← Chapters

အခန်း (၂၉၃)

Vol. 20 Ch. 293

အခန်း (၂၉၃)

Vol. 20 Ch. 293

အလင်းရောင်များက တောက်ပနေသော်လည်း မျက်စိကျိန်းသွားစေခြင်း မရှိချေ။ ထိုအရာက စိတ်ဝိညာဉ်ကို နွေးထွေးစေနိုင်ပြီး လန်းဆန်းတက်ကြွစေနိုင်သည်။

အနက်ရောင်အငွေ့များကလည်း အမှောင်ထုကြီးနှင့်အတူ ပျောက်ကွယ်သွားပြီး မှေးမှိန်နေသော နယ်မြေကြီးက သန့်စင်သော ဗုဒ္ဓနယ်မြေတစ်ခုသဖွယ် ပြောင်းလဲသွားခဲ့သည်။

"ဗုဒ္ဓမီးအိမ်လေးက ထင်ထားတဲ့အတိုင်းပဲ။ ပျက်စီးနေတာတောင် ဒီလို အစွမ်းမျိုး ရှိနေသေးတယ်…"

မုန့်ချီက ချီးကျူးလိုက်မိပြီး အပြာဖျော့ရောင်မီးအိမ်လေးကို ကိုင်ကြည့်နေခဲ့သည်။

ကျန်းကျိဝေ၏ မျက်နှာလေးပေါ်တွင် ပင်ပန်းနေသော အပြုံးလေးတစ်ခု ပေါ်လာခဲ့၏။

"ဘယ်လိုပဲဖြစ်ဖြစ် ဒါက နတ်ဘုရားလက်နက်အဆင့် ရတနာတစ်ခု ဖြစ်ခဲ့တယ်လေ..”

အစောပိုင်းတိုက်ပွဲတွင် မုန့်ချီကလွဲလျှင် သူတို့ (၃)ယောက်စလုံးက သူသေ ကိုယ်သေ သိုင်းကွက်တချို့ကို သုံးခဲ့ရသည်။ ထို့ကြောင့် သူတို့က စွမ်းအား အမြောက်အများ ကုန်ဆုံးသွားခဲ့ရပြီး စကားပြောနိုင်ရုံသာ ရှိသည်။

မုန့်ချီကလည်း စွမ်းအားများ ကုန်ဆုံးနေခဲ့၏။ မီးတောက်များ ပျောက်ကွယ်သွားပြီးနောက် မီးအိမ်လေးက မူလပုံသဏ္ဌာန် ပြန်ဖြစ်သွားသည်။ သို့သော် နွေးထွေးသော ခံစားမှုကတော့ ဆက်လက်ရှိနေသေး၏။ ခဏကြာသွားသည်ကိုပင် မကောင်းသော အငွေ့အသက်များက သူတို့ဆီကို ရောက်မလာခဲ့ကြပေ။

"ဒါက … "

မုန့်ချီက မြေပြင်ပေါ်မှနေ၍ ပစ္စည်းတစ်ခုကို ကောက်ယူလိုက်သည်။

ထိုအရာက စိမ်းပြာရောင် ကျောက်စိမ်းပြားလေးတစ်ခု ဖြစ်၏။ ကျောက်စိမ်းပြားလေးဆီမှ နွေးထွေးပြီး စိုစွတ်သည့် ခံစားမှုတစ်ခု ရနေပြီး ထိုအရာက မကောင်းသောစွမ်းအင်များ၏ တိုက်စားမှုကို ခံစားခဲ့ရပုံ ပေါ်သည်။ ထိုကျောက်စိမ်းပြားလေးကို မိုးကြိုးအမှတ်အသား အနည်းငယ်နှင့် ထွင်းထုထားပုံရပြီး ရှေ့နှင့်နောက်တွင် စာသားတချို့ ရေးသားထားသည်။

"နတ်ဘုရားစုစည်းခြင်း တောင်တန်း - ဟွမ်ဖူတောင်…"

မုန့်ချီက တိုးတိုးလေး ဖတ်ကြည့်လိုက်သည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားများကလည်း အနည်းငယ် ပြန်ပြည့်လာနေခဲ့၏။

ရွမ်ယုရှုက သူမ၏စောင်းကို တင်းတင်းကြပ်ကြပ်ပိုက်ထားသည်။ ဖြူဖပ်ဖြူရော် မျက်နှာလေးနှင့် ရှုပ်ထွေးနေသော ဆံပင်များကြောင့် သူမ၏ပုံစံက နူးညံ့သိမ်မွေ့ပြီး အေးစက်သော အလှတရားများကို ပြသနေသည်။ သူမက တစ္ဆေသရဲပုံပြင်များထဲမှ ထွက်လာသော ဇာတ်ကောင်တစ်ယောက်သဖွယ် ခံစားနေရ၏။

သူမ အသုံးပြုခဲ့သော ကောင်းကင်ဇာမဏီ ငိုကြွေးသံက စိတ်ဝိညာဉ်စွမ်းအားများ အတော်လေး ကုန်ဆုံးရသည်။ မုန့်ချီ ကြည့်နေကြောင်း သတိထားမိသည့်အခါ သူမက စကားမပြောနိုင်သည့်အတွက် ခေါင်းခါပြလိုက်သည်။ သူမက နတ်ဘုရားစုစည်းခြင်း တောင်တန်း သို့မဟုတ် ဟွမ်ဖူတောင် ဟူသော နာမည်ကို မသိကြောင်း ပြောလိုက်ခြင်း ဖြစ်သည်။

