အခန်း (၂၉၈)
Vol. 20 Ch. 298
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။
"ဒီလိုပညာရှင်တစ်ယောက်ရဲ့ အလစ်ချောင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရပြီဆိုရင် ချီစွမ်းအင်တွေကြောင့် သူ့ကို သတ်ဖို့ မခက်ပါဘူး…"
သူကတော့ အပြစ်ကင်းစင်သလို ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူက မီးတောက်သခင်ကို သတ်ရန် ရည်ရွယ်ထားခြင်း မရှိချေ။
"သူက မီးတောက်သခင်မျက်နှာဖုံးကို ဝတ်ဆင်ထားတယ်။ သောကကြယ် … သူတို့က အတူတူပဲလား … "
ကျန်းဟန်ချွန်က ဖြည်းညင်းစွာ ငြိမ်းသွားသော မီးတောက်များကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
"မဟုတ်ဘူး။ အရင်တစ်ခေါက်တုန်းက တစ်ယောက်ယောက်က သောကကြယ်ရဲ့ နာမည်ကို တမင်တကာ ထုတ်ဖော်လိုက်တာ ။ ကျွန်တော်တို့က အရူးမဟုတ်ဘူးဆိုတာ သိသွားတဲ့အတွက် နောက်တစ်ကြိမ် ဒီနည်းလမ်းနဲ့ အရူးလုပ်ဖို့ ကြိုးစားနေတာပဲ…”
“သူက သခင်လေးစုထက် ပိုပြီးအဆင့်နိမ့်တဲ့အတွက် သခင်လေးစုရဲ့ဓားချက်နဲ့ သေသွားတာ ကံကောင်းသွားတယ်…”
ချူးကွမ်နှင့် ပတ်သက်သော ပြဿာနာက တစ်စုံတစ်ခု မှားယွင်းနေကြောင်း မြောင်လင် တကျန်းအဖွဲ့အစည်းမှ ဒုခေါင်းဆောင် ချန်းယာစုန့်နှင့် အစိမ်းရောင် လက်ပတ်ဝတ် တိုင်ဖေးတို့က ခံစားမိနေကြသည်။ ထို့ကြောင့် သူတို့က ထိုအကြောင်းအရာကို သူတို့၏ အထက်လူကြီးများဆီသို့ သတင်းပို့ခဲ့ခြင်း မရှိချေ။ သူတို့ကသာ ထိုကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို သတင်းပို့လိုက်မည်ဆိုလျှင် ဆူပူကြိမ်းမောင်းခံရနိုင်ပြီး ရာထူးလျှော့ခံရနိုင်သည်။
ချန်းယာစုန့်က ရှန့်အဆင့် ခေါင်းဆောင်တစ်ယောက်၏ သေဆုံးမှုကိုတော့ ဖုံးကွယ်ထားခြင်း မရှိချေ။ ထို့ကြောင့် သူက ဟယ်ချွမ်ဌာနချုပ်ဆီသို့ သတင်းပို့ခဲ့သည်။ သို့သော် သူကတော့ သူ၏ ထင်မြင်ချက်မပါစေဘဲ အထက်လူကြီးများကိုသာ စီမံဆုံးဖြတ်ခိုင်းလိုက်ခြင်း ဖြစ်သည်။
မုန့်ချီက သေချာစဉ်းစားပြီး ပြောလိုက်၏။
"သူ့ရဲ့စွမ်းရည်အရ သူက ဒဏ္ဍာရီထဲက မီးတောက်သခင်နဲ့ တူနေတယ်.. "
အင်ပါယာ ဓား (၅)သွယ် ချင်ယုဆီမှ ရရှိခဲ့သော အချက်အလက်များအရ သူက အစစ်အမှန် မီးတောက်သခင်ဖြစ်ရန် အခွင့်အရေး (၈၀)ရာခိုင်နှုန်းခန့် ရှိသည်။ ယခင်တုန်းက ကြုံတွေ့ခဲ့ရသော ထောင်ချောက်များနှင့် ပေါင်းစည်းလိုက်မည်ဆိုလျှင် သောကကြယ်က တွန်းအားပေးလိုက်ခြင်းဖြစ်ကြောင်း မုန့်ချီက သေချာသိနေ၏။ သို့သော် ဒဏ္ဍာရီအဖွဲ့မှ လူအရေအတွက်ကို ယခုအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
"မီးတောက်သခင်အဖြစ် ဟန်ဆောင်ထားတယ်ဆိုတော့ သူ့ရဲ့လှုပ်ရှားမှုတွေကိုတောင် သေချာပေါက် အတုခိုးထားမှာပဲလေ…"
ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်နေရင်း ကျန်းဟန်ချွန်က ပြောလိုက်၏။
"သောကကြယ်နှင့် မီးတောက်သခင်ဆိုတာက ဘယ်သူတွေလဲ။ ဘာလို့ သူတို့တွေက သိုင်းလောကမှာ မကျော်ကြားရတာလဲ။ ဘာလို့ တစ်ယောက်ယောက်က သူတို့ကို နာမည်ဖျက်ချင်နေတာလဲ … "
မုန့်ချီက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပြောလိုက်သည်။
“အစ်ကိုကျန်းက သူတို့ကိုပဲ မေးသင့်တယ်။ တကယ်လို့ ကျွန်တော်သာ သိနေမယ်ဆိုရင် ဘာလို့ အချိန်ကုန်ခံပြီး စုံစမ်းနေရမှာလဲ … "
"သခင်လေးစု …
ယခင်တစ်ခေါက် မင်း နာမည်ဖျက်ခံရတဲ့အချိန်မှာ ငါ့ကြောင့် ထိခိုက်လုနီးပါး ဖြစ်သွားတယ်။ ဒီနေ့ မင်းက နောက်တစ်ကြိမ် ချုံခို တိုက်ခိုက်ခံရပြန်ပြီ။ သူက သိပ်ပြီး အစွမ်းမထက်တာ ကံကောင်းသွားတယ်…."
