← Chapters

အခန်း (၂၈၄)

Vol. 19 Ch. 284

အခန်း (၂၈၄)

Vol. 19 Ch. 284

ပန်းဝါ လမ်းကြားလေးထဲတွင် …

လက်သမားလီက သစ်သားတံဆိပ် အထုပ်နှစ်ထုပ်ကို သယ်ပြီး အိမ်သို့ လျှောက်လာနေခဲ့သည်။

သူက အိမ်တံခါးရှေ့တွင် ရပ်နေသည့် ခပ်ချောချော အနက်ဝတ် လူငယ်လေးကို မြင်လိုက်ရသည့်အချိန်တွင် ပြန်မေးလိုက်၏။

"သခင်လေး … ဘယ်သူ့ကို ရှာနေတာလဲ…"

မုန့်ချီက ပြုံးလိုက်သည်။

"ငါက သစ်သားတံဆိပ်တစ်ခု ဝယ်ချင်လို့ပါ … "

"ကိစ္စမရှိပါဘူး …"

လက်သမားလီက သတိထားနေသည့်အတွက် မုန့်ချီကို သူ့အိမ်ထဲသို့ ဖိတ်ခေါ်ခဲ့ခြင်း မရှိပေ။ သူက လမ်းပေါ်တွင် အထုပ်များကို ချလိုက်ပြီး ဝါးတောင်းလေးကို လက်ညှိုးထိုးပြလိုက်၏။

"သခင်လေး ကိုယ်တိုင် ရှာကြည့်လိုက်ပါ … "

မုန့်ချီက သစ်သားတံဆိပ်များကို ကြည့်နေရင်း ဂရုတစိုက် မေးလိုက်သည်။

"တစ်ထပ်တည်းတူတဲ့ သစ်သားတံဆိပ်နှစ်ခု မရှိဘူးလား … "

"အဲဒါတော့ လုံးဝမဖြစ်နိုင်ဘူးလေ ။ တကယ်လို့ အဲဒီနှစ်ခုက တစ်ထပ်တည်း တူညီနေမယ်ဆိုရင်တောင် ကွဲပြားမှုကတော့ ရှိတာပဲ…"

လက်သမားလီက တလေးတစား ပြုံး၍ ပြန်ဖြေလိုက်သည်။

"အဲဒါ ဖြစ်နိုင်ပါတယ်…"

မုန့်ချီက ပြန်ဖြေလိုက်၏။

ထို့နောက် သူက သစ်သားတံဆိပ်လေးကို ထုတ်ပြီး မေးလိုက်သည်။

"မိတ်ဆွေက ဒါကို မှတ်မိလား…"

သူက လက်သမားလီ၏မှတ်ဉာဏ်များကို ဖော်ထုတ်ရန်အတွက် လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကို အသုံးပြုရန် စီစဉ်ထားခဲ့သည်။ သူ၏သိုင်းပညာက တစ်ဖက်လူ၏ သံသရာထဲမှ မှတ်ဉာဏ်အကြွင်းအကျန်များကို ဖော်ထုတ်ရန်တော့ မလုံလောက်ပေ။

ယခုဘဝတွင် ရှိနေသော မှတ်ဉာဏ်များနှင့် ပတ်သက်လာလျှင်တော့ သူက တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကို အသုံးပြု၍ လူတစ်ယောက်၏ ဆိုးရွားပြီး မေ့ပစ်နိုင်ခြင်း မရှိသော အခိုက်အတန့်များကို ဖော်ထုတ်နိုင်သည်။

လက်သမားလီက ထိုသစ်သားတံဆိပ်လေးများကို ရောင်းချလိုက်သည်မှာ (၂၄)နာရီသာ ရှိနေသေး၏။ ထို့ကြောင့် သူက တစ်စုံတစ်ခု မှတ်မိနိုင်သေးသည်။ ပြောရမည်ဆိုလျှင် ထိုအရာနှင့် ပတ်သက်သော မှတ်ဉာဏ်များက သူ၏ မသိစိတ်ထဲတွင် နက်ရှိုင်းစွာ ရှိနေသေး၏။ ထို့ကြောင့် သူတို့က နိုးထလာရန် မခက်ချေ။

ထို့ပြင် မုန့်ချီဆီ၌ သတိပေးရန် သစ်သားတံဆိပ်လေးလည်း ရှိနေသေးသည်။ ထိုအရာက လက်သမားလီ၏ မှတ်ဉာဏ်အပိုင်းအစလေးများကို ဖော်ထုတ်ရန် အကူအညီ ပေးနိုင်၏။

