← Chapters

အခန်း (၂၉၆)

Vol. 20 Ch. 296

အခန်း (၂၉၆)

Vol. 20 Ch. 296

ကျန်းဟန်ချွန်က မုန့်ချီကို တားဆီးတော့မည့်အချိန်တွင် ခဏကြာ တွေဝေသွားခဲ့၏။ ထို့နောက် သူက သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ သူက ရှေ့ထွက်လာပြီး မုန့်ချီ၏ ဘေးတွင် ကာကွယ်ထားလိုက်၏။ သူက တခြားသော ပညာရှင်နှစ်ယောက်၏ အလစ်ချောင်းတိုက်ခိုက်မှုများကို စောင့်ကြပ်ပေးနေခဲ့သည်။

တစ္ဆေအရိပ် တင်းရှောင်ဖန်းနှင့် တခြားသော ဓားသမားကတော့ အလွန်ထိတ်လန့်ပြီး ဒေါသထွက်သွားခဲ့သည်။ သတ်ဖြတ်ရေးဓား စုမုန့်က လောင်းကစားရုံပိုင်ရှင်၏ လည်ပင်းပေါ်တွင် ဓားတင်ထားရဲလိမ့်မည်ဟု သူတို့က မထင်ထားခဲ့‌ပေ။ သူက တရားမျှတသူ၏ ဒေါသကို မကြောက်ခြင်းပေလော။

အလားတူစွာပင် မုန့်ချီ၏ဓားက အလွန်လျင်မြန်နေလိမ့်မည်ဟု သူတို့က မယုံကြည်ခဲ့ကြပေ။ သူတို့နှစ်ယောက်က လုံးဝတုံ့ပြန်ရန် အချိန်မရှိခဲ့ကြချေ။ ထိုအရာက လျှပ်စီးဓား၏ အဆင့်နီးပါးဖြစ်၏။ သူက ရက်စက်ကြမ်းကြုတ်သည်ဟု နာမည်ကြီးခဲ့ခြင်း မဟုတ်ပေလော။

လူတိုင်းက ပတ်ဝန်းကျင် အခြေအနေနှင့် ကြုံ‌တွေ့ရသည့်အရာများပေါ် မူတည်၍ ပြောင်းလဲသွားတတ်သည်။ သူဌေးတစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော ယုရှိုဟွေက ပထမတွင် ထိတ်လန့်ပြီး ကြောက်လန့်သွားခဲ့သော်လည်း သူ၏ အခြေအနေကို ထိန်းသိမ်းထားနိုင်သေးသည်။ သူက လည်ပင်းတွင်တင်ထားသော ဓားကို လျစ်လျူရှုလိုက်ပြီး မုန့်ချီကို အေးစက်စွာ စိုက်ကြည့်လိုက်၏ ။

"မင်းက ဒီတံခါးကနေ ပြန်ထွက်မသွားနိုင်မှာ မကြောက်ဘူးလား …"

"အစ်ကိုကျန်းနဲ့ ကျုပ်သာ ပူပေါင်းလိုက်မယ်ဆိုရင် လောကနံပါတ်(၁) လောင်းကစားရုံမှာ ဘယ်သူက ကျုပ်တို့ကို တားနိုင်ဦးမှာလဲ…."

မုန့်ချီ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။ ဝေ့ကျင်းအဆင့် ပညာရှင်များက မည်သည့်ဘက်တွင် ရှိနေစေကာမူ သူတို့၏ လုပ်ရပ်ကို ပြန်လည်စဉ်းစားရဦးမည် ဖြစ်သည်။ မိသားစုတစ်ခု ဖြစ်စေ သို့မဟုတ် ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရာတွင် ဖြစ်စေ သူတို့က အရေးပါသည်။

ယုရှိုဟွေ၏ ယောက်ဖဖြစ်သော တရားမျှတသူ ယဲ့တောင်ကွမ်းဆီတွင်ပင် သူ ယုံကြည်ရသည့် ဝေ့ကျင်းအဆင့် ပညာရှင် လက်တစ်ဆုပ်စာခန့်သာ ရှိသည်။ သူတို့ကတော့ လက်အောက်ငယ်သားများဟု ပြောရမည့်အစား အကျိုးတူ ပူးပေါင်းလုပ်ဆောင်သော မဟာမိတ်များဟု ပြောလျှင် ပို၍ မှန်ပါလိမ့်မည်။

ယုရှိုဟွေက သူ၏လောင်းကစားရုံတွင် ကူညီပေးရန် ထိုကဲ့သို့အဆင့် ပညာရှင်များကို မည်သို့ရနိုင်မည်နည်း။ သူက မြောင်လင်တွင် ရှိနေသော အိမ်ခြံမြေ တဝက်ကျော်ကို ပေးမထားလျှင် မဖြစ်နိုင်ပေ။ သို့သော် သူ့ယောက်ဖ၏ အစွမ်းကြောင့် သူက ထိုသို့လုပ်စရာ အကြောင်းပြချက်လည်း မရှိချေ။

ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်များကတော့ ထူးချွန်ထက်မြက်သော လူများသာ မဟုတ်လျှင် သူတို့နှစ်ယောက်အတွက် အဆင်ပြေနိုင်သည်။ သူနှင့် ကျန်းဟန်ချွန်တို့၏ ပူးပေါင်းတိုက်ခိုက်မှုက ထိုလူများကို အနိုင်မရလျှင်ပင် အနည်းဆုံး ထွက်ပြေး၍ ရနိုင်သည်။

ယုရှိုဟွေကတော့ လက်မခံသေးဘဲ နှာခေါင်းရှုံ့၍ ပြောလိုက်၏။

"မင်းက ဒီနေ့အသက်ရှင်နိုင်ပေမဲ့ နောက်နေ့အတွက် မစိုးရိမ်တော့ဘူးလား…."

"တကယ်လို့ ခင်ဗျားကသာ ကျုပ်တို့ရဲ့ ဆန္ဒအတိုင်း ချိုးဖေး ဘယ်သူနဲ့ တွေ့ခဲ့တယ်ဆိုတာကို ပြောပြလိုက်မယ်ဆိုရင် ခင်ဗျားက အဆင်ပြေမှာပါ။ ဒီလိုအသေးအဖွဲကိစ္စ‌မျိုးက ဆရာကြီး တရားမျှတသူရဲ့ နားထဲကို ရောက်မှာ မဟုတ်ဘူးလို့ ကျုပ် ယုံကြည်တယ်…”

“တခြားတုံ့ပြန်မှုတွေကတော့ ခင်ဗျား ကြိုက်တာ လုပ်လို့ရတယ်။ ခင်ဗျားက အရာအားလုံး ကျုပ်ဆီကို လွှတ်လိုက်လို့ရတယ်။ ကျုပ်က ခင်ဗျားကို ဝမ်းမြောက်ဝမ်းသာ တုံ့ပြန်လိုက်မှာပဲ…"

မုန့်ချီ၏ စကားလုံးများက အတော်လေးကို ကြောက်စရာကောင်းသည်။

ထို့နောက် သူက ခေါင်းစဉ်ပြောင်းပြီး ဆက်ပြောလိုက်၏။

"ခင်ဗျားကတောင် ခင်ဗျားရဲ့အသက်ကို တန်ဖိုးမထားဘူးဆိုရင် ကျုပ်လို မိသားစုမရှိ ဆွေမျိုးမရှိတဲ့ တစ်ကောင်ကြွက်က ဘာကိုများ ကြောက်ရဦးမှာလဲ … "

ယုရှိုဟွေက မျက်မှောင်ကြုတ်လိုက်မိသည်။ မုန့်ချီ၏ မျက်နှာက တစ်ချိန်လုံး ပြုံးနေပြီး ကြည်လင်သန့်စင်နေသယောင် ထင်မှတ်ရသော်လည်း သူ့နှုတ်ဖျားမှ ထွက်လာသော စကားလုံးတိုင်းက အလွန်အေးစက်နေသည်။

"လောင်းကစားရုံကို ရောက်လာတဲ့လူတွေက အားနည်းသူ‌ကို လျစ်လျူရှုတတ်တယ်။ ခင်ဗျားကို ခြိမ်းခြောက်နိုင်တဲ့ အစွမ်းရှိတဲ့သူတွေ အများစုကလည်း မိသားစုတွေ အဖွဲ့အစည်းတွေ ရှိကြတယ်။ သူတို့က ဆရာကြီးယဲ့ကို ရန်ပြုချင်ကြမှာ မဟုတ်ဘူး။ လမ်းမှားအဖွဲ့အစည်းက ပညာရှင်တွေကလည်း အကြောင်းပြချက် ကောင်းကောင်းမရှိဘဲ ပြဿာနာရှာကြမှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က အရှုပ်အထွေးတွေကို မုန်းကြတယ်လေ။ ဒီလိုအကြောင်းပြချက်တွေကြောင့်ပဲ ခင်ဗျားက သိုင်းပညာရှင်တွေအပေါ် အထင်သေးဆက်ဆံနေခဲ့တာ…”

“ကမ္ဘာကြီးက အကြီးကြီးပါပဲ။ တကျန်းအဖွဲ့အစည်း ထိန်းချုပ်နိုင်တဲ့ နယ်မြေ ဘယ်လောက်ရှိလို့လဲ ။ မြစ်အရှေ့ပိုင်းမှာရှိတဲ့ ဝမ်မိသားစုနဲ့ ရွမ်မိသားစုကတောင် သူတို့နဲ့ အဆင့်တူရှိတယ်။ တကျန်းအဖွဲ့အစည်းက ဝေ့ကျင်းအဆင့် ပညာရှင်တွေနဲ့ ဝေ့ကျင်းတစ်ဝက် အဆင့် ပညာရှင်တွေ ဒီနေရာကို ရောက်မလာခင် ကျုပ်က အဝေးကို ထွက်သွားဖို့ ယုံကြည်ချက်ရှိတယ်။ ကျုပ်က ကျယ်ပြောလှတဲ့ မြောက်ပိုင်း ကျိုးအင်ပါယာကြီး ၊ မြေပြန့်လွင်ပြင် ၊ အရှေ့ပင်လယ် ၊ မြောက်ပိုင်းမှာရှိတဲ့ ကန္တာရတွေ၊ အနောက်ပိုင်းနယ်မြေတွေကို သွားလို့ရတယ်။ ကျုပ် မသွားနိုင်တဲ့ နေရာတစ်ခုမှ မရှိဘူး..”

