အခန်း (၂၉၅)
Vol. 20 Ch. 295
မနက်အာရုံတက်ချိန် ရောက်နေပြီဖြစ်သည့်အတွက် မုန့်ချီက မြောင်လင်မြို့ထဲသို့ အေးအေးဆေးဆေး လျှောက်လှမ်းလာပြီး အေးမြလတ်ဆတ်သော လေများကို ရှုရှိုက်နေခဲ့သည်။
သူက ငှားရမ်းထားသော ခြံဝန်းဆီသို့ ချက်ချင်း ပြန်သွားခဲ့ခြင်း မရှိဘဲ ညောင်ပင်ကြီး ရှိနေသော လမ်းကြားထဲသို့ ဦးတည်လာခဲ့သည်။ သူကတော့ တစ်ရက်လေးပင် အချိန်ဖြုန်းနေနိုင်ခြင်း မရှိချေ။
ညောင်ပင်ကြီး၏ အနားတွင်တော့ ဆံဖြူအဘိုးအိုက သစ်သားရုပ်တုများ ထုဆစ်ရန်သာ အာရုံစိုက်နေခဲ့သည်။ သူ့အတွက်တော့ သူ့လက်ထဲတွင် ကိုင်ထားသော ပစ္စည်းများက တန်ဖိုးအရှိဆုံးအရာများ ဖြစ်ပုံရသည်။
သူ၏အပြုအမူနှင့် စိတ်ဝင်စားမှုက လူတော်တော်များများ၏ဘဝတွင် မရနိုင်သော အရာမျိုးဖြစ်သည်။ အကယ်၍ သူတို့က တစ်စုံတစ်ခုကို စွဲလမ်းသည်ဖြစ်စေ ဘာသာရေးအရဖြစ်စေ ထိုကဲ့သို့ အာရုံစူးစိုက်မှုအဆင့်ကို မရောက်နိုင်ကြပေ။
မုန့်ချီ၏နှလုံးသားနှင့် စိတ်ဝိညာဉ်ကတော့ တည်ငြိမ်အေးချမ်းပြီး ကြည်လင်နေခဲ့သည်။ သူက ပုံမှန်အတိုင်း ညောင်ပင်ကြီး၏ အောက်တွင် ထိုင်နေပြီး ပန်းပုထုနေသော အဘိုးအိုကို စိုက်ကြည့်နေခဲ့၏။ သူက စကားတစ်ခွန်းမျှ မပြောခဲ့ပဲ သူလည်း အလားတူ အာရုံစိုက်မှုမျိုးနှင့် စိုက်ကြည့်နေခဲ့သည်။
တဖြည်းဖြည်း နေမြင့်လာသည်နှင့်အမျှ ပတ်ဝန်းကျင်က ပို၍ လင်းထိန်လာခဲ့သည်။ နောက်ဆုံးတွင်တော့ အဘိုးကိုက သစ်သားရုပ်တုတစ်ခု ပြီးဆုံးသွားခဲ့၏။ သူက မုန့်ချီကို စိုက်ကြည့်ပြီး ခဏကြာ မှင်တက်သွားပုံရသည်။ ထို့နောက် သူက ပြောလိုက်၏။
"လူလေး…မင်း ဘယ်ရောက်နေခဲ့တာလဲ... "
သူ့ပုံစံက အချိန်တော်တော်ကြာ ပျောက်ကွယ်သွားသော လူတစ်ယောက်ကို နှုတ်ဆက်နေသည့် ပုံစံမျိုး ဖြစ်သည်။ ထို့ကြောင့် မုန့်ချီက မှင်တက်သွားမိခဲ့၏။ သူက အလွန်အံ့ဩသွားခဲ့သည်။ သူက (၃) လတိတိ ပျောက်ကွယ်သွားခဲ့ကြောင်း ထိုအဘိုးအိုက သိနေခြင်းပေလော။
"အကုန်လုံး အဆင်ပြေပါတယ်..။ ကျွန်တော့်ရဲ့စွမ်းအားတွေက သိသိသာသာ တိုးတက်လာတယ်... "
မုန့်ချီက စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
အဆုံးတွင်တော့ သူက သံသယအရှင်သခင်၏ စွမ်းရည်ကို စိုးရိမ်နေသေးသည့်အတွက် ဝိုးတဝါး အဖြေမျိုးသာ ပေးလိုက်သည်။ သူက အတည်ပြုခြင်းမရှိသလို ငြင်းဆန်ခြင်းလည်း မရှိချေ။
အဘိုးအို၏ မျက်နှာအမူအရာကတော့ အေးအေးဆေးဆေးသာ ဖြစ်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
"တိုးတက်လာတာ ကောင်းတာပေါ့ ။ တိုးတက်လာတာ ကောင်းတယ်..."
