အခန်း (၂၈၆)
Vol. 20 Ch. 286
မုန့်ချီက သတိထားမိသည့်အချိန်တွင် ခံစားချက်ပေါင်းများစွာ ထွက်ပေါ်လာခဲ့သည်။ ကျန်းဟန်ချွန်နှင့် သူက လမ်းတွင် အလစ်ချောင်း တိုက်ခိုက်ခံရမှာကို စိုးရိမ်ခဲ့သည့်အတွက် သေချာသတိထားခဲ့သည်။ သို့သော် မည်သူမျှမရှိကြောင်း သေချာသွားပြီးနောက် သူတို့က ခြေရာလက်ရာများကို ဖယ်ရှားပြီး လျှို့ဝှက်နေရာတစ်ခု ရှာဖွေ၍ ပုန်းအောင်းနေကြခြင်း ဖြစ်သည်။
သို့သော် ချိုးဖေးနှင့် တွေ့နေသောသူများက မြေအောက်ထဲတွင် ပုန်းနေသောသူများ ဖြစ်မည်ဟု မည်သူကရော သိကြမည်နည်း။ သူတို့က အသက်လုံးဝမရှိသော အလောင်းကောင်များကဲ့သို့ ဖြစ်နေသည်။
ကျန်းဟန်ချွန်က လူသားနှင့်ကောင်းကင် တသားတည်းအခြေအနေကို သုံးနိုင်ပြီး မုန့်ချီဆီတွင် လျှို့ဝှက်နည်းလမ်းမျိုးစုံ ရှိနေမည်ဆိုလျှင်ပင် သူတို့ကတော့ မြေပြင်ပေါ်တွင် ရှိနေသော အရာများကိုသာ ခံစားမိနိုင်ကြသည်။ သူတို့ကို ထိုးဖောက်ပြီး စစ်ဆေးကြည့်ရန် ခက်ခဲ၏။ ထိုသို့ဆိုရာတွင် သူတို့က အပေါ်ယံ၌ အနည်းငယ်လေးသာ တုန်ယင်သွားကြသည်။
ထိုလူများက ပုန်းနေခဲ့ကြ၏။ သူတို့က ယခုအချိန်ထိ မလှုပ်ရှားကြသေးသည်မှာ သူတို့က အလွန်အားနည်းခြင်းကြောင့် ဖြစ်သည်။ သူတို့က ဝေ့ကျင်းတစ်ဝက် အဆင့်ရှိသော ချိုးဖေး ရောက်လာသည့် အချိန်ကိုစောင့်ပြီးမှ တိုက်ခိုက်လိုခြင်း ဖြစ်နိုင်သည်။
မုန့်ချီနှင့် ကျန်းဟန်ချွန်တို့က အချင်းချင်း ကြည့်လိုက်မိကြ၏။ ယခုအချိန်တွင် ပေါ်သွားသည့်အတွက် သူတို့က ဂရုစိုက်မနေနိုင်ပေ။ သူတို့က နောက်ပြန်ဆုတ်ရန် ဆုံးဖြတ်ချက်ချလိုက်၏။
သူတို့ ထွက်ပြေးတော့မည့်အချိန်တွင် ထို (၃) ယောက်က အရင်ဆုံး လှုပ်ရှားလိုက်သည်။ သူ၏လေလှိုင်းတုတ်ကို ဝှေ့ယမ်းပြီး ချိုးဖေးက လေထဲသို့ ခုန်လာခဲ့၏။ သူ၏တုတ်တံက ကျန်းဟန်ချွန်၏ ခေါင်းတည့်တည့်ကို ဦးတည်နေခဲ့သည်။
ကြောက်စရာကောင်းသော လေလှိုင်းများကလည်း ပို၍ပြင်းထန်လာခဲ့၏။ မြေပြင်ပေါ်တွင် ရှိနေသော ပေါင်းပင်များက အမြစ်မှ ကျွတ်ထွက်လာပြီး လေထဲတွင် နံရံကြီးတစ်ခု ပေါ်လာခဲ့သည်။
ထိုလေနံရံကြီးက ကျန်းဟန်ချွန် နောက်ဆုတ်သွားမည့် လမ်းကြောင်းအားလုံးကို တားဆီးထားလိုက်သည့်အတွက် သူလည်း လေလှိုင်းတုတ်ကို ထိပ်တိုက် ရင်ဆိုင်လိုက်ရသည်။ ကြည့်လိုက်မည်ဆိုလျှင် ချိုးဖေးအတွက်တော့ ကျန်းဟန်ချွန်က မုန့်ချီထက် ပို၍ အရေးကြီးပုံရသည်။
ထိုလူငယ်က လူသားနှင့်ကောင်းကင် တသားတည်းအဆင့်ကို ရောက်ရှိနေခဲ့၏။ ထို့ကြောင့် ချိုးဖေးက တိုက်ခိုက်ရာတွင် သနားညှာတာနေခြင်း မရှိချေ။
အားနည်းသော ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်က သူ၏လှုပ်ရှားမှုတွင် သဘာဝတရားကြီးကို လှုံဆော်နိုင်ခြင်း မရှိချေ။ သူက ရန်သူကို တားဆီးခြင်း သို့မဟုတ် အထိအခိုက်ပိုများအောင် လုပ်ဆောင်ခြင်းသာ တတ်နိုင်သည်။
သို့သော် အတွင်းနှင့်အပြင် ကမ္ဘာကြီး တသားတည်းဖြစ်နေသော သာမန်ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်အတွက်တော့ သဘာဝဖြစ်စဉ်များက မတူညီသော နည်းလမ်းများအတိုင်း ကူညီပေးနိုင်သည်။