“ပြီးတော့ ကျုပ်ရဲ့အစွမ်းအရ အင်အားစုတိုင်းက ကျုပ်ကို လက်ခံလိမ့်မယ်။ တကယ်လို့ ကျုပ်က တကျန်းအဖွဲ့အစည်းကို ပေါ်ပေါ်တင်တင် ပြဿာနာမရှာခဲ့ဘူးဆိုရင် သူတို့နဲ့ တိတ်တဆိတ် ပူးပေါင်းလို့ ရနေသေးတယ်။ ကျုပ်ရဲ့နာမည်နဲ့ အဆင့်အတန်းကို ပြောင်းလဲပြီးသွားရင် ကျုပ်က အသက်ရှင်နေပြီး နောက်တစ်ကြိမ် စင်မြင့်ပေါ် ပြန်ရောက်လာဖို့ အခွင့်အရေး ရှိနေသေးတယ်…”

“ခင်ဗျားကရော သူဌေးယု … တကယ်လို့ ကျုပ်ရဲ့ဓားကသာ ခင်ဗျားရဲ့လည်ပင်းကို ဖြတ်လိုက်မယ်ဆိုရင် ခင်ဗျားရဲ့ချမ်းသာကြွယ်ဝမှုတွေ ပိုင်ဆိုင်ထားတဲ့ အရာတွေ အားလုံးကို ဆုံးရှုံးရလိမ့်မယ်။ ခင်ဗျားက လောကနံပါတ်(၁) လောင်းကစားရုံကို ဒီနေ့အထိ ခက်ခက်ခဲခဲ ကြိုးစားတည်ဆောက်ထားခဲ့ရတာ။ အဲဒီအရာတွေ အားလုံး ပျက်စီးသွားမှာကို မြင်ချင်လို့လား … "

ယုရှိုဟွေက ကြောက်လန့်လာသလို ခံစားနေရသည်။ သူက စကားပြောရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း မုန့်ချီ၏ စကားလုံးများက ဆက်တိုက် ရောက်လာခဲ့၏။ သူ့စကားများကို နားထောင်နေရင်း သူ၏ မျက်နှာပေါ်ရှိ အပြုံးကို မြင်နေရသည့်အချိန်တွင် ထိုလူငယ်က သူ့ကို အမှန်တကယ် သတ်ရဲသည်ဟု ယုရှိုဟွေက ခံစားလာမိခဲ့သည်။

“ကမ္ဘာကြီးက အကြီးကြီးပါပဲ။ ဒါပေမဲ့ သိုင်းပညာကသာ အရာအားလုံးကို စိုးမိုးနိုင်တာ။ ဒါကြောင့် သူဌေးယု ခင်ဗျားက ကျုပ် ဓားရဲ့ထက်မြက်မှုကို ခင်ဗျားရဲ့ လည်ပင်းနဲ့ တကယ်ပဲ စမ်းသပ်ချင်နေတာလား…"

မုန့်ချီက ယုရှိုဟွေ၏ မျက်လုံးထဲကို စိုက်ကြည့်နေပြီး သူ၏မျက်နှာပေါ်တွင် မချိုမချဉ် အပြုံးတစ်ခု ပေါ်လာသည်။ သူက ကောင်းကင်ပြစ်ဒဏ်ဓားကို အနည်းငယ် ဖိလိုက်ရာ ဓားက ယုရှိုဟွေ၏ လည်ပင်းထဲကို နစ်ဝင်သွားခဲ့၏။

ယုရှိုဟွေ၏ မျက်နှာအမူအရာကလည်း ပြောင်းလဲသွားခဲ့သည်။ သူက အံကြိတ်ပြီး ဆုံးဖြတ်လိုက်၏။ ဉာဏ်ကောင်းသော လူတစ်ယောက်က အချိန်တိုင်း တိုက်ခိုက်၍ မရနိုင်ပေ။ သူ့ဆီတွင် ငွေကြေး ၊ မိန်းမနှင့် လက်အောက်ငယ်သားများစွာ ရှိသည်။ သူ့အသက်က ကြီးကျယ်ခမ်းနားပြီး အလွန်တန်ဖိုးရှိ၏။ သူက လောကကြီး၏ အလှတရားများကို မခံစားရသေးသော ငယ်ရွယ်သူတစ်ယောက်နှင့် တိုက်ခိုက်တော့ရော ဘာများ အသုံးဝင်မည်နည်း။

"ချိုးဖေးနဲ့ နေ့စဉ်ရက်ဆက် တွေ့ခဲ့တဲ့သူက ငွေကြေးဂိုဏ်းရဲ့ ခေါင်းဆောင် သူဌေးကြီး စွန်းကီပဲ။ သူက အချက်အလက်တွေ ဝယ်ဖို့အတွက် သွားတွေ့တာ ဖြစ်နိုင်မယ်။ ဒါပေမဲ့ သူတို့တွေက အရမ်းကို လျှို့ဝှက်တဲ့အတွက် အပြင်လူတွေက ဘာမှမသိနိုင်ဘူး.."

