အခန်း (၂၈၅)
Vol. 19 Ch. 285
မုန့်ချီ၏နှလုံးခုန်သံက ပို၍မြန်ဆန်လာပြီး သက်ပြင်းများကို မှုတ်ထုတ်လိုက်မိသည်။ သူက တစ်စုံတစ်ခုကို ဖမ်းဆုပ်မိလိုက်သလို ထင်မှတ်ရ၏။
ဆံဖြူအဘိုးအိုက အပြုံးနှင့် ခေါင်းစဉ်ပြောင်း၍ ပြောလိုက်သည်။
"လူလေး.. စောနတုန်းက စိတ်ဓာတ်ကျသလို ခံစားနေရတာ မဟုတ်လား…"
သူက မုန့်ချီကို သေချာစိုက်ကြည့်နေပြီး သူတို့၏စကားကိုပင် လေးလေးနက်နက် အာရုံစိုက်နေခဲ့သည်။
ယခုမှသာ မုန့်ချီက အဘိုးအို၏ရုပ်ရည်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရ၏။ သူက အဘိုးအို၏ ဆံပင်ဖြူများကြောင့် ဇဝေဇဝါဖြစ်သွားခဲ့ခြင်းသာဖြစ်ပြီး အဘိုးအိုက ထိုမျှအသက်ကြီးနေခြင်း မရှိချေ။ သူက အသက်(၅၀)ဝန်းကျင်သာ ရှိနေသေး၏။ မျက်နှာပေါ်တွင် အရေးအကြောင်း အနည်းငယ် ရှိနေသည်။ သူ၏မျက်နှာပုံပန်း သွင်ပြင်များက သာမန်သာ ဖြစ်သော်လည်း အာရုံစိုက်နေသည့် အချိန်တွင် အလွန်ဆွဲဆောင်မှုရှိသည်။
"ဟုတ်ပါတယ်…"
မုန့်ချီက သဲလွန်စအနည်းငယ်ရခဲ့ပြီးနောက် စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားလိုက်သည်။ သူက အဘိုးအိုနှင့် စကားပြောနေခဲ့သည့်အချိန်တွင်မိသားစုထဲမှ အကြီးအကဲတစ်ယောက်နှင့် စကားပြောနေရသည့်အလား ခံစားနေရ၏။
"ကျွန်တော်က မြောင်လင်မှာ ပြဿနာတက်နေတာ.."
သူက အဘိုးအိုကို ရိုသေသမှုနှင့် ရိုရိုကျိုးကျိုး ဖြစ်လာခဲ့သည်။
အဘိုးအိုကတော့ မည်သည့်အရာကိုမျှ သတိမထားဘဲ ဂရုတစိုက် နားထောင်နေခဲ့သည်။ မုန့်ချီ စကားပြောပြီးသွားသည့်အချိန်တွင် သူက ပြန်မေးလိုက်၏။
"လူလေးက ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်ပုံရပါတယ်။ မနေ့တုန်းက ဒီနေရာကနေ ထွက်သွားပြီးတော့ စိတ်ရှင်းသွားတာ မဟုတ်လား။ အခု နောက်တစ်ကြိမ် စိုးရိမ်နေပြန်ပြီ။ ဒါက နောက်ပိုင်းကြုံရမယ့်အရာတွေကြောင့်လား…"
အဘိုးအိုက မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်းမရှိပဲ အတည့်အတိုင်းသာ ပြောလိုက်သည်။ ထို့ကြောင့် အဘိုးအိုက အလွန်ဉာဏ်ပညာကြီးမားသူ တစ်ယောက်ဖြစ်ကြောင်း မုန့်ချီက ပို၍သေချာသွားခဲ့၏။
ခဏကြာစဉ်းစားပြီးနောက် သူက အေးအေးဆေးဆေးပြောပြလိုက်သည်။
"မနေ့တုန်းက ကျွန်တော် သဲလွန်စတစ်ခု ရပြီးသွားတဲ့အချိန်မှာ ကျွန်တော့်ရဲ့အဖော်တွေကို ချက်ချင်းပြောပြခဲ့တယ်။ ကျွန်တော်တို့က တတ်နိုင်သမျှ ချူးကွမ်ရဲ့အိမ်ကို မြန်မြန်သွားခဲ့ပေမယ့် နောက်ကျနေသေးတာပဲ။ သောကကြယ်က ကျွန်တော်တို့ကို လက်တုံ့ပြန်မယ်လို့အော်ပြီး သူက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်…"
