← Chapters

အခန်း (၃၀၀)

Vol. 20 Ch. 300

အခန်း (၃၀၀)

Vol. 20 Ch. 300

"မြောက်ပိုင်းလမ်း … "

မုန့်ချီက ဝမ်စစ်ယွမ်၏စကားကို ပြန်ပြောလိုက်ပြီးနောက် အစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်း တိုင်ဖေးက မျက်ခုံးပင့်လိုက်မိပြီး လက်နောက်ပစ်၍ ရှေ့နောက် လျှောက်နေခဲ့သည်။

ထိုအချိန်တွင် ငွေတံဆိပ် လူဆိုးထိန်း ယုဝမ်ယွမ် ၊ ငွေကြေးဂိုဏ်း၏ ဂိုဏ်းချုပ် စွန်းကီ ၊ အင်ပါယာဓား (၅)သွယ် ချင်ယုနှင့်တခြားလူများကတော့ ကိုယ်ဆီ ထွက်သွားကြသည်။

မုန့်ချီနှင့် ကျန်းဟန်ချွန်တို့ကသာ သူနှင့်အတူ နေထိုင်ခဲ့၏။ သူတို့တွေ တစ်ယောက်မျှ စကားမပြောဘဲ တိုင်ဖေးပြောမည့် စကားကို စိတ်ရှည်လက်ရှည် စောင့်နေကြသည်။

ခဏကြာပြီးနောက် တိုင်ဖေးက ရပ်လိုက်ပြီး မုန့်ချီနှင့် ကျန်းဟန်ချွန်တို့ကို မျှော်လင့်တကြီး စိုက်ကြည့်လိုက်သည်။

"ဒီကိစ္စနှင့် ပတ်သက်ပြီး ငါက မင်းတို့ကို အကူအညီ တောင်းချင်တယ်…"

"ဘာကိစ္စများရှိလို့လဲ အစိမ်းရောင်လက်ပတ်ဝတ် တိုင် … "

ကျန်းဟန်ချွန်က ပြန်မေးလိုက်သည်။

"မြောက်ပိုင်းလမ်းက ကျင်းမြစ်ရဲ့ဆန့်ကျင်ဘက်မှာ ရှိနေတယ်။ အဲဒီမှာ လူပေါင်းစုံရှိတဲ့အတွက် ပုန်းဖို့ အကောင်းဆုံး နေရာတစ်ခုပဲ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် အဲဒီလမ်းထဲမှာ လမ်းမှားဂိုဏ်းတစ်ခုက ပညာရှင်တွေကို ရှာမယ်ဆိုရင် ငါတို့က ပိတ်ပြီး ရှာကြရတယ်။ ယပ်တောင် (၆)လက်ကျောင်း ၊ ဝမ်မိသားစုနှင့် တကျန်းအဖွဲ့အစည်းတို့ကလည်း အဲဒီလို ဆုံးဖြတ်ချက်ချထားတယ်..”

“ငါတို့ ရှာနေတဲ့သူ ထွက်မပြေးနိုင်အောင် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ဆီက ထောင့်တစ်နေရာဆီမှာ စောင့်ကြပ်ကြရတယ်။ အဲဒီနောက်ကျမှ လူဆိုးထိန်းတွေက တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်ရှာကြတာ။ တကယ်လို့ အပြစ်မရှိတဲ့လူဆိုတာ သေချာသွားရင်တော့ လမ်းပေါ်ကို ထုတ်ခံရတယ်။ ဒါကြောင့် လမ်းထဲမှာ လူအရေအတွက်က နည်းသွားနိုင်တယ်။ ပြီးတော့ လူတိုင်းက ပုန်းနေဖို့လည်း ခက်ခဲတယ်…"

သူက သူတို့သုံးနေသော နည်းလမ်းများ အကြောင်းကို အရင်ဆုံး ပြောပြနေသည်။ ယပ်တောင် (၆)လက်ကျောင်းက သူတို့၏တာဝန်အတိုင်း သေချာပေါက် လုပ်ဆောင်တတ်ကြောင်း ကျန်းဟန်ချွန်နှင့် မုန့်ချီတို့ ယုံကြည်လာအောင် ပြောပြနေခြင်းလည်း ဖြစ်သည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။ ထိုအရာက တရားမျှတမှုကို လိုလားသော အင်အားစု တစ်ခု၏ သဘောထားနှင့် အစွမ်းလည်းဖြစ်သည်။

