← Chapters

အခန်း (၂၉၀)

Vol. 20 Ch. 290

အခန်း (၂၉၀)

Vol. 20 Ch. 290

မုန့်ချီ၏ နှာခေါင်းထဲမှနေ၍ သွေးများ လျှံကျလာပြီး မျက်လုံးနှင့် ပါးစပ်ထောင့်မှနေ၍လည်း သွေးများ စီးကျလာခဲ့သည်။ သူက ခေါင်းထဲတွင် မူးနောက်သွားသလို ခံစားလိုက်ရပြီး အရိုးများထဲမှ နာကျင်မှုကို ခံစားလိုက်ရ၏။ ကမ္ဘာမြေကြီးနှင့် ပေါင်းစပ်နေသော ခံစားမှုကလည်း ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

သူ၏လက် (၂) ဖက်က ကောင်းကင်ပြစ်ဒဏ်ဓားနှင့် သွေးကြောဓားတို့ကို ကိုင်ထားရင်း ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့သည်။ တစ်ချိန်တည်းတွင် မြေအောက်ထဲမှနေ၍ မုန်းတီးမှုများ ၊ ဒေါသများ ပြည့်နှက်နေသော အော်သံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်း၏ စိတ်ဝိညာဉ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

ကြည့်ရသည်မှာ ထိုအရာက အစစ်အမှန် ငရဲပြည်၏အောက်ဘက် ၊ အုတ်ဂူ၏ အနက်ရှိုင်းဆုံးနေရာတွင် နှစ်ပေါင်းမြောက်များစွာ ပုန်းအောင်းနေပုံရသည်။ စိတ်ဝိညာဉ်များကို လှုံ့ဆော်ပေးနိုင်သော မုန့်ချီ၏ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်က သူ့ကို ဆန့်ကျင်နေသလို ခံစားရသည့်အတွက် သူက ဒေါသထွက်လာခြင်း ဖြစ်နိုင်သည်။ သူ၏အော်သံက အလွန်ကြောက်စရာကောင်း၏။

လရောင်နှင့် ပေါင်းစပ်နေသော ဖုတ်ကောင်ကတော့ မသေမရှင် အခြေအနေသာ ရှိနေသေး၏။ သူ၏အငွေ့အသက်က ရူးသွပ်မှု မရှိတော့သော်လည်း အလွန်အားနည်းနေသေးသည်။ ကြည့်ရသည်မှာ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်အစွမ်းက သူ့အပေါ် သက်ရောက်မှု ရှိပုံမရချေ။

သို့သော် သူလည်း တုံ့ဆိုင်းသွားနေသေးသည့်အတွက် ကျန်းကျိဝေတို့က သူ၏ရုပ်ရည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ထိုအရာက အဖြူရောင် ဆံပင်ရှည်များနှင့် မျက်နှာအရေးအကြောင်းများ ရှိနေသည့် မိန်းမပျိုတစ်ယောက် ဖြစ်သည်။

အလွန်လှပသော အဝတ်အစားများကြောင့် သူမက အဆင့်အတန်းမြင့်သော မိသားစုတစ်ခုမှ ဖြစ်ကြောင်း သိသာနေသည်။ သူမ၏မျက်လုံးများကတော့ အလွန်တောက်ပသော လမင်းကြီး(၂) စင်းကဲ့သို့ ငွေရောင်အလင်းတန်းများ တောက်ပနေသည်။

သူမ ရပ်နေသောနေရာက တခြားနေရာများထက် အဆပေါင်းများစွာ ပို၍အေးခဲနေ၏။ ထို့ကြောင့် သူမက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်နိုင်သည်။ လက်ရှိအချိန်တွင် ပုပ်ပွနေသော သူမ၏လည်ပင်းထဲမှနေ၍ ပြည်များ စီးကျလာနေသည်။

လက်ရှိသူမက ဝေ့ကျင်းတစ်ဝက်အဆင့် စွမ်းအားကိုသာ အသုံးပြုနိုင်၏။ ကြည့်ရသည်မှာ သူမ၏စိတ်ဝိညာဉ်စွမ်းအားက ပုပ်ပွနေသော ခန္ဓာကိုယ်ထဲတွင် လေ့ကျင့်ရန် မနည်းကြိုးစားနေရပြီး ထွက်ပြေးရန် ခက်ခဲနေပုံရသည်။

