏။ ထိုညောင်ပင်ကြီး၏ သစ်ကိုင်းများက အလွန်ကြီးမားလွန်းလှပြီး သစ်ရွက်များ ပြည့်နေသည်။ အလွန်သိပ်သည်းသော သစ်ရွက်များက နေရောင်ခြည်ကို တားဆီးပေးထားပြီး အလွန်တိတ်ဆိတ် အေးချမ်းသောနေရာတစ်ခု ဖြစ်နေခဲ့သည်။

မုန့်ချီက ညောင်ပင်ကြီးကို ဖြတ်ကျော်လာသည့်အချိန်တွင် ရုတ်တရက် ရပ်လိုက်မိ၏။ ထိုနေရာတွင် ကြီးကြီးမားမား ကိစ္စတော့ မရှိချေ။ သစ်ပင်အနားတွင် ရှိနေသော ခြံဝန်းလေး၏ဝင်ပေါက်တွင် အဘိုးအိုတစ်ယောက် ရှိနေခဲ့၏။

ဆံပင်ဖြူနှင့် အဘိုးက သစ်သားရုပ်တုတစ်ခုကို အာရုံစိုက်၍ ထုဆစ်နေပုံရသည်။ သူ၏ဘယ်လက်ထဲတွင် သစ်ကိုင်းတစ်ခုကို ကိုင်ထားပြီး ညာလက်ထဲတွင် ဆောက်တစ်ခုကို ဆုပ်ကိုင်ထားသည်။ သူကတော့ သေချာအာရုံစိုက်နေပြီး လုံးဝ အာရုံပျံ့လွင့်သွားခြင်း မရှိချေ။ သူ၏ ဆောက်ချက်တိုင်းက အရာအားလုံး ဖြစ်၏။ သူအာရုံစိုက်နေသည့် ပုံစံကြောင့် မုန့်ချီက ရပ်လိုက်မိခြင်း ဖြစ်သည်။

"လူတစ်ယောက်က အလုပ်ကို အာရုံစိုက်နေမယ်ဆိုရင် အဲဒီလူက ဆွဲဆောင်မှုအရှိဆုံးလို့ ပြောကြတယ်... "

သူ့ခေါင်းထဲတွင် ထိုအတွေးတစ်ခု ပေါ်လာခဲ့သည်။

သူက ဆောက်ကို လှုပ်ရှားလိုက်သည့် အချိန်တိုင်း သစ်ခေါက်များက မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့၏။ ဆောက်မှ ထွက်ပေါ်လာသော အသံနှင့် သစ်ခေါက်များ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည့်အသံကို အဝေးမှာပင် ကြားနေရသည်။

ထိုအရာက အလွန်တည်ငြိမ် အေးချမ်းလွန်းလှသည်။ သူ၏စိတ်ဝင်စားမှုနှင့် အာရုံစိုက်မှုကြောင့် မုန့်ချီ၏ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။ မုန့်ချီက တစ်စုံတစ်ခုကို နားလည်သွားခဲ့သော်လည်း အနည်းငယ် လိုအပ်နေသေးသည်။

သူက ဘေးတွင်ရပ်လိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်၏။ သူက အဘိုးအို၏ လှုပ်ရှားမှုကို သေချာစိုက်ကြည့်နေခဲ့ရာ သူက ကမ္ဘာပေါ်တွင် အလှပဆုံး ကဗျာတစ်ပုဒ်ကို ဖန်တီးနေသလို ဖြစ်နေသည်။

အဘိုးက သူ၏ရုပ်ထုကို သေချာအာရုံစိုက်နေပြီး မုန့်ချီကတော့ အဘိုးအို၏လုပ်ရပ်ကို သေချာအာရုံစိုက်နေသည်။ သူတို့က စကားတစ်ခွန်းမျှ မပြောခဲ့ကြပေ။

သူတို့၏ကြားထဲတွင် ပြောပြ၍ မရနိုင်သော တည်ငြိမ်အေးချမ်းမှုတစ်ခု ပျံ့နှံ့လာခဲ့၏။ မုန့်ချီ၏ ရင်ထဲတွင်လည်း ငြိမ်းအေးမှုကို ခံစားလိုက်ရသည်။ ကျန်းယွင်ရှန် ၊ ဖူကျန်းကျန်းနှင့် တခြားလူများ သေဆုံးသွားသည့် အချိန်ကတည်းကစပြီး သူက ဝမ်းနည်းပူဆွေးမှုများ ဖြစ်မလာစေရန် အတင်းအကြပ် ချုပ်နှောင်ထားခဲ့သည်။ ထိုအရာက သူ၏နှလုံးသား အနက်ရှိုင်းဆုံးထဲတွင် ပုန်းအောင်းနေခဲ့၏။