ယုရှိုဟွေက အရာအားလုံးကို တခဏအတွင်း ပြောပြလိုက်သည်။ ထို့နောက် မုန့်ချီက သူ၏ ဓားဖယ်ရှားမှာကို စောင့်နေခဲ့သည်။

"သူဌေးကြီး ဟုတ်လား … "

မုန့်ချီနှင့် ကျန်းဟန်ချွန်တို့က အချင်းချင်း ကြည့်လိုက်မိကြသည်။ သူတို့၏ စိတ်ထဲတွင်တော့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် အစွမ်းထက်သော ထိုဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်က အမြဲလိုလို ကိုယ်ကျိုးကြည့်တတ်သည်။

ထို့ပြင် ချိုးဖေးက မကောင်းဆိုးဝါး လမ်းစဉ် (၉)သွယ်နှင့် ပူးပေါင်းနေသည့်အတွက် သူ၏ ဂုဏ်သတင်းက ပျက်စီးသွားနိုင်သည်။ သူတို့ကသာ ဈေးကောင်းပေးလိုက်မည်ဆိုလျှင် သူ့ဆီမှ အချက်အလက်များ မေးမြန်းရန် ဖြစ်နိုင်၏။

စွန်းကီက တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး မြောင်လင် နယ်ခံ တစ်ယောက် ဖြစ်သည်။ သူက ငွေကြေးဂိုဏ်းကို ဖန်တီးရန်အတွက် နည်းလမ်းမျိုးစုံ ကြိုးစားခဲ့ပြီး နယ်မြေသခင်များထဲမှ တစ်ယောက် ဖြစ်လာခဲ့သည်။

ကျောင်းနှင့် ဂိုဏ်းပေါင်းများစွာကို ပေါင်းစပ်လိုက်ပြီးနောက် သူက သတင်း အချက်အလက်များကို လျင်မြန်စွာ ရရှိနိုင်ခဲ့သည်။ ငွေကြေးတတ်နိုင်မည်ဆိုလျှင် သူတို့ဆီမှ အချက်အလက်များစွာကို ရရှိနိုင်သည်။

ယုရှိုဟွေက နောက်တစ်ကြိမ် ပြောလိုက်၏။

"အခု မင်းရဲ့ဓားကို ဖယ်ရှားနိုင်ပြီ…"

"ခင်ဗျားက ကျုပ်တို့ကို အပြင်ပို့ပေးဖို့ လိုအပ်နေသေးတယ်။ ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေက သိပ်ပြီးတော့ ရင်းနှီးတဲ့ပုံ မရှိဘူး…"

မုန့်ချီက အေးအေး‌ဆေးဆေး ပြန်ဖြေလိုက်သည်။ သူက တစ္ဆေအရိပ်နှင့် တခြားသော ဓားပညာရှင်ကို ခြေအဆုံး ခေါင်းအဆုံး စိုက်ကြည့်လိုက်၏။

ကျန်းဟန်ချွန်ကတော့ ခေါင်းခါလိုက်မိသည်။ သူက မုန့်ချီကို လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။

"သခင်လေးစု …

သခင်လေးရဲ့ နည်းလမ်းက အကျိုးသက်ရောက်မှုရှိပေမဲ့ နောက်ဆက်တွဲ ရလဒ်တွေက သိပ်တော့ မသေးဘူး…"

"အစ်ကိုကျန်း …

လောင်းကစားရုံတစ်ခုရဲ့ လက်တုံ့ပြန်မှု ကြောက်နေတာလား…"

မုန့်ချီက အပြုံးနှင့်ပြန်ဖြေလိုက်သည်။

ကျန်းဟန်ချွန်၏ နှုတ်ခမ်းက လှုပ်ရှားသွားခဲ့ပြီး သူ၏မေးရိုးများက ပို၍ပင် ထင်ရှားလာခဲ့သည်။ သူက လူငယ်မှတ်တမ်း၏ ထိပ်ဆုံး (၁၀)ယောက်ထဲတွင် တစ်ယောက် အပါအဝင် ဖြစ်သည့်အတွက် သူ၏ စကားသံထဲတွင် မာနများ ပြည့်နှက်နေသည်။

"ဘာကို ကြောက်ရမှာလဲ … "

သူတို့ကသာ တကျန်းအဖွဲ့အစည်းနှင့် ပတ်သက်ခြင်း မရှိသရွေ့ လောကနံပါတ်(၁) လောင်းကစားရုံတွင် ရှိနေသော ပညာရှင်များက မည်မျှအစွမ်းထက်နိုင်မည်နည်း။ သူတို့ကို နာမည်ဖျက်နိုင်မည်လော။ သူတို့ဆီတွင် သက်သေ ရှိနေမည်လော။ ထိုသို့ဆိုလျှင် မုန့်ချီနှင့် ကျန်းဟန်ချွန်တို့ကလည်း အဆက်အသွယ် မရှိသော သာမန်လူများပေလော။