သူတို့က လှုပ်ရှားမှုနှင့် ချီစွမ်းအင်များကို တိုးတက်လာစေနိုင်ပြီး သူတို့၏သိုင်းကွက်နှင့် လိုက်ဖက်ညီစွာ ပေါင်းစပ်သွားစေနိုင်သည်။ လက်ရှိအချိန်တွင် ချိုးဖေးကလည်း ထိုကဲ့သို့သာ ဖြစ်၏။ အလွန်ကြောက်စရာကောင်းသော လေလှိုင်းများက ဦးတည်ရာမဲ့ လှုပ်ရှားနေခြင်းမရှိဘဲ နံရံတစ်ခုသဖွယ် စုစည်းလာခြင်း ဖြစ်သည်။
ထိုအရာက ချိုးဖေး၏ လှုပ်ရှားမှုတွင် ရှိနေသော အားနည်းချက်များကို ဖြည့်ဆည်းပေးလိုက်ပြီး ကျန်းဟန်ချွန်က ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။ လေလှိုင်းတုတ်က ကျန်းဟန်ချွန်၏ ခေါင်းတည့်တည့်ကို ရိုက်ချလိုက်၏။
အစွမ်းထက်ပြီး လေးလံသော တုတ်များကဲ့သို့ မဟုတ်ဘဲ ထိုတုတ်ကတော့ ပေါ့ပါးပြီး သွက်လက်လျင်မြန်သည်။ တုတ်ကို လေလှိုင်းတစ်ခုသဖွယ် လှုပ်ရှားလိုက်ချိန်တွင် တုတ်ချက်တစ်ခုချင်းဆီတိုင်းက ပြောင်းလဲသွားနိုင်၏။ တုတ်ထဲတွင် ရှိနေသော စွမ်းအားနှင့် ချီစွမ်းအင်များကလည်း ပေါက်ကွဲမည့်အချိန်ကို စောင့်နေသလို ထင်မှတ်ရ၏။
ပတ်ပတ်လည်တွင် တိုက်ခတ်နေသော လေလှိုင်းများကြားထဲတွင် ကျန်းဟန်ချွန်ကတော့ အေးအေးဆေးဆေး ရှိနေသလို ထင်မှတ်ရသည်။ သူက ထိုအခြေအနေကိုပင် သဘောကျနေသလို ထင်မှတ်ရ၏။ သူက တားဆီးထားသော လေနံရံကို လျစ်လျှူရှုထားခဲ့သည်။
သူကိုယ်တိုင်က ထိုလေလှိုင်းနှင့် ပတ်ဝန်းကျင်၏ တစ်စိတ်တစ်ပိုင်းဖြစ်သွားပြီး စာရွက်ကလေးတစ်ရွက်ကဲ့သို့ လေလှိုင်းနှင့်အတူ လှုပ်ရှားနေခဲ့သည်။ တစ်ချိန်တည်းတွင် သူ၏ညာဘက်လက်ဖဝါးကို ရိုက်ထုတ်လိုက်၏။
လက် (၅) ချောင်းက မတူညီသော ပုံသဏ္ဍာန်များ ပြောင်းလဲသွားကြပြီး ပုံသဏ္ဍာန် တစ်ခုချင်းဆီတိုင်းတွင် ကိုယ်ပိုင်အနှစ်သာရများ ပါဝင်နေသည်။ သူတို့က ပြောင်းလဲမှုများစွာ ရှိလာပြီး လေ့ကျင့်ရန် ခက်ခဲနိုင်၏။ သူက လက် (၅) ချောင်းကို စုစည်းလိုက်ရာ လက်သီးဖြစ်လာသည်။ ထို့နောက် လက်ညှိုးလေးအဖြစ် ပြောင်းလဲပြီး လက်ညှိုးနှင့် တည်ငြိမ်စွာ ထိုးလိုက်၏။
ထိုအရာကတော့ ပြောင်းလဲမှုများစွာကြားထဲတွင် တသမတ်တည်း ဖြစ်နေသော အရာတစ်ခု ဖြစ်သည်။ ကမ္ဘာကြီးကလည်း ထိုပြောင်းလဲမှုများအတိုင်း လည်ပတ်လာခဲ့၏။
ချိုးဖေး၏ ဝေ့ကျင်းတစ်ဝက်အဆင့် တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသည့်အချိန်တွင် ကျန်းဟန်ချွန်ကလည်း စလာကတည်းက သူ၏အစွမ်းထက်ဆုံး တိုက်ခိုက်မှုကို အသုံးပြုလိုက်သည်။
ထိုနေရာတွင် အသက်ပြောင်းလဲခြင်းဂိုဏ်းမှ တပည့် (၂) ယောက်လည်း ရှိနေသေး၏။ သူတို့ (၂) ယောက်က ဦးထုပ်ချွန်ချွန်များ ဝတ်ဆင်ထားပြီး မျက်နှာက အလောင်းများကဲ့သို့ ဖြစ်နေသည်။ တစ်ယောက်က အနက်ရောင်ဖြစ်ပြီး တစ်ယောက်က အဖြူရောင် ဖြစ်၏။
သူတို့ (၂) ယောက်က ငရဲကြီး (၉) ထပ်မှ အဖြူအနက် ငရဲစောင့်များကဲ့သို့ ဖြစ်နေသည်။ သူတို့ (၂) ယောက်၏ရုပ်ရည်က တစ်ထပ်တည်းနီးပါး တူညီနေသည်မှာ အချင်းချင်း ပုံတူကူးထားသလို ထင်မှတ်ရ၏။ သူတို့ (၂) ယောက်ကတော့ မုန့်ချီကို ရင်ဆိုင်လိုက်သည်။