သူက ဆက်ပြောလိုက်သည်။
"အစောပိုင်းမှာတော့ ကျွန်တော်တို့က ပုန်းနေပြီး နှောင့်နှေးမှုမရှိအောင် ကြိုးစားခဲ့ကြတာပဲ။ ဒါပေမဲ့ သတင်းက ဆက်ပြီးတော့ ပေါက်ကြားနေသေးတယ်။ ကြည့်ရတာတော့ ဖြစ်နိုင်ခြေနှစ်ခုပဲ ရှိတယ်။ ကျွန်တော်တို့ရဲ့နောက်ကို တကယ် အစွမ်းထက်တဲ့ ပညာရှင်တစ်ယောက် လိုက်နေတာ။ ဒါမှမဟုတ် ကျွန်တော်တို့ထဲမှာ သစ္စာဖောက်တစ်ယောက် ရှိနေတာပဲ ဖြစ်နိုင်တယ်…"
ပုံမှန်အားဖြင့်ပြောရမည်ဆိုလျှင် စီစဉ်သူက သူတို့အားလုံးကို ခြေရာခံရန် ပညာရှင်တစ်ယောက်စီ စေလွှတ်ထားနိုင်သည်။ ဥပမာအနေနှင့် ပြောရလျှင် လမ်းဘေးဈေးသည်တစ်ယောက်က လမ်းပေါ်၌ ဖြတ်သန်းသွားသူတိုင်းကို ခြေရာခံနိုင်သည်။ ထိုအရာက သူတို့၏ဦးတည်ချက်ကို ပြောပြနိုင်၏။
ထိုအချက်ကို စဉ်းစားမိလိုက်သည့်အတွက် မုန့်ချီက သူတို့အားလုံး ရုပ်ဖျက်ပြီး အငွေ့အသက်များကို ဖုံးကွယ်ထားရန် လူတိုင်းကို တောင်းဆိုခဲ့သည်။ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်များ ဖြစ်ကြသော တိုင်ဖေးနှင့် ချန်းယာစုန့်တို့က လမ်းတစ်လျှောက် သွားလာနေရင်း သူတို့၏ပတ်ပတ်လည်ကို သတိထားနေခဲ့၏။
အကယ်၍ တစ်စုံတစ်ယောက်က သူတို့၏နောက်သို့ လိုက်လာသည်ကို သတိမထားမိခဲ့လျှင် ထိုနောက်ယောင်ခံ ပညာရှင်က အလွန်အမင်းကို အစွမ်းထက်နိုင်သည်။
အဘိုးအို၏အမူအရာကတော့ ပြောင်းလဲသွားခြင်းမရှိဘဲ ဂရုတစိုက် နားထောင်နေခဲ့၏။ သူ့ပုံစံက ဧရာမကျောက်တုံးကြီးတစ်တုံးကို ထိန်းသိမ်းပေးထားသော ပင်လယ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။သူက အလွန်တည်ငြိမ်အေးချမ်းနေခဲ့၏။
မုန့်ချီ ပြောပြီးသွားသည့်အချိန်တွင် အဘိုးအိုကတော့ ကောင်းသည်ဆိုးသည်မပြောဘဲ အပြုံးနှင့် စိုက်ကြည့်နေခဲ့သည်။ သူ့ပုံစံက မုန့်ချီ၏အတွင်းစိတ်ကို ထွင်းဖောက်မြင်နိုင်သလို ထင်မှတ်ရ၏။
"လူလေးက အဲဒါကို ခန့်မှန်းမိနေမှတော့ စိုးရိမ်စရာ ပြဿနာရှိသေးလို့လား.."
မုန့်ချီက ခေါင်းကိုသာ တဗျင်းဗျင်း ကုတ်လိုက်မိသည်။ သူက တမင်တကာ စကားပြောရန် ကြိုးစားနေခြင်းဖြစ်ကြောင်း အဘိုးအိုကလည်း သိနေ၏။
"ဟုတ်တယ်..။ ကျွန်တော့်ဆီမှာ ခန့်မှန်းမှုတစ်ခုတော့ ရှိတယ်။ ကျွန်တော် အစိုးရိမ်ဆုံးအရာကတော့ သောကကြယ်က လက်တုံ့ပြန်လိုက်မယ်ဆိုတဲ့စကားပါပဲ.."