တစ်ထပ်တည်း တူညီနေသော သစ်သားတံဆိပ် နှစ်ခု မရှိနိုင်ချေ။ ထိုအရာကို ထွင်းထုသည့်အချိန်တွင် ကွဲပြားမှုများက မသိသာသည့်အတွက် သူက တိတိကျကျ မှတ်မိလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်လည်း သူက ကြည့်လိုက်ရုံနှင့် ထိုသစ်သားတံဆိပ်လေးကို မခွဲခြားနိုင်ခြင်းဖြစ်သည်။

သို့သော် သူ၏ မသိစိတ်ထဲတွင်တော့ ကွဲပြားသွားနိုင်သည်။ ထိုအရာကို မကြာသေးခင်ကမှ ရောင်းချလိုက်ခြင်းဖြစ်သည့်အတွက် သူက ခွဲခြမ်းစိတ်ဖြာရန် ဖြစ်နိုင်ချေတစ်ခု ရှိသည်။ ထို့ပြင် လက်သမားလီကဲ့သို့ အခြေခံလက်သမား တစ်ယောက်က တစ်ရက် နှစ်ရက်စာ ရောင်းချမှုအတွက် လုံလောက်သော သစ်သားများကို အလုံအလောက်ဝယ်ထားရန် လိုအပ်သည်။

အရေးအကြီးဆုံးအရာကတော့ လက်သမားလီက သိုင်းပညာ မတတ်သည့်အတွက် သူ၏စိတ်ဝိညာဉ်ကို ခုခံရန် အတော်လေး အားနည်းသည်။ သို့သော် မုန့်ချီကတော့ အတင်းအကြပ် တွန်းအားပေးခဲ့ခြင်း မရှိဘဲ လက်သမားလီ၏ စိတ်ဝိညာဉ်ကို ထိခိုက်အောင် မလုပ်ခဲ့ပေ။

လက်သမားလီက တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ် သူ့ရှေ့တွင် ရှိနေသော အရာအားလုံးက မည်းမှောင်သွားခဲ့ပြီး နောက်တစ်ကြိမ် တောက်ပလာခဲ့သည်။ ယခုတော့ သူက လမ်းပေါ်တွင် ရပ်နေပြီး ‌ဝယ်သူများကို ကြိုဆိုနေခဲ့၏။

တချို့ကတော့ ပစ္စည်းများကို ရွေးချယ်ရန်အတွက် ဆိုင်ရှေ့တွင် ရပ်နေကြပြီး တချို့ကတော့ သစ်သားတံဆိပ်တစ်ခုကို ကောက်ကြည့်၍ ကြေးပြားတစ်ပြား ပေးပြီး ထွက်ခွာသွားကြသည်။ သူ့ဘဝက ပုံမှန်အတိုင်းသာ ဖြစ်၏။

ရုတ်တရက်ဆိုသလို သူက အလွန်ထူးခြားသော သစ်သားတံဆိပ်လေး တစ်ခုကို သတိထားမိခဲ့သည်။ ထိုအရာက အနည်းငယ် ထူးဆန်းပြီး တခြားအရာများနှင့် ယှဉ်လိုက်လျှင် ကွဲပြားကြောင်း တွေ့လိုက်ရ၏။

သူ့ခေါင်းထဲ၌ ထိုအတွေး ပေါ်လာသည့်အချိန်တွင် လူတစ်ယောက်က သူ့အရှေ့တွင် ရပ်လိုက်ပြီး သစ်သားတံဆိပ်လေးကို ကောက်ယူလိုက်သည်။

သူ၏စွမ်းအားကို အသုံးပြုထားသော မုန့်ချီက ပင့်သက်ရှိုက်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် သူက ထိုလူ၏လက်ထဲတွင် မင် စွန်းနေသည်ကို မြင်လိုက်ရ၏။ သတ်ဖြတ်ရေးဓားစုမုန့်ဟု ရေးသားခဲ့သော စာရွက်ထဲတွင် စကားလုံး တစ်စိတ်တစ်ပိုင်းက ပျက်နေသည်။ ရေးသားသူက ထိုအရာကို မတော်တဆ ထိခဲ့သည်မှာ သေချာ၏။

"ဒါ ဘယ်လောက်လဲ … "

သူ့ နားထဲတွင် ယောကျ်ားတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။ သူက မော့ကြည့်ပြီး ပြန်ဖြေချင်ခဲ့၏။

မုန့်ချီက သေချာ အာရုံစိုက်နေပြီး ထိုလူ မည်သူဖြစ်ကြောင်း ပေါ်ထွက်လာမည့် အချိန်ကို စောင့်နေခဲ့သည်။ လက်သမားလီက သူ့ရှေ့တွင် ရှိနေသူကို ပြန်လှည့်ကြည့်လိုက်၏။