အဖြူဝတ် ပညာရှင်က လေထဲသို့ လှမ်းခုန်လိုက်သည်။ သူ့ပုံစံက မြေဆွဲအားကို ဆန့်ကျင်နေပြီး လေထဲ အတော်မြင့်မြင့်ထိ ရောက်သွားခဲ့၏။ ထို့နောက် သူ့လက် (၂)ဖက်နှင့် ရိုက်ချလိုက်ရာ လေစီးကြောင်းများက ပိုက်ကွန်ကြီးတစ်ခုသဖွယ် ထွက်ပေါ်လာခဲ့သည်။
အနက်ဝတ် ပညာရှင်ကလည်း ရှေ့သို့ ခုန်တက်လာခဲ့၏။ သူက ဘယ်လက်ဖဝါးကို ရင်ဘတ်ပေါ်တွင် ကန့်လန့်ဖြတ်ခံလိုက်ပြီး ညာလက်နှင့် ညင်သာစွာ တွန်းလိုက်သည်။ သူကလည်း အဖြူဝတ်ပညာရှင်နှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်တိုက်ခိုက်နေခဲ့၏။
သူတို့၏တိုက်ခိုက်မှုက အချင်းချင်း မပြည့်စုံမှုကို ဖြည့်ဆည်းပေးထားသလို ထင်မှတ်ရသည်။ လက်ဝါးလှိုင်းနှစ်ခု တိုက်ခိုက်မိလိုက်၏။ သူတို့က ဝဲကတော့ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ပတ်ဝန်းကျင်တွင် ရှိနေသော လှုပ်ရှားမှုနှင့် အသက်စွမ်းအင်များကို စုပ်ယူလိုက်ကြသည်။
ထိုအချိန်တွင် သူတို့ဆီမှာနေ၍ ဆိုးရွားသော ခံစားမှုတစ်ခု ထွက်ပေါ်လာနေပြီး လေထဲတွင် အေးစက်သော လေလှိုင်းများ တိုက်ခတ်လာသည့်အတွက် တစ်ကိုယ်လုံး တုန်ယင်သွားနိုင်သည်။
မုန့်ချီကတော့ အချင်းချင်း ဖြည့်ဆည်းပေးနေသော သူတို့၏အားနည်းချက် အများစုကိုသာ ခံစားမိခဲ့သည်။ သူက သူတို့၏တိုက်ခိုက်မှုထဲတွင် မပြည့်စုံသောအရာ အနည်းငယ်ကို ရှာဖွေဖော်ထုတ်နိုင်သော်လည်း ထိုအရာက ထောင်ချောက်များ ဟုတ်မဟုတ် သေချာမသိနိုင်ပေ။
ဆိုးရွားသော လေလှိုင်းများကလည်း နေရာအနှံ့ တိုက်ခတ်နေပြီး တိုက်ခိုက်မှုများက ပတ်ပတ်လည်မှ ရောက်လာနေခဲ့သည်။ မြက်ပင်တိုင်း၊ ကျောက်ခဲတိုင်းက လူသတ်နိုင်သော လက်နက်များအဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရ၏။ အကယ်၍ မုန့်ချီကသာ အလေးမထားလျှင် သူတို့က သူ့ကို ရုတ်တရက် တိုက်ခိုက်နိုင်ကြသည်။
ဤကမ္ဘာကြီးထဲတွင် ရှိနေသော လူပေါင်းများစွာက အကြောင်းပြချက်မျိုးစုံကြောင့် သေဆုံးသွားတတ်ကြသည်။ ဥပမာအနေနှင့် ပြောရလျှင် ကျောက်တုံးတစ်တုံးပေါ်သို့ နင်းမိပြီး ခြေချော်ကျခြင်းက သာမန်သာဖြစ်ပြီး အရေးကြီးသော ပြဿနာတစ်ခု မဟုတ်ချေ။ သို့သော် ထိုသို့ခြေချော်ကျသည့်အချိန်တွင် နောက်စေ့က ကျောက်တုံးတစ်တုံးနှင့် တိုက်မိသွားမည်ဆိုလျှင်တော့ အခြေအနေက မတူညီတော့ပေ။ ထိုအရာက သေခြင်းတရားကို ကြုံတွေ့ရနိုင်သည်။
သို့သော် ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်တွင်တော့ လှုပ်ရှားမှုတိုင်းက အသက်အန္တရာယ် ရှိသည်။ ယခုတော့ ထိုလှုပ်ရှားမှုကို သူတို့ (၂) ယောက်က ဖန်တီးထားပြီး ပြောင်းလဲမှုများစွာ ပါဝင်နေခဲ့သည်။ သူတို့အချင်းချင်း၏ အားနည်းချက်များကလည်း ပျောက်ကွယ်နေခဲ့၏။ သူတို့က မုန့်ချီရှေ့တွင် ရာမဖိတ်ခေါ်ခြင်း၏ အနှစ်သာရများကို ရှင်းရှင်းလင်းလင်း ပြသနေခဲ့သည်။
"သူတို့က အသက်ပြောင်းလဲခြင်းဂိုဏ်းရဲ့ လက်ရင်းတပည့် (၂) ယောက်ပဲ…"
မုန့်ချီက သတိလက်လွတ် ရေရွတ်လိုက်မိသည်။ သူက ကောင်းကင်ပြစ်ဒဏ်ဓားကို ဝှေ့ယမ်းတိုက်ခိုက်လိုက်ရာ ငွေရောင်လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