ယုရှိုဟွေက သူတို့ကို တိုက်ခိုက်ရန် ရက်စက်ခြင်း ကျောင်းဆောင်မှ လုပ်ကြံသတ်ဖြတ်သူများကို စေလွှတ်မည်ဆိုလျှင်ပင် ထိုမျှမလွယ်ကူနိုင်ပေ။ ထိုအရာက သူ့အတွက်မျက်နှာပြန်ရရန် လုပ်ဆောင်ခြင်းသာ ဖြစ်နိုင်ပြီး သူ့အတွက် အကျိုးအမြတ် မရှိနိုင်ပေ။

ယုရှိုဟွေက အနီရောင်အဆင့်မှ ဝေ့ကျင်းအဆင့် လုပ်ကြံသူများကို ငှားရန် ငွေကြေးအမြောက်အများကို ဖြုန်းတီးချင်မည်လော။ ရွှေအဆင့် လုပ်ကြံသူများက ဉာဏ်အလင်းပွင့်မှု အဆင့်သာ ရှိနေသေးသည်။ သူတို့က မုန့်ချီနှင့်ကျန်းဟန်ချွန်တို့ကို လုပ်ကြံမည်ဆိုလျှင် အခွင့်အရေး ရှိနိုင်သော်လည်း အလွန်အန္တရာယ်များသည်။ သူတို့က ဘာများ ကြောက်နေရဦးမည်နည်း။

ယုရှိုဟွေ၏မျက်နှာက ဒေါသကြောင့် နီရဲသွားသော်လည်း သူ့ဒေါသကို ဖိနှိပ်ထားခဲ့၏။ သူက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ သူ့လည်ပင်းပေါ်တွင် ဓားသွားကို တင်ထားရင်း မုန့်ချီနှင့် ကျန်းဟန်ချွန်တို့ကို တံခါးဆီသို့ ခေါ်လာခဲ့၏။

လမ်းတွင် ယုရှိုဟွေ၏ နားထဲ၌ မုန့်ချီ၏ အသံကို ကြားလိုက်ရသည်။

"သူဌေးယု …

ကျွန်တော်တို့က အပြစ်ပြုမိပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ…"

“လျှို့ဝှက်အသံပို့ဆောင်မှုလား …”

ယုရှိုဟွေက တံခါး (၉)ပေါက်အဆင့် ပညာရှင်တစ်ယောက်သာ ဖြစ်နေသေးသည်။ ထို့ကြောင့် သူက မတိုက်ခိုက်နိုင်လျှင်ပင် လျှို့ဝှက်အသံပို့ဆောင်မှုကိုတော့ သုံးနိုင်သေး၏။

သူက မုန်းတီးစွာ ပြန်ပြောလိုက်သည်။

"အခုအချိန်ကျမှ တောင်းပန်ဖို့ အရမ်းနောက်ကျသွားပြီ…"

"အဲဒီလို မဟုတ်ပါဘူး။ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ပိုပြီးတော့ လေးနက်တဲ့ အဓိပ္ပာယ်တစ်ခု ရှိနေမယ်လို့ ကျွန်တော်က ယုံကြည်ပါတယ်…"

သူ့အသံထဲတွင် သဲလွန်စ အနည်းငယ် ပါဝင်နေသည်။

ယုရှိုဟွေက အနည်းငယ် မှင်တက်သွားခဲ့၏။ သူ၏ လေသံက အနည်းငယ် တုန်ယင်နေခဲ့သည်။

"မင်းက ဘာတွေ ပြောနေတာလဲ…"

မုန့်ချီ၏ အမူအရာကတော့ ပြောင်းလဲသွားခြင်း မရှိဘဲ လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ဆက်ပြောလိုက်၏။

"ကျွန်တော်က တချို့အရာတွေကို သိထားပါတယ်။ လူတစ်ယောက်က မြစ်ကမ်းအတိုင်း အကြာကြီး လျှောက်သွားမယ်ဆိုရင် သူ့ရဲ့ဖိနပ်ကတော့ စိုလာမှာပဲလေ။ ကျွန်တော့်အထင်ပြောရရင် လောကနံပါတ်(၁) လောင်းကစားရုံက နှစ်ပေါင်း (၂၀)လောက် ရှိနေပြီ မဟုတ်လား။ တကယ်လို့ သူဌေးယုကသာ ဒီလိုမျိုး အမြဲတမ်း လုပ်ဆောင်နေမယ်ဆိုရင် ကျွန်တော့်လို အကြောက်အလန့်မရှိတဲ့ လူတစ်ယောက်နဲ့ တွေ့ရတဲ့ အချိန်မှာ ဒီလိုမျိုးဖြစ်လာနိုင်မှာလား။ ဒါက မဆင်မခြင် ရဲတင်းနေတယ်ဆိုတာ ပြ‌သနေတာပဲလေ…"

