အဓိပ္ပါယ်ရှိရှိ! အံ့ဩစရာတော်ဝင်ဆေးစွပ်ပြုတ်! ၂
Vol. 46 Ch. 678
"ဝန်ကြီးလု... ကျွန်တော်ကူညီနိုင်တာများရှိလား?''
ချင်လင်က ဇဝေဇဝါနှင့်မေးလိုက်သည်။
ဝန်ကြီးလု ရှင်းပြသည်_
"အားဖြည့်ဆေးရည်ကြောင့်မဟုတ်ပါဘူး... ခေါင်းဆောင်နဲ့ငါက တရုတ်တိုင်းရင်းဆေးကိုပိုပြီးအာရုံစိုက်ဖို့အကြံပြုထားတယ်... အကြံပြုချက်အောင်မြင်သွားပြီ... အဲဒါကြောင့် အခု အထက်လူတွေကလည်း တရုတ်တိုင်းရင်းဆေးသုတေသနအတွက် ဗျူဟာအသစ်လေ့လာနေတယ်... အနည်းဆုံးတော့ သုတေသနကိုအနောက်တိုင်းဆေးကထိန်းချုပ်ထားခွင့်မပေးနိုင်ဘူး''
"ပြီးတော့ ဆေးပညာကျွမ်းကျင်တဲ့တရုတ်တိုင်းရင်းဆေးပညာရှင်ကြီးတွေကိုလည်း ငါရှာထားတယ်... သူတို့ကို တရုတ်သိပ္ပံအကယ်ဒမီထဲသွင်းပြီး လောလောဆယ် တရုတ်တိုင်းရင်းဆေးသုတေသနဌာနဖွဲ့စည်းမယ်... နာမည်ကြီးတရုတ်တိုင်းရင်းဆေးမိသားစုက တိုင်းရင်းဆေးပညာရှင်ကြီးလည်းပါတယ်... ပထမတော့ သူကထွက်မလာချင်ဘူး... ဒါပေမဲ့ သူ့မိသားစုလုပ်ငန်းက ဆေးပြုတ်ရည်ပြောင်းသွားလို့''
"သူ့ကိုငါစိတ်ရင်းနဲ့သိမ်းသွင်းလိုက်တာ... ဒီအတောအတွင်း အထက်လူတွေက တရုတ်တိုင်းရင်းဆေးလျှို့ဝှက်နည်းတွေရှာပြီး အာနိသင်ကိုသက်သေပြကြတယ်... လတ်တလော လက်တွေ့စမ်းသပ်ချက်တွေလုပ်နေတယ်... အလားတူဆေးအာနိသင်တွေက အနောက်တိုင်းသုတေသနနဲ့ယှဉ်ရင် ကုန်ကျစရိတ်အများကြီးသက်သာတယ်''
"ဒါ ကောင်းတဲ့ကိစ္စပဲ!''
တရုတ်တိုင်းရင်းဆေးအတွက် ချင်လင်ဝမ်းသာမိသည်။
အခုတလော သူတရုတ်တိုင်းရင်းဆေးလေ့လာနေသည်။ သူသိထားသောဆေးပင်အချက်အလက်များကြောင့် တရုတ်တိုင်းရင်းဆေးကအလွန်အသုံးတည့်မှန်း သူသိလာသည်။
သို့ရာတွင် လူ့အဖွဲ့အစည်းတိုးတက်လာမှုနှင့်အကြောင်းအမျိုးမျိုးကြောင့် တရုတ်တိုင်းရင်းဆေးတိမ်ကောလာသည်။ တရုတ်ဆေးပညာသုတေသနကို အနောက်တိုင်းဆေးအားထိန်းချုပ်ခွင့်ပေးလိုက်ခြင်းက တရုတ်တိုင်းရင်းဆေးပညာရှင်များကိုကြိုးကွင်းစွပ်ခြင်းပင်။
အရင်က နှစ် ၆၀ ကျော်လူနာများကုသခဲ့သော သမားတော်ကြီးလောင်ယောင်အကြောင်း သူသတင်းတစ်ပုဒ်ဖတ်ဖူးသည်။ နိုင်ငံထဲ အနောက်တိုင်းဆရာဝန်များသိပ်မရှိသေးချိန်၊ သူကလူတွေအများကြီးကယ်တင်ပေးခဲ့သည်။ (ဖြစ်ရပ်မှန်)
သို့ရာတွင် အနောက်တိုင်းဆေးဖွံ့ဖြိုးလာပြီး အသိအမှတ်ပြုလက်မှတ်စနစ်အကောင်အထည်ဖော်လာသောကြောင့် လိုင်စင်မရှိဘဲဆေးပညာတတ်မြောက်လာသူများ ပိတ်ပင်ခံရ၊ဒဏ်တပ်ခံရသည်။