စတင်တိုက်ခိုက်လိုက်သော ချီကျန်းရန်က ထိုအခွင့်အရေးကို လက်လွှတ်မခံခဲ့ပေ။ ရွှေနဂါးဓား၏ ထိပ်ဖျားမှနေ၍ (၁၀) မီတာကျော် ရှည်လျားသော ဓားအလင်းတန်းကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဓားအလင်းတန်းက တလက်လက် တောက်ပနေသည်မှာ နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသော ရေခဲတုံးကြီးတစ်တုံးကဲ့သို့ ဖြစ်နေသည်။ ထိုအရာက ဖုတ်ကောင်၏ မျက်ခုံးတည့်တည့်ကို တခဏအတွင်း ရောက်လာခဲ့၏။

ထိုအချိန်တွင် အဝေးမှနေ၍ လျှပ်စီးကြောင်းတစ်ခု တောက်ပလာပြီး တိုက်ခိုက်မှုကို တားဆီးလိုက်သည့်အတွက် အုတ်ဂူအခန်းထဲတွင် နေ့အချိန်အလား တောက်ပသွားခဲ့သည်။

ထိုအရာက အလွန်လျင်မြန်လွန်းလှသည့်အတွက် လှံတစ်ချောင်းဟုသာ မုန့်ချီက သိလိုက်ရသည်။ ထိုလှံက ရှောင်ကျန်းဟိုင်၏ လျှပ်စီးဓားထက်ပင် အဆပေါင်းများစွာ ပို၍လျင်မြန်နေသေးသည်။ သူ၏အစွမ်းက မုန့်ချီ၏စွမ်းရည်ကို လုံးဝ လွှမ်းမိုးထားနိုင်၏။

သူက ထိုအရာကို ခံစားမိလိုက်သည့်အချိန်တွင် လှံကတော့ အနားကို အလွန်နီးကပ်လာနေပြီ ဖြစ်သည်။ ထို့ကြောင့် သူ့ဓားကို ကိုင်ရန် အခွင့်အရေးပင် မရခဲ့ပေ။ ထိုအရာက အစစ်အမှန် မိုးကြိုးကဲ့သို့ အစွမ်းထက်ခြင်း မရှိသော်လည်း အတော်လေး ကြောက်စရာကောင်းလွန်းလှသည်။

မိုးကြိုးအလင်းရောင်က မုန့်ချီ၏ မျက်လုံးတည့်တည့်ကို ရောက်လာပြီး သူ၏မျက်လုံးများထဲတွင် ငွေရောင် အလင်းတန်းများ ပြည့်နှက်လာသည်။ သူ့ရှေ့တွင်တော့ မုန့်ချီနှင့် သူ့အဖွဲ့သားများက ရွှံ့နှင့် ဖန်တီးထားသော ရုပ်သေးများကဲ့သို့ ဖြစ်နေ၏။

ရုတ်တရက်ဆိုသလို ဓားအလင်းတန်းတစ်ခုက တိမ်တိုက်ကြီးတစ်ခုသဖွယ် လှုပ်ရှားလာသည်။ ထိုအရာက လေဟာနယ်ကြီးကို လှုပ်ရှားသွားစေပြီး ကမ္ဘာမြေကြီးကို ပြောင်းလဲသွားစေ၏။ ထိုအလင်းတန်းထဲသို့ ကျရောက်သွားသော လူတိုင်းနှင့် အရာဝတ္ထုတိုင်းက ပုံသဏ္ဍာန်မရှိသလို ဖြစ်သွားသည်။

လှုပ်ရှားလာသော ဓားချီစွမ်းအင်များက အခန်းထဲတွင် ရှိနေသော လရောင်ကို တားဆီးထားသည့်အတွက် မှောင်တလှည့် လင်းတလှည့် ဖြစ်နေခဲ့သည်။ ထိုအရာကလွဲလျှင် ဓားနှင့် ဆက်သွယ်နေသော လက္ခဏာတစ်ခုမျှ မရှိချေ။ ကြည့်ရသည်မှာ ဓားချီစွမ်းအင်ထဲမှ အတွင်းအားများက အလွန်သိပ်သည်းစွာ စုစည်းထားခြင်း ဖြစ်နိုင်သည်။

အလင်းတန်းများက မြောက်မြားလွန်းလှသော ပန်းပွင့်လေးများအဖြစ် ကောင်းကင်ကြီးပေါ်တွင် ပြန့်ကျဲသွားပြီး ဓားချီစွမ်းအင်များကလည်း တစ်နေရာမှ တစ်နေရာသို့ ကူးသန်းလာသော မိုးကြိုးအလင်းရောင်ဆီသို့ ပျံ့နှံ့သွားသည်။