ထို့နောက် တိုင်ဖေးက ပြောလိုက်၏။

"မြောက်ပိုင်းလမ်းက ပရမ်းပတာဖြစ်နေတာ တော်တော်လေးကို ကြာနေပြီ။ ဂိုဏ်းတစ်ဂိုဏ်းချင်းဆီ ကျောင်းတစ်ကျောင်းဆီကလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတည့်ကြဘူး။ ဒီတော့ သူတို့ရဲ့အိမ်တွေထဲမှာ တခြားနေရာတွေကို ဦးတည်နေတဲ့ လျှို့ဝှက်လိုဏ်ခေါင်း ဘယ်လောက်ရှိနေသလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ တကယ်လို့ ငါတို့က သူတို့ရဲ့ အိမ်တွေကို ပိတ်ပြီး အတင်းအကြပ် ရှာဖွေလိုက်မယ်ဆိုရင် ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားပြီး မြေခွေးဘုရင်က မြေအောက်လမ်းကြောင်းကနေ မြောင်လင်မှာရှိတဲ့ တခြားလမ်းတွေပေါ် ရောက်သွားလိမ့်မယ်…”

“မြောက်ပိုင်းလမ်းထဲမှာရှိတဲ့ ပညာရှင်တွေက မြောင်လင်မှာရှိတဲ့ ပညာရှင်တွေနဲ့ အရမ်းရင်းနှီးတယ်။ တကယ်လို့ ငါ ဝင်သွားမယ်ဆိုရင် သူတို့က သေချာပေါက် သတိထားမိမှာပဲ။ ဒါပေမဲ့ မင်းတို့နှစ်ယောက်ကတော့ လူစိမ်းတွေလေ။ အခုမှ မြောင်လင်ကို ရောက်လာကြတာ။ မင်းတို့ရဲ့ ရုပ်ရည်ကိုသာ ဖုံးကွယ်ထားလိုက်မယ်ဆိုရင် မင်းတို့က အဲဒီလမ်းထဲကို အလွယ်တကူ ဝင်သွားနိုင်ပြီး ငါတို့ရဲ့သတင်း‌ပေးဆီမှာ မြေခွေးဘုရင်ရဲ့ ခြေရာလက်ရာတွေကို စုံစမ်းလို့ရတယ်..”

“မင်းတို့က သူ့ကို တွေ့လိုက်တာနဲ့ ကျေးဇူးပြုပြီး အချက်ပြလိုက်ပါ။ ငါက ငါ့ရဲ့ရာထူးနဲ့ အာမခံနိုင်တယ်။ အချိန်တိုလေးအတွင်း ဝေ့ကျင်းအဆင့် ပညာရှင် အနည်းဆုံး တစ်ယောက်က မင်းတို့ကို ကူညီလာပေးနိုင်တယ်။ တကယ်လို့ မင်းတို့က တိတ်တဆိတ် တိုက်ခိုက်ခံရမယ်ဆိုရင်တောင် ငါတို့ရောက်လာမဲ့အချိန်အထိ ထိန်းထားလို့ ရနိုင်ပါတယ်…"

သူက မုန့်ချီတို့ သဘောတူရန် မျှော်လင့်နေခဲ့သည်။

မုန့်ချီက မြေခွေးဘုရင်ကို အလွန်မုန်းတီးနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ခံလိုက်ရခြင်းကြောင့် ဖြစ်၏။ ထိုအရာကို ခဏကြာ စဉ်းစားနေပြီးနောက် သူက ပြန်ဖြေလိုက်သည်။

"ပြဿာနာမရှိဘူး…”

“ငါက အသေးအဖွဲကိစ္စလေး‌တွေကိုတောင် လက်တုံ့ပြန်တတ်တဲ့ လူတစ်ယောက်ပဲ..”

