← Chapters

အခန်း (၂၉၄)

Vol. 20 Ch. 294

အခန်း (၂၉၄)

Vol. 20 Ch. 294

အခေါင်းခန်းမတံခါးက တင်းတင်းကျပ်ကျပ် ပိတ်ထားခဲ့သည်။ ဆိုးရွားသော လေလှိုင်းများကလည်း သူတို့၏ ရင်ထဲသို့ စိမ့်ဝင်လာသလို ခံစားလာရသည့်အတွက် သေချင်စိတ်ပင် ပေါက်လာကြ၏။

တောင်များထက်ပင် ပို၍လေးလံသော အလေးချိန်ရှိနေသည့် စွမ်းအားတစ်ခုက တိုက်ခိုက်လိုက်သလို ခံစားလိုက်ရသည့်အတွက် အခန်းထဲတွင် မီးတောက်များ ထွက်ပေါ်လာသလို ထင်မှတ်ရသည်။

"အခေါင်းတံခါး ပွင့်သွားတာက မကောင်းဆိုးဝါးတစ္ဆေကို ဖိနှိပ်လို့ မရနိုင်အောင် ဖြစ်သွားခဲ့တာလား ဒါမှမဟုတ် အခန်းတစ်ခုလုံးရဲ့ယန္တရားတွေကို အသက်သွင်းလိုက်သလို ဖြစ်သွားခဲ့တာလား... "

သူတို့၏စိတ်ထဲတွင် ထိုအတွေးတစ်ခု ပေါ်လာခဲ့သည်။ သူတို့က ကမ္ဘာကြီးနှင့် အဆက်အသွယ် ပြတ်သွားသလို ခံစားလိုက်ရ၏။ သူတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး တစ်ချိန်တည်းလိုလိုပင် စောစောပြန်ရန် ရွေးချယ်လိုက်ကြ၏။

မည်သို့ဖြစ်စေကာမူ သူတို့က ကျန်းဝူအင်ပါယာအုတ်ဂူ၏ ပထမဆုံးတာဝန် ပြီးဆုံးသွားခဲ့ပါပြီ။ အကယ်၍ သူတို့က ထွက်သွားရန် နည်းလမ်းတစ်ခု ရှာဖွေပြီး မကောင်းဆိုးဝါးတစ္ဆေနှင့် ရင်ဆိုင်လိုက်ရမည်ဆိုလျှင် အလွန်အမင်း အန္တရာယ်များသွားနိုင်သည်။

အကယ်၍ ဤနေရာ၌ ပိတ်ဆို့ခံထားရမည်ဆိုလျှင်လည်း ထွက်ပြေးရန်နေရာ မရှိနိုင်ပေ။ သူတို့က အုတ်ဂူထဲတွင် တစ်လတိတိ နေထိုင်ရင်း အချိန်ကုန်ရမည် ဖြစ်သည်။ ထိုအချိန်မျိုးတွင်တော့ သူတို့မသေလျှင်ပင် သေလုမျောပါး အခြေအနေကို ရောက်သွားနိုင်၏။ ထိုနေရာက လေ့ကျင့်ရန် လုံးဝအဆင်မပြေသော နေရာတစ်ခု ဖြစ်သည်။

အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး မုန့်ချီနှင့် ကျန်းကျိဝေတို့အားလုံးက အခေါင်းခန်းမထဲမှနေ၍ ပျောက်ကွယ်သွားကြ၏။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အလွန်သိပ်သည်းသော မြူခိုးများ လွှမ်းခြုံနေသည်။

မုန့်ချီက ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရ၏။ သူ၏ခန္ဓာကိုယ်ထဲမှနေ၍ အနက်ရောင်အငွေ့များလည်း ထွက်ပေါ်လာနေခဲ့သည်။ နေရောင်အောက်တွင် ပျော်ကျလာသော နှင်းပွင့်များကဲ့သို့ အနက်ရောင်အငွေ့များက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။ ထိုအငွေ့များနှင့်အတူ အသံတိုးတိုးကိုလည်း ကြားလိုက်ရသည်။

"ဒါက... "

မုန့်ချီက အတော်လေးကို ကြောက်လန့်သွားခဲ့၏။ မည်သည့်အချိန်တွင် သူ့ဆီကို မကောင်းဆိုးဝါးတစ္ဆေ၏ အငွေ့အသက်များ ပေါင်းစပ်လာခဲ့သနည်း။

ထိုအရာက အမှန်တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။ ဗုဒ္ဓမီးအိမ်လေးကပင် မည်သည့်လက္ခဏာမျှ မပြသခဲ့ပေ။ အကယ်၍ သံသရာအရှင်သခင်ကြောင့်သာ မဟုတ်လျှင် သူ၏အခြေအနေက အတော်လေး ဆိုးရွားသွားနိုင်၏။

သို့သော် ဗုဒ္ဓမီးအိမ်လေးက လုံးဝဖျက်ဆီးခံထားရသည့် အချက်ကိုလည်း ထည့်သွင်းစဉ်းစားထားရသေးသည်။ မကောင်းဆိုးဝါးတစ္ဆေက ကျန်းဝူအင်ပါယာ၏ မကောင်းသောသိစိတ် ဖြစ်သည်။ သူက အတိုင်းအတာတစ်ခုအထိ အစွမ်းထက်နေ၏။ ထိုအရာကလွဲလျှင် မည်သူမှ ထိခိုက်ခဲ့ခြင်း မရှိချေ။

