အခန်း (၂၉၇)
Vol. 20 Ch. 297
"အခွင့်အရေး.. ဟုတ်လား။ ချိုးဖေးနဲ့ တစ်ခြားသူတွေ အကျိုးအမြတ်ရခဲ့တဲ့ အခွင့်အရေးကို ပြောချင်တာလား…"
မုန့်ချီကတော့ ထိုအရာကို တုန်းရန်စံအိမ်ဟုသာ သိထားသည်။ သို့သော် ကျန်းဟန်ချွန်က ထိုသို့မပြောခဲ့သည့်အတွက် သူကတော့ မသိချင်ယောင်ဆောင်ထားခဲ့၏။
ကျန်းဟန်ချွန်က လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ဆက်၍ပြောနေသည်။ သူ၏မျက်နှာအမူအရာက အလွန်လေးနက်နေ၏။
"ဟုတ်တယ်။ စုစုပေါင်း အခွင့်အရေး(၃)ခုရှိတယ်။ တစ်ခုက ငါ့ဆီမှာရှိတယ်။ တစ်ခြားတစ်ခုက ချိုးဖေးဆီမှာ ရှိတယ်။ နောက်ဆုံးတစ်ခုကတော့ လက်(၈)ချောင်းနဂါးပျံနဲ့ တိမ်တောင်တန်းက သိန်းငှက်(၃) ကောင် ပါဝင်တဲ့အဖွဲ့မှာ ရှိတယ်။ ငါတို့က အစွန်အဖျားကို ဝင်ခဲ့ရပြီးနောက် အကျိုးအမြတ် တော်တော်များများ ရခဲ့တယ်။ ဒါပေမဲ့ ပင်မနယ်မြေထဲကို ဝင်ချင်တယ်ဆိုရင်တော့ အခွင့်အရေး(၃)ခုလုံး လိုအပ်တယ်…”
“အဲဒါက လတစ်လရဲ့ တိကျတဲ့နေ့တစ်နေ့မှာ ဝင်ရလိမ့်မယ်။ ဒါကြောင့် လူတိုင်းက သတိထားနေပြီး မတူညီတဲ့လမ်းကနေ သွားနေကြတာ။ ကြည့်ရတာ ချိုးဖေးက အသက်ပြောင်းလဲခြင်းဂိုဏ်းနဲ့ ပူးပေါင်းပြီး လက်(၈)ချောင်း နဂါးပျံတို့ အဖွဲ့ဆီက အခွင့်အရေးကို လုယူဖို့ကြိုးစားနေတာ ဖြစ်နိုင်တယ်…"
တိမ်တောင်တန်းမှ သိန်းငှက်(၃)ကောင်က လွန်ခဲ့သော လအနည်းငယ်ခန့်တွင် မြောင်လင်၌ ဖြစ်နေသော ပြဿနာများ၏ တရားခံဖြစ်ကြောင်း ယပ်တောင်(၆)လက်ကျောင်းက စုံစမ်းရရှိခဲ့သည်။ သူတို့က ရတနာများကို လာရောက်ရှာဖွေကြခြင်းဖြစ်၏။
သူတို့က အရေအတွက် များပြားလှသည့်အတွက် တစ်ခြားသူများကိုလည်း သတ်ပစ်ခဲ့ကြသည်။ ထို့နောက် သူတို့က လူမြင်ကွင်းမှ ပျောက်ကွယ်သွား၏။ သူတို့က မြောင်လင်တွင် ပုန်းအောင်းနေသေးသည်ဟုသာ ပြောရမည်ဖြစ်သည်။
လွန်ခဲ့သော လအနည်းငယ် အတောအတွင်း မြောင်လင်တွင် ရှိနေသော မြေအောက်အဖွဲ့အစည်းများက ပို၍ကြီးမားလာကြသည်။ ယခင်တုန်းကတော့ ထိုအရာက စမ်းချောင်းလေးတစ်ခု ဖြစ်ခဲ့မည်ဆိုလျှင် ယခုတော့ အကျိုးအမြတ်များစွာကို သယ်ဆောင်ထားနိုင်သော မြစ်ကြီးတစ်စင်း ဖြစ်နေသည်။
"သူတို့ကလည်း အားမနည်းကြဘူး.."
