သုံးရောင်စပ် အရသာသုံးမျိုး! အရည်အသွေး ၁ ခရမ်းချဉ်သီး!
Vol. 46 Ch. 688
သုံးရောင်စပ်ဖရဲသီးကိုကြားဖူးတာ ချင်လင်အတွက်ဒါပထမဆုံး။
ဖရဲသီးက သုံးရောင်ဖြစ်နိုင်လို့လား?
မဟုတ်ရင်လည်း အကြောင်းမရှိအကြောင်းရှာ သုံးရောင်စပ်လို့နာမည်ပေးမှာမဟုတ်။
ဒါပေမဲ့ တစ်ခုတော့သေချာသည်။ 'တံဆိပ်'ပါသောမျိုးစေ့က လုံးဝသာမန်ဖြစ်မည်မဟုတ်။
ဒီအထူးမျိုးစေ့ကိုရဖို့ သူအထူးမျိုးစေ့ကျောက်တုံးသုံးခဲ့သည်။ ချင်လင်က ဂိမ်းဇာတ်ကောင်အား သုံးရောင်စပ်ဖရဲမျိုးစေ့ကိုတန်းဝယ်စေလိုက်သည်။
အရည်အသွေး ၂ သုံးရောင်စပ်ဖရဲမျိုးစေ့ကို အဆင့် ၃ မြေမှာစိုက်ရမည်။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား အဆင့် ၃ မြေတွင် သုံးရောင်စပ်ဖရဲသီးစိုက်စေလိုက်သည်။
သုံးရောင်စပ်ဖရဲသီးကြီးထွားချိန်က သာမန်ဖရဲသီးအတိုင်းပင်။ နေ့ဝက်ကြာပြီးနောက် သုံးရောင်စပ်ဖရဲသီးမှည့်ပြီဖြစ်ကြောင်း ချင်လင်အသိပေးစာရသည်။
သူကချက်ချင်း သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်အား ဖရဲသီးခူးစေသည်။ သို့ရာတွင် အဆင့် ၃ မြေရောက်သောအခါ သုံးရောင်စပ်ဖရဲသီးအမှည့်ပုံစံက အရင်ဖရဲသီးများနှင့်သိပ်မကွာချေ။
သူထင်ထားတဲ့သုံးရောင်မရှိ။
"သုံးရောင်က ဖရဲသီးထဲမှာများလား?''
ချင်လင်ဇဝေဇဝါဖြစ်သွားသည်။ သူကရုံးခန်းတံခါးလော့ချပြီးနောက် ဂိမ်းထဲဝင်ပြီး သိုလှောင်ခန်းထဲသွားလိုက်သည်။
သိုလှောင်ခန်းမှာ စောစောကခူးထားသော အရည်အသွေး ၂ သုံးရောင်စပ်ဖရဲသီးများပြည့်နေသည်။
ချင်လင်က တစ်လုံးကောက်ယူလိုက်သည်။
(သုံးရောင်စပ်ဖရဲသီး: အရည်အသွေး ၂!)
(အထူးဖရဲမျိုးဖြစ်သည်။ အထူးမျိုးစေ့ကျောက်တုံးနှင့်ပျိုးထောင်ထားခြင်းဖြစ်ပြီး အရသာသုံးမျိုးရှိသည်:
စားကောင်းခြင်း +၂၊ အချို +၂၊ အထိအတွေ့ +၂၊ လျှာပေါ်စွဲခြင်း +၂!)
မှတ်ချက်ဖတ်ပြီး ချင်လင်ကြောင်သွားသည်။
အရည်အသွေး ၂ ဖရဲသီးမှတ်ချက်နှင့် ဘာမှကွာပုံမရ။
သို့ရာတွင် သေချာကြည့်လိုက်သောအခါ ခြားနားမှုကိုတွေ့ရသည်။
သုံးရောင်စပ်ဖရဲသီးတွင် အရသာသုံးမျိုးရှိသည်တဲ့။
အရသာသုံးမျိုးနဲ့ဖရဲသီး?
ချင်လင်လုံးဝသိချင်သွားသည်။ သူကချက်ချင်းဓားရှာပြီး သူ့လက်ထဲကသုံးရောင်စပ်ဖရဲသီးကိုခွဲလိုက်သည်။
အသားပေါ်လာမှ သူအံ့ဩသွားသည်။
တကယ်သုံးရောင်ရှိနေတာပဲ!