"အဲဒါက လူလေးတို့ကို အာရုံလွှဲဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူးလား.."
အဘိုးအိုက ပန်းပုထုခြင်းကို ရပ်တန့်လိုက်ပြီး သူနှင့်စကားပြောရန် အာရုံစိုက်လာခဲ့သည်။
မုန့်ချီက လေပူများကို မှုတ်ထုတ်ပြီး ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်.. ။ ကျွန်တော်တို့မှာ စီစဉ်သူနဲ့ ပတ်သက်ပြီး ဘာသဲလွန်စမှမရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို သူ နောက်ဆုံးပြောခဲ့တဲ့စကားက သောကကြယ်ဆိုတဲ့စကားပဲ။ ကျွန်တော်အနေနဲ့ ပြောရရင်တော့ သူက သူ့ရဲ့သေဆုံးမှုကို အသုံးချပြီး ကျွန်တော်တို့အတွက် ထောင်ချောက်တစ်ခုဆင်ဖို့ ကြိုးစားနေတာ…"
ထိုအချိန်တွင် သူ့ဆီ၌ တစ်ခြားသော သံသယများရှိခဲ့သည်။ သို့သော် ချူးကွမ်၏ နောက်ဆုံးစကားက သောကကြယ်၏ အစစ်အမှန်အခြေအနေကို ဖော်ပြမိမလို ဖြစ်သွားသည်။ ထို့ကြောင့် ထိုအရာက သောကကြယ်ကို မုန်းတီးရာမှ ထွက်ပေါ်လာသော ချူးကွမ်၏ထောင်ချောက်တစ်ခုဖြစ်မည်ဟု ခံစားမိခဲ့၏။
အကယ်၍ ချူးကွမ်ကသာ သူ၏ကိုယ်ပိုင်စိတ်ဆန္ဒနှင့် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မည်ဆိုလျှင် စကားတစ်ခွန်းမျှမပြောဘဲ တိတ်တဆိတ် သေသွားရမည်မှာ သာမန်သာဖြစ်သည်။ အကယ်၍ သူသေသွားသည့်အချိန်၌ စိတ်လွတ်သွားမည်ဆိုလျှင်ပင် တစ်စုံတစ်ယောက်က သူ့ကိုယ်စား လက်တုံ့ပြန်မည်ဟုသာ ပြောမိပါလိမ့်မည်။ ဘာကြောင့် သူက သောကကြယ်ဟူသော နာမည်ကို ထုတ်ဖော်ပြောခဲ့ရသနည်း။
တစ်ဖက်တွင်တော့ သူက ထိုသို့လုပ်ဆောင်လိုက်မည်ဆိုလျှင် သူ့ကို အသတ်မခံရအောင် ကာကွယ်ပေးနိုင်သည့် အရေးကြီးအရာတစ်ခု ရှိနေသေးသည်ဟု တွေးနေနိုင်သည်။
ထိုသို့ဆိုလျှင် ဘာကြောင့် သူက စီစဉ်သူကို ထုတ်ဖော်ခဲ့ရသနည်း။ စီစဉ်သူက သူ ကာကွယ်ချင်နေသော အဖိုးတန်အရာဝတ္ထုများကို ဖျက်ဆီးပစ်မှာ ကြောက်လန့်နေခြင်းပေလော။
အစတွင်တော့ ထိုအရာက သာမန်မဟုတ်ကြောင်း သူ နားမလည်နိုင်ခဲ့ပေ။ အိမ်ပြန်ရောက်ပြီးမှသာ ထိုအချက်ကို နားလည်လာခဲ့၏။
အဘိုးအိုက ပြုံးလိုက်ပြီး အခြေခံကျသော မေးခွန်းကို မေးလိုက်သည်။
"လူလေးက တစ်ခုခုလွဲမှားနေတာကို ရှာတွေ့မှတော့ ဘာလို့စိတ်ဓာတ်ကျသလို ခံစားနေရသေးတာလဲ.."