အနက်ရောင် အငွေ့များ ပျောက်ကွယ်သွားပြီးနောက် အလင်းတိုင်လုံးကြီးက မှေးမှိန်သွားခဲ့သည်။ သူက ကျန်းကျိဝေနှင့် တခြားလူများကိုလည်း မြင်လိုက်ရ၏။

"စောနတုန်းက ငါတို့ဆီကို မကောင်းဆိုးဝါးတစ္ဆေရဲ့ အငွေ့အသက်တွေ လွှမ်းမိုးသွားခဲ့တာပဲ... "

ကျန်းကျိဝေက မျက်နှာပျက်နေသည်။ သို့သော် သူမကတော့ အလွန်အမင်း စိုးရိမ်နေခဲ့ခြင်း မရှိချေ။

သူတို့က အခြေအနေကို နားလည်သွားသည့်အချိန်တွင် အနည်းငယ် စိုးရိမ်သွားခြင်းသာ ဖြစ်သည်။ ယခုတော့ သံသရာအရှင်သခင်က မကောင်းဆိုးဝါးတစ္ဆေ အငွေ့အသက်များကို ရှင်းလင်းလိုက်ပြီ ဖြစ်၏။

"သံသရာအရှင်သခင်ကို ကျေးဇူးတင်ရမှာပဲ …"

မုန့်ချီက ရေရွတ်လိုက်သည်။ သူက မှော်ဆန်သောစွမ်းအားများ ပိုင်ဆိုင်ထားပြီး ခက်ခဲပြီး ရှုပ်ထွေးသော ဒဏ်ရာတိုင်းကို ကုသပေးနိုင်သည်။

ထိုအချိန်တွင် သူတို့ခေါင်းထဲ၌ သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရသည်။

"ကျန်းဝူအင်ပါယာအုတ်ဂူ တာဝန်က စောစောပြီးသွားခဲ့ပြီ ။ မင်းတို့က ထွက်သွားဖို့ ရွေးချယ်မှာလား...။ ဒါမှမဟုတ် သံသရာတံဆိပ်ထဲမှာ ကျန်နေသေးတဲ့ အချိန်အတိုင်း ဒီနေရာမှာနေပြီး ဆက်လေ့ကျင့်ကြမှာလား... "

"ဒီလိုသတင်းကောင်းမျိုး ရှိသေးတာပဲ…"

"ဒီတစ်ကြိမ် တာဝန်က တော်တော်လေးကို တိုတယ်... "

ကျန်းကျိဝေက ပထမဆုံး အကြောက်တရားများမှ တည်ငြိမ်သွားခဲ့သည်။ သူတို့ဆီတွင် အချိန်များစွာ ရှိနေသည့်အတွက် မည်သူကမျှ အလျင်စလို လဲလှယ်ခဲ့ခြင်း မရှိချေ။

မုန့်ချီက အံကြိတ်လိုက်၏။

"တာဝန်ရဲ့ပထမအဆင့် ဆိုမှတော့ တော်တော်လေး လွယ်မှာပေါ့။ သူတို့တွေက အကျိုးအမြတ်နည်းသလို အန္တရာယ်လည်း နည်းတယ်လေ... ။ ဒီတစ်ကြိမ် ပြောင်းလဲမှုတွေ ရှိလာပေမယ့် အနည်းနဲ့အများတော့ အဲဒီစည်းမျဉ်းအတိုင်းပါပဲ.."

"ဟုတ်တယ်..။ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ရဲ့ အစွမ်းကြောင့်သာ မဟုတ်ရင် ငါတို့က ပိုပြီးတော့ လွယ်ကူနိုင်တယ်...။ စိုးရိမ်ဖို့တောင် လိုမှာမဟုတ်ဘူး..။ တကယ်အစစ်အမှန် အန္တရာယ်က မကောင်းဆိုးဝါးတစ္ဆေရဲ့ ခန္ဓာကိုယ်သိမ်းပိုက်မှုပဲ ။ သံသရာသခင်ရှိနေမှတော့ ငါတို့က ဘာမှ စိုးရိမ်စရာ မလိုတော့ဘူးလေ... "

ကျန်းကျိဝေက ခေါင်းညိတ်ထောက်ခံလိုက်သည်။

အကယ်၍ မုန့်ချီကသာ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကို အသုံးပြုရန် ကြိုးစားခဲ့ခြင်း မရှိလျှင် မကောင်းဆိုးဝါးတစ္ဆေနှင့် ဝေ့ကျင်းအဆင့် ဟွမ်ဖူတောင်တို့က ပေါ်လာလိမ့်မည် မဟုတ်ချေ။ သူတို့က ဝေ့ကျင်းတစ်ဝက်အဆင့် စွမ်းအားရှိသော ဟွမ်ကန်းနှင့် တခြားဖုတ်ကောင်များကိုသာ ရင်ဆိုင်ရမည် ဖြစ်သည်။

မုန့်ချီက သူတို့ကို တစ်ယောက်တည်းအစွမ်းနှင့်ပင် ရင်ဆိုင်နိုင်စွမ်း ရှိ၏။ သူတို့က ပထမဆုံး အနက်ရောင်သားရေပြားလေးကို ရရှိခဲ့သည့်အချိန်တွင် တာဝန်ကို ပူးပေါင်းလုပ်ဆောင်၍လည်း ပြီးဆုံးနိုင်သည်။ ထိုအရာက ကွင်းဆက်တာဝန်၏ ပထမအဆင့်နှင့် ပို၍သင့်တော်သည်။