ယုရှိုဟွေ၏ လေသံထဲတွင် ရှိနေသော ဒေါသများက မှော်ဆန်ဆန် ပျောက်ကွယ်သွားခဲ့သည်။

မုန့်ချီက အပြုံးနှင့် ဆက်ပြောလိုက်၏။

"သူဌေးယုက ဒီနေ့လို အောင်မြင်မှုတွေ ရလာခဲ့တယ်ဆိုတာ အစွမ်းထက်တဲ့ ယောကျ်ားတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ညီမလေးကြောင့်လို့ တွေးမိကြလိမ့်မယ်။ ဒါပေမဲ့ တကျန်းအဖွဲ့အစည်းရဲ့ ဌာနချုပ်က ဟယ်ချွမ်မှာ ရှိတယ်။ အဲဒီနေရာက မြောင်လင်နဲ့ တော်တော်လေးကို ဝေးတယ်။ ဒါပေမဲ့ သူဌေးယုကတော့ မြစ်အရှေ့ပိုင်းမှာ အရေးပါတဲ့ နေရာတစ်ခုဖြစ်တဲ့ ဟယ်ချွမ်မှာ လောင်းကစားရုံ မဆောက်ခဲ့ဘူး။ မြောင်လင်မှာ တည်ဆောက်ဖို့ပဲ ရွေးချယ်ခဲ့တယ်။ အဲဒါက ဆရာကြီး တရားမျှတသူရဲ့ အကာအကွယ်နဲ့ အရမ်းကို အလှမ်းဝေးနေတယ်။ သူဌေးယုလို လူတစ်ယောက်က သူ့ရဲ့မိသားစုကိုပဲ အားကိုးတာ ဖြစ်နိုင်ပါ့မလား…"

ယုရှိုဟွေက အတော်လေး မှင်တက်သွားခဲ့သည်။

"မင်းရဲ့သုံးသပ်ချက်တွေက တကယ့်ကို ကောင်းမွန်တာပဲ… "

ထိုကဲ့သို့ ချီးကျူးစကားများကို သဘောမကျသောလူ ရှိနေဦးမည်လော။

"တကျန်းအဖွဲ့အစည်းရဲ့ ကျောထောက်နောက်ခံပေးမှုကြောင့် လောကနံပါတ်(၁) လောင်းကစားရုံက နာမည်ကျော်လာပြီး မြစ်အရှေ့ပိုင်းမှာ အကောင်းဆုံး ဖြစ်လာတာကိုတောင် ဘာလို့ သူဌေးယုက ဒီလိုမျိုး ပြုမူနေရတာလဲ။ ဒီလိုမောက်မာတဲ့ အကြည့်တွေ ၊ ဂရုမစိုက်တဲ့ အခြေအနေတွေ ၊ ထိပ်သီးပညာရှင်တွေကို အထင်သေးမှုတွေ ၊ သိုင်းပညာရှင်တွေကို အလေးမဲ့ ဆက်ဆံမှုတွေအရ ပညာရှင် တော်တော်များများက မကျေနပ်ဘူးဆိုတာ သေချာတယ်။ ဒါကြောင့် သူဌေးယုက ဒီနေ့အထိ အသက်ရှင်နေဖို့ မလွယ်လောက်ဘူး.."

မုန့်ချီ၏ အသံထဲတွင် မြှောက်ပင့်ပြောဆိုမှုများ ပါဝင်နေသည်။

"ဒီလိုလုပ်ရပ်တွေ လုပ်ဆောင်နိုင်တဲ့ လူတစ်ယောက်က ရင်ဆိုင်ဖို့ မလွယ်တဲ့ လူတစ်ယောက်ဆိုတာ ကျွန်တော်လည်း ယုံကြည်တယ်…"

ယုရှိုဟွေ၏ ဝဝဖိုင့်ဖိုင့် မျက်နှာက အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

"တကယ်ပဲလား … "

မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

"သူဌေးယုရဲ့ လုပ်ရပ်တွေက ကျွန်တော့်ကို ‘လာစမ်းပါ … လာစမ်းပါ… ငါ့ကို မြန်မြန်လာပြီး တိုက်ခိုက်စမ်းပါ’ လို့ ပြောနေသလိုပဲ။ ဒီလိုထူးခြားတဲ့ အခြေအနေမျိုးကြောင့် ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ လှုပ်ရှားမိသွားတာပါ.. "

ယုရှိုဟွေက သက်ပြင်းချလိုက်၏။

"ငါက အသက်ကြီးနေပါပြီ။ ဒီတော့ အဲဒီလိုအရာမျိုးနဲ့ အသားမကျသေးဘူး။ သတ်ဖြတ်ရေးဓား စုမုန့်က မဆင်မခြင် လုပ်တတ်တဲ့ လူတစ်ယောက် မဟုတ်ဘူးလို့ ငါလည်း တွေးမိပါတယ်…"