ထိုလူဆီတွင် အပေါ်သို့ လန်နေသော မျက်လုံးတစ်စုံနှင့် ထူထဲသော မျက်ခုံးများ ရှိသည်။

"အဲဒါက ကျန်းတပိုပဲ … "

မုန့်ချီက အလွန်အံ့ဩသွားသည့်အတွက် စွမ်းအားများ၏ တန်ပြန်သက်ရောက်မှုကိုပင် ခံရမလို ဖြစ်သွားခဲ့သည်။ သူ့ကို နာမည်ဖျက်လိုက်သူက ကျန်းတပို ဖြစ်နေသည်။ သူက သေသွားပြီးနောက် မုန့်ချီကိုပင် ထောင်ချောက်ဆင်ထားသေး၏။ ထိုအရာက ကျန်းဟန်ချွန်၏ ညီဝမ်းကွဲလည်း ဖြစ်သည်။

သူ့ခေါင်းထဲတွင် အတွေးများစွာ ပေါ်လာနေပြီးနောက် သူရှာဖွေနေသော အဖြေကို တွေ့လိုက်ရသည်။ စီစဉ်သူက ကျန်းတပိုကို ပြန်ပေးဆွဲခဲ့သည်ဟု ပြောထားခဲ့၏။ သို့သော် ကျန်းဟန်ချွန်က မြောင်လင်သို့ ပြန်ရောက်လာပြီးနောက် လောင်းကစားရုံတွင် ပြန်ရွေးခဲ့ရကြောင်း ပြောခဲ့၏။ ထို့ပြင် ကျန်းဟန်ချွန်က သူ၏ အကြွေးများကို ဆပ်ပေးရန်အတွက် ငွေကြေးအလုံအလောက် ရှာဖွေခဲ့ရပြီးမှ လောင်းကစားရုံထဲမှ ထွက်လာနိုင်ခဲ့သည်။

စီစဉ်သူက ထိုအရာကို မည်ကဲ့သို့ တွေ့ခဲ့ပြီး အရေးကြီးသည့် အခြေအနေမျိုးတွင် သူ့ကို ဆွဲဆောင်ခဲ့သနည်း။ ဘာကြောင့် ထိုအချိန်တွင် ကျန်းတပို၏ အမူအရာက အံ့ဩနေခြင်းထက် ကြောက်လန့်နေရသနည်း။

"ဒါပေမဲ့ သူ သေသွားပြီဆိုတော့ သဲလွန်စတွေကလည်း အဆုံးသတ်သွားပြီ…"

လက်သမားလီက ကျန်းတပို၏ အနားတွင် ရှိနေသော လူကို ကြည့်လိုက်သည်။ ထိုအရာကတော့ အသက် (၄၀)အရွယ် သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်၏။ သူ၏မျက်ခုံးအောက်တွင် မမြင်ရသော အငွေ့အသက်များ လွှမ်းခြုံနေပြီး အလွန်ဈေးကြီးသည့် အင်္ကျီတစ်စုံကို ဝတ်ဆင်ထားသည်။ သူ့ပုံစံက အလွန်မာနကြီးပြီး မောက်မာ ပုံ ရ၏။ သူက ကျန်းတပို၏ အနားတွင် ရပ်လိုက်ပြီး သူ့ကို မကြာခဏ စိုက်ကြည့်နေခဲ့သည်။

ထိုအချိန်တွင် လက်သမားလီက တုန်ယင်သွားခဲ့ပြီး သူ၏မျက်လုံးများက တဖြည်းဖြည်း ဝေဝါးသွားခဲ့သည်။ သူက ကောင်းကင်ကြီးပေါ်တွင် မီးခိုးငွေ့များကို မြင်လိုက်ရ၏။ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားပြီးနောက် သူ့ရှေ့တွင် ရှိနေသော လူနှစ်ယောက်ကတော့ ပျောက်ကွယ်သွားသည်။

"ငါ … ငါက တစ္ဆေသရဲတွေနဲ့ တွေ့ခဲ့ရတာလား…"

သူက အလွန်ကြောက်လန့်သွားခဲ့သော်လည်း သိပ်မကြာခင် သတိပြန်ဝင်လာခဲ့၏။

သို့သော် သူ၏ခြင်းတောင်းထဲတွင် ရှိနေသော ငွေစတစ်စကို မြင်လိုက်ရသည့်အခါ အလွန်ဝမ်းသာသွားခဲ့သည်။ ငွေစက အစစ်ဖြစ်ကြောင်း သေချာသွားပြီးနောက် သရဲတစ္ဆေများက သူ့ဆီကို မကြာခဏ ဈေးလာဝယ်ရန်ပင် မျှော်လင့်နေခဲ့သည်။