တခဏအတွင်း သူက ဆုံးဖြတ်ချက်ချလိုက်၏။ သူက ဗုဒ္ဓမီးအိမ်လေးကို အသုံးမပြုချင်ဘဲ ကောင်းကင်ပြစ်ဒဏ်ဓားကိုသာ အသက်သွင်းထားလိုက်သည်။ မိုးကြိုးဟူသည်မှာ မကောင်းဆိုးဝါးများ၏ သဘာဝရန်သူသာ ဖြစ်သည်။
မုန့်ချီက ဓားချက် (၉) ချက်ကို ဆက်တိုက် တိုက်ခိုက်လိုက်၏။ ကောင်းကင်ပြစ်ဒဏ်ဓားက အရိပ်များအဖြစ် ပြောင်းလဲသွားပုံရပြီး မကောင်းဆိုးဝါး လေလှိုင်းများကို ဖယ်ရှား၍ လေစီးကြောင်းများကို ဖိနှိပ်လိုက်သည်။
ကျယ်လောင်သော မိုးခြိမ်းသံကြီးတစ်ခုလည်း ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသော မကောင်းဆိုးဝါးများကို ရှင်းလင်းနိုင်သည့် မိုးကြိုးတစ်ခု ကျဆင်းလာသလို ထင်မှတ်ရ၏။
ထိုတိုက်ခိုက်မှုတွင် ခရမ်းမိုးကြိုးစွမ်းအားများ မပါဝင်သော်လည်း ဓားချီစွမ်းအင် (၉)ခုက မိုးကြိုးနဂါးတစ်ကောင်ကဲ့သို့ ဖြစ်လာခဲ့သည်။ ထို့နောက် အသက်ပြောင်းလဲခြင်းဂိုဏ်းမှ တပည့် (၂) ယောက်ဆီကို ပျံသန်းသွားခဲ့၏။
ဓားချီစွမ်းအင်များက ကျယ်လောင်သော မိုးခြိမ်းသံများနှင့်အတူ ကောင်းကင်ကြီးကို ဖြတ်သန်းလာပြီး လျှပ်စီးကြောင်းများက ဆက်တိုက် ရောက်လာခဲ့သည်။ ပတ်ပတ်လည်တွင် ရှိနေသော မြက်ပင်များ ၊ မြေသားများကလည်း သူတို့၏အစွမ်းကို ခံစားမိသည့်အလား လောင်ကျွမ်းပြာကျသွားခဲ့၏။ သူတို့က ကောင်းကင်မိုးကြိုး၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသလို ထင်မှတ်ရသည်။
မည်းတူးသွားသော အနက်ရောင် အရာဝတ္ထုများကလည်း အဖြူအနက် ငရဲအစောင့်များဆီသို့ အရှိန်အဟုန်နှင့် ရောက်လာခဲ့သည်။ မကောင်းဆိုးဝါး လေလှိုင်းများ ၊ အေးစက်သောလေလှိုင်းများ အားလုံးကလည်း တခဏအတွင်း ရှင်းလင်းခံလိုက်ရသည်။
မုန့်ချီက သူတို့ကို လျင်မြန်စွာ ရှင်းပစ်ချင်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် ရန်သူဆီတွင် အကူအညီများ ရှိနေနိုင်သလို နင်စီရင်စုမှ ဓားသမားဖုတ်ကောင်ကလည်း အနီးအနားတွင် ရှိနေနိုင်သည်။ သူ၏ရည်ရွယ်ချက်ကတော့ ထို (၂) ယောက်ကို အဝေးသို့ တွန်းပို့လိုက်ပြီး ဤနေရာမှ ချက်ချင်း ထွက်ခွာသွားရန် ဖြစ်သည်။
သူက သူတို့၏ သေခြင်းရှင်ခြင်းအစွမ်းကို သုံးသပ်ရန်အတွက် တုကူးဓား (၉) ကွက်နှင့် ကောင်းကင်ဓားကျင့်စဉ်တို့ကို အသုံးပြုရန် စဉ်းစားထားခဲ့ခြင်း မရှိချေ။ ထိုအစား အလွန်ကြောက်စရာကောင်းသော အစွမ်းကိုသာ အသုံးချပြီး မိုးကြိုးစွမ်းအင်များကိုသုံး၍ သူတို့ကို ဖိနှိပ်လိုက်သည်။
ဓားချီစွမ်းအင်များက စုစည်းလာခဲ့၏။ ထိုအလင်းတန်းများကလည်း အလွန်ကြောက်စရာ ကောင်းလွန်းလှသည်။ ထိုအစွမ်းများက အလွန်အစွမ်းထက်ပြီး တိုက်ခိုက်မိလိုက်မည်ဆိုလျှင် မကောင်းဆိုးဝါးနှင့်ဆိုင်သော အရာအားလုံးက ရှင်းပစ်ခံရပါလိမ့်မည်။ မိုးကြိုးအလင်းတန်းများက အက်ကွဲသံများနှင့်အတူ ကျဆင်းလာပြီး သူတို့၏ လှုပ်ရှားမှုကို လုံးဝ ဖျက်ဆီးပစ်လိုက်၏။