မုန့်ချီက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ပြုံးလိုက်၏။
"ကျွန်တော်က စိတ်ဓာတ်ကျစေနိုင်တဲ့ အရာတစ်ခုကို တွေ့လိုက်ရလို့ပါ။ ဒီပဟေဠိထဲမှာ တစ်ခုခု လိုအပ်နေသေးတယ်လို့ ကျွန်တော် ခံစားနေရတယ်။ ဒါပေမဲ့ အဲဒါက ဘာလဲဆိုတာ ကျွန်တော်မစဉ်းစားနိုင်ဘူး။ အဘိုး ရုပ်ထုထွင်းထုနေတာကို မြင်ပြီးမှပဲ ကျွန်တော့်ရဲ့စိတ်အခြေအနေက တည်ငြိမ်သွားပြီး အခြေအနေကို နားလည်သွားခဲ့တာ…"
"လူလေးက ဘာကိုနားလည်သွားတာလဲ.."
အဘိုးအိုကတော့ သူ့စကားတစ်လျှောက်လုံးတွင် ထင်မြင်ချက်များ မပေးခဲ့ပေ။ မုန့်ချီ၏နောက်မှ သံယောင်လိုက်၍ ပြောနေခဲ့၏။
မုန့်ချီ၏မျက်နှာအမူအရာက တည်ငြိမ်သွားခဲ့သည်။
"စီစဉ်သူက ဝမ်စစ်ယွမ်ကိုတောင် ထောင်ချောက်ဆင်ရဲမှတော့ ဒီထောင်ချောက်က ကျွန်တော့်ကို အလွယ်တကူ ပစ်မှတ်ထားတာ မဟုတ်ဘူး။ တကယ့်အနှစ်သာရက ဒီထက်ပိုပြီး နက်ရှိုင်းနေမှာ စိုးရတယ်။ တကယ်လို့ ကျွန်တော်က ချူးကွမ်ရဲ့ နောက်ဆုံးစကားကို နားလည်မယ်ဆိုရင်တောင် စီစဉ်သူကို ဘာလုပ်နိုင်မှာလဲ.."
သူက ဆက်ပြောလိုက်သည်။
"ကျွန်တော်က ပထမဆုံးထောင်ချောက်ထဲကို ကျသွားသလိုပဲ။ ထင်ရှားတဲ့ တိုက်ဆိုင်မှုတွေ၊ လမ်းကြောင်းတွေ ရှိနေပေမယ့် အဲဒါက အစစ်အမှန်လို့ မခံစားခဲ့ရဘူး။ ကျွန်တော့်ရဲ့မျက်လုံးထဲမှာတော့ အစစ်အမှန်ထောင်ချောက်က ဟာကွက်တွေ အများကြီး ရှိနေတယ်။ အဲဒါက ရူးကြောင်ကြောင်ဖြစ်နေပြီး မထင်မရှား တိုက်ဆိုင်မှုတွေအပေါ် အခြေခံထားတယ်…”
“ဒါကြောင့် ကျွန်တော့်ရဲ့အစွမ်းအပေါ် ယုံကြည်ချက် ရှိနေမယ်ဆိုရင် ကျွန်တော်က ရုန်းထွက်နိုင်ပြီး ဘေးမသီရန်မခ ထွက်ပြေးနိုင်မယ်လို့ တွေးမိခဲ့တယ်။ ဒါကြောင့်လည်း ကျွန်တော်က ပြိုင်ဖက်ရဲ့အစီအစဉ်ကို နှောင့်ယှက်ဖို့အတွက် ပန်းကြည့်ဥယျာဉ်ထဲကို သွားရဲခဲ့တာ။ ဒါပေမဲ့ အဲဒါက အစစ်အမှန်ထောင်ချောက် ဖြစ်နေခဲ့တယ်..”
“ဒီအရာတွေအားလုံးရဲ့ တရားခံက ကျွန်တော် ထင်ထားတာထက်တောင် ပိုပြီးလေးလေးနက်နက် တွေးထားတယ်ဆိုတာတော့ ဝန်ခံပါတယ်။ ကျွန်တော်က တစ်ခုခု မှားယွင်းနေတယ် ဆိုတာကို ရှာတွေ့သွားတယ်ဆိုတာ သူသိတယ်။ ဒါကြောင့် သူက ကျွန်တော် ခန့်မှန်းလို့ရနိုင်တဲ့ ထောင်ချောက်တစ်ခုကို စီစဉ်ထားခဲ့တာပဲ။ ကျွန်တော် လုပ်ဆောင်ခဲ့တဲ့အရာတွေက အရမ်းဆိုးရွားလွန်းတော့ ကျွန်တော်က အဲဒါကို တလွဲလုပ်ခဲ့မိတယ်။ ပြီးတော့ ဘာလို့ သူက ဒီလိုပြီးပြည့်စုံတဲ့ ထောင်ချောက်တစ်ခုကို ဖန်တီးနိုင်ရတာလဲ နားမလည်သေးဘူး…”
“ကျွန်တော်က အဲဒီနောက်ကွယ်မှာရှိတဲ့ အကြောင်းပြချက်ကို မသိသေးသလို ကျွန်တော် ဘာပဲလုပ်လုပ် ထောင်ချောက်ထဲကို ရောက်ရမှာပဲဆိုပြီး ဝမ်စစ်ယွမ် ပြောခဲ့တာကိုလည်း နားမလည်သေးဘူး…”
အဘိုးအိုက မျက်ခုံးပင့်၍ ရယ်လိုက်သည်။
"ပြောရမယ်ဆိုရင် ဒီတစ်ကြိမ် အဲဒါတွေက အတူတူပဲ မဟုတ်လား.."