မုန့်ချီက ပန်းဝါလမ်းကြားလေးထဲမှ ထွက်လာပြီးနောက် ပန်းကြည့်ဥယျာဉ်ဆီသို့ လျှောက်လာခဲ့သည်။ ကျန်းတပိုက မည်သူနှင့် ရင်းနှီးနေကြောင်း သူ မသိခဲ့ပေ။ သို့သော် ကျန်းဟန်ချွန်ကတော့ တချို့တစ်ဝက်ကို သိနေနိုင်၏။

ညနေခင်းရောက်သည့်အချိန်တွင်ပင် ကျန်းဟန်ချွန်က လေပြေလေညင်းစံအိမ်၏ ပတ်တပ်လည်တွင် ရှာဖွေနေသေးသည်။ သူက မုန့်ချီ ရှာတွေ့သည်ဟု ပြောခဲ့သော ကျောက်တုံးလက်ရန်း၏ ဆန့်ကျင်ဘက်ကို အဓိက အလေးထားပြီး ရှာနေခဲ့၏။

"သခင်လေးစု … ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ… "

မုန့်ချီ ရောက်လာသည်ကို မြင်သည့်အခါ ကျန်းဟန်ချွန်က အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။

"ကျွန်တော်က ပန်းဝါလမ်းကြားထဲကို နောက်တစ်ကြိမ်သွားခဲ့ပြီး လက်သမားလီရဲ့ မှတ်ဉာဏ်တွေ ပြန်ပေါ်လာအောင် စွမ်းရည်တချို့ သုံးခဲ့တယ်…”

လက်သမားလီက အသက်ရှင်နေသေးသည်မှာ မည်သည့်အရာများဖြစ်ခဲ့ကြောင်း မမှတ်မိခြင်းကြောင့် ဖြစ်သညိ။ မုန့်ချီက လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီး ကျင့်စဉ်ကို အသုံးပြုနိုင်မည်ဟု မည်သူကကော ခန့်မှန်းမိနိုင်မည်နည်း။

သံသရာခရီးသွားများဆီတွင်ပင် ထိုကဲ့သို့ စွမ်းရည်မျိုးကို အသုံးပြုနိုင်သူက မည်မျှရှိနိုင်မည်နည်း။ ထိုစွမ်းအားက အလယ်အလတ်အဆင့် သိုင်းပညာတစ်ခု ဖြစ်သော်လည်း ထူးခြားသော အကျိုးသက်ရောက်မှုရှိသည်။

"အဲဒါက ဘယ်သူလဲ … "

ကျန်းဟန်ချွန်က အလွန်အံ့အားသင့်စွာ မေးလိုက်သည်။

မုန့်ချီက သူ တွေ့ခဲ့ရသော အကြောင်းအရာများကို ပြန်ပြောလိုက်၏။

ကျန်းဟန်ချွန်က အနည်းငယ် တုန်ယင်သွားခဲ့ပြီး သူ၏မျက်နှာက မည်းမှောင်နေခဲ့သည်။

"ဒါကြောင့်လည်း အရာအားလုံးက တိုက်ဆိုင်နေတယ်လို့ ငါက ခံစားမိနေတာ.."

သူ၏ လေသံထဲတွင် မကျေနပ်မှုများ ၊ မသက်မသာ ခံစားရမှုများ ပါဝင်နေခဲ့၏။ ထိုကိစ္စတွင် သူ၏ညီဝမ်းကွဲလည်း ပါဝင်ပတ်သက်နေလိမ့်မည်ဟု လုံးဝမတွေးထားခဲ့ပေ။

"အစ်ကိုကျန်း …

အဲဒီသက်လတ်ပိုင်းလူကြီးကို သိလား…"

မုန့်ချီက မေးလိုက်ပြီး သူတို့၏ မူလစကားကို ပြန်ဆက်လိုက်သည်။

ကျန်းဟန်ချွန်က ပင့်သက်ရှိုက်လိုက်ပြီး သူ၏အမူအရာက နောက်တစ်ကြိမ် ပုံမှန်ပြန်ဖြစ်သွား၏။

"ငါက သူနဲ့ နှစ်ကြိမ်ပဲ တွေ့ဖူးတယ်။ ဒါပေမဲ့ လူမှားမှာတော့ မဟုတ်ဘူး။ သူက လောင်းကစားဝါသနာအိုး ချူးကွမ်လို့ခေါ်တယ်။ သူက တကျန်းအဖွဲ့အစည်းက ရှန့်အဆင့် ခေါင်းဆောင်ပဲ…"

"တကျန်းအဖွဲ့အစည်း …"