ရွမ်ယုရှု၏ အမူအရာကတော့ အေးစက်နေ၏။ သူမက ပုခုံးကို မကြာခဏ စိုက်ကြည့်နေပြီး ထိုနေရာမှ မကောင်းဆိုးဝါးတစ္ဆေ ရုတ်တရက် ပေါ်လာမှာကို ကြောက်လန့်နေပုံရသည်။

"လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကြောင့် ပြောင်းလဲမှုတချို့ ပေါ်လာတာကလွဲရင် အန္တရာယ်သိပ်ပြီး မများပါဘူး... "

ထိုအချက်ကလွဲလျှင် မကောင်းဆိုးဝါးတစ္ဆေက အတော်လေး ကြောက်စရာကောင်းသည်။

"ဟုတ်တယ် ။ ငါလည်း တော်တော်လေး ထူးဆန်းတယ်လို့ ခံစားနေရတယ်..။ စိုးရိမ်မှုတွေက ရောက်လာပြီး ပျောက်ကွယ်သွားတာပဲ…"

ချီကျန်းရန်က မျက်နှာသေနှင့် ပြောလိုက်သည်။

အခြေအနေကလည်း ထိုကဲ့သို့သာ ဖြစ်၏။ လမ်းတလျှောက်တွင် သူတို့၏ စိုးရိမ်မှုများက တဖြည်းဖြည်း ကြီးမားလာခဲ့ပြီး ခဏကြာလာချိန်တွင် ပျောက်ကွယ်သွားခဲ့သည်။ ရုတ်တရက်ဆိုသလို ကျန်းဝူအင်ပါယာ၏ အုတ်ဂူထဲတွင် နေထိုင်နေစဉ် အကြောက်တရား မရှိတော့သလို ခံစားခဲ့ရ၏။

ဥပမာအနေနှင့် ပြောရလျှင် ဝေ့ကျင်းတစ်ဝက်အဆင့် နီးပါးခန့် ရှိနေသော ဖုတ်ကောင်များကို တွေ့လိုက်ရပြီးနောက် သူတို့က အသက်ပြောင်းလဲခြင်းဂိုဏ်းနှင့် တူညီနေသည်ဟုပင် ချက်ချင်း ခွဲခြားနိုင်ခဲ့သည်။ ထို့နောက် လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်စီးကျင့်စဉ်၏အစွမ်းနှင့် တားဆီးခဲ့၏။

နောက်ထပ် ဥပမာတစ်ခုကတော့ ထိုနေရာတွင် ရှိနေသော သတိပေးချက်ကို တွေ့သည့်အချိန်နှင့် နဂါးထိန်းစင်မြင့်ကို တွေ့သွားပြီးသည့်အချိန်တွင် ဖြစ်သည်။ ထိုနေရာတွင် မကောင်းဆိုးဝါးတစ္ဆေကို ဖိနှိပ်ထားသည်ဟု ကောက်ချက်ချနိုင်ခဲ့၏။

နောက်တစ်ကြိမ် သူတို့က ဝေ့ကျင်းအဆင့်ဖုတ်ကောင်ကို တွေ့လိုက်ရသည့် အချိန်တွင်ပင် ထိုအရာက သူတို့ကို အန္တရာယ်မပေးကြောင်း လျင်မြန်စွာ သိခဲ့ရသည်။

အဓိကအချက်ကတော့ သူတို့၏မှတ်ဉာဏ်များက မြူခိုးထဲ၌ ပျောက်ကွယ်သွားသည့် အချိန်တွင် သူတို့က သတိပေးခြင်းကို ခံလိုက်ရသည့်အတွက် မကောင်းဆိုးဝါးတစ္ဆေက သူ့သဘောနှင့်သူ လှုပ်ရှားနိုင်ခြင်း မရှိကြောင်း သက်သေပြနေသည်။ ထို့ပြင် သူတို့သာ ဆန္ဒရှိလျှင် အချိန်မရွေး ပြန်လာ၍ရ၏။

တစ်ခုတည်းသော အခိုက်အတန့်ကတော့ အခေါင်းခန်းမ၏ရှေ့တွင် ဖုတ်ကောင်ပေါင်းများစွာ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံခဲ့ရသည့်အချိန်တွင် ဖြစ်သည်။ တခြားအချိန်တွင်တော့ စိုးရိမ်နေသော ခံစားမှုများက ယာယီသာဖြစ်ပြီး မကြာခင် ပျောက်ကွယ်သွားတတ်သည်။

မည်သို့ဖြစ်စေကာမူ ထိုအရာက ကွင်းဆက်တာဝန် ပထမအဆင့်ဟူသော ဖော်ပြချက်နှင့် ကိုက်ညီနေ၏။ ထိုအရာက အန္တရာယ်မရှိလုနီးပါး လွယ်ကူနေပြီး ဆုလာဘ်ကလည်း နည်းပါးသည်။

"ငါတို့က လိပ်နက်ကျောက်စိမ်းပြားကို ဘယ်နေရာမှာသွားပြီး ရှာရမှာလဲ... "

အတိတ်က အတိတ်သာ ဖြစ်သည်။ မည်သို့ဖြစ်စေကာမူ ထိုအရာက အန္တရာယ် နည်းပါးသော တာဝန်တစ်ခု ဖြစ်၏။