ကျန်းဟန်ချွန်က မျက်မှောင်ကြုတ်ပြီး မုန့်ချီကို လှည့်ကြည့်လိုက်သည်။
"သူတို့က မင်းကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေခဲ့တယ်။ အဲဒါက တိုက်ဆိုင်တာတော့ မဖြစ်နိုင်ဘူး။ မင်းက အကြောင်းပြချက်ကို ဖော်ထုတ်နိုင်လား။ ဒါက အရေးပါတဲ့ သဲလွန်စတစ်ခု ဖြစ်နိုင်တယ်…"
မုန့်ချီက ခဏကြာ စဉ်းစားနေပြီး အချက်အလက်တချို့ကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။
"မြောင်လင်မှာ တော်တော်လေး အန္တရာယ်များတယ်။ အစ်ကိုကျန်းလို လူငယ်ပညာရှင်တွေ အများစုက ဖိတ်ခေါ်စာတွေ ရပြီးမှ ဒီနေရာကို ရောက်လာကြတာ။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီနေရာကို အကြောင်းပြချက်မရှိဘဲ ရောက်လာခဲ့တာ။ ဒါကြောင့်လည်း ကျွန်တော်က တခြားလူတွေရဲ့ ပစ်မှတ်ထားတာကို ခံနေရတာ ဖြစ်နိုင်တယ်။ ကျွန်တော်က သူတို့အတွက် ဆူးတစ်ချောင်းဖြစ်နေမယ်လို့ သူတို့က တွေးထားနိုင်တယ်။ ဒါမှမဟုတ် ထိန်းချုပ်လို့မရနိုင်တဲ့ ကျားစေ့လေးတစ်စေ့ ဖြစ်မယ်လို့ တွေးထားနိုင်တယ်…”
“ဒါကြောင့် သူတို့က ကျွန်တော့်ကို သတ်ဖို့ အလျင်လိုနေကြတာပဲ။ ဒါပေမဲ့ ဘာလို့ ဉာဏ်ကြီးရှင်က ကျွန်တော် မြောင်လင်ကို ရောက်လာပြီး ထောင်ချောက်ထဲမှာ အသက်ရှင်လာပြီးမှပဲ ကျွန်တော့်ကို သတ်ဖို့တောင် ကြိုးစားနေရတာလဲ။ ပုံမှန်အားဖြင့် သူက ကျွန်တော့်ကို သူ့ရဲ့ကျားစေ့လေးအဖြစ် ပြောင်းလဲလိုက်လို့ ရတာပဲလေ…"
ကျန်းဟန်ချွန်၏ မျက်နှာက တည်ငြိမ်နေသည်။ သူက ခဏကြာ တိတ်ဆိတ်ပြီး ပြောလိုက်၏။
"ဒါတွေ အားလုံးကိုတော့ ငါလည်း မပြောတတ်တော့ဘူး။ ကြည့်ရတာ မင်းက ဝဲကတော့ကြီးတစ်ခုထဲကို ရောက်သွားသလိုပဲ… "
သူက ခဏရပ်ပြီး ထပ်ပြောလိုက်သည်။
"သခင်လေးစု …
ငါ တစ်ခုတော့ စဉ်းစားမိတယ်…"
"ကျွန်တော် နားထောင်နေပါတယ်…"
မုန့်ချီက စိတ်ဝင်တစား ပြန်ဖြေလိုက်သည်။
ကျန်းဟန်ချွန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
"မြောင်လင်က ဒီလောကကြီးထဲမှာ အကြီးဆုံးမြို့တွေထဲက တစ်မြို့ပဲ။ သူ့ရဲ့နေရာက အရမ်းအရေးပါတယ်။ ပညာရှင်တွေအများကြီးကလည်း ဒီနေရာကနေ သွားလိုက် ပြန်လိုက် လုပ်နေကြတာပဲ။ သူတို့တွေ အများစုက ဖိတ်ခေါ်ထားတာ မဟုတ်ဘူး။ မင်းက သူ့ရဲ့အစီအစဉ်ကို နှောင့်ယှက်မယ်လို့ ဉာဏ်ကြီးရှင်က ဘာလို့ တွေးမိရတာလဲ။ သူက ဘာလို့ မင်းကို သတ်ချင်နေရတာလဲ။ တကယ်လို့ မင်းရဲ့ စကားအတိုင်းသာဆိုရင် မြောင်လင်မြို့ထဲမှာ ပညာရှင်ပေါင်းအများကြီး အသတ်ခံနေရလောက်ပြီ… "
"ကျွန်တော်က လူငယ်မှတ်တမ်းထဲမှာ ရောက်နေလို့လည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲလေ…"