ထိုခံစားချက်များက ဒေါသများ ၊ မဆင်မခြင် လုပ်ရပ်များနှင့် ရောနှောနေပြီး သူ့ကိုအရှင်လတ်လတ် ဝါးမျိုနေခဲ့သည်။ ယခုတော့ သူ၏ဒဏ်ရာများက တဖြည်းဖြည်း ပြန်ကောင်းလာနေခဲ့၏။

ထိုအရာများက လူသားကမ္ဘာကြီးထဲမှ အစစ်အမှန် ငြိမ်းအေးမှုလည်း ဖြစ်သည်။ မုန့်ချီက ရုတ်တရက် နားလည်သွားခဲ့၏။ သူ၏ စိတ်အခြေအနေကလည်း အတော်လေး တိုးတက်သွားသလို ခံစားလိုက်ရသည်။

သူက လွန်ခဲ့သော (၂) လလုံးလုံး မတူညီသော ကိစ္စရပ်များကို ကြုံတွေ့ခဲ့ရ၏။ သူ့ဆီ၌ ထိုအရာများကို ရင်ဆိုင်ဖြေရှင်းနိုင်သည့် စွမ်းရည် ရှိနေပြီး အကျိုးဆက်များ ၊ အဖြေများကို စဉ်းစားနိုင်သည်။ သို့သော် တိကျသော စိတ်အခြေအနေတစ်ခုမှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိချေ။

သူကတော့ ချက်ချင်း အောင်မြင်မှုနှင့် အကျိုးအမြတ်များကိုသာ အလွန်အမင်း လိုချင်နေခဲ့သည်။ သူက ပို၍လျင်မြန်စွာ ရင့်ကျက်လာချင်ခဲ့၏။ သူက နောက်ထပ် အပေါင်းအဖော်များ သေဆုံးမှာကို မမြင်ချင်ခဲ့ပေ။ သူက ပင်မကမ္ဘာကြီးထဲတွင် လိုချင်သော ရလဒ်ကိုရမှသာ သံသရာတာဝန်များကို ပြည့်စုံစွာ လုပ်ဆောင်နိုင်မည်ဟု တွေးထားခဲ့၏။

သူက သံသရာကမ္ဘာကြီးထဲမှ လွတ်မြောက်ပြီး အစ်ကိုကြီးကျန်းနှင့် တခြားလူများကို ပြန်လည် အသက်သွင်းပေးချင်နေသည်။ ထိုအကြောင်းပြချက်များ အားလုံးက သူ့ကို ချက်ချင်းအောင်မြင်မှု လိုချင်လာအောင် တွန်းပို့နေခဲ့၏။

သူက အနောက်သို့ခရီးသွားခြင်း ကမ္ဘာကြီးထဲမှ ထွက်ပေါ်လာသည့် အချိန်ကတည်းကစပြီး သူလုပ်နေသော အရာအားလုံးက အိုးတိုးအမ်းတမ်းဖြစ်နေပြီး သူ့အတွက် သက်သောင့်သက်သာ မရှိခဲ့ပေ။ သူ၏အတွေးက မှားယွင်းနေခြင်း မဟုတ်ဘဲ ထိုအရာက သူ့ဆီတွင် ရှိသင့်သော တွန်းအားတစ်ခု ဖြစ်သည်။ သို့သော် သူ၏ကိုယ်ပိုင် ခံစားချက်များ မဟုတ်ခဲ့ချေ။

ယီမြို့ထဲတွင် ရှိနေသော သခင်လေးယဲ့က သူ့အတွက်သင်ခန်းစာတစ်ခု ဖြစ်သည်။ ထိုအရာက သူဘဝတွင် မဖြစ်မနေ ဖြတ်ကျော်ရမည့် အတားအဆီးတစ်ခု ဖြစ်၏။ မည်သို့ဖြစ်စေကာမူ လိပ်ပြာများက ဥခွံကို ခွဲထွက်ပြီး မွေးဖွားလာရခြင်း ဖြစ်သည်။

မုန့်ချီ၏ မျက်လုံးထဲတွင် မျက်ရည်စများ ထွက်ပေါ်လာခဲ့သည်။ အနောက်သို့ခရီးသွားခြင်း ကမ္ဘာကြီးထဲမှနေ၍ ယခုအချိန်ထိ ထိန်းထားခဲ့သော မျက်ရည် (၂) စက်က ပါးပြင်ပေါ်သို့ ကျဆင်းလာခဲ့၏။ သူ၏မျက်ရည်များနှင့်အတူ အညစ်အကြေးများကလည်း မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

