← Chapters

အခန်း (၂၉၁)

Vol. 20 Ch. 291

အခန်း (၂၉၁)

Vol. 20 Ch. 291

“သူ့ရဲ့အင်မော်တယ် ဓမ္မကာရက အသိဉာဏ်ရှိလာပြီး မကောင်းဆိုးဝါး တစ်ကောင်အဖြစ် ပြောင်းလဲသွားမှာကို ကျန်းဝူအင်ပါယာက စိုးရိမ်နေတာပဲ ဖြစ်နိုင်မလား။ ဒါကြောင့် ဒီနဂါးထိန်းစင်မြင့်ကို ဖန်တီးထားခဲ့ပြီး ငရဲကမ္ဘာကြီးရဲ့ ဘေးမှာရှိနေတဲ့ သူ့အုတ်ဂူထဲမှာ တည်ဆောက်ထားခဲ့တာလား…”

အတိတ်ဘဝတွင် ဖတ်ခဲ့ဖူးသော ဇာတ်လမ်းမျိုးအရ မုန့်ချီက အတော်လေးကို စဉ်းစားဆင်ခြင်တတ်သည်။

ကျန်းကျိဝေ၏ မျက်နှာက ပျက်ယွင်းသွား၏။

"အဲဒါ ဖြစ်နိုင်ချေရှိတယ် …"

အုတ်ဂူ၏ အတွင်းပိုင်းထဲမှနေ၍ အော်ဟစ်လိုက်သော အသံက သူ၏မကောင်းဆိုးဝါး တစ္ဆေဖြစ်နိုင်သည်။ ကျန်းဝူအင်ပါယာ၏ဓမ္မကာရက မကောင်းဆိုးဝါး တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်ဟူသော အတွေးမျိုး တွေးလိုက်မိသည့်အချိန်တွင် သူတို့က ကြက်သီးမွေးညင်း ထလာခဲ့သည်။

ထိုကဲ့သို့ ကြောက်စရာကောင်းသော မကောင်းဆိုးဝါး တစ်ကောင်က ကမ္ဘာမြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။ သူတို့၏တာဝန်က မကောင်းဆိုးဝါး တစ္ဆေများနှင့် တိုက်ရိုက်ပတ်သက်နေခြင်း မရှိသည်မှာ သူတို့အတွက် ကံကောင်းသွားခဲ့သည်။

အကယ်၍ သေဆုံးသွားခဲ့သော ကျန်းဝူအင်ပါယာ၏ လျှို့ဝှက်ဆန်းကြယ်မှုများကိုသာ အလွယ်တကူ ဖော်ထုတ်နိုင်မည်ဆိုလျှင် ထိုအရာက ကွင်းဆက်တာဝန်တစ်ခု မဟုတ်နိုင်တော့ပေ။

ထို့ကြောင့် သူတို့က ခဏအကြာ ဆွေးနွေးလိုက်ပြီးနောက် ထိုဖြစ်နိုင်ချေကို စစ်ထုတ်လိုက်သည်။ ကျိုးကြောင်းဆီလျော်မှုရှိသော်လည်း သူတို့တာဝန်၏ ဖော်ပြချက်များကိုသာ အလေးထား၏။ သူတို့က နောက်ထပ် သဲလွန်စများ ရှာဖွေရန်အတွက် ရှေ့ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။

နဂါးထိန်းစင်မြင့်ကို ဖြတ်ကျော်လာပြီးနောက် သူတို့က အနက်ရောင်မြူခိုးများ လွှမ်းခြုံထားသော လှေကားအတိုင်း ဆင်းသက်လာခဲ့သည်။

ကျန်းကျိဝေက ဘေးနှစ်ဖက်တွင် ရေးသားထားသော ရှေးဟောင်းစကားလုံးများကို တွေ့လိုက်ရသည့်အတွက် ဖတ်ကြည့်နေသည်။

"ဒါကတော့ ရှည်ကြာလွန်းလှတဲ့ ငါ့ရဲ့ကျင့်ကြံမှု ခရီးစဉ်အဆုံးသတ်ပဲ…"

သူတို့က ဖတ်နေသည့်အထဲတွင် တူညီသော လက်ရေးများကို တွေ့နေရသည်။

"ဝင်လာတဲ့ သူတွေက သေရမယ်။ အမိန့်နာခံတဲ့သူတွေက အသက်ရှင်ရမယ် … "

မုန့်ချီက သက်ပြင်းချလိုက်မိ၏။

"ကျန်းဝူအင်ပါယာက ဒီအုတ်ဂူကြီးကို တည်ဆောက်လိုက်ပြီး တစ်ခုခု ထားခဲ့တာများ ဖြစ်နိုင်မလား။ ပြီးတော့ သူက ငရဲကမ္ဘာကြီးကို ဖြတ်ကျော်ပြီး သူသေသွားခဲ့တဲ့ နေရာကို ရောက်သွားတာလား … "

ကျန်းကျိဝေက ခေါင်းညိတ်ပြလိုက်သည်။

"အဲဒီလိုဖြစ်နိုင်ချေ ရှိတယ်…"