ထိုစကားကို ကြားသည့်အခါ တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု မုန့်ချီလည်း ခံစားမိနေသည်။
"ဒါမှမဟုတ် လျှို့ဝှက်သတင်းပေး တစ်ယောက်ဖြစ်နေတဲ့ ငါ့ရဲ့အဆင့်အတန်းက ဉာဏ်ကြီးရှင်ရဲ့ရှေ့မှာ ထင်ရှားနေလို့လား …"
"မဟုတ်သေးဘူး … "
ကျန်းဟန်ချွန်က ခေါင်းခါပြလိုက်သည်။
"လူငယ်မှတ်တမ်းထဲမှာ ဝင်ခဲ့ဖူးတဲ့ လူငယ်ပညာရှင်တွေ ၊ နောက်ပိုင်းမှ တိုးတက်လာတဲ့ ပညာရှင်တွေ အများကြီး မြောင်လင်ကို ရောက်လာကြတာပဲ။ သခင်လေးစုထက်ပိုပြီး အစွမ်းထက်တဲ့လူတွေလည်း အများကြီးရှိတယ်။ အဲဒါက အန္တရာယ်ကို ရှောင်တိမ်းဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား … "
မုန့်ချီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"အစ်ကိုကျန်း ပြောတာ ဟုတ်တယ်…”
“သခင်လေးစုက သူ နားလည်မှုလွဲသွားအောင် တစ်ခုခုများ လုပ်မိသေးလား စဉ်းစားကြည့်ပါဦး။ ဥပမာအနေနဲ့ ပြောရရင် မင်းက သူ့ရဲ့အစီအစဉ်ကို နှောင့်ယှက်ဖို့ ပြင်ဆင်ထားတယ်ဆိုတဲ့ အရာမျိုး သူ သိသွားအောင် လုပ်မိတာမျိုးလေ … "
ကျန်းဟန်ချွန်က ခန့်မှန်ကြည့်လိုက်သည်။
ထိုစကားကို ကြားသည့်အခါ မုန့်ချီက တစ်စုံတစ်ခုကို တွေးမိသွားခဲ့၏။
"ကျွန်တော် တကယ်ပဲ လုပ်မိခဲ့တယ်…"
ကျန်းဟန်ချွန်က အလွန်စိတ်လှုပ်ရှားလာပုံရပြီး မုန့်ချီ ဆက်ပြောမည့်အစားကို စောင့်နေခဲ့သည်။
"ကျွန်တော် သူရဲကောင်းကျောင်းဆောင်ကို သွားခဲ့တဲ့ အချိန်မှာ အင်ပါယာ ဓား(၅)သွယ် ချင်ယုက ‘မင်းရောက်လာမယ် မထင်ထားဘူး’လို့ ကျွန်တော့်ကို ပြောခဲ့တယ်။ ကျွန်တော်က ရှုပ်ထွေးသွားတဲ့အတွက် ‘မင်းတောင် ရောက်လာသေးတာ ငါလည်း ရောက်လာနိုင်တယ်’လို့ ပြန်ပြောခဲ့တယ်…"
မုန့်ချီက စကားလုံးတိုင်းကို မှတ်မိနေခဲ့သည်။
"ဘယ်သူတွေက ဖိတ်ခေါ်ခံထားရလဲဆိုတာ တခြားသူတွေက မသိနိုင်ဘူး။ ဒါပေမဲ့ ဉာဏ်ကြီးရှင်ကတော့ သေချာပေါက် သိနေနိုင်တယ်။ သူက သတ်ဖြတ်ရေးဓားကို မဖိတ်ခေါ်ခဲ့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိနေပေမဲ့ ကျွန်တော်ကတော့ ပေါ်လာခဲ့တယ်။ ဒါကြောင့် ကျွန်တော်က ဒီနေရာကို ရည်ရွယ်ချက်ရှိရှိ ရောက်လာတယ်လို့ သူတို့က သံသယဝင်နေတာ … "
ကျန်းဟန်ချွန်က တည်ငြိမ်နေသော်လည်း စိတ်လှုပ်ရှားလာခဲ့သည်။
"မင်းရဲ့တုံ့ပြန်မှုကို နားလည်မှု လွဲသွားတာ ဖြစ်နိုင်တယ်။ အဲဒီစကားကို တစ်ယောက်ယောက်က ကြားသွားသေးလား။ အဲဒီနေရာမှာ လူအများကြီး ရှိနေတာလား … "
မုန့်ချီက သေချာစဉ်းစားကြည့်ပြီး ပြောလိုက်သည်။
"သူရဲကောင်းကျောင်းဆောင်ရဲ့ ပဉ္စမအလွှာကို ပညာရှင်နည်းနည်းလောက်ပဲ ဝင်နိုင်ကြတယ်။ အဲဒီအချိန်တုန်းကတော့ အင်ပါယာဓား (၅)သွယ် ချင်ယုပဲ ရှိတယ်။ သူက ဖိတ်ခေါ်ခံထားရတဲ့အတွက် တခြားလူတွေကို ပြောပြမှာမဟုတ်ဘူးး..”