တိုက်ခိုက်မှုကြောင့် ကြမ်းပြင်နှင့် နံရံများပေါ်တွင်ပင် မည်းတူးသွားပြီး ညှော်နံ့များ ထွက်ပေါ်လာသည်။ ထို့ကြောင့် တခဏအတွင်း အပျက်အစီးပုံကြီး တစ်ခုကဲ့သို့ ဖြစ်သွားခဲ့၏။

"ဂျိမ်း …ဗုန်း... "

မုန့်ချီတို့ကတော့ ဓားနှင့်လှံတို့၏ တိုက်ခိုက်သံကို မကြားရတော့ပေ။ မိုးခြိမ်းသံများကသာ နေရာအနှံ့ ပေါ်လာခဲ့၏။ လှံ၏အရှိန်က အသံထက်ပင် ပို၍မြန်နေသည်။

နေဖောက်သက်တမ်းဓားကို ကိုင်ထားသော ကျန်းကျိဝေ၏ ညာလက်က အနည်းငယ် တုန်ခါနေခဲ့၏။ သူမက နောက်သို့ ခြေလှမ်း (၃) လှမ်း ပြန်ဆုတ်လိုက်ရပြီး ခြေလှမ်းတိုင်းက အပြာရောင် ကြမ်းပြင်ပေါ်တွင် ခြေရာတစ်ခုဆီ ပေါ်လာခဲ့သည်။

သူမ၏မျက်လုံးထဲရှိ အမူအရာက အတော်လေး တည်ငြိမ်နေသော်လည်း ငွေရောင်အလင်းတန်း၏ အငွေ့အသက်များ ပေါ်လာခဲ့သည်။ ထိုလှုပ်ရှားမှုက သူမကိုယ်တိုင် ထိန်းချုပ်နိုင်သောအရာ ဟုတ်ပုံမရချေ။

ပြိုင်ဘက်၏တိုက်ခိုက်မှုက မုန့်ချီဆီကို မရောက်ခင် ကျန်းကျိဝေ၏ ဓားချက်ကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူမက နေဖောက်သက်တန့်ဓားကို မသုံးခင် လှံက သူတို့ကို ထိုးစိုက်သွားလောက်ပါပြီ။ သူမက တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချလိုက်ချိန်တွင်ပင် လှုပ်ရှားရန် အချိန်လိုအပ်သေးသည်။

လျှပ်စီးကြောင်း၏ သက်ရောက်မှုကြောင့် ချီကျန်းရန်က သူတို့ကို ကာကွယ်ပေးရန် သူ့ဓားနှင့် ခုခံချင်ခဲ့သည်။ သို့သော် သူ မလှုပ်ရှားရသေးခင် လှံရှည်က သူ့အနားကို ကပ်လာခဲ့၏။ ကျန်းကျိဝေ၏ဓားက အချိန်မီ တားဆီးခဲ့သည်မှာ ကံကောင်းသွားသည်။ သို့သော် ဓားက အနည်းငယ် နှေးကွေးနေသေး၏။

ဆံဖြူမိန်းမပျိုကတော့ အနောက်သို့ ငုံ့ရှောင်သွားခဲ့ပြီး သူမ၏နဖူးဆီသို့ ဦးတည်နေသော ဓားသွား၏လက်ထဲမှ ပွတ်ကာသီကာ လွတ်မြောက်သွားခဲ့၏။ နဖူးပေါ်တွေ ရှိနေသော အဖြူရောင် ဆံနွယ်တချို့သာ ပြတ်ကျသွားခဲ့၏။ ထိုအဖြူရောင်ဆံပင်က အမြေပေါ်သို့ ရောက်မသွားသေးခင် နှင်းပွင့်လေးများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဆံဖြူမိန်းမပျိုက နောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်လိုက်၏။ ထို့နောက် သူမက ဝေဝါးသွားပြီး ရွမ်ယုရှုက နောက်တစ်ကြိမ် စောင်းမတီးရသေးခင် လရောင်နှင့် ပေါင်းစပ်သွားခဲ့သည်။

မုန့်ချီက ရွမ်ယုရှုအတွက် စိုးရိမ်နေရန် အချိန်မရှိပေ။ သူက ဆံဖြူမိန်းမပျို၏ သိုင်းပညာကို စဉ်းစားနေရသည်။

"သူက အစစ်အမှန်ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ဖြစ်ရမယ်..။ ဒါကြောင့်လည်း ကျန်းကျိဝေက သူ့ရဲ့အဖိုးတန်လက်နက်နဲ့ အနန္တဓားသိုင်းကို သုံးလိုက်ရတာ..။ ဒါကို အလေးမဲ့ထားလို့ ရမလား...”

