လက်ဝါးကြီးအုပ်ခြင်း? ၂
Vol. 46 Ch. 684
အရည်အသွေး ၂ အများကြီးမရသော်လည်း ဆေးစွပ်ပြုတ်သုံးဖို့အလျှံအပယ်ရှိသေးသည်။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကိုဆေးဥယျာဉ်သွားပြီး ဆေးပင်များထပ်စိုက်စေသည်။
ဒီဆေးဥယျာဉ်မှာ အသုတ်တိုင်း အရည်အသွေး ၂ မထွက်နိုင်သောကြောင့် ဆေးပင်အားလုံးအရည်အသွေး ၂ ရအောင်စုရန် နည်းနည်းအချိန်ပိုယူရသည်။
တော်ဝင်ဆေးစွပ်ပြုတ်တွင် အသက်ရှည်စေသောအာနိသင် +၃ ရှိနိုင်မရှိနိုင်မှာ ဒီအရည်အသွေး ၂ ဆေးပင်များအပေါ်မူတည်သည်။
ဆေးပင်စိုက်ပြီးပြီးချင်း တံခါးလာခေါက်သံကြားရသည်။
ချင်လင်ကတံခါးဖွင့်လိုက်ရာ ဝန်ကြီးလုအလောတကြီးဝင်လာပြီး_
"သူဌေးချင်... မင်းကိုဒုက္ခထပ်ပေးရဦးမယ်''
"ဘာဖြစ်လို့လဲ ဝန်ကြီးလု?''
ချင်လင်က ဇဝေဇဝါနှင့်မေးသည်။
ဝန်ကြီးလုကရှင်းပြသည်_
"ငါတော်ဝင်ဆေးစွပ်ပြုတ်လျှို့ဝှက်နည်းကိုပြန်ပို့လိုက်တယ်... ဆေးပြုတ်ရည်လုပ်တာတော်တဲ့တရုတ်တိုင်းရင်းဆေးပညာရှင်ကြီးတစ်ဦးက မင်းရဲ့နည်းအတိုင်း ဆေးစွပ်ပြုတ်လုပ်ခဲ့တယ်... ဒါပေမဲ့ ရလဒ်က အရမ်းကွာနေတာ... အဲဒါကြောင့် ဗီဒီယိုမှတ်တမ်းယူထားပြီးတော့ ဗီဒီယိုထဲကအတိုင်း တစ်ဖက်လူကိုလိုက်လုပ်စေချင်လို့''
ထိုစကားကြားပြီး ချင်လင်သဘောပေါက်လိုက်သည်။ ဒါဗီဒီယိုမှတ်တမ်းတင်ထားပြီး လေ့လာနိုင်တာမျိုးမဟုတ်။
သူ ဆရာလင်းကိုတစ်ဆင့်ချင်းသင်ပေးဖူးသည်။ ဆရာလင်းမှာအကြာကြီးလေ့ကျင့်နေခဲ့သော်လည်း စနစ်အရည်အသွေးအတိုင်းမဖန်တီးနိုင်ချေ။
သို့ရာတွင် ဒီအခြေအနေကိုထုတ်ပြောလို့မဖြစ်။ ဝန်ကြီးလုကပြောမှတော့ သူကခေါင်းညိမ့်သဘောတူရုံသာ_
"ဝန်ကြီးလု... စားဖိုဆောင်ထဲသွားရအောင်!''