“ဪ … ဒါနဲ့ သူရဲကောင်းကျောင်းဆောင်ရဲ့ပိုင်ရှင် လူထူးလူဆန်းအဘိုးအို ရမ်ပင်ရှန့်လည်း အဲဒီမှာရှိတယ်…"
မုန့်ချီက ထိုစကားကို ပြောပြီးသွားသည့်အချိန်တွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။
"အဲဒါက လူထူးလူဆန်း အဘိုးအိုပဲ ဖြစ်နိုင်တယ်.."
ကျန်းဟန်ချွန်၏ အမူအရာကလည်း လေးနက်လာခဲ့၏။
"သက်သေတော့ မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ဒီကိစ္စကို အလေးအနက် ထားရလိမ့်မယ်…"
မုန့်ချီက ဇဝေဇဝါ ဖြစ်သွားသလို ခံစားနေရ၏။ သို့သော် ပြဿာနာက မည်သည့်အရာဖြစ်ကြောင်း သူလည်း အဖြေမရှာနိုင်ခဲ့ပေ။ ထိုအရာက ချင်ယု သို့မဟုတ် ရမ်ပင်ရှန့် ဖြစ်နိုင်၏။
ကျန်းဟန်ချွန်က သက်ပြင်းချလိုက်မိသည်။
"အဲဒါ အဓိပ္ပာယ်ရှိတယ် … "
မုန့်ချီက မီးတောက်သခင်၏ ကြေးနီလက်စွပ်ကို ကောက်လိုက်၏။
"ကျွန်တော်တို့က မီးတောက်သခင်ရဲ့ အစစ်အမှန် နောက်ကြောင်းကို စစ်ဆေးကြည့်သင့်တယ်…"
မီးတောက်သခင်၏ စွမ်းအားက အတော်လေးကို ထူးခြားသည်။ ပြိုင်ဘက်ကင်း နတ်ဘုရားစွမ်းရည်မရှိလျှင်ပင် သူ၏အစွမ်းအရ လူငယ်မှတ်တမ်း၏ ထိပ်ဆုံး (၃၀)တွင် ရှိနိုင်သည်။ သို့သော် လျှို့ဝှက်အဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေသည့်အတွက် သူ ပုံမှန် အသုံးပြုသောသိုင်းပညာနှင့် လက်နက်များက အစစ်အမှန် နောက်ကြောင်းနှင့် လုံးဝကို ကွဲပြားနေနိုင်သည်။ ထို့ကြောင့်လည်း သူက လူငယ်မှတ်တမ်းထဲတွင် လုံးဝ ပေါ်မလာခြင်းဖြစ်နိုင်၏။
သူ၏ အစစ်အမှန် နောက်ကြောင်းကို ဖော်ထုတ်ရန်လည်း ခက်ခဲနိုင်သည်။ သူတို့ကတော့ သူ၏လက်နက်နှင့် ထူးခြားသော လက္ခဏာများကို အသုံးချပြီး စုံစမ်းစစ်ဆေးရမည်ဖြစ်၏။
"ကောင်းပြီလေ ။ ငါတို့က လက် (၈)ချောင်း နဂါးပျံနဲ့ တခြားလူတွေကို အရင်ဆုံး ရှာဖို့လိုတယ်…"
လက် (၈)ချောင်း နဂါးပျံနှင့် တိမ်တောင်တန်းမှ သိမ်းငှက် (၃)ကောင်တို့ ထွက်သွားသည့်အချိန်တွင် ရှုပ်ထွေးသော ခြေရာလက်ရာများ ချန်ထားခဲ့သည်။ ထို့ကြောင့် မုန့်ချီနှင့် ကျန်းဟန်ချွန်တို့က အနီးနား ပတ်ပတ်လည်တွင် မေးမြန်းနေသော်လည်း သဲလွန်စ မတွေ့ခဲပေ။
ယခုတော့ အလွန်နောက်ကျနေပြီ ဖြစ်သည့်အတွက် သူတို့က လူခွဲလာကြပြီး သတင်းစုံစမ်းနေကြသည်။ မုန့်ချီက လမ်းလျှောက်နေရင်း မီးတောက်သခင်နှင့် လူထူးလူဆန်း အဘိုးအို၏ အကြောင်းကို စဉ်းစားနေမိ၏။