"ဟုတ်ပါတယ်..။ သောကကြယ်ဆိုတာကိုကျွန်တော်တွေ့သွားခဲ့ရင်တောင် တစ်ခြား(၃)ယောက်ကတော့ စိတ်အေးသွားကြပြီ။ သူတို့အားလုံးက အဲဒီအရာကို တမင်တကာ ထောင်ချောက်ဆင်ခဲ့တယ်လို့ စဉ်းစားနေကြတယ်။ ကျွန်တော်တို့အားလုံးက စီစဉ်သူကို ရှာဖွေဖို့အတွက် သောကကြယ်ကို သေချာပေါက် လျစ်လျူရှုကြမိလိမ့်မယ်…"
မုန့်ချီ၏အသံက ပျက်ယွင်းလာခဲ့သည်။
"စီစဉ်သူက သူ့ရဲ့အဆင့်အတန်းကို ထုတ်ဖော်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ကတော့ သူ့ကို လျစ်လျူရှုမိတော့မလို ဖြစ်သွားခဲ့တာပဲ.."
အဘိုးအိုကတော့ သူ့နောက်ကို သံယောင်လိုက်၍ ပြောခဲ့သည်။
"ဒါဆိုရင် ဒီပြဿနာတွေအားလုံးရဲ့ နောက်ကွယ်မှာ ရှိနေတဲ့သူက သောကကြယ်ပဲပေါ့.."
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်..။ ဒါက အတွေးထောင်ချောက်တစ်ခုပဲ။ ပိုပြီးတစ်ဆင့်မြင့်တဲ့အရာကို တွေးလိုက်မိမယ်ဆိုရင်တောင် သူက ကျွန်တော်တို့ကို အလိုရှိသလို ထိန်းချုပ်နိုင်သွားလိမ့်မယ်…"
"ဒါဆိုရင် လူလေးက အခုထက်ပိုပြီး နက်နက်နဲနဲ မတွေးနိုင်တော့ဘူးလား။ သူ့ရဲ့အဓိကလုပ်ရပ်က ပုန်းနေဖို့နဲ့ တစ်ချိန်တည်းမှာပဲ သောကကြယ်က ထောင်ချောက်တွေ ဖန်တီးနေဖို့ပဲလေ…"
အဘိုးအိုက သမာသမတ်ကျကျ ပြောလိုက်သည်။
မုန့်ချီက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။
"ကျွန်တော်က ရန်သူထက်ပိုပြီး သေချာစဉ်းစားဖို့ လိုအပ်တာ။ မဟုတ်ရင် ကျွန်တော်က နောက်ကျကျန်နေခဲ့လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပိုပြီးလေးနက်တဲ့အတွေးတစ်ခုက ကျွန်တော့်အတွက် အကျိုးအမြတ်တွေ ယူလာမပေးနိုင်ဘူး..”