ကျန်းဝူအင်ပါယာအုတ်ဂူထဲတွင် ရရှိခဲ့သော သတင်းအချက်အလက်နှင့် ပန်းချီကားများကလွဲလျှင် မုန့်ချီက ထိုအကြောင်းအရာများကို ခေါင်းထဲမှ ထုတ်ပယ်ထားခဲ့သည်။

သူကတော့ ဒုတိယအဆင့်အတွက် သဲလွန်စများကို စတင်ရှာဖွေနေခဲ့၏။

"အုတ်ဂူထဲမှာ တခြားနေရာများ ရှိနိုင်သေးလား... "

ကျန်းကျိဝေက ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။

"အဲဒါကို ကျန်းဝူအင်ပါယာအုတ်ဂူထဲကနေ ယူသွားတာ ဖြစ်နိုင်တယ်... ။ ဖုတ်ကောင်တွေက ဒီလောက်အစွမ်းမထက်ဘူး... ။ ဟွမ်ဖူတောင်က မိုးကြိုးအမှတ်အသားတွေကို နားလည်လာပြီးတဲ့အချိန်မှာ သေချာလေ့ကျင့်နိုင်ခဲ့တယ်ဆိုတာ သိသာတယ်...”

“တကယ်လို့ သူသာ အဲဒါကို အုတ်ဂူထဲမှာ ပြီးဆုံးအောင် လေ့ကျင့်ခဲ့မယ်ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်က သေဆုံးနေသလိုမျိုး ဖြစ်နိုင်တယ်... ။ သူက ဆက်ပြီး တိုးတက်လာမှာ မဟုတ်ဘူး..။ ပြီးတော့ သူက အဲဒီကျင့်စဉ်တွေကို နားလည်ဖို့လည်း မဖြစ်နိုင်ဘူး...”

“သူတို့က အုတ်ဂူထဲကို ဝင်လာခဲ့တဲ့အချိန်မှာ ကံကောင်းသွားခဲ့ပြီး ပြန်ထွက်သွားနိုင်ခဲ့တယ်..။ ပြီးတော့ ဝေ့ကျင်းအဆင့်ထိအောင် လေ့ကျင့်နိုင်ခဲ့ကြတယ်..။ ဒါပေမယ့် အဆုံးသတ်မှာတော့ သူတို့ကို မကောင်းဆိုးဝါးတစ္ဆေရဲ့ အငွေ့အသက်က သိမ်းပိုက်သွားခဲ့တဲ့အတွက် အုတ်ဂူထဲကိုပြန်လာပြီး ဖုတ်ကောင်တွေ ဖြစ်သွားကြတာ... "

ချီကျန်းရန်က ပြောလိုက်သည်။

"တကယ်လို့ ငါတို့ဆီမှာသာ သံသရာအရှင်သခင် မရှိခဲ့ဘူးဆိုရင် ငါတို့ကလည်း သူတို့လို အဆုံးသတ်သွားမှာပဲ…"

ရွှမ်ယုရှုက တည်ငြိမ်စွာ ပြောလိုက်၏။

"သံသယအရှင်သခင် မရှိရင်တောင် အဲဒီအကျိုးသက်ရောက်မှုက ငါတို့ကို ဘာမှမဖြစ်စေနိုင်ဘူး... ။ ငါတို့က ထိန်းချုပ်ခံထားရတယ်ဆိုတာ ပညာရှင်တစ်ယောက်နဲ့ တွေ့တဲ့အချိန် ပြောလိုက်လို့ရတာပဲ.."

သူမ ပြောသည့် ပညာရှင်ဟူသည်မှာ အနိမ့်ဆုံး သိုင်းသခင်အဆင့် ဖြစ်သည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။

"ပြောရမယ်ဆိုရင် ဖုတ်ကောင်တစ်ကောင်က အုတ်ဂူထဲကနေ လိပ်နက်ကျောက်စိမ်းပြားကို ယူသွားပြီး မိသားစုအမွေပစ္စည်းအဖြစ် အသုံးချနိုင်တယ်.။ သူတို့က စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရသွားတဲ့အချိန်မှာ မိုးကြိုးအမှတ်အသားတွေ ပျောက်ကွယ်သွားနိုင်မှတော့ အခေါင်းခန်းမထဲကို ပထမဆုံး ဝင်လာတဲ့ဖုတ်ကောင်က ဝမ်ဖူတောင်ပဲ ဖြစ်နိုင်တယ်..။ ငါတို့က သူနဲ့စသင့်တယ်... "

“ရွာ (၉) ရွာ ကမ္ဘာကြီးထဲမှာရှိတဲ့ နတ်ဘုရားစုစည်းခြင်း တောင်တန်း….”

လူတိုင်းက စုပေါင်းဆွေးနွေးနေကြသည့်အချိန်တွင် ဤကိစ္စ၏ ဆန်းကြယ်မှုများက ဖြည်းညင်းစွာ ပေါ်လာခဲ့ရသည်။

"တကယ်လို့ အဲဒီအရာကို ဘယ်ဖုတ်ကောင်မှ ယူမသွားဘူးဆိုရင်တော့ ငါတို့က အနက်ရောင်သားရေပြားလေး ရခဲ့တဲ့နေရာကို စဉ်းစားသင့်တယ်... "

ကျန်းကျိဝေက ရုတ်တရက် ခေါင်းစဉ်ပြောင်း၍ ပြောပြလိုက်သည်။

"အုတ်ဂူရဲ့အတွင်းထဲမှာရှိတဲ့ မြေပုံကိုရေးဆွဲဖို့အတွက် အုတ်ဂူအကြောင်းကို သိဖို့လိုတယ်..။ အဲဒီလူက ကျန်းဝူအင်ပါယာနဲ့လည်း တစ်စုံတစ်ခု ပတ်သက်နေနိုင်တယ်... "