သခင်လေးဝမ်က ယုရှိုဟွေကို အကူအညီတောင်းပြီး ဖုံးကွယ်ထားသည့် အကြောင်းပြချက်ကိုလည်း သူက စဉ်းစားနေမိသည်။ သူက လျှောက်လှမ်းလာရင်း ပတ်ဝန်းကျင်က တဖြည်းဖြည်း မည်းမှောင်လာခဲ့၏။
ဆောင်းဦးရာသီ လေလှိုင်းများကလည်း အေးစက်နေသည်။ ရုတ်တရက် ဆိုသလို သူက ရပ်လိုက်ပြီး နဖူးကို လက်နှင့် ရိုက်လိုက်၏။ သူ့ကိုယ်သူလည်း အပြစ်တင်လိုက်မိသည်။
"ငါက ချင်ယုကို ဘာလို့ သွားမမေးခဲ့ရတာလဲ။ သူက တခြားလူတွေကို သွားပြောတာများ ဖြစ်နိုင်မလား …"
မုန့်ချီက ရပ်ပြီး ဦးတည်ချက် ပြောင်းလဲလိုက်၏။ သူက နောက်ကျောတွင် ဓားရှည်နှင့် ဓားမောက်တို့ကို လွယ်ထားရင်း တိတ်ဆိတ်သောလမ်းအတိုင်း လျှောက်လာ၍ ခုံယုံးဝါကျောင်းဆောင်ဆီသို့ ထွက်လာခဲ့သည်။
ထိုလမ်းက နေ့အချိန်တွင်ပင် တိတ်ဆိတ်ငြိမ်သက်နေ၏။ ညအချိန်တွင်တော့ လူတစ်ယောက်မျှ မရှိချေ။ နံရံအတိုင်း စိုက်ထားသော သစ်ပင်အရိပ်များက မကောင်းဆိုးဝါး တစ္ဆေများကဲ့သို့ ဖြစ်နေသည်။ သူတို့က အလွန်ကြောက်စရာကောင်း၏။ မှေးမှိန်နေသော လရောင်ကတော့ မသက်မသာ ခံစားမှုများကို အားဖြည့်ပေးနေသည်။
မုန့်ချီက အစစ်အမှန် မကောင်းဆိုးဝါးတစ္ဆေများနှင့် ဖုတ်ကောင်များကိုပင် မြင်ခဲ့ဖူးသည့်အတွက် လုံးဝကြောက်နေခဲ့ခြင်း မရှိပေ။ သူကတော့ အလစ်ချောင်း တိုက်ခိုက်မှုများကိုသာ သတိထားနေပြီး ရှေ့ဆက် လျှောက်လာခဲ့၏။
သူက လမ်းတစ်ဝက်ခန့် လျှောက်လာခဲ့သည့်အချိန်တွင် အေးစက်သော လေလှိုင်းတစ်ခု တိုက်ခတ်လာခဲ့သည်။ သူက အန္တရာယ်အငွေ့အသက်တချို့ကို ခံစားမိခဲ့သည့်အတွက် သတိထား၍ ဆက်လျှောက်လာခဲ့၏။
နေ့ခင်းတွင် တိုက်ခိုက်ခဲ့သော မီးတောက်သခင်၏ အလစ်ချောင်း တိုက်ခိုက်မှုကဲ့သို့ မဟုတ်ဘဲ သူကတော့ သူ၏အာရုံခံစွမ်းရည်ကို အားကိုးပြီး အန္တရာယ်ကို စစ်ဆေးနိုင်ခြင်း ဖြစ်သည်။ သူက လှုပ်ရှားမှု ၊ လူနှင့် ရန်သူ၏ အငွေ့အသက်ကိုပင် ခံစားမိခဲ့ခြင်း မရှိပေ။ ထိုအရာက သူ၏စိတ်ကူးပမာ ထင်မှတ်ရ၏။ သူ့နောက်တွင် မည်သူမျှ မရှိသလို ထင်မှတ်ရသည်။
မုန့်ချီက ရှေ့သို့ ဆက်လျှောက်လာခဲ့သည့်အချိန်တွင် အေးစက်သော လေလှိုင်းတစ်ခုက သူ့လည်ပင်းဆီကို ရောက်လာ၏။ တစ်စုံတစ်ယောက်က သူ့လည်ပင်းကို ဖြတ်ပစ်တော့မည်ဟု ခံစားနေရသည်။