“ဥပမာအနေနဲ့ပြောရရင် ကျွန်တော်တို့အားလုံးက ပထမအဆင့် တွေးခေါ်မှုမှာတင် ရပ်နေလိုက်မယ်ဆိုရင် သောကကြယ်ရဲ့အစီအစဉ်က နောက်ဆုတ်သွားနိုင်ပြီး သူကိုယ်တိုင်လည်း ပေါ်လာနိုင်တယ်။ တကယ်လို့ ကျွန်တော်က သူ့ရဲ့ထောင်ချောက်ထဲကို ကျသွားမယ်ဆိုရင်တောင် ကျန်းဟန်ချွန်၊ တိုင်ဖေးနဲ့ ချန်းယာစုန့်တို့က တစ်ခုခုလွဲနေတာကို သေချာပေါက်နားလည်သွားမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အားလုံးက အတွေ့အကြုံရှိတဲ့ သူတွေပဲလေ။ အထူးသဖြင့် တိုင်ဖေးနဲ့ ချန်းယာစုန်းတို့ပဲ…”
“စီစဉ်သူက သူပေါ်သွားတာကို ကာကွယ်ဖို့အတွက် တတိယအဆင့် အတွေးထဲမှာ ထောင်ချောက်တစ်ခု ဖွက်ထားဖို့ မဖြစ်နိုင်မှတော့ သူတို့ကလည်း အဲဒီထက်ပိုပြီး လေးလေးနက်နက် စဉ်းစားဖို့ မလိုတော့ဘူး။ တကယ်လို့ ဝမ်စစ်ယွမ်ကသာ တစ်ယောက်ယောက်နဲ့ ဉာဏ်ချင်း ယှဉ်ပြိုင်နေကြောင်း မပြောခဲ့ဘူးဆိုရင် ကျွန်တော်က ရန်သူကိုတောင် အာရုံစိုက်မိမှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်က နောက်တစ်ကြိမ် ထောင်ချောက်မိသွားမယ်ဆိုရင်တောင် အတွေ့အကြုံတစ်ချို့ပဲ ရလာလိမ့်မယ်။ ကျွန်တော်က ဒုတိယအဆင့် အတွေးကိုတော့ ရောက်မှာ မဟုတ်သေးဘူး…"
အဘိုးအိုက သူ၏ထင်မြင်ချက်ကို မနှောင့်ယှက်ဘဲ နောက်တစ်ကြိမ် မေးလိုက်သည်။
"တကယ်လို့ လူလေးက ဒုတိယအဆင့် မတွေးခေါ်နိုင်ဘူးဆိုရင် ဘာတွေဖြစ်လာမှာလဲ.."
"တကယ်လို့ ကျွန်တော်သာ စီစဉ်သူဆိုရင် ကျွန်တော်က... "
မုန့်ချီ၏ခေါင်းထဲတွင် အတင့်ရဲသော အတွေးတစ်ခု ပေါ်လာခဲ့သည်။
သူ့ခေါင်းထဲတွင် ရှင်းလင်းသွားသည်ကို စောင့်မနေဘဲ အဘိုးအိုကသူ့ကို အပြုံးနှင့် နောက်တစ်ကြိမ် မေးလိုက်သည်။
"အခုရော ဘယ်လိုဖြစ်သွားပြီလဲ..။ လူလေးရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲလိုက်တဲ့အချိန်မှာ ပိုပြီးတော့ လေးနက်လာတယ်လို့ ခံစားရပြီလား…"
ထိုစကားကိုကြားသည့်အခါ မုန့်ချီက မှင်တက်သွားခဲ့သည်။ သူက အမှန်တကယ်ကို စိတ်ရှင်းသွားကြောင်းလည်း နားလည်သွားခဲ့၏။ သူက ရင်ဘတ်ပေါ်သို့ လက်တစ်ဖက်တင်ပြီး ဦးညွတ်၍ ပြောလိုက်သည်။
"အဘိုးရဲ့လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်.."