ပထမဆုံးအကြိမ်အဖြစ် အသက်ပြောင်းလဲခြင်းဂိုဏ်းမှ တပည့်များ၏ အလောင်းပုံစံ မျက်နှာပေါ်တွင် အကြောက်တရားများ ပေါ်လာခဲ့သည်။ သို့သော် သူတို့၏ သိုင်းကွက်က သာမန်မဟုတ်သည့်အတွက် အနည်းငယ်လေးသာ အားနည်းသွားပြီး ဓားချီစွမ်းအင်များ၏ တိုက်ခိုက်မှုကို နှေးကွေးအောင် လုပ်ဆောင်နိုင်ကြသည်။
အဖြူဝတ်ပညာရှင်က မြေပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားပြီး အနက်ဝတ် ပညာရှင်၏ အနားတွင် မတ်တပ်ပြန်ရပ်လိုက်သည်။ သူက လက်ဝါး (၂) ဖက်ကို စုလိုက်ပြီး လေထဲတွင် စက်ဝိုင်းခြမ်းတစ်ခုသဖွယ် လှုပ်ရှားလိုက်သည်။
ထိုလှုပ်ရှားမှုက အတော်လေးကို ထူးဆန်း၏။ ထိုအရာက အသက်စွမ်းအင် ခံစားမှုများ ပေးစွမ်းနိုင်ပြီး အလွန်ကြောက်စရာကောင်းသည်။ သို့သော် သေချာ စစ်ဆေးကြည့်လိုက်မည်ဆိုလျှင် ထိုလှုပ်ရှားမှုထဲ၌ အလွန်ကြောက်စရာကောင်းသော သေခြင်းတရားများ ပုန်းအောင်းနေကြောင်း နားလည်သွားပါလိမ့်မည်။ ထိုလှုပ်ရှားမှု၏ အဓိကအချက်ကတော့ အားနည်းချက်အဖြစ် ပြောင်းလဲသွားနိုင်ခြင်း ဖြစ်သည်။
သူက ထိုအရာကို လုပ်ဆောင်နေသည့်အချိန်တွင် အနက်ဝတ် ပညာရှင်ကလည်း သူ၏လက် (၂) ဖက်ကို စုလိုက်ပြီး ကျန်ရှိနေသော စက်ဝိုင်းတစ်ဖက်ကို ဖြည့်ဆည်းပေးလိုက်သည်။ ထိုအချိန်တွင် မကောင်းဆိုးဝါးလေလှိုင်းများက နောက်တစ်ကြိမ် တိုက်ခတ်လာပြီး အနက်ရောင် သေဆုံးခြင်းစွမ်းအင်များ ထွက်ပေါ်လာခဲ့၏။ သူ၏လှုပ်ရှားမှုက ရေလှိုင်းများကဲ့သို့ဖြစ်နေပြီး နေရာတိုင်းကို ပျံ့နှံ့သွားသည်။
ထိုလှုပ်ရှားမှုထဲတွင်တော့ ပြောင်းလဲမှုများစွာ ရှိနေ၏။ သူတို့ (၂) ယောက်၏ လှုပ်ရှားမှုက အချင်းချင်း ပေါင်းစပ်သွားသည်။ ထို့နောက် ပတ်ပတ်လည်တွင် ရှိနေသော လေစီးကြောင်းများကို ဆွဲငင်လိုက်ပြီး လေစက်လုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ဘယ်ဘက်ခြမ်းတွင် ရှိနေသော အသက်စွမ်းအင်ထဲတွင် သေခြင်းတရားများ ပုန်းအောင်းနေပြီး ညာဘက်ခြမ်းတွင် ရှိနေသော သေခြင်းတရားထဲတွင် အသက်စွမ်းအင်များ ပုန်းအောင်းနေသည်။ သူတို့က တစ်ခုနှင့်တစ်ခု ဆက်တိုက်ပြောင်းလဲနေပြီး သေခြင်းနှင့် ရှင်ခြင်း တစ်လှည့်ဆီ ဖြစ်ပေါ်နေခဲ့၏။
ထိုလှုပ်ရှားမှုက အလွန်သိသာ ထင်ရှားလှသည်။ ထိုသိုင်းကွက်က သေခြင်းရှင်ခြင်း သဘောတရားကို ပြသနေသည်။ ထိုသိုင်းကွက်၏ နောက်ကွယ်တွင် ရှိနေသော သဘောတရားများက မုန့်ချီ၏ ယင်နှင့်ယန် (၃) မျိုးပေါင်းစပ်ခြင်းဟူသော သဘောတရားနှင့် တူညီနေ၏။
သေဆုံးခြင်းနှင့် ရှင်သန်ခြင်းက တစ်ခုချင်းဆီထဲတွင် အမြစ်တွယ်နေပြီး တစ်ခုမှ တစ်ခုသို့ ပြောင်းလဲနိုင်ကြသည်။ သို့သော် ထိုသိုင်းကွက်၏ သဘောတရားများကတော့ မုန့်ချီ ဖန်တီးထားသည့်အရာထက် ကျော်လွန်နေခဲ့၏။ မည်သို့ဖြစ်စေကာမူ ထိုအရာက အသက်ပြောင်းလဲခြင်းဂိုဏ်း၏ ထိပ်တန်းသိုင်းပညာတစ်ခု ဖြစ်သည်။