“သူက လျှပ်စီးစွမ်းအားကို ထိန်းချုပ်နိုင်ပြီး မိုးကြိုးတိုက်ခိုက်မှုကို နည်းနည်းတော့ ခံနိုင်ရည်ရှိတယ်... ။ တကယ်လို့ ငါသာ ကောင်းကင်ပြစ်ဒဏ်ဓားနဲ့ ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင်တို့ကိုသုံးပြီး သူ့ကို တိုက်ခိုက်လိုက်မယ်ဆိုရင်တော့ အောင်မြင်နိုင်တယ်... "

သူ့ခေါင်းထဲတွင် ထိုအတွေး ပေါ်လာသည်နှင့် မုန့်ချီက ဗုဒ္ဓမီးအိမ်လေးကို ထုတ်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် လှံရှည်၏ အလင်းရောင်က နောက်ဆုတ်သွားခဲ့၏။ ထိုအရာက အလွန်လျင်မြန်လွန်းလှသည့်အတွက် မုန့်ချီကပင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။

တစ်ချိန်တည်းလိုလိုပင် အုတ်ဂူအခန်း၏ တခြားတစ်ဖက်မှနေ၍ လူတစ်ယောက် ပေါ်လာခဲ့သည်။ ထိုအရာကတော့ အားနည်းသော အငွေ့အသက်အနည်းငယ် ရှိနေသည့် ဖုတ်ကောင်တစ်ယောက် ဖြစ်သည်။

သူက ပွယောင်းယောင်း အဝတ်အစားကို ဝတ်ဆင်ထားပြီး လှံရှည်တစ်ချောင်းကို ကိုင်ထား၏။ သို့သော် သူ၏ပုံစံက သနားကြင်နာတတ်ပုံ ပေါ်သည်။ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ငွေရောင်မိုးကြိုးစပါးအုံးမြွေများ လွှမ်းခြုံနေသည်မှာ ကမ္ဘာမြေကြီးပေါ်သို့ ကျရောက်လာသော မိုးကြိုးနတ်ဘုရားကဲ့သို့ ထင်မှတ်ရသည်။ သူ့ပုံစံက သာမန်မိုးကြိုးအလင်းတန်းများနှင့် လုံးဝကို ကွဲပြားနေခဲ့၏။

စစချင်း မြင်လိုက်ရချိန်တွင် သူ၏မျက်နှာက ငယ်ရွယ်ပုံရသော်လည်း သေချာစိုက်ကြည့်လိုက်မည်ဆိုလျှင်တော့ မျက်နှာပေါ်တွင် အရေးအကြောင်းများ ရှိနေသည်။ မုန့်ချီတို့ကို သေချာစိုက်ကြည့်လိုက်ပြီးနောက် သူလည်း အမှောင်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

"သူက ငါတို့ကို မသတ်ခဲ့တာ တော်တော်ထူးဆန်းတယ်... "

မုန့်ချီက အနည်းငယ် ထိတ်လန့်သွားခဲ့၏။

"ပြိုင်ဘက်တွေက ဘယ်လောက်ပဲ အစွမ်းထက်ထက် တခြားဖုတ်ကောင်တွေ အားလုံးက အရင်ဆုံး တိုက်ခိုက်ကြမှာပဲ ။ သူတို့က အန္တရာယ်ကို ခံစားမိမှပဲ နောက်ဆုတ်သွားလိမ့်မယ်..”

“သူက ဗုဒ္ဓမီးအိမ်လေးကို သတိထားမိသွားတာလား... ။ ငါက ဗုဒ္ဓမီးအိမ်ရဲ့စွမ်းအားကို ဘယ်လောက်အသုံးပြုနိုင်မှာလဲ... ။ ငါက အစစ်အမှန်ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်နဲ့ တိုက်ခိုက်ရမယ်ဆိုရင် ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိမှာလဲ."

ကျန်းကျိဝေကတော့ သူမ၏အတွင်းအားများကို ပြန်လည်လှည့်ပတ်နေပြီး တည်ငြိမ်သွားခဲ့သည်။ သူမက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

"ငါက သူ့ရဲ့ရန်လိုမှုတွေကို မခံစားနိုင်ဘူး..။ သူ့ရဲ့လှံချက်က ငါတို့ကို တားဆီးဖို့သက်သက်ပဲ ရည်ရွယ်ထားခဲ့တာ..။ သူ့ဆီမှာ အသိဉာဏ်နည်းနည်း ရှိနေသေးတဲ့အတွက် ဖုတ်ကောင်တွေကို မသတ်ဖို့ပဲ ကူညီနေတာများလား... "