ချီကျန်းရန်က ခဏကြာ စဉ်းစားပြီး ပြောလိုက်၏။

"သူတို့က ဘယ်နေရာကနေများ ရောက်လာတာလဲ…"

"သူက ရွာ(၉)ရွာ ကမ္ဘာကြီးထဲက အစွမ်းထက် သိုင်းသခင်တစ်ယောက် ဖြစ်နိုင်တယ်။ သူက နင့်ကို ကျောက်စိမ်းပြားလေး ပေးလိုက်တယ်ဆိုတော့ သူ့ရဲ့မိသားစုကို သတင်းပို့စေချင်တာ ဖြစ်နိုင်တယ်။ ဒါဆိုရင် သူတို့က သူ့ကို လွတ်မြောက်စေနိုင်တဲ့ အရာတစ်ခု ရှာဖွေလို့ ရတယ်…"

ကျန်းကျိဝေက စဉ်းစားနေရင်း ပြောလိုက်သည်။

"သူက မိုးကြိုးနတ်ဘုရားရဲ့ စိတ်ဝိညာဉ်လွှဲပြောင်းမှုတချို့ကို ရခဲ့တယ်။ ဒါကြောင့် သူချန်ထားခဲ့တဲ့အရာတွေကလည်း အဲဒါနဲ့ တနည်းနည်းတော့ ပတ်သက်နေလိမ့်မယ်။ ဒါက တာဝန်တစ်ခုဆိုတာအပြင် အခွင့်အရေးတစ်ခုလို့လည်း သတ်မှတ်လို့ရတယ်..”

“ဒါက အဓိပ္ပါယ်ရှိတယ်။ တကယ်လို့ ငါသာ အခွင့်အရေးရမယ်ဆိုရင် နတ်ဘုရားစုစည်းခြင်း တောင်တန်းကိုသွားပြီး ကျောက်စိမ်းပြားလေး ပို့ပေးမယ်.."

မုန့်ချီက သူတို့၏ တိုက်ပွဲကို ပြန်လည်စဉ်းစားနေခဲ့သည်။ လှံကိုင်ထားသော ဟွမ်ဖူတောင်က ယခုအချိန်ထိ ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉)သွယ်ကို ရရှိခဲ့ခြင်း မရှိသေးသော်လည်း သူ့ဆီတွင် ဓမ္မကာရအဆင့် နတ်ဘုရားစွမ်းရည်မှ ဆင်းသက်လာသော ဝေ့ကျင်းအဆင့် စွမ်းရည်များ ရှိနေသေးကြောင်း မုန့်ချီက ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။

သူက ကျောက်စိမ်းပြားလေးကို သိမ်းထားလိုက်ပြီး အခေါင်းရှိနေသည့် အခန်းတံခါးကို လှမ်းကြည့်လိုက်သည်။

"အခုငါတို့က ဝင်သွားသင့်လား။ မကောင်းဆိုးဝါးတစ္ဆေက အဲဒီမှာ ရှိနေတယ်.."

သူတို့ (၄)ယောက်လုံး၏စွမ်းအင်များက တစ်ပိုင်းတစ်စ ပြန်လည်ကောင်းမွန်နေဆဲသာ ဖြစ်သည်။ လက်ရှိအချိန်တွင် သူတို့၏ စွမ်းအား (၃၀)ရာခိုင်နှုန်းပင် မကောင်းသေးပေ။ အကယ်၍ သူတို့ကသာ ယခုလိုအချိန်မျိုးတွင် မကောင်းဆိုးဝါး တစ္ဆေနှင့် ရင်ဆိုင်လိုက်ရမည်ဆိုလျှင် ဆိုးဆိုးရွားရွား အဆုံးသတ်သွားနိုင်၏။

ထို့ကြောင့် မုန့်ချီက သူတို့ပြန်ကောင်းလာသည့်အချိန်ထိအောင် စောင့်နေခြင်း ရှိမရှိ သူတို့၏သဘောထားကို မေးမြန်းလိုက်ခြင်းဖြစ်သည်။ အနည်းဆုံးတော့ သူတို့က အချိန်ကို ကောင်းကောင်း အသုံးချလိုက်မည်ဆိုလျှင်လည်း အခွင့်အရေးတချို့ကို လွဲချော်သွားနိုင်သည်။

"အခုအချိန်မှာ မကောင်းဆိုးဝါးတစ္ဆေကလည်း ဗုဒ္ဓမီးအိမ်လေးရဲ့ အလင်းရောင်ကြောင့် ထိခိုက်ပြီး အခေါင်းခန်းမထဲကို နောက်ပြန်ဆုတ်သွားပြီ။ ငါတို့က ကျန်းဝူအင်ပါယာ ချန်ထားခဲ့တဲ့ သဲလွန်စတွေကို မြန်မြန်ရှာဖွေဖို့ လိုတယ်။ ပြီးရင် တစ္ဆေသရဲတွေနဲ့ ဝေ့ကျင်းအဆင့် ဖုတ်ကောင်တွေ ပြန်ကောင်းမလာခင် အုတ်ဂူထဲကနေ ထွက်သွားရမယ်…"

ကျန်းကျိဝေက ဆုံးဖြတ်ချက်ချရာတွင် အလွန်ပြတ်သားသည်။

ချီကျန်းရန်ကလည်း သဘောတူလိုက်၏။ သူက ထပ်ဖြည့်ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် သူက ဖိနှိပ်ခံထားရတဲ့အတွက် သူ့သဘောနဲ့သူ မလှုပ်ရှားနိုင်ဘူး။ ဒီတော့ ဒီနေရာမှာ နေတာနဲ့ အခေါင်းခန်းမထဲကို ဝင်တာက ကွဲပြားနေမှာ မဟုတ်ဘူး."