မုန့်ချီက ပြန်လှည့်မကြည့်ဘဲ ကောင်းကင်ပြစ်ဒဏ်ဓားကို ဆွဲထုတ်လိုက်၏။ ထို့နောက် သူက ချီစွမ်းအင်နှင့် အရှိန်အဝါကို အစွမ်းကုန် သုံးလိုက်ရာ အကြိမ်ပေါင်း တစ်ထောင်ခန့် တိုက်ခိုက်လိုက်သလို ခံစားရသည်။ သို့သော် မုန့်ချီက မည်သည့်အရာကိုမျှ တိုက်ခိုက်မိခြင်း မရှိဘဲ လေကိုသာ တိုက်ခိုက်မိခဲ့၏။
သူ၏ အာရုံများက မှန်ကန်နေသည်။ သူ့နောက်တွင် မည်သူမျှ မရှိချေ။ သို့သော် မုန့်ချီ၏သတိပေးအာရုံများက ဆက်လက်ရှိနေသေး၏။ သူက နောက်ထပ် ရှေ့ကို တစ်လှမ်း လျှောက်လိုက်ရာ နောက်တစ်ကြိမ် အေးစက်သွားသလို ခံစားလိုက်ရပြန်သည်။
သူကတော့ အလွန်ကြောက်စရာကောင်းသော တိုက်ခိုက်မှုတစ်ခုကို ရှောင်တိမ်းလိုက်ရသည့်အလား အလွန်ကြောက်လန့်သွားခဲ့၏။
"သူက လူသားနှင့်ကောင်းကင် တသားတည်းအဆင့်ကို ရောက်နေပြီ။ ပြီးတော့ ပတ်ဝန်းကျင်ထဲမှာ ပုန်းအောင်းနေနိုင်တယ်။ ဒါကြောင့် ငါက သူ့ကို အာရုံမခံနိုင်ခဲ့တာလား။ ကောင်းကင်ကြီးနဲ့ သဘာဝကို အသုံးပြုပြီး သူက ငါ့ရဲ့ ချီစွမ်းအင်လှုပ်ရှားမှုနှင့် ကြွက်သားတုံ့ပြန်မှုတွေကို သိနေတယ်။ ဒါကြောင့် သူက ကောင်းကင်ပြစ်ဒဏ်ဓားကို ရှောင်တိမ်းနိုင်ခဲ့တာလား..”
ကျန်းဟန်ချွန်နှင့် တိုက်ခိုက်ခဲ့မှုကြောင့် မုန့်ချီက အခြေအနေကို လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။
သူက ကိုယ်တွင်းကမ္ဘာကြီးကို အသက်သွင်းလိုက်ပြီး ချီစွမ်းအားတချို့ကို ဖိနှိပ်လိုက်၏။ သူက ကြွက်သားများကတော့ ထူးဆန်းမှုများ ပေါ်မလာခဲ့ပေ။ သူက ကောင်းကင်ပြစ်ဒဏ်ဓားကို နောက်တစ်ကြိမ် သေချာဆုပ်ကိုင်ထားပြီး ရန်သူ မရှိသလို ပြင်ဆင်ထား၏။ ရုတ်တရက် ဆိုသလို ကောင်းကင်ပြစ်ဒဏ်ဓားက လှုပ်ရှားလာခဲ့သည်။
"ဖြောက် … "
ထိုအရာက စိန်ပွင့်ပုံစံ တစ်စုံတစ်ခုကို ရင်ဆိုင်မိလိုက်၏။
အလွန်ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကလည်း မုန့်ချီဆီသို့ ရောက်လာခဲ့၏။ ထိုအရာက သူ၏အတွင်းအားထက်ပင် အဆပေါင်းများစွာ ပို၍အစွမ်းထက်နေသေးသည်။
ထိုအခါ သူ၏ ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ စီးဆင်းလာနေပြီး သူ့ကို စွမ်းအားများ ခုခံရန် ကူညီပေးနေသညိ။ တစ်ချိန်တည်းတွင် မုန့်ချီက အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကိုသုံး၍ တိုက်ခိုက်လိုက်သော စွမ်းအားများကို ပြန်လည်အသုံးချလိုက်သည်။
"ဘာကြောင့်လဲ … "
ထူးဆန်းသော အသံတစ်ခု ပေါ်လာပြီး နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။