သူက နောက်တစ်ကြိမ် သက်ပြင်း ချလိုက်မိ၏။

မုန့်ချီက ပြုံးလိုက်သည်။

ကျွန်တော်က သေချာတဲ့အချိန်မျိုးမှာပဲ ချက်ချင်း လှုပ်ရှားတတ်တယ်။ ဒီတော့ သူဌေးယုဆီမှာ ဘယ်လိုလေးနက်တဲ့ အဓိပ္ပာယ်တွေ ရှိနေလဲဆိုတာ ကျွန်တော် စဉ်းစားနေတာ…"

"သခင်လေးဝမ်က ငါ့ကို အကူအညီပေးဖို့ တောင်းဆိုလာခဲ့တယ်။ ငါက ဘယ်လိုလုပ်ပြီး ငြင်းဆန်နိုင်ပါ့မလဲ…"

ယုရှိုဟွေက ပွင့်ပွင့်လင်းလင်းသာ ပြန်ဖြေလိုက်သည်။

မုန့်ချီက အံ့ဩသွားခြင်း မရှိချေ။

"ဪ …တကယ်ပဲ သူပါလား … "

အခြေအနေ အလှည့်အပြောင်းများစွာကို ကြုံတွေ့ခဲ့ရပြီးနောက် ရရှိလာသော အချက်အလက်များက သူ့အတွက် အဆင်ပြေနေခဲ့သည်။

"မင်းက အဲဒါကို သိနေတာလား… "

တစ်ဖက်တွင်တော့ ယုရှိုဟွေက အံ့ဩသွားခဲ့သည်။

မုန့်ချီက ပြုံးလိုက်၏။ သူကတော့ ဝန်ခံခြင်းမရှိဘဲ ပြန်ပြောလိုက်၏။

"ဒီကစားပွဲမှာ ပြိုင်ဘက်က ဆက်တိုက် လှုပ်ရှားနေပြီဆိုမှတော့ သခင်လေးဝမ်က မတုံ့ပြန်ဘဲ နေပါ့မလား…"

ထိုအချိန်တွင် သူတို့ (၃)ယောက်က တံခါးကို ရောက်လာကြပြီဖြစ်၏။ မုန့်ချီက ယုရှိုဟွေ၏ လည်ပင်းတွင် ရှိနေသော ကောင်းကင်ပြစ်ဒဏ်ဓားကို ရုတ်သိမ်းလိုက်ပြီး သူ့ကို တစ်ဖက်သို့ တွန်းလိုက်သည်။

"မင်းက အဲဒါကို ခန့်မှန်းမိထားတာပဲ။ ငါ့ဆီကနေ မေးလိုက်မယ်ဆိုရင်တောင် ငါက ဘယ်လိုလူမျိုးပုံစံ ဟန်ဆောင်နေသလဲဆိုတာ မင်းက နားလည်ထားတယ် မဟုတ်ဘူးလား…"

ယုရှိုဟွေက ရုတ်တရက် မေးလိုက်သည်။

မုန့်ချီက အပြုံးနှင့်ပြောလိုက်၏။

"ပထမဆုံး ကျွန်တော်ပြောခဲ့တဲ့ စကားတွေက မမှန်တာတော့ မဟုတ်ဘူး…"

ယုရှိုဟွေက တုန်လှုပ်သွားခဲ့ပြီး ဘာပြောရမှန်း မသိတော့ပေ။ ထိုအချိန်တွင် မုန့်ချီ၏ တွန်းပို့မှုကြောင့် သူလည်း တစ်ဖက်သို့ လဲကျသွားခဲ့၏။

"ဟားဟားဟား … အဲဒါက အလိမ်အညာ တစ်ခုပဲ။ တကယ်လို့ ငါက မသေချာဘူးဆိုရင်တောင် လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီး ကျင့်စဉ်ကို သုံးပြီး အခွင့်အရေးတစ်ခု ရှာဖွေမိမှာပဲ…"

မုန့်ချီက ယုရှိုဟွေ၏ ရင်ထဲတွင် သူလိုချင်သော ပုံရိပ်တစ်ခု အောင်အောင်မြင်မြင် ဖန်တီးထားနိုင်ခဲ့သည်။ တွန်းကန်မှု၏ အစွမ်းကို သုံးပြီး သူနှင့် ကျန်းဟန်ချွန်တို့က အထူးခန်းမ၏ အမိုးပေါ်သို့ ငှက်များသဖွယ် တက်သွားခဲ့သည်။ သူတို့က ဓားသမားနှင့်‌တစ္ဆေအရိပ်တို့ကို ရှောင်တိမ်းပြီး တခဏအတွင်း လောကနံပါတ်(၁) လောင်းကစားရုံထဲမှ ပျောက်ကွယ်သွားခဲ့၏။

……………

"တကယ်လို့ အဲဒီကိစ္စကသာ မကောင်းဆိုးဝါး လမ်းစဉ် (၉)သွယ်နဲ့ ပတ်သက်နေမယ်ဆိုရင် ငါက ငွေတွေကို လက်ခံထားမှာ မဟုတ်ဘူး…"

သူဌေးကြီးစွန်းကီက အမှန်တရား ဘက်တော်သားတစ်ယောက်သဖွယ် ပြောလိုက်သည်။

"အမှန်အတိုင်းပြောရရင်တော့ ဒီကိစ္စမှာ အသက်ပြောင်းလဲခြင်းဂိုဏ်းရဲ့ကိစ္စတွေနဲ့ ပတ်သက်နေမှာကိုပဲ ခင်ဗျားက ကြောက်တာပါ…."