အဘိုးအိုက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူက ပန်းပုထုရန် နောက်တစ်ကြိမ် အာရုံစိုက်နေခဲ့သည်။ သူက အလွန်အာရုံစိုက်နေခဲ့သည့်အတွက် သူ၏မျက်လုံးထဲတွင် ဆွဲဆောင်မှုရှိနေခဲ့သည်။
အဘိုးအိုက တစ်ယောက်တည်း နေလိုကြောင်း မုန့်ချီက နားလည်နေသည်။ ထို့ကြောင့် သူလည်း မတ်တပ်ရပ်ပြီး ထွက်သွားခဲ့၏။သူက လမ်းကျဉ်းလေး၏ ဝင်ပေါက်တွင် ရပ်လိုက်ပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူက ရှုပ်ထွေးသည့် အရာများကို ကြုံတွေ့သည့်အချိန်တိုင်း အဘိုးအိုဆီသို့ လာရန် ဆုံးဖြတ်လိုက်၏။
အိမ်သို့ ပြန်ရောက်လာသည့်အချိန်တွင် ကျန်းဟန်ချွန်က ခြံဝန်းရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေကြောင်း မုန့်ချီက တွေ့လိုက်ရသည်။
"အစ်ကိုကျန်း..ဘာကိစ္စလဲ…"
မုန့်ချီက သူ့ဆီသို့ လျှောက်သွားခဲ့၏။
ကျန်းဟန်ချွန်က လေးလေးနက်နက်ပြောလိုက်သည်။
"ငါက ဒီကို ကိစ္စနှစ်ခုကြောင့် ရောက်လာတာ။ တစ်ခုကတော့ ချူးကွမ်ရဲ့ နောက်ဆုံးစကားကြောင့်ပဲ။ စီစဉ်သူတွေက သူတို့ရဲ့အကြောင်းကို ထုတ်မပြမှတော့ တစ်ခုခု လွဲနေပြီ။ ငါတို့က ပထမတော့ သဲလွန်စမရှိဘူး။ ဒါပေမယ့် ရုတ်တရက် ဆိုသလို စီစဉ်သူက သောကကြယ် ဆိုတာ သိလိုက်ရတယ်။ ဒါကလည်း လုံးဝကျိုးကြောင်းဆီလျော်မှုမရှိဘူး…"
မုန့်ချီက မှင်သက်သွားခဲ့ပြီး အပြုံးနှင့် ပြောလိုက်သည်။
"အဲဒါက တမင်တကာ စီစဉ်ထားတဲ့ ထောက်ချောက်တစ်ခုလို့ပဲ ကျွန်တော် တွေးမိတယ်.."
သူ၏အတွေးကို အတည်ပြုပေးလိုက်သည့်အတွက် ကျန်းဟန်းချွန်က အလွန်ဝမ်းသာသွားခဲ့သည်။သူက ရယ်နေရင်း ဆက်ပြောလိုက်၏။
"ဉာဏ်ကြီးရှင်တွေက ဒီလိုမျိုးပဲ တွေးကြမှာလေ။ ငါတို့က အစိမ်းရောင်လက်ပတ်ဝတ် တိုင်နှင့် ခေါင်းဆောင်ချန်းတို့ကို ချက်ချင်းသတင်းပို့ရမယ်…"
"တစ်ခြားတစ်ခုကရော ဘာလဲ.."
မုန့်ချီက ထပ်မေးလိုက်သည်။
ကျန်းဟန်ချွန်က လျှို့ဝှက်အသံပို့ဆောင်မှုဖြင့် ပြန်ဖြေလိုက်၏။
"ငါက ချိုးဖေးရဲ့နောက်ကို နောက်ယောင်ခံလိုက်နေတာ။ ဒါပေမယ့် လူသားနဲ့ ကောင်းကင်တသားတည်းအဆင့်ကြောင့် သူက ငါ့ကိုသတိမထားမိခဲ့ဘူး။ သူက ကျင်းမြစ်ဘေးမှာရှိတဲ့ တောင်ကုန်းပေါ်ကို သွားနေတာ နှစ်ရက်တောင် ရှိနေပြီ။ သူက ဒီနေ့ညလည်း သွားနိုင်တဲ့အတွက် ငါက မင်းကို လိုက်ခဲ့ဖို့ လာခေါ်တာ။ ငါတို့က ပုန်းပြီး သူဘာလုပ်မလဲ စောင့်ကြည့်နေလို့ရတယ်…"
သူ့ကိုယ်သူ ကာကွယ်ရန်အတွက် သူကတော့ အနီးသို့ ကပ်လိုက်သွား၍ မရနိုင်ခဲ့ပေ။ လက်ထဲတွင် ပြန်လည်ဝင်စားခြင်းတံဆိပ် ရှိနေသည့်အတွက် မုန့်ချီက စဉ်းစားပြီး သဘောတူလိုက်၏။
…………..
ကျင်းမြစ်ကမ်းတွင်...