မုန့်ချီက ပင့်သက်ရှိုက်လိုက်မိသည်။

ကျန်းဟန်ချွန်က ခဏကြာ စဉ်းစားပြီး ပြောလိုက်၏။

"ဒီကိစ္စက တကျန်းအဖွဲ့အစည်းနဲ့ ပတ်သက်နေမှတော့ စီစဉ်သူက ထောင်ချောက်ဆင်တဲ့‌ နေရာမှာ ကျွမ်းကျင်မယ်ထင်တယ်။ ငါတို့က သတိထားဖို့ လိုအပ်တယ်။ ငါတို့က အစိမ်းရောင် လက်ပတ်ဝတ် ဒါမှမဟုတ် ငွေတံဆိပ် လူဆိုးထိန်းတွေကို အကူအညီတောင်းပြီးမှ ပွင့်ပွင့်လင်းလင်း သွားသင့်တယ်.. "

"အကောင်းဆုံးပဲ…"

မုန့်ချီကလည်း သဘောတူလိုက်၏။ ကျန်းတပိုက သိုသိုသိပ်သိပ် နေထိုင်ခဲ့သည့်အတွက် သူ့ကိုယ်သူ နာမည်ဖျက် မခံရစေရန် ကာကွယ်ထားနိုင်သည်ဟု ဆိုလိုနေသည်။

သို့သော် ချူးကွမ်ကို စုံစမ်းစစ်ဆေးခြင်းကတော့ လိုအပ်သောအရာတစ်ခုဖြစ်သည်။ ချူးကွမ်က တကျန်းအဖွဲ့အစည်းမှ ရှန့်အဆင့် ခေါင်းဆောင်ဖြစ်နေပြီး တကျန်းအဖွဲ့အစည်းက ဤကမ္ဘာကြီးထဲတွင် ထိပ်တန်းအင်အားစုတစ်ခုဖြစ်သည်။ အကယ်၍ မုန့်ချီကသာ သူ့ကို မေးမြန်းချင်သည်ဆိုလျှင် သေချာပေါက် အသတ်ခံရနိုင်၏။

ကျန်းဟန်ချွန်က နယ်မြေခံ ယပ်တောင် (၆)လက်ကျောင်းမှ ငွေတံဆိပ် ယု၊ အစိမ်းရောင်လက်ပတ်ဝတ် တိုင်တို့နှင့် ရင်းနှီးနေခဲ့သည်မှာ ကံကောင်းသွားသည်။ သူတို့က ထွက်လာကြပြီး လူသူစည်ကားနေသော လမ်းကို ဖြတ်၍ ဌာနချုပ်ဆီကို ရောက်လာကြ၏။

ဖြစ်ခဲ့သည့်အရာများကို အကြမ်းဖျင်း ပြောပြလိုက်ပြီးနောက် သူတို့က အစိမ်းရောင်လက်ပတ်ဝတ် တိုင်ဖေးကို ဖိတ်ခေါ်နိုင်ခဲ့သည်။ ထို့နောက် အစိမ်းရောင်လက်ပတ်ဝတ် တိုင်က မြောင်လင်တွင် ရှိနေသော တကျန်းအဖွဲ့အစည်း၏ လက်ထောက်ခေါင်းဆောင် ချန်းယာစုန့်ကို ဖိတ်ခေါ်ခဲ့သည်။ သူတို့ (၄)ယောက်ပူးပေါင်းပြီး ချူးကွမ်၏ အိမ်ကို ထွက်ခွာလာခဲ့ကြ၏။

တိုင်ဖေးကဲ့သို့ ရဲစွမ်းသတ္တိရှိပြီး လွတ်လွတ်လပ်လပ်နေတတ်သော လူတစ်ယောက်ကပင် စီစဉ်သူကို ပြစ်တင်ကြိမ်းမောင်းနေခဲ့၏။

"မြောင်လင်မှာ လူတစ်ယောက်က ပြဿနာရှာနေတယ်။ ဘယ်သူလဲဆိုတာကိုသာ သိရင် ငါက အဲဒီလူကို သေချာပေါက် ပေးဆပ်ခိုင်းမှာပဲ… "

ချန်းယာစုန့်က ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ဖြစ်သည်။ သူက တိုင်ဖေးနှင့် အတော်လေး ရင်းနှီးနေခဲ့၏။

"ဒီပြဿနာတွေဖြစ်နေတာ လပေါင်းများစွာ ကြာနေပြီ။ ဘယ်သူက စီစဉ်သူလဲဆိုတာ မင်းက သိလို့လား.."