မုန့်ချီက သက်ပြင်းချလိုက်မိ၏။
တိမ်တောင်တန်းမှ သိန်းငှက်(၃)ကောင်က တိနှင့် ဖန်းစီရင်စုတွင် နာမည်ကျော် ပညာရှင်များ ဖြစ်ကြသည်။ အကြီးဆုံးလက်သည်းနီသိန်းငှက်က လူငယ်မှတ်တမ်း၏ အဆင့်(၄၅)တွင် ရှိသည်။ လမ်း(၈)ချောင်းနဂါးပျံကတော့ ပို၍ပင်အစွမ်းထက်၏။ သူက လူငယ်မှတ်တမ်းတွင် အဆင့်(၂၀)ရှိခဲ့ဖူးပြီး ယခုတော့ ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်နေသည်။ သူက လေလှိုင်းတုတ် ချိုးဖေးထက် သေချာပေါက်ပို၍အစွမ်းထက်၏။
ကျန်းဟန်ချွန်က ရယ်လိုက်သည်။
"တကယ်လို့ သူတို့ကသာ အစွမ်းမထက်ဘူးဆိုရင် အဲဒီအခွင့်အရေးတွေကို ဘယ်လိုလုပ်ပြီး ယူနိုင်မှာလဲ။ ပြီးတော့ သူတို့ကို ဖြေရှင်းဖို့အတွက် ချိုးဖေးက အသက်ပြောင်းလဲခြင်းဂိုဏ်းက တပည့်တွေနဲ့ ဘာလို့ပူးပေါင်းရမှာလဲ…"
ကျန်းဟန်ချွန်က ပေါ့ပေါ့လေး တွေးတတ်သော လူတစ်ယောက် မဟုတ်ပေ။ အကယ်၍ သူတို့ကသာ အစွမ်းမထက်လျှင် သူက သူတို့ကို မသတ်လျှင်ပင် အကျိုးအမြတ်ကိုတော့ ရယူမိပါလိမ့်မည်။ မည်သို့ဖြစ်စေကာမူ ထိုအရာက အခွင့်အရေးတစ်ခု ဖြစ်၏။ ရေစက်ရှိသူ ပိုင်ဆိုင်နိုင်သော အခွင့်အရေး ဖြစ်သည်။
ဘေးတွင် ထိုင်နေသော သူဌေးကြီးစွန်းကီက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် အချင်းချင်း ပြောနေကြသော သူတို့နှစ်ယောက်ကို ကြည့်နေသည်။ သူက လက်စွပ်များ ပြည့်နေသော ညာလက်ကိုမြှောက်ပြီး အပြုံးနှင့် ပြောလိုက်၏။
"မင်းတို့နှစ်ယောက်လုံးက လက်(၈)ချောင်း နဂါးပျံအကြောင်း ကြားတဲ့အချိန်မှာ ဘာလို့အဲဒီလို ဖြစ်သွားကြတာလဲ။ ပြီးတော့ ချိုးဖေးကလည်း သူတို့ကို ရှာနေသလိုပဲ။ ဒါက ရတနာတစ်ခုခုနဲ့များ ပတ်သက်နေတာလား…”
ငွေကြေးဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည့်အတွက် သူကလည်း အခွင့်အရေးနှင့် ပတ်သက်သောအရာများအပေါ် အလွန်စိတ်ဝင်စားသည်။
"မဟုတ်ပါဘူး..။ ကျွန်တော်တို့က အစွမ်းထက်တဲ့လူတစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့လို့ပါ…."
ကျန်းဟန်ချွန်က ရယ်ပြီး မတ်တပ်ရပ်လိုက်၏။
ထို့နောက် သူတို့နှစ်ယောက်က ငွေကြေးဂိုဏ်း၏ ဌာနချုပ်ထဲမှ ထွက်ခွာလာကြပြီး မည်သည့်အရာကိုမျှ ဆွေးနွေးမနေကြဘဲ သူတို့က မြို့မြောက်ဖက်တွင် ရှိနေသော ခြံဝန်းဆီသို့ အလျင်အမြန် ထွက်လာကြ၏။ ထိုနေရာတွင် လက်(၈)ချောင်းနဂါးပျံနှင့် တစ်ခြားလူများ ပုန်းအောင်းနေသည်ဟု သိထားခဲ့သည်။
သူတို့၏အခွင့်အရေးကို ရယူရမည့်အစား သူတို့အဖွဲ့က အသက်ပြောင်းလဲခြင်းဂိုဏ်း၏ ပစ်မှတ်ထားခြင်းကို ခံနေရပြီဟု သတိပေးလိုခြင်းသာ ဖြစ်သည်။ ဒုတိယတစ်ခုကိုတော့ ဂရုစိုက်စရာ မလိုအပ်ပေ။ သူတို့၏အခွင့်အရေးက မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်၏ လက်ထဲသို့ ကျရောက်သွားမည်ဆိုလျှင် သိုင်းပညာအဖွဲ့အစည်းတစ်ခုလုံးကို ဒုက္ခရောက်စေနိုင်သည်။
…………………….
လျှို့ဝှက်ခြံဝန်းတစ်ခုထဲတွင်...