ကျန်းဝူအုတ်ဂူ၏ တံခါးဝတွင် ကျောက်ပြားများ ထောင်ထားသည်။ ထိုအရာများကို သူကိုယ်တိုင် ထွင်းထုထားသလို ထင်မှတ်ရ၏။ ထို့ကြောင့် ဤနေရာတွင်လည်း ချွင်းချက် မရှိနိုင်ပေ။

"ဒီနေရာမှာ ရှေးဟောင်းလျှို့ဝှက်ချက် တချို့ ရှိနေနိုင်တယ် … "

ရွမ်ယုရှုက သူမ၏ အိပ်တန်းတက် ဇာမဏီဗျတ်စောင်းကို ပိုက်ထားရင်း ပြောလိုက်သည်။ သူမကလည်း ထိုစကားလုံးများကို စိတ်ဝင်စားနေပုံ ရ၏။ ထိုအချိန်တွင် သူမ၏မျက်နှာလေးပေါ်၌ ရှားရှားပါးပါး အပြုံးလေးတစ်ခု ပေါ်လာပြီး အတော်လေးကို ချစ်စရာကောင်းသည်။

မုန့်ချီက သံသယဝင်စွာ ပြောလိုက်၏။

"ဒါပေမဲ့ ကျန်းဝူအင်ပါယာက ရှေးဟောင်းထိပ်သီးပညာရှင်တစ်ယောက်လေ။ သူရေးလိုက်တဲ့ စကားလုံးတိုင်းက အံ့ဩစရာကောင်းနေသင့်တယ်။ ဘာလို့ ဒီစကားလုံးတွေက သာမန်ပဲ ဖြစ်နေရတာလဲ…"

ကျန်းကျိဝေက အားရပါးရ ရယ်လိုက်၏။

"ထိပ်တန်းပညာရှင်တွေက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘူးလို့ နင်က တွေးနေတာလား ။ သူတို့က အဆန်းကြယ်ဆုံးတာအိုကို နားလည်နိုင်ပြီး နေနှင့်လကို စုပ်ယူနိုင်တယ်။ ပဋိပက္ခတွေကို ထုတ်လွှတ်နိုင်ပြီး စကားတစ်ခွန်းတည်းနဲ့ နိုင်ငံကြီးတစ်နိုင်ငံကို အေးခဲသွားစေနိုင်တယ် ။ ဒါပေမဲ့ သူတို့ကလည်း သာမန်ဖြစ်နိုင်တာပဲလေ။ လူသားကမ္ဘာကြီးထဲမှာရှိတဲ့ နင်တို့ ငါတို့နဲ့ ဘာမှမကွဲပြားဘူး"

"ငါ နားလည်သွားပြီ။ ငါက သူ့ရဲ့လက်ရေးတချို့ကို ကံကြမ္မာအမှတ်တွေနဲ့လဲဖို့ ထုတ်ယူသင့်တယ်။ မဟုတ်ရင်လည်း တခြားနေရာတွေမှာ အသုံးပြုလို့ရနိုင်တယ်.."

မုန့်ချီက နောင်တရစွာ ပြောလိုက်သည်။

ကျန်းကျိဝေက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ရယ်ချင်စိတ်ကို ထိန်းထားပုံပေါ်သည်။

ရွမ်ယုရှုက အေးစက်စွာ ပြောလိုက်၏။

"နင့်ရဲ့ ရည်ရွယ်ချက်က အဖိုးတန်တဲ့ အရင်းအမြစ်တွေကို အမှိုက်ဖြစ်အောင် လုပ်နေတာပဲ…"

သူက ခြောက်ကပ်စွာ ရယ်လိုက်ပြီး ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။

"တစ်ခုခုမှားနေတယ်လို့ ငါ ခံစားနေရတယ်။ နင်တို့ရော ဘယ်လိုလဲ … "

" အတူတူပဲ…။ ဒါပေမဲ့ အဲဒါက ဘာလဲဆိုတာ ငါလည်းမပြောနိုင်ဘူး…"

ကျန်းကျိဝေက ရွမ်ယုရှုကို ပြန်လှည့်ကြည့်လိုက်သည်။ သူမကတော့ ထူးခြားသောအရာတစ်ခုကိုမျှ ခံစားမိပုံ မရချေ။

"ငါတို့က ဘာမှမမှားပါဘူး … "

ရွမ်ယုရှုက သရဲဇာတ်လမ်းတစ်ခုထဲသို့ ကျရောက်နေသည့်အလား သူမ၏ ဗျတ်စောင်းကို တင်းတင်းပိုက်ထားခဲ့သည်။

မုန့်ချီက ခဏအကြာ စဉ်းစားနေခဲ့သော်လည်း ထူးခြားသည့်အရာ တစ်ခုမျှ မတွေ့ခဲ့ရပေ။ သူက အသံတိုးတိုးနှင့် ပြောလိုက်သည်။

"ဒါဆိုလည်း ရှေ့ဆက်ပြီး သွားကြစို့ ..”