"ဒါဆိုလည်း တာဝန်မြန်မြန်ပြီးအောင် လုပ်လိုက်ကြစို့… "

ရွမ်ယုရှု၏ အေးတိအေးစက် မျက်နှာလေးပေါ်တွင် ပြတ်သားမှုများ ပေါ်လာသည်။ လူသေတစ်ယောက်အဖြစ် ပြောင်းလဲသွားနိုင်ပြီး အုတ်ဂူထဲတွင် ထာဝရ နေထိုင်သွားနိုင်သော အကြောင်းအရာမျိုးစုံနှင့် ကြုံခဲ့ရပြီးနောက် သူမ၏ စားချင်စိတ်ကပင် ပျောက်ကွယ်သွားခဲ့ရသည်။

"အန္တရာယ်ရှိလာပြီဆိုရင် ငါတို့က လမ်းတစ်ဝက်ကနေ ထွက်သွားလို့ရတာပဲ.."

"ကောင်းပြီလေ…"

မုန့်ချီက ပင်မအခေါင်းခန်းမ၏ တံခါးဆီကို လျှောက်သွားသည်။ သူနှင့်အတူ အပြာရောင်မီးအိမ်လေးနှင့် ကောင်းကင်ပြစ်ဒဏ်ဓားတို့လည်း ပါလာခဲ့၏။

သူက အနက်ရောင်ကျောက်တံခါးကြီးကို စိုက်ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ သူ၏မျက်လုံးထဲတွင်လည်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာပြီး ရှေးဟောင်းအချိန်ကို ပြန်ရောက်သွားသလို ခံစားနေရ၏။ ရှေးအချိန်ကို အုပ်စိုးခဲ့သော ရှေးဟောင်း ပညာရှင်တစ်ယောက်က ဒဏ္ဍာရီထဲတွင် အမွေအနှစ်တစ်ခု ချန်ထားခဲ့နိုင်သည်။

ကောင်းကင်(၉)သွယ်နှင့် ကမ္ဘာ(၁၀)ခုကို ပျံ့နှံ့နိုင်သော ဂုဏ်သတင်းမျိုး ရှိနေသည့် ဒဏ္ဍာရီပညာရှင်၏ အမွေအနှစ်တစ်ခုက သူတို့၏ မျက်စိရှေ့တွင် ပေါ်လာပါတော့မည်။ ထိုခေတ်တွင် သူတို့၏သက်တမ်းက နှစ်ပေါင်း တစ်သိန်းခန့် ရှိနိုင်သည်။ အချိန်ကာလက အလွန်အမင်းကို ရှည်ကြာလှ၏။ ထိုအချိန်တွင် ကျန်းဝူအင်ပါယာက အထွဋ်အထိပ်၌ ရှိနေခဲ့သည်။

ညာလက်နှင့် တွန်းဖွင့်လိုက်သည့်အချိန်တွင် ကျောက်တံခါးကြီးက ဖြည်းညင်းစွာ ပွင့်သွားခဲ့၏။ ကျောက်သားကြိတ်သည့် အသံတစ်ခုလည်း ထွက်ပေါ်လာပြီး အခေါင်းခန်းမ၏ အတွင်းပိုင်းက နည်းနည်းချင်းဆီ ပေါ်လာခဲ့သည်။

အခန်း၏ ထောင့်အားလုံးတွင် ကြေးနီရောင် နဂါးကြီး (၉)ကောင် ရှိနေပြီး သူတို့က အနက်ရောင်အခေါင်းတစ်ခုကို လွှမ်းခြုံထားခဲ့သည်။ ကြေးနီနဂါးတိုင်းက အသက်ဝင်နေသလို ထင်မှတ်ရသည်။ သူတို့က လေထဲတွင် အစစ်အမှန် နဂါးများ ပျံသန်းနေသကဲ့သို့ ဖြစ်နေ၏။

သူတို့ဆီတွင် အစစ်အမှန် နဂါးများ၏ ပုံပန်းသဏ္ဍာန်များအားလုံး ပါဝင်နေပြီး အလွန်လျှို့ဝှက်ဆန်းကြယ်သော သွေးကြောများပင် ပါဝင်နေခဲ့သည်။

"ကြေးနီကို အနှစ်သာရအဖြစ် ပြောင်းလဲလိုက်ပြီး နဂါးတစ်ကောင် အဖြစ် ဖန်တီးထားတယ်…"

ချီကျန်းရန်က မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။ ထို့နောက် သူက ချက်ချင်း ရပ်တန့်လိုက်၏။