မုန့်ချီ၏ ယင်နှင့်ယန် (၃) မျိုးပေါင်းစပ်ခြင်းထဲတွင် ယင်နှင့်ယန် (၂) မျိုးလုံး ပါဝင်နေသည်။ သူကတော့ ပြိုင်ဘက်၏သိုင်းကွက်များနှင့် တိုက်ခိုက်မိသည့် အချိန်ထိအောင် စောင့်နေပြီးမှ တစ်ဖက်လူ၏ လှုပ်ရှားမှုကို ဖြေရှင်းနိုင်သည်။ အကယ်၍ တစ်ဖက်လူက ရှုံးနိမ့်သွားမည်ဆိုလျှင်ပင် သူ့ဆီ၌ အသုံးပြုရန် ဝှက်ဖဲများစွာ ရှိနေသေးသည်။ ဥပမာအနေနှင့် ပြောရလျှင် ချီစွမ်းအင်များကို ထက်ဝက်လျှော့ချလိုက်ခြင်းမျိုး ဖြစ်၏။
မုန့်ချီက အလွယ်တကူ ပြောင်းလဲနိုင်စွမ်းရှိသည်။ သို့သော် အသက်ပြောင်းလဲခြင်းဂိုဏ်း၏ လှုပ်ရှားမှုတိုင်းက သေခြင်းရှင်ခြင်း ဖြစ်သွားနိုင်သည်။ သူက မည်သို့ တုံ့ပြန်စေကာမူ ရလဒ်က အတူတူသာ ဖြစ်၏။
ထို့ကြောင့် ယခု သူတို့က ခုခံမှုသာ လုပ်ဆောင်နေကြသည်မှာ ကျေးဇူးတင်စရာကောင်းသည်။ မိုးကြိုးစပါးအုံးမြွေကြီး၏ ပတ်ပတ်လည်တွင် အက်ကွဲလာပြီး မြေပြင်ကြီးကပင် မည်းတူးသွားခဲ့သည်။ ထိုအရာက ကျောက်တုံးများကို ပျက်စီးသွားစေပြီး သေခြင်းရှင်ခြင်း ထိုက်ကျိစက်ဝိုင်းကို ကြောက်စရာကောင်းစွာ တိုက်ခိုက်လိုက်မိသည်။
ထိုက်ကျိစက်ဝိုင်းက ခဏကြာ ဆက်လက် လည်ပတ်နေခဲ့၏။ ထိုအရာက ရှင်သန်ခြင်းမှ သေဆုံးခြင်းသို့ ပြောင်းလဲသွားပြီးနောက် ဓားချီစွမ်းအင်ထဲတွင် ပါဝင်နေသော မိုးကြိုးများ၏ ကြောက်စရာစွမ်းအားများကို ယူဆောင်သွားခဲ့သည်။ ထို့နောက် သေဆုံးခြင်းက ရှင်သန်ခြင်းကို ပြန်ပြောင်းသွားပြီး လေစီးကြောင်းများကို ဖျက်ဆီးပစ်လိုက်သည်။
"ဘုန်း... "
သေခြင်းရှင်ခြင်း ထိုက်ကျိစက်ဝိုင်းနှင့် မိုးကြိုးအလင်းတန်းများက အတူတကွ ပေါက်ကွဲသွားခဲ့သည်။ အနက်ရောင်ပစ္စည်းများကလည်း မြေပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး တချို့ကတော့ လေထဲတွင် လွင့်နေခဲ့၏။
ကျန်းဟန်ချွန်၏ ပကတိလက်ညှိုးက လေလှိုင်းတုတ်နှင့် တည့်တည့် ရင်ဆိုင်လိုက်မိသည်။ သူ၏လက်ချောင်းလေးက အလွန်လေးလံသော တုတ်တစ်ချောင်းကဲ့သို့ ဖြစ်လာပြီးနောက် သူတို့က တည်ငြိမ်သော မြင်ကွင်းတစ်ခုကို ပေါ်လာစေခဲ့သည်။
အသံများက ပျောက်ကွယ်သွားပြီး ချီစွမ်းအင်များကလည်း မူလအတိုင်း ပြန်ပေါ်လာခဲ့၏။ အရာအားလုံးက ပကတိအခြေအနေကို ပြန်ရောက်သွားခဲ့၏။
ထိုအရာကို သုံးနေစဉ် ကျန်းဟန်ချွန်က သူ၏ညာဘက်လက်ကို ရုတ်သိမ်းလိုက်သည်။ ထိုအစား ဘယ်ဘက်လက်ဖဝါးနှင့် ရိုက်ထုတ်လိုက်၏။ သူ၏လက်ဝါးချက်ကြောင့် လေလှိုင်းများ ထွက်ပေါ်လာပြီး နဂါးကြီးတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားသည်။ မြေပြင်ကြီးကလည်း တုန်ခါသွားခဲ့၏။ ထို့ကြောင့် ချိုးဖေးလည်း သူ၏တုတ်ကို အသုံးချပြီး တိုက်ခိုက်မှုကို ခုခံလိုက်ရသည်။
"ဖျောက်... "
ဤနယ်မြေထဲတွင် အက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။ ကျန်းဟန်ချွန်ကတော့ လက်ဝါးလှိုင်း၏ တန်ပြန်သက်ရောက်မှုကို အသုံးချပြီး နောက်သို့ ပျံသန်းသွားခဲ့သည်။ သူက ချိုးဖေး တိုက်ခိုက်နိုင်သည့် နယ်မြေအတွင်းမှ လွတ်မြောက်သွားခဲ့၏။
တစ်ဖက်တွင် အသက်ပြောင်းလဲခြင်းဂိုဏ်းမှ တပည့် (၂) ယောက်ကလည်း ကောင်းကင်ပြစ်ဒဏ်ဓား၏ တိုက်ခိုက်မှုကို တားဆီးလိုက်ပြီးနောက် ဒေါသတကြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