"ကျေးဇူးပါပဲ သူဌေးချင်''
ဝန်ကြီးလုက ပြုံးပြုံးရွှင်ရွှင်နှင့်ဆိုသည်။
ချင်လင်ကစားဖိုဆောင်ထဲသွားပြီး ဆရာလင်းကို တော်ဝင်ဆေးစွပ်ပြုတ်အတွက်လိုအပ်သော ဂိမ်းထုတ်ကုန်ဆေးပင်များယူခိုင်းလိုက်သည်။
ဆရာလင်းကမှာသည့်အတိုင်း ဆေးပင်များကိုတစ်မျိုးချင်းရွေးလာသည်။ ချင်လင်ကိုကူပြီး အိုးဆေး၍ တန်ဆာပလာများပြင်ထားလိုက်သည်။

ချင်လင်ဆေးစွပ်ပြုတ်စလုပ်သည်နှင့် ဝန်ကြီးလုလည်း အကောင်းဆုံးရှုထောင့်မှနေ၍ ဖုန်းနှင့်မှတ်တမ်းတင်ထားသည်။
စီနီယာတရုတ်တိုင်းရင်းဆေးပညာရှင်ချူချင်းဖုန်းက သူဌေးချင်လုပ်ပုံကိုင်ပုံကိုဗီဒီယိုမှတ်တမ်းတင်ထားရင် ဒီအတိုင်းတထပ်တည်းလုပ်နိုင်သည်ဟုဆိုသည်။
ဆရာလင်းက ဝန်ကြီးလု၏ရည်ရွယ်ချက်ကိုရိပ်မိသော်လည်း ခေါင်းခါလိုက်သည်။ သူဌေးက တစ်ဆင့်ချင်းသင်ပေးတာတောင် သူမတတ်။
အနောက်တိုင်းနံပါတ်တစ်စာဖိုမှူး Lazda လည်း ဗီဒီယိုမှတ်တမ်းတင်ပြီး လေ့လာခဲ့ဖူးသည်။ သို့သော် သူလည်းမတတ်။
ဝန်ကြီးလုအကြံအစည်က အောင်မြင်မည်မဟုတ်ပေ။ သူ့ကိုသတိပေးလည်း အသိဝင်ဦးမှာမဟုတ်သေး။
မကြာမီ ချင်လင်က ဆေးစွပ်ပြုတ်ထပ်လုပ်ပြီးသွားသည်။ ဝန်ကြီးလုလည်း အစအဆုံးဗီဒီယိုရိုက်ထားသည်။
ဆေးစွပ်ပြုတ်ရသောအခါ ချင်လင်က ပါမောက္ခရန်တို့ကိုခေါ်ပြီး အတူတူစားသည်။
ဒီတစ်ကြိမ်တွင် ဝန်ကြီးလုက ဆေးစွပ်ပြုတ်စစားသည့်အချိန် ဗီဒီယိုတန်းပို့လိုက်သည်။
တရုတ်သိပ္ပံအကယ်ဒမီ_
ဝန်ကြီးလု၏လက်ထောက်ရှောင်ဟယ်က ဗီဒီယိုရရချင်း ချူချင်းဖုန်းကိုလိုက်ရှာပြီး_
"စီနီယာချူ... ဝန်ကြီးလုက ဆေးစွပ်ပြုတ်လုပ်ပုံကိုဗီဒီယိုရိုက်ထားတယ်... ဒီမှာပို့ထားပြီ... ကြည့်ပါဦး''
ချူချင်းဖုန်းက ဗီဒီယိုကိုစိတ်ဝင်တစားကြည့်လိုက်သည်။ ဆေးစွပ်ပြုတ်လျှို့ဝှက်နည်းအကြောင်းလေ့လာထားသောတရုတ်တိုင်းရင်းဆေးပညာရှင်ကို သူအရမ်းသိချင်နေသည်။ နောက်ဆုံးတော့ ဒီတစ်ခေါက် သူ့မျက်နှာကိုတွေ့ရပြီ။
သို့ရာတွင် ဗီဒီယိုကြည့်လိုက်သောအခါ ဆေးစွပ်ပြုတ်လုပ်နေသူက အရမ်းငယ်ကြောင်းသတိထားမိပြီး မရေမရာနှင့်မေးလိုက်သည်_
"ဒီလူငယ်က ဘယ်သူလဲ?''
လက်ထောက်ရှောင်ဟယ်က သွက်သွက်လက်လက်ရှင်းပြသည်_
"သူက သူဌေးချင်ပါ... ဆေးစွပ်ပြုတ်လျှို့ဝှက်နည်းရှာတွေ့တဲ့သူပဲ... ဒီမတိုင်ခင်ကလည်း လျှို့ဝှက်နည်းတွေထဲက လက်ရှိဆေးရုံမှာစမ်းသပ်နေတဲ့ အားဖြည့်ဆေးရည်နဲ့အူမကြီးကင်ဆာဆေးမှုန့်ကိုတွေ့ခဲ့တယ်''
"ငယ်လိုက်တာ''
ချူချင်းဖုန်းက တအံ့တဩနှင့်_
"သူက ဘယ်တိုင်းရင်းဆေးမိသားစုကလဲ?''