မုန့်ချီက စိတ်ထဲတွင် တစ်ယောက်တည်း တွေးနေမိခဲ့သည်။

"ငါလည်း သဘောတူတယ်…"

ကျန်းဟန်ချွန်ကလည်း စမ်းသပ်ကြည့်ရန် ဆန္ဒပြင်းပြနေသည်။

"ကျေးဇူးအများကြီးတင်ပါတယ်။ တကယ်လို့ မင်းတို့ကသာ တစ်နေ့နေ့ ငါတို့ ယပ်တောင် (၆)လက်ကျောင်းရဲ့ အကူအညီကို လိုအပ်လာမယ်ဆိုရင် ပြောသာပြောပါ"

တိုင်ဖေးက ရင်ဘတ်ပေါ်သို့ လက်တင်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။

"ငါက ရုပ်ဖျက်တာ ကျွမ်းကျင်တဲ့ လူဆိုးထိန်းတစ်ယောက်ကို တောင်းဆိုပြီး မင်းတို့အတွက် ဝတ်စုံတွေ ပြင်ဆင်ခိုင်းလိုက်မယ် … "

"ဝတ်စုံတွေ ပြင်ဆင်ဖို့လား … "

မုန့်ချီက အတွေးတစ်ခုပေါ်လာပြီး ပြောလိုက်သည်။

"အစိမ်းရောင်လက်ပတ်ဝတ် တိုင် …

ကျေးဇူးပြုပြီး ကျွန်တော့်အတွက် အဖြူရောင်ဝတ်စုံတစ်ခု ပြင်ဆင်ပေးပါ…"

………..

မုန့်ချီက အခန်းထဲတွင် အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဝတ်ဆင်နေသည်။ သူ၏ အဝတ်အစားက နှင်းပွင့်လေးများကဲ့သို့ စွတ်စွတ်ဖြူနေ၏။ သူ၏ခါးတွင် ဓားရှည်တစ်လက်ကို ချိတ်ထားပြီး နောက်ကျောတွင်တော့ ကောင်းကင်ပြစ်ဒဏ်ဓား ပါဝင်နေသော ခရီးဆောင်အိတ်တစ်ခုကို သယ်ဆောင်ထားသည်။

အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်ပြီးနောက် မုန့်ချီက ကြေးနီမှန် ဆီသို့ လျှောက်သွားပြီး အပြုံးနှင့် သူ၏မျက်နှာကို စစ်ဆေးကြည့်လိုက်သည်။

"ငါ့ရဲ့အပြုံးက တော်တော်လှတာပဲ။ ဒါပေမဲ့ အဖြူရောင်ဝတ်စုံနဲ့ သိပ်ပြီး မလိုက်ဘူး ဖြစ်နေတယ်…"

သူက မျက်နှာကို လက်နှင့် ဖျစ်ညှစ်ကြည့်လိုက်သည်။

"လက်ရှိ ငါ့ရဲ့အပြုံးကို (၂၀)ရာခိုင်နှုန်းလောက်ပဲ သုံးသင့်တယ်။ ငါက အပြုံးထဲမှာ အေးစက်မှုတွေကို ဖုံးကွယ်ထားနိုင်မယ်ဆိုရင် ပိုကောင်းမယ်။ ဒါဆိုရင် ငါ့ပုံစံက သွေးအေးအေး ဓားသမားတစ်ယောက်နဲ့ တူသွားလိမ့်မယ်..”

“ငါ့ရဲ့ မျက်ခုံးကလည်း ဒီလိုဖြစ်လို့မရဘူး။ ငါက ပိုပြီး လေးနက်ဖို့ လိုအပ်တယ်။ မဟုတ်ရင် ငါ့ပုံစံက ပေါ့တိပေါ့ပျက် ဖြစ်သွားနိုင်တယ်..”

“မဟုတ်သေးဘူး ။ ဒီအပြုံးကတော့ လှောင်သလို ဖြစ်နေတယ်။ ဒါက ကောင်းကင်နတ်သမီး ဓားသိုင်းပညာနဲ့ မသင့်တော်‌ဘူး။ ငါက အရမ်းကြီးအထီးကျန်တဲ့ ပုံစံမျိုးလုပ်လို့လည်း မရဘူး။ ငါက သက်သောင့်သက်သာဖြစ်ဖို့လိုတယ်..”

“မဟုတ်သေးဘူး ငါ့ပုံစံက ဘာလို့ အစ်ကိုချီလို အသက်ကင်းမဲ့နေတဲ့ အမူအရာမျိုး ဖြစ်နေရတာလဲ…"

ခဏကြာပြီးနောက် မုန့်ချီက တံခါးကို တွန်းဖွင့်လိုက်သည်။

မုန့်ချီကို မြင်သည့်အချိန်တွင် အစိမ်းရောင် လက်ပတ်ဝတ် လူဆိုးထိန်း တိုင်ဖေးနှင့် ကျန်းဟန်ချွန်တို့က မျက်လုံးပြူးသွားကြသည်။ ယခင်တုန်းက သတ်ဖြတ်ရေးဓား စုမုန့်က ချောမောခန့်ညားပြီး တောင့်တင်းသန်မာသည်။