သူကတော့ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်သည်။

"အဲဒါနဲ့ ပတ်သက်ပြီး သဲလွန်စတွေရော ရှိလို့လား…"

တိုင်ဖေးက မုန့်ချီကို ခြေအဆုံး ခေါင်းအဆုံး လှည့်ကြည့်လိုက်သည်။

"သခင်လေးစု …

သခင်လေးစုက စုံစမ်းစစ်ဆေးမှုမှာ ထူးချွန်တာလား။ ဒါကြောင့်လည်း သခင်လေးစုက သဲလွန်စတစ်ခုကို ရှာနိုင်ခဲ့တာပဲ။ သခင်လေးစုက တကယ့်ကို နာမည်နဲ့ လိုက်ပါပေတယ်ဗျာ… "

မုန့်ချီက ပြုံးလိုက်သည်။

"ဒါက ပြောပလောက်စရာမရှိတဲ့ လှည့်ကွက်လေး တစ်ခုပါပဲ…"

သူ့ဆီမှ အချက်အလက်များ နှိုက်ထုတ်ရန် ကြိုးစားသည်မှာ အသုံးမဝင်လှပေ။

ကျန်းဟန်ချွန်က သူ၏အနေအထားကို ထိန်းသိမ်းထားနိုင်သော်လည်း လမ်းတစ်လျှောက်တွင် တိတ်ဆိတ်နေခဲ့သည်။ ထို့ကြောင့် သူက စိုးရိမ်နေသလို ထင်မှတ်နေရ၏။

သူတို့ (၅)ယောက်က အလွန်လျင်မြန်စွာ လျှောက်လာပြီး သိပ်မကြာခင် ချူးကွမ်၏ အိမ်သို့ ရောက်လာခဲ့သည်။ သို့သော် ထိုနေရာက အတော်လေးကို ငြိမ်သက်နေပုံရ၏။

"တစ်ခုခုတော့ မှားနေပြီ ။ ဒီလောက်ထိ တိတ်ဆိတ်နေဖို့ မသင့်ဘူးမဟုတ်လား.."

မုန့်ချီက မျက်နှာပျက်သွားခဲ့၏ ။

ချန်းယာစုန့်က ခေါင်းခါပြီး ရှင်းပြလိုက်သည်။

"သူ့မိန်းမက သူတို့ရဲ့ မွေးရပ်မြေကိုပြန်ပြီး မိဘတွေကို ဂရုစိုက်နေတယ်။ သူ့ရဲ့သားသမီးတွေ အားလုံးကလည်း လက်ထပ်ပြီးသွားပြီ။ ပြီးတော့ သူက လောင်းကစား ဝါသနာပါတယ်လေ။ သူ့ရဲ့အိမ်မှာတော့ နားမကြားတဲ့ အစေခံတစ်ယောက်ပဲ ရှိတယ်။ ဒီတော့ ဘာမှစိုးရိမ်စရာမရှိပါဘူး.. "

"သတိထားနေဦး… "

တိုင်ဖေးက ပြောလိုက်ပြီး ချန်းယာစုန့်ကို သတိပေးလိုက်သည်။

သူက အရှိန်မြှင့်လိုက်ပြီး ခြံဝန်းထဲသို့ ဝင်ရန် နံရံကို ချက်ချင်း ခုန်ကျော်လိုက်၏။ မုန့်ချီနှင့် တခြားလူများကလည်း နောက်မှ လိုက်လာကြ၏။

သူတို့က မြေပေါ်သို့ ဆင်းသက်လိုက်သည့်အချိန်တွင် နာနာကျင်ကျင် အော်ဟစ်သံတစ်ခုကို ကြားလိုက်ရ၏။ သူတို့က အချင်းချင်း ကြည့်မနေကြဘဲ အတွင်းထဲသို့ ပြေးဝင်သွားကြသည်။

မုန့်ချီက အလွန်အံ့ဩသွားခဲ့၏။ သူတို့က အလွန်လျင်မြန်သောအရှိန်နှင့် ဤနေရာသို့ လျှို့ဝှက်၍ ရောက်လာကြခြင်းဖြစ်သည်။ ဘာကြောင့် ထိုသို့ဖြစ်လာရသနည်း။

တိုင်ဖေးက လက်သီးနှင့် ထိုးလိုက်ရာ အလွန်ကြောက်စရာကောင်းသော လေလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ခန်းမ၏တံခါးကို တိုက်ခိုက်လိုက်မိသည်။ သူတို့၏ မျက်စိရှေ့တွင်တော့ သွေးသံတရဲရဲ မြင်ကွင်းတစ်ခု ပေါ်လာခဲ့၏။