"ကျွန်တော့်ရဲ့ဓားသိုင်းပညာက အဆင့်ထပ်တက်သွားပြီ ။ ကျွန်တော်က ဝေ့ကျင်းအဆင့် ဓားသိုင်းကွက်တစ်ခုကိုလည်း တတ်သွားပြီ…"
မုန့်ချီကတော့ ထိုခေါင်းစဉ်ကို တမင်တက ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
အဘိုးအို၏အခြေအနေအပေါ် သူ၏ထင်မြင်ချက်သာ မှန်ကန်နေမည်ဆိုလျှင် ဓားသိုင်းပညာက သူစိတ်ဝင်စားသော အရာတစ်ခု ဖြစ်နိုင်သည်။ ထို့ပြင် သူက ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ဦးတည်ရာ ပြောလိုက်ခြင်း မဟုတ်ဘဲ ဆွေးနွေးစရာ ကိစ္စတစ်ခုကို ဖော်ထုတ်လိုက်သလို ဖြစ်သည်။ သူက အဘိုးအိုကို ဝင်ရောက်ဆွေးနွေးရန် ဖိတ်ခေါ်လိုက်ခြင်းလည်း ဖြစ်၏။
အဘိုးအိုက ပန်းပုထွင်းနေသော ဓားနှင့် သစ်သားရုပ်တုကို အောက်သို့ပြန်ချလိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"လူလေး …
မင်းက တကယ်ထူးချွန်တာပဲ ။ အရင်တုန်းက အဘိုး ဓားသိုင်းလေ့ကျင့်တဲ့ အချိန်တုန်းကသာ လူလေးရဲ့စွမ်းရည်နဲ့ တိုးတက်မှုမျိုး ရှိနေမယ်ဆိုရင် အဘိုးရဲ့ဆရာက အဘိုးကို အပြစ်တင်ခဲ့မှာ မဟုတ်ဘူး... "
"ဒါပေမဲ့ ကျွန်တော့်ဆီမှာ အဘိုးလို အာရုံစူးစိုက်မှုမျိုးမရှိဘူး... ။ လေ့ကျင့်မှု လမ်းကြောင်းမှာ စွမ်းရည် ၊ ကံတရားနဲ့ အခွင့်အရေးတွေက မြန်မြန်ဆန်ဆန် တိုးတက်ဖို့ ကူညီပေးနိုင်ပြီး အချိန်တိုလေးအတွင်း ဝေးဝေးရောက်ဖို့ ကူညီပေးနိုင်တယ်..။ ဒါပေမဲ့ ဘယ်လောက်အကြာကြီး လျှောက်လှမ်းနိုင်မလဲ ဆိုတာကတော့ ကြိုးစားအားထုတ်မှုနဲ့ အာရုံစူးစိုက်မှုအပေါ်မှာပဲ မူတည်တော့တယ်... "
မုန့်ချီက လှိုက်လှိုက်လဲလဲ ပြန်ဖြေလိုက်သည်။
အဘိုးကတော့ သူ့ကိုယ်သူ အပြစ်တင်နေသော အမူအရာနှင့် ပြန်ဖြေလိုက်၏။
"အဘိုးက ဉောဏ်ထိုင်းတယ်..။ ဒါကြောင့် ဘယ်လိုကိစ္စမျိုးပဲရှိရှိ အဘိုးက အာရုံပြန့်သွားလို့ မရနိုင်ဘူး..။ တခြားသူတွေက တစ်ကြိမ်ထဲမှာ ဓားသိုင်းပညာ အများကြီးကို သင်ယူနိုင်ကြတယ်..။ ဒါပေမဲ့ အဘိုးကတော့ ဓားသိုင်းပညာတစ်ခုနဲ့ မရင်းနှီးမချင်း တစ်ကြိမ်မှာ တစ်မျိုးပဲ လေ့ကျင့်နိုင်တယ်..။ တကယ်လို့ အဘိုးကသာ တစ်ကြိမ်တည်းနဲ့ ဓားသိုင်းပညာ (၂) မျိုးကို သင်ကြားဖို့ ကြိုးစားလိုက်မယ်ဆိုရင် (၂) ခုလုံး ကျရှုံးသွားရတာပဲ ။ တခြားအရာတွေနဲ့ ပတ်သက်လာရင်တောင် အဘိုးက အမြဲတမ်း အဲဒီလိုပဲ ။ အဘိုးမှာ ပါရမီမရှိမှတော့ အာရုံစူးစိုက်မှု ၊ ကြိုးစားအားထုတ်မှုကိုပဲ အလေးထားရတာပေါ့..။ ဒါကြောင့် အဘိုးအတွက် တခြားနည်းလမ်း မရှိတော့ဘူးလေ... "
သူပြောနေသည့်အချိန်တွင် လက်ချောင်းလေးများက သူ့အနားတွင် ရှိနေသော ဓားကိုယ်ထည်ပေါ်တွင် လှုပ်ရှားနေခဲ့သည်။ ထိုအရာက မှေးမှိန်ပြီး ရှေးကျသော အနက်ရောင်ဓားအိမ်ထဲတွင် ထည့်ထားသည့် ဓားရှည်တစ်ချောင်း ဖြစ်သည်။ ထိုဓားရှည်က သာမန်သာ ထင်မှတ်ရ၏။