တစ်ချို့နေရာများက စည်းကားသိုက်မြိုက်နေပြီး တစ်ချို့နေရာများကတော့ သီချင်းသံများ၊ ကခုန်သံများ ကြားနေရသည်။ သို့သော် မြို့အပြင်ဖက် တောင်ကုန်းကဲ့သို့ ဆိတ်ငြိမ်နေသောနေရာများလည်း ရှိနေသေး၏။
မုန့်ချီနှင့်ကျန်းဟန်ချွန်တို့က ချိုးဖေးထက် အရင်ရောက်လာပြီး နေရာတစ်နေရာတွင် ပုန်းနေကြသည်။ သူတို့က သူတို့၏ အငွေ့အသက်များကို ဖုံးကွယ်ထားကြပြီး သူတို့ရောက်လာသည့် ခြေရာလက်ရာများကို ဖယ်ရှား၍ ညရောက်လာသည့်အချိန်ကို စောင့်နေကြ၏။
တောင်ကုန်းတစ်ခုလုံးတွင် မြက်ရိုင်းများ ပေါက်နေပြီး ခြေချရန် နေရာတစ်ချို့ပင် ဖန်တီးခဲ့ရသည်။ ထိုနေရာတွင် မုန့်ချီနှင့် ကျန်းဟန်ချွန်တို့သာ ရှိ၏။
အချိန်က တဖြည်းဖြည်းကုန်ဆုံးသွားပြီး ကောင်းကင်ကြီးပေါ်တွင် တောက်ပသော လမင်းကြီး ထွက်ပေါ်လာခဲ့၏။ ထိုအချိန်တွင် လရောင်ဖြာကျနေသော တောင်ကုန်းပေါ်သို့ လူတစ်ယောက် တက်လာခဲ့သည်။ ထိုအရာကတော့ လေလှိုင်းတုတ် ချိုးဖေးဖြစ်သည်။
သူ၏ လက်ထဲတွင်တော့ အနီရင့်ရောင် တုတ်တစ်ချောင်းကို ကိုင်ထားပြီး သူက ပတ်ပတ်လည်ကို သတိထား၍ စစ်ဆေးကြည့်နေသည်။ မုန့်ချီက သူ၏စိတ်ဝိညာဉ်စွမ်းအားနှင့် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်တို့ကိုသုံးပြီး ချိုးဖေးကို အောင်အောင်မြင်မြင် လမ်းလွှဲထားနိုင်ခဲ့သည်။ ကျန်းဟန်ချွန်ကတော့ လူသားနှင့်ကောင်းကင်တသားတည်းအဆင့်ကို အားကိုးနေခဲ့၏။
သူ့နောက်ကို မည်သူမျှ လိုက်မလာကြောင်း သေချာသွားပြီးနောက် ချိုးဖေးက မြေပြင်ကြီးကို ရုတ်တရက် အားနှင့် ခြေဆောင့်လိုက်သည်။ ထိုအခါ အလွန်ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာ၏။
"သူက ဘာလုပ်နေတာလဲ.."
အလွန်ထူးဆန်းသော သူ၏လုပ်ရပ်ကြောင့် မုန့်ချီက အံ့ဩသွားခဲ့သည်။
ထိုအချိန်တွင် မြေပြင်ကြီးက လှုပ်ရှားသွားခဲ့ပြီး မြေကြီးထဲမှနေ၍ အရိပ်နှစ်ခု ထွက်လာခဲ့သည်။ သူတို့ကတော့ လူသေများကဲ့သို့ ဖြစ်နေပြီး အားနည်းသော အငွေ့အသက်နှင့် ဖြူဖပ်ဖြူရော်မျက်နှာများ ရှိသည်။
"အဲဒါက အသက်ပြောင်းလဲခြင်းဂိုဏ်းပဲ.."
မုန့်ချီက သူရှာဖွေနေသော အဖြေတစ်ချို့ကို တွေ့လိုက်ရပုံပေါ်သည်။
ဘာကြောင့် အဘိုးကြီးကျုံး ထွက်သွားသည့်နေ့တွင် အသက်ပြောင်းလဲခြင်းဂိုဏ်းမှ တပည့်များက ရောက်လာခဲ့ရသနည်း။ သူတို့က အဘိုးကြီးကျုံး၏နောက်သို့ အချိန်ကြာမြင့်စွာ လိုက်လာခဲ့ပြီးနောက် ဘာကြောင့် သဲလွန်စကို တစ်ရက်တည်း တွေ့နေရသနည်း။
ဘာကြောင့် လက်ရင်းတပည့် မဟုတ်သူ တစ်ယောက်က ဝေ့ကျင်းအဆင့် ဖုတ်ကောင်တစ်ကောင်ကို ထိန်းချုပ်နိုင်ရသနည်း။ ဘာကြောင့် နင်စီရင်စုမှ အရူးဓားသမားက ထိုအချိန်ကတည်းက ပျောက်ကွယ်သွားရသနည်း။
Translated by Hein Htet