သူတို့က လှေကားအတိုင်း ဆင်းလာလေလေ မြူခိုးများက ပို၍သိပ်သည်းလာလေလေ ဖြစ်‌သည်။ ယခုမြူခိုးများက မဲနယ်ရောင်ဖြစ်နေပြီးအလွန်မှောင်မည်းနေသည့်အတွက် နံရံ၏ဘေးနှစ်ဖက်တွင် ထွင်းထားသော စကားလုံးများကို အနည်းငယ် မြင်သာရုံသာ ရှိတော့‌သည်။

"ငါ့ရဲ့ဘဝမှာ နောင်တ (၉)ခုရှိတယ်။ ပထမဆုံး တစ်ခုကတော့ ငါ့မှာ အနိုင်မရသေးတဲ့ အစွမ်းထက် ပြိုင်ဘက်နှစ်ယောက်ရှိတယ်။ တိုက်ပွဲ (၅၀)ကျော် တိုက်ခိုက်ပြီးသွားတဲ့ အချိန်မှာ ငါက ကောင်းကင်သတ် တာအိုသခင်နဲ့ မကောင်းဆိုးဝါးသခင်တို့ကို လက်ရည်တူပဲ အဆုံးသတ်ခဲ့ရတယ်…"

ထိုအရာကို ဖတ်ကြည့်လိုက်သည့်အချိန်တွင် ကျန်းကျိဝေက စိတ်လှုပ်ရှားလာသလို ခံစားနေရသည်။ သူမက ရှေးဟောင်းအင်အားစုများ၏ တိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ချင်ပုံရသည်။

မုန့်ချီကတော့ သူမ၏ စကားလုံးများကို စဉ်းစားနေခဲ့၏။

"ကောင်းကင်သတ် တာအိုသခင် ဆိုတာက ဘယ်သူလဲ … "

"သူက ငရဲကြီး (၉)ထပ်မှာရှိတဲ့ မကောင်းဆိုးဝါး နတ်ဘုရားခေါင်းဆောင်ပဲ။ သူက မကောင်းဆိုးဝါးသခင်နဲ့ ဂုဏ်သတင်း အတူတူပဲလေ။ သူက သူ့ရဲ့ကိုယ်ပိုင်သွေးအဆီအနှစ်နဲ့ ငရဲကြီး (၉)ထပ်ရဲ့ အောက်ခြေမှာရှိတဲ့ မြေအောက်ပင်လယ်ကြီးကို အသုံးပြုပြီး အရမ်းအစွမ်းထက်တဲ့ နတ်ဘုရားဓားတစ်လက်ကို ဖန်တီးခဲ့တယ်။ အဲဒီဓားကိုတော့ သံသရာအရှင်သခင်က နံပါတ် (၁) သတ်ဖြတ်ရေးဓားလို့ခေါ်တယ်…"

ကျန်းကျိဝေက ဓားနှင့် ပတ်သက်သောအရာများကို အလွန်ရင်းနှီးနေသည်။

မုန့်ချီက ရုတ်တရက် နားလည်သွားခဲ့၏။

"ငရဲပင်လယ်ဓားရဲ့ အရှင်သခင် … "

ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက်များစွာ ရှိနေသော်လည်း လဲလှယ်မည့်စာရင်း၏ ပထမဆုံးစာမျက်နှာတွင် လက်နက် (၁၀)ခုသာ စာရင်း ရှိသည်။ မုန့်ချီက ထိုအရာများ အားလုံးကို ဖတ်ကြားခဲ့ပြီး သူတို့က မည်သည့်အရာများဖြစ်ကြောင်း သိနေသည်။

နံပါတ် (၁) သတ်ဖြတ်ရေးဓား ငရဲပင်လယ်ဓားကို သူသိနေ၏။ ပထမတော့ သူက ကောင်းကင်သတ် တာအိုသခင်နှင့် ဓားကို ဆက်စပ်မိခဲ့ခြင်း မရှိချေ။ သံသရာအရှင်သခင်က ဖော်ပြချက်ထဲတွင် သူ့နာမည်ကို ပြောပြမထားခဲ့ပေ။

"ဟုတ်တယ် … "

ကျန်းကျိဝေ၏ မျက်လုံးလှလှလေးများက ချက်ချင်းပင် တောက်ပလာခဲ့သည်။

"ရှေးဟောင်းကာလ အဆုံးသတ်သွားတဲ့အချိန် ကျန်းဝူအင်ပါယာ ပျောက်ကွယ်သွားပြီး မကောင်းဆိုးဝါးသခင် မသေသေးခင်အချိန်မှာ ကောင်းကင်သတ် တာအိုသခင်က မကောင်းဆိုးဝါးသူတော်စင် ဖန်းကျိနဲ့ တိုက်ပွဲတစ်ပွဲ တိုက်ခိုက်ခဲ့တယ်။ ဇာမဏီမီးတောက်ရဲ့ ဖိနှိပ်မှုကြောင့် သူက ငရဲကြီး (၉)ထပ်ကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။ ရွေးချယ်စရာ မရှိတော့တဲ့အတွက် သူလည်း အတွင်းပိုင်းထဲကို ပြန်ဆုတ်သွားခဲ့ရတယ်။ အဲဒီနောက်မှာတော့ သူက ပြောင်းလဲမှုကြီးတချို့ကို ကြုံတွေ့ခဲ့ရပြီး တစ်ယောက်တည်း သီးခြားနေထိုင်ခဲ့တယ်။ အဲဒီအချိန်ကတည်းက စပြီး ကောင်းကင်သတ် တာအိုသခင်က လုံးဝ ပေါ်မလာတော့ဘူး။ သူသေသွားပြီ ဆိုတဲ့ သတင်းတွေပဲ ကြားရတော့တယ်…"