ထိုအချိန်ထိအောင် အဘိုးအို၏အနားတွင် ဓားတစ်ချောင်း ရှိနေကြောင်း မုန့်ချီက မမြင်ခဲ့ပေ။ သူက အဘိုးကြီး၏ ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးကို လုံးဝ လျစ်လျူရှုထားမိခဲ့၏။ သူ အလေးထားသည့် အရာကိုသာ အာရုံစိုက်မိနေခဲ့သည်။
ယခု ထိုအရာကို စဉ်းစားကြည့်မိသည့်အခါ သူကိုယ်တိုင်လည်း အတော်လေး အံ့သြသွားခဲ့၏။
"ကြည့်ရတာ အဘိုးရဲ့ပါရမီက အာရုံစူးစိုက်မှုပဲ ဖြစ်မယ်ထင်တယ်... ။ အဲဒါဆိုရင် ကျွန်တော်လည်း အဘိုးလိုဖြစ်လာအောင် အတုယူရမယ်... "
မုန့်ချီက တီးတိုးရေရွတ်လိုက်သည်။
အဘိုးအိုက နောက်တစ်ကြိမ် ခေါင်းခါပြလိုက်သည်။ သူ၏အမူအရာက အနည်းငယ် လေးနက်သွားခဲ့သည်။
"တကယ်လို့ အဘိုး ကိုယ်တိုင် ရေနစ်သွားမယ်ဆိုရင်တောင် အဘိုးဆီကနေ သင်သွားတဲ့သူတွေကတော့ ရေကူးနိုင်ရမယ်လေ... "
သူ့စကားကြောင့် မုန့်ချီက လှုပ်ရှားသွားခဲ့သည်။ သူက တစ်စုံတစ်ခုကို ဝိုးတဝါး နားလည်သွားသလို ခံစားလိုက်ရ၏။
"အဘိုးရဲ့သင်ကြားပေးမှုအတွက် ကျေးဇူးတင်ပါတယ်..."
"အာရုံစူးစိုက်ခြင်း ၊ ကြိုးစားအားထုတ်ခြင်းနဲ့ အပြင်းအထန်လေ့လာခြင်းက လူလေးအတွက် တိုးတက်စေနိုင်တဲ့အရာတွေပဲ.."
အဘိုးက ထပ်ပြောလိုက်သည်။ ထို့နောက် သူက ပန်းပုထွင်းသည့်ဓားနှင့် သစ်သားတုံးတစ်တုံးကို ပြန်ကောက်လိုက်၏။
ထိုအရာကို မြင်သည့်အခါ မုန့်ချီက မတ်တပ်ရပ်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ အဘိုးအိုက ဓားနှင့် သစ်သားကို မထွင်းသေးခင် ခဏရပ်ပြီး ပြောလိုက်၏။
"လူလေး…
အဘိုးက လူလေးကို ကိစ္စတစ်ခု ပြောသင့်မပြောသင့် စဉ်းစားနေတာ... "
"ကျေးဇူးပြုပြီးပြောပါ... "
မုန့်ချီ၏ ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။ ထိုအရာက သူပြောလိုက်သော ခဏကြာသွားပြီဟူသော စကားလုံး၏ နောက်ကွယ်တွင် ရှိနေသော အကြောင်းပြချက်ပေလော။
အဘိုးအိုက မုန့်ချီကို စိုက်ကြည့်ပြီး တိတ်တဆိတ် စဉ်းစားနေပုံရ၏။
"ကျင်းမြစ်ရဲ့ရေလှိုင်းပွဲတော် ပြီးသွားတဲ့အချိန်ထိ စောင့်လိုက်ပါဦး..။ အဲဒီအချိန်ကျရင် လူလေးက ဒီကိုပြန်လာခဲ့ပါ... ။ ဒီအတောအတွင်းတော့ ဒီကိုမလာပါနဲ့ဦး... "
"ကောင်းပါပြီအဘိုး... "
မုန့်ချီက လေးလေးနက်နက် ဦးညွတ်လိုက်၏။
သူ၏ရင်ထဲတွင် သံသယများ ၊ မျှော်လင့်ချက်များ ၊ စိုးရိမ်မှုနှင့် ပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့သည်။ မည်သို့ဖြစ်စေကာမူ သူတို့ (၂) ယောက်က အနည်းငယ် ပို၍ နီးစပ်လာသလို ခံစားနေရ၏။
အဘိုးအိုက စကားတစ်ခွန်းမျှ ထပ်မပြောတော့ပေ။ သူက ခေါင်းငုံ့ပြီး သစ်သားတုံးကိုသာ ဆက်၍ ထွင်းထုရန် အာရုံစိုက်နေခဲ့၏။