မုန့်ချီက ခန့်မှန်းကြည့်လိုက်သည်။

"သူက ဖုတ်ကောင်အသစ်တစ်ယောက်ပဲ ဖြစ်ရမယ်..။ ဘာလို့လဲဆိုတော့ သူက ဝေ့ကျင်းအဆင့် စွမ်းအားကို ထိန်းသိမ်းထားနိုင်သေးတယ်လေ... ။ ဒါကြောင့်လည်း သူက အခုချိန်ထိ အသိဉာဏ်နည်းနည်းရှိနေသေးတာ... "

ချီကျန်းရန်က သူ၏ဓားရှည်ကို ဝှေ့ယမ်းပြီး ခုခံရန် ပြင်ဆင်ထားခဲ့၏။ သူက လရောင်အောက်မှ ဖုတ်ကောင်၏ တိုက်ခိုက်မှုကို တားဆီးလိုခြင်း ဖြစ်သည်။

သူက ခဏကြာစဉ်းစားပြီး ပြောလိုက်၏။

"မင်းသုံးလိုက်တဲ့ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်က သူ့ရဲ့မျှော်လင့်ချက်ကို ရှင်သန်စေတာလည်း ဖြစ်နိုင်တယ်..။ ဒါကြောင့် သူ့ဆီမှာ ရန်လိုမှုမရှိတာ ဖြစ်နိုင်တယ်လေ... "

"ကျွန်တော်လည်း အစ်ကိုချီပြောတာကို ထောက်ခံတယ်... "

မုန့်ချီက ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။

"ဒီတာဝန်က ကျွန်တော်ထင်ထားတာထက် ပိုပြီးတော့ ခက်ခဲနေတယ်..။ ကျွန်တော်တို့က ဝေ့ကျင်းအဆင့်နဲ့ ဝေ့ကျင်းတစ်ဝက်အဆင့် ဖုတ်ကောင်တွေကိုတောင် ရင်ဆိုင်နေရတယ်..။ အကုန်လုံးပဲ မြေအောက်နဲ့ အုတ်ဂူရဲ့အတွင်းပိုင်းထဲက အော်သံကြီးကို ကြားလိုက်ကြလား... "

သူအစိုးရိမ်ဆုံးအရာကတော့ သူတို့၏စိတ်ဝိညာဉ်ကို အေးခဲသွားစေနိုင်သော အော်သံကြီး ဖြစ်သည်။

"ဟုတ်တယ်..။ တကယ်လို့ နင်သာ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးခြင်းကျင့်စဉ်ကို မသုံးခဲ့ဘူးဆိုရင် အုတ်ဂူရဲ့အတွင်းပိုင်းထဲမှာရှိတဲ့အရာနဲ့ ဝေကျင်းအဆင့် ဖုတ်ကောင်တွေကို နှောင့်ယှက်မိမှာ မဟုတ်လောက်ဘူး... "

ရွမ်ယုရှုက ပြောလိုက်၏။

"ဒါဆိုရင် ဒါက ငါ့အမှားလား... "

မုန့်ချီကတော့ ယခုလို အိုးတိုးအမ်းတမ်း အခြေအနေမျိုးတွင်ပင် အေးအေးဆေးဆေး စနောက်နေနိုင်သေးသည်။ အမှန်အတိုင်းပြောရလျှင် သူ၏ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးခြင်းကျင့်စဉ်ကြောင့်သာ ထိုကဲ့သို့ လှုပ်ရှားမှုမျိုး ပေါ်လာစေခြင်း ဖြစ်၏။ အကယ်၍ သူတို့ကသာ ဝေ့ကျင်းတစ်ဝက်အဆင့် ဖုတ်ကောင်များနှင့် ရင်ဆိုင်ရမည်ဆိုလျှင် ထိုမျှအန္တရာယ် မများနိုင်ပေ။

ရွမ်ယုရှုက တည်ငြိမ်စွာ ပြောလိုက်၏။

"ငါတို့က နင့်စကားကို ထောက်ခံပါတယ်... "

လူတိုင်း၏ ဆုံးဖြတ်ချက်က အတူတူသာ ဖြစ်သည်။

"ဒါက ငါ့အတွက် ဆင်ခြေတစ်ခု ပေးနေတာလား... "