သူမက ဆက်ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလောက်မှာတော့ သူ့ရဲ့ဆက်ခံသူလို့‌ ခေါ်တဲ့ လူတစ်ယောက်က ငရဲပင်လယ်ဓားနှင့်အတူ ပေါ်လာခဲ့တယ်။ သူက ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ခဲ့ခြင်း မရှိသလို အထက်တန်းလွှာ မိသားစုတွေနဲ့ ပူးပေါင်းတာမျိုးလည်း မရှိခဲ့ဘူး။ သူက သတ်ဖြတ်ခြင်းနည်းလမ်းကိုပဲ လက်ကိုင်ထားတဲ့အတွက် ကမ္ဘာကြီးထဲမှာ ကပ်ဆိုးကြီးတွေကို ကျရောက်စေခဲ့ပြီး ကမ္ဘာမြေကြီးရဲ့ စည်းမျဉ်းတွေကိုပါ နှောင့်ယှက်ဖျက်ဆီးခဲ့တယ်။ ဥပမာအနေနဲ့ပြောရရင် နာမည်အကျော်ကြားဆုံးတစ်ခုကတော့ နတ်ဆိုးဗုဒ္ဓရဲ့လက်ထဲမှာ သေဆုံးသွားတဲ့ သတ်ဖြတ်ရေး (၇) သွယ် တာအိုသခင်ပဲ… "

မုန့်ချီကတော့ သမိုင်းကြောင်း ပင်လယ်ကြီးထဲတွင် ကူးခတ်နေရသလို ခံစားနေရသည်။ ရှေးအချိန်တွင် ဖြစ်ခဲ့သော ပြောင်းလဲမှုများက အတော်လေးကို စိတ်ဝင်စားဖွယ်ကောင်းလှ၏။

ကျန်းကျိဝေ၏ စကားသံက တဖြည်းဖြည်း ပို၍ တိုးလာခဲ့သည်။

"ငါ့ဆရာပြောတဲ့ စကားအရ ငါတို့လို ဓားသမားတစ်ယောက်ရဲ့ဘဝမှာ နောင်တ (၂)မျိုးပဲ ရှိတယ်။ ပထမဆုံးတစ်ခုကတော့ ငါတို့က လူသားဧကရာဇ်နဲ့ ငရဲပင်လယ်ဓားသမားတို့ရဲ့ တိုက်ပွဲကို မြင်တွေ့ခွင့်မရတာပဲ။ ဒုတိယ တစ်မျိုးကတော့ ပြီးပြည့်စုံတဲ့ ကျဲတျန်းဓားသိုင်းပညာ (၇)မျိုးကို ဖတ်ရှုခွင့်မရနိုင်တော့တာပဲ… "

"ငါတို့ အသက်ရှင်နေဦးမယ်ဆိုရင်တော့ အဲဒီလိုရှားပါးတဲ့ စွန့်စားခန်းတွေ ကြုံတွေ့ရနိုင်ပါသေးတယ်…"

မုန့်ချီက ပို၍ ရဲရင့်လာသလို ခံစားလာရပြီး ယုံကြည်ချက်များ ပို၍ရှိလာသည်။

ကျန်းကျိဝေက ခေါင်းညိတ်ထောက်ခံလိုက်ပြီး ရုတ်တရက် ရပ်လိုက်၏။

"တစ်ခုခုမှားနေတယ်လို့ ဘာလို့ ခံစားနေရသေးတာလဲ…"

"ငါလည်း တစ်ခုခု မဟုတ်တော့ဘူးလို့ ခံစားနေရတယ်…"

မုန့်ချီက သူမကို နောက်တစ်ကြိမ် စိုက်ကြည့်လိုက်ရာ အရာအားလုံးက ပုံမှန်အတိုင်းသာ ရှိနေသေးကြောင်း တွေ့လိုက်ရသည်။ မည်သည့်အရာ ဖြစ်နေကြောင်း ကျန်းကျိဝေလည်း မပြောနိုင်ပေ။

"ငါတို့က မြန်မြန်သွားတာ ပိုကောင်းမယ်…"

အနက်ရောင်မြူခိုးများက တဖြည်းဖြည်းပို၍ သိပ်သည်းလာနေပြီး စကားလုံးများကိုပင် မမြင်ရတော့ပေ။ မုန့်ချီက ရှေးဟောင်းစကားလုံးများကို မဖတ်နိုင်သည့်အတွက် လက်ထဲတွင် ကောင်းကင်ပြစ်ဒဏ်ဓားကို ကိုင်ပြီး လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့သည်။

"ဒုတိယ နောင်တ …

ကောင်းကင်ကြားဖြတ် ဓားသိုင်း(၇)မျိုးကို မပြည့်စုံခဲ့ဘူး။ ငါက သူ့ရဲ့သိုင်းကွက် (၃)ကွက်ကိုပဲ သင်ကြားနိုင်ခဲ့တယ်။ ကောင်းကင်ဘိုးဘေး … "