ထိုသမားတော်လောင်ယောင်၏ဆေးပညာအရည်အချင်းကို ဒေသခံပြည်သူများက အသိအမှတ်ပြုထားသည်။ ဆေးရုံမှာယွမ်ထောင်ချီကုန်ရင် သူ့ဆီမှာရာဂဏန်းနှင့် ဆေးပြုတ်ရည်သောက်ပြီးပျောက်နိုင်သည်ဟုတောင်ဆိုကြသည်။
သို့ရာတွင် သမားတော်လောင်ယောင်မှာပိတ်သိမ်းခံရရုံတင်မက မြို့နယ်ကျန်းမာရေးဌာန၏ရုံးတင်ခြင်းကိုပါခံရသည်။
တရားရုံးတာဝန်ခံက သမားတော်လောင်ယောင်၏အမှုကိုအမိန့်ချခါနီးအချိန်၊ လမ်းတွင်အဆိပ်ပြင်းမြွေကိုက်ခံရသောအမျိုးသမီးတစ်ဦးနှင့်ဆုံသည်။
ထိုအဆိပ်ရှိမြွေမှာ ဆေးရုံပို့လျှင် လုံးဝအချိန်မီကုသနိုင်မည်မဟုတ်။ ကုသရင်တောင် အဆိပ်အာနိသင်များကျန်လိမ့်မည်။
နောက်ဆုံး ထိုအမျိုးသမီးကို လောင်ယောင်ဆေးခန်းပို့လိုက်သည်။ သူမကို ဆေးပင်များသုံးပြီး အလွယ်တကူကုသနိုင်လေသည်။ ဒီတော့မှ တရားရုံးတာဝန်ခံက လောင်ယောင်မှာ တကယ်အရည်အချင်းရှိမှန်းသိသွားသည်။ ဆေးရုံကဆရာဝန်တွေတောင် မယှဉ်နိုင်။
ဒီဖြစ်ရပ်ပြီးနောက်ပိုင်း လူတိုင်းအတွေးတစ်ခုဝင်သွားလိမ့်မည်။ ရလဒ်က ကျေနပ်စရာမဟုတ်လား?
ဖြစ်ချင်တော့ ဒီလို။
နောက်ဆုံး တရားရုံးတာဝန်ခံက လောင်ယောင်ကိုဆေးကုသခွင့်ပေးနိုင်သည်ဆိုသော်လည်း ဆေးပညာအရည်အချင်းပြည့်မီကြောင်းလက်မှတ်ယူခိုင်းသည်။
အသက်အရွယ်ရပြီး ပညာမသင်ခဲ့တဲ့လောင်ယောင်အဖို့ အနောက်တိုင်းဆေးစာအုပ်တွေဖတ်ပြီး အနောက်တိုင်းဆေးပညာစာမေးပွဲဖြေဖို့ဆိုတာ မခက်ပါလား?
လောင်ယောင်ကထိုတောင်းဆိုချက်ကြောင့် ချက်ချင်းငြင်းဆိုပြီး ဆေးမကုနိုင်တော့ကြောင်း၊ တပည့်မမွေးနိုင်တော့ကြောင်း ကြေညာခဲ့သည်။
နောက်ပိုင်း လောင်ယောင်ကုနိုင်သောရောဂါမျိုးကို ဆေးရုံတက်ခွဲစိတ်ရကြောင်း၊ ငွေကုန်ကြေးကျများသော်လည်း မကုသနိုင်ကြောင်း ကြားရလေ့ရှိသည်။
သို့သော် အခု အားဖြည့်ဆေးရည်ကြောင့် တရုတ်တိုင်းရင်းဆေးမျှော်လင့်ချက်ရောင်ခြည်သမ်းလာပြီ။ တရုတ်တိုင်းရင်းဆေးကိုပိုအာရုံစိုက်ဖို့ နောက်မကျလောက်သေး။
ဘာပဲဖြစ်ဖြစ် ကျွမ်းကျင်ဆေးပညာအရည်အချင်းရှိသော တရုတ်တိုင်းရင်းဆေးပညာရှင်များလည်း မပျောက်ကွယ်သေး။ သူတို့က လက်ရှိအရည်အချင်းစစ်ဆေးသောနည်းကိုအဖက်မလုပ်ခြင်းပင်။
ဒီလူတွေသာမရှိတော့ရင် တရုတ်တိုင်းရင်းဆေးက အတိတ်တစ်ခုဖြစ်သွားလိမ့်မည်။
တစ်ဖက်တွင် ချင်လင်က ဂိမ်းထဲတွင်ဒေါက်တာ Dott ရှိသည်၊ သူလည်းတရုတ်တိုင်းရင်းဆေးအတွက်ပါဝင်ဆောင်ရွက်နိုင်သည်ဟု ခံစားမိသည်။
အမှန်အတိုင်းဆိုရရင် အခုသူ့အတွက်ပိုက်ဆံကအရေးမပါတော့။