မုန့်ချီက ရွမ်ယုရှု၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွား၏။

ကျန်းကျိဝေကတော့ ဂရုစိုက်နေခြင်း မရှိချေ။ သူမက ပြောလိုက်၏။

"ငါတို့က ဘာမှကြောက်စရာမလိုဘူး..။ ငါတို့က အချိန်မရွေး တာဝန်ကိုရပ်ပြီး ပြန်လို့ရတယ်..။ ကွင်းဆက်တာဝန်ကို ပြီးဆုံးနိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့..။ ဒါပေမယ့် ငါတို့က မလုပ်နိုင်ဘူးဆိုရင်တောင် ဆုံးရှုံးစရာမရှိဘူး... ။ ငါ့အတွက်တော့ ငါ့ရဲ့ဓားချက်က ကိုရင်လေးရဲ့လှုံ့ဆော်ပေးမှုကြောင့် သူ့ရဲ့လှံကို တားနိုင်ခဲ့တယ်... ။ ဒါကြောင့် ဒီခရီးစဉ်က တန်သွားပြီလို့ ခံစားရတယ်... "

ချီစွမ်းအင်ခြေရာခံခြင်းနှင့် ရန်သူ၏အစွမ်းထက်သော ဖိနှိပ်မှုအောက်တွင် သူမက စွမ်းရည်ကို အမြင့်ဆုံး အသုံးချနိုင်ခဲ့ပြီး လှံရှည်ကို အောင်အောင်မြင်မြင် ခုခံနိုင်ခဲ့သည်။ မဟုတ်လျှင် သူတို့၏အခြေအနေက ပို၍ ဆိုးရွားသွားနိုင်သည်။

ထိုအရာနှင့် ယှဉ်လိုက်မည်ဆိုလျှင် အဖိုးတန်လက်နက်ကို အသက်သွင်းပြီး အနန္တဓားသိုင်းကို အသုံးပြုရသည့် စွမ်းအားကုန်ဆုံးမှုက ပြောပလောက်စရာ မရှိတော့ပေ။ အဓိကအချက်ကတော့ ပြိုင်ဘက်က သူတို့အပေါ် ရန်လိုနေခြင်း မရှိသည့်အတွက် အကောင်းဆုံး တိုက်ခိုက်ခဲ့ခြင်း မရှိချေ။

"ငရဲမှို၊ ထိုက်ရင်နတ်ဆိုးသုတ်သင်ရေး သိုင်းကျမ်းနဲ့ဆိုရင် ငါတို့က အတော်လေး အကျိုးအမြတ်ရှိပါပြီ .."

ချီကျန်းရန်က မုန့်ချီကို နှစ်သိမ့်လိုက်သည်။

"ပြီးတော့ ဝေ့ကျင်းအဆင့်ဖုတ်ကောင်က သူ့ရဲ့လှံကိုသုံးပြီး မိုးကြိုးစွမ်းအားနဲ့ တိုက်ခိုက်ခဲ့တယ်..။ သူက မိုးကြိုးနတ်ဘုရားရဲ့ စိတ်ဝိညာဉ်လွှဲပြောင်းမှုတစ်ခုကို ရခဲ့မယ် ထင်တယ်... "

ချီကျန်းရန်၏ သတိပေးချက်ကြောင့် မုန့်ချီလည်း ချက်ချင်း နားလည်သွားခဲ့သည်။

"အဲဒီလိုဖြစ်မယ်ထင်တယ်...။ ကျန်းဝူအင်ပါယာနဲ့ မိုးကြိုးနတ်ဘုရားတို့က သူတို့ခေတ်မှာ အင်အားကြီး ပညာရှင်တွေပဲ ။ ကျန်းဝူအင်ပါယာက မိုးကြိုးနတ်ဘုရားထက် ပိုပြီးအဆင့်မြင့်တယ်..။ သူက နယ်မြေ (၅) ခုမှာရှိတဲ့ အင်ပါယာ (၅) ယောက်ထဲက တစ်ယောက်ဖြစ်သလို ရှေးတုန်းက ထိပ်တန်းတာအိုသခင်တွေထဲမှာ နံပါတ် (၁) ပဲ ။ ဒီတော့ သူ့ဆီမှာ မိုးကြိုးနတ်ဘုရားရဲ့ စွမ်းရည်တချို့ရှိနေတာ မထူးဆန်းပါဘူး... "

ကျန်းကျိဝေက အပြုံးနှင့် ပြောလိုက်သည်။

နတ်ဆိုးသုတ်သင်ဘိုးဘေးဟု ခေါ်ကြသော ကျန်းဝူအင်ပါယာက နတ်ဆိုးသုတ်သင် သိုင်းသခင်ဖြစ်ပြီး ထိပ်တန်းတာအိုသခင် (၉) ယောက်ထဲက တစ်ယောက်ဖြစ်သည်။ သူက ကောင်းကင်ဧကရာဇ်၏ လက်အောက်ခံ မဟုတ်ဘဲ သူနှင့် မဟာမိတ် ဖြစ်၏။