သူက ထိုစကားလုံးများကို ဘာကြောင့်ဖတ်နိုင်နေသနည်းဟု မုန့်ချီက စဉ်းစားနေမိသည်။ သူကလည်း အတော်လေးလည်း နောင်တရသလို ခံစားနေရ၏။ ထိုစကားလုံးများက အသိဉာဏ်ဖွင့်ဖြိုးလာခြင်းပေလော။ သူက ထိုစကားလုံးများကို ကြည့်လိုက်ရုံနှင့် တစ်စုံတစ်ယောက်က ရှင်းပြနေသလို ခံစားနေရသည်။

ရုတ်တရက်ဆိုသလို စကားလုံးများက ပျောက်ကွယ်သွားပြီး လုံးဝ မရှိတော့သလို ဖြစ်လာခဲ့၏။ ခြေရာလက်ရာပင် မကျန်တော့ပေ။ မုန့်ချီက မျက်လုံးပြူးသွားပြီး မည်သူက ထိုသို့လုပ်ခဲ့ကြောင်း နားမလည်ခဲ့ပေ။ ဘာကြောင့် သူတို့က စကားလုံးများကို ဖျက်ပစ်လိုက်ရသနည်း။ ထိုစကားလုံးများက ရှေးဟောင်းလျှို့ဝှက်ချက် တချို့နှင့်ပတ်သက်နေခြင်းပေလော။

“ဒါက ဖုတ်ကောင်တွေ လုပ်နေတာလား။ ဒါမှမဟုတ် တခြားတစ်ယောက်လား ..”

သူက ထိုအရာကို ဆွေးနွေးရန် ပြင်လိုက်စဉ် သူ၏ မျက်နှာပေါ်၌ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သရော်လိုက်မိသည်။ သူက တစ်ယောက်တည်းသာ ဖြစ်၏။ ထို့ကြောင့် ထိုအရာကို မည်သို့ဆွေးနွေးနိုင်မည်နည်း။ သူက စိတ်ကစင့်ကလျား ရောဂါဖြစ်နေသူ တစ်ယောက် မဟုတ်ချေ။

သိပ်သည်းလွန်းလှသော အနက်ရောင်မြူခိုးများက လေထဲတွင် ဆက်လက် လှုပ်ရှားနေပြီး နံရံဘေးနှစ်ဖက်တွင် ရှိနေသော လက်ရေးများကို မမြင်ရတော့ပေ။ မုန့်ချီက သူ့လက်ထဲတွင် ဓားကို ကိုင်ထားပြီး လှေကားအတိုင်း သတိထား၍ ဆင်းလာခဲ့၏။

ရုတ်တရက်ဆိုသလို လျှပ်စီးကြောင်းတစ်ခု တောက်ပလာပြီး လှံတစ်ချောင်းက ဘယ်ကမှန်းမသိ ပေါ်လာခဲ့သည်။ ထိုလှံက အလွန်လျင်မြန်သော အရိပ်တစ်ခုသဖွယ် မြူခိုးများကို ဖြတ်ကျော်လာခဲ့၏။ လျှပ်စီးကြောင်းက ကောင်းကင်ကြီးကို ထိုးဖောက်သွားသည့်အချိန်တွင် မြူခိုးများက ပျောက်ကွယ်သွားပြီး နေရာတစ်ခုလုံး လင်းထိန်သွားခဲ့၏။

"ဘာလို့ ဒီလျှပ်စီးကြောင်းတွေက ပိုပြီးတော့ နှေးနေရတာလဲ…"

ကျန်းကျိဝေကို တိုက်ခိုက်ခဲ့သော အရာနှင့် ယှဉ်လိုက်မည်ဆိုလျှင် ယခုတစ်ကြိမ် တိုက်ခိုက်မှုကတော့ လျှပ်စီးဓားရှောင်ကျန်းဟိုင်ထက် အနည်းငယ်လေးသာ ပိုမြန်နေသည်။ ထို့ပြင် အစောပိုင်းတွင် ရောက်လာခဲ့သော အရာက ပို၍ ဝေးကွာသော နေရာမှ ရောက်လာခဲ့ခြင်းဖြစ်၏။

"နေဦး … ကျိဝေ ဘယ်မှာလဲ။ ကျိဝေနဲ့ တခြားသူ‌တွေက ဘယ်နေရာကို ရောက်သွားကြတာလဲ…"

မုန့်ချီက အလွန်ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။

ခေါင်းထဲ၌ လှုပ်ရှားနေသော မြူခိုးများကလည်း ပျောက်ကွယ်သွားသလို ထင်မှတ်ရ၏။ နောက်ဆုံးတွင်တော့ မည်သည့်အရာများ ဖြစ်နေကြောင်း သူလည်း အဖြေရှာနိုင်သွားသည်။