ယခုတော့ သူ့ပုံစံက လူသစ်တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ အဖြူရောင်ဝတ်စုံနှင့် သွေးအေးအေး ဓားသမားတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ ခါးတွင် ချိတ်ထားသော ဓားရှည်နှင့် ပေါင်းစည်းလိုက်သည့်အချိန်တွင် သူ့ဆီမှနေ၍ ဓားသမားတစ်ယောက်၏ အငွေ့အသက်များ ထွက်ပေါ်လာနေ၏။

"အဆင်ပြေသွားပြီ.."

တိုင်ဖေးက ရေရွတ်လိုက်သည်။

"ငါကိုယ်တိုင်တောင် ညီလေးစုကို မှတ်မိဖို့ ခက်တယ်။ လုံးဝမမြင်ဖူးတဲ့ မြောက်ပိုင်းလမ်းက လူတွေဆိုရင်တော့ ပြောမနေနဲ့တော့ … "

ကျန်းဟန်ချွန်က သူ့အတွက် အသင့်တော်ဆုံး ဝတ်စုံကို ရွေးချယ်ထားသည်။ ထိုအရာက အနည်းငယ် နေလောင်နေသော ပုံစံမျိုး ရှိနေပြီး သဘာဝတရားကြီးနှင့် တသားတည်းဖြစ်နေသည်။ ယခုသူ့ပုံစံက လယ်သမားတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူက လူငယ်မှတ်တမ်းထဲတွင် ရှိနေသော ထိပ်သီးပညာရှင်တစ်ယောက်ဟု မည်သူကမျှ ယုံကြည်လိမ့်မည် မဟုတ်ချေ။

သူက အပြုံးနှင့်ပြောလိုက်၏။

"သခင်လေးစု …

ငါတို့ အတူတူ သွားလိုက်မယ်ဆိုရင် ငါက သခင်လေးစုရဲ့ နောက်လိုက်တစ်ယောက်လို့ပဲ တခြားလူတွေက တွေးကြလိမ့်မယ်…"

"အစ်ကိုကျန်း …

ကိုယ့်ကိုယ်ကိုယ် ကျွန်တော့်ရဲ့နောက်လိုက်တစ်ယောက်လို့ မသတ်မှတ်ပါနဲ့။ သတ်မှတ်ချင်တယ်ဆိုရင်တောင် အစွမ်းထက်တဲ့နောက်လိုက်တစ်ယောက်လို့ပဲ သတ်မှတ်လိုက်ပါ…"

မုန့်ချီက သူ့ကို စနောက်၍ ပြောလိုက်သည်။

ကျန်းဟန်ချွန်က ခေါင်းခါပြီး ရယ်လိုက်မိ၏။

"ဟုတ်တယ် …။ ငါက မင်းရဲ့နောက်လိုက်တစ်ယောက်အဖြစ် ဟန်ဆောင်လိုက်မယ်။ ဒါဆိုရင် တခြားလူတွေအတွက် ထူးဆန်းမနေနိုင်တော့ဘူး…"

မုန့်ချီက သွေးကြောဓားကို ခါးမှဖြုတ်လိုက်ပြီး လက်ထဲတွင် ကိုင်လိုက်သည်။ ထို့နောက် သူက မနှေးမမြန် အရှိန်နှင့် ခန်းမထဲမှ ထွက်လာပြီး ပြောလိုက်၏။

"ဒါဆိုရင်လည်း နောက်ကနေ လိုက်လာခဲ့မှာ မဟုတ်လား…"

ကျန်းဟန်ချွန်နှင့် တိုင်ဖေးတို့က ခဏအကြာ မှင်တက်သွားကြ၏။

“သူက ဒီပုံစံကို ဒီလောက်မြန်မြန်ဆန်ဆန် ရင်းနှီးသွားပြီလား …”

သူတို့က မြောက်ပိုင်းလမ်းသို့ ရောက်လာခဲ့သည့်အချိန်တွင် တဖြည်းဖြည်း မှောင်နေပါပြီ။ သို့သော် လမ်းပေါ်တွင် လူအများအပြား ရှိနေသေး၏။ တချို့က ပန်းပွင့်များ ရောင်းနေပြီး တချို့က သကြားသုတ်ထားသော ‌အစေ့များကို ရောင်းချနေသည်။ တချို့ကတော့ အဆာပြေ စားစရာများကို ရောင်းချနေသည့်အတွက် လမ်းထဲတွင် နေ့အချိန်အလား စည်းကားနေခဲ့၏။