အဘယ်ကြောင့်ဆိုသော် အခေါင်းရှေ့တွင် လူတစ်ယောက် ရပ်နေသည်ကို သတိထားမိခြင်းကြောင့် ဖြစ်သည်။ သူက ခန္ဓာကိုယ် ထွားထွားကျိုင်းကျိုင်း ရှိနေပြီး သူ့ခန္ဓာကိုယ်က အရာအားလုံးထက် ပို၍ကြီးမားသလို ထင်မှတ်ရ၏။ သူ၏ ကြွက်သားများကလည်း တောင့်တင်းသန်မာပြီး ချပ်ဝတ်အင်္ကျီထဲမှ ထွက်ပေါ်လာနေသည်။

ခေါင်းပေါ်တွင် ရှုပ်ထွေးနေသည့် ဆံပင်များကလည်း လေထဲတွင် လှုပ်ရှားနေပြီး လျှပ်စီးကြောင်းများ ထွက်ပေါ်လာနေ၏။ သူ၏ချပ်ဝတ်အင်္ကျီပေါ်တွင် လေးလံသည်ဟု ခံစားရသော အနက်ရောင်ကြေးခွံများ ရှိနေသည်။ ကြေးခွံတစ်ခုချင်းဆီတိုင်းက တောင်တစ်တောင်ကဲ့သို့ ထင်မှတ်ရ၏။

"ဒါကို တော်တော်လေး ရင်းနှီးနေတယ်။ ဒါက မိုးကြိုးနတ်ဘုရားပဲ…"

မုန့်ချီက ခက်ခက်ခဲခဲ ရေရွတ်လိုက်၏။

ကျန်းဝူအင်ပါယာ၏ အုတ်ဂူထဲတွင် မိုးကြိုးနတ်ဘုရားပေါ်လာလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။ အဖြစ်အပျက်များ ပြောင်းလဲမှုက သူတို့ ထင်ထားသည်ထက်ပင် ကျော်လွန်နေခဲ့၏။ ထိုအချိန်တွင် မည်သူကမျှ လှုပ်ရှားနိုင်ခြင်း မရှိကြပေ။

ခဏကြာပြီးနောက် ကျန်းကျိဝေလည်း မိန်းမောနေရာမှ သတိပြန်ဝင်လာခဲ့သည်။ သူမက အသံတိုးတိုးနှင့် ပြောလိုက်၏။

"ဒါက သူ့ရဲ့အငွေ့အသက်တွေကနေ ဖြစ်ပေါ်နေတဲ့ လက်ကျန်အရိပ်တစ်ခုပဲ။ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်နိုင်သလို အစီအစဉ်တွေကို ဖိနှိပ်နိုင်တဲ့ အုတ်ဂူရဲ့ စွမ်းရည်ကြောင့် သူ့ရဲ့အရိပ်က ဒီနေ့ထိ ရှိနေသေးတာလား…"

သူမ၏သတိပေးမှုကြောင့် ထိုအရာက မိုးကြိုးနတ်ဘုရား၏အရိပ်တစ်ခုဖြစ်ကြောင်း မုန့်ချီက နားလည်သွားခဲ့သည်။ ထိုအရာက အစစ်အမှန်ကဲ့သို့ ခံစားမိခြင်းမရှိပေ။

"ငရဲကြီး (၉)ထပ်ကို ဖိနှိပ်ပြီး မကောင်းဆိုးဝါးတွေကို ဖျက်ဆီးခဲ့တဲ့အချိန်မှာ မိုးကြိုးနတ်ဘုရားက ကျန်းဝူအင်ပါယာရဲ့ မဟာမိတ်ဖြစ်ခဲ့တယ်။ သူပျောက်ကွယ်သွားတဲ့အတွက် မိုးကြိုးနတ်ဘုရားက သူ့ကို လိုက်ရှာရင်း ဒီနေရာကို တွေ့သွားတာ ဖြစ်နိုင်တယ်…"

မုန့်ချီက ခန့်မှန်းကြည့်လိုက်သည်။

ချီကျန်းရန်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။

"ဒီလိုထိပ်သီးပညာရှင်တစ်ယောက်က သူ့ရဲ့အရိပ်တစ်ခုကို မလိုအပ်ဘဲ ချန်ထားခဲ့မှာ မဟုတ်ဘူး။ အရိပ်က ဒီနေ့အထိ ရှိနေမှတော့ မိုးကြိုးနတ်ဘုရားက ဒီနေရာကို တွေ့တဲ့ လူတွေကို ဘာများ ပြောချင်နေတာလဲ… "

"သူက အရမ်းကို စိတ်လှုပ်ရှားသွားတဲ့အတွက် သူ့ရဲ့အငွေ့အသက်ကို မထိန်းချုပ်နိုင်တာလည်း ဖြစ်နိုင်တယ်လေ.."

ရွမ်ယုရှုက သူမ၏အတွေးနှင့် ပြောလိုက်၏။

အကယ်၍ တစ်စုံတစ်ယောက်ကသာ သူမ၏စားစရာကို လုယူရဲမယ်ဆိုရင် သူမက အလွန်စိတ်လှုပ်ရှားသွားပြီး သေချာပေါက် အငွေ့အသက်များ ကျန်နေနိုင်သည်။

“မိုးကြိုးနတ်ဘုရားကလည်း အလားတူ စိတ်လှုပ်ရှားသွားတဲ့အတွက် သူ့ရဲ့အငွေ့အသက်က ဒီလိုမျိုးကျန်နေခဲ့တာ များလား..”