မုန့်ချီက ပြန်လှည့်ပြီး တိုက်ခိုက်တော့မည့်အချိန်တွင် လူတစ်ယောက်မျှ မမြင်ရပေ။ မှေးမှိန်နေသော လရောင်အောက်တွင် သစ်ပင်အရိပ်များကိုသာ တွေ့နေရသည်။ အကယ်၍ မုန့်ချီကသာ မာကျောသော အရာတစ်ခုကို တိုက်ခိုက်မိခဲ့ခြင်း မရှိလျှင် အိပ်မက် မက်နေသည်ဟု ခံစားမိပါလိမ့်မည်။
သူကတော့ တစ်ကိုယ်လုံး ချွေးဒီးဒီးကျနေခဲ့၏။ သူက မီးတောက်သခင်ကို သတ်ပစ်ခဲ့သည့် အချိန်နှင့် ကျန်းဟန်ချွန်၏လက်ထဲမှ ထွက်ပြေးခဲ့သည့် အချိန်ကထက်ပင် ပို၍ကြောက်လန့်နေသေးသည်။ အကယ်၍ သူသာ တုံ့ပြန်မှု နှေးကွေးသွားမည်ဆိုလျှင် သို့မဟုတ် ကိုယ်တွင်းကမ္ဘာကြီး အခြေခံအဆင့်ကို ပြင်ဆင်ထားခြင်း မရှိလျှင် လည်ပင်းပြတ်သွားလောက်ပါပြီ။
"သူက ကျန်းဟန်ချွန်ထက်ပိုပြီး အစွမ်းထက်သလို ပိုပြီးရက်စက်တယ်။ ငါက သိုင်းကွက် တစ်ကွက်တည်းနဲ့ သူ့ကို မခုခံနိုင်ဘူး။ သူက မြေခွေးတစ်ကောင်လိုပဲ … "
မုန့်ချီက သက်ပြင်းချလိုက်၏။ ဘာကြောင့် ထိုလူက သူ့ကို တိုက်ခိုက်မှန်း သူလည်း မသိခဲ့ပေ။
သူက လျင်မြန်စွာ လျှောက်လာပြီး ပို၍ သတိထားလာခဲ့၏။ လမ်းထဲတွင် အလျင်အမြန် လျှောက်လာပြီးနောက် သူက ခုံယုံးဝါကျောင်းဆောင်ကို ရောက်လာခဲ့သည်။ အစောင့်ကို နှုတ်ဆက်လိုက်ပြီးနောက် သူက ချင်ယု၏ ခြံဝန်းထဲသို့ ဝင်သွားခဲ့၏။
အထဲသို့ ရောက်သည့်အချိန်တွင် မုန့်ချီက မျက်နှာပျက်သွားခဲ့သည်။ လရောင်အောက်တွင် ချင်ယုက မုန့်ချီကို စောင့်နေသည့်အလား ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်နေခဲ့၏။
သို့သော် သူ၏ ဆံပင်များက ရှုပ်ပွနေသည်။ ဘယ်ဘက်ပုခုံးတွင်လည်း အလွန်နက်ရှိုင်းသော ခြစ်ရာကြီးတစ်ခု ရှိနေပြီး ထိုနေရာမှ သွေများ စီးကျနေခဲ့၏။ သူ၏ဒဏ်ရာကို ဆေးကြောနေရင်း ချင်ယုက တည်ငြိမ်စွာ မေးလိုက်သည်။
"မင်းက ဘာလို့ ဒီကိုရောက်လာတာလဲ။ ဘယ်သူက မင်းကို ထိခိုက်အောင် လုပ်လိုက်တာလဲ … "
မုန့်ချီက တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံ ပေါ်သည်။
ချင်ယုက နှာခေါင်းရှုံ့လိုက်၏။
"ငါ့ကို မြေခွေးတစ်ကောင် ကိုက်သွားတာ…”
“မြေခွေးဘုရင် တိုင်ရှန်လား … "
နောက်ဆုံးတွင်တော့ ရန်သူက မည်သူ ဖြစ်ကြောင်း မုန့်ချီက သိသွား၏။
ဒဏ်ရာကို ကုသလိုက်ပြီးနောက် ချင်ယုက သူ၏အဝတ်အစားကို ချွတ်လိုက်သည်။
"ဟုတ်တယ် သူပဲ ။ ပညာရှင်တွေကို အမဲလိုက်ချင်နေတဲ့ မြေခွေးတစ်ကောင်ပဲလေ။ သူရောက်လာမယ်လို့ ငါလည်း မထင်ထားဘူး..”