"အစ်ကိုကြီးကျန်း ၊ ကျန်းကျန်း ငါက ကောင်းကောင်းအသက်ရှင်မှာပါ...။ ကျိဝေ.. ငါက နင့်ကိုစိတ်ပျက်အောင် လုပ်မိတော့မလို့ပဲ …"

သူက လေပူများကို မှုတ်ထုတ်လိုက်မိသည်။ ယခု သူ၏စိတ်ပိုင်းဆိုင်ရာက ပို၍သန်မာလာသည့်အတွက် ယခင်တုန်းကလို အလျင်စလို မလုပ်တော့ပေ။ သူက ဘဝအတွေ့အကြုံများ ခံစားရခြင်းမရှိဘဲ အမှန်တကယ် ရင့်ကျက်လိမ့်မည် မဟုတ်ချေ။

ထိုအချိန်တွင် ဆံပင်ဖြူနှင့် အဘိုးအိုက သစ်သားရုပ်တု ထုဆစ်ခြင်း ပြီးဆုံးသွားခဲ့၏။ ထိုအရာက အလွန်ချောမောခန့်ညားသော မိန်းမပျိုတစ်ယောက်၏ရုပ်တု ဖြစ်သည်။ သူမက အဆင့်အတန်းမြင့်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ရာများက အလွန်သိသာထင်ရှားသည်။ ထိုရုပ်တုဆီမှ မွှေးရနံ့တစ်ခုပင် ထွက်ပေါ်လာနေပြီး ထိုအရာက အမှန်တကယ် ကောင်းမွန်သည့် ပန်းပုပညာ ဖြစ်၏။

"လူလေး ဘာဖြစ်လို့လဲ... "

အဘိုးအိုက မုန့်ချီကိုကြည့်ပြီး အံ့သြသွားပုံရသည်။

အဘိုးအိုက အလွန်ရိုးရှင်းပြီး သူ၏မျက်နှာပေါ်တွင် အရေးအကြောင်း အနည်းငယ်ရှိနေသည်။ သို့သော် သေချာအာရုံစိုက်လိုက်မည်ဆိုလျှင် ထိုအရာများအားလုံးက သူ၏ရုပ်ရည်နှင့် အလွန်လိုက်ဖက်နေသည်။

မုန့်ချီက ပြုံးလိုက်၏။

"ဘာမှမဖြစ်ပါဘူး အဘိုး... ။ ကျွန်တော်က အဘိုးကို နှောင့်ယှက်မိရင် တောင်းပန်ပါတယ်... "

သူက စကားမပြောခဲ့သလို ပြောရန်လည်း မလိုတော့ပေ။ မုန့်ချီက ထိုင်နေရာမှနေ၍ ဖြည်းညင်းစွာ ထလိုက်ပြီး လမ်းကျဉ်းလေး၏ ဝင်ပေါက်ဆီမှ စိတ်အေးလက်အေး ထွက်ခွာသွားခဲ့သည်။

အဘိုးအိုက သူ့ကို နောက်ကျောဘက်မှ ခဏရပ်ကြည့်ပြီး ခေါင်းခါလိုက်မိသည်။ ထို့နောက် သူက သစ်တုံးတစ်ခုကိုယူလိုက်ပြီး နောက်တစ်ကြိမ် ထွင်းထုနေပြန်၏။ ထိုအချိန်တွင် နေပျောက်များက ညောင်ပင်ကြီး၏ သစ်ရွက်များကို ဖြတ်ကျော်လာပြီး မြေပြင်ပေါ်တွင် ရွှေရောင်အလင်းစက်များ ပြန့်ကျဲနေသည်။

………….

မုန့်ချီက စုမုန့်အဖြစ် တိုက်ရိုက် ပေါ်မလာတော့ပေ။ သူက သူ၏ရုပ်ရည်ကိုပြောင်းလဲပြီး လူအုပ်ကြီးထဲတွင် ပုန်းကွယ်နေခဲ့၏။ ထောင်ချိုးပေါင်းများစွာကို ချိုးကွေ့လာပြီးနောက် စုတ်တံ ၊ မင်နှင့် စာရွက်များ ရောင်းချသော ဈေးဆိုင်တစ်ဆိုင်ကို ရောက်လာခဲ့သည်။

"ငါက သက်ရှိနဂါးစုတ်တံ (၇) ချောင်းလိုချင်တယ်... "

မုန့်ချီက ထိုဆိုင်၏အနောက်ဘက်သို့ လျှောက်သွားပြီး ဆိုင်ရှင်ကိုမေးလိုက်သည်။

ဆိုင်ရှင်က ခဏကြာမှင်တက်သွား၏။

"အဲဒီစုတ်တံတွေက အထူးဖန်တီးပေးရတာပါ... ။ မိတ်ဆွေက ကြိုပြီးမှာထားလားဆိုတာ သိပါရစေ …"