မုန့်ချီက မိုးကြိုးနတ်ဘုရား ချန်ထားခဲ့သော အချက်အလက် ရှိမရှိ စစ်ဆေးရန် လျှောက်သွားခဲ့သည်။

ကျန်းကျိဝေက သူ၏ နောက်ဘက်ကို ကာကွယ်ပေးထားပြီး ရွမ်ယုရှုနှင့် ချီကျန်းရန်တို့က သူမ၏နောက်မှ လိုက်လာခဲ့သည်။

မုန့်ချီက မိုးကြိုးနတ်ဘုရား၏ အနားသို့ ရောက်မသွားသေးခင် မိုးကြိုးနတ်ဘုရား၏ အငွေ့အသက်များက လှုပ်ရှားလာသည်။ မိုးကြိုးနတ်ဘုရား၏ အရိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။ မျက်နှာချင်းဆိုင်တွင် ရှိနေသော နံရံပေါ်၌ မိုးကြိုးအမှတ်အသားများသာ ကျန်နေတော့သည်။

မိုးကြိုးအမှတ်အသားများက သူတို့အတွက် အသက်ရှိနေသလို ခံစားရခြင်း မရှိဘဲ အစွမ်းထက်သော မိုးကြိုးများဟုသာ ခံစားရသည်။ သူတို့က အလွန်နက်ရှိုင်းလွန်းလှပြီး အဆုံးမဲ့သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ နက်ရှိုင်းလွန်းလှ၏။ ထိုအရာက အမှောင်ကမ္ဘာကြီးသို့ ဦး‌တည်နေသော လမ်းကြောင်းတစ်ခုကဲ့သို့ ခံစားနေရသည်။

"ဒါက မိုးကြိုးနတ်ဘုရားရဲ့ ကျန်ရှိနေတဲ့ အငွေ့အသက်ကြောင့် ဖြစ်လာတာပဲ။ ဒီအထဲမှာ စိတ်ဝိညာဉ်လွှဲပြောင်းမှု နည်းနည်းလေးတောင် မရှိတော့ဘူး…”

မိုးကြိုးနတ်ဘုရား၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရရှိဖူးသူတစ်ယောက်ဖြစ်သည့်အတွက် မုန့်ချီက ကြည့်လိုက်ရုံနှင့် စစ်ဆေးကြည့်နိုင်သည်။

ကျန်းကျိဝေက သေချာစဉ်းစားနေပြီး ပြောလိုက်၏။

"ဟွမ်ဖူတောင်က ဒီနေရာမှာ မိုးကြိုးနတ်ဘုရားနဲ့ပတ်သက်ပြီး တစ်ခုခု နားလည်သွားခဲ့တာ ဖြစ်မယ်… "

"ဒီမိုးကြိုးအမှတ်အသားတွေက ဘယ်နေရာကို ဦး‌တည်နေတာလဲ မသိဘူး…"

ချီကျန်းရန်က တစ်ယောက်တည်း တီးတိုးရေရွတ်နေပြီး အဆုံးမဲ့မိုးကြိုး အမှတ်အသားများကို ငေးကြည့်နေမိသည်။

ထိုအမှတ်အသားများ၏ နောက်ကွယ်တွင် ရှိနေသည်မှာ နံရံတစ်ခု မဟုတ်သလို အခေါင်းခန်းမကြီးလည်း မဟုတ်ချေ။ ထိုအရာက အလွန်နက်ရှိုင်းသော အမှောင်ထုကြီးသာ ဖြစ်သည်။

"ဒီကြေးနီနဂါးတွေကလည်း အသက်ကင်းမဲ့သွားပြီ။ သူတို့က နောက်တစ်ကြိမ် ငြိမ်းသက်သွားပြီ…"

ကြေးနီနဂါး (၉)ကောင်ကို စိုက်ကြည့်နေရင်း ရွမ်ယုရှု၏ မျက်လုံးများက တောက်ပလာသလို ထင်မှတ်ရသည်။

သူမ၏ အိမ်တွင်ပင် ထိုမျှကြီးမားသော ကြေးနီများ မရှိချေ။ ထို့ပြင် အသက်ဝင်လာနိုင်ပြီး အနှစ်သာရများအဖြစ် ပြောင်းလဲနိုင်သော ကြေးနီများကတော့ ပို၍ပင် ရှားပါးသေး၏။ အကယ်၍ သူတို့ကသာ ကံကြမ္မာအမှတ်များ လဲလှယ်နိုင်မည်ဆိုလျှင် မည်မျှကောင်းမည်နည်း။

သို့သော် မုန့်ချီတို့ကတော့ ထိုကြေးနီနဂါးအနှစ်သာရများကို မထိရဲကြပေ။ ထိုအရာက ဤနေရာကို ဖျက်ဆီးပစ်နိုင်ပြီး မကောင်းဆိုးဝါးတစ္ဆေကို လွှတ်လိုက်မိမှာ စိုးရိမ်နေခဲ့၏။ အကယ်၍ သူတို့က ထိုအရာများကို ယူဆောင်ချင်သည်ဆိုလျှင်ပင် လေဟာနယ် လက်စွပ်ထဲ၌ သိမ်းဆည်းထားရန် အလွန်ကြီးမားလှသည်။ သူတို့နှင့်အတူ ယူဆောင်သွားရန် လုံးဝ မဖြစ်နိုင်ပေ။