မုန့်ချီက စိတ်တွင် ရေရွတ်လိုက်၏။

လက်ရှိအချိန်တွင် သူနှင့်ကျန်းဟန်ချွန်တို့က ငွေကြေးဂိုဏ်း၏ ဌာနချုပ်ထဲရှိ ခန်းမကြီးထဲတွင် ထိုင်နေကြခြင်းဖြစ်သည်။ စွန်းကီ၏ နောက်တွင်တော့ စကားလုံးများ ရေးသားထားသည့် ပန်းချီကား တစ်ချပ်ရှိသည်။ ထိုအပေါ်တွင် ငွေ ဟူသော စကားလုံး (၉)ရှိနေပြီး ငွေရရန် အောင်မြင်နိုင်သော နည်းလမ်းပေါင်းများစွာကို ပြောပြထားသည်။

စွန်းကီက သက်လတ်ပိုင်းလူကြီးတစ်ယောက်ဖြစ်ပြီး မျက်နှာလေးထောင့် ၊ မျက်ခုံးထူထူနှင့် ကြီးမားသော မျက်လုံးများ ပိုင်ဆိုင်ထားသည်။ သူ့ပုံစံက သာမန်လူတစ်ယောက်နှင့် မတူပေ။

သူ၏ လက်(၁၀)ချောင်းတွင် လက်စွပ် (၁၀)ကွင်း ဝတ်ထားပြီး ထိုအရာများက ကျောက်စိမ်းနှင့် တခြားကျောက်မျိုးစုံဖြစ်သည်။ ထိုအရာများအားလုံးက အလွန် ထူးခြားပြီး ဝယ်ယူရန် ခက်ခဲသော အရာများဖြစ်၏။ တစ်စိတ်တစ်ပိုင်းကိုတော့ ပန်းပုထုရန်ပင် လုပ်ဆောင်နိုင်သည်။ သူ့လည်ပင်းတွင်လည်း ဆွဲကြိုး (၅)ကုံး ဆွဲထားပြီး အဝတ်အစားများကိုလည်း ရွှေရောင်ပိုးမျှင်များနှင့် ဖန်တီးထားခြင်းဖြစ်သည်။ မည်သို့ဖြစ်စေကာမူ သူက ရတနာတုံးကြီး လမ်းလျှောက်လာသလို ဖြစ်နေသည်။

ကျန်းဟန်ချွန်ကတော့ ထိုဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်၏ ထူးခြားသော ပုံသဏ္ဌာန်ကို လျစ်လျူရှုထားပြီး တလေးတစား ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ပြောပြပါ ခေါင်းဆောင်စွန်း … "

"ပထမဆုံးနေ့မှာ ချိုးဖေးက အဖွဲ့တစ်ဖွဲ့ရဲ့ ‌တည်နေရာအကြောင်း ငါတို့ ဂိုဏ်းကို စုံစမ်းခိုင်းခဲ့တယ်။ ဒုတိယနေ့မှာတော့ ငါတို့က အဲဒီအဖွဲ့ကို မြို့မြောက်ပိုင်းမှာ တွေ့ခဲ့တယ်။ ချိုးဖေးကို အဲဒီအချက်အလက်တွေ ပြောပြပြီးတဲ့နောက် အဲဒီလူတွေရဲ့အကြောင်း ထပ်ပြီးစုံစမ်းဖို့ ငါတို့ကို ခိုင်းစေခဲ့တယ်။ တတိယနေ့မှာတော့ ငါတို့က ဟင်းသီးဟင်းရွက်ပို့တဲ့ သူတွေနဲ့ လူဆိုးထိန်းတွေလို ရုပ်ဖျက်ပြီး စုံစမ်းခဲ့တဲ့အတွက် အဲဒီအဖွဲ့ထဲမှာ လက် (၈)ချောင်း နဂါးပျံ ၊ တိမ်တောင်တန်းက သိမ်းငှက် (၃)ကောင် ပါနေတာကို တွေ့ခဲ့ရတယ်…"

စွန်းကီက ပြန်ဖြေခဲ့သည်။

"လက် (၈)ချောင်း နဂါးပျံ ၊ တိမ်တောင်တန်းက သိမ်းငှက် (၃)ကောင်လား … "

ကျန်းဟန်ချွန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"ဘာတွေဖြစ်လို့လဲ…."

မုန့်ချီက လျှို့ဝှက်အသံ ပို့ဆောင်မှုနှင့် မေးလိုက်၏။

ကျန်းဟန်ချွန်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူက ပြန်ဖြေလိုက်၏။

"ငါ မင်းကို ပြောခဲ့ဖူးတယ်လေ။ သူတို့က တခြားအခွင့်အရေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ အဖွဲ့ပဲ…"

Translated by Hein Htet.

All Chapters