မုန့်ချီကလည်း ထောက်ခံလိုက်သည်။

"အဲဒီလူက သေသွားလောက်ပြီ ။ ဒီတော့ အခုချိန်မှာ အနက်ရောင်သားရေပြားလေးက ဘယ်နေရာကနေရလာလဲဆိုတာ ငါတို့မဆုံးဖြတ်နိုင်ဘူး... ။ ငါတို့က အရင်ဆုံး ရွာ(၉)ရွာ ကမ္ဘာကြီးကိုပဲ စစ်ဆေးသင့်တယ်... ။ ငါတို့ရဲ့ကွင်းဆက်တာဝန်က လောလောဆယ် အရှိန်လျော့သွားပြီလို့ ခံစားနေရတယ်... ။ ငါတို့က တဖြည်းဖြည်းတော့ ရောက်လာမှာပါ... "

ထိုအရာက အလွန်ထူးခြားသော ခံစားမှုတစ်ခု ဖြစ်သည်။ လက်ရှိအချိန်တွင်တော့ သူတို့ဆီတွင် သံသရာတံဆိပ် မရှိသည့်အတွက် ရွာ (၉) ရွာ ကမ္ဘာကြီးထဲကိုဝင်၍ မရနိုင်တော့ပေ။

အကုန်လုံးဆွေးနွေးလိုက်ပြီးနောက် သူတို့က ငရဲမှိုနှင့် ထိုက်ရင်နတ်ဆိုး သုတ်သင်ရေးကျင့်စဉ်တို့ကို အလယ်တွင် ရှိနေသော အလင်းတိုင်လုံးထဲသို့ ထည့်လိုက်သည်။

"နှစ်ပေါင်း (၁၅၀) သက်တမ်းရှိ ငရဲမှို - ကံကြမ္မာအမှတ် (၇၀၀)တန်ကြေး ရှိတယ်။ ထိုက်ရင်နတ်ဆိုးသုတ်သင်ခြင်းကျင့်စဉ် - ပြင်ဆင်ထားတယ်။ ဝေ့ကျင်းအဆင့် သိုင်းကျင့်စဉ်တစ်ခု ၊ ကံကြမ္မာအမှတ် (၁၅၀၀)တန်ကြေးရှိတယ်..”

ငရဲမှိုက နှစ်ပေါင်း (၁၅၀) သက်တမ်းရှိသည့်အတွက် မုန့်ချီက ထူးဆန်းနေခြင်း မရှိချေ။ ထို့ထက်ပို၍ရှေးကျသော အရာများကိုတော့ သူတို့၏ရှေ့တွင် အုတ်ဂူထဲသို့ ဝင်လာသူများက ဆေးဖော်ရန် ယူဆောင်သွားခြင်း သို့မဟုတ် တိုက်ရိုက် အသုံးပြုလိုက်ခြင်းများ ရှိနိုင်သည်။

ထိုက်ရင်နတ်ဆိုးသုတ်သင်ခြင်းကျင့်စဉ်ကိုတော့ မကောင်းဆိုးဝါးတစ္ဆေက အဓိကအချက်များကို ပြင်ဆင်ထားခြင်း ဖြစ်နိုင်သည်။ သူနှင့်တခြားလူများက ထိုအရာကို သင်ကြားရန် စိတ်မဝင်စားသလို မှိုကို အသုံးပြုရန်လည်း စိတ်မဝင်စားချေ။ ထို့ကြောင့် ကံကြမ္မာအမှတ်များနှင့် လဲလှယ်လိုက်၏။

ကံကြမ္မာအမှတ်များကို အညီအမျှ ခွဲဝေလိုက်ရာ တစ်ယောက်လျှင် ကံကြမ္မာအမှတ်(၅၅၀) ရခဲ့သည်။ ထိုအရာက စမ်းသပ်မှု၏ ပထမအဆင့်အတွက် ရရှိသော အကျိုးအမြတ်ဟု ဆိုနိုင်၏။

မုန့်ချီဆီတွင်တော့ ယပ်တောင် (၆) လက်ကျောင်းမှ ရရှိခဲ့သော ဆေးရည်များ ကျန်ရှိနေသေးပြီး အကုန်လုံးကို ကံကြမ္မာအမှတ်များနှင့် လဲလှယ်လိုက်သည်။ သူ၏ (၂)လစာ လစာက ကံကြမ္မာအမှတ် (၄၀၀)နှင့် ညီမျှသည်။ အကယ်၍ နောက်ထပ် တာဝန်ကသာ တစ်နှစ်ကြာမည်ဆိုလျှင် သူက မြင်းဓားပြများ ရှင်းပစ်ပြီး သိုင်းကျမ်းများကို ရှာဖွေ၍ ရနိုင်သေးသည်။

"ကံကြမ္မာအမှတ် (၉၅၀) …

မြစ်အရှေ့ပိုင်းမှာ ဖြစ်ပျက်နေတာတွေ အများကြီးပဲ ။ ငါက သတိထားဖို့လိုတယ်..။ ငါက စွမ်းအားပြန်ဖြည့်ဆေးနဲ့ (၂)လ လေ့ကျင့်ခွင့်ကို လဲလှယ်ဖို့ စိတ်ကူးရှိတယ်... ။ ငါက တံခါး (၇) ပေါက်အဆင့်ကို တည်ငြိမ်အောင် အကောင်းဆုံးကြိုးစားပြီး ငါရဲ့ကိုယ်တွင်းကမ္ဘာကြီးကို ပြင်ဆင်ရမယ်... ။ ကောင်းကင်နတ်သမီး ဓားသိုင်းပညာကိုလည်း နားလည်အောင်ကြိုးစားရမယ်... "