လမ်း၏ ဘေးနှစ်ဖက်တွင်တော့ အိမ်နိမ့်နိမ့်လေးများ ရှိနေသည်။ ဆွဲဆောင်မှုရှိသော မိန်းမပျို တချို့ကလည်း သခင်လေးတချို့ကို လာရောက်မြူစွယ် ဖြားယောင်းနေကြ၏။ သူတို့က အနီရောင်လက်ကိုင်ပုဝါများကို သုံးပြီး ညုတုတုအသံနှင့် ယောကျ်ားများကို ဆွဲဆောင်နေသည်။

"သူတို့ကို အထင်မသေးနဲ့ ။ သူတို့တွေထဲမှာ အစွမ်းထက်တဲ့ လုပ်ကြံသူတွေ ပုန်းအောင်းနေနိုင်တယ်။ သူတို့က ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်တွေနဲ့ ဖြားယောင်းနေတဲ့ အချိန်မှာ မင်းကို အချိန်မရွေး သတ်ပစ်လိုက်နိုင်တယ်…"

ကျန်းဟန်ချွန်က မြစ်အရှေ့ပိုင်း နယ်မြေခံ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် မြောင်လင်တွင် ရှိနေသော မြောက်ပိုင်းလမ်းထဲရှိ ကိစ္စများနှင့် အကြောင်းအရာများကို ကြားဖူးထား၏။

အဖြူရောင်ဝတ်စုံနှင့် မုန့်ချီကတော့ ဓားရှည်ကို ကိုင်ထားရင်း ရှေ့တည့်တည့်ကို ကြည့်၍ ပြုံးလိုက်သည်။

"အဲဒီလိုလား … "

သူက တည်ငြိမ်စွာ ပြောလိုက်သည်။

ကျန်းဟန်ချွန်ကတော့ သူ၏နောက်လိုက်အဖြစ် ဟန်ဆောင်နေရင်း ပြောလိုက်၏။

"ဟုတ်တယ် …။ သိုင်းပညာအခြေခံလောက်ပဲရှိတဲ့ လူစိမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ မသိတဲ့သူတွေကတော့ နောက်တစ်နေ့ လမ်းမပေါ်မှာ အဝတ်ဗလာနဲ့ အဆုံးသတ်သွားရနိုင်တယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးလည်း ခိုးယူခံရနိုင်တယ်။ တကယ်လို့ သူတို့က သာမန်ပဲဆိုရင်တော့ ချောင်တစ်ခုမှာ သေဆုံးသွားနိုင်တယ်…"

ထို့နောက် သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး လမ်းပေါ်တွင် ပန်းရောင်းနေသော မိန်းကလေးများနှင့် ကစားနေသော ကောင်လေးများကို ကြည့်လိုက်သည်။ သူက အသံတိုးတိုးနှင့် ပြောလိုက်၏။

"လိုအပ်လာရင် သူတို့က တခဏအတွင်း လူသတ်သမားတွေအဖြစ် ပြောင်းသွားနိုင်တယ်။ ဒါကြောင့် သူတို့ကို ခုခံဖို့ ခက်ခဲတယ်…”

“တကယ့်ကို ပရမ်းပတာ အခြေအနေတွေပါလား … "

မုန့်ချီက အေးစက်စွာ ပြောလိုက်သည်။

အလွန်ချောမောခန့်ညားသော သူ၏ရုပ်ရည်ကြောင့် အတော်များများက သူ့ကို သတိထားမိကြသည်။ ထို့နောက် မုန့်ချီက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။

"အမှန်အတိုင်းပြောရရင်တော့ ဒီလိုရှုပ်ထွေးနေတဲ့ လမ်းမပေါ်မှာ အစစ်အမှန် ပရမ်းပတာအခြေအနေ မရှိပါဘူး။ အချိန်ကြာလာတာနဲ့အမျှ စည်းမျဉ်းစည်းကမ်းတွေက နေရာတကျ ရှိလာနိုင်တယ်။ လုပ်ကြံသူတွေမှာလည်း သူတို့ရဲ့ခေါင်းဆောင်တွေ ရှိနေနိုင်တယ်။ တကယ်လို့ ကျွန်တော်တို့ကသာ အခြေအနေကို ဖမ်းဆုပ်နိုင်မယ်ဆိုရင် အမှန်တရားကို အလွယ်တကူ ရှာတွေ့မှာပဲ… "