ဒီဆေးစွပ်ပြုတ်တွေ့သူကို သူ့လိုလူကြီးဟုထင်ခဲ့သည်။
နောက်ပြီး အားဖြည့်ဆေးရည်နဲ့အူမကြီးကင်ဆာဆေးမှုန့်ကို သူကြားဖူးသည်။ ဝန်ကြီးလုက သူတို့ကိုအားပေးရန် ဒီတရုတ်တိုင်းရင်းဆေးနှစ်မျိုးအကြောင်းပြောပြခဲ့သည်။
တရုတ်တိုင်းရင်းဆေးမှာ ခန္ဓာကိုယ်ကြံ့ခိုင်စေသောဆေးမျိုးရှိကြောင်း ကြားကြားချင်းသူအံ့ဩခဲ့သည်။ သူ့တစ်သက်မှာ ဒါမျိုးကြားဖူးတာ ဒါပထမဆုံးပင်။
ထိုအချိန်က သူတွေးမိသည်။ ဘယ်သူမှအတည်မပြုနိုင်တဲ့တရုတ်တိုင်းရင်းဆေးနည်းကနေ ဒီဆေးရည်ရှာတွေ့တဲ့သူက တရုတ်တိုင်းရင်းဆေးအသိပညာဘယ်လောက်ကြွယ်လိုက်မလဲ၊ ဘယ်လောက်တိတိကျကျသုတေသနလုပ်ထားမလဲ?
တစ်ဖက်လူကို ဒီလောက်ငယ်မည်ဟုမထင်ခဲ့။
မယုံနိုင်စရာ။ ဒီလောက်ငယ်တဲ့သူက တရုတ်တိုင်းရင်းဆေးကိုဒီလောက်တောင်တတ်ထားတာ သာမန်ဆိုမဖြစ်နိုင်။
သူသာ ဉာဏ်ကြီးရှင်မဟုတ်ရင်ပေါ့။
"စီနီယာချူ... သူက ချင်းလင်စံအိမ်ပိုင်ရှင်ပါ!''
လက်ထောက်ရှောင်ဟယ်က ချက်ချင်းပြောလိုက်သည်။
"ချင်းလင်ဆေးဖက်ဝင်ဝိုင်!''
ချူချင်းဖုန်း အံ့ဩသွားသည်။
ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုစိတ်ဝင်စားသောကြောင့် ချင်းလင်စံအိမ်အကြောင်း သူသိသည်။
အရင်က ချင်းလင်ဆေးဖက်ဝင်ဝိုင်မှာ အင်တာနက်ပေါ်တွင်ရေပန်းစားလွန်းသောကြောင့် တရုတ်တိုင်းရင်းဆေးမိသားစုအတော်များများ စုံစမ်းကြသည်။ အင်တာနက်ပေါ်မှာပြောတဲ့အာနိသင်အရ တခြားတိုင်းရင်းဆေးမိသားစုကထုတ်တာဖြစ်နိုင်သည်။
သို့ရာတွင် ချင်းလင်ဆေးဖက်ဝင်ဝိုင်မှာ စျေးကွက်ထဲရှားပါးလွန်း၍ လေ့လာဖို့တစ်ပုလင်းတောင်ဝယ်မရချေ။
ချင်းလင်စံအိမ်ပိုင်ရှင်က ဒီလောက်ငယ်မယ်လို့ဘယ်ထင်မလဲ?
ချူချင်းဖုန်းက ဒီအကြောင်းဆက်မတွေးတော့ဘဲ ဗီဒီယိုစကြည့်လိုက်သည်။ သုံးလေးကြိမ်သေချာကြည့်ပြီးနောက် သူကယုံကြည်မှုအပြည့်နှင့်_
"လက်ထောက်ရှောင်ဟယ်... ပါဝင်ပစ္စည်းတွေပြင်ဆင်ပေးပါဦး... အခု ငါကောင်းကောင်းလုပ်နိုင်ပြီ''
လက်ထောက်ရှောင်ဟယ်ကခေါင်းညိမ့်ပြီး ချက်ချင်းဆေးပင်များပြင်ဆင်လိုက်သည်။
ပါဝင်ပစ္စည်းများပြင်ဆင်ပြီးနောက် ချူချင်းဖုန်းကဆေးရည်စလုပ်သည်။ သူကဆေးစွပ်ပြုတ်ကို လက်ထောက်ရှောင်ဟယ်ဆီပေးကာ_
"လက်ထောက်ရှောင်ဟယ်... ထပ်စစ်ကြည့်ပါဦး... ရလောက်ပြီ''
လက်ထောက်ရှောင်ဟယ်ကခေါင်းညိမ့်ပြီး ချက်ချင်း ဆေးရည်ကိုစမ်းသပ်ကြည့်သည်။
ချူချင်းဖုန်းကစောင့်နေသည်။ မျှော်လည်းမျှော်လင့်မိသည်။ မည်သို့ဆိုစေ သူတို့အားလုံးကတရုတ်တိုင်းရင်းဆေးပညာရှင်များပင်။ ဒီလိုဆေးစွပ်ပြုတ်လုပ်တဲ့နေရာမှာ လူငယ်လေးတစ်ယောက်ကို သူမရှုံးချင်။