သာမန်အနီရောင်အပြင် အဝါရောင်နှင့်ခရမ်းရောင်ပါနေသည်။
အလယ်တွင် သုံးရောင်ကိုသိသိသာသာခြားထားသည်။
တကယ်အံ့ဩစရာ။
ဒီလိုဖရဲသီးမျိုးမြင်ဖူးတာ ချင်လင်အဖို့ ဒါပထမဆုံးပင်။ အရသာသုံးမျိုးက တစ်ရောင်ကိုအရသာတစ်မျိုးစီဖြစ်မည်။
သူကချက်ချင်း ဖရဲသီးကိုအစိတ်များစိတ်လိုက်သည်။ တစ်စိတ်စီတွင် သုံးရောင်ရောပါ၍ အရသာသုံးမျိုးရှိမည်။
စိတ်ပြီးသောအခါ ချက်ချင်းတစ်စိတ်ယူပြီး ပါးစပ်ထဲထည့်လိုက်သည်။
တစ်ရောင်စီကိုက်ကြည့်ရာ ထင်သည့်အတိုင်း အရသာသုံးမျိုးရှိသည်။
နောက်ပြီး စားကောင်းခြင်း +၂၊ အချို +၂၊ အထိအတွေ့ +၂၊ လျှာပေါ်စွဲခြင်း +၂ ကြောင့် တစ်ရောင်စီက ဖရဲသီးတစ်မျိုးစီစားနေရသလို အရသာရှိလွန်းသည်။
အမှန်အတိုင်းပြောရရင် အရည်အသွေးချင်းအတူတူ၊ သုံးရောင်နှင့်အရသာသုံးမျိုးပါသောဖရဲသီးက ဖရဲသီးကိုတစ်ဆင့်မြင့်စေသည်။
သူသာလုပ်နိုင်ရင် အဆင့်မြင့်ချင်းလင်ဖရဲသီးတွေအစဉ်လိုက်ထွက်လာနိုင်သည်။
သုံးရောင်နှင့်အရသာသုံးမျိုးတင် မက်လောက်စရာဖြစ်နေပြီ။
သို့ရာတွင် သူအခုစဉ်းစားခန်းဝင်ရတော့မည်။ မျိုးစေ့ကိုဘယ်လိုအကျိုးသင့်အကြောင်းသင့်ထုတ်လာရင် ပုံမှန်ဖြစ်မလဲ?
…
နောက်တစ်နေ့_
ချင်လင်ကဂိမ်းပစ္စည်းများစံအိမ်ပို့ပြီး ထန်ရှိုးဝမ်နှင့်လီခိုင်ကိုသွားတွေ့လိုက်သည်။ နှစ်ယောက်သားပြုံးရွှင်နေကြသည်။
သူတို့နှစ်ဦး မင်မြို့တော်မှပြန်ရောက်ပြီးနောက်ပိုင်း သတို့သမီးခန်းထဲတွင်အတူတူနေပြီး ပေါ်ပေါ်တင်တင်ဖြစ်သွားပုံရသည်။
ချင်လင်လည်း သူတို့နှစ်ဦးကိုနှုတ်ဆက်သည်_
"အစ်ကိုလီ ဒေါက်တာထန်... ဒီတစ်ခါ ဘာသတင်းကောင်းရှိလဲ?''