"ဟုတ်တယ် … "

ကျန်းဟန်ချွန်က ပြန်ဖြေလိုက်၏။

"တချို့ကိစ္စတွေမှာ ပိုက်ဆံအိတ် အခိုးခံရမယ်ဆိုရင် လူဆိုးထိန်းတစ်ယောက်ကို သွားရှာတာက အသုံးမဝင်ဘူး။ မှန်ကန်တဲ့သူကို သွားရှာလိုက်မယ်ဆိုရင် ပိုက်ဆံအိတ်က အချိန်တစ်ခုအတွင်း ပိုင်ရှင်ဆီကို ပြန်ရောက်လာနိုင်တယ်။ ငါတို့အတွက်လိုအပ်နေတာက မှန်ကန်တဲ့ လူတစ်ယောက်ကို ရှာဖွေဖို့ပဲ.."

ထိုအချိန်တွင် ပန်းခြင်းကိုင်ထားသော မိန်းကလေး တစ်ယောက်ရောက်လာပြီး ပြောလိုက်သည်။

"သခင်လေး …

ကျေးဇူးပြုပြီး ဒီပန်းစည်းလေးတွေ ဝယ်ပါဦး။ မိန်းကလေးတွေ အားလုံးက ဒီပန်းစည်းတွေ ကြိုက်ကြတယ်…"

သူမက အသက် (၁၄)နှစ် ၊ (၁၅) နှစ် အရွယ်သာရှိပြီး လူအုပ်ကြီးကို တိုးထွက်လာရန် ကြိုးစားနေသည်။ သူမက ဓားအိမ်ထဲတွင် ရှိနေသော ဓားကို မြင်လိုက်ရသည့် အချိန်တွင် သူမ၏ ခြင်းတောင်းနှင့် ဓားက တိုက်မိသွားသည့်အတွက် သံချင်း ထိခိုက်သံတစ်ခု ထွက်ပေါ်လာသည်။ သူမ၏မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့၏။ သို့သော် အဖြူဝတ်လူချောလေးကတော့ သူမကို စိုက်ကြည့်နေသေးသည်။

မုန့်ချီက စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။ ထိုအရာက လူ့အဖွဲ့အစည်းတွင် အမှိုက်များ ဖြစ်နေသည်။ အကယ်၍ သူ့ဆီ၌ အခွင့်အရေးရှိခဲ့မည်ဆိုလျှင် ကလေးများကို လူမဆန်သော လုပ်ကြံသူများအဖြစ် လေ့ကျင့်ပေးသူများကိုသာ သတ်ပစ်ချင်နေသည်။

"လီရှင်းကုံက အဲဒီလို မှန်ကန်တဲ့ လူတစ်ယောက်ပဲ.. "

သူက သူတို့၏ ဦးတည်ချက်ကို တည်ငြိမ်စွာ ရေရွတ်လိုက်သည်။ ထိုအရာများ ဖြစ်ခဲ့ပြီးနောက် ပန်းရောင်းသူများနှင့် စားစရာရောင်းသူများက သူတို့ကို မနှောင့်ယှက်ကြတော့ပေ။

လီရှင်းကုံက မြောက်ပိုင်းလမ်းထဲတွင် ရှိနေသော သာမန်ခေါင်းဆောင်ငယ်များထဲမှ တစ်ယောက် ဖြစ်သည်။ သူ့အနားတွင် ဓားရှည်သမားများ ၊ ဓားမောက်သမားများ ရှိကြ၏။ သူ့ဆီတွင် သတင်းသမားအဖွဲ့တစ်ခု ရှိနေပြီး ယပ်တောင်(၆)လက်ကျောင်းအတွက် တိတ်တဆိတ် လုပ်ဆောင်ပေးနေသည်။ အစိမ်းရောင်လက်ပတ်ဝတ် တိုင်ဖေးက သူ့ကို သွားရှာရန် သူတို့ကို ပြောလိုက်ခြင်းဖြစ်၏။

…………..