ထိုအရာများကို လဲလှယ်လိုက်ပြီးနောက် သူ့ဆီတွင် ကံကြမ္မာအမှတ် (၅၀) သာ ကျန်တော့သည်။

ကျန်းကျိဝေကလည်း သူမ စုဆောင်းထားသော ပစ္စည်းများကို လဲလှယ်လိုက်ရာ စုစုပေါင်း ကံကြမ္မာအမှတ် (၉၀၀) ရခဲ့သည်။ မုန့်ချီ၏ စကားကိုကြားသည့်အခါ သူမကလည်း ဝမ်းသာအားရ ပြောလိုက်၏။

"ငါလည်း စွမ်းအားပြန်ဖြည့်ဆေးလုံးနဲ့ (၂) လ လေ့ကျင့်ခွင့် လဲလိုက်မယ်... ။ ပြီးရင် ဒီမှာအတူတူ လေ့ကျင့်ကြတာပေါ့... "

သူတို့က ယခင်လဲလှယ်ထားခဲ့သော အရာများကို ပြည့်ပြည့်ဝဝ နားမလည်ကြသေးပေ။ ယခု သူတို့လိုအပ်နေသည်မှာ အချိန်သာဖြစ်သည်။ သူတို့ဆီတွင် အခွင့်အရေး ရှိနေမှတော့ ကျန်းကျိဝေကလည်း အလွတ်မပေးနိုင်ပေ။ ထို့ပြင် သူမ၏အကူအညီသာ မရှိလျှင် (၃)လအတွင်း ကောင်းကင်နတ်သမီး ဓားသိုင်းပညာကို တတ်မြောက်ရန် မုန့်ချီအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်သည်။

မုန့်ချီ ရင်ထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရ၏။ ထိုအရာက သေဖော်သေဖက် မိတ်ဆွေတစ်ယောက်၏ အကျိုးကျေးဇူးလည်း ဖြစ်သည်။

ချီကျန်းရန်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ပစ္စည်းအများစုက ခရီးသွားရန် ပြင်ဆင်ထားခြင်း ဖြစ်၏။ ထို့ကြောင့် သူက ကံကြမ္မာအမှတ်များနှင့် အလျင်စလို လဲလှယ်ခဲ့ခြင်း မရှိချေ။ သူရောင်းဝယ်ထားခဲ့သော ပစ္စည်းများက ကံကြမ္မာအမှတ် အနည်းငယ်လေးသာ ရခဲ့သည်။

"ဒီလိုဆိုမှတော့ ငါလည်း (၂) လ လေ့ကျင့်ဖို့ လဲလိုက်မယ်..။ မဟုတ်ရင် ငါ့ရဲ့လက်ရှိအဆင့်နဲ့ မြစ်အရှေ့ပိုင်းမှာ ယုံကြည်ချက် သိပ်မရှိဘူး…"

သူက ယခုမှ တံခါး (၇) ပေါက် တည်ငြိမ်သွားခြင်းဖြစ်ပြီး ကိုယ်တွင်းကမ္ဘာကြီးကို ပြင်ဆင်ရန် အလှမ်းကွာနေသေးသည်။ ထို့ကြောင့် သူက မုန့်ချီ ၊ ကျန်းကျိဝေတို့နှင့် ပြင်းပြင်းထန်ထန် လေ့ကျင့်ရန် ရည်ရွယ်ထားခဲ့၏။ သူက ကျန်ရှိနေသော ကံကြမ္မာအမှတ်များနှင့် လေ့ကျင့်မှုတွင် အထောက်အကူဖြစ်နိုင်သော ပစ္စည်းများကို လဲလှယ်လိုက်သည်။

ရွမ်ယုရှုက မျက်မှောင်ကြုတ်လိုက်၏။

"ငါလည်း အတူတူပဲ…"

သူမက လေဟာနယ်လက်စွပ်ထဲတွင် ရှိနေသော ဆေးရည်များကို နောက်ထပ်တာဝန်တွင် အသုံးပြု၍ ရနိုင်သေးသည်။ ထို့ကြောင့် သူမက သံသရာအရှင်သခင်ကို သူမဆီမှ အကျိုးအမြတ်ရယူခွင့် မပေးနိုင်ပေ။ သူမက ကျန်ရှိနေသော ကံကြမ္မာအမှတ် တစ်ယောက် (၁၅၀)ကို ထိခွင့်မပေးချေ။

"အများကြီးချန်ထားတာက ဖြုန်းတီးသလို မဖြစ်ဘူးလား... "

မုန့်ချီက မေးလိုက်၏။

ရွမ်ယုရှုက မော့ကြည့်ခဲ့ခြင်းပင် မရှိချေ။

"အဲဒါက (၃) လထဲပါပဲ ။ နင်က အဲဒါကကြာမှာမလို့လား... "

မုန့်ချီက ရုတ်တရက် နားလည်သွားခဲ့၏။ မုန့်ချီဆီတွင် ကံကြမ္မာအမှတ် (၅၀) ရှိနေသေးသည်မှာ ကံကောင်းသွားသည်။