မုန့်ချီက လမ်းကြားလေးထဲမှ ထွက်လာပြီး သူငှားနေသော ခြံဝန်းထဲသို့ ပြန်လာခဲ့သည်။ သူကတော့ ထိုနေ့ရက်ထိအောင် စောင့်နေရဦးမည် ဖြစ်၏။ ပုံမှန်အားဖြင့် သူ့ဆီ၌ ပြင်ပအကူအညီများ ရှိနေမည်ဆိုလျှင် သူက သိုသိုသိပ်သိပ် နေထိုင်သင့်သည်။
သူက ကျန်းကျိဝေ ၊ ရွမ်ယုရှုနှင့် ချီကျန်းရန်တို့ တိတ်တဆိတ် ရောက်လာမည့်အချိန်ကို စောင့်နေပြီးမှ ကြီးကြီးမားမား လှုပ်ရှားသင့်သည်။ သူက သူ့မိတ်ဆွေများကို ဖုံးကွယ်ရန် ကူညီပေးနေရင်း ပွင့်ပွင့်လင်းလင်း လှုပ်ရှားရလိမ့်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် အသက်ထိန်းသိမ်းသူနှင့် ဉာဏ်ကြီးရှင်တို့က အခြေအနေကို မည်သို့ ထိန်းချုပ်မလဲ သိလာနိုင်သည်။
သို့သော် သူကတော့ ဝဲကတော့ထဲတွင် ကျရောက်နေခဲ့၏။ သိုသိုသိပ်သိပ် နေထိုင်ခြင်းက တစ်ဖက်လူကို ပို၍သံသယဝင်သွားစေနိုင်သည်။ သူနှင့် ကျန်းကျိဝေ၏ ရင်းနှီးမှုက လျှို့ဝှက်ချက် မရှိသလို သူမ၏လက်ရှိတည်နေရာကလည်း လျှို့ဝှက်ချက် မဟုတ်ချေ။
သူတို့သာ သံသယဝင်လာမည်ဆိုလျှင် ဝမ်စစ်ယွမ်၏ စွမ်းရည်အရ ကျန်းကျိဝေက မုန့်ချီကို ကူညီပေးရန် တိတ်တဆိတ် ရောက်လာကြောင်း စဉ်းစားကြည့်ရန် ခက်ခဲလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူကတော့ လုပ်စရာရှိတာကို လုပ်ရမည်ဖြစ်ပြီး ပြဿနာမရှာ၍ သူကိုယ်တိုင် အန္တရာယ်မကျလျှင် အဆင်ပြေနိုင်သည်။
"လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ ။ ငါက မနေ့တုန်းကလို လူတစ်ယောက်မှ မဟုတ်တော့တာ... "
မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေမိသည်။
မုန့်ချီက နေ့လည်စာ စားပြီးသွားသည့်အတွက် ချီစွမ်းအားများကို လှည့်ပတ်နေသည့် အချိန်တွင် တံခါးခေါက်သံကို ကြားလိုက်ရသည်။
"အစ်ကိုကျန်း …
ချိုးဖေးရဲ့နေရာကို ရှာတွေ့ပြီလား... "
မုန့်ချီက ခြံဝန်းထဲ၌ ခြေချလိုက်သည့်အချိန်တွင် တံခါးအပြင်ဘက်၌ ရှိနေသည်မှာ ကျန်းဟန်ချွန်ဖြစ်ကြောင်း ခံစားမိလိုက်သည်။
ထိုလူငယ်က သဘာဝတရားကြီးနှင့် ပေါင်းစပ်ရာတွင် ဟာကွက်အနည်းငယ် ရှိနေ၏။ ထို့ကြောင့်လည်း သူက လူသားနှင့်ကောင်းကင် တသားတည်းအဆင့်ကို အချိန်အကြာကြီး ထိန်းမထားနိုင်ခြင်း ဖြစ်နိုင်သည်။ မဟုတ်လျှင် မုန့်ချီ၏ ကိုယ်တွင်းကမ္ဘာကြီးကို အခြေခံ ပြင်ဆင်ပြီးသွားလျှင်ပင် ထိုအရာက ကျန်းဟန်ချွန်ဖြစ်ကြောင်း ပြောပြနိုင်မည် မဟုတ်ချေ။
ကျန်းဟန်ချွန်၏ အမူအရာက အနည်းငယ် လေးနက်နေပုံရသည်။ သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး အနောက်ဘက်တွင် ရှိနေသော တံခါးကို ပြန်ပိတ်လိုက်၏။
"သခင်လေးစု …ငါက သဲလွန်စတစ်ခုတော့တွေ့ပြီ.."