သူက လှေကားတွင် ရပ်လိုက်သည့် အချိန်ကတည်းကစပြီး သူ့အဖော်များကို ဖြည်းညင်းစွာ မေ့လျော့လာခဲ့သည်။ ပထမဆုံး သူ မေ့သွားခဲ့သည်မှာ အစ်ကိုချီ ဖြစ်၏။ ထို့နောက် အစားသရဲလေးဖြစ်ပြီး နောက်ဆုံးတွင်တော့ ကျိဝေဖြစ်သည်။ အကယ်၍ လျှပ်စီးကြောင်းကသာ သူ၏ မှတ်ဉာဏ်တချို့ကို ဖော်ထုတ်ပေးခဲ့ခြင်း မရှိလျှင် သူကိုယ်တိုင်လည်း ဖုတ်ကောင်တစ်ကောင်အဖြစ် ပြောင်းလဲသွားပါလိမ့်မည်။

မုန့်ချီ၏ ရင်ထဲတွင် အကြောက်တရားများ ပြည့်နှက်လာခဲ့၏။ သူက ဓားကို မြှောက်လိုက်ပြီး သူ့ဆီသို့ ရောက်လာသော လှံရှည်ကို တားဆီးလိုက်သည်။ လှံရှည်ကတော့ သူ့ကို တိုက်ခိုက်ချင်နေပုံ ရသည်။ ထိုအရာက ကောင်းကင်ဘုံမှ အပြစ်ပေးမှုတစ်ခုကဲ့သို့ ဖြစ်နေ၏။

“ငါက ဘာလို့ ဒီလှုပ်ရှားမှုကို ရင်းနှီးနေရတာလဲ…”

ရုတ်တရက်ဆိုသလို မုန့်ချီက မပြည့်စုံသော ကောင်းကင်မိုးကြိုး (၅)ချက် သိုင်းကွက်ကို တွေးမိသွားသည်။ ထိုလှုပ်ရှားမှုက ထိုသိုင်းကွက်များထဲမှ တစ်ခုဖြစ်သည်ဟု ခံစားမိနေသည်။

သူက သူ၏ ဓားရှည်ကို ပြောင်းလဲလိုက်ပြီး တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်၏။ ဓားရှည်က အနည်းငယ် တုန်ခါသွားခဲ့ပြီး တုန်ခါမှုတိုင်းက ကောင်းကင်မိုးကြိုးတစ်ခု၏ တိုက်ခိုက်မှုကဲ့သို့ ခံစားနေရသည်။ ကောင်းကင်အပြစ်ပေးမှုက အလွန်ကြောက်စရာကောင်းပြီး ကောင်းကင်ကြီးကိုယ်တိုင်ပင် ကြောက်လန့်သွားလောက်အောင် အစွမ်းထက်သည်။

ထိုအရာက မုန့်ချီ စဉ်းစားနေခဲ့သော သိုင်းကွက်များထဲမှ တစ်ခုဖြစ်၏။ ယခင်သူကတော့ ထိုဓားမောက်တာအို အနှစ်သာရများကို လုံးဝ နားမလည်နိုင်ခဲ့ပေ။ ယခုတော့ ထိုသိုင်းကွက်ကို သူကိုယ်တိုင် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် တစ်စုံတစ်ခုကို နားလည်သွားသလို ခံစားလိုက်ရ၏။

ဓားချီစွမ်းအင်များက မိုးကြိုးစပါးအုံးမြွေကြီးအဖြစ် ပြောင်းလဲသွားပြီး သူ့ဓားက အနက်ရောင်မြူခိုးများကို ထိုးဖောက်သွားသည့်အချိန်တွင် အမှောင်ထုကြီးက လင်းထိန်သွားခဲ့သည်။

"ဗုန်း … "

လျှပ်စီးကြောင်းနှစ်ခုက အချင်းချင်း တိုက်ခိုက်လိုက်မိပြီး နေရာတိုင်းတွင် လျှပ်စီးပွင့်လေးများက မိုးရေစက်များကဲ့သို့ ကျဆင်းလာနေ၏။

ထိုပေါက်ကွဲမှုကြောင့် မုန့်ချီ၏ စိတ်ဝိညာဉ်က လှုပ်ရှားသွားခဲ့သည်။ မုန့်ချီ၏ ခန္ဓာကိုယ်ကလည်း ရှေ့ကို ယိုင်ကျသွားခဲ့ပြီး လဲကျလုမတတ် ဖြစ်သွားခဲ့၏။ အကယ်၍ သူကသာ အင်မော်တယ် ဖိနှိပ်ခြင်းကျင့်စဉ်၏ စွမ်းအားတချို့ကို မသုံးခဲ့လျှင် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်နှင့် အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်တို့၏ အထောက်အပံ့သာ မရှိလျှင် ရပ်တန့်နိုင်လိမ့်မည် မဟုတ်ချေ။

အကယ်၍ သူက အဖိုးတန်လက်နက်ကို သုံးခဲ့မည်ဆိုလျှင်ပင် ကျရှုံးသွားနိုင်၏။ ထို့ပြင် သူက ဝေ့ကျင်းအဆင့် သိုင်းကွက်ဖြစ်သော ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင် သိုင်းကွက်ကိုလည်း အသုံးပြုရန် အချိန်မရခဲ့ပေ။