ယနေ့ညတွင် လရောင်က မှေးမှိန်နေသည်။ လမ်းမကြီးပေါ်တွင် လရောင်ကျဆင်းခြင်း မရှိသည့်အတွက် အိမ်များထဲမှ ထွက်ပေါ်လာသော ဖယောင်းတိုင်မီးများကလွဲလျှင် အမှောင်ထုကြီးသာ လွှမ်းခြုံနေသည်။

အဆောက်အဦးငယ်လေးတစ်ခုထဲတွင် ..

လီရှင်းကုံက လက်တစ်ဖက်တွင် ဓားတစ်ချောင်းကို ကိုင်ထားပြီး တခြားလက်တစ်ဖက်ကတော့ သူ့ခါးတွင် ရှိနေသော ဒဏ်ရာကို အုပ်ထားသည်။ သူက တိုင်လုံးကြီးတစ်လုံးကို မှီထားရင်း သူ့ရှေ့တွင် ရှိနေသော လူအနည်းငယ်ကို ကြည့်နေ၏။

သူက ပြောလိုက်သည်။

"ငါတို့က ညီအစ်ကိုတွေပဲ။ ဘာလို့ မင်းတို့က ငါ့ကို သစ္စာဖောက်ရတာလဲ။ ဘာကြောင့်လဲ … "

သူ၏ လက်ချောင်းလေးများ ကြားထဲမှ၍ သွေးများစီးကျလာနေသည်။ သူက ဆိုးဆိုးရွားရွား ဒဏ်ရာရနေကြောင်း သိသာနေ၏။ အခန်းထဲတွင်ရှိနေသော ဖယောင်းတိုင်မီးများကလည်း လှုပ်ရှားနေသည်မှာ အမှောင်ထဲရှိ အရိပ်များကဲ့သို့ ဖြစ်နေသည်။ ထိုအရာက အလွန်ကြောက်စရာကောင်၏။

"မင်းက အမှန်ကို မမြင်နိုင်သေးတာပဲ။ မင်းက မြွေဘုရင်ရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်တယ်။ မင်းက ငါတို့တွေရဲ့အသက်ကို စွန့်စားဖို့တော့ ခိုင်းချင်တယ်။ သူတို့ဆီမှာ ငါတို့ သေမလောက် လိုချင်နေတဲ့ ရတနာတွေ ၊ ရာထူးတွေနဲ့ ကြွယ်ဝချမ်းသာမှု‌တွေ ရှိတယ်လေ။ ဒါပေမဲ့ မင်းကတော့ ကိုယ့်အတွက်နဲ့ နေရာရဖို့ပဲ တွေးတယ်။ ငါတို့အတွက် စဉ်းစားမပေးဘူး။ ဒါနဲ့များ ငါတို့ရဲ့ ညီအစ်ကိုလို့ သတ်မှတ်ထားသေးတာလား…"

ထိုလူက အသက်(၃၀)သာ ရှိပြီး အတော်လေး ခန့်ညားသည်။ သူ၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေခဲ့၏။ သူလုပ်ဆောင်ခဲ့သည့် အရာများကြောင့် သူက အနည်းငယ် လှုပ်ရှားနေသည်။

သူ့လက်ထဲတွင် ကိုင်ထားသော ဓားကတော့ အလွန်တည်ငြိမ်နေသေး၏။ ဓားထိပ်ဖျားမှနေ၍ သွေးစက်များ စီးကျလာနေသေးသည်။ ထိုအရာက လီရှင်းကုံ၏ ခါးကို ထိုးစိုက်ခဲ့သော ဓား ဖြစ်၏။

ဓားကိုင်ထားသော လူအပြင် လီရှင်းကုံ၏ အနားတွင် တခြားလူ (၄)ယောက် ရှိနေသည်။ သူတို့ကတော့ လီရှင်းကုံ၏ နေရာကို လုယူချင်နေသော လူများဖြစ်ကြ၏။ ယခင်ကတော့ သူတို့က လီရှင်းကုံ၏ လက်အောက်ငယ်သားများဖြစ်ကြသည်။ သို့သော် ယခုတော့ သူတို့အားလုံးက သူ့ကို သစ္စာဖောက်သွားကြ၏။

သူ၏ခန္ဓာကိုယ်တွင် ဓားဒဏ်ရာရနေသော်လည်း သူ့လူများ၏ သစ္စာဖောက်မှုကြောင့် လီရှင်းကုံ၏ ရင်ထဲတွင် နာကျင်နေရသည်။ သူက အံကြိတ်လိုက်ပြီး ထွက်ပြေးရန် လမ်းကြောင်းတစ်ခု စဉ်းစားနေခဲ့၏။ ထိုအချိန်တွင် သူက ပြတင်းပေါက်ဆီကို လှည့်ကြည့်လိုက်မိသည်။