သူ၏မျက်ခုံးများက အလွန်ထူပြီး မျက်နှာပေါက်က ရိုးရှင်းသည်။ အသားအရေကတော့ လယ်သမားတစ်ယောက်ကဲ့သို့ ဖြစ်၏။ သူ့ပုံစံက သဘာဝတရားကြီး၏ တစိတ်တစ်ပိုင်း ဖြစ်သည်ဟု ခံစားမိနိုင်ပြီး သူ၏ပတ်ပတ်လည်တွင် ရှိနေသော အလင်းတန်းနှင့် ဖုန်များကဲ့သို့ ဖြစ်နေသည်။
တစ်ချိန်တည်းလိုလိုပင် သူက အာရုံတက်ချိန် ထွက်ပေါ်လာသော အလင်းတန်းတစ်ခုကဲ့သို့ ဖြစ်နေသည်။ သို့မဟုတ် သစ်ပင်ကြီးပေါ်တွင် ရှိနေသော သစ်ရွက်စိမ်းကလေးတစ်ခုကဲ့သို့ ဖြစ်၏။ သူက မုန့်ချီတို့ အဖွဲ့ထဲတွင်ပင် အထူးခြားဆုံး လူတစ်ယောက် ဖြစ်နိုင်ပြီး အလွန်ထူးချွန်ထက်မြက်သည်ဟူသော ခံစားမှုတစ်ခု ပေးနိုင်သည်။
ယခင်တုန်းကတော့ မုန့်ချီက သူ၏ကိုယ်တွင်းကမ္ဘာကြီးကို ပြင်ဆင်ရခြင်း မရှိသေးသည့်အတွက် သူ၏အာရုံခံနိုင်စွမ်းများက နိမ့်ကျသည်။ ယခုတော့ သူက ထိုအရာများကို ဂရုတစိုက် စစ်ဆေးကြည့်နိုင်ခဲ့၏။
ထိုအချိန်တွင် သူက ကျန်းဟန်ချွန်ပြောခဲ့သော စကားလုံးများကို မှတ်မိသွားခဲ့သည်။
"ကြိုးကြိုးစားစားလေ့ကျင့်ထားတာက ဆရာတစ်ယောက်ရှာဖွေဖို့မှ မဟုတ်တာ.."
ယခုမှသာ မုန့်ချီက သူပြောချင်သည့် အစစ်အမှန် ရည်ရွယ်ချက်ကို နားလည်သွားခဲ့ပြီး သူ့ရင်ထဲရှိ အထီးကျန်မှုကိုလည်း နားလည်သွားခဲ့သည်။ အထီးကျန်မှုနှင့် မာနတရားများက အစစ်အမှန် ကျန်းဟန်ချွန် ဖြစ်နေသည်။
"ချိုးဖေးနဲ့ပတ်သက်တဲ့ သဲလွန်စလား... "
မုန့်ချီ၏ မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့သည်။
ကျန်းဟန်ချွန်က ခေါင်းညိတ်ပြလိုက်၏။
"သခင်လေးစု …
အရင်တုန်းကဖြစ်ရပ်တွေက အရမ်းကို တိုက်ဆိုင်နေတယ်လို့ မထင်ဘူးလား... "
သူက မုန့်ချီကို အခေါ်အဝေါ် ပြောင်းလိုက်သည်။ သူတို့က ပူးပေါင်းလုပ်ဆောင်နေသည်မှာ အချိန်အနည်းငယ်လည်း ကြာနေပြီဖြစ်၏။
"ဒါဆိုရင် ချိုးဖေးက ရက်ပေါင်းများစွာ တောင်ပေါ်ကို သွားနေတယ်ဆိုတာ သူ့ကို ကျွန်တော်တို့ရှာတွေ့အောင် စောင့်နေတယ်လို့ ဆိုလိုချင်တာလား... "
မုန့်ချီက ချက်ချင်း နားလည်သွားခဲ့သည်။
အစောပိုင်းကတည်းက ထိုအရာက အလွန်တိုက်ဆိုင်လွန်းနေသည်ဟု သူလည်း ခံစားမိနေသည်။ သို့သော် ချိုးဖေး၏လုပ်ရပ်များက သူ့ကိုယ်သူသာ ထိခိုက်စေနိုင်သည်ဟု တွေးနေမိခဲ့၏။
"အတိအကျပဲ ။ အဲဒါက လျှို့ဝှက်ချက်တစ်ခု ဖြစ်နိုင်တယ်..။ မြို့ထဲမှာ ဝေ့ကျင်းအဆင့် ပညာရှင်တွေ အများကြီးရှိတယ်လေ..။ သူက သူတို့တွေကို ရှောင်တိမ်းဖို့ တတ်နိုင်သမျှ ကြိုးစားသင့်တာပဲ ။ ပြီးတော့ သူက သူ့ရဲ့ခြေရာလက်ရာတွေကို ဖယ်ရှားဖို့အတွက် သူ့အဖော်တွေနဲ့ ဆွေးနွေးဖို့လည်း ကြိုးစားသင့်တယ်... "
ကျန်းဟန်ချွန်၏ မျက်လုံးများက နက်မှောင်နေသည်မှာ မုဆိုးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
မုန့်ချီက ထိုအကြောင်းကို သေချာ စဉ်းစားကြည့်လိုက်သည်။
"ဒါပေမဲ့ ချိုးဖေးက အဲဒီလိုလုပ်လို့ ဘာများထူးခြားမှာလဲ..။ သူ့ရဲ့နာမည်ဂုဏ်သတင်း ပျက်စီးသွားပြီး သူ့မိသားစုကိုတောင် ထိခိုက်တော့မလို့ပဲလေ..”