ရွမ်ယုရှုက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပြောလိုက်သည်။

"ကျန်းဝူအင်ပါယာရဲ့ ပင်မတာဝန်က ငရဲကြီး (၉) ထပ်ကိုဖိနှိပ်ပြီး နတ်ဆိုးတွေကို သုတ်သင်ရှင်းလင်းရတာလို့ ငါ့ရဲ့အကြီးအကဲတွေက ပြောခဲ့ဖူးတယ်..။ ရှေးတုန်းက ကောင်းကင်ခုံရုံးထဲမှာ အဲဒီအလုပ်ကို တာဝန်ယူရတာက မိုးကြိုးနတ်ဘုရားလေ... ။ ဒါကြောင့် သူတို့က အချင်းချင်းပူးပေါင်းပြီး လုပ်ဆောင်တတ်ကြတယ်..”

“ဒါပေမယ့် သူက ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉) သွယ်ထဲက တစ်ခုကို မသုံးနိုင်မှတော့ ဉာဏ်အလင်းပွင့်မှုအဆင့် သိုင်းကွက်တွေကိုပဲ နားလည်ထားတာ ဖြစ်နိုင်တယ်... "

မုန့်ချီက မျှော်လင့်တကြီး ပြောလိုက်သည်။

ထိုလူက မိုးကြိုးနတ်ဘုရား၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို မရခဲ့လျှင်ပင် သူ၏မိုးကြိုးစွမ်းရည်များက ဝေ့ကျင်းအဆင့် စွမ်းရည်မျိုး ရှိသည်။ ထိုအရာက အလွန်အံ့သြစရာကောင်း၏။

"ဟုတ်တယ် ကိုရင်လေး..။ နင့်ရဲ့ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်က သူ့ကို နိုးထလာစေခဲ့တာများလား.. ။ နင်က ဘယ်လိုတုံ့ပြန်တိုက်ခိုက်မှုမျိုးကို ကြုံခဲ့ရတာလဲ... "

ကျန်းကျိဝေက မုန့်ချီ၏အခြေအနေကို စိတ်ဝင်စားလာသည်။

မုန့်ချီက မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။

"ငါနိုးလာတဲ့အချိန်မှာ ငါက ကျန်းဝူအင်ပါယာကို မြင်လိုက်ရတယ်... "

"ဘယ်လို... "

မုန့်ချီက ကျန်းဝူအင်ပါယာကို မြင်ခဲ့ကြောင်း ပြောလိုက်သည့်အတွက် ကျန်းကျိဝေတို့ အားလုံးက အံ့သြသွားကြ၏။ သူတို့က လက်ရှိအစွမ်းနှင့် ရှေးဟောင်းထိပ်တန်းပညာရှင် တစ်ယောက်ကို မည်သို့ တိုက်ခိုက်နိုင်မည်နည်း။ ထိုအရာက သံသရာအရှင်သခင်အတွက်ပင် အခက်တွေ့နိုင်သည်။

"ဘာမှမစိုးရိမ်ပါနဲ့ ။ တကယ်လို့ ကျန်းဝူအင်ပါယာကသာ တကယ်ပဲ လုပ်ဆောင်ခဲ့မယ်ဆိုရင် ငါတို့တာဝန်က ပြီးဆုံးသွားလောက်ပြီ ။ ငါတို့က အခုဆို ပြန်နေရပြီပေါ့... ။ ဒါပေမဲ့ အဲဒီလိုမဟုတ်တော့ ဒီနေရာမှာ ထူးဆန်းတာတစ်ခုခု ဖြစ်နေမယ်လို့ထင်တယ်... "

မုန့်ချီက အခြေအနေကို ဖြေလျော့ပေးလိုက်သည်။

ကွင်းဆက်တာဝန်က သေဆုံးသွားသော ကျန်းဝူအင်ပါယာ၏ လျှို့ဝှက်ချက်ကို စုံစမ်းစစ်ဆေးရန် စီစဉ်ထားခြင်း ဖြစ်သည်။ အကယ်၍ ကျန်းဝူအင်ပါယာက ဤနေရာတွင် ရှိနေသော ဖုတ်ကောင်များကို ထိန်းချုပ်ထားကြောင်း မှန်ကန်နေမည်ဆိုလျှင် သူတို့၏တာဝန်က ပြီးဆုံးသွားလောက်ပါပြီ။