သူတို့၏ ပတ်ပတ်လည်တွင် နံရံကြီးများ ရှိနေပြီး မိုးကြိုးအမှတ်အသားကြောင့် ပျက်စီးသွားသော အရာတစ်ခုကလွဲလျှင် နံရံတစ်ခုချင်းဆီပေါ်၌ ရုပ်ပုံပန်းချီကားများ ရေးဆွဲထားသည်။

တာအိုသခင်ကဲ့သို့ ဝတ်ဆင်ထားသော အဘိုးကြီးတချို့က အလွန်မြင့်မားသော တိမ်တိုက်များပေါ်တွင် လဲလျောင်းနေပြီး သူတို့၏ဓားကို ကောင်းကင်နှင့် မြေကြီးကြားထဲတွင် ဖြန့်ကျက်ထားသည်။

တချို့ကတော့ မြွေများ ၊ လိပ်များကို စီးဆင်းပြီး တော်ဝင်ဝတ်စုံများ ဝတ်ဆင်ထားသော အင်ပါယာများ ဖြစ်ကြသည်။ နှစ်ယောက်ကတော့ လေဟာနယ်ထဲတွင် တိုက်ခိုက်နေပြီး သူတို့၏ ပတ်ပတ်လည်တွင် ကြယ်ပေါင်းများစွာ ကြွေကျနေခဲ့သည်။

သူတို့က စိတ်ကူးယဉ် ပန်းချီကားများကဲ့သို့ ထင်မှတ်ရသော်လည်း ကျန်းဝူအင်ပါယာ၏ ဘဝ အဖြစ်အပျက်များ ဖြစ်နိုင်ချေရှိသည်။ လက်ရှိအချိန်တွင်တော့ သူတို့ (၄)ယောက်က ထိုပန်းချီကားများကို ဂရုစိုက်နေရန် အချိန်မရှိပေ။

သူတို့က အလျင်လိုနေသည့်အတွက် နဂါးများ၏ အောက်ခြေတွင် ရှိနေသော အနက်ရောင် အခေါင်းကြီးကိုသာ အာရုံစိုက်နေကြ၏။ ထိုအရာက သာမန်သာဖြစ်ပြီး သေဆုံးခြင်းအငွေ့အသက်များ သယ်ဆောင်ထားသည်။ သို့သော် ထူးခြားမှုများ ၊ ထူးခြားသောသတ္တဝါများ ပြည့်နှက်နေသော ကျန်းဝူအင်ပါယာ၏ အုတ်ဂူထဲတွင်တော့ ထိုအရာက သာမန်ထက်ပိုသည်။

"ဒီအပေါ်မှာ စကားလုံးတွေရှိတယ်…"

မုန့်ချီဆီတွင် အလွန်ထူးခြားသော အမြင်အာရုံ ရှိနေသည့်အတွက် အခေါင်း၏ အဖုံးပေါ်တွင် ရှိနေသော မျဉ်းကြောင်းနှစ်ခုကို ဖတ်လိုက်ရသည်။

ကျန်းကျိဝေက အကောင်းဆုံး ကြိုးစား၍ ဘာသာပြန်ကြည့်လိုက်၏။

"မကောင်းတဲ့ ရည်ရွယ်ချက်တွေကို ဖျက်ဆီးပြီး သူတို့တွေကို ဓားစာခံအဖြစ် အသုံးပြုနိုင်တယ်.. "

သူမက ထိုအရာကို ဖတ်ကြည့်နေရင်း သူမ၏ လေသံက တဖြည်းဖြည်း ပျော့ပျောင်းလာခဲ့၏။ သူမက မကောင်းဆိုးဝါးတစ္ဆေကို ခြောက်လှန့်မိမှာ ကြောက်ရွံ့နေခဲ့သည်။

"လူတိုင်းရဲ့အသက်ကို ဒီနေရာမှာ မြှုပ်နှံပစ်ရမယ်။ မကောင်းဆိုးဝါး ရည်ရွယ်ချက်ကို ဓားစာခံအဖြစ် အသုံးချပြီး တခြားလူတွေရဲ့အသက်ကို သုံးမယ် … "

ထိုစကားလုံးများကြောင့် မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့ပြီး တစ်ယောက်တည်း အကြိမ်ကြိမ် ရေရွတ်နေခဲ့သည်။

"မကောင်းဆိုးဝါးတစ္ဆေက တကယ်ပဲ ကျန်းဝူအင်ပါယာရဲ့ မကောင်းတဲ့ စိတ်ဆန္ဒတွေလား။ ဒါဆိုရင် ဘာလို့ အခုအချိန်ထိ သေမသွားရသေးတာလဲ…"

ကျန်းကျိဝေက အလွန်ရှုပ်ထွေးနေပြီး မျက်မှောင်ကြုတ်နေခဲ့သည်။

ကျန်းဝူအင်ပါယာကပင် သေဆုံးခြင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ဓားစာခံအဖြစ် အသုံးချခဲ့သော သူ၏မကောင်းသောဆန္ဒများက ဘာကြောင့် ယခုအချိန်ထိ အသက်ရှင်နေသေးသနည်း။ သူတို့အားလုံးက အချင်းချင်း စိုက်ကြည့်နေမိကြသည်။ မည်သူကမျှ နောက်ကွယ်တွင် ရှိနေသော လျှို့ဝှက်ချက်များကို နားမလည်နိုင်ကြပေ။ ထို့ကြောင့် သူတို့က အခေါင်းထဲကို ကြည့်ရန် ဆုံးဖြတ်လိုက်ကြ၏။