“အဲဒါက တမင်ရည်ရွယ်ထားတာတော့ မဟုတ်နိုင်ဘူး..။ သူက တောင်ပေါ်ကို ရက်အနည်းငယ် ကြာသွားနေခဲ့တာ အကြောင်းပြချက်တစ်ခုတော့ ရှိနေနိုင်တယ်... "
ကျန်းဟန်ချွန်ကတော့ ဖြစ်နိုင်ခြေများကို ခဏကြာ စဉ်းစားနေခဲ့သည်။
"ငါက အဲဒီအရာနဲ့ပတ်သက်ပြီး တချို့ကိစ္စတွေကို စုံစမ်းစစ်ဆေးနိုင်ခဲ့တယ်..။ သိပ်မကြာခင်ကမှ ချိုးဖေးက လောကနံပါတ်(၁)လောင်းကစားရုံရဲ့ နဂါးခြံဝန်းထဲမှာ လူတစ်ယောက်နဲ့ သွားတွေ့ခဲ့တာကို သတိထားမိခဲ့တယ်..။ ဒါကြောင့် ငါက လောကနံပါတ်(၁)လောင်းကစားရုံရဲ့ အစစ်အမှန်ပိုင်ရှင် ယုရှိုဟွေနဲ့ သွားတွေ့ဖို့ မင်းကိုလာပြီး ဖိတ်ခေါ်ချင်တာ..။ ချိုးဖေးက ဘယ်လိုလူမျိုးနဲ့ တွေ့လဲဆိုတာ ငါတို့က သူ့ကိုမေးသင့်တယ်... "
မုန့်ချီက တွေဝေနေခြင်း မရှိချေ။
"ပြဿနာမရှိဘူးလေ... "
ယုရှိုဟွေက တကျန်းအဖွဲ့အစည်း၏ ခေါင်းဆောင် တရားမျှတသူ ယဲ့တောင်ကွမ်း၏ ယောက်ဖ ဖြစ်သည်။ အချိန်ကြာသွားသည့်အချိန်တွင် သူက ဆေးရည်များ၏ အကူအညီနှင့် တံခါး (၉) ပေါက် ပွင့်သွားရုံသာ ရှိ၏။ သို့သော် မြေပြင်မှတ်တမ်းတွင် အဆင့်သတ်မှတ်ချက်ရှိသော ယောက်ဖ၏ ဂုဏ်သတင်းကြောင့် လောကနံပါတ်(၁) လောင်းကစားရုံကို ကောင်းကောင်းကြီး စီမံခန့်ခွဲနိုင်ခဲ့သည်။ သိုင်းလောကတွင် သူ့ကို မျက်နှာသာမပေးရဲသည့်သူ တစ်ယောက်မျှ မရှိချေ။
မုန့်ချီ၏အဖြေကို ကြားသည့်အခါ ကျန်းဟန်ချွန်က အနည်းငယ် အံ့သြသွားခဲ့သည်။ သို့သော် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
"တစ်ညတည်းနဲ့ မင်းရဲ့ယုံကြည်မှုတွေက တော်တော်လေး တိုးတက်လာသလိုပဲ.."
မုန့်ချီကတော့ စကားမပြောဘဲ ပြုံးပြလိုက်သည်။ သူက ကျန်းဟန်ချွန်၏ စကားကြောင့် ခေါင်းခါလိုက်မိ၏။
…………………
သူတို့က (၂) နာရီတိတိ စောင့်နေခဲ့ရသည်။ မုန့်ချီကတော့ အချိန်ဖြုန်းနေရမည့်အစား လေ့ကျင့်နေခဲ့သည်။ အချိန်တော်တော်ကြာစောင့်နေပြီး နောက်ဆုံးတွင်တော့ ယုရှိုဟွေက သူတို့ (၂) ယောက်ကို ဖိတ်ခေါ်ရန် တာဝန်ခံတစ်ယောက်ကို လွှတ်လိုက်သည်။
ကျန်းဟန်ချွန်က အလွန်တည်ငြိမ်ပြီး စောင့်ဆိုင်းနေရသည့်အတွက် အနည်းငယ်လေးပင် စိတ်ပျက်ခြင်း မရှိသည်ကို တွေ့လိုက်ရသည့်အခါ မုန်ချီက သူ့ကို အထင်ကြီးသွားခဲ့သည်။ လူငယ်မှတ်တမ်းတွင် ထိပ်ဆုံး (၁၀) ယောက်ထဲရှိ ပညာရှင်တစ်ယောက်က အမှန်တကယ်ကို သူတို့၏ဂုဏ်ပုဒ်နှင့် ထိုက်တန်ကြသည်။