ပွယောင်းယောင်း ဝတ်စုံကို ဝတ်ဆင်ထားသော လူရိပ်က လေထဲတွင် ရပ်ကြည့်နေရာမှ လှံရှည်ကို ကိုင်ပြီး ပြန်လှည့်လာခဲ့သည်။ သူက အလွန်အေးစက်သော မျက်လုံးများနှင့် မုန့်ချီကို စိုက်ကြည့်ပြီး အမှောင်ထုကြီးထဲတွင် နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့၏။

မုန့်ချီကတော့ ရှေ့ဆက် မသွားခဲ့ပေ။ လျှပ်စီးအလင်းရောင်များ တောက်ပလာသည့် အချိန်တွင် သူက ကျန်းကျိဝေနှင့် တခြားလူများကို ပြန်ရှာရန် ချက်ချင်း ပြန်လှည့်လိုက်သည်။

သူတို့၏ မျက်လုံးများက ဗလာဖြစ်နေပြီး အသက်ကင်းမဲ့နေသည်။ သူတို့က သူ၏ နောက်မှနေ၍ ဖုတ်ကောင်များကဲ့သို့ လိုက်လာနေကြ၏။ မုန့်ချီ၏ ခံစားချက်များက ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး နှစ်ပေါင်းများစွာ စိတ်ဒုက္ခခံနေရသူ တစ်ယောက်ကဲ့သို့ ဖြစ်သွားခဲ့သည်။

သူက လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်နှင့် သူ့ကိုယ်သူ လွှမ်းခြုံလိုက်၏။ အနက်ရောင်မြူခိုးများ အားနည်းသွားသည့်အချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး မြူခိုးများကို ဝါးမြိုလိုက်သည်။ ထို့နောက် မုန့်ချီက သူ၏ မှတ်ဉာဏ်များ အားလုံးကို ပြန်ဖော်လိုက်၏။

တဖန် သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး သူ၏စိတ်ဝိညာဉ်နှင့် ကျန်းကျိဝေကို ဆက်သွယ်လိုက်ပြီး သူမ၏မှတ်ဉာဏ်များကို ပြန်ဖော်ထုတ်ရန် အကူအညီ ပေးလိုက်သည်။

အလွန်နက်ရှိုင်းသော သူမ၏ ဝိညာဉ်ပင်လယ်ကြီးက စတင်လှုပ်ရှားလာပြီး ဖုတ်ကောင်တစ်ကောင်၏ နှလုံးသားကဲ့သို့ မဟုတ်တော့ပေ။ ထိုအရာကို ခံစားမိသည့်အခါ သူမကလည်း သူ့လို ဖြစ်နေကြောင်း သိ‌လိုက်ရသည်။ သူမက အန္တရာယ်အနည်းငယ် ခံစားမိလိုက်လျှင် သူမ၏ မှတ်ဉာဏ်များကို သတိပြန်ရလာပါလိမ့်မည်။

လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီး ကျင့်စဉ်၏ လွှမ်းမိုးမှုကြောင့် ရွှေရောင်အလင်းတန်းကြီးက ကောင်းကင်ပေါ်သို့ မြင့်တက်သွားခဲ့ပြီး သိစိတ်ပင်လယ်တစ်ခုလုံးတွင် ပြည့်နှက်နေသော မြူခိုးများကို ဖယ်ရှားပေးလိုက်သည်။

အလွန်ချစ်စရာကောင်းသော ကလေးမလေးတစ်ယောက်က သူမ၏အရပ်ထက် ပို၍မြင့်မားသော ဓားတစ်လက်ကို ကိုင်ထားသည်။ သူမ၏ မျက်လုံးထဲမှနေ၍ မျက်ရည်များ စီးကျလာနေပြီး မည်သည့်အရာကိုမျှ ထွက်သွားစေလိုခြင်း မရှိချေ။

အလွန်ပေါ့ပါးသွက်လက်သော ကလေးမလေးက သူမ၏ ဓားသိုင်းပညာ လေ့ကျင့်မှုကိုသာ အာရုံစိုက်နေခဲ့သည်။ သူမ၏ မျက်နှာလေးပေါ်တွင် အလေးထားမှုများ ပြည့်နှက်နေ၏။

ထိုမှတ်ဉာဏ်တစ်ခုကို မြင်လိုက်ရပြီးနောက် မုန့်ချီက မြူခိုးများ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပြီး ကျန်းကျိဝေက သတိပြန်ဝင်လာခဲ့သည်။ ထို့ကြောင့် သူလည်း သူ၏စိတ်ဝိညာဉ်ကို လျင်မြန်စွာ ရုတ်သိမ်းလိုက်၏။ မုန့်ချီက တခြားလူတစ်ယောက်၏ မှတ်ဉာဏ်များကို ခိုးကြည့်မိသလို ဖြစ်သွားသည့်အတွက် အပြစ်ရှိသလို ခံစားနေရသည်။

"နင် အဆင်ပြေရဲ့လား … ။ တခြားနှစ်ယောက်ရော ဘာတွေ ဖြစ်သွားပြီလဲ… "