အဆင့်မြင့်ရာထူးရှိပြီး ရှေးဟောင်းဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသည့် လူငယ်လေး တစ်ယောက်က စားပွဲခုံကို တတောက်တောက် ခေါက်နေသည်။
"ဒါဆိုရင် မင်းက ငါ့ကို တစ်ခုခုလုပ်စေချင်တာလား…”
“မကြာသေးခင် အတောအတွင်း သတ်ဖြတ်ရေးဓားစုမုန့်ရဲ့လုပ်ရပ်တွေက တော်တော်လေး ထူးဆန်းတယ်။ သူ့မှာ တစ်ခြားလျှို့ဝှက်ချက်တွေ ရှိနေသလိုပဲ။ နောက်ထပ်အခွင့်အရေးရှာပြီး သူ့ကို ဖယ်ထုတ်ပစ်ရမယ်။ မဟုတ်ရင် ကိစ္စတွေက ထိန်းချုပ်လို့မရနိုင်ပဲ ဖြစ်သွားလိမ့်မယ်…"
မျက်နှာချင်းဆိုင်တွင် ရှိနေသူက အသံတိုးတိုးနှင့် ပြောလိုက်သည်။
ရှေးဟောင်းအင်္ကျီ ဝတ်ဆင်ထားသော လူငယ်က ပြန်ပြောလိုက်၏။
"သူလား..။ သူက အဖိုးတန်လက်နက်နဲ့ မိုးကြိုးအခြေခံဝေ့ကျင်းအဆင့်သိုင်းကွက်ကို ပြသခဲ့တယ်။ ပြီးတော့ သူ့ဆီမှာ အနတ္တကျိန်စာဖျက်ဓားပညာနဲ့ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် ရှိနေတဲ့အကြောင်း လူတိုင်းက သိနေတယ်။ သူ့မှာ ဘယ်လိုလျှို့ဝှက်သိုင်းကွက်တွေ ရှိနေဦးမှာလဲ။ သူက ဒီကစားပွဲထဲမှာ ကျားစေ့လေးတစ်ခု ဖြစ်နေပြီပဲ။ ဘာလို့ ငါ့လို အစွမ်းထက်တဲ့လူတစ်ယောက်ကို သုံးချင်နေသေးတာလဲ…"
ကြက်ကလေးတစ်ကောင်ကို သတ်ရန်အတွက် သားသတ်သမား၏ဓားကို မလိုအပ်ပေ။ ထိုအချိန်တွင် ကောင်းကင်ပြစ်ဒဏ်ဓားကြောင့် လျှပ်စီးနှင့် မိုးကြိုးများ တောက်ပလာခဲ့သည်။
မုန့်ချီ၏ ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင်သိုင်းကွက်ကိုတော့ ယခုအချိန်ထိ မည်သူမျှမသိကြသေးပေ။ သူက ဝေ့ကျင်းအဆင့် ပညာရှင်တယောက်နှင့် တိုက်ခိုက်ခြင်း မရှိသ၍ သူ့ဆီတွင် ခရမ်းမိုးကြိုးဓား(၇)ချက် တတ်မြောက်ထားကြောင်း ပြောပြရန် ခက်ခဲပါလိမ့်မည်။
"ငါတို့က အဲဒါကို လွှတ်ပေးထားလို့ မရနိုင်တော့ဘူး.."
သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသူက အလေးထား၍ ပြောလိုက်သည်။
"ငါတို့က တရားဝင်အဖွဲ့သားတွေဖြစ်ဖို့ ခြေတစ်လှမ်း လိုနေသေးတယ်။ ဒီတော့ ဒီတစ်ကြိမ် ရှုပ်ထွေးအောင် မလုပ်တာ ပိုပြီးကောင်းမယ်…"
"ကောင်းပြီ.. ကောင်းပြီ။ ငါအကောင်းဆုံးကြိုးစားမယ်…"
လူငယ်က ရွေးချယ်ခွင့် မရှိသည့်အတွက် သဘောတူလိုက်ရသည်။ သူက ထိုကိစ္စကို စိတ်ဝင်စားခြင်း မရှိသည့်အလား သူ၏မျက်နှာပေါ်တွင် မကျေနပ်မှုများ ပြည့်နေသည်။
မျက်နှာချင်းဆိုင်တွင် ရှိနေသူက သူ့ကို သတိပေးလိုက်၏။
"မီးတောက်သခင်..
မင်းက သူ့ကို ဖယ်ထုတ်ဖို့ပဲ သတိရပါ။ အစွမ်းကုန်တိုက်စရာ မလိုဘူး။ ဒီကစားကွက်ထဲမှာ သူ့ရဲ့အခန်းကဏ္ဍက တော်တော်လေး အရေးကြီးနေသေးတယ်…"
"စိတ်မပူပါနဲ့။ သူလည်း အားနည်းတာမှ မဟုတ်တာ။ တကယ်လို့ ငါ အစွမ်းကုန် သုံးလိုက်မယ်ဆိုရင်တောင် သူ့ကို ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ…"
လူငယ်၏ပုံစံက တည်ငြိမ်နေသည်။
………..
မုန့်ချီနှင့် ကျန်းဟန်ချွန်တို့ကို နှစ်ယောက်လုံးက ကိုယ်ဖော့ပညာကိုသုံးပြီး လူသူစည်ကားလွန်းလှသော မြောင်လင်မြို့ကြီးထဲမှ ထွက်လာခဲ့ကြသည်။ သူတို့၏ရှေ့တွင် လူပြည့်နေသော လမ်းမကြီးများကိုလည်း ကွေ့ပတ်ရှောင်တိမ်းလာပြီး လူအုပ်ကြီးထဲမှ မဖြစ်နိုင်သော ပုံစံနှင့် ဖြတ်ကျော်လာခဲ့ကြ၏။