"သခင်လေးစု …
မင်းရဲ့ပုံစံက အေးအေးဆေးဆေးပါပဲလား ။ မင်းကို ဒီလိုမျိုး အထင်သေးနေတဲ့အတွက်လည်း ဒေါသထွက်မနေဘူး... ။ ငါက မင်းကို တကယ်ပဲ လေးစားမိတယ်... "
ကျန်းဟန်ချွန်ကလည်း မုန့်ချီကို ချီးကျုးနေမိသည်။
မုန့်ချီက ပြုံးလိုက်၏။
"အစ်ကိုကျန်း အချင်းချင်း မြှောက်မနေပါနဲ့တော့... ”
သူတို့က လောကနံပါတ်(၁) လောင်းကစားရုံ၏ ရိုးရိုးခန်းမကြီးနှင့် အဆင့်မြင့်ခန်းမများကို ဖြတ်ကျော်သွားပြီး လှေကားမှအောက်ကို ဆင်းသွားခဲ့သည်။
ထိုအချိန်တွင် မုန့်ချီက စက်ဝိုင်းတစ်ခုကို မြင်လိုက်ရ၏။ ထိုနေရာတွင် ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင် (၂) ယောက် လက်ရည်စမ်းနိုင်သည့် နေရာတစ်ခု ရှိသည်။
ထိုစက်ဝိုင်း၏ မျက်နှာချင်းဆိုင်တွင်တော့ စင်မြင့်တစ်ခု ရှိသည်။ ထိုစင်မြင့်ပေါ်တွင် စားပွဲများ ၊ ထိုင်ခုံများ ရှိနေပြီး တခြားသူများက ထိုပြိုင်ပွဲကို ကြည့်နိုင်ပုံရ၏။ လက်ရှိအချိန်တွင်တော့ ထိုထိုင်ခုံအများစုက လူရှင်းနေသည်။
တစ်ခုတည်းသော ချွင်းချက်ကတော့ သက်လတ်ပိုင်း လူဝကြီးတစ်ယောက်ကတော့ ထိုနေရာတွင် ထိုင်နေပြီး သူ၏ဘေး(၂)ဖက်တွင် ပညာရှင် (၂) ယောက်က သူ့ကို ကာကွယ်ပေးနေသည်။ ထိုပညာရှင်၏ အငွေ့အသက်များကြောင့် သူတို့က အစွမ်းထက်သော ပညာရှင်များ ဖြစ်နိုင်၏။
"သူဌေးယု... "
သူက လောင်းကစားရုံကို ပိုင်ဆိုင်ထားသည့်အတွက် ကျန်းဟန်ချွန်က သူ့ကို သူဌေးယုဟုသာ ခေါ်ခဲ့သည်။
ယုရှိုဟွေက အတော်လေးကို သဘောကောင်းသည်ဟု ထင်ရသည်။ သူ၏ခန္ဓာကိုယ်ကသာ ဝနေခြင်း မရှိလျှင် သူက အလွန်ချောမောခန့်ညားသော လူငယ်လေးတစ်ယောက်ဟု သတ်မှတ်နိုင်၏။ သို့သော် သူက အလွန်ဝနေသည့်အတွက် သူ၏မျက်နှာပေါ်တွင် အဆီများပြည့်နေသည်။
သူက ကျန်းဟန်ချွန်ကို လက်မြောက်ပြလိုက်ပြီး သူတို့ကို ပြန်လည့်မကြည့်ဘဲ မေးလိုက်၏။
"ဘာကိစ္စလဲ... "
သူ၏မျက်လုံးထဲတွင်တော့ မြေပြင်မှတ်တမ်းထဲတွင် ရှိနေသော ပညာရှင်များ မဟုတ်လျှင် တခြားသူများကို ပညာရှင်ဟု သတ်မှတ်ထားပုံ မရချေ။
"ကျွန်တော်တို့က သူဌေးယုကို မေးစရာလေးရှိလို့ပါ..။ လေလှိုင်းတုတ်က အသက်ရှင်နေသေးတဲ့အတွက် နဂါးခြံဝန်းထဲမှာ ဘယ်လိုလူမျိုးနဲ့ တွေ့သွားခဲ့တာလဲ.."