အစေခံအိုကြီး၏ ရင်ဘတ်တွင် ဓားတစ်ချောင်း စိုက်နေပြီး မြေပေါ်သို့ လဲကျနေသည့်အတွက် သေဆုံးသွားသည်မှာ သိသာသည်။ ချူးကွမ်ကတော့ ထိုင်ခုံတစ်ခုတွင် ထိုင်နေပြီး မျက်ဖြူစိုက်နေသည်။ သူ၏လက်နှစ်ဖက်ကတော့ ရင်ဘတ်ထဲသို့ ထိုးစိုက်ထားသော ဓားကို တင်းတင်းဆုပ်ကိုင်ထားသည့်အတွက် ခန္ဓာကိုယ်ထဲမှနေ၍ သွေးများ စီးကျလာနေသည်။

သူက သူတို့ (၄)ယောက်စလုံးကို ကြည့်ပြီး မျက်လုံးထဲတွင် မကျေနပ်မှုများ ပေါ်လာခဲ့သည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်၏။

"သောကကြယ်က ငါ့အတွက် လက်တုန့်ပြန်ပေးလိမ့်မယ်…"

ထို့နောက် သူက လျှာကိုကိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သည်။ မုန့်ချီက သူ့ကို ကယ်တင်ရန် အချိန်မရှိခဲ့ပေ။

"သောကကြယ် … "

သူ့အော်သံက မုန့်ချီ၏ နားထဲတွင် တစ်စုံတစ်ခုကို ကြားနေရသလို ထင်မှတ်ရသည်။ သူတို့က မျက်နှာပျက်သွားကြ၏။ သူတို့က ခြံဝန်းထဲတွင် သေချာ ရှာဖွေကြည့်သော်လည်း မည်သည့်အရာမျှ မတွေ့ရပေ။

"သိုင်းလောကမှာ သောကကြယ်ဆိုတဲ့ နာမည်မရှိဘူး။ ဒါက ရှေးဟောင်းနတ်ဘုရား တစ်ယောက် ပြန်ရှင်လာတာများလား …"

တိုင်ဖေးက စဉ်းစဉ်းစားစားနှင့် မေးလိုက်သည်။ ချန်းယာစုန့်နှင့် ကျန်းဟန်ချွန်တို့ နှစ်ယောက်စလုံးကလည်း ရှုပ်ထွေးနေပုံရ၏။

မုန့်ချီက သောကကြယ်၏ နောက်ကြောင်းကို သိနေသော်လည်း မည်သို့ဖြစ်စေကာမူ ထိုအရာက နာမည်အတုတစ်ခု ဖြစ်သည်။ မြောင်လင်တွင် ထိုလူက တခြားသော နာမည်တစ်ခု သေချာပေါက် ရှိနေနိုင်သည်။ သို့သော် ထိုအရာက မည်သူပေနည်း။

သူက သောကကြယ်ကို သိနေကြောင်း မပြောခဲ့သည့်အတွက် သူတို့က ခဏကြာ ဆွေးနွေးခဲ့ပြီးနောက် သဲလွန်စများ ပျောက်ကွယ်သွားခဲ့သည်။ သူတို့က ထိုကိစ္စကို လော့ရန်ရှိ ဌာနချုပ်နှင့် တကျန်းအဖွဲ့အစည်း၏ ဌာနချုပ်သို့ သတင်းပြန်ပို့ရန်သာ ဆုံးဖြတ်လိုက်ကြသည်။ ထိုသို့ဆိုလျှင်တော့ သူတို့ သဲလွန်စ တချို့ရရှိရန် မျှော်လင့်နေကြ၏။

နောက်ဆုံးတော့ သူတို့လည်း အသီးသီး ပြန်သွားခဲ့ကြသည်။ နောက်တစ်နေ့ မနက်စောစောတွင် သူ၏စုံစမ်းစစ်ဆေးမှုက နောက်တစ်ကြိမ် အဆုံးသတ်သွားသည့်အတွက် မုန့်ချီက သေချာစဉ်းစားနေမိသည်။

ပင့်သက်ရှိုက်လိုက်ပြီးနောက် သူလည်း ခြံဝန်းထဲမှ လမ်းလျှောက်ထွက်လာခဲ့၏။ သူက ညောင်ပင်ကြီး ရှိနေသော လမ်းကျဉ်းလေးထဲသို့ သတိလက်လွတ် ရောက်လာခဲ့သည်။ ထိုအချိန်တွင် ထိုင်ခုံငယ်လေးနှင့် ထွက်လာသော ဆံဖြူအဘိုးအိုကို မြင်လိုက်ရ၏။

သူက ထိုင်ခုံငယ်လေးတွင် ထိုင်လိုက်ပြီး သစ်သားရုပ်တုတစ်ခုကို ဂရုတစိုက် ထွင်းထုနေသည်။ သူကတော့ ဤကမ္ဘာကြီးထဲတွင် အရေးအကြီးဆုံး တာဝန်တစ်ခုကို လုပ်ဆောင်နေသည့်အလား သေချာအာရုံစိုက်နေခဲ့၏။