“မြေခွေးဘုရင်တိုင်ရှန်က မြက်ခင်းပြင်ထဲမှာ ထူးချွန်တဲ့ လူသစ်တစ်ယောက်ပဲ။ သူက မြေခွေးတစ်ကောင်လို အမဲလိုက်ရတာကို နှစ်သက်တယ်။ တစ်ခါတရံ အကြောင်းပြချက် မရှိဘဲ လူသတ်တတ်တယ်။ အဲဒါကတော့ သူ့ကိုယ်သူ တော်တယ်လို့ သတ်မှတ်ထားလို့ပဲ။ ဒါပေမဲ့ သူက မြက်ခင်းပြင်ထဲမှာရှိတဲ့ ထိပ်သီးအင်အားစုတွေကို ရန်မစခဲ့တဲ့အတွက် အရူးတစ်ယောက်တော့ မဟုတ်ဘူး။ သူက မြောင်လင်ကို ရောက်ရောက်လာချင်း ရွှမ်တျန်းဂိုဏ်းရဲ့ဆက်ခံသူနဲ့ ငါ့ကို တိုက်ခိုက်လိမ့်မယ်လို့ မထင်ထားဘူး… "
မြေခွေးဘုရင် တိုင်ရှန်၏ အချက်အလက်များက မုန့်ချီ၏ ခေါင်းထဲတွင် ပေါ်လာခဲ့သည်။
သူက ပြောလိုက်၏။
"ငါတို့က ဒီမြေခွေးအကြောင်း မြောင်လင်မှာရှိတဲ့ ယပ်တောင် (၆)လက်ကျောင်းနဲ့ ပညာရှင်တွေကို သတင်းပို့ရမယ်.. "
ချင်ယုက ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်။ ငါတို့က ဒီမြေခွေးကို အလေးအနက်ထားရမယ်။ ကျင်းအင်ပါယာထဲမှာ သူ့ထက်ပိုပြီး အစွမ်းထက်တဲ့သူတစ်ယောက်မှ မရှိဘူးလို့ သူက တွေးနေတာလား..”
“သူက အလွယ်တကူ ပုန်းနေနိုင်တယ်။ သူက ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်ကို ရန်စပြီးသွားရင်လည်း ချက်ချင်း ပုန်းနေတတ်တယ်။ တကယ်လို့ သူက ဂိုဏ်းကြီးတွေရဲ့ ဆက်ခံသူတွေ ဒါမှမဟုတ် အထက်တန်းလွှာမိသားစုက သားသမီးတွေကို သတ်ပြီးသွားရင်တောင် မြက်ခင်းပြင်ထဲ ပြန်သွားမယ်ဆိုရင် သူ့ကို ဘယ်သူမှ ရှာမတွေ့တော့ဘူး..”
မုန့်ချီက သူနှင့်တိုက်ခိုက်ချင်စိတ်များ ရှိနေသည်။ သို့သော် သူ့အစွမ်းက ကျန်းကျိဝေ၏အဆင့်မျိုး ဖြစ်နေ၏။
မြက်ခင်းပြင်က မြောက်ပိုင်းကျိုးအင်ပါယာ ၊ကျင်းအင်ပါယာတို့နှင့် တိုက်ပွဲဖြစ်နေသည်။ အကယ်၍ တိုင်ရှန်ကသာ ဂိုဏ်းကြီးများ၏ဆက်ခံသူများ အထက်တန်းလွှာ မိသားစုများမှ တရားဝင်သားသမီးများကို သတ်ပစ်လိုက်မည်ဆိုလျှင် ခေါင်းဆောင်ကြီး ကူအာဒို၏ ချီးမြှောက်မှုကို ခံရနိုင်သည်။
ကူအာဒိုဟူသည်မှာ နှစ်ပေါင်း (၅၀၀)အတွင်း ပေါ်လာရန် ခက်ခဲသော လူတစ်ယောက် ဖြစ်သည်။ သူက ခရီးသွားနေရင်း ကောင်းကင်နှင့်မြေကြီး ဖျက်ဆီးခြင်းကျင့်စဉ်ကို ရရှိခဲ့သည်။ ထို့နောက် သူက ကောင်းကင်အပြစ်ပေးခန္ဓာ ရရှိခဲ့ပြီး ကောင်းကင်မှတ်တမ်း၏ အဆင့်(၁)နေရာကို ရောက်လာခဲ့၏။
အမှန်အတိုင်းပြောရလျှင်တော့ သူက နတ်ဘုရားကိုယ်တော် ကုံဝမ် နှင့် ဆရာကြီးလုတို့ထက် ပို၍အစွမ်းထက်ခြင်း မဟုတ်ပေ။ သို့သော် ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက်ဖြစ်သော ကောင်းကင်သတ်ဖြတ်ခြင်း ပုဆိန်၏ အကူအညီကြောင့် သူက သာမန်မှော်လက်နက်များသာ ရှိနေသော ဓမ္မကာရအဆင့် ပညာရှင်များထက် ပို၍ အစွမ်းထက်နေသည်။
ထို့ပြင် ချန်းရှန့်အဖွဲ့အစည်းမှ တာ့မန်ကလည်း မြက်ခင်းပြင်ထဲမှ ဓမ္မကာရ တစ်ယောက် ဖြစ်သည်။ အလယ်ပိုင်းနယ်မြေမှ ဓမ္မကာရအဆင့် ပညာရှင်များနှင့် တိုက်ခိုက်ရာတွင် သူလည်း ပူးပေါင်းတိုက်ခိုက်တတ်၏။
Translated by Hein Htet.