ခုန်လိုက်ကျော်လိုက်နှင့် သူတို့၏ပုံစံက အရိပ်များကဲ့သို့ ဖြစ်နေပြီး အောက်တွင် ရှိနေသူများကတော့ ဝေဝါးနေသလို ခံစားနေရသည်။ ငွေကြေးဂိုဏ်း၏ ဌာနချုပ်က မြို့မြောက်ဖက်နားတွင် တည်ရှိနေသည့်အတွက် သိပ်မကြာခင် သူတို့က စွန်းကီပြောပြခဲ့သော ခြံဝန်းဆီကို ရောက်လာခဲ့သည်။
ထိုခြံဝန်းတွင် အဖြူရောင်နံရံများ၊ အနက်ရောင်အုတ်ချပ်များ ရှိနေပြီး ပေါင်းပင်များ ပေါက်ရောက်နေသည်။ ကြည့်ရသည်မှာ ထိုအရာက အိုမင်းနေသော မြစ်အရှေ့ပိုင်းမှ ရွာတစ်ရွာထဲရှိ ခြံဝန်းများကဲ့သို့ ဖြစ်နေသည်။
မုန့်ချီက တံခါးဆီသို့ လျှောက်သွားခဲ့၏။ သူက တံခါးတွင် ရှိနေသော သံကွင်းကို မြှောက်ပြီး အားနှင့် ခေါက်လိုက်သည်။ အကယ်၍ အထဲတွင် ရှိနေသော လူများကို မေး၍ ရမည်ဆိုလျှင်တော့ သူက လူဆိုးထိန်းတစ်ယောက် မေးမြန်းသည့်ပုံစံနှင့် စုံစမ်းရန် စဉ်းစားထားခဲ့၏။
တံခါးခေါက်သံကို အဝေးမှပင် ကြားနိုင်သည်။ ထိုအသံကြောင့် ကျေးငှက်များက လန့်သွားကြပြီး အဝေးသို့ ပျံသန်းသွားကြသည်။ အတွင်းထဲမှနေ၍ တုံ့ပြန်သံကို မကြားရပေ။ အရာအားလုံးက တိတ်ဆိတ်နေခဲ့၏။ မည်သူမျှမေးမြန်းခဲ့ခြင်း မရှိသလို မည်သူမျှ တံခါးလာမဖွင့်ခဲ့ပေ။
မုန့်ချီနှင့် ကျန်းဟန်ချွန်တို့က အချင်းချင်း ကြည့်လိုက်မိကြပြီး ထူးခြားသည့်အရာများ ဖြစ်နေကြောင်း ခံစားမိခဲ့၏။ သူတို့က ခြံဝန်း၏နံရံကို ခုန်ကျော်လိုက်သည်။
မုန့်ချီ၏ စိတ်ဝိညာဉ်စွမ်းအားများကလည်း ပတ်ပတ်လည်သို့ ဖြန့်ကျက်လိုက်သည်။ ထိုအခါ ပတ်ဝန်းကျင်မြင်ကွင်းများက သူ၏ခေါင်းထဲတွင် ပေါ်လာခဲ့၏။ ရေပုံးများက မှောက်နေပြီး အကျိုးအပဲ့များက နေရာတိုင်း ရှိနေသည်။ ရွံ့များ၊ သဲများကလည်း နေရာတိုင်း ပြည့်နှက်နေပြီး ခြေရာများစွာ ရှိနေ၏။
ခန်းမကြီး၏ အတွင်းထဲတွင် ရှိနေသော စားပွဲခုံများ၊ ထိုင်ခုံများက ပျက်စီးနေပြီး မြေပေါ်တွင် ပြန့်ကြဲနေသည်။ ထိုနေရာတွင် လက်သီးရာများ၊ ဓားရာများ၊ သွေးစများ ပြည့်နှက်နေ၏။
"တစ်ယောက်မှ မရှိဘူး။ သူတို့က အစွမ်းထက်တဲ့ ရန်သူတစ်ယောက်ကို ရင်ဆိုင်ရတဲ့အတွက် အလျင်အမြန် နောက်ဆုတ်သွားခဲ့ကြတာလား…"
မုန့်ချီက မျက်နှာပျက်ပျက်နှင့် သုံးသပ်ကြည့်နေခဲ့သည်။
ကျန်းဟန်ချွန်က ပတ်ပတ်လည်ကို လှည့်ကြည့်နေခဲ့၏။
"လူခွဲပြီး စစ်ဆေးကြည့်ကြစို့။ ငါတို့က သူတို့ထွက်ပြေးတဲ့ ခြေရာလက်ရာတွေကို ရှာကြည့်လို့ ရသေးတယ်။ တကယ်လို့ ဒီနေရာမှာ ကျန်သေးတဲ့ သဲလွန်စတွေအပေါ် အခြေခံပြီး ဘယ်သူတိုက်ခိုက်လဲဆိုတာ ဖော်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ.."
"ကောင်းပြီလေ…."
မုန့်ချီကလည်း အချိန်ဖြုန်းမနေချင်ခဲ့ပေ။ သူကလည်း အချိန်ကို အကောင်းဆုံး အသုံးချချင်ခဲ့၏။
မုန့်ချီက ဝင်ပေါက်နှင့်ပေါ်တီကို ကို ဖြတ်ကျော်လာပြီး အနောက်ဖက်ခြံဝန်းထဲကို ရောက်လာခဲ့သည်။ ထိုနေရာတွင်လည်း တိုက်ခိုက်ထားသည့် ခြေရာလက်ရာများ ရှိနေသေး၏။
"ဘာလို့ သွေးနည်းနည်းလေးပဲ ရှိနေရတာလဲ။ သူတို့က လက်ရည်မျှနေတာလား။ ဒါမှမဟုတ် လုပ်ကြံသတ်ဖြတ်သူကို သတိထားမိသွားတာလား.."