ချီကျန်းရန်က ခံစားချက်ကင်းမဲ့နေသော အမူအရာနှင့် ပြောလိုက်၏။

"ဒီလိုဆိုရင် ငါတို့က အချိန်ကိုကောင်းကောင်းအသုံးချပြီး ထိုက်ရင်နတ်ဆိုးသုတ်သင်ရေး သိုင်းကျမ်းကို ကူးယူရမယ်... "

သူတို့ (၄) ယောက်က စနစ်တကျ ပူးပေါင်း လုပ်ဆောင်လိုက်ကြသည်။ သူတို့က အခြေအနေကို စောင့်ကြည့်နေရင်း ထိုက်ရင်နတ်ဆိုးသုတ်သင်သိုင်းကျမ်းကို ကူးယူပြီး လေဟာနယ်လက်စွပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် အုတ်ဂူထဲမှ သတိထားပြီး ထွက်လာခဲ့ကြ၏။

အခန်း၏ အပြင်ဘက်တွင်တော့ အောက်ဘက်သို့ ဆင်းသွားသော လှေကားထစ်ပေါင်းများစွာ ရှိနေပြီး အဆုံးသတ်ကို မမြင်ရပေ။ လှေကားထစ်များ၏ ဘေး (၂) ဖက်တွင်တော့ တိုင်လုံးကြီးများ ရှိနေ၏။

သူတို့က ကောင်းကင်ကြီးပေါ်တွင် အလွန်ထူးဆန်းသော စင်မြင့်ကြီးတစ်ခု ဖန်တီးပေးထားပြီး ထိုစင်မြင့်၏ပုံစံက ရှေးဟောင်းတံဆိပ်တစ်ခုကဲ့သို့ သီးခြားဖြစ်တည်နေခဲ့သည်။

"နဂါးထိန်းစင်မြင့်...

ဒီအုတ်ဂူက တစ်ခုခုတော့ မှားနေပြီ…"

ချီကျန်းရန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။

"နဂါးထိန်းစင်မြင့်က ဘာတွေမှားနေလို့လဲ... "

မုန့်ချီက ပြန်မေးလိုက်၏။

ရွမ်ယုရှုက မျက်မှောင်ကြုတ်လိုက်ပြီး ခဏကြာစဉ်းစား၍ ပြောလိုက်သည်။

"ကျန်းဝူအုတ်ဂူရဲ့ အပြင်အဆင်တွေက သဘာဝတရားကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတချို့ကို ဖုံးကွယ်ထားတယ်.။ ဒါက ရှင်သန်ခြင်းကနေ သေဆုံးခြင်းကို ပြောင်းလဲနိုင်တယ်..။ ဒါကြောင့် အဆင့်နိမ့်ကမ္ဘာကြီးကို ဖုံးကွယ်ပေးထားတယ်လို့ ရှင်းပြနိုင်တယ်..။ ဒါပေမဲ့ ငါတို့အတွက်တော့ ကောင်းကင်တာအိုကို စစ်ဆေးဖို့ ဆိုတာက တော်တော်လေး ခက်တယ်... ။ ပြီးတော့ ဒီထူးဆန်းတဲ့ နဂါးထိန်းစင်မြင့်ပါ ပေါင်းလိုက်မယ်ဆိုရင် အရာအားလုံးက ကွဲပြားသွားပြီ။ ကြည့်ရတာ သူတို့က တစ်ခုခုကို ဖိနှိပ်ဖို့ ကြိုးစားနေတာပဲ.."

"သူက တကယ်ကို အထက်တန်းလွှာမိသားစုတစ်ခုက သခင်မလေးလို့ ပြောရမယ်... "

မုန့်ချီက စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်သည်။ သူက ကျန်းကျိဝေကို သတိလက်လွတ် လှမ်းကြည့်လိုက်ရာ သူမက ခေါင်းညိတ်ပြလိုက်ကြောင်း မြင်လိုက်ရသည်။ ထိုအရာက အမှန်တကယ် ထူးဆန်းကြောင်း သူလည်း နားလည်သွားခဲ့၏။

မြေအောက်ထဲမှ အော်သံကြီး ၊ ဖုတ်ကောင်များ ပေါ်ပေါက်လာမှုနှင့် ပြောင်းလဲမှုမရှိသော နဂါးထိန်းစင်မြင့်တို့ကြောင့် မုန့်ချီနှင့် သူ၏အဖွဲ့သားများက မျက်မှောင်ကြုတ်နေမိကြသည်။

"ကျန်းဝူအင်ပါယာက ဒီအုတ်ဂူထဲမှာ သူ့ကိုယ်သူ ဖိနှိပ်ဖို့ ကြိုးစားထားခဲ့တာလား... "

Translated by Hein Htet

All Chapters