သူတို့က နောက်တစ်ကြိမ် တိုက်ခိုက်သောမည့်အချိန်တွင် မုန့်ချီက နောက်ဆုတ်သွားကြောင်း မြင်လိုက်ရ၏။ သူက ချောက်ကမ်းပါး၏ အစွန်သို့ လျှောက်သွားပြီး ကျင်းမြစ်ထဲသို့ အလွန်လျင်မြန်စွာ ခုန်ချသွားခဲ့လေသည်။
မုန့်ချီနှင့် ကျန်းဟန်ချွန်တို့က လူခွဲပြီး အသက်ပြောင်းလဲခြင်းဂိုဏ်းမှ တပည့်များနှင့် ချိုးဖေး၏ လက်ထဲမှနေ၍ ထွက်ပြေးလာခဲ့ကြ၏။ သူတို့ (၂) ယောက်လုံးက လေထဲတွင် တစ်ပတ်ဂျွမ်းထိုးလိုက်ကြသည်။
ချိုးဖေးက မျက်နှာပျက်သွား၏။ သူက အစွမ်းကုန်သုံးပြီး နောက်မှ လိုက်သွားခဲ့သည့် အချိန်တွင် ကျန်းဟန်ချွန်နှင့် တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
ထိုအချိန်တွင် မုန့်ချီနှင့် ကျန်းဟန်ချွန်တို့က အချင်းချင်း ကြည့်လိုက်မိကြ၏။ သူတို့က အချင်းချင်း နားလည်မှုယူပြီး သူတို့ အချင်းချင်းရှိရာကို လက်ဝါးနှင့် ရိုက်ချလိုက်ကြသည်။
ပုံမှန်အားဖြင့် သူတို့က တစ်ဖက်လူ၏စွမ်းအားမျိုးကို ငှားသုံးရန် လုံးဝ မဖြစ်နိုင်ပေ။ သို့သော် မုန့်ချီဆီတွင် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ် ရှိနေ၏။ ကျန်းဟန်ချွန်ကလည်း သူ၏ထူးခြားသော စွမ်းရည်ကို ခန့်မှန်းမိနေသည်။ မည်သို့ဖြစ်စေကာမူ သူက မုန့်ချီနှင့် တိုက်ခိုက်ဖူး၏။
လက်ဝါးချက် (၂) ခုက အချင်းချင်း ရင်ဆိုင်လိုက်မိကြသည်။ ထိုလက်ဝါးချက် (၂)ခု၏တွန်းအားကြောင့် သူတို့ (၂) ယောက်လုံးက အဝေးသို့ ပို၍လျင်မြန်စွာ ကျဆင်းသွားခဲ့ကြသည်။ သူတို့က မြစ်ထဲသို့ တစ်ပြိုင်နက်တည်း ပြုတ်ကျသွားခဲ့၏။
ချိုးဖေးက အရှိန်လျော့လိုက်သည်။ သူက မြစ်ထဲကိုစိုက်ကြည့်နေပြီး လိုက်မသွားရဲပေ။ သူ့ပြိုင်ဘက်ဆီတွင် သူ့အသက်ကို ခြိမ်းခြောက်နိုင်သော နည်းလမ်းများ ရှိသည်။ အကယ်၍ သူသာ မြစ်ထဲသို့ လိုက်သွားမည်ဆိုလျှင် သူ၏သိုင်းပညာများ ၊ ဝေ့ကျင်းတစ်ဝက်အဆင့် စွမ်းရည်များကို အသုံးမပြုနိုင်ပေ။ ထိုအရာက အလွန်အန္တရာယ် များလွန်းလှ၏။
မြစ်ရေများက ဖြည်းညင်းစွာ စီးဆင်းသွားသည်ကိုကြည့်ပြီး ချိုးဖေး၏မျက်လုံးထဲတွင် မုန်းတီးမှုများ ပြည့်နှက်လာလေသည်။
………………
ခြံဝန်းထဲသို့ ပြန်ရောက်လာပြီးနောက် မုန့်ချီက အတွင်းအားများကိုသုံးပြီး ခန္ဓာကိုယ်ပေါ်ရှိ ရေများကို အငွေ့ပျံသွားအောင် ကြိုးစားလိုက်သည်။ လက်ရှိအခြေအနေအရ နင်စီရင်စုမှ ဓားသမားက ဘာကြောင့်ပေါ်မလာကြောင်း သူက အကြမ်းဖျင်း ခန့်မှန်းမိသည်။
သူက ထိန်းချုပ်မှုမှ တစ်ကြိမ် ပျောက်ကွယ်သွားဖူးသည်။ တံခါး (၉) ပေါက်အဆင့် တပည့် (၂) ယောက်က သူ့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် မုန့်ချီနှင့် နောက်တစ်ကြိမ် စမ်းသပ်ရဲခြင်း မရှိတော့ချေ။
ထိုအချိန်တွင် သူ့အစွမ်းက အလွန်ထူးခြားလွန်းလှပြီး လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးအစွမ်းက သူတို့ကို အံ့အားသင့်စေနိုင်ခဲ့သည်။ ထို့ကြောင့်လည်း အသက်ပြောင်းလဲခြင်းဂိုဏ်းမှ တပည့် (၂) ယောက်နှင့် ချိုးဖေးတို့က နင်စီရင်စုမှ ဓားသမားကို ခေါ်မလာခဲ့ကြခြင်း ဖြစ်၏။