အမှတ်အသားအများစုက တိုက်ခိုက်မှုကြောင့် ဖြစ်ကြောင်း မုန့်ချီက သတိထားမိခဲ့သည်။ သို့သော် သွေးစအနည်းငယ်သာ ထွက်ပေါ်လာခဲ့၏။
သူက အမှတ်အသားများကို စစ်ဆေးနေသည့်အချိန်တွင် ရုတ်ချည်းဆိုသလို အန္တရာယ် အငွေ့အသက်တစ်ခု ခံစားမိလာခဲ့သည်။ သူက တွေဝေနေခြင်း မရှိဘဲ သူ့ဓားကို ဆွဲထုတ်လိုက်ပြီး နောက်ပြန်တိုက်ခိုက်လိုက်၏။
အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်နှင့် လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီး ကျင့်စဉ်တို့ကြောင့် သူ၏အာရုံခံနိုင်စွမ်းက သာမန်လူတစ်ယောက်ထက် အဆပေါင်းများစွာ ကျော်လွန်နေခဲ့သည်။ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်က အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်ပြီး ကပ်ဘေးများကို ရှောင်တိမ်းနိုင်သော နတ်ဘုရားစွမ်းရည်တစ်မျိုး ဖြစ်သည်။
ယခုသူက ကိုယ်တွင်းကမ္ဘာကြီးကို ပြင်ဆင်ပြီးသွားပြီး အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်နှင့် လိုက်ဖက်ညီအောင် ပြင်ဆင်ထားသည်။ ထို့ကြောင့် အန္တရာယ်အငွေ့အသက်များကို ခံစားမိသည့်အချိန်တွင် လူသားနှင့် ကောင်းကင်တစ်သားတည်းအဆင့်ကို အသုံးပြုနိုင်သူများထက် နိမ့်ကျနေခြင်း မရှိချေ။
အနောက်ဖက်ခြံဝန်း၏ အမိုးပေါ်မှနေ၍ လူတစ်ယောက်က တစ္ဆေတစ်ကောင်ကဲ့သို့ တိုင်လုံးပေါ်မှ လျှောဆင်းလာခဲ့သည်။ သူ၏လက်တစ်ဖက်ဆီတွင် သွေးနီရောင် ကြေးနီလက်စွပ်တစ်ကွင်းဆီ ရှိနေပြီး သူက ထိုလက်စွပ်ကိုသုံး၍ မုန့်ချီ၏ နောက်ကျောကို တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
တိုက်ခိုက်သူက ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ဆံပင်များကို စည်းနှောင်ထားခဲ့သည်။ သူ၏မျက်နှာပေါ်တွင် မီးတောက်သခင် မျက်နှာဖုံးကို ဝတ်ဆင်ထား၏။ ထိုအရာက နီရဲနေပြီး သူ၏မျက်လုံးနှစ်လုံးက ကြီးမားပြီး လုံးဝိုင်းနေသည်။
သူက ကြေးနီလက်စွပ်နှင့် တိုက်ခိုက်လိုက်သည့်အချိန်တွင် ချီစွမ်းအင်များက လက်စွပ်ပုံသဏ္ဍာန် ထွက်ပေါ်လာပြီး မုန့်ချီဆီကို ပတ်ပတ်လည်မှ လွှမ်းခြုံသွားခဲ့၏။
မုန့်ချီ၏အာရုံထဲတွင်တော့ ထိုလက်စွပ်ထဲရှိ ချီစွမ်းအင်များက ထူးခြားသည်။ သူတို့က အလွန်အန္တရာယ်များသော ဖောက်ခွဲရေးပစ္စည်းများထက်ပင် သာလွန်နေနိုင်၏။ သူတို့က အပြင်ဖက်တွင် အန္တရာယ်မရှိသလို ထင်မှတ်ရသော်လည်း အတွင်းထဲတွင်တော့ အန္တရာယ်အငွေ့အသက်များကို ဖုံးကွယ်ထားခဲ့သည်။
သူတို့သာ ပေါက်ကွဲသွားမည်ဆိုလျှင် လက်စွပ်တိုင်းက သံကွင်းဆက်ကြီးတစ်ခုကဲ့သို့ ဆက်တိုက် ပေါက်ကွဲသွားပါလိမ့်မည်။ ထိုအရာက အလွန်ကြောက်စရာကောင်းသော ပေါက်ကွဲမှုကြီးများ ဖြစ်လာနိုင်၏။ ထိုအရာက အလွန်ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းလွန်းလှသည်။
တိုက်ခိုက်သူ၏ တည်နေရာကလည်း မီးလုံးများကဲ့သို့ ဖြစ်နေပြီး အလွှာပေါင်းများစွာ ကွဲပြားနေသည်။ ထို့ကြောင့် မုန့်ချီက အလွန်ထူးခြားသော သူ၏ချီစွမ်းအင်စီးဆင်းမှုနှင့် ကြွက်သားများ တုံ့ပြန်မှုကို အာရုံခံနိုင်ခဲ့ခြင်း မရှိချေ။ ထိုလူက အပူလှိုင်းများ၏ အလယ်တွင်သာ ရှိနေကြောင်း ခံစားမိခဲ့၏။