လီခိုင်ကပြုံးပြီး သူ့လက်ထဲမှစာအုပ်နီလေးကိုယမ်းပြသည်။
ချင်လင်သဘောပေါက်သည်။
လက်ထပ်စာချုပ်လက်မှတ်ထိုးထားကြပြီ။
နောက်ဆုံးတော့ အစ်ကိုလီအထမြောက်သွားပြီပေါ့။
"ညီလေးချင်''
လီခိုင်ကပြောသည်_
"နေ့လယ်ကျ ချင်းလင်ဓာတ်ခွဲခန်းတစ်ချက်သွားကြည့်ရအောင်... ငါတို့အရင်စိုက်ထားတဲ့မျိုးစေ့အတော်များများကြီးနေပြီ... မျိုးပြောင်းတာရှိရင် ရှေ့လျှောက်သုံးဖို့ထားလို့ရတယ်... မင်းစံအိမ်ထဲမှာ အပြင်မှာမတွေ့နိုင်တဲ့သီးနှံတွေထပ်ရလာလိမ့်မယ်''
"ပြီးတော့... အရင်ကမျိုးပြောင်းတဲ့မျိုးစေ့တချို့ကို မျိုးပြောင်းဦးမလားလို့ ထပ်စိုက်ဖို့စီစဉ်ထားတယ်... အထူးသဖြင့် အလှအပသခွားသီးနဲ့ချင်းလင်ဖရဲသီးပေါ့... ငါတို့တသီကြီးလေ့လာလို့ရတယ်''
ထိုစကားကြားပြီး ချင်လင်မျက်လုံးများဝင်းလက်သွားသည်။
သူကသုံးရောင်စပ်ဖရဲမျိုးစေ့ထုတ်ဖို့ အခွင့်အရေးပေးနေတာမလား။
ပြီးတော့ စမ်းသပ်စိုက်ခင်းမှာ မျိုးစေ့အများကြီးစိုက်ထားသည်။ ဘယ်လောက်ပဲကံမကောင်းဘူးဆိုဆို အနည်းဆုံး တချို့တလေတော့မျိုးပြောင်းလောက်တယ်မလား?
မျိုးပြောင်းသီးနှံနည်းနည်းထပ်ထွက်ရင် အရည်အသွေး ၁ စိုက်နိုင်သည်။ အဲဒီနောက် ယွီရွှေ့တို့ကိုအသုတ်ခွဲစိုက်ခိုင်းပြီး ရင့်မှည့်လျှင်ရိတ်သိမ်းစေမည်။
နောက်ပိုင်း နေ့စဉ်ပစ္စည်းပို့သမားလေးဘဝမှ သူလုံးဝအနားယူနိုင်ပြီ။
အဲဒီအချိန်ကျရင် သူ့နိစ္စဓူဝတွေသက်သာသွားမည်။
နေ့လယ်ပိုင်း_
ချင်လင်က ချင်းလင်ဓာတ်ခွဲခန်းသွားလိုက်သည်။ သူရောက်သောအခါ လီခိုင်က သူ့ဓာတ်ခွဲခန်းလက်ထောက်များနှင့်အလုပ်ရှုပ်နေသည်။
မြေကိုလည်း အထူးမြေကြီးရောစပ်ထားသည်။
ချင်လင်ရောက်လာသောကြောင့် လီခိုင်ကလှမ်းနှုတ်ဆက်သည်_
"ညီလေးချင်... ရောက်လာပြီလား''
ချင်လင်ကခေါင်းညိမ့်ပြီး လျှောက်သွားလိုက်သည်။ လီခိုင်တို့အလုပ်ရှုပ်နေသည်ကိုခဏကြည့်ပြီးနောက် ဘေးတွင်နေရာချထားသောမျိုးစေ့များကိုကြည့်ကာ_
"ဒီမျိုးစေ့တွေကြည့်ဦးမယ်''
မျိုးစေ့များကိုစင်လေးနှင့်တင်ထားသည်။ အပြင်မှဝယ်ထားသောသာမန်မျိုးစေ့များအပြင် အရင်ကပျိုးထောင်ခဲ့သောအလှအပသခွားသီးနှင့်ချင်းလင်ဖရဲမျိုးစေ့များလည်းပါသည်။
မျိုးပြောင်းရုံးပတီနှင့်ခရမ်းမျိုးစေ့များပါရှိသည်။
လီခိုင်နှင့်သူ့လက်ထောက်များက ဘာသံသယမှမရှိဘဲ အလုပ်ဆက်လုပ်နေကြစဉ်...
ချင်လင်က ဖရဲမျိုးစေ့ပုံထဲမှနည်းနည်းဆုပ်ယူထားလေပြီ။
နောက်ပြီး အရည်အသွေး ၂ ဖရဲမျိုးစေ့များဖြစ်ကြောင်း သူသိသည်။
လတ်တလောတွင် အရည်အသွေး ၂ ဖရဲမျိုးစေ့များကို ချင်းလင်စံအိမ်မှာသာစိုက်ပျိုးနိုင်သည်။ ရုံချန်းစီရင်စုထဲစိုက်သောအပင်များအားလုံး အရည်အသွေး ၁ ချည်းသာ။