ကျန်းကျိဝေ ပထမဆုံး လုပ်ဆောင်ခဲ့သည့်အရာက သူ့အတွက် စိုးရိမ်နေခြင်းဖြစ်သည်။

မုန့်ချီ၏ ရင်ထဲတွင်တော့ နွေးထွေးသွားသလို ခံစားလိုက်ရ၏။

"ငါ အဆင်ပြေပါတယ်။ ငါက သူတို့တွေကို လှုံ့ဆော်ဖို့အတွက် ငါ့ရဲ့ စွမ်းအားကို သုံးလိုက်တာ ပိုကောင်းမယ်…"

ထိုအချိန်တွင် အနက်ရောင် မြူခိုးများက လုံးဝကို ပျောက်ကွယ်သွားခဲ့သည်။ သူကတော့ အမှောင်ထုကြီးထဲတွင် သူတို့ကို အေးစက်စွာ စိုက်ကြည့်နေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် သရဖူတစ်ခု ဆောင်းထား၏။ သူက ပိန်ပိန်ပါးပါးဖြစ်နေပြီး မျက်လုံးတစ်စုံက အလွန်နက်ရှိုင်းလှသည်။

"ကျန်းဝူအင်ပါယာ … "

မုန့်ချီက ပင့်သက်ရှိုက်လိုက်မိ၏။ ထိုလူရိပ်က မြူခိုးများထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

ရွမ်ယုရှုက ခေါင်းခါလိုက်ပြီးနောက် ဆူညံသံတစ်ခုကြောင့် သူမ၏ မျက်လုံးများက နောက်တစ်ကြိမ် ရှင်းလင်းလာသည်။ သူမက ဗျတ်စောင်းကို တင်းတင်းကြပ်ကြပ် ပိုက်ထားရင်း လှုပ်ရှားနေသော အသံနှင့် ပြောလိုက်၏။

"နင်တို့ အဆင်ပြေကြရဲ့လား "

"ငါတို့ အဆင်ပြေတယ်။ နင့်ရဲ့မှတ်ဉာဏ်တွေ ပြန်ပြီး မှတ်မိပြီလား …"

မုန့်ချီက မေးလိုက်၏။

ရွမ်ယုရှုက ခေါင်းညိတ်ပြလိုက်သည်။

"ရေနဂါးခြောက် … "

သူမက အရာအားလုံးကို မှတ်မိကြောင်း ထိုစကားလုံးများသာ ပြောလိုက်သည်။

"ဖရိုဖရဲကျင့်စဉ် … "

ချီကျန်းရန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသော်လည်း ပုံမှန်ဖြစ်၏။

မုန့်ချီက တခြားသော အရာများဖြစ်လာမှာကို စိုးရိမ်နေခဲ့သည်။ ထို့နောက် သူက စွမ်းအားများကို နောက်တစ်ကြိမ် အသုံးပြုလိုက်ပြီး သူတို့၏ဆိုးရွားသော မှတ်ဉာဏ်များ ပြန်ပေါ်လာစေခြင်းမရှိဘဲ သူ့တို့ကို စစ်ဆေးကြည့်လိုက်သည်။ ရွှေရောင်အလင်းတန်းများ လွှမ်းခြုံသွားသည့်အချိန်တွင် သူတို့၏ နှလုံးသားထဲ၌ မြူခိုးများ မရှိကြောင်း ရှင်းလင်းသွားခဲ့၏။

မုန့်ချီက သူ၏ စိတ်ဝိညာဉ်ကို ရုတ်သိမ်းလိုက်ပြီး အနည်းငယ် နောင်တရသလို ခံစားနေရ၏။ အကယ်၍ သူသာ ရွမ်ယုရှုနှင့် အစ်ကိုချီတို့ကို ပထမဆုံး နိုးထလာရန် ရွေးချယ်လိုက်မည်ဆိုလျှင် မည်သည့်အရာကို မြင်ရနိုင်မည်နည်း။ သူက အရသာရှိသော စားစရာများ သို့မဟုတ် တစ်စုံတစ်ယောက်၏ အမုန်းတရားကို မြင်တွေ့ရမည်လော။

သူ၏စိတ်ဝိညာဉ်စွမ်းအား တစ်ဝက်ခန့် ကုန်ဆုံးသွားသည့်အချိန်တွင် သူက အလေးမထားဘဲ မနေရဲပေ။ သူက ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး ဗုဒ္ဓမီးအိမ်လေးကို ထုတ်လိုက်၏။ မီးအိမ်လေးဆီမှ မီးတောက်များ တောက်ပလာပြီး မြူခိုးများ ဝင်ရောက်လာခြင်းကို တားဆီးပေးလိုက်သည်။

သူတို့က အတွင်းထဲကို ရောက်လာလေလေ ပို၍ သတိထားနေရလေလေ ဖြစ်၏။ အောက်ခြေတွင်တော့ သူတို့က အုတ်ဂူထဲတွင် ရှိနေသော အုတ်ဂူတစ်ခုကို တွေ့လိုက်ရသည်။

"အုတ်ဂူထဲမှာ ရှိတဲ့ အုတ်ဂူတစ်ခုလား …"

ထိုအုတ်ဂူ၏ ရှေ့တွင်တော့ ရှေးဟောင်းစကားလုံးများ ရေးသားထားသည်။

"ကျန်းဝူရဲ့အုတ်ဂူ …"

Translated by Hein Htet

All Chapters