ကျန်းဟန်ချွန်၏ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းက အလွန်လေးစရာကောင်းသည်။ သူက အနည်းငယ်လေးပင် ဒေါသထွက်သွားပုံ မရချေ။
"ငါက ဘာလို့မင်းတို့ကို ပြောပြရမှာလဲ…"
ယုရှိုဟွေက လှောင်သလို ပြောလိုက်သည်။ သူက ယခုအချိန်ထိ ကျန်းဟန်ချွန်နှင့် မုန့်ချီတို့ကို ပြန်လှည့်မကြည့်သေးပေ။
သူပြောပြီးသွားသည့်အချိန်တွင် ထိုအရာကို စဉ်းစားကြည့်လိုက်ပြီး သူတို့ကို ပြန်လှည့်ကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် အထင်သေးသော အပြုံးတစ်ခု ပေါ်လာခဲ့၏။
"ငါက သိုင်းပညာနဲ့ ပတ်သက်ပြီး ဘာစွမ်းရည်မှမရှိဘူး..။ ဒါကြောင့်ငါက ထူးချွန်တဲ့ လူငယ်တွေကိုလည်း ကြည့်မရဘူး..။ မင်းတို့တွေက လူငယ်မှတ်တမ်းမှာ တော်တော်အဆင့်မြင့်နေမှတော့ ငါက ပိုပြီးတော့တောင် သဘောမကျသေးတယ်..။ ဒီလိုလုပ်လေ ။ မင်းတို့က ငါ့ရဲ့လက်အောက်ငယ်သားတွေနဲ့ တိုက်ခိုက်ပြီး မင်းတို့ရဲ့ သိုင်းပညာကို ပြလိုက်ပါ ။ တကယ်လို့ ငါက မင်းတို့ရဲ့စွမ်းရည်ကို ကျေနပ်တယ် ဆိုရင်တော့ မင်းတို့သိချင်တာကို ပြောပြဖို့ စဉ်းစားပေးနိုင်တယ်... "
"သူဌေးယု …ကျွန်တော်တို့က အလှပြစားတဲ့သူတွေမဟုတ်ဘူး... ”
ကျန်းဟန်ချွန်၏ စကားမဆုံးသေးခင် မုန့်ချီက တားဆီးထားလိုက်သည်။
မုန့်ချီက ရှေ့ထွက်လာပြီး ယုရှိုဟွေကို တည်ငြိမ်စွာ စိုက်ကြည့်ခဲ့၏။
"သူဌေးယုက ဘယ်လက်အောက်ငယ်သားကို စေလွှတ်ချင်တာလဲ... ”
ကျန်းဟန်ချွန်က သူ့ကို တားဆီးရန် ပြင်လိုက်သည်။ သူက ပါးစပ်ဖွင့်လိုက်သော်လည်း စကားတစ်ခွန်းမျှ ထွက်ပေါ်မလာနိုင်ခဲ့ပေ။
ယုရှိုဟွေက အားရပါးရ ရယ်လိုက်ပြီး အလွန်သဘောကျနေပုံရသည်။ သူက ဘေးတွင် ရှိနေသော အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးလူကို လက်ညှိုးထိုးပြလိုက်၏။
"တစ္ဆေအရိပ် တင်းရှောင်ဖန်းက လူငယ်မှတ်တမ်းထဲကို မရောက်သေးဘူး..။ ဒါပေမယ့် သူက သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါး ပွင့်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တယ်... ။ တကယ်လို့ မင်းသာ အနိုင်ရမယ်ဆိုရင်... "
သူက အနားတွင် ရှိသော ပညာရှင်ကို မိတ်ဆက်၍ မပြီးသေးခင် ဓားအလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။ ဓားက မိုးကြိုးကဲ့သို့ လျင်မြန်လွန်းလှသည့်အတွက် သူ၏အတွေးထက်ပင် ကျော်လွန်နေခဲ့၏။ သူသတိပြန်ဝင်လာသည့်အချိန်တွင် ဓားတစ်လက်က သူ့လည်ပင်းပေါ်ကို ရောက်နေခဲ့သည်။
ထိုအချိန်တွင် တင်းရှောင်ဖန်က သူ့အရှေ့တွင် လဲကျသွားခဲ့၏။ သူက အတော်လေးကို နှေးကွေးနေသေးသည်။ တခြားပညာရှင်၏ ဓားရှည်ကလည်း ချီစွမ်းအင်များနှင့် တောက်ပနေပြီး မုန့်ချီဆီကို ရောက်လာခဲ့သည်။ သူ့ဓားကတော့ ဆန့်ကျင်ဘက်တွင် ရှိနေသော နံရံဆီသို့ရောက်သွားပြီး နံရံပေါ်တွင် အမှတ်အသားတစ်ခုသာ ပေါ်လာခဲ့သည်။
"သူဌေးယု …
ကျုပ်တို့က အလှပြစားတဲ့သူတွေ မဟုတ်ဘူး... ”
မုန့်ချီက ယုရှိုဟွေကို အပြုံးနှင့် ပြောလိုက်သည်။
"အခု ခင်ဗျားရဲ့အသက်က ကျုပ်လက်ထဲမှာ ရောက်နေပြီ ။ ခင်ဗျားရဲ့အသက်ကို ခင်ဗျားမပိုင်တော့ဘူး... ”
သူ့လက်ထဲတွင် ကိုင်ထားသော ဓားက ထူးထူးခြားခြားကို တည်ငြိမ်နေခဲ့သည်။ သို့သော် သူ့ဓား၏အောက်တွင် ရှိနေသည်မှာ ယုရှိုဟွေ၏ လည်ပင်းမဟုတ်ဘဲ သစ်သားတုံးတစ်ခုပမာ ထင်မှတ်နေရ၏။
Translated by Hein Htet.