"မီးတောက်သခင်လား။ သူက လူသားနဲ့ကောင်းကင် တသားတည်းအဆင့်ကို ရောက်နေတာလား…"
သူက လူသားနှင့် ကောင်းကင်တသားတည်းအဆင့်ကို ကျွမ်းကျင်နေသော ကျန်းဟန်ချွန်တို့နှင့် အဆင့်တူ မရှိသော်လည်း ယခင်တုန်းက တွေ့ခဲ့ဖူးသည့် မကောင်းဆိုးဝါးဘုရင်မနှင့် လက်ယာအမတ်ကြီးတို့ထက် အနည်းငယ် ပို၍အားနည်းနေသေးသည်။
မုန့်ချီကတော့ တည်ငြိမ်နေသေး၏။ သူက ကောင်းကင်ပြစ်ဒဏ်ဓားကို ညင်သာစွာ ဝှေ့ယမ်းတိုက်ခိုက်လိုက်ရာ ထိုအရာက လေထဲတွင် လွင့်မျောလာသလို ထင်မှတ်ရသည်။
ဓားနှင့်ကြေးနီလက်စွပ်က ထိပ်တိုက်ရင်ဆိုင်လိုက်မိ၏။ သူ၏ဓားမောက် အရှိန်အဝါများက ပြီးပြည့်စုံပြီး အားနည်းသည်။ ထိုအရာက ကောင်းကင်ကြီးနှင့် ပဋိပက္ခများကဲ့သို့ ဖြစ်နေ၏။
သူ၏လက်နက်မဲ့အခြေအနေက ပြောင်းလဲမှုများအားလုံးကို စုပ်ယူနိုင်သလို လက်စွပ်ထဲရှိ ချီစွမ်းအင်များကို လွှမ်းခြုံထားနိုင်သည့်အတွက် ပေါက်ကွဲမည့် အခြေအနေ ပေါ်လာခဲ့သည်။
သဘာဝတရားကြီး၏ စည်းမျဉ်းစည်းကမ်းများအရ ပိုလျှံလာသော အရာဝတ္ထုများက ဖယ်ရှားခံရနိုင်ပြီး လိုအပ်နေသော အရာဝတ္ထုများကို ဖြည့်ဆည်းပေးရသည်။ လက်စွပ်ထဲတွင် ပါဝင်နေသော ကြောက်မက်ဖွယ်ရာ စွမ်းအင်များက ရေလှိုင်းများကဲ့သို့ အောက်ခြေကို စီးဆင်းလာပြီး ဓားမောက်စွမ်းအင်များကို ပြီးပြည့်စုံအောင် ဖြည့်စည်းပေးလိုက်သည်။ သူတို့က အသံပင်မထွက်ဘဲ ပျောက်ကွက်သွားနိုင်၏။
"ချွမ်... "
အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာသည့်အချိန်တွင် တိုက်ခိုက်သူက သူ၏ကြေးနီလက်စွပ်(၂)ကွင်းကို အချင်းချင်း တိုက်ခိုက်လိုက်သည်။
ထိုအခါ ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာပြီး မုန့်ချီက မူးဝေသွားသလို ခံစားလိုက်ရ၏။ လက်စွပ်ထဲတွင် ရှိနေသော ချီစွမ်းအင်များအားလုံးကလည်း ပေါက်ကွဲသွားခဲ့သည်။ သူတို့က မီးတောက်လှိုင်းလုံးများအဖြစ် ပြောင်းလဲပြီး မုန့်ချီ ရှိရာကို အလွန်လျှင်မြန်စွာ ပျံ့နှံ့လာခဲ့၏။
"သူက လူသားနှင့်ကောင်းကင် တစ်သားတည်း အခြေအနေကို ဖမ်းဆုပ်မိနေပြီပဲ။ ဒါကြောင့် သူက ငါ့ရဲ့ချီစွမ်းအင်စီးဆင်းမှုနဲ့ ကြွက်သားတုန့်ပြန်မှုတွေကို အာရုံခံနိုင်တယ်။ စောနတုန်းက တိုက်ခိုက်လိုက်တဲ့အရာကတော့ ထောင်ချောက်တစ်ခုပဲ.."
မည်သည့်အရာများ ဖြစ်နေကြောင်း နားလည်သွားသည့်အတွက် မုန့်ချီက အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်ကို တိတ်တဆိတ် အသုံးချလိုက်သည်။ သူက ဓားကို တည်ငြိမ်စွာ ကိုင်ထားလိုက်၏။
ထို့နောက် ပတ်ပတ်လည်သို့ တိုက်ခိုက်လိုက်သည်။ ထိုဓားချက်များက ရေလှိုင်းများကဲ့သို့ ဆင့်ကဲဆင့်ကဲ ကျရောက်လာခဲ့၏။ သူတို့က အပူလှိုင်းများဆီသို့ ရောက်ရှိသွားခဲ့ပြီး မီးတောက်များကို ရေနှင့်ငြိမ်းပစ်လိုက်သည်။
ထိုအရာကတော့ ကျွမ်းကျင်ထားခဲ့သည်မှာ အတော်လေးကြာနေခဲ့သော ဓားမောက်တာအိုအနှစ်သာရတစ်ခု ဖြစ်သည်။ ထိုအရာက ယီမြို့ထဲရှိ ထန်မိသားစုဆီမှ နားလည်လာသည့် မြစ်ခွဲခြင်းဓားပညာ ဖြစ်သည်။
တိုက်ခိုက်သူက သူ၏လက်စွပ်နှစ်ကွင်းဆီမှ စွမ်းအားကို အသုံးချပြီး သူ၏ လှုပ်ရှားမှုကို ရုတ်တရက်ပြောင်းလဲလိုက်နိုင်သည်။ သူတို့က သတိပေးထားခြင်း မရှိဘဲ မုန့်ချီ၏ ဓားသွားရှိရာကို တိုက်ခိုက်လိုက်၏။