"ချိုးဖေးက မကောင်းဆိုးဝါးလမ်းစဉ် (၉) သွယ်ဂိုဏ်းနဲ့ ပူးပေါင်းနေတယ်..။ ဒီကိစ္စကို ယပ်တောင် (၆) လက်ကျောင်းနဲ့ သိုင်းလောကအဖွဲ့အစည်းတွေဆီ သေချာပေါက် သတင်းပို့ရမယ်... ။ ပြီးရင် သူ့ကိုတိုက်ခိုက်ဖို့အတွက် အကုန်လုံးပူးပေါင်းမှရမယ်... "
မုန့်ချီက သူ၏အဆင့်အတန်း မပေါ်စေပဲ ထိုသတင်းကိုဖြန့်ရန် စီစဉ်နေခဲ့သည်။
ကျန်းဟန်ချွန်က သဘောတူလိုက်၏။
"အဲဒါဟုတ်တယ်... "
ထိုအချိန်တွင် အဝေးမိုးကုတ်စက်ဝိုင်းဆီ၌ ငွေရောင်အလင်းတန်းလေးတစ်ခု ပေါ်လာသည်။ သူတို့ (၂) ယောက်လုံးက ယပ်တောင် (၆) လက်ကျောင်းဆီသို့ ပြေးသွားခဲ့ကြရာ အစိမ်းရောင်လက်ပတ်ဝတ် တိုင်ဖေးနှင့် တွေ့ခဲ့ရ၏။
"ရန်းရှ ချိုးမိသားစုမှာရှိတဲ့ ချိုးဖေးက သေသွားပြီ…"
သူတို့ (၂) ယောက် ရောက်လာသည်ကို မြင်သည့်အခါ တိုင်ဖေးက ဖြတ်ပြောလိုက်၏။
မုန့်ချီ၏ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။
"သေချင်ယောင်ဆောင်ပြီး မိသားစု ဒုက္ခမရောက်အောင် လုပ်သွားတာပဲ …"
အကယ်၍ ထိုသို့သာဆိုလျှင် ချိုးဖေးက အမှန်တကယ် ဆုံးဖြတ်ချက် ပြတ်သားသည်ဟု ဆိုနိုင်သည်။ သူက ကံကြမ္မာကို ပုံအပ်ထားခြင်းမရှိသလို မည်သည့်အရာကိုမျှ ပုံသေသတ်မှတ်ထားခြင်း မရှိခဲ့ပေ။
ကျန်းဟန်ချွန်က ယမန်နေ့ညတွင် ဖြစ်ခဲ့သော အရာများကို ပြောပြလိုက်၏။ ထိုအချိန်တွင် တိုင်ဖေးဆီတွင်လည်း သူတို့နှင့် တူညီသော အမြင်တစ်ခုရှိသည်။ သူက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
"ချိုးမိသားစုက နောက်ကြောင်းခိုင်မာတယ်လို့ ပြောလို့ရတယ်..။ တကယ်လို့ ချိုးဖေးက သေချင်ယောင်ဆောင်တာဆိုရင်တော့ သူတို့ကို စွပ်စွဲဖို့ခက်လိမ့်မယ်... ။ ဒီတော့ ငါတို့က အရင်ဆုံးစစ်ဆေးကြည့်ဖို့လိုတယ်... "
ချိုးဖေး၏အလောင်းက အတော်လေးကို ရှုပ်ထွေးနေသည်။ သူ့ကို နင်စီရင်စုမှ ဓားသမားက သတ်ထားသလို ထင်မှတ်ရ၏။ တိုင်ဖေးက အသားစနှင့် သွေးစ အနည်းငယ်ကို ယူဆောင်ပြီး သူ၏သွေးကို စစ်ဆေးရန် ပြင်ဆင်ထားခဲ့သည်။
နောက်တစ်ကြိမ် သူတို့၏သဲလွန်စက ပျက်စီးသွားပြန်၏။ မြောင်လင်တွင် ရှိနေသော ကစားပွဲများက ဉာဏ်ကြီးရှင်၏ ထိန်းချုပ်မှုအောက်တွင်သာ ဆက်၍ ရှိနေသေးသည်။ သို့သော် မုန့်ချီကတော့ ဒေါသထွက်နေခြင်း မရှိချေ။
သူက မြို့ထဲမှ ထွက်လာပြီး လုံခြုံသော နေရာတစ်ခုကို ရှာဖွေလိုက်၏။ ထို့နောက် သံသရာတံဆိပ်ကို ဖျက်ဆီးလိုက်သည်။ သူတို့၏ (၃)လ သဘောတူညီချက်က ပြည့်သွားပြီ ဖြစ်သည်။
ကျန်းဝူအင်ပါယာ၏ အုတ်ဂူကို ရှာဖွေပြီးမှသာ သူက ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကို မြောင်လင်သို့ လာခိုင်းရန် စဉ်းစားထားခဲ့သည်။ အကယ်၍ ကျန်းကျိဝေ၏ အကာအကွယ် ရှိနေမည်ဆိုလျှင်တော့ သူက အနည်းငယ် ပို၍ အဆင်ပြေနိုင်သည်။ ဉာဏ်ကြီးရှင်နှင့် ဝမ်စစ်ယွမ်တို့က ထိုအရာကို ကြိုတင်ခန့်မှန်းထားခြင်းရှိမရှိ သူလည်း သိချင်နေသည်။
"ဒီကစားပွဲက မင်းတို့ (၂) ယောက်လုံးရဲ့ထိန်းချုပ်မှုထက် သေချာပေါက် ကျော်သွားစေရမယ်... "
Translated by Hein Htet.