"မှာထားပါတယ်... "

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။

ဆိုင်ရှင်က ပြုံးလိုက်သည်။

"ကျေးဇူးပြုပြီး မိတ်ဆွေရဲ့တံဆိပ်ကိုပြပါ... "

မုန့်ချီက ဆိုင်ရှင်၏ရှေ့တွင် ဘယ်လက်ကို ထုတ်ပြလိုက်၏။ သူ၏လက်ချောင်းလေးများက ဟနေပြီး အတွင်းထဲတွင် အစိမ်းရောင် တံဆိပ်တစ်ခု ပေါ်နေသည်။ ထို့နောက် သူက လက်ကိုချက်ချင်း ပြန်ရုတ်သိမ်းလိုက်၏။

"ကောင်းပါပြီ ။ ကျေးဇူးပြုပြီး မှာထားတဲ့ပစ္စည်းကိုယူဖို့ အနောက်ဘက်ကို လိုက်ခဲ့ပါ... "

မုန့်ချီက သူ၏ဈေးဝယ်သူ တစ်ယောက်အလား ဆိုင်ရှင်က ဝမ်းသာသွားခဲ့သည်။

မုန့်ချီက ထိုလူ၏အနောက်မှနေ၍ ခြံဝန်းထဲသို့ လိုက်လာခဲ့၏။ သူက စကားတစ်ခွန်းမျှမပြောခဲ့ဘဲ ဆိုင်ရှင် ပြန်ထွက်လာမည့်အချိန်ကို စောင့်နေခဲ့သည်။

ထို့နောက် ဆိုင်ရှင်က မုန့်ချီ၏လက်ထဲသို့ စာရွက်တစ်ထပ်ပေးပြီး ပြောလိုက်သည်။

"အစိမ်းရောင်လက်ပတ် စု …

ဒါက ဆရာတောင်းဆိုထားတဲ့ အချက်အလက်တွေပါ... "

မုန့်ချီက စာရွက်ကိုယူပြီး ဖွင့်ဖတ်ကြည့်လိုက်သည်။ ထိုအရာက သူတောင်းဆိုထားသော အချက်အလက်များ ဖြစ်၏။ ရန်းရှမှ ထွက်မလာခင် သူက လော့ရန်ဌာနချုပ်တွင် တုန်းရန်နတ်ဘုရားများနှင့် ပတ်သက်သော အချက်အလက်များစွာ တောင်းဆိုခဲ့သည်။

ပြောရမည်ဆိုလျှင် သူက တုန်းရန်စံအိမ်နှင့် ပတ်သက်သော အချက်အလက်များကို ရှာဖွေနေခြင်း ဖြစ်၏။ ထိုအရာများက ရှေးဟောင်းအချက်အလက်များ ဖြစ်သည့်အတွက် ထိုအချက်အလက်များကို ရှာဖွေရခြင်းက လွယ်ကူသော အရာတစ်ခု မဟုတ်ချေ။ မုန့်ချီက မြောင်လင်ကိုရောက်ပြီး အချိန်တော်တော်ကြာမှသာ ထိုအချက်အလက်များကို ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုစာရွက်ပေါ်တွင်တော့ တုန်းရန်နတ်ဘုရား၏သက်တမ်း ၊ သိုင်းပညာနှင့် သူသဘောကျသည့် အရာများကို ရေးသားထားသည်။

"တုန်းရန်စံအိမ်က လုံတိုင် ၊ မြောင်လင် ၊ ဒါမှမဟုတ် တရှင်နယ်မြေတို့မှာ ရှိနေနိုင်တယ်... "

မုန့်ချီ၏ နှုတ်ခမ်းပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာသည်။

သူက ထိုစာရွက်များကို အနားတွင် ရှိနေသော မီးဖိုထဲသို့ ပစ်ထည့်လိုက်ပြီး အဝတ်အစားများကို ပြန်လည်ပြင်ဆင်လိုက်၏။ ထို့နောက် ဟန်ဆောင်သည့်အနေနှင့် စုတ်တံအနည်းငယ်ကိုင်သွားပြီး ဆိုင်ထဲမှ ထွက်ခွာသွားခဲ့သည်။

မီးတောက်များက စာရွက်များကို လောဘတကြီး ဝါးမျိုသွားခဲ့ပြီး တခဏအတွင်း ပြာမှုန့်များ ဖြစ်သွားခဲ့၏။ နောက်ဆုံးတွင်တော့ မြောင်လင်နှင့် အနီးတစ်ဝိုက်တွင် ဖြစ်ပျက်နေသော ပဟေဠိတစ်ခုကို တွေ့လိုက်ရပါပြီ။

Translated by Hein Htet.

All Chapters