အကယ်၍ သူ၏ဓားသွားကသာ လက်စွပ်များ၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရမည်ဆိုလျှင် တိုက်ခိုက်သူက ကြေးနီလက်စွပ်များ၏ စွမ်းရည်ကိုအသုံးချပြီး သူ့ဓားနှင့် သူ၏ထူးခြားသော စွမ်းရည်များကို လုယူသွားနိုင်သည်။
လက်စွပ်နှင့် ဓား၏အကွာအဝေးက အလွန်နီးနေသည်။ ထို့ကြောင့် ရှောင်တိမ်းရန် အလွန်နောက်ကျနေပြီဖြစ်၏။ သူက ချီစွမ်းအင်စီးဆင်းမှုကို နောက်တစ်ကြိမ် မြင်နေရသလို ထင်မှတ်ရသည်။
သူ၏ကြေးနီလက်စွပ်များက မုန့်ချီ၏ ဓားသွားကို ချုပ်နှောင်နိုင်တော့မည်ဟု မြင်လိုက်ရသည့် အချိန်တွင် တိုက်ခိုက်သူက အတော်လေး ဝမ်းသာသွားခဲ့သည်။ ထိုအချိန်တွင် သူက မျက်မှောင်ကြုတ်လိုက်မိ၏။ ကောင်းကင်ပြစ်ဒဏ်ဓားက မူလနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ထိုအရာကို တစ်စုံတစ်ခုက ထိန်းချုပ်ပြီး ရုတ်တရက် ပျောက်ကွယ်သွားသလို ထင်မှတ်ရ၏။ ထိုအရာက အလွန်ကြောက်စရာကောင်းသလို ထင်မှတ်ရသော်လည်း မုန့်ချီ၏လှည့်စားမှုသက်သက်သာ ဖြစ်သည်။
သူက စွမ်းအားအမြောက်အများကို သုံးပြီး သူ့ဓားကို လေထဲသို့ မြှောက်လိုက်ခြင်း ဖြစ်သည်။ ဓားက တိုက်ခိုက်သူ၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့၏။ ဓားချီစွမ်းအင်များကလည်း အလွန်သိပ်သည်းသောမြူခိုးများကဲ့သို့ သူ့ဆီကို ကျရောက်လာခဲ့၏။ ထို့နောက် ဓားက သူမမြင်နိုင်သော ရှုထောင့်မှနေ၍ တိုက်ခိုက်သူ၏ လည်ပင်းဆီကို ကျလာခဲ့သည်။
သူ၏ဓားက မီးခိုးငွေ့များကဲ့သို့ ဖြစ်နေ၏။ နှလုံးခုန်သံတစ်ခု ကြားနေရပြီး စိတ်ဆန္ဒများ ပေါ်လာခဲ့သည်။ ပတ်ပတ်လည်တွင် ရှိနေသော သစ်ပင်များ၊ ချုံပုတ်များက ဆက်လက်ရှင်သန်ရန် ဆန္ဒရှိလာသည်။ ညစ်ပတ်သောခြေရာများပြည့်နေသော ကြမ်းပြင်ကြီးကလည်း သန့်ရှင်းချင်နေ၏။ ဟိုမှဒီမှ ဓားချီစွမ်းအင်များ၏ လွှမ်းမိုးခြင်းကို ခံထားရသော အရာအားလုံးက မတူညီသော ခံစားချက်များ ရှိလာသလို ထင်မှတ်ရသည်။
ထိုအချိန်တွင် တိုက်ခိုက်သူ၏မျက်လုံးထဲ၌ သူက အထွဋ်အထိပ်သို့ ရောက်ရှိသွားပြီး အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်လာသည်။ သူက မီးတောက်ကမ္ဘာကြီးတစ်ခုကို တည်ထောင်၍ ကောင်းကင်ခုံရုံးကို နောက်တစ်ကြိမ် ဖန်တီးနိုင်ပါလိမ့်မည်။ တိုက်ခိုက်သူကတော့ ထိုမြင်ကွင်းများကို မျက်စိရှေ့တွင် မြင်လာရပြီး သူ့ကိုယ်သူ ထိန်းချုပ်ရန် ခက်ခဲနေ၏။
"ငါတို့က အချင်းချင်း ကူညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ တကယ်လို့ မင်းသာ အကောင်းဆုံးကြိုးစားမယ်ဆိုရင် မင်းကို သိုင်းပညာတွေ ပေးအပ်မယ်။ မင်းက အရာအားလုံးကို မျှော်လင့်လို့ ရနိုင်တယ်…”
“မင်းမှာ အရည်အချင်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဘယ်သူကမှ မင်းကို အသိအမှတ်မပြုတာ ကံဆိုးတာပဲ။ မင်းက မီးတောက်(၉)သွယ် ကောင်းကင်ချုပ်နှောင်ခြင်းစွမ်းရည်ကို လေ့ကျင့်ပြီးသွားရင် မီးတောက်သခင် တစ်ယောက် ဖြစ်လာလိမ့်မယ်။ ကောင်းကင်ခုံရုံး နောက်တစ်ကြိမ် ပြန်ပေါ်လာတဲ့အချိန်ကျရင် ဂိုဏ်းကြီးတွေ ၊ အထက်တန်းလွှာမိသားစုတွေအားလုံး မင်းကို အညံ့ခံလာအောင် လုပ်လို့ရမယ်…"