လီရှင်းကုံကို ဓားနှင့် ထိုးခဲ့သော လူကလည်း သူကြည့်နေသည့်နေရာကို လှမ်းကြည့်လိုက်၏။ အဆောက်အဦး၏ အပြင်ဘက်သစ်ပင်ပေါ်တွင် ချောမောခန့်ညားသော အဖြူဝတ်လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ ခံစားချက်ကင်းမဲ့နေသော သူ၏မျက်လုံးများက သူတို့ကို စိုက်ကြည့်နေ၏။

အလွန်သိမ်မွေ့ညင်သာသော သူ့ပုံစံက တည်ငြိမ်ပြတ်သားမှုကို ထိန်းချုပ်ထားပြီး သူ့လက်ထဲတွင် ကိုင်ထားသော ဓားတစ်လက်ကဲ့သို့ အေးစက်နေသည်။

ထို့နောက် သူက အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။ ထိုအရာက သူ့ဘဝတွင် မြင်ခဲ့ဖူးသမျှ အလင်းတန်းများထဲတွင် အလှပဆုံး အလင်းတန်းတစ်ခုလည်းဖြစ်၏။ ထိုအရာက အလင်းရောင်ကို နောက်ဆုံးမြင်လိုက်ရခြင်းလည်းဖြစ်သည်။

မုန့်ချီက လယ်သမားပုံစံ ကျန်းဟန်ချွန်နှင့်အတူ အဆောက်အဦးသို့ ဝင်လာခဲ့သည့် အချိန်တွင် ထိုလူ၏အလောင်းက မြေပေါ်သို့ လဲကျသွားခဲ့၏။

"မြွေဘုရင်နဲ့ ပူးပေါင်းတော့ ဘာအကျိုးအမြတ်တွေ ရှိမှာလဲ…"

သူက ဓားကို အောက်သို့စိုက်ထားပြီး ဓားမှနေ၍ သွေးစက်များ တစက်စက် ကျဆင်းလာနေသည်။

တခြားလူ (၄)ယောက်ကတော့ အတော်လေးကို ကြောက်လန့်နေကြပြီး အသံပင် မထွက်နိုင်ကြပေ။ သူတို့က မြောက်ပိုင်းလမ်းထဲတွင် နာမည်ကျော်လုပ်ကြံသူများ ဖြစ်ကြ၏။

သူတို့က မျက်နှာချင်းဆိုင်တွင် ရှိနေသော အဖြူဝတ်မုန့်ချီ၏ နောက်ကျောကို မြင်လိုက်ရသည့်အချိန်တွင် အချင်းချင်း မျက်လုံးနှင့် အချက်ပြလိုက်ပြီး သူတို့၏ ဓားများကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။ သူတို့က နေရာဖြန့်ခွဲလိုက်ကြပြီး ပူးပေါင်းတိုက်ခိုက်ရာတွင် ကျွမ်းကျင်ကြ၏။

ထိုအချိန်တွင် ဓားအလင်းရောင်တစ်ခု တောက်ပလာပြီး သူတို့အားလုံး၏ လည်ပင်းကို ဖြတ်သွားခဲ့၏။ တစ်ချိန်တည်းတွင် လူ (၃)ယောက်က လည်ပင်းကို လက်နှင့်အုပ်ပြီး မြေပေါ်သို့ လဲကျသွားခဲ့သည်။

"အခု မင်းက ငါ့ရဲ့မေးခွန်းကို ဖြေနိုင်ပြီလား…"

မုန့်ချီ၏ လေသံက အလွန်တည်ငြိမ် အေးစက်နေသည်။ သူက သံသရာအရှင်သခင်၏ စကားပြောဆိုပုံကို အတုခိုးထားခဲ့၏။

သူက ကျန်းဟန်ချွန်ကိုတော့ မျက်လုံးနှင့် အချက်ပြလိုက်ပြီး လီရှင်းကုံဆီကို သွားခိုင်းလိုက်သည် ။

"ကျွန် … ကျွန်တော် ပြောပြပါ့မယ်…"

အသက်ရှင်ကျန်နေသူက အလွန်ကြောက်လန့်သွားပြီး တစ်ကိုယ်လုံး တုန်ယင်နေခဲ့လေသည် ။

Translated by Hein Htet.

All Chapters