စနစ်နဲ့ဂိမ်းကိုအသုံးချပြီး အဓိပ္ပါယ်ရှိတဲ့အလုပ်တွေလုပ်တာကောင်းမည်။
ဒါ တရုတ်တိုင်းရင်းဆေးတစ်ခုတည်းမဟုတ်။
ဥပမာ - သန့်စင်မြက်ပျိုးထောင်ပြီး သူ့နိုင်ငံရဲ့လေအရည်အသွေးကိုထိန်းထားခြင်း၊ ဒါမှမဟုတ် သူ့နိုင်ငံမှာပိုက်ဆံသဲ့ယူနေတဲ့ရှင်းကျန့်တယ်ရဲ့ငွေအိတ်နှစ်အိတ်ကိုဖယ်ရှားမယ့်ကိုလာသီးကိုစောင့်နေခြင်း။
ရှင်းကျန့်တယ်က တကယ်စိတ်ပျက်စရာ။
နောက်အတွေးက စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ထဲတွင် ကန္တာရထဲရှင်သန်နိုင်သောသဲမြက်တစ်မျိုးရှိသည်။
ကျွန်ုပ်တို့ကန္တာရမြေမှာ စတုရန်းကီလိုမီတာ ၁ သန်းနီးနီးရှိသည်။
ထိုသဲမြက်ကိုဂိမ်းထဲကယူလာနိုင်မလား သူမသိ။
ဒီလိုအတွေးမျိုးနဲ့ ဦးနှောက်မရှိဟုဝေဖန်ခံရမှာ မြင်ယောင်သေးသည်။
ဘာပဲဖြစ်ဖြစ် လူအဖွဲ့အစည်းက ပိုပိုပြီးတကိုယ်ကောင်းဆန်လာသည်လေ။
သို့ရာတွင် ကပ်ဘေးနှင့်ကြုံလည်း လှည့်မပြန်သောအဖြူရောင်နတ်သားများလို၊ စိန်ခေါ်မှုတစ်ခုပြီးတစ်ခုလက်ခံသောဆရာဝန်များလို၊ လူသားတွေမှာလုပ်နိုင်စွမ်းသာရှိရင် အဓိပ္ပါယ်ရှိတာလုပ်ကြစမြဲ။
နောက်ပြီး အတော်များများမှာ ဒီလိုအတွေးမျိုးရှိလိမ့်မည်ဟု သူယုံကြည်ထားသည်။ သူတို့မှာလုပ်နိုင်စွမ်းမရှိရင် မတတ်သာ။
ထို့နောက် ဝန်ကြီးလုက ဆေးပင်များရေးထားသောစာရွက်ကို ချင်လင်ဆီပေးကာ_
"သူဌေးချင်... ဒါတရုတ်တိုင်းရင်းဆေးနည်းပါ... ဒါမင်းကိုတောင်းဆိုချင်တဲ့ဆေးနည်းပဲ''
"ဒီဆေးနည်းကို ပြတိုက်မှာတွေ့ခဲ့တာ... ကြည့်ရတာ ရှေးခေတ်က ဘုရင်ကိုအထူးဆက်သတဲ့ဆေးနည်းဖြစ်မယ်''
"တရုတ်တိုင်းရင်းဆေးပညာရှင်တွေက ဒီဆေးနည်းအကြောင်း ငြင်းခုံနေကြတာ... တချို့က ဆေးနည်းလို့ထင်တယ်... တချို့က ဆေးစွပ်ပြုတ်လို့ပြောတယ်''
"ဒါပေမဲ့ ဒီပါဝင်ပစ္စည်းတွေကိုဖော်ဖို့ ငါမတတ်နိုင်ဘူး... အဲဒါကြောင့် ဒီဆေးနည်းကိုမင်းဆီယူလာတာ''
ချင်လင်ကတအံ့တဩနှင့် ဆေးနည်းယူလိုက်သည်။
ရှေးခေတ်က ဘုရင်ကိုအထူးဆက်သတဲ့လျှို့ဝှက်ဆေးနည်းတချို့ရှိကြောင်း သူသိသည်။
ထိုဆေးများကို ရှင်ဘုရင်သာသုံးဆောင်နိုင်သည်။ တခြားသူတွေဖော်စပ်ရဲရင် ရာဇဝတ်မှုကျူးလွန်ရာမြောက်သည်။
သူဒါကိုမငြင်း။
ဘုရင်ကိုအထူးဆက်သသောလျှို့ဝှက်ဆေးနည်းဖြစ်၍ ဝန်ကြီးလုရှာထားသောတရုတ်တိုင်းရင်းဆေးပညာရှင်များအကြား သဘောထားကွဲလွဲမှုလည်းရှိနေသည်။ ဒီလျှို့ဝှက်ဆေးနည်းက အံ့ဩစရာကောင်းလိမ့်မည်။