သူက သစ်သားရုပ်ထုထွင်းထုခြင်းကိုသာ လုံးဝ အာရုံစိုက်နေပြီး ထိုအရာက သူ့ဘဝ တစ်လျှောက်လုံးတွင် တန်ဖိုးအရှိဆုံး အရာတစ်ခုဖြစ်ပုံရသည်။

"တော်တော်လေးကို တိတ်ဆိတ်နေတာပဲ…"

ပြောပြ၍ မရနိုင်သော တိတ်ဆိတ်မှုကြောင့် မုန့်ချီက နောက်တစ်ကြိမ် ငြိမ်းအေးသွားခဲ့ပြန်သည်။ သူက တင်ပျဉ်ခွေ ထိုင်ပြီး အဘိုးအိုကို ထိုင်ကြည့်နေခဲ့၏။

"လူလေး …

အဘိုးက ဘာများ ကူညီပေးရမလဲ .."

အဘိုးအိုက မုန့်ချီကို လှည့်ကြည့်လိုက်သည်။

ယခုတစ်ကြိမ်တော့ မုန့်ချီက အဝေးကို ထွက်မသွားတော့ပေ။ သူက သေချာစဉ်းစားပြီး ပြန်မေးလိုက်၏။

"ကျွန်တော်က အဘိုးရဲ့လက်ရာကို တော်တော်လေး သဘောကျလို့ပါ။ ဒါကြောင့် ကျွန်တော်က အဘိုးပန်းပုထုတာကို လာပြီးတော့ ကြည့်နေမိတာ.. "

သူ့ဆီတွင် ထိုကဲ့သို့ ခံစားမှုမျိုး ဒုတိယအကြိမ် ရှိလာခြင်းဖြစ်သည်။ သူဖတ်ခဲ့ဖူးသော ဝတ္ထုဇာတ်လမ်းများအရ ဆိုလျှင် ထိုအရာက ထိပ်တန်းပညာရှင်တစ်ယောက်နှင့် တွေ့ဆုံနေရခြင်းဖြစ်သည်။

"အဲဒါက အမှန်ပဲလား "

သူကတော့ အနည်းငယ် ရယ်စရာကောင်းသော်လည်း ထိုအရာကို မျှော်လင့်နေမိသည်။

"အဘိုးကို ဒီလောက်လည်း မြှောက်မနေပါနဲ့ကွယ်။ အဘိုးက ဉာဏ်ထိုင်းပါတယ်။ ဒါကြောင့် မနည်းအာရုံစိုက်နေရတာ…"

အဘိုးအိုက သူ့ကိုယ်သူ လှောင်ရယ်လိုက်မိသည်။

အဘိုးအို၏ အဖြေကို ကြားသည့်အခါ မုန့်ချီ၏ မျက်နှာက အနည်းငယ် လှုပ်ရှားသွားခဲ့၏။ သူက ခေါင်းစဉ်ပြောင်းပြီး ပြောလိုက်သည်။

"အဘိုးရဲ့လေသံက နယ်မြေခံတစ်ယောက်နဲ့ မတူဘူး…"

"လူလေးပြောတာ ဟုတ်တယ်။ အဘိုးက လွန်ခဲ့တဲ့ တစ်လလောက်ကမှ ဒီနေရာကို ရောက်လာတာ။ ကျင်းမြစ်ထဲက ရေလှိုင်းပွဲတော်ကို ကြည့်ပြီးသွားရင် အဘိုးက ထွက်သွားမှာပါ…"

"ကျင်းမြစ်ထဲက ရေလှိုင်းပွဲတော်လား။ အဘိုးက တော်တော်လေးကို ချစ်တတ်တာပဲ…"

မုန့်ချီက ပြုံးလိုက်မိသည်။

အသက် (၅၀)ကျော်အရွယ် ရှိနေသော အဘိုးအို၏ အမူအရာက ပျော့ပျောင်းသွားခဲ့သည်။ သူက လက်ထဲတွင် ကိုင်ထားသော သစ်သားပန်းပုရုပ်လေးကို နှစ်နှစ်ကာကာ စိုက်ကြည့်နေခဲ့၏။ ထိုအရာက နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျိုတစ်ယောက်ဖြစ်သည်။

"အဘိုးရဲ့ဇနီး အသက်ရှင်နေတုန်းက ကျင်းမြစ်ရဲ့ ရေလှိုင်းပွဲတော်ကြည့်ရတာကို အရမ်းသဘောကျတယ်လေ။ သူသေသွားပြီးတဲ့နောက် အဘိုးက နှစ်တိုင်း ဒီကိုရောက်လာပြီး ကြည့်နေခဲ့တာ …"

Translated by Hein Htet

All Chapters