"ဒီနေရာထဲမှာ ကျန်းဝူအင်ပါယာ ရှိနေမှာလား… "

သူတို့က ချီကျန်းရန်၏မျက်နှာပေါ်တွင် ရှားရှားပါးပါးခံစားချက်တစ်ခုကို မြင်လိုက်ရသည်။ သူက အလွန် စိတ်လှုပ်ရှားနေခဲ့၏။

မုန့်ချီက အာရုံစိုက်လိုက်သည်။

"ဖြစ်နိုင်ပါတယ်။ ငါတို့က သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ သဲလွန်စတွေ ရှာရမှာ ထင်တယ်..”

“ကျန်းဝူအင်ပါယာက သံသရာထဲမှာ လည်နေတာများ ဖြစ်နိုင်မလား။ ဒါဆိုရင် သူသေသွားပြီလို့ ပြောပြနေတာပဲလေ။ ငါတို့က သူ့ရဲ့ခန္ဓာကိုယ်ကို တွေ့သွားပြီဆိုရင် ငါတို့ရဲ့တာဝန်ကလည်း ပြီးဆုံးသွားသင့်ပြီ။ သေဆုံးသွားတဲ့ ကျန်းဝူအင်ပါယာရဲ့ လျှို့ဝှက်ချက် အဖြေကလည်း သူက သံသရာထဲကို ပြန်ရောက်သွားပြီလို့ ဆိုလိုနေတာပဲ…"

ကျန်းကျိဝေက သံသယဝင်နေခဲ့သည်။ အနတ္တကို နမူနာယူလိုက်မည်ဆိုလျှင် ထိုကဲ့သို့ အတွေးတစ်ခု ပေါ်လာရန် အခက်အခဲ မရှိပေ။ သူမက ခဏရပ်လိုက်ပြီးနောက် မုန့်ချီနှင့် တပြိုင်နက်တည်း ရေရွတ်လိုက်ကြသည်။

"ငါတို့က ဒါကို ဖွင့်ကြည့်လိုက်ကြမလား … "

ရွမ်ယုရှုက သဘောတူခြင်း မရှိသလို ကန့်ကွက်ခြင်းလည်း မရှိပေ။ သူမက စောင်းကိုသာ စိုက်ကြည့်နေခဲ့၏။

ချီကျန်းရန်က အပေါ်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ ထိုအရာက သူတို့ လုပ်ဆောင်ရမည့်အရာတစ်ခု ဖြစ်သည်။ သူတို့က လမ်းတစ်ဝက်တွင် ထွက်မသွားချင်မှတော့ ငြင်းဆန်၍ မရကြပေ။

မုန့်ချီက ကြေးနီနဂါးတစ်ကောင်ပေါ်သို့ လှမ်းခုန်လိုက်ပြီး အခေါင်းပေါ်သို့ တက်လိုက်သည်။ ကျန်းကျိဝေကလည်း အတူတူသာဖြစ်၏။

အခေါင်းက သာမန်သာ ထင်မှတ်ရသော်လည်း စိတ်ဝိညာဉ်နှင့် စစ်ဆေးခြင်းကို တားဆီးထားနိုင်သည်။ မုန့်ချီက အတွင်းထဲတွင် မည်သည့်အရာများ ဖြစ်နေကြောင်း စစ်ဆေး၍ မရနိုင်ခဲ့ပေ။

သူတို့နှစ်ယောက်က အချင်းချင်း ကြည့်လိုက်မိကြ၏။ ထို့နောက် ကျန်းကျိဝေက သူမ၏ ဓားကို မြှောက်ထားပြီး မုန့်ချီကတော့ ဘယ်လက်ထဲတွင် အပြာရောင်မီးအိမ်လေးကို ကိုင်ထားသည်။ သူကတော့ ဖုတ်ကောင်တစ်ကောင်အဖြစ် ပြောင်းလဲသွားမှာကို ကြောက်လန့်နေခဲ့၏။

သူက ကောင်းကင်ပြစ်ဒဏ်ဓားနှင့် အခေါင်းကြားထဲကို ထိုးပြီး လှန်ချလိုက်သည်။ သို့သော် အဖုံးကတော့ ပွင့်သွားခဲ့ခြင်း မရှိပေ။ ထိုအရာက ထူးထူခြားခြားကို လေးလံလွန်းလှ၏။

မုန့်ချီက ပင့်သက်ရှိုက်လိုက်မိသည်။ သူက ချီစွမ်းအင်များကို အမြင့်ဆုံး သုံးလိုက်ပြီး အစွမ်းကုန် တွန်းချလိုက်၏။ ထိုအချိန်တွင် အဖုံးနှင့် ကိုယ်ထည် ပွတ်တိုက်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ နောက်ဆုံးတွင်တော့ အဖုံးက စတင်ရွေ့လျားလာခဲ့သည်။