သူတို့က အနားယူရန် အခန်းအသီးသီးကို ပြန်သွားလိုက်ပြီနောက် ကျန်းကျိဝေက မုန့်ချီကို အရင်ဆုံး လာတွေ့ခဲ့သည်။ သူမက မေးလိုက်၏။

"နင်က ကိုယ်တွင်းကမ္ဘာကြီးကို ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ် ဒါမှမဟုတ် အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ် ဘာနဲ့ပြင်ဆင်ချင်တာလဲ... "

"အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ပေါ့... "

မုန့်ချီက စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။

ကျန်းကျိဝေက ပေါ့ပေါ့ပါးပါး ရယ်လိုက်၏။

"ငါထင်ထားတဲ့အတိုင်းပါပဲ ။ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ရဲ့ ဖော်ပြချက်အရဆိုရင် အဲဒါက သူ့ရဲ့အစွမ်းနဲ့ ပြောင်းလဲမှုတွေကို အလေးထားရတာ မဟုတ်ဘဲ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အစစ်အမှန် အနှစ်သာရတွေကို ဖော်ထုတ်ရတဲ့ စွမ်းရည်မျိုးပဲ…"

မုန့်ချီက ဇဝေဇဝါ ဖြစ်သွား၏။ သူက အချိန်တော်တော်ကြာ လေ့ကျင့်ခဲ့သည့်အချိန်တွင် အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်အကြောင်း ထိုမျှ မစဉ်းစားမိခဲ့ချေ။

ကျန်းကျိဝေက ရယ်လိုက်သည်။

"တကယ့်အစစ်အမှန် ရည်ရွယ်ချက်ကို ဖော်ထုတ်ခြင်းဆိုတာ တာအိုစကားပုံတစ်ခုပဲ ။ ဗုဒ္ဓလမ်းစဉ်မှာတော့ အဲဒါက တရားရှာတယ်လို့ ဆိုနိုင်တယ်... "

သူမက ခဏရပ်ပြီး ဆက်ပြောလိုက်သည်။

"အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်က ထိန်းချုပ်မှုနဲ့ ပြောင်းလဲမှုတွေကို လုပ်ဆောင်နိုင်တယ်..။ တကယ်လို့ နင်ကသာ အလေးထားပြီး လေ့ကျင့်လိုက်မယ်ဆိုရင် နင့်ကိုယ်နင် အစ်ကိုကြီးချီအဖြစ် ပြောင်းလဲလိုက်လို့ရတယ်.။ နင့်ရဲ့ခန္ဓာကိုယ် ၊ အငွေ့အသက် ၊ လုပ်ရပ် ၊ အမူအကျင့်တွေနဲ့ စိတ်ဝိညာဉ်တွေကလည်း သူနဲ့ အတူတူဖြစ်သွားမှာပဲ ။ ဒါဆိုရင် တခြားသူတွေက နင်တို့ (၂) ယောက်ကို ခွဲခြားနိုင်ဦးမှာလား... "

"မခွဲခြားနိုင်ဘူး... "

မုန့်ချီက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်၏ ပြောင်းလဲနိုင်စွမ်းအပေါ် ယုံကြည်ချက် ရှိနေသည်။

ကျန်းကျိဝေက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်၏။

"ဒါဆိုရင် အဲဒါကို ပြောင်းပြန် ယူဆကြည့်လိုက်.. ။ တကယ်လို့ ငါနဲ့ တူညီတဲ့ခန္ဓာကိုယ် ၊ အငွေ့အသက် ၊ လုပ်ရပ်၊ လှုပ်ရှားမှုနှင့် စိတ်ဝိညာဉ်ရှိနေတယ် ဆိုတိုင်း အဲဒါက ငါပဲဆိုတာ နင်က သေချာနိုင်ပါ့မလား... "

မုန့်ချီ၏ မျက်နှာအမူအရာက ချက်ချင်းပင် လေးနက်သွားခဲ့၏။

"မသေချာနိုင်ဘူး... "

ကျန်းကျိဝေက အလေးအနက် ပြောလိုက်၏။

"ဒါဆိုရင် ဘယ်အရာက အစစ်အမှန် ဘယ်အရာက အတုလဲ... "

"မျက်လုံးထဲမှာ မြင်နေရတဲ့ အရာတွေ ၊ နားထဲမှာ ကြားနေရတဲ့အသံတွေ စိတ်ဝိညာဉ်နဲ့ ခံစားမိတဲ့ အငွေ့အသက်တွေအားလုံးက ကိုယ့်ရဲ့အမူအကျင့်တွေ၊ ပြင်ပလွှမ်းမိုးမှုတွေ သက်ရောက်တာကို ခံရတယ်..။ ငါတို့တွေက အရာအားလုံးကို ပြည့်ပြည့်ဝဝ မမြင်နိုင်ကြဘူး..။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ရဲ့ ကန့်သတ်မှုတွေကြောင့်ပဲ…”

“ဗုဒ္ဓစကားအရ ပြောရမယ်ဆိုရင် ငါတို့မြင်နေရတဲ့အရာအားလုံးက စည်းမျဉ်းနဲ့ အဖြည့်ခံအကြောင်းတရားတွေ ပေါင်းစပ်ထားတဲ့ ပုံရိပ်ယောင်သက်သက်ပဲ ။ အဲဒါက အမှန်တရားမဟုတ်ဘူး... ။ နှစ်မျိုးလုံးက အစစ်အမှန်နဲ့ အတုအယောင်တွေလို့ ပြောလို့ရတယ်..။ ဒါကြောင့် လူတစ်ယောက်ကသာ အတားအဆီးတွေကိုဖြတ်ကျော်ပြီး မြင်နိုင်မယ်ဆိုရင် ကိုယ်ပိုင်အချုပ်အနှောင်ကနေ လွတ်မြောက်နိုင်မယ်ဆိုရင် တရားတွေ့ပြီလို့ ပြောကြတယ်...”

“အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်က အဲဒီလိုပြောင်းလဲမှုတွေထဲက အနှစ်သာရကို ရှာဖွေနိုင်တဲ့ စွမ်းရည်တစ်ခုပဲ ။ တကယ်လို့ နင်ကသာ နင့်ရဲ့ကိုယ်တွင်းကမ္ဘာကြီးကို ပြင်ဆင်ချင်တယ်ဆိုရင် အဲဒီအရာတွေကို အဓိက စဉ်းစားသင့်တယ်... "

မုန့်ချီက ဗုဒ္ဓသားတော်တစ်ပါး ဖြစ်ခဲ့ဖူးသည့်အတွက် သူမက အထွဋ်အထိပ် ဓားသိုင်းပညာထဲရှိ အချက်အလက်တချို့ကို ဗုဒ္ဓဝေါဟာရများနှင့် ပြောင်းလဲ၍ ပြောပြလိုက်ခြင်း ဖြစ်သည်။

"ကျိဝေ …

နင့်ဆီမှာ ဒီလိုအဆင့်မြင့်တဲ့ နားလည်မှုတွေ ရှိနေမယ်လို့ ငါလည်း မထင်ထားဘူး... "

မုန့်ချီက ခဏကြာ တိတ်ဆိတ်သွားပြီး တီးတိုးပြောလိုက်မိသည်။

ကျန်းကျိဝေက တိုးတိုးလေးရယ်ပြီး ပြောလိုက်၏။

"ငါလည်း အရာအားလုံးကို နားမလည်သေးပါဘူး..။ အများစုက ငါ့ကို အထွဋ်အထိပ် ဓားသိုင်းပညာ သင်ပေးနေတဲ့အချိန် ငါ့ဆရာ ရှင်းပြခဲ့တဲ့အရာတွေပါပဲ ။ အသွင်ပြောင်း(၇၂) မျိုးကျင့်စဉ်မှာ တူညီတာတွေ ရှိနေမှတော့ ငါက နင့်ကို တချို့အရာတွေ မျှဝေပေးဖို့ ဆုံးဖြတ်လိုက်တာ...”

“ကျန်းဟန်ချွန်နဲ့ တခြားလူတွေက နင့်ထက် ပိုပြီးထူးချွန်ကြတယ်... ။ သူတို့က လူသားနဲ့ကောင်းကင် တသားတည်းအဆင့်ကို ရောက်နေပြီ ။ ဒါပေမဲ့ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကတော့ ပြောင်းလဲမှုတွေ ပြည့်နှက်နေတဲ့အပြင် အန္တရာယ်တွေကို ရှောင်တိမ်းဖို့ အသုံးဝင်တယ်..။ နင့်ရဲ့ကိုယ်တွင်းကမ္ဘာကြီးက အဲဒီကျင့်စဉ်နဲ့ လိုက်လျောညီထွေ ရှိလာပြီဆိုရင်တော့ လူသားနဲ့ကောင်းကင် တသားတည်းအဆင့် ရှိနေရင်တောင် နင်ရဲ့ရှေ့မှာ ပုန်းအောင်းဖို့ လုံးဝမဖြစ်နိုင်တော့ဘူး..။ ဒါဆိုရင်တော့ အနည်းဆုံး ရန်သူအကြောင်းကိုသိတဲ့ ဘယ်သူကမှ နင့်ထက်ပိုပြီးမသာနိုင်တော့ဘူး..။ နင်က ပုံရိပ်ယောင်အတုတစ်ခုကို ဖန်တီးနိုင်ပြီး သူတို့အတွက် အားနည်းချက်တစ်ခု ဖန်တီးနိုင်တယ်... "

မုန့်ချီက ပင့်သက်ရှိုက်လိုက်မိ၏။

"ဒါကြောင့်လည်း ဒါက ပြိုင်ဘက်ကင်း နတ်ဘုရားသိုင်းပညာတစ်ခု ဖြစ်နေတာပဲ…"

……………..

မြောင်လင်မြို့၏ အပြင်ဘက် ချောင်ကျသော နေရာတစ်ခုတွင် …

မုန့်ချီက အပြာရောင်အလင်းတန်းတစ်ခုနှင့်အတူ ပြန်ပေါ်လာခဲ့၏။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော လေလှိုင်းများကလည်း နားလည်ရန် ခက်ခဲလှသည်။ ထို့နောက် တခဏအတွင်း ငြိမ်သက်သွားခဲ့ပြီး ထူးဆန်းသည့် အရာတစ်ခုမျှ ဖြစ်မလာခဲ့ပေ။

"နောက်ဆုံးတော့ ငါက ကောင်းကင်နတ်သမီး ဓားသိုင်းပညာကို တတ်သွားပြီ.."

မုန့်ချီက အဝေးတွင် ရှိနေသော မြောင်လင်မြို့ကို ငေးကြည့်နေရင်း မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ထိုအရာက သူ့အတွက် အကောင်းဆုံး အကျိုးအမြတ်တစ်ခု မဟုတ်သေးပေ။

Translated by Hein Htet

All Chapters