ထိုအချိန်တွင် အကာအကွယ်ချီစွမ်းအင်များ ပျက်စီးသွားခြင်းကြောင့် သူလည်း အိပ်မက်ထဲမှ နိုးထလာခဲ့သည်။ ဓားချီစွမ်းအင်များက သူ့ဆီကို ထိုးစိုက်လာခဲ့ပြီး သူ၏အရေပြားဆီမှ နာကျင်မှုကို ခံစားလိုက်ရ၏။
ထိုအခါ ကြမ်းတမ်းခက်ထန်သော ချီစွမ်းအင်များက သူ၏ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားလာပြီး ပေါက်ကွဲသံများစွာ ထွက်ပေါ်လာခဲ့သည်။ ထိုအရာက အလွန်ကြောက်စရာကောင်းသော စွမ်းအားရှိနေသည့် မီးတောက်ကြီးတစ်ခုကဲ့သို့ ဖြစ်လာ၏။
တိုက်ခိုက်သူက ထိုစွမ်းအားကို အသုံးချခဲ့ပြီး ကောင်းကင်အပြစ်ဒဏ်ဓားကို ရှောင်တိမ်းရန် နေရာပြောင်းလိုက်သည်။ ထိုအချိန်တွင် သူ၏နှလုံးခုန်သံက ရုတ်တရက် ရပ်တန့်သွားခဲ့၏။ သူ၏မျက်လုံးထဲတွင် ဓားအလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။
ထိုဓားက အလွန်တောက်ပသော မိုးခြိမ်းသံတစ်ခုကဲ့သို့ ဖြစ်နေပြီး ကြီးကျယ်ခမ်းနားလွန်းလှ၏။ ထိုဓားက ပြောင်းလဲမှုမရှိခဲ့ပေ။ ဓားတစ်လက်တည်းသာ ဖြစ်၏။ သို့သော် ပြောင်းလဲမှုမရှိခြင်းကပင် အကောင်းဆုံးပြောင်းလဲမှုဖြစ်သည်။ ထိုဓားက သူ့ဘဝတွင် မြင်ခဲ့ဖူးသမျှ အရာများအားလုံးထဲ၌ အကြီးကျယ်ဆုံး ဓားတစ်လက်ဖြစ်သည်ဟု မီးတောက်သခင်က ခံစားမိခဲ့သည်။
ထိုအရာက အန္တရာယ်အရှိဆုံး အရာတစ်ခုလည်း ဖြစ်၏။ လက်ရှိသူရောက်နေသော အခြေအနေက ထိုဓားထိပ်ဖျားဆီကို ခေါင်းနှင့် တိုးဝင်သွားသလို ဖြစ်နေသည်။ ထို့ပြင် သူက ယခုမှ ကောင်းကင်ပြစ်ဒဏ်ဓားကို ရှောင်တိမ်းလိုက်ရခြင်း ဖြစ်သည့်အတွက် နောက်ဓားတစ်လက်ကို မည်သို့ရှောင်တိမ်းနိုင်တော့မည်နည်း။
"ငါက သူ့ရဲ့ထောင်ချောက်ထဲကို ကျသွားခဲ့တာ။ သူ့ရဲ့သိုင်းပညာက အတော်လေးကို ထူးဆန်းတာပဲ။ ငါက အခုချိန်ထိ ငါရဲ့အမြင့်ဆုံး သိုင်းပညာကို မသုံးရသေးဘူး။ ငါက သူ့ကို ဖယ်ထုတ်ဖို့ပဲ ရောက်လာခဲ့တာ…."
မီးတောက်သခင်က မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ သူက မျက်လုံးပြူးနေပြီး မျက်နှာပေါ်တွင် ခံစားချက်ပေါင်းများစွာ ပြည့်နှက်နေ၏။ ထိုအချိန်တွင် သူ၏နဖူးပေါ်တွင်တော့ သွေးစီးကြောင်းတစ်ခု စီးကျလာနေခဲ့သည်။
မုန့်ချီက သူ့ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်၏။ သူက မီးတောက်သခင်၏ ခန္ဓာကိုယ်ကို ရှာဖွေတော့မည့်အချိန်တွင် ထိုခန္ဓာကိုယ်ထဲမှာနေ၍ မီးတောက်များ ထွက်ပေါ်လာသည်။ ထိုအရာများက မီးတောက်သခင်၏ ခန္ဓာကိုယ်ကို ကြောက်စရာကောင်းအောင် ဝါးမျိုသွားခဲ့၏။
နောက်ဆုံးတော့ မည့်သည့်အရာမျှမကျန်တော့ပဲ အရာအားလုံးက ပြာအဖြစ် ပြောင်းလဲ၍ အနီရောင် ကြေးနီလက်စွပ်နှစ်ကွင်းသာ ကျန်နေတော့သည်။
"မီးတောက်သခင်လား။ မင်း.. မင်း သူ့ကိုသတ်လိုက်တာလား…"
ဆူညံသံများကို ကြားသည့်အတွက် ကျန်းဟန်ချွန်က အလျင်အမြန် ပြန်ရောက်လာသည့် အချိန်တွင် မီးတောက်များ လောင်ကျွမ်းနေသော မီးတောက်သခင်ကို မြင်လိုက်ရသည်။ သူက အတော်လေးကို အံ့ဩသွားခဲ့၏။
ယခုအချိန်မျိုးတွင် ပညာရှင်အနည်းငယ်ကသာ မီးတောက်သခင်မျက်နှာဖုံးကို ဝတ်ဆင်ကြလေသည်။
Translated by Hein Htet.