မုန့်ချီက အားကုန်သုံးထားရသည့်အတွက် သူ၏ မျက်နှာက နီရဲနေသည်။ ကောင်းကင်ပြစ်ဒဏ်ဓားကလည်း ကွေးလာပြီး နှစ်ပိုင်းပြတ်သွားတော့မလို ဖြစ်လာခဲ့၏။ အဖုံးက တစ်စိတ်တစ်ပိုင်းသာ ပွင့်လာသော်လည်း သူတို့နှစ်ယောက်က အခေါင်း၏ အတွင်းထဲကို မြင်လိုက်ရသည်။

အခေါင်း၏ အောက်ခြေတွင်တော့ အနီရောင်ဖြစ်နေပြီး မည်သည့်အရာမျှ မရှိချေ။ အလောင်းလည်း မရှိချေ။

"ဘယ်လို … "

သူတို့ နှစ်ယောက်လုံးက မှင်တက်သွားမိကြ၏။ ကျန်းဝူအင်ပါယာ၏ အလောင်းကို ဤနေရာ၌ မြှုပ်နှံထားခဲ့သည်ဟု သေချာပြောပြထားသည်။ သူတို့ကြုံလာခဲ့ရသော အဖြစ်အပျက်များ အားလုံးက သူတို့မြင်ခဲ့ရသည့်အရာနှင့် ယှဉ်လိုက်မည်ဆိုလျှင် အလွန်အံ့ဩစရာကောင်းနေသည်။

"အလောင်းက ဘယ်ရောက်သွားတာလဲ ..”

ထိုအရာက မကောင်းဆိုးဝါး တစ္ဆေနှင့်ပေါင်းစပ်သွားခြင်းပေလော။

“တစ်ခုခုတော့ လွဲနေပြီ…"

ချီကျန်းရန်နှင့် ရွမ်ယုရှုတို့ကလည်း ရောက်လာပြီး ကြည့်လိုက်ကြသည်။ သူတို့ကလည်း မျက်နှာပျက်သွားကြ၏။

ကျန်းကျိဝေက ချက်ချင်း သတိပြန်ဝင်လာခဲ့သည်။

"သေချာပေါက် တစ်ခုခုတော့ လွဲနေပြီ။ တကယ်လို့ ဒီနေရာမှာ ခန္ဓာကိုယ်တစ်ခု ရှိမယ်ဆိုရင် သူသေသွားပြီးတဲ့နောက် သူ့ရဲ့အငွေ့အသက်တွေ စိမ့်ထွက်လာနိုင်တယ်။ အခေါင်းထဲမှာ ရှိနေမယ်ဆိုရင်တောင် အငွေ့အသက်တွေကို ဖယ်ရှားဖို့ ခက်ခဲတယ်။ ဒါပေမဲ့ ဒီနေရာမှာ ဘာမှမရှိဘူး။ ပြောရမယ်ဆိုရင် ကျန်းဝူအင်ပါယာက သူ့ရဲ့အခေါင်းကို တည်ဆောက်ပြီး ဒီနေရာမှာ သေဖို့ ပြင်ဆင်ထားတာပဲ။ ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို လာပြီးမြှုပ်နှံလိုက်တဲ့ အချိန်မှာ သူက ရုတ်တရက် ပျောက်ကွယ်သွားတယ်။ သူက အခေါင်းထဲကိုတောင် ဝင်မလာခဲ့ဘူး။ ဒါကြောင့် သူ့ရဲ့ကိုယ်စား ဓားစာခံလုပ်ပေးမဲ့ သူ့ရဲ့မကောင်းဆိုးဝါး ရည်ရွယ်ချက်ကလည်း သေမသွားခဲ့တာလား…"

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ဆက်ပြောလိုက်၏။

“ဒါကြောင့်လည်း မိုးကြိုးနတ်ဘုရားက အရမ်းစိတ်လှုပ်ရှားသွားပြီး သူ့ရဲ့အငွေ့အသက်တွေ ကျန်ခဲ့တာပဲ…"

ထို့ကြောင့်လည်း ကျန်းဝူအင်ပါယာ အုတ်ဂူဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ မုန့်ချီက အခေါင်း၏ အောက်ခြေတွင် ရှိနေသော အမှတ်အသားလေးတစ်ခုကို သတိထားမိသွားသည်။ သူက လေးလေးနက်နက် ပြောလိုက်၏။

"ကျန်းဝူအင်ပါယာက ဒီနေရာမှာ တစ်ခုခုထားခဲ့ဖူးတယ်။ သူ ထွက်သွားတဲ့အချိန်မှာ အဲဒီအရာကို ယူသွားတာလား ဒါမှမဟုတ် တစ်ယောက်ယောက်က ယူသွားတာလား ဆိုတာတော့ ငါလည်း မသိဘူး…"

သူက ထိုစကား ပြောလိုက်သည့်အချိန်တွင် လေလှှိုင်းတစ်ခု တိုက်ခတ်လာသည်။ အခေါင်းခန်းမတံခါးကြီးကလည်း ကျယ်လောင်သော အသံနှင့်အတူ ပိတ်သွားခဲ့၏။

တစ်ချိန်တည်းတွင် သူတို့၏နားထဲ၌ သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရသည်။

"ကျန်းဝူသေဆုံးမှု လျှို့ဝှက်ချက် အဆင့် (၂) - လိပ်နက်ကျောက်စိမ်းပြားလေးကို ရှာဖွေပါ…"

Translated by Hein Htet

All Chapters